နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် အလယ်ချောင်းမှ ရိုဟင်ဂျာများပိုင် မြေ (၃၃၂) ဧက ကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က သိမ်းဆည်း

RB News
6.12.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အလယ်ချောင်းကျေးရွာအုပ်စုမှ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့က အလံနီများ စိုက်ထူ၍ သိမ်းဆည်းလိုက်ကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း အလယ်ချောင်းကျေးရွာအုပ်စုသို့ နိုဝင်ဘာလ (၁၅) ရက်နေ့က နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိကြီးများ ရောက်ရှိလာပြီး၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တပ်ရင်းတစ်ခု တည်ဆောက်ရန်ဟု ဆိုကာ ယင်းကျေးရွာအုပ်စု အတွင်းရှိ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် လယ်ယာမြေများ၊ တောင်မြေများကို တိုင်းတာခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဒီဇင်ဘာလ (၅) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး၊ ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ အရာရှိများနှင့် မြေစာရင်း ဦးစီးဌာနမှ တာဝန်ရှိသူများ ရောက်ရှိလာပြီး ဒေသခံ ရိုဟင်ဂျာများ ဘိုးဘွားလက်ထက်မှ ပိုင်ဆိုင်လာသည့် မြေ ဧက (၃၃၂) ဧက ကို အလံနီများ စိုက်ထူ၍ သိမ်းဆည်းလိုက်ကြောင်း သိရှိရသည်။

သိမ်းဆည်းလိုက်သည့် မြေနေရာများ အတွက် လျော်ကြေးပေးမည်ဟု ပြောဆိုခြင်းလည်း မရှိခဲ့ကြောင်း၊ လက်နက်အာဏာပိုင်များ ဖြစ်သည့်အတွက် မေးမြန်း၍လည်း မရဟု ဒေသခံများက ဆိုသည်။

သိမ်းဆည်းလိုက်သည့် မြေဧက (၃၃၂) ဧကမှ အရှေ့ဘက်တွက် အငူမော်လမ်းမကြီးထိ၊ အနောက်ဘက်တွင် မေယုတောင်ထိ၊ တောင်ဖက်တွင် ကင်းချောင်းရခိုင်ရွာ ချောင်းထိ၊ မြောက်ဘက်တွင် မြောင်းနားကျေးရွာအုပ်စုထိ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus