MYARF
RB News
7.11.2015
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ သပြေတော ကျေးရွာမှ ဦးဟာမိတ် (ဘ) ဦးအာနို၏ အသက် (၆) နှစ် အရွယ် ကလေးတစ်ဦးသည် အောက်တိုဘာလ (၂၅) ရက်နေ့ ရေကန်တွင် ကျ၍ ရေနစ် သေဆုံးခဲ့သည်။
အဆိုပါ သတင်းကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာ တာဝန်ခံတို့က သိရှိသွားပြီး၊ စေတီပြင် ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် စစ်တပ် စခန်းသို့ အကြောင်းကြားရာ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်သားများ ပူးပေါင်း၍ ဦးဟာမိတ် ထံမှ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က ဦးဟာမိတ်ထံမှ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
RB News
7.11.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ရေနောက်ငါးသား ကျေးရွာအုပ်စုမှ ဦးအီဆာခ် (ဘ) ဦးနူရ်အာမောတ် (အသက် ၆၇ နှစ်) ထံမှ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တို့က ပူးပေါင်း၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
အောက်တိုဘာလ (၂၃) ရက်နေ့တွင် ဦးနူရ်အာမောတ်၏ နွားတစ်ကောင်သည် ဒိုင်းနက်လူမျိုး ဦးမောင်သာ (ဘ) ဦးမောင်ဇော်သစ်၏ ယာခင်းမှ ပဲတောင့်ရှည် အပင်မှ ပဲတောင့်ရှည် အနည်းငယ် စားမိသည်ကို ယာခင်းတစ်ခုလုံး ပျက်စီးသွားခဲ့သည်ဟု စွပ်စွဲပြီး၊ ပဲတောင့်ရှည် စားသည့် နွားနှင့် အခြားသော နွား (၃) ကောင်ကို ဦးမောင်သာ ကဖမ်းဆီးသွားပြီး ၎င်း၏ အိမ်သို့ ခေါ်ဆောင်သွားပြီး (၄) ရက်တိတိ အစာမကျွေးဘဲ ချုပ်နှောင် ထားခဲ့သည်။
ထိုကိစ္စနှင့် ပတ်သက်ပြီး နွားများ ပိုင်ရှင် ဖြစ်သူ ဦးနူရ်အာမောတ်က ရေနောက်ငါးသားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ တိုင်ကြားခဲ့သည်။ စခန်းမှူးက ဦးမောင်သာနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့ကို ဆင့်ခေါ်ကာ မေးမြန်းရာ ငွေကျပ် (၁၀) သိန်းပေးမှသာ ကျေနပ်ပါမည်ဟု ပြောဆိုရာ၊ စခန်းမှူးက ၎င်းအနေဖြင့် ဤပြဿနာကို ဖြေရှင်း ပေးနိုင်မည် မဟုတ်ကြောင်း၊ ၎င်း၏ အထက် အာဏာပိုင်များကိုသာ တိုင်ကြားရန် ပြောဆိုခဲ့သည်။
အောက်တိုဘာလ (၂၆) ရက်နေ့တွင် ဦးမောင်သာက နွား (၄) ကောင်ကို အတူယူဆောင်၍ ငရန့်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက် တိုင်ကြား၍ နွားများကိုလည်း အပ်နှံခဲ့သည်။ ထို့နောက် စခန်းတာဝန်ခံက ဦးနူရ်အာမောတ်ကို ဆင့်ခေါ်၍ လျော်ကြေး အဖြစ် ငွေကျပ် (၄) သိန်း အတင်းအဓမ္မ ပေးဆောင် စေခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
7.11.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် အတွင်းရှိ ဟိန္ဒူလူမျိုးများသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ရခိုင်အမျိုးသား ပါတီ တို့၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း သတင်း ရရှိပါသည်။
မောင်တော မြို့နယ်မှ ဟိန္ဒူလူမျိုး မဲဆန္ဒရှင်များကို အဆိုပါ ပါတီနှစ်ခုက လာရောက် စည်းရုံးခဲ့ရာတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက တစ်အိမ်လျှင် ငွေကျပ် သုံးသောင်းစီ၊ လုံချည်တစ်ထည်စီနှင့် အမျိုးသမီးဝတ် လုံချည်တစ်ထည်စီ တို့ပေးကာ ၎င်းတို့ ပါတီကို မဲပေးရန် စည်းရုံးခဲ့သည်။ ထို့အပြင် ၎င်းတို့သည် လက်ရှိ အာဏာရ ပါတီ ဖြစ်ကြောင်း၊ ဟိန္ဒူများကို နိုင်ငံသားပြု အဖြစ် အသိအမှတ် ပြုခဲ့ပေးသော ပါတီဖြစ်ကြောင်း၊ အကယ်၍ ၎င်းတို့ကို မဲမပေးဘဲ နေလျှင် ယခင်က ထုတ်ပေးခဲ့သော နိုင်ငံသားပြုကဒ် များကို အချိန်မရွေး ပြန်ရုပ်သိမ်းနိုင်ကြောင်း စသည်ဖြင့် ခြိမ်းခြောက်၍ မဲဆွယ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ရခိုင်အမျိုးသား ပါတီကလည်း လာရောက် စည်းရုံးခဲ့ရာတွင် ၎င်းတို့ပါတီသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ကဲ့သို့ ငွေကြေး မတတ်နိုင်သဖြင့် မည်သည့်အရာမှ ထောက်ပံ့၍ မရကြောင်း၊ သို့သော် ၎င်းတို့ပါတီကိုသာ မဲပေးကြစေလိုကြောင်း၊ ရခိုင်မြေသည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ပိုင်သည်မဟုတ်ဘဲ ရခိုင်လူမျိုးများကသာ ပိုင်ကြောင်း၊ အကယ်၍ ရခိုင်အမျိုးသား ပါတီကို မဲမပေးပါက ရခိုင်မြေပေါ်တွင် နေခွင့်ပြုမည် မဟုတ်ကြောင်း စသည်ဖြင့် ခြိမ်းခြောက်၍ မဲဆွယ်ခဲ့သည်။
မောင်တော မြို့ပေါ်မှ ရွှေဆိုင်ပိုင်ရှင် ဟိန္ဒူလူမျိုး တစ်ဦးက “ကျွန်တော်တို့မှာ ဘယ်ပါတီကို မဲပေးရမလဲ ဆိုတာ ဆုံးဖြတ်ရခက် နေတယ်ဗျာ၊ ဟိုပါတီက လာပြီး အာဏာနဲ့ ခြိမ်းခြောက်တယ်၊ ဒီပါတီက လာပြီး အားနဲ့ ခြိမ်းခြောက် ပြန်တယ်။ ရွေးကောက်ပွဲ ဆိုတော့ ပါတီတစ်ခုက ရှုံးနိမ့်မှာဘဲလေ။ အဲ့တော့ ရှုံးနိမ့်တဲ့ ပါတီက ငါတို့ကို ဟိန္ဒူတွေက မဲမပေးလို့ ရှုံးနိမ့်ခဲ့ရတာဆိုပြီး အကြမ်းဖ်ကမလား စိုးရိမ်ရတယ်” ဟု ပြောသည်။
မောင်တော မြို့နယ်တွင် မဲဆန္ဒရှင် အရေအတွက် သုံးသောင်းခန့် နီးပါးရှိနေရာ ထောင်ဂဏန်း ရှိသော ဟိန္ဒူလူမျိုး တို့၏ မဲများသည်လည်း အမတ်လောင်းများ အနိုင်ရရေး အတွက် အထူး အရေးပါနေသည်။ ရခိုင်ပြည်နယ်ရှိ အခြားသော မြို့နယ်များတွင်လည်း လူနည်းစု ဟိန္ဒူလူမျိုးများသည် အဆိုပါ ပါတီကြီးနှစ်ခု၏ ခြိမ်းခြောက်မှုကို ခံနေရကြောင်း သတင်း ရရှိပါသည်။
RB News
6.11.2015
မောင်တော ။ ။ အောက်တိုဘာလ (၂၅) ရက်နေ့မှ စ၍ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ တာဝန်ခံ ရဲမှူးလင်းလင်းနိုင်၏ လက်အောက်ခံ ကျေးရွာများ ဖြစ်ကြသည့် သ၀န်ချောင်း ကျေးရွာ၊ ကျောက်ပန္ဒူ ကျေးရွာ၊ အင်းဒင် ကျေးရွာနှင့် ခလုံး ကျေးရွာများမှ တစ်ရွာလျှင် သစ်သား အချော (၄၀၀) ချပ်စီေးသွင်းရမည်ဟု ရဲမှူးလင်းလင်းနိုင်က မှာကြားခဲ့သည်။ အဆိုပါ သစ်သားများကို အင်းဒင် ကျေးရွာတွင် အသစ်တည်နေသော စေတီပုထိုးတွင် အသုံးပြုရန် ဖြစ်ကြောင်း သိရှိရသည်။

ရဲမှူးလင်းလင်းနိုင်၏ ညွန်ကြားချက်ကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူး များက ၎င်းတို့၏ ရွာများရှိ သစ်လုပ်ငန်းရှင် များထံမှ ခွဲတမ်းဖြင့် တောင်းခံလျက် ရှိသည်။ ကျောက်ပန္ဒူ ကျေးရွာတွင် သစ်လုပ်ငန်းရှင် (၃၀) ဦးရှိပြီး၊ တစ်ဦးလျှင် (၁၃) ချပ်စီ မဖြစ်မနေ ပေးရမည် ဖြစ်သည်။ သစ်သား တစ်ချပ်လျှင် ကာလပေါက်ဈေး ကျပ်လေးထောင်ခန့် ရှိပြီး၊ ငွေကျပ် ငါးသောင်းနှစ်ထောင်ခန့် တန်ဖိုးရှိ သစ်သား (၁၃) ချပ်စီ ပေးရမည် ဖြစ်သည်။
သစ်လုပ်ငန်းရှင် တစ်ဦး၏ လစဉ် ၀င်ငွေမှာ ငွေကျပ် ငါးသောင်းခန့်သာ ရှိပြီး၊ ၎င်းတို့၏ တစ်လစာ ၀င်ငွေမက ပမာဏ သစ်များကို တောင်းနေခြင်းမှာ အလွန်ကို မတရားသဖြင့် ပြုလုပ်နေခြင်းသာ ဖြစ်သည်ဟု သစ်လုပ်ငန်းရှင် တစ်ဦးက RB News သို့ပြောပါသည်။
ရဲမှူးလင်းလင်းနိုင် တောင်းခံနေသည့် သစ်များကို အချိန်မှီ ပေးသွင်းခြင်း မပြုလျှင် လုပ်ငန်းရှင်များကို တောင်တန်းသို့ သွားခွင့် ပေးမှာ မဟုတ်တော့ဘဲ၊ တွေ့သမျှ သစ်သားများကို လုယက် ယူဆောင် သွားမည်ဟု ရဲမှူးလင်းလင်းနိုင်က ခြိမ်းခြောက် ပြောဆိုခဲ့ကြောင်း လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။
Rohingya Eye
RB News
6.11.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြို့မ ကညင်တန်း ကျေးရွာမှ ဦးမိုဟာမတ် အစ္စမိုင်လ် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၃၅ နှစ်) သည် ဆိုက်ကားနင်း၍ အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် နိုဝင်ဘာလ (၃) ရက်နေ့ နေ့လည် (၁၂) နာရီ အချိန်တွင် ဆိုက်ကား နင်းလာစဉ် ရပ်ကွက် (၄) ရွာသစ်ရွာမှ ရခိုင်လူငယ်နှစ်ဦးသည် ဆိုက်ကားပေါ် တက်ကာ မြို့မ ဘုန်းကြီးကျောင်းရှေ့ ရွှေဆိုင်တစ်ဆိုင်သို့ ၀င်ရောက်ခဲ့ပြီး ခဏအကြာတွင် ၎င်းရခိုင်လူငယ် နှစ်ဦးနှင့် အတူ နောက်ထပ် ရခိုင်လူငယ် တစ်ဦးတက်ကာ ရွှေဇား၊ အောင်ဗလ (န.တ.လ) ရွာသို့ ပို့ဆောင် ပေးရန် ပြောဆိုသဖြင့် ဆိုက်ကားသမားက အောင်ဗလရွာသို့ ပို့ဆောင် ပေးခဲ့သည်။
အောင်ဗလရွာသို့ ရောက်သည်နှင့် ဆိုက်ကားသမားကို ဆိုက်ကားခ ပေးရန်ဟု ဆိုကာ အိမ်တစ်အိမ် အတွင်းသို့ ခေါ်ဆောင် သွားပြီး၊ အိမ်ထဲသို့ ရောက်သည်နှင့် ရခိုင်လူငယ် ၃ ဦးက ၀ိုင်းဝန်း ထိုးကြိတ်၍ ဓါးဖြင့် လည်လှီး သတ်ဖြတ်ရန် စီစဉ် နေစဉ် အနီးအနား အိမ်တစ်အိမ်မှ ရခိုင်လူကြီး တစ်ဦး ရောက်ရှိလာပြီး၊ ဓါးနှင့် လှီးဖြတ်ခြင်း မပြုလုပ်ရန်၊ ပါလာသည့် ပစ္စည်းများကို လုယက်၍ ပြန်လည် လွှတ်ပေးရန် ပြောသဖြင့် ဆိုက်ကားသမား ထံတွင် ပါလာသည့် ငွေကျပ် ၁၇၀၀ နှင့် ရွှေလက်စွပ် တစ်ကွင်းကို လုယက်၍ ည ၆ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ဆိုက်ကားသမား ဖြစ်သူ ဦးမိုဟာမတ် အစ္စမိုင်လ်၏ မျက်နှာပေါ်တွင် ပြင်းပြင်းထန်ထန် ဒဏ်ရာ ရရှိခဲ့သလို၊ မျက်နှာလည်း ဖူးယောင်လျက် ရှိသည်။ ထို့အပြင် လည်ပင်းတွင်လည်း ဒဏ်ရာ ရရှိခဲ့ပြီး၊ ပြင်ပတွင် ဆေးကုသမှု ခံယူရန် ငွေကြေး အခက်အခဲ ဖြစ်နေသည်ဟု ဆိုသည်။
ယင်းနေ့ ညပိုင်းတွင် ညမထွက်ရ အမိန့်ကို ကျော်လွန်ပြီး ညသန်းခေါင်ယံ (၁) နာရီအချိန်တွင် ရခိုင် သူစိမ်း (၃) ဦးသည် မောင်တောမြို့နယ် မောင်နီရွာတွင် တုတ်၊ ဓါးများ ကိုင်ဆောင်လျက် ရွာထဲ ၀င်ရောက်ပြီး ဖားများ ရှာဖွေ နေသော်လည်း နယ်ခြားစောင့်ရဲ များက ဟန့်တားခဲ့ခြင်း မရှိကြောင်း သိရှိရသည်။
ယင်းနေ့တွင် ရခိုင်အမျိုးသား ပါတီ (ANP) ၏ ဒု-ဥက္ကဌ ဒေါ်အေးနုစိန်သည် မောင်တော မြို့သို့ လာရောက်ခြင်း၊ ကမန် ကိုယ်စားလှယ်လောင်း အတွက် ရခိုင်လူမျိုး နှစ်ရာကျော်က ကန့်ကွက် ဆန္ဒပြမှုနှင့် တိုက်ဆိုင် နေသဖြင့် ရခိုင်အစွန်းရောက် များက ကြိုတင် အကွက်ချ၍ ဆူပူ အကြမ်းဖက်မှု ဖြစ်အောင် စီစဉ်ခဲ့ခြင်း ဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ် နေကြသည်။
MYARF
RB News
6.11.2015
6.11.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာ အုပ်စု အကွက် (၉) နေ ဦးအီလီယာစ် (ဘ) ဦးလာလူးကို ရာအိမ်မှူးက နိုဝင်ဘာလ (၃) ရက်နေ့ ညကင်းစောင့်ရန် ခေါ်ခဲ့ရာ ၎င်းက “ဒီနေ့ည ကျွန်တော်မှ အရေးကြီး အလုပ်တစ်ခု ရှိလို့ ဒီနေ့ည ကျွန်တော့် အစား အခြားတစ်ယောက်ကို ခေါ်ပါ။ ကျွန်တော် နောက်နေ့ကျမှ ကင်းစောင့် ပေးပါမယ်” ဟု ပြောကြား ခဲ့သည်။ ရာအိမ်မှူးကလည်း အခြားတစ်ဦးကို ခေါ်၍ ကင်းစောင့်ခိုင်း ခဲ့သည်။
ည ၉ နာရီ အချိန်တွင် ဦးအီလီယာစ်က ၎င်း၏ နွားကျောင်းသားကို ၎င်းကိုယ်စား ကင်းစောင့်ရန် ကင်းရုံသို့ စေလွှတ်ခဲ့သည်။ နွားကျောင်းသား ကင်းရုံသို့ ရောက်သောအခါ ကင်းရုံ၌ ကင်းသမား (၄) ဦး ပြည့်နေခဲ့သည်။ ကင်းသမား များက ကင်းသမား (၄) ဦး ပြည့်သွားသဖြင့် နွားကျောင်းသားအား နောက်နေ့မှ လာ၍ ကင်းစောင့်ရန် ပြောဆိုပြီး ပြန်ခိုင်းခဲ့သော်လည်း နွားကျောင်းသား မပြန်ဘဲ ကင်းရုံတွင် ထိုင်နေခဲ့သည်။ ည ၁၀ နာရီ အချိန်တွင် ဖုရားပြင်အောင်ပ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် အခြေစိုက် နေသည့် လုံခြုံရေး စစ်သားများသည် ၎င်းတို့၏ တပည့် သုံးဦးနှင့် အတူ ကင်းရုံသို့ ရောက်ရှိလာပြီး ကင်းသမားများကို စစ်ဆေးခဲ့ရာ ကင်းသမား တစ်ဦး အပိုတွေ့ရှိသဖြင့် မေးမြန်းပြီး နွားကျောင်းသားကို ၎င်း၏ အလုပ်ရှင် ဦးအီလီယာစ်အား ခေါ်ခိုင်းခဲ့သည်။
ဦးအီလီယာစ် ရောက်လာသည်နှင့် စစ်သားများက ဖမ်းဆီး ခေါ်ဆောင်သွားကာ ခြိမ်းခြောက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ စစ်သားများနှင့် အတူ ပါလာခဲ့သည့် တပည့် သုံးဦးမှာ -- ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၈) မှ ဦးကာဆိမ်း၊ အကွက် (၅) မှ ဦးဟာလာမျာနှင့် အကွက် (၆) မှ ဦးရှိချာ တို့ ဖြစ်သည်။ အဆိုပါ တပည့်များသည် ညစဉ်ညတိုင်း စစ်သားများနှင့် အတူ ရွာလည်ကာ ကင်းသမားများကို နှောက်ယှက်လေ့ ရှိသည်။ ရွာအတွင်း သွားလာသူ များကိုလည်း ဖမ်းဆီး ငွေညှစ်လေ့ ရှိသည်။
MYARF
RB News
6.11.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးမာမတ်ဂျူဟာရ် (ဘ) ဦးနာဂူးသည် နိုဝင်ဘာလ (၁) ရက်နေ့ နံနက် ၁၀ နာရီခန့် အချိန်တွင် ဆိုင်ကယ်စီး၍ ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင်း ကျေးရွာကြား တံတား အနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (လှဖိုးခေါင် စခန်း) ရှေ့မှ ဖြတ်သန်း သွားနေစဉ် စခန်းထဲမှ ယူနီးဖောင်း ၀တ်ဆင်ထားသည် နယ်ခြားစောင့်ရဲ နှစ်ဦး ထွက်လာကာ ဦးမာမတ်ဂျူဟာရ်ကို ဆိုင်ကယ် ရပ်တန့်ခိုင်းပြီး၊ ကျောက်လှေကား ကျေးရွာရှိ နယ်မြေ စခန်းသို့ သွားလို၍ ဆိုင်ကယ် ခဏပေးရန်နှင့် မကြာခင် ပြန်လာမည်၊ ဤနေရာတွင်ပင် ထိုင်စောင့်နေဟု ဆိုကာ ၎င်းအား စခန်းရှေ့တွင် စောင့်ခိုင်းကာ နယ်ခြားစောင့်ရဲ နှစ်ဦးက ဆိုင်ကယ် ယူ၍ ထွက်သွားခဲ့သည်။

အဆိုပါ နယ်ခြားစောင့်ရဲ နှစ်ဦးသည် ညနေ နေ၀င်ချိန် အထိ ပြန်မလာသဖြင့် ဦးမာမတ်ဂျူဟာရ်က မိမိ၏ နေအိမ်သို့ ပြန်သွားခဲ့သည်။ နိုဝင်ဘာလ (၂) ရက်နေ့ နံနက်ပိုင်းတွင် စခန်းသို့ သွားရောက်၍ ဆိုင်ကယ်ယူသွားသော နယ်ခြားစောင့်ရဲ နှစ်ဦး ပြန်ရောက်ပြီလားဟု စခန်းတာဝန်ခံအား မေးမြန်းရာ တာဝန်ခံက ပြန်မရောက်သေးဟု ဖြေကြားခဲ့သည်။ ထိုသို့ လေးရက်တိုင်တိုင် သွားရောက် မေးမြန်းခဲ့သော်လည်း စခန်းတာဝန်ခံက ပြန်မရောက်သေးဟုသာ ဖြေကြားခဲ့သည်။
နိုဝင်ဘာလ (၅) ရက်နေ့တွင် ကျောက်လှေကားရှိ နယ်မြေ (၆) စခန်းသို့ သွားရောက်ပြီး နယ်မြေမှူး ရဲမှူးအား တိုင်တန်းခဲ့သော်လည်း မည်သို့မျှ စီစစ်ခြင်း မရှိဘဲ အဆိုပါ နယ်ခြားစောင့်ရဲ နှစ်ဦး ယခုအချိန်ထိ ပျောက်ဆုံးနေပြီး စခန်းသို့ ရောက်မလာသေးဟုသာ ဖြေကြားခဲ့သည်။
ခဏတာ အတွက် ငှားရမ်းခဲ့သည့် ဆိုင်ကယ်ကို ပိုင်ရှင် ဖြစ်သူ ဦးမာမတ်ဂျူဟာရ်က ယခုအချိန်ထိ ပြန်မရသေးကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။
MYARF
RB News
6.11.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် နိုဝင်ဘာလ (၄) ရက်နေ့က ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် ရခိုင် အမျိုးသား ပါတီ တို့ အပြိုင်အဆိုင် မဲဆွယ် စည်းရုံးခဲ့သည်။ ရခိုင် အမျိုးသား ပါတီ (ANP) က မဲဆွယ် စည်းရုံးရန် ကား အစီး ၂၀ ငှားရမ်းခဲ့သည်။
ငှားရမ်းခဲ့သည့် ကားအစီး ၂၀ တွင် ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် ကား ၁၂ စီး ပါဝင်ခဲ့သည်။ အဆိုပါ ကား ၁၂ စီးကို တစ်စီးလျှင် ငွေကျပ် လေးသောင်း နှုန်းဖြင့် ငှားရမ်းခဲ့သော်လည်း ညနေပိုင်း ကားများ ပြန်အပ်ချိန်တွင် ငွေတစ်ကျပ်ပင် မပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
MYARF
RB News
6.11.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျေးရွာများရှိ မူလတန်း ကျောင်းသားများ အတွက် UNICEF မှ ကျောင်းဝတ်စုံ (အင်္ကျီ အဖြူနှင့် ဘောင်းဘီ အစိမ်း) များကို ကျောင်းသား/သူ ဦးရေ အလိုက် ထောက်ပံ့ ထားသည်။ ထိုကျောင်းဝတ်စုံ များကို အခမဲ့ ဖြန့်ဝေရန် ဖြစ်သော်လည်း အချို့ ကျောင်းအုပ်ကြီးနှင့် ဆရာ/မ များ ပူးပေါင်း၍ ကျောင်းသား/သူ များထံမှ ငွေကောက်ခံခဲ့သည်။ ငွေများကို ကျောင်းဝတ်စုံများ မြို့နယ် ပညာရေးမှူးရုံးမှ မိမိတို့ကျောင်းသို့ သယ်ယူလာသည့် စရိတ်ဟု ဆိုကာ ကောက်ခံခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
ထိုကျောင်းဝတ်စုံများကို မြို့နယ် ပညာရေးမှူးရုံးမှ နယ်ကျောင်းများသို့ သယ်လျှင် ငွေကျပ် ငါးထောင်မှ တစ်သောင်းထိ ကုန်ကျမည် ဖြစ်သည်။ ယခု ကောက်ခံမှုမှာ သိန်းချီ၍ ဖြစ်နေသည်။
ငွေကောက်ခံခဲံသော ကျောင်းအချို့မှာ --
(၁) ပေါင်းဇားကျေးရွာ မူလတန်းလွန်ကျောင်း - ကောက်ခံငွေ ကျောင်းသား တစ်ဦးလျှင် ၁၀၀၀ ကျပ်၊ ကျောင်းသား ဦးရေ ၃၈၀
(၂) ကျောက်ပြင်ဆိပ် မူလတန်းလွန်ကျောင်း ကောက်ခံငွေ ကျောင်းသား တစ်ဦးလျှင် ၅၀၀ ကျပ်၊ ကျောင်းသား ဦးရေ ၄၅၀
(၃) သူဦးလာ မူလတန်းလွန်ကျောင်း ကောက်ခံငွေ ကျောင်းသား တစ်ဦးလျှင် ၅၀၀ ကျပ်၊
(၄) သီဟိုဠ်ကျွန်း မူလတန်းလွန်ကျောင်း ကောက်ခံငွေ ကျောင်းသား တစ်ဦးလျှင် ၅၀၀ ကျပ်၊ ကျောင်းသား ဦးရေ ၄၅၀
(၅) လောင်းဒုံကျေးရွာ မူလတန်းလွန်ကျောင်း ကောက်ခံငွေ ကျောင်းသား တစ်ဦးလျှင် ၅၀၀ ကျပ်၊ ကျောင်းသား ဦးရေ ၃၆၀
(၆) ကြက်ရိုးပြင် ကျေးရွာ မူလတန်းလွန်ကျောင်း ကောက်ခံငွေ ကျောင်းသား တစ်ဦးလျှင် ၁၀၀၀ ကျပ်၊ ကျောင်းသား ဦးရေ ၈၀၀
(၇) ငါးစကြူးကျေးရွာ မူလတန်းလွန်ကျောင်း ကောက်ခံငွေ ကျောင်းသား တစ်ဦးလျှင် ၁၀၀၀ ကျပ်၊ ကျောင်းသား ဦးရေ ၅၀၀ -- စသည်တို့ ဖြစ်သည်။
မောင်တော မြို့နယ် မြောက်ပိုင်း၊ ရိုဟင်ဂျာ ကျေးရွာ များရှိ ကျောင်းများ၌ တာဝန်ကျ ကျောင်းအုပ်ကြီးနှင့် အစိုးရခန့် ဆရာ/မ များသည် လုံခြုံရေး စိတ်မချရဟု ဆိုကာ ကျောင်းများသို့ လာရောက်၍ တာဝန် ထမ်းဆောင်ခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ အနီးအနားရှိ ရခိုင်ရွာများတွင် နေထိုင်ပြီး အချို့က ကျူရှင်ပြ၊ အချို့က အခြားလုပ်ငန်းများ လုပ်၍ လကုန်လျှင် ပုံမှန် လစာ ထုတ်ယူလျက် ရှိသည်။ ကျောင်းများတွင် ရွာခန့် ဆရာများက တတ်နိုင်သမျှ သင်ပြလျက် ရှိသည်ဟု ဆိုသည်။ အဆိုပါ ရွာခန့် ဆရာများကို လစာ သတ်မှတ်ထားခြင်း မရှိသော်လည်း ရွာသားများက လစဉ် တစ်သောင်းမှ နှစ်သောင်းကျပ် အထိ ထောက်ပံ့ကြေး ပေးလျက် ရှိသည်။
ယခင်နှစ်များက မူလတန်း ကျောင်းသားများကို WFP မှ ဆန်ထောက်ပံ့ ပေးခဲ့သည်။ ယခုနှစ်မှစ၍ WFP မှ ဆန်ထောက်ပံ့ခြင်း မရှိဘဲ ဆန်အစား ဘိစ်ကစ်မုန့်ထုပ်များ ထောက်ပံ့ပေးလျက် ရှိသည်။ အချို့သော ကျောင်းအုပ်ကြီး များက မုန့်ထုတ်များ ဖြန့်ဝေရာတွင် ကျောင်းပုံမှန် မတက်ခဲ့ဟု ဆိုကာ ကျောင်းသား ဦးရေ၏ သုံးပုံနှစ်ပုံကို ပေး၍ ကျန်တစ်ပုံ မုန့်များကို မပေးဘဲ မုန့်ထုတ်များကို အနီးအနားရှိ ဈေးဆိုင်များသို့ ရောင်းချလျက် ရှိသည်။
ယခုအခါ WFP ၏ မုန့်ထုတ်များမှာ မောင်တော မြောက်ပိုင်း ငန်းချောင်းဈေး၊ ကြက်ရိုးပြင်ဈေး၊ ငါးခူရဈေး၊ ကျောက်လှေကားဈေး၊ ကြိမ်ချောင်းဈေး စသော ဈေးများတွင် ပုံမှန် ရောင်းကုန်သဖွယ် ရောင်းချလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
4.11.2015
နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပ ပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲဟာ မြန်မာ အစိုးရက ဘင်္ဂါလီ ခေါ်တဲ့ မူဆလင် ရိုဟင်ဂျာတွေ အတွက် မျှော်လင့်ချက် တစုံတရာ မရှိတဲ့ အကြောင်း ဗြိတိန် အခြေစိုက် မြန်မာ ရိုဟင်ဂျာ အဖွဲ့ ကနေပြီးတော့ ဗြိတိန် ပါလီမန်မှာ စာတမ်းတိုတခု တင်ပြ လိုက်ပါတယ်။ ဒီအကြောင်း အပြည့်အစုံကို ရှားဖောင် က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရက်ပိုင်းသာလိုတော့တဲ့ ရွေးကောက်ပွဲ အတွင်းမှာ မူဆလင် ရိုဟင်ဂျာတွေကို မဲပေးခွင့် မပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး “No Hope for Rohingya From Burma Election” မြန်မာ့ရွေးကောက်ပွဲဟာ ရိုဟင်ဂျာတွေအတွက် ဘာမျှော်လင့်ချက်မှ မရှိဘူး - ဆိုတဲ့ ခေါင်းစဉ်နဲ့ နိုဝင်ဘာလ ၃ ရက်နေ့မှာ ဗြိတိန်အခြေစိုက် - BROUK လို့ခေါ်တဲ့ မြန်မာရိုဟင်ဂျာအဖွဲ့က ဗြိတိသျှပါလီမန်မှာ စာတမ်းတိုတခု တင်သွင်းခဲ့တာပါ။
အဆိုပါ စာတမ်းထဲမှာ မကြာမီ ကျင်းပတော့မယ့် အထွေထွေရွေးကောက်ပွဲအတွင်း မူဆလင်ရိုဟင်ဂျာတွေကို မဲပေးခွင့်မပြုတာတွေနဲ့ မူဆလင်ရိုဟင်ဂျာ နိုင်ငံရေးအဖွဲ့တွေက တင်သွင်းတဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေကို ရွေးကောက်ပွဲ ကော်မရှင်ကနေပြီးတော့ ပယ်ချခဲ့တဲ့ကိစ္စတွေကို အဓိကထား ဖော်ပြထားပါတယ်။ ဒီစာတမ်းတင်တဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဗြိတိန်အခြေစိုက် မြန်မာရိုဟင်ဂျာအဖွဲ့ရဲ့ ဥက္ကဌ ဦးထွန်းခင်က အခုလို ပြောပါတယ်။
“ဒီရွေးကောက်ပွဲကနေ ကျနော်တို့က ဘာတခုမှ မျှော်လင့်ချက်မရှိဘူးဆိုတာ ပိုပြီး သိသာနေတာက ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ အခု ဒီ သမ္မတဦးသိန်းစိန်အစိုးရဘက်ကလည်း ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာကို တစိုက်မတ်မတ် သူတို့က ငြင်းဆန်နေတာက ဒါက တကယ်ကို စိုးရိမ်စရာဖြစ်တယ်။ အခုသွားနေတဲ့ပုံစံက ဒီ ရွေးကောက်ပွဲကော်မရှင်ကို ငွေရေးကြေးရေး ထောက်ပံ့ပေးတယ်၊ မြန်မာအစိုးရကို သူတို့အနေနဲ့ ထောက်ပံ့ပေးတာတွေ ပြန်လည်စစ်ဆေးဖို့ ကျနော်တို့ တောင်းဆိုတယ်။ ဗြိတိသျှအစိုးရအနေနဲ့ တော်တော်လေး ရှေ့ဆက်ပြီးတော့ သူတို့အနေနဲ့ စဉ်းစားမယ့်ပုံ ဖြစ်နေတယ်ဆိုတာ နည်းနည်းတော့ တွေ့ရတယ်ခင်ဗျ။”
ဒါ့အပြင် မကြာသေးခင်ကပဲ Yale Law School နဲ့ Fortify Rights ကနေပြီးတော့ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်ရိုဟင်ဂျာတွေကို မြန်မာအစိုးရကနေပြီးတော့ လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတယ် ဆိုတဲ့ အထောက်အထားတွေ ထောက်ပြထားတာကိုလည်း စာတမ်းမှာ ဖော်ပြထားပါတယ်။ ဒါကြောင့်မို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ကနေ မြန်မာနိုင်ငံမှာရှိတဲ့ မူဆလင်ရိုဟင်ဂျာတွေရဲ့ အခြေအနေအမှန်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့အတွက် UK အပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းအနေနဲ့ ထောက်ခံမှုတွေ ပေးသွားဖို့ အချိန်တန်ပြီလို့လည်း ဦးထွန်းခင်က ပြောပါတယ်။
“ရိုဟင်ဂျာကို မုန်းတီးရေးမှာ တစိုက်မတ်မတ် ပါဝင်ပြီးတော့ ဒီလို ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုမှာ ထိပ်တန်းကနေ ပါဝင်ခဲ့တယ်ဆိုတာ ကျနော်တို့ ဥပမာ အများကြီး အထောက်အထားတွေ ရှိထားပြီးသား၊ သမ္မတဦးသိန်းစိန်ကိုယ်တိုင်ကလည်း ဒီလိုပြောထားတာ ရိုဟင်ဂျာလူမျိုးတွေကို ပြည်ပက ခိုးဝင်ဘင်္ဂါလီတွေ ဖြစ်တယ်ဆိုတဲ့ဟာ သူတို့ပြောနေတဲ့ အကြိမ်ပေါင်းများစွာရှိနေပြီ။ အဲဒီအတွက်ကြောင့် ဒါက သူတို့စီမံကိန်းနဲ့ လုပ်နေတဲ့အတွက် ဒီလူတွေက ကျူးလွန်တယ်ဆိုတာ သိသာထင်ရှားနေတယ်။ အဲဒီအတွက်ကြောင့် ICC လို့ခေါ်တဲ့ နိုင်ငံတကာ ရာဇ၀တ်မှု ခုံရုံးမှာ သူတို့ကို တရားစွဲပြီးတော့ ခေါ်လာနိုင်ဖို့ ပြစ်ဒဏ်ပေးဖို့အထိ လိုအပ်တယ်ဆိုတာ တချို့ဟာတွေကို ကျနော်တို့ ပြောပြထားပါတယ်။”
ဒီလာမယ့် အထွေထွေရွေးကောက်ပွဲမှာ လက်ရှိအာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကပဲအနိုင်ရခဲ့မယ်ဆိုရင် သမ္မတ ဦးသိန်းစိန်အနေနဲ့ တာဝန်ဆက်ပြီးထမ်းဆောင်ခွင့်ရမှာဖြစ်တဲ့အတွက် မွတ်စလင် ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကနေ ထွက်ခွာသွားအောင် လက်ရှိကျင့်သုံးနေတဲ့ ပေါ်လစီတွေ ဆက်လက်လုပ်ဆောင်သွားမှာ မကတဲ့အပြင် ပိုပြီးတော့တောင် အရှိန်တိုးမြှင့်လုပ်ဆောင်သွားဖို့ရှိတယ်လို့လည်း စာတမ်းမှာဖော်ပြထားပါတယ်။
ဒါ့အပြင် ဒီအထွေထွေ ရွေးကောက်ပွဲမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသာ အနိုင်ရခဲ့မယ်ဆိုရင် မူဆလင်ရိုဟင်ဂျာ ဆန့်ကျင်ရေး မူဝါဒတွေဟာ၊ ကြံ့ခိုင်ရေးပါတီမူဝါဒနဲ့ တူညီမှုရှိမှာမဟုတ်ဘဲ လူမျိုးတုံး သတ်ဖြတ်မှုဖြစ်နေတဲ့ လက်ရှိအခြေအနေကနေ တိုးတက်မှုတွေရှိလာမယ့် မျှော်လင့်ချက် အနည်းငယ် ရှိနိုင်ပေမဲ့ NLD ပါတီဘက်ကလည်း မူဆလင်ရိုဟင်ဂျာတွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးတွေ တိုးတက်ကောင်းမွန်အောင် လုပ်မယ့် ပေါ်လစီတွေက အဓိကကျ ချမှတ်ထားတာ မရှိတဲ့အတွက် NLD ပါတီက အစိုးရ ဖြစ်လာရင်လည်း မူဆလင်ရိုဟင်ဂျာတွေအပေါ်ရှိနေတဲ့ ဖိနှိပ်မှုတွေဟာ ပြောင်းလဲမှုရှိလာလိမ့်မယ်လို့ သူတို့အနေနဲ့ မမျှော်လင့်ကြောင်း စာတမ်းမှာ ဖော်ပြထားပါတယ်။
တချိန်တည်းမှာပဲ မြန်မာနိုင်ငံမှာ မူဆလင်ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှု ခံရနေရဖွယ်ရှိတယ်ဆိုတဲ့ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ အရေးယူ ဆောင်ရွက်ပေးဖို့ ဗြိတိန်နိုင်ငံအနေနဲ့ ထောက်ခံမှုပေးသင့်တယ်လို့လည်း Burma Campaign UK အဖွဲ့ကလည်း တောင်းဆိုချက် ထုတ်ပြန်ထားပါတယ်။

မောင်တော ။ ။ အောက်တိုဘာလ (၂၉) ရက်နေ့ ည (၁၀) နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ များနှင့် စစ်သားများ ပူးပေါင်း၍ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ၀ါးချ ကျေးရွာသို့ သွားရောက်ကာ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များကို ရှောင်တခင် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် နေအိမ်တံခါးများကို ဖျက်ဆီးခြင်း၊ ၎င်းတို့ မျက်စိရှေ့မှောက်တွင် တွေ့ရှိသည့် ပစ္စည်းများကို လုယက် ယူဆောင် သွားခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ထိုသို့ အင်အား အပြည့်ဖြင့် ရှောင်တခင် စစ်ဆေးမှုကြောင့် အကြောင်းမဲ့ ဖမ်းဆီးခံရမည်ကို စိုးရိမ်၍ အိမ်ရှင် အမျိုးသားများ ရှောင်တိမ်း သွားခဲ့ကြသည်။
နယ်ခြားစောင့်ရဲ များနှင့် စစ်သားများက ဦးအာစ်မောဒ်အူလ္လာ (ဘ) ဦးဖွေယာစ်အာမတ် (အသက် ၄၅ နှစ်) ၏ နေအိမ်၏ ဗီရို (၃) လုံးကို ဖျက်ဆီးခဲ့သည့် အပြင်၊ ငွေကျပ် နှစ်သိန်းတန် နာရီတစ်လုံး၊ ကြက် (၁၀) ကောင်၊ ဖိနပ်များနှင့် အ၀တ်အထည်များကို လုယက် ယူဆောင် သွားခဲ့သည်။ ဦးဒိလ်မိုဟာမတ် (ဘ) ဦးဆွေယောဒ်အာမတ် (အသက် ၄၅ နှစ်) နှင့် ဦးဘော်ဒူဇော်မာ (အသက် ၆၀ နှစ်) တို့၏ နေအိမ် တံခါးများ အပါအ၀င် ဗီရို အချို့ကိုလည်း ဖျက်ဆီးခဲ့သည်။ ဦးဇိုက်ဟူဆောင်း (ဘ) ဦးဟာရွန် (အသက် ၃၀ နှစ်) ၏ နေအိမ်မှ ငွေကျပ် တစ်သောင်းကိုလည်း အတင်းအဓမ္မ လုယက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
မောင်တော မြို့နယ် တောင်ပိုင်း ကျေးရွာ အချို့တွင်လည်း အလားတူ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရိုဟင်ဂျာများသည် လာမည့် ရွေးကောက်ပွဲတွင် မဲပေးခွင့် မရှိတော့သဖြင့် ဆူပူ သောင်းကျန်း အကြမ်းဖက်မည်ကို စိုးရိမ်မှုကြောင့် ရှောင်တခင် စစ်ဆေးနေသည်ဟု အာဏာပိုင်များက ပြောဆိုလျက် ရှိနေသော်လည်း လက်နက် အင်အား သုံး၍ ရိုဟင်ဂျာများကို ထိတ်လန့်အောင် ပြုလုပ်နေခြင်းမှာ နောက်ထပ် နှိပ်ကွပ်ရန် ခြေလှမ်းတစ်လှမ်းသာ ဖြစ်လိမ့်မည်ဟု ဒေသခံ အများအပြား ယူဆလျက် ရှိနေကြသည်။

2.11.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး ဒုရဲမှူး တင်ထွန်းဦးနှင့် အဖွဲ့သည် အောက်တိုဘာလ (၂၉) ရက်နေ့ နေ့လည် ၃ နာရီ အချိန်တွင် ဖရုံချောင်း ကျေးရွာသို့ သွားရောက်၍ ဘာသာရေး ဆရာ (မော်လ၀ီ) အချို့နှင့် ရပ်မိရပ်ဖများ အပါအ၀င် ရွာသား အချို့ကို ဆွေးနွေးရန် ရှိသည်ဟု ဆိုကာ ဖရုံချောင်း ကျောင်းခြံဝင်း အတွင်းသို့ ခေါ်သွင်းကာ ဓါတ်ပုံ အကြိမ်ကြိမ် ရိုက်ယူပြီး ဆွေးနွေးခြင်း တစ်စုံတစ်ရာ မပြုလုပ်ဘဲ ကျေးဇူးတင်ပါတယ်ဟု ဆိုကာ ပြန်လွှတ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ထို့နောက် စခန်းမှူးနှင့် အဖွဲ့သည့် စိမ်းညှင်းပြား ကျေးရွာသို့ သွားရောက်၍ ရွာသားများကို လဘက်ရည်ဆိုင် တစ်ဆိုင်တွင် စုစေပြီး ဓါတ်ပုံရိုက်ယူကာ ကျေးဇူးတင်ကြောင်း ပြောကြား၍ ပြန်လွှတ်ခဲ့သည်။
တစ်ဖန် ည ၆း၃၀ နာရီ အချိန်တွင် ဘုရားပြင်အောင်ပ ကျေးရွာ၌လည်း လဘက်ရည်ဆိုင်တွင် လူစုစေကာ ဓါတ်ပုံ ရိုက်ယူခဲ့သည်။
နယ်ခြားစောင့်ရဲ များက ဆွေးနွေးရန် ရှိသည်ဟု လိမ်လည် ပြောဆို၍ ဓါတ်ပုံ ရိုက်ယူသွားခြင်းမှာ နိုင်ငံရေး အမြတ်ထုတ်ရန် ယူသွားလေသလား ဟုဆိုကာ ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။
RB News
1.11.2015
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းဌေးနှင့် ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာ တို့က ရွာသား အချင်းချင်း စကားများခဲ့သည်ကို ကျေးရွာတွင် ဆူပူမှု ဖြစ်အောင် ပြုလုပ်ခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
ဖရုံချောင်း ကျေးရွာအုပ်စု၊ ဖရုံချောင်းရွာမှ ဦးဟာလာ (ဘ) ဦးကာလာမ်ဘောက်ရှူး (အသက် ၆၀ နှစ်) နှင့် ရွာသား အချို့တို့သည် အောက်တိုဘာလ (၂၅) ရက်နေ့ ညပိုင်းတွင် ကိစ္စတစ်ခုကြောင့် စကားများခဲ့သည်ကို ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တာဝန်ခံတို့က သိရှိသွားပြီး အောက်တိုဘာလ (၂၆) ရက်နေ့တွင် ဦးဟာလာ အပါအ၀င် ရွာသား လေးဦးကို ဆင့်ခေါ်၍ ကျေးရွာတွင်းတွင် ဆူပူမှုဖြစ်အောင် လုပ်ခဲ့သည့် အတွက် ဥပဒေအရ အရေးယူခြင်း ခံရမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ငွေညှစ်ခံရသူများမှာ --
(၁) ဦးဟာလာ (ဘ) ဦးကာလာမ်ဘောက်ရှူး (အသက် ၆၀ နှစ်) -- ညှစ်ခံရငွေကျပ် ၁ သိန်း
(၂) ဦးနူရူး (ဘ) ဦးဆွေယာဒူရာမန် (အသက် ၆၂ နှစ်) -- ညှစ်ခံရငွေကျပ် ၁ သိန်း
(၃) မာမတ်ဇူဘိုင်ရ် (အသက် ၂၂ နှစ်) -- ညှစ်ခံရငွေကျပ် ၈ သောင်း
(၄) ဦးယာစီးန် (အသက် ၅၀ နှစ်) -- ညှစ်ခံရငွေကျပ် ၇ သောင်း -- တို့ ဖြစ်သည်။
အောက်တိုဘာလ (၁၆) ရက်နေ့ကလည်း ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ဦးအာရော်ဖ်အုလ္လာ (ဘ) ဦးဟာလာ ထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ ဦးအာရောဖ်အုလ္လာသည် အမျိုးသမီး တစ်ဦးနှင့် ပတ်သက်ခဲ့သည့် အတွက်ဟုဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ တို့က ဆင့်ခေါ်၍ ဒဏ်ငွေဟု ဆိုကာ ငွေကျပ် နှစ်သိန်း ငါးသောင်း ယူခဲ့သည်။ ကျေးရွာ တာဝန်ခံ ဦးဆော်လီမူလ္လာက ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖ တို့၏ ဆုံးဖြတ်ချက်ကို ကျော်လွန်၍ ဦးအာရောဖ်အုလ္လာကို ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်း ထပ်မံ၍ ညှစ်ယူခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။
RB News
1.11.2015
မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြား မြို့နယ် နာဂရာ ကျေးရွာအုပ်စု၊ နာဂရ ပေါက်တော ကျေးရွာမှ ဦးဒိလ်မာမတ်သည် အောက်တိုဘာလ (၂၇) ရက်နေ့ ည ၁၀ နာရီ အချိန်တွင် လေးမြို့မြစ် တစ်ဖက်ကမ်း၊ ပရိန်းကျေးရွာ အနီးတွင် ငါးဖမ်းလှေ တစ်စီးဖြင့် ငါးဖမ်းနေစဉ် ရခိုင် အစွန်းရောက် အဖွဲ့တစ်ဖွဲ့ စက်လှေတစ်စီးဖြင့် ရောက်ရှိလာပြီး ငါးဖမ်းသမား ဦးဒိလ်မာမတ်ကို ၎င်းတို့၏ စက်လှေပေါ်သို့ အတင်းအဓမ္မ တင်ယူရန် ကြိုးစားသောအခါ ဦးဒိလ်မာမတ်က အော်ဟစ်၍ ပတ်ဝန်းကျင်ရှိ အခြားသော ငါးဖမ်းသမားများ ထံမှ အကူအညီ တောင်းခံခဲ့သည်။ အခြားသော ငါးဖမ်းသမားများ ဓါတ်မီး ထိုး၍ ရောက်လာသည့် အချိန်တွင် ရခိုင်အစွန်းရောက်များက ငါးဖမ်းသမား ဦးဒိလ်မာမတ်ကို ၎င်းတို့၏ စက်လှေပေါ်သို့ တင်ဆောင်၍ စက်လှေကို ရခိုင်ရွာများ ရှိသည့် လေးမြို့မြစ် အောက်ပိုင်းဘက်သို့ မောင်းသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
ရခိုင် အစွန်းရောက်များ ဖမ်းဆီး ခေါ်ဆောင် သွားသည့် ငါးဖမ်းသမား ဦးဒိလ်မာမတ်နှင့် ပတ်သက်၍ မည်သည့် သတင်း တစ်စုံတစ်ရာမှ မရှိသဖြင့် ရွာသားများနှင့် မိသားစုဝင်များ အထူး စိုးရိမ်လျက် ရှိနေကြသည်။
မိမိတို့၏ စားဝတ်နေရေး အတွက် ငါးဖမ်းနေသည့် ရိုဟင်ဂျာ ငါးဖမ်းသမားများကို ရခိုင် အစွန်းရောက်များက ယခုကဲ့သို့ ဖမ်းဆီး ခေါ်ဆောင်သွားခြင်း၊ အခြားနည်းများဖြင့် နှောက်ယှက် နေမည်ဆိုလျှင် ရိုဟင်ဂျာ ငါးဖမ်းသမား များ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းကို ထိခိုက်မည့် အပြင် စားဝတ်နေရေးပါ အခက်အခဲ ဖြစ်လာမည်ဟု ငါးဖမ်းသမား များက ပြောပါသည်။
MYARF
RB News
1.11.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ ဇော်ဇော်သည် လခစား ၀န်ထမ်း တစ်ဦး ဖြစ်သော်လည်း နေ့ပိုင်းတွင် စခန်းတွင် တာဝန် ထမ်းဆောင်ခြင်း မရှိဘဲ ရွာများ အတွင်း သွားလာလျက် ရှိပြီး၊ စခန်းမှူး ထံမှ ရရှိထားသော ဓါးပြလိုင်စင်၏ တန်ဖိုးကို ပေးဆပ်ရန်နှင့် ၎င်း၏ မိသားစု ချမ်းသာကြွယ်ဝရန် လိုအပ်သောငွေ များကို ရိုဟင်ဂျာ လူမျိုးများထံမှ ဓါးပြတိုက်လျက် ရှိနေသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
အောက်တိုဘာလ (၂၈) ရက်နေ့တွင် နတ်ချောင်း ကျေးရွာအုပ်စု၊ တတ်ချောင်းရွာမှ ဦးနူရ်အစ္စလာမ် (ဘ) ဦးဘော်ရှိရ်အာမတ် (အသက် ၃၀ နှစ်) သည် တောင်ပြိုဘက်မှ လာနေစဉ် အောင်စစ်ပြင်ရွာ အလွန် တောင်ပြို ကားလမ်း အ၀တွင် နယ်ခြားစောင့်ရဲ ဇော်ဇော်က ဖမ်းဆီး ရှာဖွေခဲ့ရာ မိမိသုံးစွဲရန် ဆရာဝန်ထံမှ ဆေးကဒ်ကို တွေ့ရှိပြီး ငွေကျပ် တစ်သိန်း ဒဏ်ငွေပေးဆောင် ရမည်ဟု ဆိုကာ ခြိမ်းခြောက်၍ အတင်းအဓမ္မ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။
ယင်းနေ့တွင်ပင် ကြိမ်ချောင်းသို့ ရောက်ရှိနေသော မော်တော်ဆိုင်ကယ် ကယ်ရီသမား (၁၀၀) ကျော်ထံမှ တစ်ဦးလျှင် ငွေကျပ် တစ်ထောင်စီ ညှစ်ယူခဲ့သည်။ ထိုသို့ ဆိုင်ကယ် ကယ်ရီသမားများ ထံမှ ငွေညှစ်ရာတွင် ကားလမ်း ပေါ်တွင် ဆိုင်ကယ်များကို ရပ်တန့်ခိုင်းပြီး ဌာနပေါင်းစုံ၏ ရှေ့မှောက်တွင် လူသိရှင်ကြား ဆဲဆို အော်ဟစ်၍ ညှစ်ယူခဲ့သောကြောင့် ဓါးပြတိုက်ရန် လိုင်စင်ရထားပုံ ရသည်ဟု ဒေသခံများက ပြောဆို နေကြပါသည်။
ကိုဇော်ဝင်းလှိုင်
31.10.2015
မြန်မာ အစိုးရက ဘင်္ဂါလီလို့ ခေါ်ပြီး သူတို့ကိုယ် သူတို့ ရိုဟင်ဂျာလို့ ခေါ်တဲ့သူတွေ အပေါ် လူမျိုးတုံး သတ်ဖြတ်နေတယ် ဆိုတဲ့ ခိုင်လုံတဲ့ အထောက် အထားတွေ တွေ့ရှိ ထားတဲ့ အတွက် ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း စုံစမ်းပေးဖို့ အမေရိကန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း တခု ဖြစ်တဲ့ Fortify Rights အဖွဲ့က တောင်းဆို လိုက်ပါတယ်။ ဒါပေမယ့် အဲဒီလို ပြောဆိုမှုဟာ တဖက်သတ် ဆန်လွန်းတယ်လို့ လူ့အခွင့်အရေး ရှေ့နေတွေ က ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
Fortify Rights အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေအရ မြန်မာအစိုးရဟာ ရခိုင်ပြည်နယ် အတွင်း ဘင်္ဂါလီခေါ် ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုတွေ ကျူးလွန်နေတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရှိခဲ့ရတဲ့အတွက် ရခိုင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ အနေနဲ့ စုံစမ်းရေးကော်မရှင် ချက်ခြင်း ဖွဲ့စည်းပြီး ကိုင်တွယ် ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်တာပါ။
မြန်မာနိုင်ငံအတွင်း ကရင်နဲ့ ကချင်ပြည်နယ်အပါအ၀င် တခြား တိုင်းရင်းသား ဒေသတွေမှာပါ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ဖိနှိပ် သတ်ဖြတ်မှုတွေ နှစ်ကာလ ရှည်ကြာစွာ တည်ရှိလာခဲ့တာကြောင့် ရိုဟင်ဂျာအရေး သပ်သပ် တခုထဲကို ကွက်ကြည့်ပြီး Fortify Rights အဖွဲ့ရဲ့ အဲဒီလို ပြောဆိုမှုဟာ တဖက်သတ် ဆန်လွန်းတယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။
"ရိုဟင်ဂျာလူမျိုးတွေကို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရတဲ့ အခြေအနေမျိုး ကြုံတွေ့နေရတယ် ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ တင်ပြလာတဲ့ ကိစ္စမှာကတော့ ကျနော့် အမြင်ပြောရရင်တော့ နည်းနည်းတော့ လွန်-သွားတယ်လို့ ကျနော်ကတော့ ဆိုချင်တယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ နယ်မြေတွေမှာ ဥပမာအားဖြင့် KNU ၊ ကချင်စတဲ့ ဒေသတွေမှာ ဒီလိုမျိုး လူ့အခွင့်အရေး ချိးဖောက်ခံရတဲ့ ကိစ္စ၊ အသတ်ခံရတဲ့ ကိစ္စတွေဟာ မြောက်မြားစွာ ရှိတယ် ဆိုတာတွေကို ကျနော်တို့ သိရတယ်။ နောက်ပြီးတော့ ဒီလိုမျိုး အဓမ္မပြုကျင့်ခံရတဲ့ ကိစ္စတွေ လည်း တိုင်းရင်းသားဒေသတွေမှာ အများအပြား ရှိတယ်ဆိုတာ ကျနော်တို့သိရတယ်။ အဲ့တော့ ဒီ ရိုဟင်ဂျာလို့ခေါ်တဲ့ လူမျိုး အပေါ်မှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုဖြစ်တယ်လို့ ပြောဆိုတဲ့ကိစ္စရပ်ကိုတော့ ကျနော်တို့ မြန်မာနိုင်ငံ အစိုးရက လက်ခံလိုက်မယ်လည်း မဟုတ်ဘူး။ စုံစမ်းရေး ကော်မရှင် ဖွဲ့မယ် ဆိုလို့ရှိရင် အဲ့ဒီ့ကော်မရှင်ကို ဗမာပြည် လာဖို့တောင်မှ ခွင့်ပြုလိုက်မယ်လို့ ကျနော်ကတော့ မထင်ပါဘူးခင်ဗျ။"
Fortify Rights အဖွဲ့က ပြုလုပ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှုမှာ ကန့်သတ်ချက်တွေ ရှိနေတာကို တွေ့ရတယ်လို့လည်း ဦးမင်းလွင်ဦးက ဆက်ပြောပါတယ်။
"အစောကပြောတဲ့ Fortify Rights အဖွဲ့အနေနဲ့လည်း ဒီလိုမျိုး strong evidence ရတယ်လို့ ဆိုရအောင် သူ့အနေနဲ့ တွေ့ဆုံမေးမြန်းနိုင်တာက ဒီဒုက္ခသည်စခန်းမှာ ကုလသမဂ္ဂ ကနေပြီးတော့ ခိုလှုံခွင့်ပေးထားတဲ့ စခန်းထဲမှာမဟုတ်ပါဘူး။ ကျနော် ထင်တယ် ဒီမောင်တောတို့ ဘာတို့မှာ ဖွင့်ထားတဲ့ စခန်းက ဒုက္ခသည်တွေမှာ အင်တာဗျူး လုပ်ပြီးတော့ ဒီလိုပြောဆိုတဲ့အပေါ်မှာ ကျနော် ထင်တယ် တချို့ဥစ္စာတွေ ကတော့ မျှတမှုမရှိဘူးလို့ ကျနော်မြင်ပါတယ်။ ဒီ Genocide ကိစ္စ နဲ့ပတ်သက်ပြီးတော့ အယ်လ်ဂျာဇီးယားမှာ တင်ထားတဲ့ ဗီဒီယိုဖိုင်တွေ လည်း ရှိပါတယ်။ အဲ့တော့ အဲ့ဒီ့မှာ ကြည့်ရင် ကျနော်တို့ ဒီမိတ္ထီလာ အကြမ်းဖက်မှုမှာ ပါတဲ့သူတွေရဲ့ ပုံတွေကို ထပ်ခါတလဲလဲ အသုံးပြုပြီး ဒီဖြတ်ညှပ်ကပ် သဘောမျိုးပေါ့ဗျာ။ အားလုံးကို ပေါင်းစီးပြီးတော့ တင်ပြထား တဲ့ အခြေအနေမျိုးဖြစ်တယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ "
ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကိုတော့ မြန်မာအစိုးရက လက်မခံဘဲ ရိုဟင်ဂျာ ဆိုတာ မြန်မာနိုင်ငံမှာ မရှိဘူးလို့ ငြင်းဆိုထားပြီး အဲဒီလူတွေဟာ ဘင်္ဂလားဒေ့ရှ်ဘက်က ၀င်လာတဲ့ ဘင်္ဂါလီ လူမျိုးတွေအဖြစ်သာ သတ်မှတ် ထားတာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ မြန်မာအစိုးရရဲ့ တုန့်ပြန်ချက်ကို သိနိုင်ဖို့ ၀ါရှင်တန် ဒီစီမြို့မှာ ရှိတဲ့ မြန်မာသံရုံးကို ဆက်သွယ်ခဲ့ပေမယ့် တစုံတရာ တုန့်ပြန်ခဲ့ခြင်း မရှိပါဘူး။
တဖက်မှာလည်း Fortify Rights အဖွဲ့ရဲ့ ဒီတောင်းဆိုချက်အပေါ် ကုလသမဂ္ဂ ဘက်က ဘယ်လို တုန့်ပြန်မယ်ဆိုတာ မသိရသေးပါဘူး။
Fortify Rights အဖွဲ့အနေနဲ့ ရံပုံငွေရဖို့အတွက် လုပ်နေသလို ဖြစ်နေတယ်လို့ ဦးမင်းလွင်ဦးက ပြောပါတယ်။
"ဒီကိစ္စက ရိုဟင်ဂျာကို အခုမှ သူတို့က လုပ်တာ။ Chris Lewa လုပ်တာ ကြာလှပြီ။ ဒီကိစ္စ Chris Lewa တောင် Genocide ဆိုတာ မပြောဘူး။ သူတို့ ဘာ သူတို့ Funding ရတာတော့ ရတာပေါ့။ အဲ့သလို လုပ်စားတာလည်း လုပ်စားပေါ့။ အလွန်အကျွံတော့ မလုပ်စားနဲ့ပေါ့ကွယ်။ အဲ့တာတော့ ဘယ်ကောင်းမလဲ။"
Fortify Rights အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတေ့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ Genocide လို့ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှု ဖြစ်စေနိုင်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မြန်မာအစိုးရဘက်က ကျူးလွန်နေတယ်ဆိုတဲ့ အထောက်အထားတွေ တွေ့ရှိရကြောင်း၊ ရိုဟင်ဂျာ မျိုးနွယ်စု ပျက်ဆီးစေမယ့် လုပ်ရပ်တွေကို ကျူးလွန်နေတာ တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။
ဒါ့အပြင် မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာတွေ ကလေးမွေးဖွားမှုနှုန်းကို ကန့်သတ်တဲ့ ဥပဒေတွေကို ပြဌာန်းထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

29.10.2015
မြန်မာနိုင်ငံမှာ ကျင်းပဖို့ ရက်ပိုင်းသာ လိုတော့တဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာ အခြေအနေတွေ ရှိနေတဲ့ အကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ လက်နက်ကိုင် ပဋိပက္ခတွေ၊ လူ့အခွင့်အရေး ပြဿနာတွေလို စိန်ခေါ်မှုတွေ ရှိနေတဲ့ အခြေအနေ တွေကိုလည်း အထူးကိုယ်စားလှယ် Yanghee Lee က နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အထွေထွေ ညီလာခံရဲ့ တတိယ ကော်မတီမှာ တင်ပြသွားခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ မနန္ဒာချမ်းက ဆက်ပြောပြပါမယ်။
ရွေးကောက်ပွဲတွေကို နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ လွတ်လပ်မျှတမှုရှိရှိ ကျင်းပသွားမယ်လို့ မြန်မာအစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်တို့က ကတိပြုပြောကြား ထားတဲ့အပေါ် ကြိုဆိုပေမဲ့ စိုးရိမ်စရာတွေ၊ စိန်ခေါ်မှုတွေ ရှိနေဆဲ ဖြစ်တဲ့အကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က အထွေထွေညီလာခံကို အစီရင်ခံစာ တင်သွင်းရာမှာ ပြောကြားခဲ့တာပါ။ ရွေးကောက်ပွဲကို နိုင်ငံတကာကပါ စောင့်ကြည့်လေ့လာခွင့် ပေးတာတွေလို အပြုသဘောဆောင်တဲ့ အစီအစဉ်တွေ တွေ့ရပေမဲ့လည်း ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ စိုးရိမ်စရာတွေ ရှိနေဆဲ ဖြစ်တယ်လို့လည်း မစ် Yanghee Lee က ပြောဆိုခဲ့ပါတယ်။
“ပြည်တွင်းပြည်ပက ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူတွေကို ဖိတ်ကြားခဲ့တဲ့အပေါ် ကြိုဆိုပေမဲ့လည်း ကိုယ့်မဲဆန္ဒနယ်မြေမှာ မဟုတ်တဲ့သူတွေ ကြိုတင်မဲ ပေးခွင့်နဲ့ ပတ်သက်လို့ မကြာသေးခင်တုန်းက ကြေညာခဲ့ရာမှာ၊ စစ်တပ်နဲ့ မိသားစုဝင်တွေ ကြိုတင်မဲပေးတဲ့အခါမှာတော့ စောင့်ကြည့်လေ့လာခွင့်ပေးမှာ မဟုတ်ဘူးလို့ ပြောခဲ့တာကတော့ စိတ်ပျက်စရာပါ။ ဒါဟာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကျမကို ကတိပေးထားတာနဲ့ ကွဲလွဲနေပါတယ်။”
ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းတွေ အလွဲလွဲအမှားမှား ဖြစ်နေတာဟာလည်း စိတ်ပျက်စရာကောင်းတဲ့ ကိစ္စအဖြစ် အထူးကိုယ်စားလှယ်က ပြောဆိုခဲ့ပါ တယ်။ လုံခြုံရေးအခြေအနေကြောင့် ရာနဲ့ချီတဲ့ မြို့နယ်တွေနဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲတွေ မကျင်းပဖို့ ကော်မရှင်က ဆုံးဖြတ်ခဲ့တဲ့ အပေါ်မှာလည်း စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။ ဒီလိုအခြေအနေအောက်မှာ ကျင်းပမယ့် ရွေးကောက်ပွဲက ထွက်ပေါ်လာမယ့် ရလဒ်တွေဟာ အများလက်ခံနိုင်စရာ မဖြစ်ဘူးဆိုရင် လည်း ရွေးကောက်ပွဲလွန် ကာလဟာ ပိုပြီးစိုးရိမ်စရာတွေ ကြုံရလိမ့်မယ်လို့ အထူးကိုယ်စားလှယ်က သတိပေးသွားခဲ့ပါတယ်။
“ရွေးကောက်ပွဲ ရလဒ်တွေအပေါ် ယုံကြည်လက်ခံမှုနဲ့ တရားဝင်မှုရှိတယ်လို့ အများက လက်မခံခဲ့ဘူး ဆိုရင်တော့ ရွေးကောက်ပွဲနောက်ပိုင်း၊ သမ္မတသစ်တဦး ရွေးချယ်ရာမှာ၊ အစိုးရသစ်တရပ် ဖွဲ့စည်းရာမှာ မတည်မငြိမ် အခြေအနေတွေ တင်းမာမှုတွေ ကြုံရနိုင်ပါတယ်။ ဒါကြောင့်လည်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း အနေနဲ့ အခြေအနေတွေကို အနီးကပ်စောင့်ကြည့်သွားဖို့ အလွန်ပဲ အရေးကြီးပါတယ်။”
ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းတွေအဖြစ် ယှဉ်ပြိုင်ကြမယ့်အထဲက မူဆလင် အများစု အပါအ၀င် ကိုယ်စားလှယ် ၆၀ ကျော်ကို နိုင်ငံသားဖြစ်-မဖြစ် ဆိုတဲ့အပေါ် အခြေခံပြီး ယှဉ်ပြိုင်ခွင့် ပယ်ဖျက်လိုက်တာကိုလည်း အထူးကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံ မှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင် လာတဲ့ ၄ နှစ်တာ ကာလအတွင်း လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်မှုတချို့ ရှိလာတာကို အထူးကိုယ်စားလှယ်က အသိအမှတ်ပြု ပြောဆိုခဲ့ပေမဲ့ ရွေးကောက်ပွဲကို နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ ပွင့်လင်းမြင်သာမှုရှိရှိ၊ ကျင်းပဖို့အပြင် နိုင်ငံရေးမှာ ဘာသာရေးကို ခုတုံးလုပ်လာနိုင်တဲ့ အန္တရာယ်တွေ ရှိနေတာဟာလည်း ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တဲ့အကြောင်း အလေးထား ပြောဆိုသွားပါတယ်။
“နိုင်ငံရေး ရည်ရွယ်ချက်နဲ့ ဘာသာရေးကို အသုံးမချဖို့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေက တားမြစ်ထားသလို၊ ဘာသာရေး အကြောင်းပြပြီး မဲဆွယ်တာတွေမလုပ်ဖို့ မြန်မာနိုင်ငံ ရွေးကောက်ပွဲ ဥပဒေတွေက တားမြစ်ထားပါတယ်။ ဒါပေမဲ့လည်း ဘာသာရေးခေါင်းဆောင်တွေနဲ့ နိုင်ငံရေး ပါတီတွေက လူနည်းစုတွေအပေါ် မုန်းတီးအောင် လှုံ့ဆော်တဲ့ စိတ်ပျက်စရာ လုပ်ရပ်တွေကိုလည်း ကျမလေ့လာစုံစမ်း သိရှိရပါတယ်။ လူနည်းစုတွေ အခွင့်အရေးအတွက် ကာကွယ်၊ ရပ်တည် ပြောဆိုကြတဲ့ အရပ်ဖက် လူမှုအသိုင်းအ၀ိုင်းကလူတွေ၊ နိုင်ငံရေးသမားတွေ၊ သတင်းထောက်တွေကို ခြိမ်းခြောက်နှောင့်ယှက်တယ်ဆိုတဲ့ သတင်းတွေလည်း ကြားရပါတယ်။”
အထွေထွေညီလာခံမှာ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်ကတော့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ မကြာသေးခင်တုန်းက အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့တာလို တိုးတက်မှုတချို့ ရှိတယ်ဆိုပေမဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုသူတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေကို ဖမ်းဆီးအရေးယူတာ၊ လူနည်းစု မူဆလင် ရိုဟင်ဂျာတွေအပေါ် ခွဲခြားဆက်ဆံတာတွေ ရှိနေတာဟာ အနှုတ်လက္ခဏာဆောင်တဲ့ လုပ်ရပ်တွေအဖြစ်နဲ့ ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တချိန်တည်းမှာပဲ ဒေသခံ အရပ်သားတွေကို အဓမ္မတ တပ်သားစုစောင်းတာ၊ စစ်ပေါ်တာဆွဲတာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို စိုးရိမ်ကြောင်းလည်း ပြောဆို သွားခဲ့ပါတယ်။
ပညာရေးဥပဒေ ပြင်ဆင်ပေးဖို့ ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြသူတွေကို လက်ပံတန်းမှာ အာဏာပိုင်တွေက အင်အားသုံး အကြမ်းဖက် ဖြိုခွင်းခဲ့ပြီး တချို့ကို သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထားတာနဲ့ မြန်မာသတင်းထောက်တွေဟာလည်း တရားစွဲဆိုခံနေရတဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာတွေကိုလည်း အထူးကိုယ်စားလှယ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒါ့အပြင် မကြာသေးခင်က မြန်မာစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို သရော်တဲ့ပုံတွေ Facebook မှာ ဖြန့်ဝေမှုနဲ့ တရားစွဲဆိုခံနေရတဲ့ ပက်ထရစ် ကွမ်ဂျာလီနဲ့ မချောစန္ဒီတို့ နှစ်ဦး ဖမ်းဆီးခံနေရတဲ့ကိစ္စကိုလည်း အထူးကိုယ်စားလှယ်က ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။ ဒီအတွက်လည်း ရွေးကောက်ပွဲအပြီး ထွက်ပေါ်လာမယ့် အစိုးရသစ်အနေနဲ့ နိုင်ငံရေး၊ လက်နက်ကိုင် ပဋိပက္ခတွေ သာမကပဲ လူ့အခွင့်အရေး ပြဿနာတွေကိုလည်း ဦးစားပေး ဖြေရှင်းဖို့ လိုမယ်လို့ တိုက်တွန်း ပြောကြားသွားပါတယ်။ ဒါ့အပြင် မစ် Yanghee Lee ဟာ ကြာသပတေးနေ့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မှာလည်း ဖြစ်ပါတယ်။

28.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဒေသ (၂) (ယခင် အမှတ် ၅ နယ်မြေ) ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၁၀) ဦးသည် အောက်တိုဘာလ (၂၆) ရက်နေ့ ညသန်းခေါင်ယံ အချိန်တွင် ငါးစကြူး ကျေးရွာသို့ သွားရောက်၍ ဦးမှန်ချီး (ဘ) ဦးအိုမောရ်ဟာကိမ်းကို ၎င်း၏ နေအိမ်မှ ဖမ်းဆီးခဲ့သည်။ ထို့နောက် ငါးစကြူးဈေးသို့ သွားရောက်၍ ဆိုင်တစ်ဆိုင်တွင် မိုဘိုင်းဖုန်း အားသွင်းနေသော Indicator မီးလင်းနေသည်ကို မြင်၍ ဆိုင်ထရံကို ဖောက်ထွင်းကာ နယ်ခြားစောင့်ရဲ တစ်ဦးက လက်တစ်ဖက်သွင်း၍ ဖုန်းကို ယူရန် ကြိုးစားနေစဉ် ဆိုင်ထဲတွင် အိပ်နေသည့် ဆိုင်ပိုင်ရှင် မာမတ်ဖိုင်ဆဲလ် (ဘ) ဦးနူရ်ဟာမိတ် နိုးလာပြီး သူခိုးထင်ကာ လက်ကို ဖမ်းဆွဲထားခဲ့သည်။
နယ်ခြားစောင့်ရဲက ၎င်း၏ လက်ကို အတင်းဆွဲထုတ်ကာ သေနတ်ပြောင်းတံကို ထိုးသွင်းသည့်အခါ ဆိုင်ပိုင်ရှင် ဖြစ်သူက သေနတ်မှန်း သိသွား၍ ထိတ်လန့် သွားခဲ့သည်။ ထိုအချိန်တွင် အခြားသော နယ်ခြားစောင့်ရဲ များက ဆိုင်တံခါးကို ကန်ကျောက် ပြိုဖျက်၍ ဆိုင်ထဲသို့ဝင်ကာ ဆိုင်ရှင်ကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ဆိုင်တွင် စုထားသည့် ငွေကျပ် နှစ်သိန်း ခြောက်သောင်းနှင့် သေတ္တာရှိ တစ်ရက်လုံး ရောင်းရငွေ ကျပ်သုံးသောင်းခန့်ကို လုယူသွားခဲ့သည့် အပြင် ဆိုင်ထဲမှ အချိုရည်ဘူး၊ ဆေးလိပ်ဘူး၊ မုန့်ထုပ် အချို့ (တန်ဖိုး အားဖြင့် ကျပ်ငါးသောင်းခန့်ရှိ) တို့ကိုလည်း လုယက် ယူသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
ဆိုင်ရှိ ကျန်ပစ္စည်းများကို ဆိုင်အပြင်ဘက်သို့ ထုတ်ယူလာပြီး မြေပြင် ဖြန့်ကြဲခဲ့သည်။ ထို့ပြင် ဆိုင်ရှင်၏ ဖုန်းထဲတွင် ဘင်္ဂလားဖုန်း နံပါတ် တွေ့ရှိသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီး ခေါ်ဆောင်သွားရာ မိသားစုများက သိရှိသွားပြီး လမ်းတစ်ဝက်တွင် ငွေကျပ် တစ်သိန်း ပေး၍ ပြန်လည် ရွေးယူခဲ့ရသည်ဟု ဒေသခံများက ပြောပါသည်။
ထို့နောက် နယ်ခြားစောင့်ရဲ များက ဦးမှန်ချီး ဆိုသူကို လမ်းတစ်လျှောက် ရိုက်နှက် ကန်ကျောက်၍ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဦးမှန်ချီးသည် ဆင်းရဲသား နေ့စား အလုပ်သမား တစ်ဦး ဖြစ်သည်။ ငါးစကြူး ကျေးရွာတွင် ဆောက်လုပ် နေသည့် တံတားတွင် နေ့စား အလုပ်လုပ် နေသူ ဖြစ်သည်။ အောက်တိုဘာလ (၂၆) ရက်နေ့ နေ့လည်တွင် တံတား၌ အလုပ်လုပ်နေစဉ် အနီးမှ ဖြတ်သန်း သွားသော လောင်းဒုံ ကျေးရွာသား တစ်ဦးနှင့် အငြင်းပွားမှု ဖြစ်ပွားခဲ့ပြီး ရိုက်နှက် ခဲ့သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခြင်း ဖြစ်ကြောင်း သိရသည်။ လောင်းဒုံ ကျေးရွာသားကို ရိုက်နှက်သူမှာ ဦးမှန်ချီး မဟုတ်ဘဲ တံတားတွင် အလုပ်လုပ်နေသည့် အခြား အလုပ်သမား တစ်ဦး ဖြစ်သည်။ သို့သော်လည်း နယ်ခြားစောင့်ရဲ များက ရိုက်နှက်သူနှင့် အတူ ဦးမှန်ချီးပါ ပါဝင်သည်ဟု စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။
အောက်တိုဘာလ (၂၈) ရက်နေ့ ညနေပိုင်းတွင် နယ်ခြားစောင့်ရဲ များက ဦးမှန်ချီးထံမှ ငွေကျပ် ၇ သိန်း ၅ သောင်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ဦးမှန်ချီးသည် ဆင်းရဲသား နေ့စား တစ်ဦး ဖြစ်သောကြောင့် နယ်ခြားစောင့်ရဲများ ညှစ်သည့်ငွေကို ရွာသားများ ထံမှ ချေးငှား၍ ပေးခဲ့ရသည်။ ငွေချေးငှားသူ များအား ပြန်လည် မဆပ်နိုင်ပါက အိမ်ခြံမြေကို ပေးပါမည်ဟု ကတိပေး၍ ချေးယူခဲ့ခြင်း ဖြစ်သည်။ နေ့စား အလုပ်သမား တစ်ဦး ဖြစ်သောကြောင့် ချေးယူထားသည့် ငွေကို ပြန်လည် ဆပ်နိုင်၍ အခြေအနေ မရှိဘဲ နေအိမ်မဲ့ ဘ၀သို့သာ ရောက်မည့် အခြေအနေတွင် ရှိနေသည်ဟု ဒေသခံများက ဆိုသည်။
အောက်တိုဘာလ (၂၆) ရက်နေ့တွင် အဆိုပါ နယ်ခြားစောင့်ရဲ များသည် ငါးစကြူး ကျေးရွာမှ ဦးမာမတ်ဆော်လာမ်၏ နေအိမ်သို့ ၀င်ရောက်ပြီး ဦးမာမတ်ဆော်လာမ်တို့ ညီအစ်ကို နှစ်ဦးကို ရှာဖွေရာ မတွေ့ရှိသဖြင့် နယ်ခြားစောင့်ရဲ များက ဦးမာမတ်ဆော်လာမ်၏ ညီမ ဖြစ်သူကို မေးမြန်းရာ၊ ညီမဖြစ်သူက သူမ မသိကြောင်း အမှန်အတိုင်း ဖြေဆိုသော်လည်း နယ်ခြားစောင့်ရဲ တစ်ဦးက သူမကို အကြောင်းမဲ့ ပါးနှစ်ချက် ရိုက်ခဲ့သည်။ အဆိုပါ နယ်ခြားစောင့်ရဲ များသည် နေ့စဉ် နေ့တိုင်း ရွာများသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာ များကို အမျိုးမျိုး လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ရိုက်နှက် ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။
MYARF
RB News
28.10.2015
RB News
28.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် အမှတ် (၁၈) န.စ.က စခန်းမှ) ရဲမှူး၏ ခိုင်းစေချက် အရ အောက်တိုလာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် နယ်ခြားစောင့်ရဲ အချို့သည် အင်းဒင်ဈေးသို့ သွားရောက်၍ ဈေးဝယ်ရန် ရောက်ရှိလာသော အင်းဒင် ကျေးရွာအုပ်စု အလယ်ရွာမှ မော်လ၀ီ တော်ယုဖ် (ဘ) မော်လ၀ီ အဒူလ်ဟာမိတ်ကို ရဲမှူးက မေးမြန်းရန် ရှိသည်ဟု ဆိုကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။
စခန်းသို့ ရောက်သည်နှင့် ရဲမှူးက “ငါခေါ်တာ မဟုတ်ဘူး၊ ဒေသမှူးနဲ့ ရဲမှူးချုပ်တို့ ခေါ်ခိုင်းလို့ ခေါ်ရတာ” ဟုဆိုကာ မောင်တောမြို့ပေါ်သို့ ပို့ဆောင်လိုက်ပြီး၊ ထိုမှတဆင့် ဘူးသီးတောင် အကျဉ်းထောင် ခြံဝင်းအတွင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အချုပ်ခန်းသို့ ပို့ဆောင် လိုက်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
မော်လ၀ီ တော်ယုဖ်အား မောင်တောမြို့ တောင်ပိုင်းတွင် သောင်းကျန်း လှုပ်ရှားနေသော အဒူလ်ဟာကိမ်းနှင့် အဖွဲ့အား ထမင်း ကျွေးခဲ့သည်၊ အင်တာနက်သို့ သတင်းပို့သည်၊ OIC နှင့် အဆက်အသွယ် ပြုလုပ်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခြင်း ဖြစ်သည်။ မော်လ၀ီ တော်ယုဖ်သည် ရိုးသား ဖြောင့်မတ်ပြီး ဘာသာရေး ကိုင်းရှိုင်းသူ တစ်ဦး ဖြစ်သောကြောင့် ရွာသားများက ကြည်ညို လေးစားကြသည်။
သို့ဖြစ်၍ ရွာသားများက မယုံကြည်၊ ကြည်ညို လေးစားခြင်း မရှိသော နယ်ခြားစောင့်ရဲ များ၏ တပည့် (ယခင် န.စ.က တပည့်ဟောင်း) ဖြစ်သူ ဦးဆော်ယာဒ်ဟူစိန်းက ရွာသားများ၏ ကြည်ညို ယုံကြည် လေးစားခြင်း ခံရသော မော်လ၀ီ တော်ယုဖ်ကို မကျေနပ်၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူးနှင့် ပူးပေါင်းကာ ယခုကဲ့သို့ လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးခိုင်းခြင်း ဖြစ်သည်ဟု ရွာသားများက ဝေဖန် ပြောဆိုနေကြသည်။
MYARF
RB News
28.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ယခင် အမှတ် (၅) နယ်မြေ (ယခု ဒေသ ၂) ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ (၁၂) ဦးသည် အောက်တိုဘာလ (၁၈) ရက်နေ့ နေ့လည် ၂ နာရီကျော် အချိန်တွင် ဦးရှည့်ကျ ကျေးရွာသို့ သွားရောက်၍ ဦးဟာလာဘော်ဒါ (ဘ) ဦးဂူလာမ်ဘာရီ (အသက် ၄၀ နှစ်) ၏ နေအိမ်ကို ၀န်းရံ၍ ဦးဟာလာဘော်ဒါနှင့် ၎င်း၏ နေအိမ်သို့ ကိစ္စတစ်ခုဖြင့် ရောက်ရှိနေသော အာရှောဇာမာ (ဘ) ဦးဟာရွန် (အသက် ၂၅ နှစ်) တို့ကို ဘင်္ဂလားဖုန်း မိသည်ဟု လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
အမှန်တကယ်တွင် ၎င်းတို့နှစ်ဦးထံမှ MPT ဖုန်းများသာ ရရှိခဲ့ခြင်း ဖြစ်ပြီး၊ ဘင်္ဂလားဖုန်း တွေ့ရှိခဲ့သည်ဟု လုပ်ကြံခဲ့ခြင်း ဖြစ်သည်။ စခန်းသို့ ရောက်သည်နှင့် နှစ်ဦး စလုံးကို လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ဦးဟာလာဘော်ဒါ၏ ဦးခေါင်းမှ ဆံပင်များ ဆွဲနုတ်ခဲ့သည်။ ၎င်းတို့ နှစ်ဦးစလုံးကို နှစ်ရက်ကြာ ချုပ်နှောင် ထိန်းသိမ်း ထားပြီး အောက်တိုဘာလ (၂၁) ရက်နေ့တွင် ငွေကျပ် ၁၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အဆိုပါ နယ်ခြားစောင့်ရဲ များသည် အောက်တိုဘာလ (၂၅) ရက်နေ့ ည ၇ နာရီ အချိန်တွင်လည်း ဦးရှည့်ကျ ကျေးရွာသို့ ထပ်မံ သွားရောက်ပြီး ရော်ရှီဒူလ္လာ (ဘ) ဦးမာမတ်အာလောမ် (အသက် ၁၅ နှစ်) ကို MPT ဖုန်းတစ်လုံးဖြင့် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ၎င်းကိုလည်း ဘင်္ဂလားဖုန်း မိသည်ဟု လုပ်ကြံ၍ အောက်တိုဘာလ (၂၆) ရက်နေ့တွင် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်ဟု ဒေသခံများက ပြောပါသည်။
ငါးခူရ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ထိုကဲ့သို့ မကြာခဏ လုပ်ကြံ၍ ငွေညှစ်လေ့ ရှိပြီး၊ ဒေသခံ ရိုဟင်ဂျာ အချို့ကို MPT ဖုန်းများမှာ တိုင်းရင်းသားများသာ သုံးစွဲခွင့် ရှိပြီး၊ ဘင်္ဂလီများ အတွက် မဟုတ်၊ ဘင်္ဂလီများမှာ ဖုန်းနှင့် ထိုက်တန်ခြင်း မရှိဟု စော်ကား ပြောဆိုလေ့ ရှိသည်ဟု ဒေသခံများ ပြောပါသည်။
MYARF
RB News
28.10.2015
RB News
28.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ခမောင်းဆိပ် ကျေးရွာ အခြေစိုက် ခမရ (၃၅၂) တပ်ရင်းက ရေနောက်ငါးသား ကျေးရွာနှင့် တမန်းသား ကျေးရွာ များမှ သစ်လုံးများကို ၎င်းတို့ စခန်းရှိရာ ခမောင်းဆိပ် ကျေးရွာသို့ သယ်ဆောင်လျက် ရှိသည်။
ထိုသို့ သယ်ယူရာတွင် အောက်တိုဘာလ (၂၅) ရက်နေ့တွင် အောက်ဖော်ပြပါ ဒေသခံ (၄) ဦးကို တမန်းသား ဈေးသို့ အသွား လမ်းတ၀က်မှ အတင်းခေါ်ယူကာ ကားအပြည့် သစ်လုံးများ တင်ခိုင်းခဲ့သည်။ သစ်လုံးများ တင်ခိုင်းရန် ခေါ်သည့် အချိန်တွင် တင်ပေးရန် ငြင်းဆိုသောကြောင့် တပ်ရင်းမှ ဗိုလ်ကြီး တစ်ဦး အပါအ၀င် စစ်သား (၅) ဦးတို့က လူမဆန်စွာ ၀ိုင်း၍ ထိုးကြိတ် ရိုက်နှက်ပြီးနောက် နောက်ဆုံးတွင် ငွေကျပ် ငါးထောင်စီ - စုစုပေါင်း ငွေကျပ် နှစ်သောင်းကို ဒဏ်ငွေဟု ဆိုကာ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
သစ်လုံးတင်ပေးခဲ့ရပြီး ငွေကျပ် ငါးထောင်စီ ညှစ်ခံရသူများမှာ --
(၁) ဦးနူရ်ကာမာလ် (ဘ) ဦးအာဇ်မောလ်ဟူစိန်း - နတ်ချောင်း လောင်းဘုတ်ရွာမှ
(၂) ဦးခါလာဒ်ဟူစိန်း (ဘ) ဦးရော်ရှိတ်အာမတ် - သက်ကိုင်ညာ လောင်းဘုတ်ရွာမှ
(၃) ဦးရာဟ်မောတ်အာမီးန် (ဘ) ဦးအဒူဆော်လာမ် - သက်ကိုင်ညာ လောင်းဘုတ်ရွာမှ
(၄) ဦးဖော်အီဇူလ္လာ (ဘ) ဦးနူရ်အာလောမ် - သက်ကိုင်ညာ လောင်းဘုတ်ရွာမှ -- တို့ဖြစ်သည်။
MYARF
RB News
28.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာနှင့် လှဖိုးခေါင် ကျေးရွာ ကြားရှိ တံတားကင်းစခန်းမှ နယ်ခြားစောင့်ရဲ များက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို မတရားသဖြင့် ရိုက်နှက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
အောက်တိုဘာလ (၂၃) ရက်နေ့တွင် နူရ်မာမတ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၁၇ နှစ်) သည် ကျောက်ပြင်ဆိပ် ကျေးရွာမှ လှဖိုးခေါင် ကျေးရွာသို့ သွားနေစဉ် နယ်ခြားစောင့်ရဲ များက ခေါ်ယူ စစ်ဆေးပြီး အပြစ် တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ၎င်းအား အကြောင်းမဲ့ ရိုက်နှက်ကာ ငွေအစား ကြက်ဖ တစ်ကောင် ညှစ်ယူခဲ့သည်။
အောက်တိုဘာလ (၂၄) ရက်နေ့တွင်လည်း ကျောက်ပြင်ဆိပ်ရွာမှ အဒူလ္လာ (ဘ) ဦးမာမတ်ဟူစိန်း (အသက် ၁၂ နှစ်) နှင့် အာယာစ် (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၁၂ နှစ်) တို့သည် ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားစဉ် နယ်ခြားစောင့်ရဲ များက စခန်းထဲသို့ ခေါ်သွင်းကာ စစ်ဆေး ရိုက်နှက်၍ ငွေအစား ဆေးလိပ် နှစ်ဘူး ညှစ်ယူခဲ့သည်။ အဆိုပါ နယ်ခြားစောင့်ရဲများသည် ထိုကဲ့သို့ နေ့စဉ် နေ့တိုင်း ဒေသခံများကို ရိုက်နှက်၍ ငွေညှစ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
RB News
28.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကင်းစခန်းမှူး ဒုရဲအုပ် မိုးသက်ဝသန်သည် အောက်တိုဘာလ (၈) ရက်နေ့တွင် ကျောင်းတောင်ရွာမှ မြို့နယ် ကျန်းမာရေးဌာနမှ တရားဝင်လိုင်စင်ဖြင့် ဆေးဆိုင်ရောင်းသူ ဦးအေနာမ်အုလ္လာ (ဘ) ဦးဟာရွန် အား တရားမ၀င် ဆေးထိုးသည်ဟု စွပ်စွဲကာ နေအိမ်မှ ဖမ်းဆီးပြီး စခန်းသို့ ခေါ်ဆောင်သွားကာ ငွေကျပ် ၃ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အောက်တိုဘာလ (၁၆) ရက်နေ့နှင့် (၁၇) ရက်နေ့ ညများတွင်လည်း ရှောင်တခင် စစ်ဆေးမည်ဟု အကြောင်းပြ၍ ကျောင်းတောင် ကျေးရွာအုပ်စု တောင်ရွာသို့ သွားရောက်ကာ ဒေသခံ ရွာသား (၆) ဦး၏ နေအိမ်များသို့ ၀င်ရောက် စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးရာတွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း အိမ်များ ပြုပြင် ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
ငွေကျပ် ၅ သောင်းစီ ညှစ်ခံရသူများမှာ --
(၁) မော်လ၀ီ အဒူလော်တီ (ဘ) ဦးအဒူလာကိမ်း
(၂) ဦးအဒူရှုကူရ် (ဘ) ဦးအဒူဂေါ်ဖူရ်
(၃) ဦးနူရ်ဟူဆောင်း (ခ) ဦးခေါ်လျှာ (ဘ) ဦးနူရ်မာမတ်
(၄) ဦးမာမတ်ဟူစိန်း (ဘ) ဦးမူဘာရက်
(၅) ဦးဇော်ကရီ (ဘ) ဦးအဘာစ်
(၆) ဦးအိဒိရိစ် (ဘ) ဦးနော်ဘီဟူစိန်း -- တို့ဖြစ်သည်။
ရှောင်တခင် စစ်ဆေးရေး အဖွဲ့ကို စစ်တပ်မှ စစ်ကြောင်းမှူး ဦးဆောင် စစ်ဆေးနေသည်ကို သိရပြီး ကင်းစခန်းမှူး ဒုရဲအုပ် မိုးသက်ဝသန်နှင့် မသက်ဆိုင်သော်လည်း ငွေညှစ်ရန် ရည်ရွယ်၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
27.10.2015
မြန်မာနိုင်ငံမှာ အစိုးရက ရိုဟင်ဂျာ မွတ်စလင်တွေ အပေါ် လူမျိုးတုန်း သတ်ဖြတ်မှု လို့ ခေါ်နိုင် လောက်တဲ့ ပြစ်မှုကြီး ဆင်နွှဲခဲ့တဲ့ အထောက် အထားတွေကို Al Jazeera သတင်း ဌာနက ရရှိထားတယ်လို့ အမေရိကန်ပြည်ထောင်စု ကမ္ဘာကျော် ယေးလ်တက္ကသိုလ် က ကြေညာ လိုက်ပါတယ်။
Al Jazeera ရဲ့ စုံစမ်း ထောက်လှမ်းရေး ဌာနခွဲ နဲ့ Fortify Rights လူ့အခွင့်အရေး အဖွဲ့ တို့က ရှာဖွေထားတဲ့ အချက်အလက် တွေကို ယေးလ် တက္ကသိုလ် ဥပဒေဌာနက အချိန်ကာလ ရှစ်လကြာ လေ့လာ ပြီးတဲ့နောက် အခုလို ကြေညာတာပါ။
ရိုဟင်ဂျာတွေ အပေါ် လုပ်ခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ နိုင်ငံရေးသမားတွေ ပြောဆိုခဲ့ကြတဲ့စကားတွေကို ကြည့်ရင် လူမျိုးတုန်း သတ်ဖြတ်မှု မဟုတ်ဘူးလို့ ပြောဖို့ရာ အင်မတန် ခက်ခဲပါတယ်လို့ ဆိုပါတယ်။
နိုင်ငံရေး အကျိုးအမြတ် ရရှိဖို့ အတွက် အစိုးရက လူမျိုးရေး အကြမ်းဖက်မှုတွေ ပေါ်ပေါက်အောင် ဖန်တီးခဲ့ကြောင်း၊ မွတ်စလင်တွေကို မြန်မာ လူမျိုးတွေ ကြောက်အောင် အမုန်းစကားတွေ ထုတ်လွှင့်ခဲ့ကြောင်း၊ ပြီးတော့ အစိုးရ ခေါင်းဆောင်တွေ အများထောက်ခံမှု ရရှိစေဖို့ ဗုဒ္ဓဘာသာ အဖွဲ့အစည်း တချို့ကို ငွေကြေးထောက်ပံ့ တွန်းအားပေးခဲ့ကြောင်း အထောက်အထားတွေ အခိုင်အလုံ တွေ့ရတယ်လို့ Al Jazeera က ဆိုပါတယ်။
အခု ရွေးကောက်ပွဲလုပ်မယ့်အချိန်မှာလဲ အာဏာရ ပြည်ခိုင်ဖြိုးပါတီက ရိုဟင်ဂျာတွေကို ပစ်မှတ်ထားပြီး မွတ်စလင်တွေကို ဖယ်ထုတ်ထားတာကို လျှိ့ဝှက် စာရွက်စာတမ်းတွေ အရရော မျက်မြင်သက်သေတွေရဲ့ပြောပြချက်တွေအရပါ သိရှိထားတယ်လို့ Al Jazeera သတင်းဌာနက ပြောပါတယ်။ သူတို့ အနေနဲ့ သမ္မတရုံးနဲ့ အစိုးရ အရာရှိတွေကို မေးမြန်းနိုင်ဖို့ ဆက်သွယ်ရာမှာ ဘယ်လိုမှ တုန့်ပြန်မှု မရဘူးလို့လဲ Al Jazeera ကပြောပါတယ်။

26.10.2015
ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် စေတီပြင် ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်း (၅၅၁) ၏ တပ်စခန်းခွဲမှ ဗိုလ်ကြီးမင်းမျိုးသန်း အပါအ၀င် တပ်မတော်သား (၄) ဦးသည် အောက်တိုဘာလ (၂၄) ရက်နေ့ ည ၆ နာရီခန့် အချိန်တွင် ပါးလီး ကျေးရွာအုပ်စု၊ သပြေတောရွာသို့ သွားရောက်၍ ဦးရှာကဲရ် (ဘ) ဦးကာလာမျာကို MPT ဖုန်းတစ်လုံးနှင့် နေအိမ်မှ ဖမ်းဆီးပြီး ကျေးရွာ တာဝန်ခံ ဦးဂျူဟာရ်၏ နေအိမ်သို့ ခေါ်ဆောင် သွားခြ့သည်။ ထို့နောက် မော်လ၀ီ ဇူဘိုင်ရ်နှင့် မော်လ၀ီ အာရောဖ် အုလ္လာ တို့ကိုလည်း ကျေးရွာ တာဝန်ခံ၏ နေအိမ်သို့ ခေါ်ဆောင် လာကာ နိုင်ငံခြားမှ အထောက်အပံ့ ရရှိသောကြောင့် ငါတို့ကို အကူအညီ ပေးရမည်ဟု ဆိုကာ ငွေကျပ် ငါးသောင်းစီ တောင်းခံခဲ့သည်။
၎င်းတို့နှစ်ဦးက မည်သည့် အထောက်အပံ့မှ ရရှိခြင်း မရှိ၍ ငွေမပေးချင်သော်လည်း စစ်သားများ၏ ခြိမ်းခြောက်မှုကြောင့် နောက်ဆုံးတွင် ငွေကျပ် ၄ သောင်းစီ ပေးခဲ့ရသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။
ထို့နောက် ဦးရှာကဲရက်ကို ဘင်္ဂလားဖုန်း မိသည်ဟု လုပ်ကြံ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူပြီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။
အောက်တိုဘာလ (၂၅) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ ဗိုလ်ကြီးက စေတီပြင် ကျေးရွာ အနီးတ၀ိုက်ရှိ ကျေးရွာများမှ ဒေသခံ အချို့ကို စခန်းသို့ ခေါ်လာကာ နိုင်ငံခြားမှ အထောက်အပံ့ ရရှိသောကြောင့် ငါတို့ကို ငွေပေးရမည်၊ မပေးလျှင် ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်၍ ငွေညှစ်ခဲ့သည်။
ငွေညှစ်ခံရသူများမှာ --
(၁) မော်လ၀ီ ဖော်ယာဇူရာမန် - အထက်နန်းရာ ကျေးရွာ (ဘော်ရ်ဘိလ်ဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၂) မော်လ၀ီ နူရူလ်အာမီးန် - သင်္ဂနားကျေးရွာမှ - ညှစ်ခံရငွေကျပ် နှစ်သောင်းငါးထောင်
(၃) မော်လ၀ီ အမ်ဒါဒူလ္လာ - သင်္ဂနားကျေးရွာမှ - ညှစ်ခံရငွေကျပ် နှစ်သောင်းငါးထောင်
(၄) ဦးကေဖာယာဒ်အုလ္လာ - အထက်နန်းရာ ကျေးရွာ (ဘော်ဘိလ်ဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၅) မော်လ၀ီ အဒူရှုကူရ် - အောက်နန်းရာ ကျေးရွာ (ရာဇာဘိလ်) မှ - ညှစ်ခံရငွေကျပ် တစ်သိန်း
(၆) မော်လ၀ီ အာတာအုလ္လာ - အောက်နန်းရာ ကျေးရွာ (ရာဇာဘိလ်) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၇) ဦးဇာဟိတ်ဟူစိန်း - စေတီပြင် ကျေးရွာ (ခွိုင်တောင်ဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၈) မော်လ၀ီ အာဖ်ဒူလ္လာ - ချင်းရွာ (ဆိရိပါရင်) မှ - ညှစ်ခံရငွေကျပ် သုံးသောင်း
(၉) ဟာဂျီ ဦးရှော်မ်ရှူ - ချင်းရွာ (ဆိရိပါရင်) မှ - ညှစ်ခံရငွေကျပ် သုံးသောင်း
(၁၀) မော်လ၀ီ အာလီအာဘောရ် - ပြင်းတောင် ကျေးရွာ (တေးရာခါရာဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း
(၁၁) ဦးအဒူဆော်တောရ် - ပြင်းတောင် ကျေးရွာ (တေးရာခါရာဖာရာ) မှ - ညှစ်ခံရငွေကျပ် ငါးသောင်း -- တို့ဖြစ်သည်။
ဆက်လက်၍ ဗိုလ်ကြီးမင်းမျိုးသန်းက ရသေ့တောင် မြို့နယ်ရှိ အခြား ကျေးရွာများတွင်လည်း ထိုသို့ အထောက်အပံ့ ရရှိနေသူများ ရှိသောကြောင့် ၎င်းတို့ကိုလည်း ခေါ်ယူရမည်ဟု ပြောကြားခဲ့သည်။ ထိုသို့ ငွေညှစ်ရန် မဟုတ်မမှန် လုပ်ကြံ သတင်းပေးသူ များမှာ အောက်နန်းရာ ကျေးရွာမှ ဦးမော်ဂုလ်အာမတ်၏ သားများ ဖြစ်သော ဂျောမိလ်အာမတ် (ခ) မောင်ဖြူ၊ မုစ်တာခ်အာမတ် (ဘ) မောင်မောင် နှင့် ပြင်းတောင် ကျေးရွာမှ အဒူဘာဆဲရ် တို့ဖြစ်သည်။ ၎င်းတို့သည် နံနက် နေထွက်ချိန်လောက်တွင် စခန်းသို့ ထွက်သွားပြီး ည ၁၀ နာရီလောက်မှသာ နေအိမ်များသို့ ပြန်လာလေ့ ရှိသည်။
အောက်တိုဘာလ (၂၅) ရက်နေ့တွင်လည်း ဂျော်မိလ်အာမတ် (ဘ) မောင်ဖြူက အောက်နန်းရာ ကျေးရွာမှ ဦးမော်ဂုလ်အာမတ်၏ သား မုစ်တာခ်အာမတ် (အသက် ၁၅ နှစ်) က အမျိုးသမီး တစ်ဦးနှင့် ဖောက်ပြန် နေသည်ဟု လုပ်ကြံတိုင်တန်း၍ ၎င်းကလေးကို ဖမ်းဆီး စေခဲ့သည်။ ဗိုလ်ကြီးမင်းမျိုးသန်းက အဆိုပါ ကလေးကို ပြန်လည် လွှတ်ပေးရန် ငွေကျပ် နှစ်သိန်း တောင်းခံလျက်ရှိရာ ဆင်းရဲသည့် မိဘများက ငွေကြေး မတတ်နိုင်သဖြင့် ယခုထိ ချုပ်နှောင် ခံထားရကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
25.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ မြင်းလွတ် ကျေးရွာအုပ်စု ဇုမ်ကာရာ ရွာသား တစ်ဦးသည် စက်တင်ဘာလ (၂၁) ရက်နေ့၌ ကုရ်ဘာနီ အီးဒ် နွားရောင်း ပွဲတော်တွင် ရောင်းချရန် ယူလာခဲ့သည့် နွားတစ်ကောင် ပျောက်ဆုံးခဲ့သည်။ ၎င်းနွားကို ကျောက်ပန္ဒူ ကျေးရွာအုပ်စု စေတီပြင် ရွာသားများ ဖြစ်သော (၁) ဦးအဒူလာကိမ် (ဘ) ဦးဟိုင်ဘူလ္လာ (၂) ဦးဇော်ကော်ရီ (ဘ) ဦးမူဆာအလီ (၃) ဦးမာမတ်အာလောမ် (ဘ) ဦးနူရ်မာမတ် (၄) ဦးရှောမ်ရှုအာလောမ် (ဘ) ဦးအာဘူလ်ဟာရှိမ် (၅) ဦးရော်ရှိဒူလ္လာ (ဘ) ဦးလာလ်မျာ တို့က ရရှိခဲ့သည်။ ၎င်းတို့က နွားပိုင်ရှင်ကို ရှာဖွေ၍ နွားကို ပြန်မပေးဘဲ ၎င်းတို့ (၅) ဦးထဲမှ ဦးမာမတ်အာလောမ် (ဘ) ဦးနူရ်မာမတ်ကို ငွေကျပ် ၃ သိန်းဖြင့် ရောင်းချခဲ့သည်။ ဦးမာမတ်အာလောမ်က ထိုနွားကို ၎င်း၏ ယောက္ခမအိမ်တွင် ချည်နှောင် ထားခဲံသည်။
နွားရောင်းရသော ငွေကျပ် ၃ သိန်းကို ၎င်းတို့ ၅ ဦးက မျှဝေ စားသုံးခဲ့သည်။ ထို့နောက် အောက်တိုဘာလ (၁၆) ရက်နေ့တွင် နွားပိုင်ရှင် ဖြစ်သူက အဆိုပါ (၅) ဦးအဖွဲ့တို့က နွားရရှိခဲ့သည်ကို သိရှိသွားပြီး ၎င်းတို့ထံ သွားရောက်၍ နွားပြန်ပေးရန် တောင်းခံခဲ့ရာ ၎င်းတို့က နွားပြန် မပေးသောကြောင့် ကျောက်ပန္ဒူရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ လှုပ်ရှား စခန်းသို့ တိုင်တန်းခဲ့သည်။
နယ်ခြားစောင့်ရဲ များက နွားရရှိခဲ့သူ (၅) ဦးကို စခန်းသို့ လာရောက်ရန် ခေါ်ခဲ့သော်လည်း လာရောက်ရန် ပျက်ကွက် သဖြင့် အောက်တိုဘာလ (၁၈) ရက်နေ့နှင့် (၁၉) ရက်နေ့ ညများတွင် နယ်ခြားစောင့် ရဲများက ၎င်းတို့၏ နေအိမ်များသို့ သွားရောက်၍ ဖမ်းဆီးရန် ရှာဖွေရာ ဦးရှောမ်ရှုအာလောမ်နှင့် ဦးမာမတ်အာလောမ်တို့ နှစ်ဦးကို ဖမ်းဆီးရမိသော်လည်း ကျန်သုံးဦးကို မတွေ့ရှိခဲ့ပေ။ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးထံမှ ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ နောက်နေ့ နံနက်ပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း နွားကိုမူ စခန်းတွင် ထိန်းသိမ်းထားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။
အောက်တိုဘာလ (၁၉) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲ များက ဦးအဒူလာကိမ် (ဘ) ဦးဟိုင်ဘူလ္လာ၏ နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ရာ မတွေ့ရှိခဲ့သဖြင့် ၎င်း၏ (၁၆) နှစ် အရွယ် သမီးပျိုကို လက်ထိပ်ခတ်၍ နယ်ခြားစောင့်ရဲ နှစ်ဦးမှ တစ်ဦးက လက်မောင်းနှစ်ဖက်ကို ဆွဲကိုင်ပြီး၊ နောက်တစ်ဦးက လည်ပင်းကိုကိုင်ကာ ရာဇ၀တ်ကောင် သဖွယ် စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ သုံးနာရီခန့် အကြာတွင် အဆိုပါ မိန်းကလေးကို နေအိမ်သို့ ပြန်လည် ပို့ပေးခဲ့သည်။
တိမ်းရှောင်နေသူ များကို မတွေ့ရှိသဖြင့် နွားရောင်းစားခဲ့သည့် လူ (၅) ဦး၏ လုပ်ဖော်ကိုင်ဖက် (၅) ဦးကို အဆိုပါ နွားကိစ္စတွင် ပါဝင် ပတ်သက်နေသည်ဟု လုပ်ကြံ၍ အောက်တိုဘာလ (၁၉) ရက်နေ့ ညတွင် ဖမ်းဆီးပြီး ငွေညှစ်ခဲ့သည်။
ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ --
(၁) ဦးအီလီယာစ် (ဘ) ဦးဟိုင်ဘူလ္လာ (ညှစ်ခံရငွေကျပ် နှစ်သောင်း)
(၂) ဦးမာမတ်အာလောမ် (ဘ) ဦးကာမာလ် (ညှစ်ခံရငွေကျပ် နှစ်သောင်း)
(၃) ဦးဇီယာဘူရာမန် (ဘ) ဦးအီမာန်ဟူစိန်း (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၄) ဦးဆော်လီမူလ္လာ (ဘ) ဦးမာမတ် (ညှစ်ခံရငွေကျပ် တစ်သိန်း)
(၅) ဦးဆုလ်တာန်အာမတ် (ဘ) ဦးအီဆုဖ် (ညှစ်ခံရငွေကျပ် တစ်သိန်း) -- တို့ဖြစ်သည်။
နွားရောင်းစားသည့် ငါးဦးမှ သုံးဦးကို နယ်ခြားစောင့်ရဲ များက မဖမ်းဆီးနိုင်ခဲ့သော်လည်း မိသားစုများကို ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့သည်။
နွားပိုင်ရှင်ထံ နွားကို ပြန်လည် ပေးအပ်ခဲ့သော်လည်း နယ်ခြားစောင့်ရဲ များက ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။
MYARF
RB News
24.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ပဒကား ဒေ၀ါနာလီ (ခ) နတ်ချောင်း ကျေးရွာအုပ်စု အခြေစိုက်၊ ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း လက်အောက်ခံ ကင်းစခန်းမှ ကင်းစခန်းမှူး ဖြစ်သူ ဒုရဲအုပ် စိုးစိုးသည် အောက်တိုဘာလ (၁၇) ရက်နေ့တွင် ယင်းရွာမှ ဦးကေဖာယောတ် အူလ္လာ (ဘ) မော်လ၀ီ နူရ်အာလောမ်ကို ဆိုင်ကယ် မှောက်သည်ဟု စွပ်စွဲ၍ အမှုဖွင့် အရေးယူမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် သုံးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။
အဆိုပါ ဒုရဲအုပ်စိုးစိုးသည် ဒေသခံ ရိုဟင်ဂျာများကို မကြာခဏ လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်လေ့ ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
24.10.2015
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သပြေတော ကျေးရွာအုပ်စုမှ ဟာဖီးဇ် ဇာရိုလ္လာ (ဘ) မော်လ၀ီ ဆော်လီမူလ္လာ (အသက် ၂၁ နှစ်) သည် ယနေ့ အောက်တိုဘာလ (၂၄) ရက်နေ့ နံနက်ပိုင်းတွင် မောင်တော မြို့ပေါ်သို့ ဈေးဝယ်ရန် သွားရောက်ခဲ့သည်။
နေ့လည် ၁၂ နာရီခန့် အချိန်တွင် မောင်တော မြို့မ ရဲစခန်းမှ ရဲများက ၎င်းအား ကညင်တန်း ဈေးမှ ဖမ်းဆီးပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်ပြီး ပြန်လာနေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ထောင်ချမည်ဟု ခြိမ်းခြောက်ကာ ငွေကျပ် နှစ်သိန်း ငါးသောင်း အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဟာဖီးဇ် ဇာရိုလ္လာတွင် ငွေကျပ် နှစ်သိန်း ငါးသောင်း မရှိ၍ ဆွေမျိုးသားချင်း ထံမှ ချေးငှား၍ ရဲများကို ပေးခဲ့ရသည်ဟု ဆိုသည်။
ဓါတ်ပုံသတင်း
- စစ်သားများက ပစ်ခတ်သတ်ဖြတ်ပြီး အစုလိုက်အပြုံလိုက် မြှပ်လိုက်သည့် ကျင်းတစ်ကျင်း ရှာဖွေတွေ့ရှိ
- ဟောလိဝုဒ် မင်းသား Matt Dillon ရဲ့ ရိုဟင်ဂျာ အရေး ရှင်းလင်းပွဲ
- ရိုဟင်ဂျာများ သိထိုက်သော သမိုင်း ဖြစ်ရပ်မှန်များ (အပိုင်း ၄)
- မောင်တောမြို့ မြင့်လွတ်ရွာ၌ အလောင်း ၆ လောင်း ရှာတွေ့
- ဘူးသီးတောင် သိမ်တောင်ပြင်တွင် ကျေးရွာတာဝန်ခံနှင့် အာဏာပိုင်များ၏ လက်ကိုင်တုတ်တစ်ဦးတို့ ပူးပေါင်း၍ တဖက်နိုင်ငံရောက် ဒုက္ခသည်တစ်ဦး၏ အိမ်နှင့် ခြံမြေကို အခြားတစ်ဦးကို ရောင်းချ
- ရာမူး(ကော့ဘ်ဘဇား) အရေး-ချက်ချင်းထိန်းချုပ်ရန် မြန်မာမွတ်ဆလင်တန်းတူညီမျှအခွင့်အရေး လှုပ်ရှားမှု အဖွဲ့ မေတ္တာရပ်ခံ
- ကော့သောင်းမြို့အနီး စက်လှေပေါ်မှ ခုန်ချခဲ့သည့် ရိုဟင်ဂျာ (၁၀) ဦး အသက်အန္တရာယ် စိုးရိမ်နေရ
- ငွေညှစ်မှု တိုင်တန်း ထားသူ တစ်ဦးကို ရုံးချိန်းရက်တွင် ရဲကဖမ်းဆီး၍ ချုပ်နှောင်ထား
- ရခိုင် အစွန်းရောက် ထွန်းမင်းနိုင်က ရိုဟင်ဂျာပိုင် ပစ္စည်များ ဖျက်ဆီး၊ ရိုက်နှက် သောင်းကျန်း
- သက်ဆိုင်ရာ ၀န်ကြီးများ၏ လွှတ်တော် အတွင်း မေးခွန်းများ ရှင်းလင်း ဖြေကြားချက် အပေါ် သုံးသပ်ချက် (အပိုင်း ၃)
ဂျီနိုဆိုက်ဆိုတာဘာလဲ?
ဒေါက်တာဇာနည် ရှင်းပြသည့် ရိုဟင်ဂျာ