နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
20.9.2018

အိုင်စီစီ ရာဇ၀တ်ခုံရုံးမှာ မြန်မာ့အရေးကိစ္စ - လက်ရှိဘယ်အခြေနေ ဆိုက်နေပြီလဲ?

စက်တင်ဘာ ၆ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ခုံရုံး (အိုင်စီစီ) ၏ ကြိုတင်ကြားနာသည့် တရားသူကြီးအဖွဲ့ (ကနဦး တရားရုံးတော်)မှ ရိုဟင်ဂျာတို့အား မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ နှင်ထုတ်လိုက်ခြင်းနှင့် အခြားကျူးလွန်နိုင်ဖွယ်ရှိသော ရာဇ၀တ်မှုများနှင့် စပ်လျဉ်း၍ အိုင်စီစီ တရားရုံးတော်က စီရင်ပိုင်ခွင့်ရှိကြောင်း ဆုံးဖြတ်ချက်ချခဲ့ပါသည်။

ယင်းနေရာတွင် ထိုအချက်မှာ အမှန်တကယ်မ ည်သို့ဆိုလိုကြောင်း ရှုပ်ထွေးမှုတစ်ချို့ ရှိကောင်းရှိ သွားပါလိမ့်မည်။ ယင်းကိစ္စအပေါ် အစာကြေသွားစေရန် ဒိုတီလမ်း တရားသူကြီးများခန်းမ Doughty Street Chambers ရှိ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်ရှေ့နေ တစ်ယောက်ဖြစ်သော မစ္စမီဂန်ဟားစ် Megan Hirst နှင့် ကျွန်ုပ် စကားစမြည် ပြောကြည့်ခဲ့ပါသည်။ အဆိုပါကိစ္စများတွင် ဆယ်စုနှစ် တစ်ခုစာမျှ အတွေ့အကြုံရှိခဲ့သော မစ္စမီဂန်ဟားစ်မှာ ၂၀၁၈ ခုနှစ်တွင် ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ သွားရောက်လည်ပတ်ခဲ့ဖူးပြီး အိုင်စီစီ ရာဇ၀တ်ခံရုံးသို့ သူမတင်ပြခဲ့သည့် ကျူးလွန်ခံများ၏ လျှောက်လှဲချက်များအတွက် တူလာတိုလီ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲမှ အသက်မသေပဲ ထွက်ပြေး လွတ်မြောက်လာသူများ၏ ထွက်ဆိုချက်များကို ရယူခဲ့ဖူးသူလည်း ဖြစ်ပါသည်။

မေးခွန်း ။ ။ တရားစီရင်ပိုင်ခွင့်ဆိုတာ တကယ်တမ်း ဘာကိုဆိုလိုတာလဲ? မြန်မာနိုင်ငံက ရောမစာချုပ်မှာ အဖွဲ့ဝင်နိုင်ငံ အနေ နဲ့ လက်မှတ်ရေးထိုး မထားတာကြောင့် အိုင်စီစီက ဘယ်အပိုင်းကို တရားစီရင်ပိုင်ခွင့်ရှိတာလဲ?

မစ္စမီဂန်ဟားစ် ။ ။ အိုင်စီစီက သီးခြားသတ်မှတ်ထားတဲ့ ရာဇ၀တ်မှုတွေအတွက် စီရင်ပိုင်ခွင့်ရှိပြီး အဲဒီရာဇ၀တ်မှုတွေက (က) အိုင်စီစီ အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုဖြစ်ရပါမယ်။ (ခ) အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ပိုက်နက် နယ်နိမိတ် တစိတ်တပိုင်း အတွင်းမှာ ( ဒီကိစ္စ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ) အနည်းဆုံး ပေါ်ပေါက်ရပါမယ်။ (ဂ) ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အိုင်စီစီရုံးတော်ကို လွှဲပြောင်းပေးတဲ့ ရာဇ၀တ်ပစ်မှု ဖြစ်မှသာလျှင် အိုင်စီစီက စီရင်ပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

မေးခွန်း ။ ။ ဒါဖြင့်ရင် အိုင်စီစီတရားရုံးမှာ ကြန့်ကြာမနေပဲနဲ့ ရှေ့ဆက်တိုး လုပ်နိုင်ပါ့မလား?
မစ္စမီဂန်ဟားစ် ။ ။ တရားစီရင်ပိုင်ခွင့် ရှိတယ်ဆိုရင်တောင်မှ၊ တရားစွဲ အရာရှိ တစ်ယောက်အနေနဲ့ စုံစမ်းစစ်ဆေးမှု စတင်ဖို့ ခုလောလောဆယ် လွယ်လွယ် မဖြစ်နိုင်သေးပါဘူး။ စုံစမ်းစစ်ဆေးမှုကနေ တဆင့် တရားစီရင်မှု မစခင်အရင်မှာ ခလုပ်နှိပ်ပေးမယ့် ယန္တရားတစ်ခု မဖြစ်မနေ လိုအပ်ပါတယ်။ ဒီခလုပ်နှိပ်ပေးမဲ့အရာတွေကတော့ (က) အိုင်စီစီအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံက လွှဲပြောင်းပေးရမယ် (ခ) ကုလ လုံခြုံရေးကောင်စီကနေ လွှဲပြောင်းပေးရမယ်။ ( ) တရားစွဲအရာရှိတစ်ယောက်အနေနဲ့ စုံစမ်းစစ်ခွင့်တစ်ခုကို တရားဝင်ခွင့်ပြုမိန့်ကို တောင်းခံထားရပြီး ကနဦးတရားရုံးတော်ကနေလည်း ခွင့်ပြုမိန့်ပေးပြီး ဖြစ်ရပါမယ်။

မေးခွန်း ။ ။ ဒါဖြင့်ရင် ရိုဟင်ဂျာတွေအနေနဲ့၊ ဒီကိစ္စ အလုပ်ဖြစ်/မဖြစ်ဆိုတာ ဘယ်လိုသိနိုင်မှာလဲ?
မစ္စမီဂန်ဟားစ် ။ ။ ဘင်္ဂလားဒေ့ရှ်အတွင်းမှာ အနည်းဆုံး တစိတ်တပိုင်း ပေါ်ပေါက်ခဲ့တယ်ဆိုတဲ့ ရိုဟင်ဂျာတွေကို ကျူးလွန်ထားတယ် ဆိုတဲ့ ရာဇ၀တ်မှုစွဲချက်တွေအပေါ် အိုင်စီစီက စီရင်ပိုင်ခွင့်ရှိကြောင်း ရုံးတော်က ဆုံးဖြတ်ထားပြီးသား ဖြစ်ပါတယ်။ ဘယ်လိုပဲ ဖြစ်နေနေ၊ စုံစမ်းစစ်ဆေးရေး မစတင်ခင် အရင်မှာ (နောက်ဆုံးတော့ အဲဒီကိစ္စတွေဟာ ရုံးတော်ရှေ့မှောက်ကို ရောက်ရမှာပဲဖြစ်တယ်) တရားရုံး စီရင်ဆုံးဖြတ်မှုစဖို့ အတွက် ခလုပ်မောင်းဖြုတ်ပေးမဲ့ အရာတစ်ခုက မဖြစ်မနေလိုအပ်ပါတယ်။ ကုလလုံခြုံရေးကောင်စီက လွှဲပြောင်းပေးဖို့ ဆိုတာကတော့ ဖြစ်နိုင်ဖွယ်မရှိပါဘူး။ ရွေးချယ်ရမယ့် ၂ ချက်ပဲ ကျန်ပါတော့တယ်။ တရားစွဲအရာရှိက ကနဦးတရားရုံးတော်ကို စုံစမ်းစစ်ဆေးရေးလုပ်ဖို့ လုပ်ပိုင်ခွင့် တင်ပြတောင်းခံခဲ့တာကိုတော့ ကျမ အားတက်မိပါတယ်။ အချိန်တန်ရင် ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ နောက် ရွေးချယ်စရာလမ်း ရှိနေသေးတာကတော့ အဖွဲ့ဝင်နိုင်ငံတစ်ခုက ဒီအခြေနေတွေကို တရားစွဲအရာရှိကို လွှဲပြောင်းပေးဖို့ပါဘဲ။ (ဘင်္ဂလားဒေ့ရှ်ရယ်လို့မှ မဟုတ်ဘူး) ဘယ်အဖွဲ့ဝင်နိုင်ငံမဆို လွှဲပြောင်းပေးလို့ ရပါတယ်- စွပ်စွဲတဲ့ ရာဇ၀တ်မှုတွေနဲ့ ဆက်နွယ်နေတဲ့ နိုင်ငံဖြစ်ဖို့ မလိုအပ်ပါဘူး။


မေးခွန်း ။ ။ အိုင်စီစီအဖွဲ့ဝင်နိုင်ငံကနေ လွှဲပြောင်းပေးမှာနဲ့ တရားစွဲအရာရှိကနေ ခွင်ပြုမိန့်တောင်းခံတာနဲ့ယှဉ်ရင် ဘယ် အရာတွေက ကောင်းကျိုး/ ဆိုးကျိုးတွေ ပိုရှိနိုင်မလဲ?
မစ္စမီဂန်ဟားစ် ။ ။ အဖွဲ့ဝင်နိုင်ငံတစ်ခုက လွှဲပြောင်းပေးဖို့ ဖြစ်လာရင်၊ တရားစွဲအရာရှိက ခွင့်ပြုချက်ကျဖို့ ခုံသမာဓိလူကြီးမင်းတွေဆီ ကို တိုက်ရိုက်သွားစရာမလိုတော့ဘဲနဲ့ စုံစမ်းစစ်ဆေးရေး အစပျိုးလုပ်ဆောင်ဖို့ ခွင့်ပြုပြီးသား ဖြစ်ပါလိမ့်မယ်။ အဓိက ကောင်းသွားမှာက ဒီလုပ်ငန်းစဉ်ဟာ တရားသူကြီးတွေရဲ့ တရားဝင်ခွင့်ပြုမိန့်ယူမယ်ဆိုရင် အချိန်အနည်းငယ် ကြန့်ကြာတတ်တာကြောင့် စုံစမ်းစစ်ဆေးမှုဟာ ပိုမို မြန်ဆန်လာဖွယ် ရှိနေပါတယ်။


မေးခွန်း ။ ။ အိုင်စီစီအဖွဲ့ဝင်နိုင်ငံကနေ အနေနဲ့၊ စိတ်ကူးပြောရမယ်ဆိုရင်၊ မော်လဒိုက်လို နိုင်ငံလိုဟာမျိုး ဖြစ်နိုင်ပါ့မလား?
မစ္စမီဂန်ဟားစ် ။ ။ မော်လဒိုက်လို ဒီကိစ္စနဲ့ ဘာမှ ပတ်သတ်မှုမရှိတဲ့နိုင်ငံမျိုးက ရိုဟင်ဂျာအရေးကို တရားစွဲအရာရှိထံ လွှဲပြောင်း ပေးချင်တယ်ဆိုရင်၊ (သူ့နိုင်ငံဟာ ရောမစာချုပ် အဖွဲ့ဝင်နိုင်ငံဖြစ်နေသမျှ ကာလပတ်လုံး) လွှဲပြောင်းပေးလို့ ရနေပါတယ်။ ဒီလိုလွှဲပြောင်း ပေးလိုက်လို့ ရလာမဲ့အကျိုးသက်ရောက်မှုက ရုံးတော်ရဲ့ တရားစီရင်ပိုင်ခွင့်ကို သိပ်ပြီး ချဲ့ပစ်လိုက်လို့ရမှာမဟုတ်ဘူး။ ဆိုလိုတာက အိုင်စီစီရုံးတော် ရဲ့ တရားစီရင်ပိုင်ခွင့်ရှိတယ်ဆိုတာကတော့ ဒီအတိုင်းက ဒီအတိုင်းပဲ။ ဒီရာဇ၀တ်မှု တစိတ်တပိုင်းက ဘင်္ဂလားဒေ့ရှ်ထဲ မှာ ပေါ်ပေါက်ခဲ့လို့ တရားစီရင်ခွင့်ရှိတယ်ဆိုတာ ကနဦး တရားရုံးတော် အမှတ် (၁) က ဆုံးဖြတ်ချက်ပေးပြီးသား။ (ရုံးတော်က မြန်မာပြည်ထဲမှာ တစ်ပြည်လုံးကျူးလွန်ထားတဲ့ ရာဇ၀တ်မှုတွေကိုတော့ ဆက်လက်ပြီး စီရင်ခွင့်မရှိသေးဘူး။) ဒါပေမယ့် လွှဲပြောင်းပေးလိုက်ရင် ကောင်းသွားမှာက တရားသူကြီးတွေဆီကနေ တရားဝင်ခွင့်ပြုချက်တောင်းခံတဲ့ လုပ်ငန်းစဉ်ကို ရှည်ရှည်ဝေးဝေး အကြာကြီးဖြတ်စရာ မလိုတော့ဘဲနဲ့ စုံစမ်းစစ်ဆေးမှုစတင်ဖို့ တရားစွဲရှေ့နေက ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်လို့ရသွားတာ ဖြစ်ပါတယ်။

စာရေးသူ- ရှဖီရုလ်ရဟ်မာန် -- ရုပ်သံသတင်းမှတ်တမ်းကား ရိုက်ကူးသူ၊ လက်ရှိတွင် ရိုဟင်ဂျာအရေးအတွက် အလုပ်လုပ်ပေးနေလျက်ရှိသည်။

The ICC & Myanmar — what happens now? ကို နေ၀န်းနီမှ ဘာသာပြန်ဆိုပါသည်။
(ဓါတ်ပုံ - Kathleen Prior)

မောင်တောဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ လုံးဝ မလုပ်ခဲ့ဘူးလို့ တဖက်သတ် အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပေမယ့်လည်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့တွေကတော့ ကုလသမဂ္ဂကတဆင့် နိုင်ငံတကာရာဇ၀တ်ခုံရုံးထိ တင်ဖို့ ကြိုးစားနေပါတယ်။

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘီဘီစီမြန်မာပိုင်းက ကမ္ဘာ့အရေး မြန်မာ့အရေး ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးယုလွင်အောင်၊ သတင်းစာဆရာ ဦးစည်သူအောင်မြင့်နဲ့ RB News တည်ထောင်သူ ဦးဘစိန် တို့က ၀င်ရောက်ဆွေးနွေးထားပါတယ်။






RFA မြန်မာပိုင်း
3.11.2017

အမေရိကန်ပြည်ထောင်စုကို လာရောက်ပြီး အစိုးရအရာရှိတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို စည်းရုံးပြောဆိုလှုပ်ရှားနေတဲ့ BROUK ခေါ် ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဌ ဦးထွန်းခင်ကို ဘင်္ဂလားဒေ့ရှ်ရောက် ဒုက္ခသည်တွေရဲ့ အခြေအနေ၊ အာဆာအဖွဲ့ရဲ့ လှုပ်ရှားမှု စတာတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဝါရှင်တန်ဒီစီမြို့ RFA ရုံးချုပ်မှာ တွေ့ဆုံမေးမြန်းထားပါတယ်။







RB News
8.10.2017

ဘာလူခါလီ၊ ဘင်္ဂလားဒေ့ရှ် ။ ။ သြဂုတ်လ (၂၅) ရက်နေ့မှစ၍ မြန်မာစစ်တပ်၏ ပစ်ခတ်မှုကြောင့် ထောင်ပေါင်းများစွာသော အပြစ်မဲ့ ရိုဟင်ဂျာပြည်သူများ သေဆုံးခဲ့ရပြီး ၅ သိန်းကျော် အိုးအိမ်စွန့်ခွာ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်၍ ခိုလှုံနေရသည်။

သြဂုတ်လ (၂၅) ရက်နေ့မှစ၍ ရိုဟင်ဂျာများ၏ နေအိမ်များကို မြန်မာစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ရခိုင်အစွန်းရောက်များက နေ့စဉ်နေ့တိုင်း မီးရှို့ဖျက်ဆီးလျက်ရှိပြီး၊ အိုးအိမ်စွန့်ခွာသွားသည့် ရွာများမှ ရိုဟင်ဂျာများပိုင် ပစ္စည်းများ၊ ကျွဲ၊ နွားများကို ရခိုင်အစွန်းရောက်များက ခိုးယူလျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိနေသည့် ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာရိုဟင်ဂျာအသင်း ဥက္ကဌ ဦးထွန်းခင် က ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေသည့် ရိုဟင်ဂျာကျောင်းသားများနှင့် တွေ့ဆုံ မေးမြန်းခဲ့ရာ ၂၀၁၆ ခုနှစ်တွင် ငါးဘာသာဂုဏ်ထူးဖြင့် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ထူးချွန်စွာ အောင်မြင်ခဲ့သည့် ကိုမောင်မောင်မြင့်က ၎င်းအား ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု ကိုယ်တိုင် လက်မှတ်ရေးထိုး၍ ဂုဏ်ပြုခဲ့သော်လည်း တက္ကသိုလ် တက်ခွင့်မရခဲ့ဟု ပြောဆိုသည်။ ၎င်းက မြန်မာနိုင်ငံဖွား တစ်ဦးဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် ရိုဟင်ဂျာများကို တိုင်းရင်းသားဟု အသိအမှတ် ပြုခဲ့သော်လည်း ယခုအခါ တက္ကသိုလ်တက်ခွင့်ပင် မပေးတော့သည်ကို မေးခွန်းစရာ ဖြစ်နေသည်ဟု ဆိုသည်။

ဦးထွန်းခင် က တွေ့ဆုံမေးမြန်းထားသည့် ကျောင်းသားနှစ်ဦး ကိုမောင်မောင်ရွှေနှင့် ကိုမောင်မောင်မြင့် တို့၏ ဗီဒီယိုကို အောက်တွင် ကြည့်ရှုနိုင်ပါသည်။




ရခိုင်ပြည်နယ်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေများကို Rohingya Blogger တည်ထောင်သူ ဦးဘစိန်၊ ရခိုင်အမျိုးသားပါတီမှ ဦးဦးလှစောနှင့် ဒီမိုကရေစီနှင့် လူ့ခွင့်အရေး ပါတီ ဥက္ကဌ ဦးကျော်မင်းတို့က ပါဝင်ဆွေးနွေးထားသည်။



(ဓါတ်ပုံ May Wong/Channel News Asia)

RB News
18.8.2017

မြန်မာအစိုးရက ရခိုင်အရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂတွင် လော်ဘီ ပြုလုပ်ရန်အတွက် အထူးသံတမန် အဖွဲ့တစ်ဖွဲ့ စေလွှတ်ရန် စီစဉ်နေခြင်းနှင့် ပတ်သက်၍ ဘီဘီစီမြန်မာပိုင်းတွင် ဒေါ်ခင်လှ (ကျောင်းဆရာမဟောင်း)၊ ဒေါ်စောခင်တင့် (ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင်) နှင့် ဦးမင်းလွင်ဦး (လူ့အခွင့်အရေးရှေ့နေ) တို့က ပါဝင် ဆွေးနွေးထားသည်ကို အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။ 







RB News
8.4.2017

ဧပြီလ (၆) ရက်နေ့က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဘီဘီစီ သတင်းဌာနမှ တွေ့ဆုံမေးမြန်းခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က ရိုဟင်ဂျာလူမျိုးများကို လူမျိုးတုန်းသတ်ဖြတ်နေခြင်း မရှိဟု ပြောဆိုခဲ့သည်နှင့် ပတ်သက်၍ ဗွီအိုအေမြန်မာပိုင်းက ကမ္ဘောဒီးယား ဂျီနိုဆိုက်သုတေသနဌာနမှ သုသေတီ ဒေါက်တာဇာနည်ကို မေးမြန်းထားသည်ကို အောက်ပါ အသံဖိုင်တွင် နားထောင်နိုင်ပါသည်။





ကျီးကန်းပြင် အလယ်ရွာမှ နေအိမ်စွန့်ခွာပြီး သွားနေကြသည့် ရိုဟင်ဂျာများ


မောင်ရမိတ် (မေယု)
RB News
26.10.2016

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အောက်တိုဘာလ ၉ ရက်နေ့ညက ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုအပြီး အာဏာပိုင်တွေက နယ်မြေရှင်းလင်းရေး ခေါင်းစဉ်တပ်ကာ လူမမယ် ကလေး နှင့် သက်ကြီးရွယ်အိုများကဲ့သို့ အပြစ်မဲ့ ပြည်သူများကို ရက်ရက်စက်စက် သတ်ဖြတ်နေခြင်း၊ အထောက်အထားမဲ့ ဖမ်းဆီးနေခြင်း၊ အမျိုးသမီးများကို မုဒိန်းကျင့်ခြင်း၊ အိုးအိမ်များ ဗလီများ မီးရှို့နေခြင်း၊ ဒေသခံရိုဟင်ဂျာများကို နေအိမ်များမှ နှင်ထုတ်ခဲ့ခြင်း စသော ရာဇ၀တ်မှုများ ကျူးလွန်နေသည့် အပေါ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပေးရန် ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူများက တောင်းဆိုခဲ့သည်။

သို့သော် မြန်မာအစိုးရ သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ကုလသမဂ္ဂက ရရှိနေသည့် သတင်းအချက်အလက်များသည် မှန်ကန်မှုမရှိကြောင်း၊ အာဏာပိုင်တွေက မည်သည့် အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ ဖမ်းဆီခဲ့ခြင်း၊ မုဒိမ်းကျင့်မှုများ မရှိကြောင်း၊ အိုးအိမ်များကိုလည်း မီးရှို့ခဲ့ခြင်းမရှိကြောင်း၊ ဒေသခံများကို နေအိမ်တွေမှ နှင်ထုတ်ခဲ့ခြင်း မရှိကြောင်း၊ ကုလသမဂ္ဂက ရရှိသည့် သတင်းအချက်အလက်များသည် မြေပြင်အခြေအနေနှင့် ကွဲလွဲနေကြောင်း ငြင်းချက်ထုတ်လာသည်ကို တွေ့ရှိရပါသည်။

သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး၏ ငြင်းချက်ထုတ်ခဲ့မှုအပေါ် အာဏာပိုင်များ၏ တကယ်ကျူးလွန်ခြင်း ခံခဲ့ရသည့် မြေပြင်မှ လူတစ်ချို့၏ ကိုယ်တွေ့ကြုံခဲ့ရသည့် အဖြစ်ကို မေးမြန်းကြည့်ပါသည်။

ဦးစွာ အောက်တိုဘာလ ၂၃ ရက်နေ့၌ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး၏ အမိန့်ကြောင့် နေအိမ်ကို စွန့်ခွာလိုက်ရပြီး နီးစပ်ရာ ကျေးရွာတစ်ရွာတွင် ဆွေမျိုးများ၏အိမ်၌ ခိုလှုံနေသည့် ကျီးကန်းပြင် အလယ်ရွာမှ ကိုဖာရုခ် (အမည်လွဲ) ကို မေးမြန်းရာ --

မေး။ ။ အစ်ကိုတို့က မိမိတို့နေအိမ်တွေကို စွန့်ခွာပြီးတော့ ဘာလို့ သူများအိမ် လာခိုလှုံနေတာပါလဲ။ 

ဖြေ။ ။ ရွာက လူကြီး နှစ်ဦးကို အောက်တိုဘာလ ၂၃ ရက်နေ့၊ နံနက် ၈ နာရီခွဲမှာ ဌာနာချုပ်ကို ခေါ်ပြီးတော့မှ အိမ်တွေကနေ အမြန်ဆုံးဆင်းပေးဖို့ အမိန့်ပေးတာပေါ့နော်။ မဆင်းပေးတဲ့ လူကို ဖမ်းဆီးမယ်လည်း ပြောတယ်။ အဲ့တော့ လူတွေက ဘယ်နေရဲမှာလဲ။ အချိန်ကလည်း မပေးတော့ အိမ်ကနေ ရှိတဲ့ ရွှေငွေတွေ၊ တန်ဖိုးရှိတဲ့ စာရွက်စာတမ်း တစ်ချို့တွေကိုပဲ ယူပြီးတော့မှ လူတွေ အမြန်ဆုံး ထွက်လာလိုက်တာပါ။ နောက်ဘာမှ သယ်ယူလာခွင့်မရလိုက်ဘူး။

မေး။ ။ အဲ့လို ထွက်လိုက်ရတာ အိမ်ခြေဘယ်လောက်လောက်ရှိလဲ။ လူဦးရေရော ဘယ်လောက်လောက်ရှိမလဲ။

ဖြေ။ ။ အိမ်ခြေက ၃၀၀ ကျော်ရှိတယ်။ လူဦးရေက ၂၀၀၀ ကျော်ရှိမယ်။

မေး။ ။ ဒီလောက်များပြားတဲ့ လူတွေ ဘယ်မှာ ဘယ်လို နေကြလဲ။

ဖြေ။ ။ နီးစပ်ရာ ရွာတွေကို ပြောင်းနေကြတာပါ။ အမျိုးတွေ အသိတွေရဲ့ နေအိမ်တွေမှာ ဖြစ်သလို နေနေကြတာပဲ။

မေး။ ။ သမ္မတရုံးရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ အာဏာပိုင်တွေက နေအိမ်တွေကနေ အဲ့လို နှင်ထုတ်တာ မရှိဘူးလို့ပြောတယ်။ အဲ့လို ပြောတဲ့အပေါ် ဘာပြောချင်လဲ။

ဖြေ။ ။ ဟုတ်လား။ သူက အဲ့လိုပြောတယ်ပေါ့။ ဒါက တစ်အိမ် နှစ်အိမ် မဟုတ်ဘူးလေ။ အိမ်ခြေပေါင်း ၃၀၀ ကျော်ကို နှင်ထုတ်တာ။ သူအဲ့လို ပြောရင်တော့ သပ်သပ် လိမ်ညာနေတယ်လို့ပဲ ပြောတယ်ချင်တယ်။

ဒီကျီးကန်းပြင် အလယ်ရွာသားများ မိမိနေအိမ်မှ နှင်ထုတ်ခံရခြင်းနှင့် ပတ်သက်၍ မောင်တောအခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူတစ်ဦးကို ဆက်သွယ်မေးမြန်းကြည့်ရာ ကျီးကန်းပြင် အလယ်ရွာသားများ ကွပ်ကဲရေးမှူး၏ အမိန့်ကြောင့် နေအိမ်များမှ ဆင်းပေးခဲ့ရသည်မှာ မှန်ကန်ကြောင်း၊ ရွာမှ ဒေသခံရိုဟင်ဂျာများ ထွက်သွားပြီးနောက် နယ်ခြားစောင့်ရဲ၊ စစ်တပ်နှင့် န.တ.လ ရွာသားတို့ ပူးပေါင်း၍ အဆိုပါအိမ်များထဲ ဝင်ပြီး ပစ္စည်းများ လုယက်သွားခဲ့ကြောင်း၊ ၎င်းရွာသားများသည် နီးစပ်ရာကျေးရွာများတွင် ဖြစ်သလို နေနေကြကြောင်း အတည်ပြုပြောကြားသွားပါသည်။

သမ္မတရုံး၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက အာဏာပိုင်များက ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်း မရှိဟု ငြင်းဆိုနေခြင်းသည် နိုင်ငံတကာနှင့် မြန်မာပြည်သူတစ်ရပ်လုံးကို လိမ်ညာနေခြင်းသာ ဖြစ်ကြောင်း၊ မိမိနေအိမ်ကို စွန့်ခွာလာခဲ့ရသူများ၏ သက်သေအဖြစ် ဗီဒီယိုဖိုင်များ ၎င်းတို့မှာ ရှိနေကြောင်း၊ အကယ်၍ အစိုးရဖက်က မှန်ကန်နေလျှင် မီဒီယာများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများကို အခင်းဖြစ်ပွားရာ နေရာသို့ ဝင်ခွင့်ပေးသင့်ကြောင်း၊ အဆိုပါ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာနေသူက ထပ်လောင်း ပြောကြားသွားပါသည်။



ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ဆန္ဒပြ

RFA မြန်မာပိုင်း
20.5.2016

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဇ် ဘဇား Cox’s Bazar ခရိုင်ရှိ Nayapara နရာပယာ ဒုက္ခသည် စခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က သွားရောက် ခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ဒီကနေ့ ဆန္ဒပြ နေကြပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အနေနဲ့ သူတို့အားလုံး မြန်မာပြည် ပြန်နိုင်ရေး အတွက် ဆောင်ရွက်ပေးဖို့ တောင်းဆို နေပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ မူလတန်း ကျောင်းအုပ်ဆရာကြီး Shah Alam ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။ ဂျာမဏီမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဘလော့ဂါ ကိုနေဆန်းလွင် က စကားပြန် အဖြစ် ပါဝင်ကူညီ ထားပါတယ်။





RB News
17.5.2016

ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် အချိန်တွင် လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများ ပြန်လည် အရှိန်တက်လာနေသည့် အနေအထားကို တွေ့မြင်နေရသည့် အတွက် စိုးရိမ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်သည် သမိုင်းကြောင်းကို မကြည့်ဘဲ လူမျိုးရေး မုန်းတီးမှုကိုသာ ပြသနေပြီး အခြေအမြစ် မရှိသော စကားများသာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီးမှ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် အကာအကွယ်မဲ့ ဖြစ်နေသည့် ရိုဟင်ဂျာများ၏ မူရင်းနေရာကို လုံခြုံရေး တာဝန်ယူပေးရန် လိုအပ်ကြောင်း၊ အစိုးရ အနေဖြင့် ရိုဟင်ဂျာများကို အရေးတကြီး လုံခြုံရေး ပေးရန် လိုအပ်ကြောင်း တို့ကို လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (BROUK) ဥက္ကဌ ဦးထွန်းခင်က RFA မြန်မာပိုင်းနှင့် မေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်း နေသည့်အချိန်တွင် လူမျိုးစု တစ်စုကို သုတ်သင် ရှင်းလင်းနေသည့် အခြေအနေ တစ်ခု ဖြစ်နေခြင်းသည် နိုင်ငံအတွက် အလွန် ရုပ်ဆိုး အကျည်းတန်နေကြောင်း၊ ဥပဒေဖြင့် ရိုဟင်ဂျာများကို အကာအကွယ် ပေးရန်၊ ရိုဟင်ဂျာ အမည် သုံးနှုန်းခွင့် ပေးရန်၊ ရိုဟင်ဂျာသည် မူရင်း ဌာနေ တိုင်းရင်းသား ဖြစ်သည့် အလျောက် ၎င်းတို့ ဆုံးရှုံးနေသည့် နိုင်ငံသား အခွင့်အရေး၊ ခရီးသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများ အမြန်ပြန်လည် ပေးအပ်ရန်၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းလေးသောင်းကျော် တို့ကို မူရင်းနေရာတွင် ပြန်လည် နေရာချထားပေးရန်နှင့် စားနပ်ရိက္ခာ ပိတ်ဆို့ တားဆီးမှုများကို အမြန်ဖယ်ရှား ပေးရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံချိန်စံနှုန်းဖြင့် ကိုက်ညီအောင် ပြင်ဆင်ပေးရန် တို့ကို NLD အစိုးရက အမြန်ဆုံး တာဝန်ယူ ဖြေရှင်း ပေးရန် တို့ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။





RB News
11.5.2016

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ အော့စ်ဖို့ဒ် တက္ကသိုလ်တွင် မေလ (၁၁) ရက်နေ့၌ ရိုဟင်ဂျာ များအား လူမျိုးတုန်း သတ်ဖြတ်နေခြင်းနှင့် ပတ်သက်၍ ကျင်းပခဲ့သည့် ကွန်ဖရင့် အကြောင်းကို ဘီဘီစီ မြန်မာပိုင်းမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရိုရွှေမောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟောင်း မစ္စတာ သောမတ်စ် ကင်တားနားနှင့် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး တို့ကို မေးမြန်းထားသည်။

အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။



RB News
16.3.2016

ဂျနီဗာ ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (BROUK) မှ ဥက္ကဌ ဦးထွန်းခင်သည် ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့် မတ်လ (၁၅) ရက်နေ့က သီးသန့်တွေ့ဆုံခဲ့ပြီး၊ ထိုသို့ တွေ့ဆုံ ဆွေးနွေးခြင်းနှင့် ပတ်သက်၍ RFA မြန်မာပိုင်း အစီအစဉ်မှ မေးမြန်းထားသည်ကို အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။





ဦးညီပု

21.12.2015

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင် နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ မူဝါဒ၊ ဖြေရှင်း ပေးရမယ့် စိန်ခေါ်မှုတွေနဲ့ NLD နဲ့ ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားရင်ကြားစေ့ နိုင်ရေး တို့ကို NLD ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်ဖြစ် ရခိုင်တိုင်းရင်းသား တဦးလည်း ဖြစ်တဲ့ ဦးညီပုကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးညီပုဟာ အစိုးရသစ် လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံနေရပြီး ၂၀၁၅ ရွေး ကောက် ပွဲ မှာ ရခိုင် ပြည်နယ် ဂွမြို့နယ်ကနေ အနိုင်ရရှိထားတဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင် တဦးကို ပြည်နယ်မှာ ဆင်းပြိုင်ခိုင်းတာဟာ နိုင်ငံရေး ရည်ရွယ်ချက် တစုံတရာ ရှိပုံရပါတယ်။

မေး။ ။ NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လို ပါဝင်ဆောင်ရွက် ဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ လုပ်ရမှာတွေက အများကြီးပဲ။ ပြဿနာတွေက လည်း အများကြီး ရှိတယ်လေ။ ဆိုတဲ့အခါကျတော့ လုပ်ရမှာတွေက အများကြီးပဲ။

မေး။ ။ ရခိုင်ပြည်နယ်က အင်မတန် ဆင်းရဲပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ သင်္ဘော တွေကပ်နိုင်ဖို့ ဆိပ်ခံကောင်းကောင်းမရှိဘူး။ ပညာရေးနိမ့်ကျနေတယ်။ ကျောင်းကောင်းကောင်း မရှိဘူး။ ကျန်းမာရေးဆိုရင် လည်း ဒီအတိုင်းပဲ။ တချို့လူငယ်တွေအရက်စွဲနေကြတယ်။ ဒါတွေကိုဖြေရှင်းဖို့ ဘယ်လို စဉ်စားထားတာတွေ ရှိလဲ။
ဖြေ။ ။ စဉ်းတော့ စဉ်းစားထားပါတယ်။ အခု ကတော့ စဉ်းစားထားတုန်းလောက်ပဲ ရှိသေးတာပေါ့။ ဘာလုပ်မယ်ဆို တာ ပြောဖို့ကတော့ နည်းနည်းစောဦးမယ်လို့ ထင်ပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်အရေး ကိစ္စတွေကိုဖြေရှင်းဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ။ ။ အားလုံး သိတဲ့အတိုင်းပဲလေ။ လူမျိုးရေး၊ အမျိုးသားရေးဆိုတဲ့ ကိစ္စမျိုးတွေက အခက်အခဲတွေပေါ့။ စိန်ခေါ်မှုတွေပေါ့။ ဒါမျိုးတွေ ဖြေရှင်းရမှာပါ။

မေး။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ ယူမှာလား။
ဖြေ။ ။ ဒါတွေကတော့ ယူရမှာပေါ့ဗျာ။ နိုင်ငံတကာအကူအညီ မရဘဲနဲ့တော့ ဘယ်လိုလုပ်သွားလုပ်နိုင်မလဲ။

မေး။ ။ ရခိုင်မြေပေါ်မှာလုပ်နေတဲ့ တရုတ်နိုင်ငံက စီမံကိန်းတွေကို ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေရှိပါတယ်။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုစဉ်းစားထားတာရှိပါသလဲ။
ဖြေ။ ။ အဲဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောနေတာတွေလည်း ရှိပါတယ်။ တချို့ကိစ္စတွေက လည်း ပြန်ပြီး တော့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေလည်း အများကြီး ရှိမှာပေါ့။

မေး။ ။ NLD ပါတီကရခိုင်ပြည်နယ်အတွက် ဘယ်လို မူဝါဒမျိုးချမှတ်ထားတာရှိလဲ။
ဖြေ။ ။ အဲလို မူဝါဒမျိုး မရှိသေးပါဘူး။

မေး။ ။ အနိုင်ရ NLD နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ ဘယ်လိုရင်ကြားစေ့ရေးတွေ လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။ ။ ဒါတွေက စောစောကပြောသလို ကျနော်တို့ စဉ်းစားထားတာတွေတော့ အများကြီး ရှိပါတယ်။ အဖွဲ့ချုပ် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကို မဖြစ်မနေ လုပ်မှာပါ။ ဆွေးနွေးညှိနှိုင်း တာတွေလုပ်မယ် လို့ပြောထားပြီးသားပါ။ လုပ်လည်း လုပ်နေတာတွေ ရှိပါတယ်။ ဒါတွေကတော့ လုပ်မှာပါ။

မေး။ ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးကို NLD က ယူမှာလား၊ ရခိုင်ပါတီတွေကို ပေးမှာလား။
ဖြေ။ ။ အဲဒါကလည်း ဒီချိန်ခါမှာ မပြောနိုင်သေးပါဘူး။ စောစောက ပြောသလို ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိရဦးမှာပါ။

မေး။ ။ အန်ကယ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆိုပြီး ထင်ကြေးပေးနေကြတယ်။ ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ဒီကိစ္စကလည်း အခုချိန်မှာ ဘာမှပြောလို့မရသေးပါဘူး။

မေး။ ။ NLD က တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရလို့ သမ္မတလုပ် အစိုးရဖွဲ့နိုင်မှာဖြစ်ပေမယ့်ရခိုင် ပြည်နယ် လွှတ်တော်မှာ ရခိုင်ပါတီက ပိုများနေတဲ့အခါ နိုင်ငံရေးအရ ဘယ်လိုရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။ ။ အခုချိန်မှာကချမှတ်ထားတာတွေ၊ ဆုံးဖြတ် ထားတာတွေ မရှိသေးဘူးလေ။ ညှိနှိုင်းမှုတွေမလုပ် ရသေးတဲ့ အခါပြောဖို့ တော်တော်ခက်နေတယ်။

မေး။ ။ NLD အစိုးရ တက်လာရင် ရခိုင်ပြည်နယ် မှာရှိတဲ့ မွတ်စလင်တွေရဲ့အတွက် ဘယ်လို ဆောင်ရွက်ပေးသွား မလဲ။ လူနည်းစု ပြဿနာအပေါ်မှာ ဘယ်လို စဉ်းစားထားလဲ။
ဖြေ။ ။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပြော နေတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ လည်း ကိုက်ညီတဲ့ အနေအထားမျိုး ဖြစ်အောင်၊ ကိုယ်ဒေသမှာလည်း တဖက်နဲ့တဖက် ပြေပြေ လည်လည်ဖြစ် အောင် အချင်းချင်းညှိနှိုင်းရမှာပေါ့။



RB News
13.11.2015

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (ယူကေ) ဥက္ကဌ ဦးထွန်းခင်က တူရကီနိုင်ငံမှ သတင်းဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် “ကျွန်တော်တို့ ရိုဟင်ဂျာတွေက ၁၉၉၀ ခုနှစ်ကတည်းက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံခဲ့ပြီး၊ ရိုဟင်ဂျာ ပါတီ တွေကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နဲ့ မဟာမိတ်ဖွဲ့ပြီး အလုပ်လုပ်ခဲ့တယ်။ ဒါပေမယ့် ၂၀၁၂ ခုနှစ်မှာ ဦးသိန်းစိန်ရဲ့ ရိုဟင်ဂျာ လူနည်းစုကို တစ်ဖက်သတ် လူမျိုးတုန်း သတ်ဖြတ်မှု အပေါ် ဒေါ်အောင်ဆန်းစုကြည်က နှုတ်ဆိတ်နေခဲ့ခြင်းကို အင်မတန်မှ ၀မ်းနည်းခဲ့ရတယ်။ နိုင်ငံတကာ အနေနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အားပေးသလို တစ်ချိန်တည်းမှာ ၂၁ ရာစုမှာ သုံးသန်းခန့် ရှိတဲ့ ရိုဟင်ဂျာ လူမျိုးတို့ ခံစားနေရတဲ့ လူမျိုးတုန်း သတ်ဖြတ်မှုကို အရေးတကြီး ဦးစားပေး လုပ်သင့်တယ်။ အစိုးရသစ်ကို ဦးဆောင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှာ စိန်ခေါ်မှုတွေ ရှိနေမှာ သေချာပါတယ်။ အဓိက ၀န်ကြီးဌာနများ ဖြစ်တဲ့ ပြည်ထဲရေး ၀န်ကြီးဌာန၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန၊ ကာကွယ်ရေး ၀န်ကြီးဌာန များရဲ့ ၀န်ကြီး နေရာတွေကို စစ်တပ်က ခန့်အပ်မှာ ဖြစ်တဲ့ အတွက် နိုင်ငံတော်ရဲ့ လူနည်းစုတွေကို ထိခိုက်လွယ်တဲ့ လုပ်ရပ်တွေကို ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

၎င်းက မြန်မာနိုင်ငံတွင် ယခုလာမည့် ပါလီမန်တွင် မွတ်စလင် အမတ် တစ်ဦးတစ်ယောက်မှ ရှိမည် မဟုတ်ကြောင်း၊ မြန်မာ့သမိုင်းတွင် ရိုဟင်ဂျာ တိုင်းရင်းသားများ မဲပေးခွင့်၊ အမတ်ဖြစ်ရန် ရွေးကောက်ပွဲ ၀င်ပြိုင်ခွင့်ကို ပထမဆုံး အကြိမ် အဖြစ် ပိတ်ပင်ခဲ့ရသည့် အတွက် အထူးဝမ်းနည်းကြောင်း၊ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ အောင်ပွဲကို ပျော်ရွှင်စွာ ဆင်နွဲနေချိန်တွင် ရိုဟင်ဂျာများသည် မိမိတို့၏ မွေးရပ်မြေတွင် မဲပေးခွင့် မရသောကြောင့် စိတ်အားငယ်စွာ နေခဲ့ရကြောင်း၊ ရိုဟင်ဂျာများလည်း မြန်မာနိုင်ငံ ဒီမိုကရေစီ တည်ဆောက်မှုတွင် တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သလို NLD ၏ အောင်ပွဲကိုလည်း တကယ် ၀မ်းပန်းတသာ ဖြစ်ရကြောင်း၊ NLD အစိုးရဖွဲ့ပြီး အုပ်ချုပ်ရေးတွင် စိန်ခေါ်မှု ကြီးကြီးမားမား ရှိနေသည့် အတွက် အမေရိကန်၊ ဗြိတိန် အနေနှင့် ရိုဟင်ဂျာများကို လူမျိုးတုန်း သတ်ဖြတ်မှုကို အရေးပေါ် ဦးစားပေး ဆောင်ရွက် ပေးစေလိုကြောင်း၊ လွန်ခဲ့သည့် နှစ်ပတ်က ထုတ်လွှင့်ခဲ့သည့် Al Jazeera မှ Genocide Agenda, International State Crime Initiative School of Law, Queen Mary University of London, Yale Law School နှင့် Fortity Rights တို့က လူမျိုးတုန်း သတ်ဖြတ်မှု၏ သက်သေ အထောက်အထား များကို လေ့လော တွေ့ရှိထားသည့် အတွက် နောက်ကျမှု မဖြစ်စေဘဲ ရိုဟင်ဂျာ အရေး အပေါ် ဦးစားပေး ဆောင်ရွက်သင့်ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။


ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီဥက္ကဋ္ဌ ဦးကျော်မင်း (ဓါတ်ပုံ - ဧရာဝတီ)

19.9.2015

အဲဒီ လူတွေကပဲ ဆက်ပြီးတော့ ဒီတိုင်းပြည်ကို အုပ်ချုပ်နေမယ် ဆိုရင် ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ဖို့ အခြေအနေ သိပ်မရှိဘူး။ နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက် အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့ လိုတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ၌ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိသည့် ကိုယ်စားလှယ်လောင်းများစာရင်း စိစစ်ထုတ်ပြန်ခဲ့ရာတွင် ကိုယ်စားလှယ်လောင်း ၁၇ ဦး ပယ်ချခံခဲ့ရပြီး တဦးသာ ယှဉ်ပြိုင်ခွင့်ရရှိခဲ့ သည့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးပါတီမှ ပါတီဥက္ကဋ္ဌ ဦးကျော်မင်း ကို ဧရာဝတီ သတင်း ဌာနမှ ထွန်းထွန်းက တွေ့ဆုံမေးမြန်းခဲ့ပါသည်။

ဦးကျော်မင်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်ခွင့် ရရှိခဲ့သော်လည်း ယခု ၂၀၁၅ ရွေးကောက်ပွဲ၌ ကိုယ်စားလှယ်လောင်း အဖြစ် ပါဝင်ယှဉ်ပြိုင်ရန် စာရင်တင်သွင်းခဲ့ရာ တွင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခံခဲ့ရသူထဲများမှ တဦး အပါအ၀င် ဖြစ်သည်။

မေး။ ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတာနဲ့ ပတ်သက်လို့ ရှင်းပြပေးပါဦး။
ဖြေ။ ။ ရွေးကောက်ပွဲ ဥပဒေတွေ၊ နည်းဥပဒေတွေမှာတော့ နိုင်ငံသားစိစစ်ရေး လက်မှတ်ရှိသူတွေ၊ အမျိုးသား မှတ်ပုံတင် ကိုင် ဆောင် သူတွေ ယှဉ်ပြိုင်ခွင့်ရှိတယ်လို့ ပြဌာန်းထားပြီး နောက်ပိုင်းကျတော့ မိဘနှစ်ပါးပါ နိုင်ငံသားဖြစ်ကြောင်း သက်သေ အထောက် အထား ပြရမယ်လို့ ပြောလာတယ်။ ကျနော်တို့ကတော့ မိဘနှစ်ပါးက နိုင်ငံသားဖြစ်တဲ့ အပေါ်မှာ ဘာမှသံသယ မရှိပါဘူး။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး လွှတ်တော်ရွေးကောက်ပွဲမှာကတည်းက ကျနော် တို့က ရွေးချယ်ခံခွင့်လည်း ရှိခဲ့တယ်။ မဲပေးခွင့်လည်း ရှိခဲ့တယ်။ အဲဒီနောက်ပိုင်း ၂၀၁၀ ရွေးကောက်ပွဲအထိ ကျနော်တို့ကို အမျိုးသား မှတ်ပုံတင်မရှိလို့၊ နိုင်ငံသားကတ် မရှိလို့ဆိုပြီး ယှဉ်ပြိုင်ခွင့် မရှိဘူးလို့ မပြောခဲ့ဘူး။

အခု ၂၀၁၅ ရွေးကောက်ပွဲ လုပ်မယ်ဆိုမှ ကျနော်တို့ကို ရွေးချယ်ခံပိုင်ခွင့် မရှိဘူးဆိုပြီး ပယ်ချလိုက်တယ်။ ကျနော်တို့ ပါတီက ရခိုင်ပြည်နယ်မှာ ၁၁ ဦး၊ ရန်ကုန်တိုင်းမှာ ၇ ဦး ကိုယ်စားလှယ်လောင်း တင်ခဲ့တာ ရခိုင်မှာ အကုန် အပယ်ခံရတယ်။ ရန်ကုန်မှာက ၆ ဦး အပယ်ခံရတယ်။ အဲဒီထဲက ရန်ကုန်က ကမန်လူမျိုးတဦးကတော့ အယူခံ မ၀င်တော့ဘူး။ ကျန်တဲ့ ရခိုင်နဲ့ ရန်ကုန်က ၁၆ ဦး အယူခံ ၀င်ရာမှာလည်း ၁၅ ဦးကို ပယ်ချကြောင်း အကြောင်းပြန်လာတယ်။ တယောက်ကိုတော့ အကြောင်းမပြန်သေးပါဘူး။

ဒီကိစ္စက ကျနော်တို့ရဲ့ သမိုင်းကြောင်းမှာ တော်တော် အရေးကြီးတဲ့ အပြောင်းအလဲ ဖြစ်နေပြီး နှစ်ပေါင်း ၇၀ လောက် ဒီနိုင်ငံမှာနေ လာပြီးမှ အခု နိုင်ငံသား မဖြစ်ဘူးဆိုတာက လူမျိုးတခုလုံးကို ထိခိုက်စေပါတယ်။ ကျနော်တို့လည်း တော်တော်စိတ်မကောင်း ဖြစ် တယ်။

မေး။ ။ ဦးကျော်မင်းတို့ ပါတီက ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်က ဘာကြောင့် ပယ်ချခဲ့တာပါလဲ။
ဖြေ။ ။ ခရိုင် ကော်မရှင်ကရော၊ ပြည်နယ်ကော်မရှင်ကပါ ပယ်ချခဲ့တဲ့ အဓိက အကြောင်းက မိဘနှစ်ပါးက နိုင်ငံသား ကတ် ကိုင် ဆောင် ထားခြင်း မရှိတဲ့အတွက် လူကြီးမင်းတို့ရဲ့ ကိုယ်စားလှယ်လောင်းအဆိုပြုလွှာကို ပယ်ချလိုက်တယ်လို့ပဲ ပြောတယ်။ အားလုံး ကို အကြောင်းပြချက်က ဒီအတိုင်းပဲ။ ကျနော်တို့သိထားတာက ဒီနိုင်ငံမှာ နိုင်ငံသားကတ်ကိုင်ဆောင်ထားတာ တယောက်မှမရှိသေး ဘူး။ အားလုံးက နိုင်ငံသား စိစစ်ရေးကတ်ပဲ ရှိကြတယ်။ နိုင်ငံသား လက်မှတ်ဆိုတာ လ.၀.က နည်းပဒေတွေ အရ ပုံစံ ၆ ကို ပြော တာ။ အခု ရထားတဲ့ ပန်းရောင်ကတ်က ပုံစံ ၆ (က) ပဲ ရှိသေးတယ်။

ကျနော်တို့ အိမ်ထောင်စု ဇယားတွေ၊ ကျောင်းတက်တာတွေမှာလည်း အမျိုးသားမှတ်ပုံတင် နံပါတ်တွေနဲ့ပဲ အားလုံး လုပ်ခဲ့ကြတာပဲ။ အင်္ဂလိပ်ခေတ်မှာ အမျိုးသား မှတ်ပုံတင်ကတ်လည်း မရှိဘူး။ နိုင်ငံသားကတ်လည်း မရှိခဲ့ဘူး။ ကျနော် အသက် ၇၀ ရှိပြီ။ ကျနော့် အဖေတွေ၊ ဘိုးဘွားတွေ မှတ်ပုံတင် ပြန်ထုတ်ပေးပါဆို ကျနော်ဘယ်က သွားထုတ်ရမလဲ။ ဒါဟာ ယုတ္တိဗေဒ မကျဘူး။ တခြား အခွန် ဆောင်တာတို့၊ အထောက်အထားတို့ ဆိုရင်တော့ ပြလို့ရတာပေါ့။ အယူခံ ပြန်တင်တော့လည်း ဒီလို အချက်အလက်တွေ တင်ပြ ခဲ့ပေမယ့် သူတို့က မစဉ်းစားတော့ ကျနော်တို့ ဘယ်လိုပြောရမှန်း မသိတော့ဘူး။

အခု လွှတ်တော်မှာ ရောက်နေသူတွေ၊ ခေါင်းဆောင်တွေရဲ့ မိဘ၊ ဘိုးဘွားတွေလည်း အမျိုးသား မှတ်ပုံတင်ပဲ ကိုင်ကြတာပဲ။ အရင် ခေတ်ကဆို ဘာကတ်မှ မရှိကြပါဘူး။ အဲဒီတော့ အမျိုးသားမှတ်ပုံတင် ကိုင်တဲ့သူက နိုင်ငံသား မဟုတ်ဘူးဆိုရင် ဒီလူတွေရဲ့ မိဘ၊ ဘိုးဘွားတွေကိုရော နိုင်ငံသား ဖြစ်တယ်လို့ ဘယ်လိုပြောမလဲ။ အဲဒီတော့ နိုင်ငံသားဆိုတာ ဥပဒေအရ မဟုတ်ဘဲ လူမျိုးအရ၊ ရုပ် သဏ္ဌာန်အရ ဆုံးဖြတ်တဲ့ ပုံစံမျိုး ဖြစ်နေတယ်။ တရားဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး။

မေး။ ။ အခုလို ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတဲ့အတွက် ဦးကျော်မင်းတို့ရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် ဘယ်လို ဆုံးရှုံးမှုတွေ ဖြစ်လာပါလဲ။

ဖြေ။ ။ ဒါက ပေါ်လွင်နေတာပဲ။ ကျနော်တို့ လျှောက်လွှာတွေမှာ ရိုဟင်ဂျာလို့ထည့်ရင် အစိုးရက ပယ်ချနိုင်တယ် ဆိုပြီးတော့ ကျနော်တို့တွေအားလုံး ကမန်၊ မြန်မာ/အစ္စလမ် စသည်ဖြင့် သူ့ဟာနဲ့သူ ထည့်ပြီး လျှောက်ကြရတာ။ ဒါပေမယ့် ကော်မရှင်က ဒီလူတွေရဲ့နေရာတွေ နာမည်တွေကို ကြည့်ပြီးပယ်လိုက်တာပဲ။ ဒီမိုကရေစီနိုင်ငံမှာ မဖြစ်သင့်တဲ့ လူမျိုးရေး ခွဲခြားမှုပဲ။ လူမျိုးတိုင်းက ကိုယ် စား ပြုခွင့် ရှိရမယ်။ ပိတ်ပင်တာမျိုး မရှိရဘူး။ အခု ကျနော်တို့ လူမျိုးစုကို ကျနော်တို့ ကိုယ်စားပြုခွင့်မရအောင် စီမံနေတဲ့ ပုံစံပဲ ဖြစ် တယ်။ ကျနော်တို့က တခါမှ မရဘူးတဲ့ အခွင့်အရေးတွေကို တောင်းဆိုတာ မဟုတ်ပါဘူး။

ကျနော်တို့ သုံးသပ်တာက လူမျိုး၊ ဘာသာဆိုတာ သူတို့ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စပါ။ နိုင်ငံ့အရေးအတွက် ဒီနိုင်ငံမှာရှိတဲ့ လုပ်အားရှင် အားလုံး ပါဝင်သင့်တယ်။ သူတို့ရဲ့ လုပ်နိုင်စွမ်း၊ ဉာဏ်ရည်တွေကို အသုံးချနိုင်အောင် အခွင့်အလမ်းတွေ ဖန်တီးပေးရမယ်။ အခု ကျနော်တို့ကို ပယ်ချခဲ့တဲ့အတွက် “မင်းတို့က နိုင်ငံသားတွေ မဟုတ်ဘူး။ မကြာခင် မင်းတို့ ထွက်သွားရတော့မှာ” ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေလည်း ကြားရပါတယ်။ တနည်းအားဖြင့်လည်း ရခိုင်ပြည် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်တယ်လို့ ကျနော် မြင်ပါတယ်။

မေး။ ။ ဦးကျော်မင်း အနေနဲ့ လက်ရှိအစိုးရရဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နေတဲ့အပေါ် ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ။ ။ ဘယ်လို ပြောရမလဲ၊ မကောင်းဘူးပေါ့။ တိုင်းပြည်အတွက် မကောင်းဘူး။ နိုင်ငံတကာက နိုင်ငံကို မျက်စိ ဒေါက်ထောက် ကြည့်နေတာ။ စစ်မှန်တဲ့ ဒီမိုကရေစီ ဆိုတာမှာ တိုင်းပြည်မှာရှိတဲ့ လူမျိုးစုအားလုံး တူညီမျှတတဲ့ အခွင့်အရေး ရသလား။ တိုင်းပြည် တည်ငြိမ်အေးချမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးကို နှစ်ဖက်အဖွဲ့တွေ လက်ခံနိုင်တဲ့ ပုံစံနဲ့ လုပ်နေတာ လား။ စစ်မှန်တဲ့ ကြိုးပမ်းမှုတွေ လုပ်နေသလားဆိုတာ သူတို့က စောင့်ကြည့်နေတာပဲ။ သူတို့ရဲ့ စံနှုန်းတွေထဲမှာ မ၀င်ဘူးဆိုရင် ကမ္ဘာက မကူညီတော့ဘူး။ အဘက်ဘက်က ဖွံ့ဖြိုးမှုတွေ နိမ့်ကျနေတဲ့ နိုင်ငံတနိုင်ငံ တိုးတက်ဖို့ဆိုတာ နိုင်ငံတကာရဲ့ ထောက်ပံ့မှုတွေ မပါဘဲ မဖြစ်နိုင်ဘူး။

အခု ရခိုင်တွေမှာ အထူးသဖြင့် လူငယ်တွေမှာ နိုင်ငံရေး အတွေးအခေါ်တွေက ပြောင်းသွားပြီ။ ဒီလူတွေကို နှင်ထုတ်မှ ရမယ်။ ဒီလိုပဲ ဖြစ်နေတာ။ သူတို့နဲ့အတူ ငြိမ်းချမ်းစွာ ပြန်လည်နေထိုင်ဖို့ကို မတွေးတော့ဘူး။ အခုအစိုးရ လုပ်လိုက်တာက ဒါကို မြှောက် ပေး နေသလို ဖြစ်နေတယ်။ လက်ရှိ ဒီမိုကရေစီဆိုတဲ့ခေတ်မှာ ဒါကို မထိန်းနိုင်ရင် တိုင်းပြည်တည်ငြိမ် အေးချမ်းမှု မရှိဘူး။ စီးပွားရေး တွေ ထိခိုက်မယ်။ ကျနော်တို့ကတော့ တဦးနဲ့တဦး မှီခိုပြီးတော့ သင့်သင့်မြတ်မြတ်ပဲ နေချင်တယ်။ ခေါင်းဆောင်လုပ်နေသူတွေကတော့ အမြော်အမြင်ကြီးတဲ့သူတွေပဲ။ အခုလို လုပ်နေတာက ရည်ရွယ်ချက်တခုနဲ့ လုပ်နေတယ်လို့ပဲ ထင်တယ်။ ဒီမိုကရေစီခေတ် မှာ မဖြစ်သင့်တဲ့ ကိစ္စလို့ မြင်တယ်။ လူတစုရဲ့ လူ့အခွင့်အရေးကို ပိတ်ပင် တားဆီးတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။

မေး။ ။ အယူခံဝင်တဲ့ ကိုယ်စားလှယ်လောင်းတွေလည်း ထပ်ပယ်ချ ခံထားရတော့ ဦးကျော်မင်းတို့ ဘယ်လို ဆက်လုပ်သွားဖို့ စီစဉ်ထားပါလဲ။

ဖြေ။ ။ ကျနော်တို့ပါတီ တာဝန်ရှိသူတွေ အစည်းအဝေးတွေမှာ ညှိနှိုင်းပြီး ဆက်လုပ်သင့်တာတွေကို ဆက်ပြီး လုပ်သွားရမှာပါ။ အဓိကအနေနဲ့ ကော်မရှင်က မှားသလား။ ကျနော်တို့က မှားသလား ဆိုတာကို ဗဟိုအစိုးရက စိစစ်ပြီး ဆုံးဖြတ်ပေးလို့ရအောင် ကျနော်တို့က ဗဟိုအစိုးရကို စာတင်ပြဦးမယ်။ အဲဒီမှာမှ ခရီး မရောက်သေးရင်တော့ ဘာဆက်လုပ်ရမလဲ ဆိုတာ ကြိုပြောဖို့ ခက်နေပါသေးတယ်။

မေး။ ။ ပါတီမှတ်ပုံတင် ဥပဒေအရ ပါတီတခုက အနည်းဆုံး မဲဆန္ဒနယ် ၃ နေရာ မပြိုင်ရင် ပါတီဖျက်သိမ်းရမယ် ဆိုတော့ ဦးကျော်မင်းတို့ ပါတီအနေနဲ့ အဲဒီအပေါ် ဘယ်လိုဆောင်ရွက်သွားဖို့ ရှိပါလဲ။

ဖြေ။ ။ အဲဒါနဲ့ပတ်သက်လို့ ပါတီမှတ်ပုံတင် ဥပဒေ၊ ရွေးကောက်ပွဲ ဥပဒေတွေမှာတော့ ပါတီတခုဟာ ရွေးကောက်ပွဲကို အနည်း ဆုံး ကိုယ်စားလှယ်လောင်း ၃ ဦး ပါဝင်ယှဉ်ပြိုင်ရမယ်။ အဲဒီလိုမှ မဟုတ်ရင် ပါတီဖျက်သိမ်း ခံရမယ်ပေါ့။ အခု ဦးတို့ပါတီရဲ့ ကိုယ်စား လှယ်လောင်း အားလုံးနီးပါးကို ပယ်ချလိုက်တယ်ဆိုတော့ ပါတီကို မရပ်တည်စေချင်လို့၊ ဖျက်သိမ်း စေချင်လို့လား။ တိုက်ဆိုင်မှုပဲ လား။

ဒါမှမဟုတ် ဦးတို့အားလုံးက နိုင်ငံခြားသားမို့လို့လား ဆိုတာ ဗဟိုအစိုးရက ဆုံးဖြတ်ပေးသင့်တယ်လို့ ကျနော်တို့ ယူဆတယ်။ အဲဒီ လို ဖြစ်လာရင်တော့ အယူခံဖို့ ရှိတယ်။ အဲဒါမှ မရရင်တော့ တရားပြန်စွဲဖို့ပဲ ရှိတော့တယ်။ အခုတော့ ကျနော်တို့မှာ ဘယ်လိုအကြောင်းပြချက် ဘယ်လိုလုပ်ဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ ကျနော်တို့ စိုးရိမ်နေတယ်။

မေး။ ။ ဦးကျော်မင်းတို့ ပါတီက ပါဝင်ယှဉ်ပြိုင်ခွင့်ရတဲ့ ကိုယ်စားလှယ်လောင်းကရော ဘယ်မဲဆန္ဒနယ်က ၀င်ပြိုင်မှာပါလဲ။

ဖြေ။ ။ ပါတီက ကိုယ်စားလှယ်လောင်း ၁၈ ဦးတင်တာမှာ ၁ ဦးပဲ ပြိုင်ခွင့်ရတယ်။ သူက ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် အတွက် ပန်းပဲတန်းမြို့နယ်ကနေ ၀င်ပြိုင်မယ့် ဒေါ်ကျိုကျိုဝင်း၊ သူတဦးပဲ ရှိတယ်။ နောက်တဦးကတော့ ပန်းပဲတန်းကပဲ ဒေါ်ချိုချို၊ သူ့ကိုတော့ အယူခံ ပြန်ဝင်ထားတာ ပယ်မပယ်က တရားဝင် မထုတ်ပြန်ပေးသေးဘူး။ ကျနော်တို့ကတော့ သူ့ကိုလည်း အတည်ပြုတယ်လို့ ယူဆထားတယ်။ ဒီ နှစ်ယောက်တည်း ရှိရုံနဲ့တော့ ပါတီက ရပ်တည်လို့ မရဘူး။

မေး။ ။ ဦးကျော်မင်းအနေနဲ့ရော လာမယ့်ရွေးကောက်ပွဲကို တရားမျှတတဲ့ ရွေးကောက်ပွဲတခု ဖြစ်မယ်လို့ ထင်ပါလား။

ဖြေ။ ။ အခု ကိုယ်စားလှယ်လောင်း ပယ်ချမှုတွေ ရှိနေတယ်။ အဲဒါတွေကို ခိုင်လုံတဲ့ ဥပဒေကြောင်းလည်း မပြနိုင်ရင် ဘယ်လို လုပ်ပြီးတော့ တရားမျှတမှု ရှိမလဲ။ လွတ်လပ်မှု ရှိမလဲ။ သိသာမြင်သာ မရှိဘဲ တဖက်သတ် ဖြစ်သွားမယ်လို့ မြင်တယ်။ အစိုးရက လုပ်တာ မဟုတ်ဘူး၊ ကော်မရှင်က လုပ်တာလို့ ပြောချင်ပြောမယ်။ ကျနော်တို့ မြင်တာတော့ အစိုးရလည်း ကော်မရှင်၊ ကော်မရှင် လည်း အစိုးရပဲ။ အစိုးရခန့်တဲ့သူပဲ ကော်မရှင် ဖြစ်နိုင်တာကိုး။ အခုလည်း တ၀က်လောက် ပါနေတာပဲ။

မေး။ ။ ရွေးကောက်ပွဲအပြီး နိုင်ငံရေး အပြောင်းအလဲ ဖြစ်လာမယ့် အပေါ်ရော ဘယ်လိုသုံးသပ်ချင်ပါလဲ။

ဖြေ။ ။ ပြောရရင် အများကြီးပဲ။ မြန်မာပြည် အဆင်းရဲဆုံးနိုင်ငံ စာရင်းထဲ ပါသွားတာ စီမံခန့်ခွဲမှုတွေ ညံ့ဖျင်းလို့ပဲ။ မမှန်ကန်တဲ့ အုပ်ချုပ်မှုတွေကြောင့်ပေါ့။ အခု အဲဒီလူတွေကပဲ ဆက်ပြီးတော့ ဒီတိုင်းပြည်ကို အုပ်ချုပ်နေမယ်ဆိုရင် ဆင်းရဲတွင်းကနေ ရုန်းထွက်နိုင်ဖို့ အခြေအနေ သိပ်မရှိဘူး။ နိုင်ငံရေး၊ အုပ်ချုပ်ရေး အပြောင်းအလဲ၊ ဦးနှောက်အပြောင်းအလဲ မြန်မာနိုင်ငံမှာ ရှိဖို့ လိုတယ်။ အပြောင်း အလဲ မရှိရင်တော့ ဘာမှမဖြစ်နိုင်ဘူး။ ဒါကို လူထုကပဲ ရွေးချယ်ရမယ်။ ဒီလို ရွေးချယ်တဲ့နေရာမှာ လူထုနဲ့ ထိုက်တန်တဲ့ အစိုးရ ကို ရလာမှာပေါ့။

မေး။ ။ လက်ရှိနိုင်ငံရေး အခြေအနေ အပေါ်မှာရော ဦးကျော်မင်း ဘယ်လိုမြင်ပါလဲ။

ဖြေ။ ။ နိုင်ငံရေးက ဘယ်လိုလာဦးမယ်ဆိုတာ ပြောဖို့က စောနေပါသေးတယ်။ နိုင်ငံရေးသမားတွေထဲမှာလည်း စစ်မှန်သော ပြည်သူ့ အကျိုးပြုလုပ်ငန်း လုပ်ချင်သူရှိသလို မိမိအာဏာ ရရှိရေးအတွက် ကြိုးစားတဲ့ နိုင်ငံရေးသမားလည်း ရှိကောင်း ရှိနိုင်ပါတယ်။ အဲဒီလို အုပ်စုကများရင် နိုင်ငံရေး အပြောင်းအလဲက ဖြစ်မလာနိုင်ဘူး။ နိုင်ငံအတွက် အကျိုးရှိတာကိုပဲ ငါတို့လုပ်သွားမယ်ဆိုရင် အကောင်းဆုံးပေါ့။ အခုလောလောဆယ်တော့ နေရာမရခင် ပြောတာက တမျိုး၊ နေရာရပြီးသွားရင် ပြောတာကတမျိုးပဲ ဖြစ်နေသေး တယ်။

မေး။ ။ ဦးကျော်မင်း ကိုယ်တိုင်ရော ဘယ်မြို့နယ်ကနေ ၀င်ပြိုင်ဖို့ စာရင်းပေးခဲ့တာပါလဲ။

ဖြေ။ ။ အရင်တုန်းက ၁၉၉၀ ခုနှစ်မှာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ လွှတ်တော်ကိုယ်စားလှယ် အဖြစ် ပြိုင်ခဲ့တာ။ အခု ၂၀၁၅ မှာလည်း ဘူးသီးတောင်မြို့နယ်ကနေပဲ ၀င်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း တင်ခဲ့တာ။ အခုတော့ ပယ်ချခံခဲ့ရတယ်။ ကျနော်တို့က နိုင်ငံခြားသားဆို ဘာလို့ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ၀င်ပြိုင်ခွင့်ရပြီး အနိုင်ရတာပါလဲ။

အခု သူတို့က အဲဒီတုန်းက သေချာမစိစစ်ခဲ့ရလို့ပါလို့ ပြောတယ်။ ဒါက မဖြစ်နိုင်ပါဘူး။ အဲဒီတုန်းက စိစစ်ခဲ့တာက မြို့နယ်၊ ခရိုင်၊ ပြည်နယ် အဆင့်ဆင့် စစ်ဆေးပြီးမှ အတည်ပြုပါသည် ဆိုပြီး ပေးခဲ့တာပါ။ ပေးနိုင်တဲ့ ဥပဒေလည်း ရှိတယ်။ မပေးချင်လည်း ဥပဒေ ကို အဓိပ္ပာယ် ဖွင့်ဆိုတဲ့နေရာမှာ မူတည်ပါတယ်။

မေး။ ။ ဘာများ ဖြည့်စွက် ပြောချင်ပါသေးလဲ။

ဖြေ။ ။ ကိုယ်စားလှယ်လောင်းတွေ ပယ်ချခံရတယ် ဆိုတာက ပြည်နယ်အဆင့်က ပယ်တာပဲ။ ဥပဒေမှာတော့ ပြည်နယ်က ဆုံးဖြတ်ချက်သည် နောက်ဆုံးအတည် ဖြစ်တယ်ဆိုတာပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံရေးကိစ္စ ဆိုတာ ဘယ်အခါမှ နောက်ဆုံး ဆိုတာ မရှိဘူး။ အပြောင်းအလဲတွေ ရှိနိုင်ပါတယ်။

ကျနော်တို့ ကိစ္စကို ဗဟိုကော်မရှင်က ပြန်ပြီးတော့ သုံးသပ်ရင် အမှုတွဲတွေကို ပြန်ပြီးတော့ လေ့လာသုံးသပ်ပြီးမှ ဆုံးဖြတ်ချက် တခု ခု ပေးရင် ရနိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာ ပါတီက ကိုယ်စားလှယ်တွေ ပယ်ချခံရတာက ဥပဒေကြောင်းထက် လူမျိုးရေးနဲ့ ပေါ်လစီ ပိုင်း ကို အခြေခံတယ်လို့ ကျနော်တို့ ပြောနိုင်တဲ့ အထောက်အထား ရှိတယ်။ အဲဒါကို ပြင်ဆင်ပေးပါ။ ကျနော်တို့ လုပ်မယ်။ လုပ်လို့ရနိုင်တဲ့ အထိ ကျနော်တို့က ဆက်လုပ်သွားမယ်။ ။



RFA မြန်မာပိုင်း
17.9.2015

ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီက တင်သွင်းတဲ့ ကိုယ်စားလှယ် အားလုံး နီးပါးကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချ ခဲ့တာကြောင့် ပါတီ ဖျက်သိမ်း ခံရမှာကို စိုးရိမ် နေရပြီလို့ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပါတီ ဥက္ကဌ ဦးကျော်မင်းက RFA ကို ဒီကနေ့ ပြောလိုက် ပါတယ်။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ပါတီက ကိုယ်စားလှယ် တွေနဲ့ အဖွဲ့ဝင်တွေ အများစုဟာ အစ္စလာမ် ဘာသာဝင်တွေ ဖြစ်ကြ ပါတယ်။ ပါတီ ဥက္ကဌ ဦးကျော်မင်း ကို RFA သတင်းထောက် ကိုမျိးဇော်ကို က တွေ့ဆုံ မေးမြန်း ထားပါတယ်။


(ဓါတ်ပုံ - EPA/လင်းဘိုဘို)

Kamayut Media
5.9.2015

၂ဝ၁၅ ရွေးကောက်ပွဲမှာ တစ်သီးပုဂ္ဂလ အဖြစ် ရခိုင်ပြည်နယ် မောင်တော မြို့နယ်က ဝင်ရောက် ယှဉ်ပြိုင်မယ့် ဦးရွှေမောင်ကို ရွေးကောက်ပွဲ ကော်မရှင် ပယ်ချခဲ့တဲ့ အတွက် ကျေနပ်မှု မရှိကြောင်း စက်တင်ဘာ ၄ရက်မှာ ပြောဆို ခဲ့ပါတယ်။





ရွှေအောင်
2.9.2015

တနိုင်ငံလုံး ကိုယ်စားလှယ်လောင်း စိစစ်ခြင်း လုပ်ငန်းတွေ ပြီးဆုံးတဲ့နောက် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ပယ်ခံရတဲ့ ကိုယ်စားလှယ်ပေါင်း ၈၈ ဦးရှိပြီး ရခိုင်မှာ ၂၈ ဦးနဲ့ အများဆုံး ပယ်ချခံရပါတယ်။

ရခိုင်ပြည်နယ် မောင်တော ခရိုင် တခုတည်းမှာတင် ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မညီလို့ ပယ်ချခံရသူ ၁၉ ဦးရှိပြီး အများစုက မိဘနှစ်ဦး နိုင်ငံသားမဖြစ်တဲ့အချက်နဲ့ ငြိလို့ဖြစ်ကြောင်း ခရိုင်ကော်မရှင်ဥက္ကဋ္ဌ ဦးအောင်ကျော်ညွန့်က ပြောပါတယ်။

ကိုယ်စားလှယ်လောင်း အရည်အချင်းနဲ့ မကိုက်ညီလို့ ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင် မဲဆန္ဒနယ် ကိုယ်စားလောင်းအဖြစ်ကနေ ပယ်ချခံခဲ့ရတဲ့ ဦးရွှေမောင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးရွှေမောင် ကိုယ်စားလှယ်လောင်းအဖြစ်က အပယ်ခံရတာတော့ သိတယ်၊ အခု နောက်ဆုံး အခြေအနေလေး ပြောပြပေးပါဗျ။

“ကျနော်နဲ့ ဒေါ်ခင်ခင်လွင် ၂ ယောက်က ၂၇ ရက်မှာ အယူခံလွှာတင်တယ်။ တင်တော့ ကျနော်တို့ကို စက်တင်ဘာ ၁ ရက်မှာ ကြားနာ ဆုံးဖြတ်ဖို့အတွက် ခေါ်တယ် ၁ ရက်နေ့ မနက် ၁၀ နာရီရောက်သွားပြီး အဲ့ဒီမှာ အထောက်အထား စုံစုံလင်လင် တင်ပြတယ်၊ ကျနော်ရဲ့ မိဘဘက်က ဘိုးဘွားတွေ အများစုက မြန်မာနိုင်ငံလွတ်လပ်ရေး မရခင် ဆုံးသွားတော့ အဲ့ဒီမတိုင်ခင် ဘာမှ မရှိဘူးလေ။ အမျိုးသားမှတ်ပုံတင် စနစ်လည်း မရှိသေးဘူး၊ နိုင်ငံသားလက်မှတ်လည်း မထုတ်ပေးသေးဘူးဆိုတော့ ကျနော့်မှာ တော်တော်ရှေးဟောင်းကျတဲ့ အထောက်အထားတွေ ရှိတယ်။ ၁၉၂၅ ခုနှစ်က ကျနော့် အမေဘက်က အဘိုး၊ သူ မြေခွန်ဆောင်ခဲ့တဲ့ ပြေစာတွေ၊ နောက်တခါ ၁၉၂၅ ခုနှစ်က လယ်မြေ၀ယ်ခဲ့တဲ့ အထောက်အထားတွေ၊ နောက် အဖေဘက်က အထောက်အထားတွေ၊ ကျနော့်အဖေက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ ပြီးမှ သူပင်စင်ရခဲ့တယ်၊ ပင်စင်ဆိုတာက နိုင်ငံသား မဟုတ်ရင် မရဘူးဗျ။ ပြီးရင် ၁၉၅၀ ခုနှစ်မှာ တိုင်းရင်းသား နိုင်ငံသား အားလုံးကို ထုတ်ပေးခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော် သက်သေခံကတ်ပြားတွေ ကိုင်ဆောင်ခဲ့တယ်။ ဒီလို အထောက်အထား စုံစုံလင်လင်ကိုလည်း ကျနော် တင်ပြထားတယ်၊ ရခိုင်ပြည်နယ်ကော်မရှင် အဖွဲ့ခွဲကို ကျနော် အယူခံလွှာတင်သွင်း တုန်းကပေါ့။ မူရင်းတွေလည်း ကျနော် မနေ့က ယူသွားတယ်၊ ကျနော် သွားခဲ့တာက ကြားနာပွဲ၊ ဒါပေမယ့် ဒါက ကြားနာပွဲ မဟုတ်ဘူး၊ ဒါက တထစ်ချ ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ပွဲလို့ပဲ ပြောရမှာပေါ့။ အဲ့ဒီတော့ ၁၀ စ္စကန့်တောင် မကြာဘူး၊ ဘာပြောလိုက်လဲဆိုတော့ ဦးရွှေမောင်ရဲ့ အယူခံလွှာကို ပလပ်လိုက်သည်၊ ဒေါ်ခင်ခင်လွင်ရဲ့ အယူခံလွှာကိုလည်း ပလပ်လိုက်သည်။ ကျနော်တို့ကို ရှင်းပြခွင့်ပေးပါဦး၊ ကျနော်တို့ အထောက်အထားတွေယူလာတယ်၊ ဆိုတော့ မဟုတ်ဘူးတဲ့၊ ဆုံးဖြတ်ချက်ချပြီးပြီတဲ့၊ တင်ပြခွင့် မရှိပါဘူးတဲ့။ ဒီကနေ့ ဆုံးဖြတ်တဲ့ဟာကို စာနဲ့ ထုတ်ပေးပါမယ်တဲ့၊ အဲ့ဒါနဲ့ သွားပြီးတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံလို့ ရပါတယ်တဲ့၊ ၁ နာရီလောက်စောင့်ပြီးတော့ အဲ့ဒီစာရွက်ကိုယူတယ်၊ ယူပြီးတော့ အဲ့ဒီမှာ ဘာသွားတွေ့ရလဲဆိုတော့ မိဘဘိုးဘွားကနေ မည်သည့် အထောက်အထားမှ မတင်ပြနိုင်ပါတဲ့၊ ကျနော်ပြန်သွားပြောတယ်။ ဒီမှာ ဥက္ကဋ္ဌကြီလို့ ကျနော့်ဘက်က အထောက်အထားတွေကို ၂၇ ရက်နေ့ကလည်း တင်ပြထားတယ်၊ ဒီနေ့လည်း ကျနော် အထောက်အထားတွေ အများကြီး ယူလာတယ်၊ အဲ့ဒါကိုလည်း ဘာမှ မကြည့်တဲ့အပြင် အထောက်အထား မတင်ပြဘူးဆိုပြီးတော့ ရေးထားပြီးတော့ ဆုံးဖြတ်လိုက်တာဟာ နည်းနည်းလေး လိုအပ်နေတယ်၊ ဒါကို ပြန်သုံးသပ်ပေးပါဦး၊ လုပ်ပါဦးဆိုတော့ မဟုတ်ဘူးတဲ့၊ အပေါ်ပဲသွားတဲ့၊ ဘယ်အပေါ်သွားရမှာတုန်းဆိုတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို သွားပြီးတော့ အယူခံပါတဲ့။ ဒီနေရာမှာ ကျနော်ပြောချင်တာက ကျနော်တို့ အထောက်အထားကို တင်ပြပါလျက် မည်သည့်အထောက်အထားကိုမှ မကြည့်ဘူး၊ မသုံးသပ်ဘူး၊ အတင်မခံဘဲနဲ့ တဖက်သတ် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက် တခုပဲ။ ဒါက တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ ပုံစံလည်း ဖြစ်နေတယ်။ ကျနော် လက်ရှိ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်နေပြီ၊ ၂၀၁၀ တုန်းကလည်း ကျနော့်ကို မောင်တောခရိုင်ကရော၊ ရခိုင်ပြည်နယ်ကော်မရှင်ကရော အတည်ပြုပြီးမှ လက်ရှိ ကျနော် လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်နေတော့ ဒါ တော်တော့်ကိုဗျာ၊ ဥပဒေနဲ့ မညီတဲ့ ဆုံးဖြတ်ချက် ဒါ မတရားမှု တခုအနေနဲ့ သုံးသပ်တယ်။”

၂၀၁၀ တုန်းကလည်း ကော်မရှင်က ပယ်ပေမယ့် အာဏာရပါတီက ခေါ်သွားတယ်ဆိုတဲ့ သတင်းလည်း ထွက်လာတယ်။ အဲ့ဒါ ဘယ်လောက်မှန်လဲ ဦးရွှေမောင်။

“အဲ့ဒါ လုံးဝ မမှန်ပါဘူး။ ဘာလို့ဆိုတော့ ဥပဒေမှာ အဲ့ဒီလို မရှိပါဘူး၊ မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အာဏာရပါတီလည်း မရှိပါဘူး၊ ၂၀၁၀ ရွေးကောက်ပွဲတုန်းကလည်း မည်သည့်ပါတီမှ အာဏာလည်း မရသေးဘူး၊ နိုင်လဲ မနိုင်သေးဘူး၊ အကုန်လုံးက ဥပဒေနဲ့အညီပဲ လုပ်တာ။ ကျနော်လည်း မောင်တောခရိုင်ကော်မရှင်မှာ တင်ပြခဲ့တဲ့ အထောက်အထားနဲ့ ယခု တင်ပြတဲ့အထောက်အထားလည်း အတူတူပဲ၊ အခုတောင်မှ ပိုတောင် တင်ပြသေးတယ်။ ၂၀၁၀ တုန်းကမှ တင်ပြတာ နည်းနည်း နည်းသေးတယ်။ ဆိုတော့ ဒါ အဲ့ဒီတုန်းက အာဏာရပါတီရဲ့ ဖြစ်ရပ်ကြောင့် ဟိုလိုလုပ်တယ်၊ ဒီလိုလုပ်တယ်ဆိုတာတော့ ကျနော် မသိဘူး။ အဲ့ဒီလိုမျိုး လုပ်ခဲ့လား၊ မလုပ်ခဲ့ဘူးလားဆိုတာတော့ သက်ဆိုင်ရာ လူကြီးတွေပဲ မေးရမှာ၊ ကျနော်ကတော့ အဲ့ဒါမျိုးလည်း ဘယ်သူမှ မပြောခဲ့ဘူး၊ ကျနော်တော့ ဥပဒေနဲ့အညီ တင်တယ်၊ ဥပဒေနဲ့အညီပဲ ကျနော်တို့ကို ဆုံးဖြတ်ခဲ့တယ်။ ကျနော်တို့ရဲ့ တင်ပြချက်ကို ပယ်တယ် ဆိုပြီးတော့လည်း မောင်တောခရိုင်ကော်မရှင်က မပြောခဲ့ပါဘူး၊ အဲ့ဒီတုန်းက အတည်ပြုကြောင်း ကြေညာတာပဲ ကျနော် တွေ့ခဲ့ရပါတယ်။”

ဒီကြားထဲမှာများ ရွေးကောက်ပွဲကော်မရှင် ဥပဒေ နည်းဥပဒေတွေကို ပြင်လိုက်ပြီး ပယ်ချတာရော ဖြစ်နိုင်လား။

“လုံးဝ မဟုတ်ပါဘူး၊ ကျနော် လွှတ်တော်မှာ ၅ နှစ်လုံးလုံး ရှိပါတယ်။ အခု ကျနော်တို့ကို ပြောတဲ့ ၁၀(င)တို့ ၈(ဃ) တို့၊ ပြီးတော့ အယူခံကိစ္စတို့ ကိစ္စအ၀၀ပေါ့ ပြင်တာတွေ ရှိတယ်။ အခြားကိစ္စတွေပါ၊ မဲစာရင်းကိစ၊ မဲရုံဝန်ထမ်းတွေကိစ္စ စသဖြင့် အနည်းအကျဉ်းပဲ ရှိတယ်။ သို့သော် နိုင်ငံသားနဲ့ ပတ်သက်တဲ့ကိစ္စ၊ နိုင်ငံသား အရည်အချင်းရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်လောင်း အရည်အချင်းရှိမှု ကိစ္စတွေက ၂၀၁၀ တုန်းက ဥပဒေနဲ့ အခု လက်ရှိ ဥပဒေနဲ့တော့ အတူတူပါပဲ။”

အဲ့ဒီတော့ ဥပဒေက အတူတူပဲဆိုတော့ အခု ပယ်ချခံရတဲ့ကိစအပေါ် ဘယ်လို သုံးသပ်ချင်လဲ။

“ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲ့ရဲ့ လုပ်ရပ်ကို ကြည့်ရတာကတော့ ဘာမှကို ကြားနာစစ်ဆေးမှု သေချာ မလုပ်ဘဲနဲ့ သူတို့ လုပ်ချင်တဲ့ဟာ တခုကိုပဲ လုပ်လိုက်တယ်၊ ဆုံးဖြတ်လိုက်တယ်၊ ဒီလိုပဲ ကျနော်တွေ့တယ်၊ ကျနော် ဒီမှာ ယူဆတာကတော့ ဒီဟာကို ရခိုင်ပြည်နယ်မောင်တောခရိုင်ကော်မရှင်နဲ့ ရခိုင်ပြည်နယ်ကော်မရှင်အဖွဲ့ခွဲကို တစုံတခုသောအဖွဲ့၊ တစုံတခုသော ပုဂ္ဂိုလ်အဖွဲ့အစည်းက Pressure (ဖိအား) များ ပေးပြီးတော့ ဒီလိုများ လုပ်တာလားလို့ ကျနော် သံသယ ဖြစ်မိတယ်။”

အဲ့ဒီတော့ ဦးရွှေမောင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ဆက်တက်ရင်ကော အဆင်ပြေနိုင်ပါ့မလား။



“မနေ့က သူတို့ ဆုံးဖြတ်ချက်ချပြီးတဲ့နောက် ကျနော် သွားတင်ပြတော့ ရခိုင်ပြည်နယ်ကော်မရှင်ဥက္ကဋ္ဌက ကျနော့်ကို ၅ ကြိမ်ပြောတယ်၊ ဦးရွှေမောင် ကျနော့်ကို ပြောမနေနဲ့တော့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုသာ သွားပါတော့၊ ဒေါ်ခင်လွင်လွင်ကိုလည်း အလားတူ ပြောတယ်။ လွှတ်တော်ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၇(က)မှာ ခရိုင်က ပယ်တာကို မကျေနပ်တဲ့ ပုဂ္ဂိုလ်တွေက တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲတွေကို သတ်မျတ်ထားတဲ့အတိုင်း အယူခံခွင့် ရှိတယ်၊ ပုဒ်မ ၂၇(ခ)မှာ ဘာပါသလဲဆိုတော့ သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ကော်မရှင်အဖွဲ့ခွဲရဲ့ အဆုံးအဖြတ်သည် ပုဒ်မ ၅၃ ပါ ပြဋ္ဌာန်းချက်မှ တပါး အပြီးအပြတ် ဖြစ်စေရမည်လို့ ရေးထားတယ်ဗျ၊ ပုဒ်မ ၅၃ မှာ ဘာရေးထားသလဲဆိုတော့ ရွေးကောက်ပွဲကိစ္စအတွက် ကော်မရှင်အဖွဲ့ခွဲ အသီးသီး၏ ရွေးကောက်ပွဲဆိုင်ရာ ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်းပြီး ကော်မရှင်သည် မိမိ၏ဆန္ဒအလျောက် သက်ဆိုင်ရာအမှုတွဲ စာရွက်စာတမ်းများကို တောင်းယူကြည့်ရှု၍ လိုအပ်သလို အဆုံးအဖြတ်ချမျတ်နိုင်သည်၊ ယင်း ဆုံးဖြတ်ချက်သည် အပြီးအပြတ် ဖြစ်စေရမည်၊ ပုဒ်မ ၂၇ နဲ့ ၅၃ကို ကြည့်လိုက်တဲ့အခါကျတော့ ကျနော်တို့သည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာ အယူခံပိုင်ခွင့် မရှိဘူး၊ သို့သော်လည်း တင်ပြပိုင်ခွင့် ရှိတဲ့ သဘော ဖြစ်နေတယ်၊ အယူခံနိုင်တဲ့ဟာ ဥပဒေမှာ တိတိကျကျ မပါဘူး။ အခု ဥပဒေကို ဖတ်ကြည့်တယ်၊ ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်ကြည့်လိုက်တဲ့အခါကျတော့ ဒါဟာ အယူခံခွင့် မရှိဘူး၊ အယူခံခွင့် မရှိတဲ့ဟာကို အယူခံခွင့် ရှိတယ်လို့ ပြောပြီးမှ ဆုံးဖြတ်လိုက်တာဟာလည်း ဥပဒေနဲ့ မညီတဲ့သဘော ဖြစ်နေတယ်။”
RFA မြန်မာပိုင်း
26.8.2015

တသီး ပုဂ္ဂလ အနေနဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင် မဲဆန္ဒနယ်ကနေ လာမယ့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ဖို့အတွက် အမည် စာရင်း တင်သွင်း ထားသူ ဦးရွှေမောင် ကိုမွေးဖွားချိန်က မိဘနှစ်ပါးဟာ နိုင်ငံသား မဖြစ်သေးတဲ့ အတွက် ဆိုပြီး မောင်တောခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲက ကိုယ်စားလှယ်လောင်း အဖြစ်ကနေ ပယ်ချလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဦးရွှေမောင်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင် မြို့နယ်ကနေ ပြည်ခိုင်ဖြိုးပါတီကို ကိုယ်စားပြုပြီး ပြည်သူ့လွှတ်တော်ကနေ ယှဉ်ပြိုင်ခဲ့ရာမှည အနိုင်ရခဲ့ပြီး လက်ရှိပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပါတယ်။

ဦးရွှေမောင်ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူက ဆက်သွယ်မေးမြန်းထားပါတယ်။





ဒေါ်ခင်စိုးဝင်း
24.8.2015

ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက် အစီအစဉ်မှာ လွှတ်တော် ကိုယ်စားလှယ် တွေကို တာဝန်ကနေ ရုတ်သိမ်းဖို့ ပြည်သူတွေ ဘက်က တင်ပြနိုင်တယ် ဆိုပေမယ့် လုပ်ပိုင်ခွင့် အာဏာက ရွေးကောက်ပွဲ ကော်မရှင်မှာ ရှိနေတာ သဘာဝ မကျဘူးလို့ တရား လွှတ်တော် ရှေ့နေကြီး ဦးကိုနီက ပြောလိုက် ပါတယ်။ NLD ပါတီရဲ့ ဥပဒေ အကြံပေး တယောက်လည်း ဖြစ်တဲ့ ဦးကိုနီက လွှတ်တော် ကိုယ်စားလှယ်ကို တာဝန် ရုတ်သိမ်းပေးဖို့ မဲဆန္ဒနယ် ထဲက ပြည်သူ တစ်ရာခိုင်နှုန်း ရဲ့ သဘောနဲ့ လျှောက်ထားနိုင်တဲ့ ကိစ္စကို လက်မခံနိုင်တဲ့ အတွက် အတည် မပြုသင့် သေးဘူးလို့ VOA နဲ့မေးမြန်းခန်းမှာ ပြောပါတယ်၊ ပြည်ထောင်စု လွှတ်တော်က သြဂုတ်လ (၂၀) ရက်နေ့တုန်းက ဆွေးနွေးဖို့ ဆိုင်းငံ့ ခဲ့တဲ့ Right to Recall ဥပဒေကြမ်းနဲ့ ပတ်သက်လို့ ရှေ့နေကြီး ဦးကိုနီကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံ မေးမြန်း ထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ မင်္ဂလာပါရှင်။

ဦးကိုနီ ။ ။ မင်္ဂလာပါခင်မျာ။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလတ်တလော ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံ ပြည်သူ့လွှတ်တော်တွေ၊ အမျိုးသားလွှတ်တော်တွေမှာ ဖြစ်နေတဲ့ အငြင်းပွားစရာ ကိစ္စလေးတခု။ အဲဒါကတော့ Right to Recall လို့ခေါ်တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေကို တာဝန်မှ ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း။ အဲဒီတော့ Right to Recall ဥပဒေကြမ်းက အရင်ကတည်းက ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါပြီးသာပါ။ အဲဒီတော့ အဲဒီအထဲမှာပါတဲ့ ဥပဒေနဲ့ ပတ်သက်ပြီးတော့ သတင်းစာထဲမှာပါတဲ့အရဆိုရင် ပုဒ်မ ၃၈(ခ) မှာ တခါပါတယ်။ နောက် ပုဒ်မ ၃၆၉(ခ)၊ ပုဒ်မ ၃၉၆(က) အစရှိသဖြင့်။ နောက် ပုဒ်မ ၃၉၇ စတဲ့ အဲဒီမှာတဲ့ အကြောင်းအရာလေးတွေကို ကျမတို့ရဲ့  သောတရှင်တွေ၊ ကြည့်ရှုနေတဲ့ ပရိသတ် သိရအောင် နည်းနည်းလေး ရှင်းပြပေးပါလားရှင့်။

ဦးကိုနီ ။ ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေရဲ့  ရှေ့ ပိုင်း အခန်း (၁) အခြေခံမူမှာလည်း နိုင်ငံသားတွေအနေနဲ့ မိမိတို့ တိုင်းပြည်ကို စီမံအုပ်ချုပ်မယ့် မည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေကို အရွေးပိုင်ခွင့်၊ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ဆိုတဲ့ အခွင့်အရေး။ ကိုယ်ကိုယ်တိုင်လည်း အရွေးခံနိုင်တယ်။ မဟုတ်လို့ အရွေးမခံချင်လဲ ကိုယ့်ကိုယ် အုပ်ချုပ်မယ့်လူကို ရွေးနိုင်တဲ့ အခွင့်အရေးကိုပေးထားတယ်။ ပြီးရင် တချိန်တည်းမှာလဲ မကြိုက်ရင်လဲ ပြန်ပြီးတော့ ရုတ်သိမ်းနိုင်တယ်ဆိုတဲ့ အခွင့်အရေးကို အခြေခံမူမှာ ရေးထားတယ်။ အခြေခံမူမှာ ဒီလောက်ပဲ ပါပါတယ်။ များများစားစား မရေးဘူး။ ဒါပေမဲ့ အသေးစိတ်ကြတော့ ကျနော်တို့ ပုဒ်မ ၃၉၆ နဲ့ ၃၉၇ ကြတော့ သူက နည်းနည်းလေး အသေးစိတ်ပါတယ်။ အဲဒီမှာတော့ တိတိကျကျလေးပေါ့။ နိုင်ငံသားတွေအနေနဲ့ မိမိတို့ ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကို ပြန်ပြီးတော့ တာဝန်ကနေ ရုတ်သိမ်းချင်ရင် ရုတ်သိမ်းနိုင်ခွင့် ရှိတယ်ဆိုပြီးတော့ အချက်လေးချက် ပြဌာန်းပေးထားတယ်။ တကယ်လို့ ပြည်သူ့လွှတ်တော်အမတ် တယောက်က နိုင်ငံတော်အပေါ်မှာ သစ္စာဖောက်ပျက်တဲ့ လုပ်ရပ်မျိုးကို လုပ်တယ်ဆိုရင်လည်းကောင်း။ သို့မဟုတ် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရင်သော်လည်းကောင်း။ သို့မဟုတ်ရင် လွှတ်တော်အမတ် ဖြစ်ပြီးတဲ့နောက်မှာ အကျင့်စာရိတ္တ ပျက်ယွင်းတာမျိုး ဖြစ်လာရင်သော်လည်းကောင်း။ ဒီလိုမှ မဟုတ်ရင်လဲ ရွေးကောက်တင်မြှောက် ခံရပြီးနောက်ပိုင်းမှ လွှတ်တော်အမတ် ဖြစ်နိုင်တဲ့ အရည်အချင်း ချိုးယွင်းသွားတာမျိုး။ သဘောကတော့ ကျနော်တို့ နည်းနည်းရူးတာတို့၊ ဒေဝါလီ ခံသွားတာတို့ ဒီလိုမျိုးပေါ့။ အဲဒီလို အကြောင်းတခုခု ပေါ်ပေါက်လာလို့ရှိရင် သူကို တင်မြှောက်လိုက်တဲ့ ပြည်သူတွေကနေ သူကို Recall တာဝန်ကနေ ပြန်ရုတ်သိမ်းနိုင်တယ်လို့ ပြောထားတယ်။ ပြောထားပြီးမှ သူက လုပ်ထုံလုပ်နည်းကို ဖွဲ့စည်းပုံဆိုတော့ အရှည်ရေးလို့ မရတဲ့အခါ၊ အတိုရေးလိုက်တယ်။ သူက ဘာရေးတုန်းဆိုတော့ ပြန်ရုတ်သိမ်းချင်ရင် သူကို ရွေးကောက်တင်မြှောက်လိုက်တဲ့ မဲဆန္ဒနယ်က မဲဆန္ဒရှင် တစ်ရာခိုင်နှုန်းက တောင်းဆိုရမယ်။ လျှောက်လွှာတင် လက်မှတ်ထိုး တစ်ရာခိုင်နှုန်းကပေါ့။ အဲဒီလိုတင်ရင် အဲဒါကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က အမှုဖွင့်မယ်။ ပြီးရင် စုံစမ်းစစ်ဆေးမယ်။ အဲဒီလို စုံစမ်းစစ်ဆေးတဲ့အခါမှာ အခုန အမတ်ကိုလည်း ထုချေခွင့် ပေးရမယ်။ အဲဒီတော့ သူက ၃၆၉ (က) (ခ) (ဂ) (ဃ) ထုချေခွင့် ပေးတယ်။ (င) ကြတော့ ဘာပြောသလဲဆိုတော့ တကယ်လို့ ကော်မရှင်က ဒီလို တာဝန်က ပြန်ရုတ်သိမ်းပေးဖို့ လျှောက်ထားတဲ့ကိစ္စဟာ အကြောင်းယုတ်တိ ခိုင်လုံတယ်။ အရေးယူသင့်တယ်လို့ ထင်ရင်၊ ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်ရမည်ဆိုတဲ့ စကားလေး။ ပြီးတော့ အောက်မှာ ၃၉၇ ကြတော့ အဲဒီလို တာဝန်ကနေ ပြန်ရုတ်သိမ်းဖို့အတွက် လိုအပ်တဲ့ ဥပဒေကို ပြဌာန်းရမည်လို့ ပြောထားတယ်။ ဒါက ဖွဲ့စည်းပုံမှာ ဒီလောက်ပဲပါတယ်။ အဲဒီတော့ ပြည်သူလူထုအနေနဲ့ မိမိတို့ ရွေးကောက်တင်မြှောက်လိုက်တဲ့ လွှတ်တော်အမတ်ကို ပြန်ရုတ်သိမ်းခွင့်ရှိတာ မှန်တယ်။ ဒါပေမဲ့ ပြန်ရုတ်သိမ်းမယ်ဆိုရင် ဘယ်လို ရုတ်သိမ်းရမယ်ဆိုတဲ့ အသေးစိတ် လုပ်ထုံလုပ်နည်းပါတဲ့ ဥပဒေကြတော့ မရှိဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အခုနောက်ဆုံး တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား။ သူတို့ အဲဒီလို တောင်းဆိုတိုက်တွန်းနေတဲ့ တချိန်တည်းမှာပဲ ပြည်ထောင်စုလွှတ်တော် နာယကဖြစ်တဲ့ သူရဦးရွှေမန်းကို အာဏာရပါတီ ခေါ်မှာပေါ့ ပြည်ထောင်စု ကြံ့ ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့  ဥက္ကဋ္ဌအဖြစ်ကနေ ဖယ်ရှားလိုက်တဲ့ကိစ္စ ပေါ်လာတဲ့အခါမှာ ဒါနဲ့များ တိုက်ဆိုင်နေသလားဆိုပြီးတော့ အများက စိတ်ဝင်စားနေကြတယ်။ အဲဒီအပေါ် ဘယ်လိုများ သုံးသပ်လို့ ရပါသလဲရှင့်။

ဦးကိုနီ ။ ။ တိုက်ဆိုင်မှုတခုလို့လည်း ပြောရင်ပြောနိုင်ပါတယ်။ သို့မဟုတ် ဦးတင်အေးကိုယ်တိုင်ကလည်း လိုလိုလားလား ဒီဥပဒေကို ပြဌာန်းစေချင်တာလား။ နှစ်ဖက်စဉ်းစားလို့ရတယ်။ ပထမတဖက်ကတော့ ကျနော်တို့ အစွဲကင်းကင်းနဲ့ လူအများထင်တဲ့ဟာကို ခဏလေး ဘေးထားပြီးတော့ ပြောကြရင် စောစောက ကျနော် ပြောတဲ့အတိုင်းပဲ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ Right of Recall နဲ့ ပတ်သက်ပြီးတော့ လုပ်ပိုင်ခွင့်အာဏာ အားလုံးက ကော်မရှင်ကို သူက အပ်ထားတယ်။ ဒါကတော့လည်း တော်တော်ထူးဆန်းတယ်။ အမှန် ကော်မရှင်ရဲ့  အလုပ်က ရွေးကောက်တင်မြှောက်ဖို့ပဲ။ အဲဒီ အမတ်တွေကို ဖြုတ်ဖို့အလုပ်က အမှန်တော့ သူကို တာဝန်မပေးသင့်ဘူး။ ပေးဖို့လဲ မကောင်းဘူး။ အရင်တုန်းကလဲ မရှိဘူး။ ကျနော်တို့ မဆလခေတ် ဆိုရှယ်လစ် ကွန်စတီကျူးရှင်း (Socialist Constitution) မှာဆိုရင် ဒီဟာကို လွှတ်တော်ကပဲ ဆုံးဖြတ်တယ်။ အမတ်တယောက်ကို ရုတ်သိမ်းသင့်တယ်လို့ထင်ရင် လွှတ်တော်မှာပဲ အဆိုတင်၊ လွှတ်တော်မှာပဲ စဉ်းစားပြီးတော့ ရုတ်သိမ်းတယ်ပေါ့။ အခုဟာက ကော်မရှင်ဆိုတဲ့ အဖွဲ့တဖွဲ့ကို သူက ဒီအာဏာကို သွားပြီးပေးလိုက်တာ ဒါ နည်းနည်းလေး တရားလွန် ဖြစ်တယ်ပေါ့။ လူတယောက်ကို တော်တော်ကို ကြီးတဲ့အာဏာ၊ သိပ်မြှင့်တဲ့အာဏာ လွှဲအပ်တယ်။ ဒါတွေက တကယ်တော့ ပြည်သူလူထုရဲ့  လုပ်ပိုင်ခွင့်ကို ကော်မရှင်ကို သွားခွဲပေးသလို ဖြစ်နေတယ်။ အဲဒီတော့ သူဆီကို လျှောက်လွှာတွေ တင်နေတဲ့ အမှုတွေ ဖွင့်တယ်ပေါ့။ ဒါကို ပြန်ရုတ်သိမ်းပေးပါ။ ဒါပေမဲ့ ပြန်ရုတ်ဖို့အတွက် ဥပဒေက မရှိတဲ့အခါကြတော့ ဒီအမှုတွေက Pending သူဆီမှာ တန်းလန်းဖြစ်နေတယ်။ သူ ဆက်မလုပ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီတော့ အဲဒီအမှုတွေကို သူက အဆုံးသတ်ချင်တဲ့အခါကြတော့ ဥပဒေ ပြဌာန်းပေးဖို့လိုလို့ တောင်းတာပါ။ တကယ်တော့ ဒီဟာ ဦးရွှေမန်းကိစ္စနဲ့ မပတ်သတ်ပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ လွှတ်တော်သက်တမ်းကလဲ သိပ်မကျန်တော့ဘူးလေ။ ရွေးကောက်ပွဲပဲ မကြာခင် စတော့မယ်ဆိုတော့ အဲဒီလို သိပ်မကျန်တော့တဲ့ အချိန်ကလေးမှာပဲ အရမ်းတိုက်ဆိုင်သွားတယ်လို့ ဖြစ်နေတာပေါ့။

ဦးကိုနီ ။ ။ ကျနော်ကတော့ ဒါကြတော့ ဒုတိယ အယူအဆ။ သိပ်တိုက်ဆိုင်တာလား။ တမင်တကာ တင်တာလားဆိုတာ စဉ်းစားစရာရှိတယ်။ တိုက်ဆိုင်တယ်ဆိုတာ စတုတ္ထအကြိမ် တင်လို့သာကို။ အခုမှ တင်တယ်ဆိုရင်တော့ ဒါက တမင်တရွယ်လို့ ပြောလို့ရတယ်။ စတုတ္ထအကြိမ် ပြန်တင်တယ်ဆိုတော့ ဒီမှာ ဒါကတော့ လုပ်လက်စ proceeding တခုကို မဆုံးသေးလို့ ဆက်လုပ်တာလို့ ပြောနိုင်သလို ဦးရွှေမန်းကို ဒီဥပဒေ အသုံးချပြီးတော့ ဖယ်ချင်လို့ ထင်စရာမြင်စရာ ဖြစ်လာတယ်။ အဲဒီတော့ ဒီနေရာမှာ ဆွေးနွေးစရာရှိတယ်။ စတုတ္ထအကြိမ် ပြန်မတင်ခင်၊ ရှေ့ ပိုင်းကဟာလေးကို နည်းနည်းလေး ကျနော် ပြောပြမယ်။ ဒီဥပဒေကို ဘာဖြစ်လို့ အခုလို ထပ်ခါထပ်ခါ တင်နေရတာတုန်း။ ဘာဖြစ်လို့ တခါတည်းနဲ့ အတည်မဖြစ်သလဲဆိုတဲ့ ရာဇဝင်ကိုသိမှ ဒါက ကျနော်တို့ ရှင်းသွားမယ်။ အဲဒီတော့ ဒီမှာက တစ်ရာခိုင်နှုန်းကနေ Recall လုပ်ဖို့ အခွင့်အရေးရှိတယ်ဆိုတော့ ဥပမာ တချို့ မြို့ နယ်ဆိုရင် မဲဆန္ဒနယ်က တစ်သောင်းလောက်ပဲရှိတယ်။ တချို့ ဆိုရင် လေးငါးထောင်လောက်ပဲ ရှိတယ်။ ချင်းမှာဆိုရင် အဲဒီလောက်ပဲ ရှိတယ်။ နည်းနည်းလေးတွေ တချို့ နေရာတွေမှာ။ အဲဒီတော့ အကြမ်းမျဉ်း မြို့ နယ်တခုမှာ လူတစ်သောင်းရှိတယ် ဆိုပါစို့။ မဲပေးနိုင်တဲ့လူ။ အဲဒီတော့ လူတစ်ရာစုလို့ရရင် ဒါ အမှုဖွင့်လို့ ရနေပြီ။ အဲဒီတော့ ကျနော်တို့ရဲ့  ရွေးကောက်ပွဲစနစ်ကလည်း FPTP နိုင်သူ အကုန်ယူ၊ ကြိုက်သလောက်ဝင်ပြိုင်၊ မဲအများဆုံးရတဲ့လူက တက်သွားမယ်။ အဲဒီတော့ တနေရာမှာ (၅) ယောက်လောက် ပြိုင်လို့ရှိရင် (၂၂) ရာနှုန်းလောက်ရရင် အဲဒီ လူက အမတ်အဖြစ် တက်သွားပြီ။ (၃) ယောက်လောက် ပြိုင်မယ်ဆိုရင် (၃၀) နဲ့ (၄) (၅) ရာခိုင်နှုန်းရရင် သူက အမတ်ဖြစ်သွားပြီ။ အမတ်ဖြစ်ဖို့အတွက်တောင် အနည်းဆုံး အဲဒီလို (၃၅) (၄၀) ရာခိုင်နှုန်းမဲရမှ သူ့မှာ အမတ်ဖြစ်ဖို့ အခွင့်အလမ်းရှိတယ်။ သူကို ပြန်ဖြုတ်ဖို့ကြတော့ (၁) ရာခိုင်နှုန်းက ဖြုတ်နိုင်တဲ့ အခွင့်အာဏာ ရတယ်ဆိုတော့ အမတ်မဖြစ်ဖို့ တော်တော်မလွယ်တဲ့ကိစ္စကို ဖြုတ်ဖို့လွယ်လွယ်လေး ဖန်တီးပေးထားသလို ဖြစ်နေတဲ့အတွက် အဲဒီ ဥပဒေက တော်တော်လေးအားနည်းနေတဲ့ ဥပဒေ။ နောက်တခု မှားတာက ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်တော့မှ အသေးစိတ် မရေးရဘူး။ အခြေခံမူလောက်ပဲ ရေးရတယ်။ ပြည်သူတို့မှာ သူတို့ ရွေးတဲ့လူကို ပြန်ပြီးတော့ ဖြုတ်ချနိုင်တဲ့ အခွင့်အာဏာရှိတယ်။ အဲဒီအတွက် လိုအပ်တဲ့ ဥပဒေ ပြဌာန်းပေးရမယ်။ အဲဒါဆိုရင် တော်ပြီ။ သူက တစ်ရာခိုင်နှုန်း၊ နှစ်ရာခိုင်နှုန်းတို့ ဘာလုပ်ရမယ်ဆိုတာကို ဖွဲ့စည်းပုံမှာ ရေးလိုက်ရင် နောက်ပိုင်း ဥပဒေတွေ ပြဌာန်းတဲ့အခါကြတော့ ဒီဖွဲ့စည်းပုံကြီးကို ထောက်ထားနေရတဲ့အတွက် ဥပဒေပြဌာန်းတဲ့ လူတွေက ဘောင်ကျဉ်းသွားတယ်။ တခုက ပြည်သူလူထု တင်မြှောက်တဲ့လူကြတော့ တစ်ရာခိုင်နှုန်းက သဘောမကျရင် ပြန်ဖြုတ်ဖို့အတွက် အမှုဖွင့်နိုင်တယ်။ ဟိုဘက်က မိုးကျရွှေကိုယ် ခန့်ထားတဲ့ ပုဂ္ဂိုလ်တွေကြတော့ ပြည်သူလူထုက မကြိုက်ရင် ဖြုတ်နိုင်တဲ့ အခွင့်အာဏာ မရှိဘူး။ အဲဒီတော့ ဒီဥပဒေက Fair မဖြစ်ဘူး။ ဒီဥပဒေက။ ဒါတွေအားလုံးက ဖွဲ့စည်းပုံကို အခြေခံပြီးတော့ ဖြစ်လာတာ။ ဒါကြောင့် ဥပဒေပြဌာန်းလိုက်ရင် ဒီဥပဒေက Fair ဖြစ်တဲ့ ဥပဒေ ဖြစ်လာမှာ မဟုတ်ဘူး။ ဖွဲ့စည်းပုံကို ပြင်ပြီးမှသာ ဒီလိုဥပဒေကို ရေးဖို့ကောင်းတယ်ဆိုတဲ့ အယူအဆက ရှိတယ်။ ဒါကြောင့် အကြိမ်ကြိမ်တင်လိုက်တိုင်း ဒီပြဿနာကြောင့် ဒီဥပဒေဟာ လုပ်လို့မရဘူး။ အဲဒီတော့ လုပ်လို့မရတဲ့ဟာကို အခုနောက်ဆုံး လွှတ်တော်မှာ ဘာလုပ်သလဲဆိုတော့ ဇယားကွက်ကြီးနဲ့ စာရွက်ကို ကန့်လန့်ဖြတ် ဇယားကွက်ရိုက်ပြီးတော့ ဒါက ပြည်သူ့လွှတ်တော်ရဲ့  အယူအဆ၊ ဒါက အမျိုးသားလွှတ်တော်ရဲ့  အယူအဆ၊ ဒါက လွှတ်တော်နှစ်ရပ်ပေါင်း ဥပဒေကြမ်း ရေးဆွဲရေးကော်မတီရဲ့  အယူအဆ။ ဘယ်ဟာကြိုက်သလဲ မှတ်ချက်ပေးပါဆိုပြီးတော့ သူက ဆွေးနွေးဖို့တောင် မပေးတော့ဘူး။ ခင်များ ဘာကြိုက်သလဲ Tick လုပ်ပေးဆိုတဲ့ ပုံမျိုးနဲ့ နောက်ဆုံးပြန်တင်တယ်။ တင်ပြီးတော့ အဲဒါ ပြီးသွားပြီ။ ပြီးတဲ့အခါကြတော့ အခုဒီမှာ ပြန်လာတင်တယ်။ အဲဒီတော့ စောစောက ခင်များ မေးသလို … ဘာဖြစ်လို့ လွှတ်တော်သက်တမ်း နည်းနည်းလေး ကျန်တဲ့အချိန်မှာ ဒီဟာကို ပြန်တင်ရသလဲ။ ပြီးတော့ ဒီလောက် မကျေမလည် ဖြစ်နေတဲ့ကိစ္စတခုကို ခဏ Pending လုပ်ပြီးတော့မှ လိုအပ်ရင် ရွေးကောက်ပွဲပြီးတော့မှ ဖွဲ့စည်းပုံ ပြင်ပြီးတော့မှ အားလုံးလက်ခံနိုင်တဲ့ဟာ ပြန်ရေးရင် မကောင်းဘူးလား။ လုပ်လို့ရရဲ့ သားနဲ့ ဘာဖြစ်လို့ အခုလို ကပ်ပြီးတော့ ဒီနေ့ပဲ ဥက္ကဋ္ဌရာထူးက ဖြုတ်တယ်။ နောက်တနေ့ လွှတ်တော်စတာနဲ့ ဒါကို အရင်အတည်ပြုပေးပါလို့ တောင်းဆိုလာတော့ စွပ်စွဲမယ်ဆိုရင်လဲ စွပ်စွဲစရာ ဖြစ်တာပေါ့။

ဒေါ်ခင်စိုးဝင်း ။ ။ အခု ဒီဥပဒေကလည်း တပိုင်းပေါ့လေ။ မြန်မာ့နိုင်ငံရေး အခြေအနေ။ အခု လွှတ်တော်ထဲမှာ ကျမတို့ အရင်တုန်းကလဲ ဆွေးနွေးခဲ့ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လာလို့ရှိရင် စစ်တပ်ရဲ့  ကိုယ်စားလှယ်တွေ၊ ရှိနေသမျှ ကာလပတ်လုံး ပြင်စရာအကြောင်းမရှိဘူးဆိုတာ သာမန်လူပြိန်းတွေတောင် သိပါတယ်လေ။ အဲဒီတော့ ဒီလွှတ်တော် မပြီးခင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကတော့ ရေထဲမျှောသွားပြီလို့ ပြောရမှာပေါ့။

ဦးကိုနီ ။ ။ ပြင်ဖို့ကိစ္စကတော့ အစကတည်းက ဒီဥပဒေက စရေးကတည်းကကို စစ်သားတွေ ရေးထားတာ။ တိုင်းပြည်ကို စစ်တပ်က ရာသက်ပန် ပုံစံတမျိုးမဟုတ်၊ တမျိုးနဲ့ အုပ်ချုပ်လို့ရအောင် ရည်ရွယ်ပြီး ရေးထားတာ။ ရေးကတည်းက သူတို့ကသိတယ်။ တချိန်ကျရင် ပြင်မယ်ဆိုတာကို သူတို့က သိပြီးသား။ ဒါကြောင့် အစကတည်းက ပြင်လို့မရအောင် (၇၆) ရာခိုင်နှုန်း သဘောတူမှ ပြင်လို့ရမယ်ဆိုပြီး သူတို့က (၂၅) ရာခိုင်နှုန်းမှာ ရပ်ထားတယ်။ အဖြေက ရှင်းရှင်းလေး။ အခု ရွေးကောက်ပွဲပြီးရင် ပြင်လို့ရမလား။ မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ (၂၅) ကျပ်သားက ပြန်ပါလာတယ်။ ဒီ (၂၅) ရာနှုန်းက ရှိနေအုံးမှာ။ အဲဒီ (၂၅) ရာနှုန်း ရှိနေရင် နောက်တခါ ပြန်ပြီးတော့ ရွေးကောက်ပွဲပြီးလို့ ပြန်တင်ရင်လဲ ဒီ (၂၅) ရာခိုင်နှုန်း သဘောမတူရင် ဒီ ဖွဲ့စည်းပုံက ပြင်လို့မရဘူး။ ဒါကြောင့် ကျနော်က အစကတည်းက ဒီ ဖွဲ့စည်းပုံက ပြင်လို့မရတဲ့ ဖွဲ့စည်းပုံ။ ကျနော် လုပ်ရမှာ အသစ်ရေးပြီး အစားထိုးတဲ့ နည်းလမ်းကိုပဲ ရှာရမယ်။ Formal way နဲ့ ပြင်လို့မရတော့ဘူး။ ကျနော်တို့က Informal way နဲ့သွားမှ ပြင်လို့ရမယ်။ အခုလက်တွေ့ပဲ ဒေါ်ခင်စိုးဝင်း ပြောသလို အခု (၂) နှစ်ခွဲအချိန်အထိ ပြင်ဖို့ကြိုးစားတယ်။ ဦးရွှေမန်းကိုယ်တိုင် လိုလိုလားလားကြီး ပြင်ဆင်ချင်တဲ့ သဘောမျိုးပြပြီး မဲတွေဘာတွေတောင် ဝင်ပေးခဲ့တယ်။ သို့သော် အောင်မှမအောင်မြင်ပဲ။ ဒါကြောင့် အစကတည်းက မအောင်မြင်တဲ့လမ်းကြောင်းပါပဲ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆိုတာက။

ဒေါ်ခင်စိုးဝင်း ။ ။ ဦးရွှေမန်းအနေနဲ့က သူက ပြည်သူနဲ့ တသားတည်းဖြစ်ပါတယ်ဆိုတာကို သူက ပြချင်တာ။ ပြချင်တဲ့အနေနဲ့ မည်ကာမတ္တလေး ပြောင်းလိုက်တာပါ။ တကယ်တော့လဲ အဲဒီလောက် ပြောင်းရုံနဲ့လဲ မြန်မာ့နိုင်ငံရေး အခြေအနေက ပြောင်းလဲသွားဖို့ မရှိပါဘူး။ နောက်ဆုံး ကျမ မေးချင်တာကတော့ အခု ပြောနေတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ တာဝန်မှ ရုတ်သိမ်းခြင်းဆိုင်ရာ ဥပဒေကို NLD ရဲ့  ဥပဒေအကြံပေးတယောက်အနေနဲ့ အဲဒါကို ဘယ်လို သဘောရပါလဲ။ NLD အနေနဲ့ဆိုရင် ဒါကို ပြင်သင့်တယ်လို့ ယူဆပါလား။ ဆုံးဖြတ်သင့်တယ်လို့ ယူဆပါလား။

ဦးကိုနီ ။ ။ ဒီဥပဒေကို ကျနော်တို့က လောလောဆယ် အတည်ပြုရေးကိစ္စကို သဘောမတူဘူး။ ဒါကို ကျနော်တို့က Unwritten လည်း အမတ်တွေကို အကြံပေးထားတာ ရှိတယ်။ အခုန တစ်ရာခိုင်နှုန်းက ပြန်ပြီးတော့ Recall လုပ်လို့ရတယ်ဆိုတဲ့ အချက်က ဒါကို ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါကို (၂၀) ရာခိုင်နှုန်း NLD က ပြင်ချင်တယ်။ (၂၀) ရာခိုင်နှုန်း ပြင်ဖို့လဲ မဖြစ်နိုင်ဘူး။ ဖွဲ့စည်းပုံက တစ်ရာခိုင်နှုန်း ပြောထားတဲ့အတွက် ကျနော်တို့က ဒါကို သိတယ်။ ဒါကြောင့် ကျနော်တို့က ဒါကို Pending ပဲ ထားချင်တယ်။ NLD ဖက်က သဘောထားက အတည်မပြုဘူး။ သဘောမတူဘူး။ ဒါကြောင့် Pending ပဲ ထားပါ။ နောက်မှ ဖွဲ့စည်းပုံကို လိုအပ်သလို ပြင်ပြီးတော့မှ ဒီဥပဒေကို ရေးဆွဲမယ်ဆိုတာကို NLD က ဒီလို သဘောထား ထားရှိတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီး တင်ပါတယ်။

ဦးကိုနီ ။ ။ ကျေးဇူးပါပဲ။

Rohingya Exodus