နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
30.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် လှဖိုးခေါင် ကျေးရွာမှ ဦးလာလ်မျာ၏ ဇနီး ဒေါ်ဟာမီဒါ (အသက် ၄၇ နှစ်) သည် ဆီးချို ရောဂါ ဝေဒနာ ခံစားနေရသူ တစ်ဦး ဖြစ်ပြီး နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ၀မ်းပျက် ၀မ်းလျှော ဝေဒနာ ခံစားနေရသည့် အတွက် ဇင်ပိုင်ညာဈေးတွင် ရမ်းကု ဆေးခန်း ဖွင့်လှစ် ထားသော နူရ်အာမီးန် ထံသို့ သွားရောက်၍ ဆေးဝါး ကုသမှု ခံယူခဲ့ရာ၊ ရမ်းကု နူရ်အာမီးန်က ဆေးတစ်လုံး ထိုးပေးခဲ့သည်။ ဆေးထိုးခံပြီးနောက် အိမ်အပြန် လမ်းတစ်ဝက်တွင် ဒေါ်ဟာမီဒါ သေဆုံး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

လှဖိုးခေါင် ကျေးရွာမှပင် အမည်တူ ဒေါ်ဟာမီဒါ (အသက် ၅၀ နှစ်) သည် ဒီဇင်ဘာလ (၅) ရက်နေ့တွင် ရင်တုန်၍ မောပန်း နေသောကြောင့် ကျောက်လှေကား ရွာသစ်မှ သားမက် ဖြစ်သူ မာမတ်အီလီယာစ်၏ နေအိမ်တွင် သွားရောက် တည်းခို၍ ဇင်ပိုင်ညာဈေးရှိ ရမ်းကု နူရ်အာမီးန် ထံတွင် ဆေးဝါးကုသမှု ခံယူရန် သွားရောက်ခဲ့သည်။ ဆေးခန်းသို့ ရောက်ချိန်တွင် ရမ်းကု နူရ်အာမီးန် မရှိသဖြင့် လက်ထောက် ဖြစ်သူက ဆေးထိုးပေးခဲ့သည်။ ဆေးထိုးပေးပြီးနောက် လူနာ၏ အခြေအနေမှာ ပိုမို ဆိုးရွားလာသဖြင့် ည ၁၀ နာရီ အချိန်တွင် ရမ်းကု နူရ်အာမီးန် ကိုယ်တိုင် ထပ်မံ၍ ဆေးတစ်လုံး ထိုးပေးခဲ့သည်။ ဆေးထိုးပေးပြီး နှစ်နာရီ အကြာတွင် လူနာဖြစ်သူ သေဆုံး သွားခဲ့သည်။ အသည်းရောဂါ ဝေဒနာ ခံစားနေရသူကို မလိုအပ်ဘဲ ဆေးထိုးပေးခြင်းကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ယူဆကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။ 

ဒီဇင်ဘာလ (၆) ရက်နေ့က လှဘော်ဇား ကျေးရွာမှ မဆော်မီရာ (အသက် ၂၂ နှစ်) သည် ကိုယ်ဝန်ဆောင် နေချိန်တွင် တစ်ကိုယ်လုံး ဖော်ယောင် နေသဖြင့် ဆေးကုသမှု ခံယူရန် ရမ်းကု မာမတ်နူရ် (ဘ) ဦးဆာလေ ထံသို့ သွားရောက်ခဲ့သည်။ ရမ်းကု မာမတ်နူရ်က ဆေးထိုးပေးပြီး၊ နာရီဝက် အကြာတွင် အသက်ရှု မ၀တော့သဖြင့် မြို့နယ် ဆရာဝန်ကြီး ထံသို့ ချက်ချင်း သွားရောက်၍ ဆေးကုသမှု ခံယူခဲ့သည်။ ရမ်းကု မာမတ်နူရ် ထိုးပေးသည့် ဆေးကြောင့် မဆော်မီရာ၏ ကိုယ်ဝန် ပျက်ကျသွားခဲ့သည်။ ကိုယ်ဝန်ဆောင် နေသည့် အချိန်တွင် Betnetlan နှင့် Lasix တို့ပေးသည့် အတွက် ဖြစ်ရသည်ဟု ဆေးပညာ ဗဟုသုတ ရှိသူ တစ်ဦးက RB News သို့ပြောပါသည်။ (ဆေးစာကို ရှု) ယခုအခါ ရမ်းကု မာမတ်နူရ်သည် ကျောက်လှေကားဈေး၊ နှစ်ထပ်ဆောင်တွင် ရမ်းကု ဆေးခန်း ဖွင့်လှစ် ထားသည်။ 

ဒီဇင်ဘာလ (၂၆) ရက်နေ့ နေ့လည် ၁၂ နာရီ အချိန်ခန့်တွင် မောင်တော မြို့နယ် ကျောက်ပြင်ဆိပ် ကျေးရွာမှ မရော်ဇီယာ (အသက် ၂၅ နှစ်) သည် ပိုးသတ်ဆေး သောက်မိ၍ လှဖိုးခေါင် ကျေးရွာတွင် ဆေးခန်း ဖွင့်လှစ်ထားသော ရမ်းကု မာမူရော်ရှိတ် ထံသို့ သွားရောက်၍ ဆေးကုသမှု ခံယူခဲ့သည်။ သို့သော် ဆေးပညာ ဗဟုသုတ မရှိဘဲ တတ်ယောင်ဆောင်ကာ ဆေးကုသ ပေးခဲ့သည့် အတွက် လူနာ၏ အသက် ဆုံးရှုံး သွားခဲ့ရသည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။ 

ဆေးပညာ အခြေခံ မရှိသူများကို တရားဝင် ဖွင့်လှစ်ခွင့် ပေးထားခြင်းမှာ လူသတ် လိုင်စင် ထုတ်ပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် ရမ်းကု ဆေးခန်းများကို ပိတ်ပင်၍ နိုင်ငံတော်မှ ကျန်းမာရေး ၀န်ဆောင်မှု အပြည့်အ၀ ပေးရန် ဒေသခံများက တောင်းဆို နေကြသည်။



RB News
30.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သရေကုန်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုက်ဆဲလ် (ဘ) ဦးယာစီးန်သည် အာဏာ အလွဲသုံးစား ပြုလုပ်၍ ရွာသားများ ထံမှ မကြာခဏ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဒီဇင်ဘာလ (၂၉) ရက်နေ့ နံနက် ၉း၃၀ နာရီ အချိန်တွင် သရေကုန်တန်း ကျေးရွာအုပ်စု၊ အနောက်ရွာမှ ဦးရော်ရှိဒူလ္လာ (ဘ) ဦးမော်နီအူလ္လာ (ခ) ဦးမော်နိုကို ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထိုသို့ ငွေညှစ်ရခြင်း အကြောင်းမှာ ဦးရော်ရှိဒူလ္လာ၏ နေအိမ်သည် လွန်ခဲ့သည့် ဇွန်လတွင် မိုးအဆမတန် ရွာသွန်း၍ ရေကြီးခြင်း၊ တစ်ဖန် ဇူလိုင်လတွင် မုန်တိုင်း တိုက်ခိုက်မှု များကြောင့် လုံးဝ ပျက်စီးသွားခဲ့သည်။ ထို့နောက် နိုင်ငံတော် သမ္မတ ခရီးစဉ် အပြီးတွင် အာဏာပိုင်များက မုန်တိုင်းအတွင်း ပျက်စီးသွားသော နေအိမ်များကို ခွင့်ပြုချက် ယူစရာ မလိုဘဲ ပြုပြင်နိုင်ကြောင်း ပြောကြားခဲ့သည်။ ထို့ကြောင့် ဦးရော်ရှိဒူလ္လာလည်း နေအိမ် ပြုပြင်ခဲ့သူ များထဲတွင် တစ်ဦး အပါအ၀င် ဖြစ်ခဲ့သည်။ 

အာဏာပိုင်များ၏ ပြောကြားချက် များကြောင့် အိမ်ပြုပြင် ထားသူ အများစုမှာ နောက်ပိုင်းတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ ငွေညှစ်ခြင်းကို ခံနေရသည်။ ဤကဲ့သို့ ဖြစ်စဉ်များ ရွာတိုင်းတွင် ဖြစ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ ယခုကိစ္စတွင် အထက် အာဏာပိုင်များ ပါဝင် ပတ်သက်ခြင်း မရှိဘဲ အောက်ခြေ ကျေးရွာ အုပ်ချုပ်ရေးမှူး များကသာ လုပ်နေသည်ကို လက်တွေ့ မြင်နေရသည်ဟု ဆိုသည်။ 

အလားတူ သရေကုန်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုက်ဆဲလ်သည် ဒီဇင်ဘာလ (၂၉) ရက်နေ့တွင် သရေကုန်တန်း၊ အနောက်ရွာမှ ဦးဟာလိမ် (ဘ) ဦးအဒူဇော်ဘောရ် ထံမှ အိမ်ပြုပြင်သည်ဟု ဆိုကာ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့သည်။ သို့သော် ဦးဟာလိမ်ကို မြို့နယ် အုပ်ချုပ်ရေးမှူး ထံမှ ခွင့်ပြုချက် ယူပေးမည်ဟု ဆိုကာ ကတိပေး၍ ငွေညှစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။



MYARF
RB News
30.12.2015

မောင်တော ။ ။ ဒီဇင်ဘာလ (၂၆) ရက်နေ့ နံနက် ၄း၃၅ နာရီ အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အခြေစိုက် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့မှ တာဝန်ခံ အပါအ၀င် ရဲတပ်ဖွဲ့ဝင်များ၊ သုံးမိုင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ရဲမှူး အပါအ၀င် နယ်ခြားစောင့်ရဲများသည် ကားနှစ်စီးဖြင့် ရွှေဇား ကျေးရွာအုပ်စု၊ မြောက်ရွာမှ ဦးအာလောမ် (ဘ) ဦးဟာလာမျာ၏ နေအိမ်သို့ သွားရောက်၍ စီးနင်း ရှာဖွေခဲ့ရာ ဦးအာလောမ်အား မတွေ့ရှိသဖြင့် ဦးအာလောမ်၏ ဇနီး ဒေါ်နုရ်ဟားဘားနှင့် တူများ ဖြစ်ကြသည့် အီလီယာစ်နှင့် အာယာစ် (ဘ) ဦးဆုလ်တာန်၊ ဦးအာလောမ်၏ ညီတစ်ဝမ်းကွဲ တော်စပ်သူ တစ်ဦးနှင့် ဦးအာလောမ်၏ ကလေးများအား ကျူရှင်ပြသည့် ရွှေဇား ကျေးရွာအုပ်စု၊ စေတီပြင်ရွာမှ ဆရာအီမာန်ဟူစိန်း တို့ကို ဖမ်းဆီးပြီး သုံးမိုင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်ဆောင်သွားကာ တစ်ညလုံး အမျိုးမျိုး ခြိမ်းခြောက်ပြီး ည ၆ နာရီ အချိန်တွင် ငွေကျပ် သိန်း (၃၀၀) ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့ကို ဖမ်းဆီး ခေါ်ဆောင် သွားစဉ် ဦးအာလောမ် ပိုင်ဆိုင်သည့် Pajero ကားတစ်စီးကိုလည်း ယူဆောင် သွားခဲ့သည်။ ငွေကျပ် သိန်း (၃၀၀) ညှစ်ယူပြီး အဖမ်းဆီးခံ များကို ပြန်လွှတ်သည့် အခါ ကားကိုလည်း ပြန်လည် ပေးအပ်ခဲ့သည်။ ဦးအာလောမ်၏ နေအိမ်တွင် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း WY မူးယစ်ဆေးဝါး ရောင်းချသည်ဟု ဆိုကာ မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။ ထိုနေ့ညက ဦးအာလောမ် နေအိမ်တွင် မရှိသဖြင့် ၎င်း၏တူများကို ၎င်း၏အိမ်တွင် နေခိုင်းခဲ့ခြင်း ဖြစ်သည်။ ထိုစဉ် ရဲများ ၀င်ရောက် ရှာဖွေပြီး မတရားသဖြင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ထိုသို့ ဖမ်းဆီးရခြင်းမှာ အမှတ် (၃) ရပ်ကွက်မှ ထွန်းမင်းနိုင် (ခ) ဘော်လာဇူရီ (ဘ) ဦးဝေသာမောင်၏ ပယောဂ ကြောင့်သာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ ထွန်းမင်းနိုင်က ရဲများအား မဟုတ်မမှန် သတင်းပေး၍ ဖမ်းဆီးခိုင်းပြီး ပြန်ရွေးရာ၌လည်း ကြားဝင်၍ ပွဲစားအဖြစ် ဆောင်ရွက်ခဲ့သည်။ ရွှေဇား ရွာသား အချို့က WY လုပ်ငန်း လုပ်ကိုင်နေသည်မှာ မှန်ကန်သော်လည်း ထိုထဲတွင် ဦးအာလောမ် ပါ/မပါကို သေချာ မသိရသေးဟု ဒေသခံများက ပြောပါသည်။ 

WY လုပ်ငန်း လုပ်ကိုင်နေသော ရွှေဇား ရွာသားများက WY များကို ထွန်းမင်းနိုင်နှင့် ထွန်းမင်းနိုင်၏ အစ်ကို ထွန်းမင်းချေ၊ ၎င်း၏ ယောက်ဖ မောင်တော ခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ အမှတ် (၁) ရပ်ကွက်မှ ဦးထွန်းလှစိန် တို့ထံမှ ၀ယ်ယူပြီး ဘင်္ဂလားဒေ့ရှ်သို့ ရောင်းချလေ့ ရှိသည်။ 

ထွန်းမင်းနိုင်၊ ထွန်းမင်းချေနှင့် ထွန်းလှစိန်တို့က မန္တလေးနှင့် စစ်တွေမြို့များမှ WY များသယ်ယူလာပြီး မောင်တော မြို့ရှိ WY ရောင်းချသူများကို ရောင်းချလေ့ရှိသည်။ မောင်တော မြို့တွင် အရောင်းအ၀ယ် ဖြစ်ကြသော WY များ၏ ၅၀% ကို ၎င်းတို့ကသာ ဖြန့်ဖြူးလေ့ရှိသည်။ ၎င်းတို့သည် မောင်တော မြို့တွင် WY လုပ်ငန်း ကြီးကြီးကျယ်ကျယ် လုပ်ကိုင်သော မိသားစု တစ်စု ဖြစ်သည်။ ၎င်းတို့က WY လုပ်ငန်း လုပ်ကိုင်သည်ကို သက်ဆိုင်ရာ အာဏာပိုင်များက သိရှိသော်လည်း မည်သည့် အခါကမှ ဖမ်းဆီး အရေးယူခြင်း မရှိသည်မှာ အာဏာပိုင်များကို လစဉ် လိုင်းကြေးများ ပေးထားသောကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
30.12.2015

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်၊ အနောက်ပြင် ကျေးရွာ (ရိုဟင်ဂျာရွာ) သည် ရခိုင်ရွာ ၂၄ ရွာဖြင့် ၀န်းရံထားသော ရွာတစ်ရွာ ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ အရေးအခင်းမှစ၍ အနောက်ပြင် ရွာသားများကို ရခိုင်များက အဘက်ဘက်မှ ရန်ပြု တိုက်ခိုက်လျက် ရှိသည်။ အဆိုပါရွာမှ ရွာသားများသည် ရွာအပြင်ဘက်သို့ ထွက်၍ မရဘဲ ရွာထဲတွင်သာ လုပ်ကိုင် စားသောက် နေထိုင်ရသည်။ ၎င်းတို့၏ လယ်ယာမြေများကိုလည်း ရခိုင်များနှင့် အစိုးရက ကျူးကျော် သိမ်းပိုက်ထားသည်။ ၎င်းတို့သည် မြစ်၊ ချောင်းများသို့လည်း ထွက်၍ မရသဖြင့် ရွာသားများ အားလုံး အလုပ်လက်မဲ့ ဖြစ်နေရသည်။ အချို့ ရခိုင်ဈေးသည်များက ၎င်းတို့၏ ရွာထဲသို့ ၀င်၍ ဈေးရောင်းကြသည်ကိုသာ အားကိုး၍ စားသောက်နေရသည်။ သို့သော် ၎င်းတို့မှာ အလုပ်လက်မဲ့များ ဖြစ်နေသဖြင့် ၀ယ်ယူစားသုံးရန် အခက်ကြုံနေရသည်။ 

ယခု ဆောင်းရာသီ စပါး ရိတ်သိမ်းချိန်တွင် ရွာသားများသည် ၎င်းတို့နှင့် ကပ်လျက် ရှိသော ရခိုင်ရွာများသို့ သွားရောက်၍ စပါးရိတ်သိမ်းခြင်းဖြင့် ၀င်ငွေ ရှာနေရသည်။ ထိုသို့ ရုန်းကန် အသက်မွေးဝမ်းကျောင်း ပြုနေရာတွင် ကူတောင် ကျေးရွာ အခြေစိုက် တပ်ရင်း ၅၅၁ မှ ဗိုလ်ကြီး စိုင်းအောင်ကျော်နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင် တို့ပူးပေါင်း၍ ရွာသား ဆင်းရဲသား လူငယ် (၁၀) ဦးကို ရခိုင်တစ်ဦး၏ တလင်းမှ စပါးခိုးခဲ့သည်ဟု စွပ်စွဲ၍ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ အဆိုပါ လူငယ် (၁၀) ဦးကို စစ်စခန်းတွင် တစ်ညလုံး ညှဉ်းပန်းနှိပ်စက်ပြီး တစ်ဦးထံမှ ငွေကျပ် သုံးသောင်းစီ - စုစုပေါင်း ငွေကျပ် သုံးသိန်း ညှစ်ယူ၍ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့နောက် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဗိုလ်ကြီး စိုင်းအောင်ကျော်က ရိုဟင်ဂျာများကို ရခိုင်ရွာသို့ သွားရောက်၍ စပါးရိတ်သိမ်းခွင့် ပိတ်ပင်ခဲ့သည်။ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အဆိုပါ ဗိုလ်ကြီးက ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်မှ တဆင့် ရွာအတွင်းရှိ စပါးရိတ်သိမ်း သမားများကို ခေါ်ပြီး လူတစ်ဦးလျှင် ငွေကျပ် သုံးထောင်စီ ပေးပါက ၁၅ ရက် စပါးရိတ်သိမ်း ခွင့်ပြုမည်ဟု ဆိုကာ ရွာသား (၆၀) ဦးခန့်ထံမှ ငွေကျပ် သုံးထောင်ကျပ် ကောက်ခံခဲ့သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်မောင်က ရွာသားများ အကြောင်း မဟုတ်မမှန် ပြောဆို၍ ဗိုလ်ကြီးစိုင်းအောင်ကျော်အား တိုင်တန်းပါက ရွာသားများ ငွေညှစ်ခံရကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
29.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာသည် ဒီဇင်ဘာလ (၁၅) ရက်နေ့မှ စ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့ နယ်မြေများတွင် ကျေးရွာများ အလိုက် ဘောလုံးပွဲများ ကျင်းပလျက် ရှိရာ၊ နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း၏ လက်အောက်ခံ ကျေးရွာများမှ ငွေကျပ် (၃) သိန်းစီ ပေးသွင်းနေရသည်။ 

ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ဘောလုံးပွဲ ရန်ပုံငွေဟု အကြောင်းပြ၍ ဆင်းရဲသော နေအိမ်များမှ ငွေကျပ် ၅ ထောင်စီ၊ ငွေကြေး တတ်နိုင်သည့် နေအိမ်များမှ ငွေကျပ် တစ်သောင်းစီ၊ ဆိုင်ရှင်နှင့် ငါးဖမ်း စက်လှေ ပိုင်ရှင်များထံမှ ငွေကျပ် တစ်သောင်းစီ၊ အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဆိုပါ ကညင်တန်း ကျေးရွာတွင် အိမ်ခြေ (၄၆၀) ရှိပြီး၊ လူဦးရေ (၃) ထောင်ကျော်ခန့် ရှိသည်။ ကောက်ခံရငွေမှာ ငွေကျပ် (၂၅) သိန်း အထက်ရှိပြီး၊ ငွေကျပ် (၃) သိန်းသာ နယ်မြေရုံးသို့ ပေးသွင်း၍ ကျန်သည့်ငွေများကို ၎င်း၏ ကိုယ်ကျိုး အတွက် သုံးစွဲလျက် ရှိသည်။ ငွေကောက်ခ့သည့် အခါ ငြင်းဆန်သည် ဖြစ်စေ၊ ငွေကြေး မတတ်နိုင်၍ မပေးနိုင်သူများ ဖြစ်စေ၊ အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ ကိုယ်ထိ လက်ရောက် စော်ကားပြီး အတင်းအဓမ္မ ကောက်ခံသည်ဟု ဆိုသည်။ 

လယ်သမား ဦးဆွေယာဒ်အာမတ် (ဘ) ဦးအလီဟူစိန်း (အသက် ၅၅ နှစ်) အား ပါးရိုက်၍ ငွေကျပ် ငါးထောင် ယူခဲ့ပြီး၊ ငါးဖမ်း စက်လှေ ပိုင်ရှင် ဦးဆွေယာဒူရာမန် (အသက် ၅၀ နှစ်) အား ရုံးသို့ ဆင့်ခေါ်၍ ရိုက်နှက်ကာ ငွေကျပ် တစ်သောင်း အတင်း အဓမ္မ ယူခဲ့သည်။ 

ထို့အပြင် အုပ်ချုပ်ရေးမှူး ဦးဆီရာဇူလ္လာက ကညင်တန်းရွာမှ စိတ်ရူးသွပ်၍ ဒီဇင်ဘာလ (၂၃) ရက်နေ့တွင် ကွယ်လွန် သွားသော ကော်ရီမူလ္လာ (ဘ) ဦးအာလီအာမောတ် (အသက် ၂၈ နှစ်) အား အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် မပါဘဲ ဘင်္ဂလားဒေ့ရှ်သို့ ဆေးကုသရန် ခေါ်သွားခဲ့သည်ဟု လုပ်ကြံ စွပ်စွဲ၍ မိခင်ထံမှ ဒီဇင်ဘာလ (၂၄) ရက်နေ့တွင် ငွေကျပ် ငါးသိန်း ညှစ်ယူခဲ့သည်။ 

အဆိုပါ အုပ်ချုပ်ရေးမှူးသည် လူကြီး၊ လူငယ် မကျန် ကိုယ်ထိလက်ရောက် စော်ကား၍ လက်ရှိ အာဏာကို အလွဲသုံးစား ပြုလုပ်ကာ ရွာသားများကို လူမိုက်ဆန်ဆန် ဆက်ဆံလျက် ရှိသည့်အပြင် လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းလည်း မကြာခဏ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
29.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ဇော်မတက် ကျေးရွာ၏ အရှေ့ဘက်၌ တည်ရှိသော် သင်္ချိုင်းသည် ရခိုင် န.တ.လ ရွာအနီးတွင် တည်ရှိပြီး၊ ၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ပိုင်း သင်္ချိုင်း အနီးအနားရှိ ရိုဟင်ဂျာ နေအိမ်များကို ရခိုင် န.တ.လ များက ရံဖန်ရံခါ မီးတင်ရှို့ခဲ့ခြင်း၊ အနှောက်အယှက် ပေးခဲ့ခြင်းများကို မခံနိုင်၍ သင်္ချိုင်း အနီးအနားရှိ ရိုဟင်ဂျာ နေအိမ်များ အားလုံး အခြား အနီးအနား ရွာများသို့ ၀င်ရောက်၍ ခိုလှုံလျက် ရှိနေကြသည်။ 

ထိုအချိန်မှစ၍ အဆိုပါ သင်္ချိုင်းတွင် အလောင်းများ သဂြိုဟ်ခြင်း မရှိတော့သည့် အပြင်၊ န.တ.လ ရွာသားများ၏ ရန်ပြုမှုကို ကြောက်ရွံ၍ ရိုဟင်ဂျာများ အဆိုပါ နေရာသို့ သွားလာခြင်း မရှိတော့သဖြင့် ဒီဇင်ဘာလ (၂၆) ရက်နေ့မှ စ၍ ဆောက်လုပ်ရေး ဌာနမှ လုပ်သားများက ဇော်မတက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း၏ ရှေ့လမ်းအတွက် အဆိုပါ သင်္ချိုင်းမှ မြေတူး၍ မြေများ သယ်ဆောင်လျက် ရှိသည်။ 

ထိုသို့ မြေတူးရာတွင် အလောင်းများ မြှပ်နှံခဲ့သည့် နေရာများကိုပါ တူးနေသဖြင့် လူသေများ၏ အရိုးအကြွင်းအကျန်များကိုပါ သယ်ဆောင်လျက် ရှိနေကြောင်း ရွာသားများထံမှ သိရှိရသည်။ ထိုသို့ မြေတူးနေခြင်းကို အမြန်ဆုံး ရပ်တန့် ပေးရန် ရွာသားများက လိုလားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ၎င်းတို့က ထိုကဲ့သို့ မြေတူး၍ သယ်ဆောင်နေခြင်းမှာ အစ္စလာမ်ဘာသာဝင် များအား စော်ကားသည့် လုပ်ရပ်ဟု ရှုမြင်နေကြသည်ဟု ဆိုသည်။

မြန်မာ တပ်မတော် စစ်ကြောင်း (နိုဝင်ဘာ ၂၀၀၅)


နိုင်ကွန်းအိမ်
29.12.2015

၈ လ နီးပါး တိုက်ပွဲ ရပ်တန့်နေတဲ့ ရခိုင် တပ်မတော် AA နဲ့ မြန်မာ တပ်မတော် တို့အကြား ရခိုင်ပြည်နယ် ကျောက်တော် မြို့နယ်ဘက်မှာ ဒီကနေ့ပါဆို (၃)ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ပါတယ်။

ဒီလိုဖြစ်တဲ့ တိုက်ပွဲတွေမှာ နှစ်ဖက် တပ်ဖွဲ့တွေ ထိခိုက်မှု များပြားနေတယ်လို့ ရခိုင် တပ်မတော်ခေါင်းဆောင်တွေကပြောပါတယ်။လက်ရှိငြိမ်းချမ်း ရေးဖေါ်ဆောင်နေဆဲကာလအတွင်း မြန်မာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားမှာ တိုက်ပွဲတွေရှိနေသေးပေမဲ့ နောင်တက်လာမဲ့အစိုးရသစ်လက်ထက်မှာ ကျယ်ပြန့်တဲ့ငြိမ်းချမ်းရေးဖြစ်လာနိုင်မယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ခေါင်းဆောင်တွေကနေသုံးသပ်ထားပါတယ်။ ဒီအခြေအနေ ကိုတော့ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန် ကနေ ဆက်သွယ်မေးမြန်းထားပြီး အခုလိုသတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရကနေ NCA အပစ်ရပ်စာချုပ်လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ထားတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာတပ်မတော် တို့အကြား ရခိုင်ပြည်နယ် ကျေက်တော်မြို့နယ် ဘက်မှာ ဒီဇင်ဘာ(၂၇)ရက်ကနေ ဒီကနေ့မနက်အထိ(၃)ရက်ဆက် တိုက်ပွဲဖြစ်ပွားနေခဲ့ပါတယ်။

နှစ်ဖက်တပ်ဖွဲ့တွေအကြား(၃)ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားမှုအခြေအနေကိုတော့ ရခိုင်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီး ချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင် ကအခုလိုပြောပါတယ်။

“ကျောက်တော်မှာဆိုရင် ရွှေပြည်သာစည်ရဲ့ အရှေ့ဘက်ပေါ့။ အဲဒီ ရွှေပြည်သာစည်ရဲ့ အရှေ့ဘက်နားမှာ ဖြစ်တယ်။ မနေ့ကလည်း အဲဒီတ၀ိုက်မှာပါပဲ။ ကျနော်တို့ ရခိုင့်တပ်မတော်ရဲ့ လှုပ်ရှားစစ်ကြောင်းနဲ့ ဒီမြန်မာ့တပ်မတော်ရဲ့ပေါ့နော်၊ ဆကစ (၉) လက်အောက်ခံ ၃၇၅ ကတော့ ဒီကျောက်တော်အခြေစိုက်ပေါ့။ သူတို့နဲ့ ထိတွေ့ပြီးတော့ ကျနော်တို့ တိုက်ပွဲတွေလည်းဖြစ်တယ်။ ဆိုတော့ အဲဒီ ပထမတရက်မှာ သူတို့ နဲနဲ အထိခိုက်များပြီးတော့ ဆုတ်သွားတယ်။ ၂၈ ရက်နေ့မှာ သူတို့ပြန်တက်လာတယ်။ မနေ့ကပေါ့ ၂၈ ရက်နေ့ ဆိုတော့ အဲဒီနေ့ကတော့ ၈ နာရီလောက်ကတည်းက စပြီးတော့ တိုက်ပွဲကြီး၊ တိုက်ပွဲငယ်ကတော့ ၁၀ ကြိမ်အထက်မှာရှိတယ်။ ပြီးရင် ဒီကနေ့မနက်ပဲ သူတို့ တချို့ ပြန်ပြီးတော့ အင်အားတွေထက်တိုးပြီးတော့ ထက်တက်လာတော့ ဒီကနေ့မနက် ၇ နာရီမှာ တိုက်ပွဲတွေ စပြီးတော့ ပြန်ဖြစ်နေတယ်ခင်ဗျ။”

(၃)ရက်တာကာလအတွင်း (၁၀) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ထိခိုက်ကျဆုံးမှုအခြေအနေကိုတော့ ဗိုလ်မှူးကြီးဒေါက်တာညိုထွန်းအောင်က အခုလိုဆက်ပြောပါတယ်။

“မြေပြင်တပ်မှူးတွေရဲ့ သတင်းပေးချက်အရ သူတို့ မျက်မြင်ကိုယ်တွေ့တွေ့တာတောင်မှ မြန်မာတပ်မတော်ဖက်က အလောင်းပေါင်း ၂၀ နဲ့ ၁ လောင်းပေါ့နော် သူတို့တွေ့တယ်။ အလောင်း ၅ လောင်းကတော့ သူတို့ယူမသွားဘူး။ ဒဏ်ရာရတာကတော့ သူတို့ဖက်ကတော့ ၃၅ ယောက်လောက်ရှိတယ်။ ကျနော်တို့ကတော့ အဲလိုမျိုး ၂ ယောက်- ၃ ယောက်လောက်တော့ ဒဏ်ရာရတယ်။”

အခုလိုဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ မြန်မာစစ်တပ်ဘက်က ထိခိုက် ကျဆုံးမှုများပြားတယ်လို့ ရခိုင်တပ်မတော်ဘက်ကပြော ဆိုခဲ့ပေမဲ့လည်း သီးခြားအတည်ပြုချက်မရရှိသေးပါဘူး။

လက်ရှိမှာတော့ တိုက်ပွဲဖြစ်ပွားရာကျောက်တော်မြို့နယ်နဲ့မြောက်ဦးမြို့နယ်ဘက်မှာ စစ်တပ်အပါအ၀င် ရဲတပ်ဖွဲ့ဝင် တွေကိုပါ အင်အားဖြည့်တင်းထားပြီး လုံခြုံရေးတိုးမြင့်ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရခိုင်တပ်မတော်ဟာ KIO ကချင်လွတ်လပ်ရေးအဖွဲ့ဌာနချုပ်လိုင်ဇာမှာအခြေပြုပြီး ၂၀၁၄ ခုနှစ်လောက်မှာ ရခိုင်ပြည်နယ်ဒေသအတွင်းကို ၀င်ရောက်လှုပ်ရှားလာခဲ့သလို ပြီးခဲ့တဲ့ မတ်လနဲ့ဧပြီလမှာ ရခိုင်တပ်မတော်နဲ့ မြန်မာ့တပ်မတော် တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့အပြီး (၈)လတာတိုက်ပွဲ ရပ်တန့်နေရာကနေ အခုလိုတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးခဲ့တာ လဲဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် ဦးဆောင်တဲ့အစိုးရ တက်လာပြီးနောက်ပိုင်း ပြည်ထောင်စြုငိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မီတီကိုဖွဲ့စည်းခဲ့ပြီး တိုက်ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ်ရပ်စဲနိုင်ရေးအတွက် တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်ဆောင်နေခဲ့ပေမဲ့ ရခိုင်တပ်မတော်အဖွဲ့နဲ့တော့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းမရှိသေးပါဘူး။

ဒါ့အပြင် NCAခေါ် တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးနိုင်ဖို့ တွေ့ဆုံဆွေးနွေး ရာမှာလဲ ရခိုင်တပ်မတော် ကိုးကန့်တပ်ဖွဲ့နဲ့ တအာင်ပလောင်တပ်ဖွဲ့တို့ကို ချန်လှပ်ထားခဲ့ပါတယ်။

မြန်မာအစိုးရအနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးပါဝင်တဲ့ တွေ့ဆုံမှုလုပ်ဆောင်ခြင်းမရှိတာဟာ ငြိမ်းချမ်းရေးနဲ့ပက်သက်ပြီးရိုးသားမှုမရှိဘူးလို့ ရခိုင်တပ်မတော်ရဲ့ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာညိုထွန်းအောင်က အခုလိုပြောပါတယ်။

“သူတို့ရဲ့ ကျနော်တို့ ရခိုင်တပ်မတော်ပေါ်မှာ သဘောထားကတော့ နိုင်ငံရေးအရ ချန်ထားလိုမှုတွေကို သူတို့ရဲ့ပြောစကားအရကော၊ လက်တွေ့လုပ်ဆောင်ချက် အရကော ကျနော်တို့တွေ့ရတယ်ဆိုတော့ ဒါ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတော့ သူတို့ ဘက်ကတော့ ဒီကနေ့အချိန်အထိတော့ ရိုးသားမှုမရှိဘူးလို့ပြောလို့ရတယ်။”

NCA ခေါ် တပြည်လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့တဲ့ လက်နက်ကိုင်(၈)ဖွဲ့ အပါ အ၀င် တပ်မတော်ကိုယ်စားလှယ် အစိုးရနဲ့လွှတ်တော်ကိုယ်စားလှယ် နိုင်ငံရေးပါတီကိုယ်စားလှယ်တွေနဲ့စုဖွဲ့ ထားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ကနေ လာမဲ့နှစ်သစ် ဇန်န၀ါရီ (၁၂)ရက်နေ့မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကျင်းပသွားမှာဖြစ်ပါတယ်။

ညီလာခံတက်ရောက်ဖို့အတွက် ရခိုင်တပ်မတော်နဲ့ ကိုးကန့်တပ်ဖွဲ့တို့ကို ဖိတ်ကြားခြင်းမရှိသလို ၀တပ်ဖွဲ့UWSAနဲ့ မိုင်းလားတပ်ဖွဲနဲ့ UNFC ခေါ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီအဖွဲ့ဝင်တွေ အနေနဲ့လည်း ညီလာခံ တက်မတက်ကိုတော့ မဆုံးဖြတ်ရသေးတဲ့အခြေအနေမှာ ရှိနေပါတယ်။



MYARF
RB News
27.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၂) သို့ သွားရောက်ပြီး ဦးအစ္စမိုင်လ် (ဘ) ဦးဒါန်ဖော်အိရ် (အသက် ၅၅ နှစ်) ကို ဖမ်းဆီးပြီး ဇနီးနှစ်ဦး လက်ထပ်ယူ ထားသည်ကို အကြောင်းပြ ခြိမ်းခြောက်၍ ငွေကျပ် ၂၅၀၀၀ ညှစ်ယူခဲ့သည်။ မယားပြိုင် စနစ်ကို စတင် ပိတ်ပင်ခဲ့သည်မှာ န.စ.က လက်ထက်တွင် ဖြစ်ပြီး၊ ဦးအစ္စမိုင်လ်က ဇနီးနှစ်ဦး လက်ထပ်ထားသည်မှာ န.စ.က မတိုင်မှီ၊ လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်သည်။ န.စ.က လက်ထက်တွင် ၎င်းကို န.စ.က များက စစ်ဆေးခဲ့သည်။ သို့သော်လည်း န.စ.က မတိုင်မှီ လက်ထပ်ခဲ့ခြင်းကြောင့် အရေးယူနိုင်ခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့ လက်ထက်တွင် လွန်ခဲ့သည့် ၂၅ နှစ်ကျော်က ဖြစ်ပျက်ခဲ့သည်ကို လက်နက်အားဖြင့် အနိုင်ကျင့်၍ ငွေညှစ်ခြင်း ဖြစ်သည်။ 

ဒီဇင်ဘာလ (၂၅) ရက်နေ့ ညနေပိုင်းတွင် ဖုရားပြင် အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၂) မှ သစ်ခုတ်သမား ဦးဂျော်မိလ် (ဘ) ဦးဟူဆောင်းသည် တောင်ဘဇာဘက်မှ သစ်လုပ်ငန်းရှင် များထံ သစ်ခုတ်ပြီး အိမ်ပြန်လာနေစဉ် အိမ်တွင် သုံးရန် သစ်ဖြူ သုံးချောင်း ယူလာရာ ရွာအ၀င်တွင် အဆိုပါ ညောင်ချောင်း စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးက တွေ့ရှိပြီး အမျိုးမျိုး ခြိမ်းခြောက်ပြီး သစ်များ သိမ်းယူလိုက်သည်။ နောက်ဆုံးတွင် ငွေကျပ် တစ်သောင်းတန်သော ကြက်ဖ တစ်ကောင်ပေး၍ သစ်များကို ပြန်ရွေး ယူရသည်။ 

ဒီဇင်ဘာလ (၂၂) ရက်နေ့ ညနေပိုင်းတွင် အဆိုပါ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၇) သို့ သွားရောက်၍ အာဘူကောရ် (ဘ) ဦးမာမတ်တော်ယုဖ်ကို ခြင်းလုံး ကစားနေစဉ် ကစားဖော်များ ရှေ့မှောက်တွင် လက်ထိပ်ခတ် ဖမ်းဆီးပြီး၊ ယင်းရွာရှိ ဆိုင်တစ်ဆိုင်သို့ ဖခင်ဖြစ်သူကို ခေါ်လာကာ ၎င်း၏ သားမှာ BD ပြေးဟု စွပ်စွဲ၍ ငွေတောင်းခံခဲ့သည်။ သို့သော် ဖခင်ဖြစ်သူ ၎င်း၏ သားမှာ BD ပြေးမဟုတ်ကြောင်း ပြောပြသော်လည်း နယ်ခြားစောင့်ရဲ များက မယုံကြည်ကြ သောကြောင့် နောက်ဆုံး၌ အိမ်ထောင်စု စာရင်းယူလာပြမှသာ ပြန်လည် လွှတ်ပေးခဲ့သည်။



MYARF
RB News
27.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု အကွက် (၁) မှ ဦးမာမတ်နူရ် (ဘ) ဦးမာဒီးက ၎င်းပိုင် ခြံထဲတွင် စိုက်ထားသော ဟင်းခင်းကို ဆိတ်၊ နွား၊ ကြက်၊ ဘဲများက ဖျက်ဆီး နေသဖြင့် ဟင်းခင်းကို ပိုက်ဟောင်းဖြင့် ကာရံထားသည်။ ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ဦးအီဆုပ် (ဘ) ဦးအေရှားဒူလ္လာ၏ ကြက်တစ်ကောင်သည် ဟင်းခင်း၌ ကာရံထားသော ပိုက်၌ မိပြီး သေဆုံးခဲ့သည်။ သို့ဖြစ်၍ ကြက်ပိုင်ရှင် ဦးအီဆုပ်က ရာအိမ်မှူး ဦးဘာဆာမျာကို တိုင်တန်းခဲ့သဖြင့် ရာအိမ်မှူးက နှစ်ဦးနှစ်ဖက် ပြေလည်အောင် ဖြေရှင်းပေးခဲ့သည်ကို နှစ်ဦးနှစ်ဖက်က ကျေနပ်စွာ လက်ခံခဲ့ကြ၍ ပြဿနာ ပြေလည် သွားခဲ့သည်။ 

သို့သော်လည်း အဆိုပါ ပြဿနာကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက ဦးမာမတ်နူရ်ကို ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ဆင့်ခေါ်၍ အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် တစ်သိန်း နှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ရရှိသည့် ငွေကျပ် တစ်သိန်းနှစ်သောင်းမှ ကြက်ပိုင်ရှင် ဦးအီဆုဖ်ကို ငွေကျပ် နှစ်သောင်းပေး၍ ကျန်သည့် ငွေကျပ် တစ်သိန်းကို အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက ယူခဲ့ကြောင်း သိရသည်။ 

ဆက်လက်၍ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာက မကြာခင် ၂၀၁၆ တွင် ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီက အာဏာလွဲယူမည် ဖြစ်ကြောင်း၊ NLD အာဏာ လွဲယူသည်နှင့် အစိုးရသစ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း၊ အစိုးရသစ် ဖွဲ့စည်းရာတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များပါ အသစ်ခန့် သွားမှာ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ရှိသမျှ အချိန်တွင် ရရာ နည်းလမ်းဖြင့် ငွေရှာယူရမည် ဖြစ်ကြောင်း ယုတ်မာစွာ ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
27.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ တပ်ဆွယ်မှူးသည် ဘူးသီးတောင် မြို့နယ် ရွာသစ်မှ ဟိန္ဒူလူမျိုး ပြည့်တန်ဆာ အမျိုးသမီး တစ်ဦးကို ဖုရားအောင်ပ ကျေးရွာအုပ်စု အကွက် (ဘ) မှ ၎င်း၏ တပည့် ဦးမူဟိဗ်ဘူလ္လာ၏ နေအိမ်သို့ အပတ်စဉ် ခေါ်လာပြီး လိင်ဖျော်ဖြေခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ ပြည့်တန်ဆာ အမျိုးသမီးကို ခေါ်ဆောင်လာရာတွင် ပုံစံအမျိုးမျိုးဖြင့် ခေါ်ဆောင်လာပြီး၊ တခါတရံတွင် မွတ်စလင် အမျိုးသမီး ပုံစံဖြင့် ဘုရ်ခါ ခြုံ၍ ခေါ်လာပြီး၊ တခါတရံတွင် ဟိန္ဒူ အမျိုးသမီး ပုံစံ၊ တခါတရံတွင် ဘောင်းဘီနှင့် တီရှပ် ၀တ်ဆင်လျက်ဖြင့် ခေါ်ဆောင်လာသည်ဟု ဒေသခံများက ပြောပါသည်။ ထိုသို့ ပုံစံအမျိုးမျိုးဖြင့် ခေါ်ဆောင်လာခြင်းမှာ ရွာသားများက မမှတ်မိနိုင်အောင် ဖြစ်မည်ဟု ဒေသခံများက ဆိုသည်။ 

စ.ရ.ဖ တပ်ဆွယ်မှူး၏ လုပ်ဆောင်မှုကြောင့် ဦးမူဟိဗ်ဘူလ္လာ၏ ဇနီးနှင့် သားသမီးများ ဂုဏ်သိက္ခာ ကျဆင်းမည် ဖြစ်သည့် အပြင် အနီးအနားရှိ လူငယ်များလည်း ပျက်စီးနိုင်ခြေ ရှိသောကြောင့် ရွာသားများက အလွန်စိုးရိမ်လျက် ရှိသည်။ ရွာသားများက ထိုကိစ္စနှင့် ပတ်သက်၍ စ.ရ.ဖ တပ်ဆွယ်မှူးကို မပြောဝံ့သောကြောင့် ဦးမူဟိဗ်ဘူလ္လာကို အကြိမ်ကြိမ် ပြောဆိုသော်လည်း ဦးမူဟိဗ်ဘူလ္လာက ရွာသားများ၏ စကားကို နားထောင်ခြင်း မရှိဘဲ စ.ရ.ဖ အားကိုးဖြင့် ပြန်လည် ခြိမ်းခြောက်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
27.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၂) နယ်မြေ၊ သစ်တုံးနား ခွဆုံ ကျေးရွာအုပ်စုမှ ရိုဟင်ဂျာ ကလေး (၆) ဦးသည် အမှတ် (၆) နယ်မြေ၊ လိပ်ရကျေးရွာတွင် အစ္စလာမ် ဘာသာရေး ပညာ သင်ယူလျက် ရှိသည်။ ၎င်းကျောင်းသား ကလေး (၆) ဦးက ၎င်းတို့ ရွာတာဝန်ခံ ထံမှ ရွာထွက် လက်မှတ် ရယူပြီး လိပ်ရကျေးရွာတွင် ဧည့်စာရင်း တိုင်ကြား၍ နေထိုင်သည်။ 

ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် သစ်တုံးနားခွဆုံ ကျေးရွာနှင့် လယ်ယာချောင်း ကျေးရွာ ကြားရှိ တံတားစောင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း (လက်ယာချောင်း တံတားစခန်း) မှ စခန်း တာဝန်ခံ ဒုရဲအုပ်က အဆိုပါ ကျောင်းသား (၆) ဦး၏ မိဘများကို စခန်းသို့ ဆင့်ခေါ်၍ ၎င်းတို့၏ ကလေးများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ တရားမ၀င် သွားရောက်၍ ပညာသင်နေသည်ဟု သတင်း ရရှိထားသည်ဟု ပြောဆိုခဲ့သည်။ 

ကလေး မိဘာများက ၎င်းတို့၏ ကလေးများ ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ သွားရောက်ခဲ့ခြင်း မရှိကြောင်း၊ လိပ်ရ ကျေးရွာတွင် တရားဝင် နေထိုင်၍ ပညာသင်ယူ နေကြောင်း ပြောပြကြရာ ဒုရဲအုပ်က အထောက်အထား တင်ပြရန် ပြောဆိုခဲ့သည်။ သို့ဖြစ်၍ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ကလေးမိဘများက ၎င်းတို့၏ ကလေးများက လိပ်ရကျေးရွာတွင် ဧည့်စာရင်း တိုင်ကြားထားသော ဧည့်စာရင်း ဖြတ်ပိုင်းများ ယူလာ၍ ပြသခဲ့သဖြင့် ဒုရဲအုပ်က ၎င်းတို့ကို မည်သို့မျှ ပြန်မပြောဘဲ ပြန်စေခဲ့သည်။ 

ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဒုရဲအုပ်က အဆိုပါ ကလေးမိဘများကို တစ်ဖန် ဆင့်ခေါ်ပြီး အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းစီ တောင်းခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ ကလေးများသည် နိုင်ငံထဲတွင် တရားဝင် နေထိုင်နေသည့် အထောက်အထားများ ပြနိုင်သော်ငြားလည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့က လက်နက် အင်အားပြ၍ ငွေညှစ်ရန် အတင်းအဓမ္မ ကြိုးစားလျက် ရှိသည်။ အဆိုပါ ဒုရဲအုပ်က ဒီဇင်ဘာလ (၃) ရက်နေ့တွင် သစ်တုံးနားခွဆုံ ကျေးရွာအုပ်စုရှိ ကုရ်အာန် အာဂုံဆောင် ကျောင်းသို့ သွားရောက်၍ စာသင်ကျောင်း ဖွင့်ရန် မည်သူ့ထံမှ ခွင့်ပြုချက် ရယူခဲ့သနည်းဟု မေးမြန်း၍ ကျောင်းကို ဓါတ်ပုံ နှစ်ပုံ ရိုက်ယူ၍ ဂေါပကနှင့် ဆရာကို ထောင်ဒဏ်ကျခံရဖွယ် ရှိသည်ဟု အမျိုးမျိုး ခြိမ်းခြောက်ကာ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ 

ယခုအချိန်တွင် မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာ့နိုင်ငံများက ကလေးများ ပညာမသင် မနေရ ဟုပြဌာန်းထားပြီး ကလေးများ၏ ပညာရေး အတွက် သန်းပေါင်းများစွာ သောငွေများ အသုံးပြုလျက်ရှိသည်။ ထိုသို့သော အချိန်အခါမျိုးတွင် ကျောင်းဖွင့် ပညာသင်နေသဖြင့် ဂေါပက နှင့် ဆရာများ ကို ထောင်ဒဏ်ကျခံရဖွယ်ရှိသည်ဟု ခြိမ်းခြောက် ငွေညှစ်ခြင်းသည် အလွန်ပင် ဟာသ မြောက်နေသည်။ နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ လုပ်ရပ်မှာ ဟာသ မြောက်နေသော်လည်း ၎င်းတို့၏ ရည်ရွယ်ချက်မှာ အစ္စလာမ်ဘာသာကို အမြစ်ဖြတ် ဖျက်ဆီးရန် ဖြစ်သည်။




"ကမ္ဘာကြီးက ငိုပွဲဆင်"

ရေးသားသူ - ရိုဟင်းစိုးမိုးဝင်း (MYARF)
RB ကဗျာ
27.12.2015

မိမိအပေါ် အလွန်ကောင်းသူကိုပင်
သစ္စာမဲ့တတ်တဲ့ လူသားအချို့ကြောင့်
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။

မိမိမှသာလျှင် အနိုင်ရရှိမှ 
ကျေနပ်တဲ့ လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။့

မေတ္တာထက် ဂုဏ်ပကာသနဘက် 
ဦးစားပေးတဲ့ လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။

စိတ်နောက်ကိုယ်ပါ တဇွတ်ထိုး 
လုပ်တတ်တဲ့  လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။့

မရခင် ဖျာလိုလိပ်၊ထိပ်ပေါ်တင်၍ ရပြီးက 
ဖျာလိုခင်း နင်းချေတတ်တဲ့ လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။

နီးစပ်မှုမှဖြစ်ပေါ်လာသော မေတ္တာအပေါ် 
အပြန်အလှန်နားလည်မှု အပြည့်အဝမထားတတ်တဲ့ လူသားအချို့ကြောင့် 
ကမ္ဘာကြီးက ငိုပွဲဆင်နေတယ့့်။



MYARF
RB News
26.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့ပေါ် ရပ်ကွက်မှ ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးသည် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် ၎င်း၏ ဆွေမျိုး တော်စပ်သူ ရှိရာ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု၊ ဖောကီတောင်ရွာမှ ဦးရာမတ်အလီ (ဘ) ဦးအာမီးရ်ဟူစိန်း၏ အိမ်သို့ အလည်အပတ် ရောက်ရှိခဲ့သည်။ ၎င်းသည် ယင်းရွာရှိ ဦးမူန္နား (ဘ) ဦးမျာဟူစိန်း၏ မိသားစုနှင့် ခင်မင်ရင်းနှီး သဖြင့် (၁၆) ရက်နေ့တွင် ဦးမူန္နား အိမ်သို့ သွားရောက် လည်ပတ်ခဲ့ပြီး ညနေပိုင်းတွင် မောင်တောမြို့သို့ ပြန်သွားခဲ့သည်။ 

ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် ဖောကီတောင်ရွာမှ ရပ်မိရပ်ဖ တစ်ဦး ဖြစ်သည့် မာရ်မာကြီး လူမျိုး ရွှေမောင် (ခ) ရှုးနားယားက ဦးရာမတ်အလီနှင့် ဦးမူန္နား တို့ကို ခေါ်ယူ၍ ၎င်းတို့ အိမ်သို့ လာရောက် လည်ပတ်ခဲ့သည့် အမျိုးသမီးမှာ အကျင့်ပျက် အမျိုးသမီးသာ ဖြစ်ကြောင်း၊ ၎င်းတို့ နှစ်ဦးက အကျင့်ပျက် အမျိုးသမီးနှင့် ဆက်ဆံခဲ့ကြောင်း၊ ရပ်မိရပ်ဖ တစ်ဦး အနေနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ တိုင်တန်း ရမည် ဖြစ်ကြောင်း အမျိုးမျိုး ခြိမ်းခြောက်၍ နောက်ဆုံးတွင် ဦးရာမတ်အလီနှင့် ဦးမူန္နား တို့နှစ်ဦးထံမှ ငွေကျပ် သုံးသိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

၎င်းတို့ နှစ်ဦးက မဟုတ်မမှန် တိုင်တန်း၍ နယ်ခြားစောင့်ရဲများ ခေါ်လာလျှင် နယ်ခြားစောင့်ရဲ များက မှန်/မမှန် စီစစ်ခြင်း မပြုလုပ်ဘဲ နယ်ခြားစောင့်ရဲ များ၏ ထုံးစံအတိုင်း ဦးစွာ ဖမ်းဆီး ရိုက်နှက်မည်ဟူသော စိုးရိမ်စိတ်ဖြင့် ရွှေမောင်အား ငွေကျပ် သုံးသိန်း ပေးခဲ့ခြင်း ဖြစ်သည်။ 

ရွှေမောင်က နံနက်ပိုင်းတွင် ငွေညှစ်ယူပြီး နေ့လည်ပိုင်းတွင် ကြိမ်ချောင်းသို့ သွားရောက်ပြီး စ.ရ.ဖ နှင့် သတင်းတပ်ဖွဲ့ (SB) အား အကြောင်းကြားခဲ့သည်။ ထို့နောက် ညနေပိုင်းတွင် စ.ရ.ဖ က အဆိုပါ ရွာသား နှစ်ဦးကို ဆင့်ခေါ်ပြီး အကျင့်ပျက် အမျိုးသမီးကို အိမ်တွင်ထား၍ ဖျော်ဖြေခံခဲ့သည်ဟု အမျိုးမျိုး ခြိမ်းခြောက်၍ တစ်ဦးထံမှ ငွေကျပ် တစ်သိန်းစီ ညှစ်ယူခဲ့သည်။ စ.ရ.ဖ က လွှတ်ပေးလိုက်သည်နှင့် သတင်းတပ်ဖွဲ့ (SB) က ခေါ်သွားခဲ့သည်။ သတင်းတပ်ဖွဲ့ ကလည်း စ.ရ.ဖ အတိုင်း ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်။ 

ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် အကျင့်ပျက် အမျိုးသမီးဟု စွပ်စွဲခံရခြင်းကို အဆိုပါ အမျိုးသမီးက ကြားသိပြီး အလွန်ပင် ဒေါသ ထွက်ခဲ့သည်။ အဆိုပါ အမျိုးသမီးသည် မြို့ပေါ်နေ ပညာတတ် အမျိုးသမီး တစ်ဦး ဖြစ်ပြီး၊ ထိုကဲ့သို့ စွပ်စွဲမှုကြောင့် ရွှေမောင် (ခ) ရှုးနားယားအား တရားစွဲဆိုသွားရန် ပြင်ဆင် နေကြောင်း သိရသည်။



MYARF
RB News
26.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်၊ ဖုံညိုလိပ် ကျေးရွာအုပ်စု၊ အမှတ် (၉) ရပ်ကွက်မှ မော်လ၀ီ ဦးအာရ်ဖာတ်အာမတ်ကို လက်ထပ်ခွင့် မယူဘဲ အိမ်ထောင်ပြု ခဲ့သည်ဟု ဆိုကာ ၂၀၁၄ ခုနှစ်တွင် ဖုံညိုလိပ်ရှိ နယ်ခြားစောင့်ရဲ များက ဖမ်းဆီးပြီး ထောင်ချခဲ့သည်။ အဆိုပါ မော်လ၀ီသည် ယခုအချိန်ထိ ဘူးသီးတောင် အကျဉ်းထောင်တွင် အကျဉ်းကျ ခံနေရသည်။

ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ဗိုလ်ကြီး အောင်မျိုးဟိန်းက လည်းကောင်း၊ (၁၅) ရက်နေ့တွင် ဆရာဇော်ဝင်းနှင့် ဆရာသက်နိုင် တို့က လည်းကောင်း မော်လ၀ီအာရ်ဖာတ်အာမတ်ကို လူမဆန်စွာ ရက်စက် ညှဉ်းပန်း နှိပ်စက်သောကြောင့် ၎င်း၏ ကျန်းမာရေး အခြေအနေမှာ အလွန် စိုးရိမ်ဖွယ်ရာ အခြေအနေသို့ ရောက်ရှိ နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အိပ်ရာမှ ထ၍လည်း မရ၊ အစာရေစာလည်း မစားနိုင်သည့် အပြင် စကားပင် ပြော၍မရ ဖြစ်နေသည်ဟု ဆိုသည်။ 

ယခုအခါ မော်လ၀ီ အာရ်ဖာတ်အာမတ်ကို ထောင်အာဏာပိုင်များက ထောင်တွင်း ဆေးရုံ၌ ပါးစပ်မှ တဆင့် လည်ချောင်းသို့ ပိုက်သွင်း၍ အရည်သာ တိုက်နေရသည်ဟု မျက်မြင် သက်သေ တစ်ဦး၏ ပြောပြချက်အရ သိရသည်။ ၎င်းအား ပါးစပ်မှ ပိုက်သွင်း၍ အရည်များ တိုက်နေသော်လည်း ၎င်း၏ ကျန်းမာရေးမှာ အသက် ဆုံးရှုံးဖွယ် အခြေအနေသို့ ရောက်နေသည်ဟု အဆိုပါ မျက်မြင် သက်သေက ထည့်သွင်း ပြောကြားခဲ့သည်။

လက်ထပ်ခွင့် မရယူဘဲ အိမ်ထောင်ပြုခြင်းသည် နိုင်ငံတော်အား ပုန်ကန်ခြင်း မဟုတ်၊ နိုင်ငံတော်ကို ဖျက်ဆီးခြင်း မဟုတ်၊ ဥပဒေ ချိုးဖောက်ခြင်းလည်း မဟုတ်သည့် အသေးအမွှား ကိစ္စတစ်ခုနှင့် မတရား ဖမ်းဆီးပြီး အသက်ဆုံးရှုံးရသည့် အထိ ရက်စက်ခြင်းသည် လုံးဝ လူသားမဆန်ခြင်း ဖြစ်ပြီး၊ ထိုသို့ လူမျိုးဘာသာ ခွဲခြား၍ ရက်စက်ခြင်းသည် ရိုဟင်ဂျာများကို မျိုးတုန်းအောင် ပြုလုပ်ခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
26.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာမှ မိုဟာမတ်ဟာရှိမ်း (ဘ) ဦးရှော်မုလုခ် (အသက် ၂၈ နှစ်) သည် ဒီဇင်ဘာလ (၁၈) ရက်နေ့တွင် MPT ဆင်းမ်ကဒ်သုံး GSM ဖုန်းတစ်လုံးကိုင်၍ စေတီရွာမှ ဆရာအာဘူဘော်ကော်ရ် (ဘ) ဦးဟာဘီအူလ္လာ (အသက် ၃၀ နှစ်) ၏ စားကုန်ဆိုင်သို့ သွားနေစဉ် အလယ်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲများ လာနေသည်ကို တွေ့ရှိရာ၊ ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု မဟုတ်မမှန် စွပ်စွဲခံရပြီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ တိမ်းရှောင် သွားခဲ့ရာ၊ နယ်ခြားစောင့်ရဲ များက ဆိုင်ရှင်ဖြစ်သူကို မည်သူလဲဟု မေးမြန်းခဲ့သည်။ ဆိုင်ရှင်ဖြစ်သူက မိမိအနေဖြင့် ၎င်းအား မသိရှိကြောင်း ပြန်လည် ဖြေဆိုရာ နယ်ခြားစောင့်ရဲ များက ဆိုင်ရှင်အား ပါးရိုက်ပြီး ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ 

စခန်းသို့ ရောက်သည်နှင့် ဆိုင်ရှင်ဖြစ်သူကို လူမဆန်စွာ ၀ိုင်းဝန်း နှိပ်စက်ကြရာ၊ မခံနိုင်တော့သဖြင့် ရွာကြီးရွာမှ ဖြစ်ကြောင်း၊ အမည်မသိကြောင်း ၀န်ခံခဲ့သည်။ ထို့နောက် နယ်ခြားစောင့်ရဲ (၆) ဦးက ဆိုင်ရှင်နှင့် အတူ ရွာကြီးရွာသို့ သွားရောက်ခဲ့သည်။ ရွာကြီးရွာသို့ ရောက်သည်နှင့် လမ်းတွင်တွေ့ရှိသော ဟာဘီရောန် (ဘ) ဦးရော်ရှိတ် (အသက် ၂၈ နှစ်) ကို တိမ်းရှောင်သွားခဲ့သူ မိုဟာမတ်ဟာရှိမ်း၏ အိမ်ကို ပြပေးရန် ပြောဆိုရင်း လက်သီးဖြင့်ထိုး၊ ခြေထောက်ဖြင့် ကန်ကျောက်ခဲ့သည်။ ထိုသို့ ထိုးကြိတ်မှုကြောင့် ဟာဘီရောန်၏ မျက်နှာမှာ ယခုထိ ယောင်ယမ်းလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် မိုဟာမတ်ဟာရှိမ်းကို တွေ့ရှိခဲ့ပြီး၊ မိသားစုများ ရှေ့မှောက်တွင်ပင် လူမဆန်စွာ ရိုက်နှက်၍ ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် (၅) သိန်း ညှစ်ယူကာ ပြန်လည် လွှတ်ပေးခဲ့သည်။ ဆိုင်ရှင်ဖြစ်သူ ဆရာအာဘူဘော်ကော်ရ်ကိုလည်း လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်းနှိပ်စက်မှုကြောင့် မျက်နှာ ယောင်ယမ်းလျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

ကျောက်ပန္ဒူ အလယ်ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း၏ တာဝန်ခံမှာ ဒုရဲအုပ် မင်းဇော် ဖြစ်သည်။ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ဆန်ရောင်းဝယ်သူ နူရ်အာမီးန် (ဘ) ဦးနူရူဆလာမ် (အသက် ၂၈ နှစ်) ၏ နေအိမ်ကို နယ်ခြားစောင့်ရဲများ ၀င်ရောက် ရှာဖွေခဲ့ရာ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း အိမ်ရှင်ဖြစ်သူ နူရ်အာမီးန်ကို ကင်းစခန်းသို့ လာရောက် တွေ့ဆုံရန် မှာကြားသဖြင့် နူရ်အာမီးန်က ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းကို ငွေကျပ် ၆ သောင်း ပေးပြီး၊ ကင်းစခန်း တာဝန်ခံ ဒုရဲအုပ် မင်းဇော်ထံသို့ ပို့ပေးရန် ပြောခဲ့သော်လည်း၊ ယင်းနေ့တွင်ပင် နယ်ခြားစောင့်ရဲများ ထပ်မံလာရောက်၍ ရှာဖွေခဲ့သဖြင့် ကြောက်ရွံပြီး တိမ်းရှောင် နေခဲ့သည်။ 

နယ်ခြားစောင့်ရဲ များက နူရ်အာမီးန်ကို မတွေ့ရှိသဖြင့် အိမ်ထောက်တိုင်များ ယူဆောင်သွားခဲ့သည်။ ထိုသို့ နှောက်ယှက်နေမှုကြောင့် နူရ်အာမီးန်သည် ၎င်း၏ လုပ်ငန်းပင် လုပ်ကိုင်နိုင်ခြင်း မရှိတော့သည့် အပြင်၊ ၎င်း၏ ညီဖြစ်သူ ဆွေယာဒ်ဟူစိန်း (အသက် ၂၅ နှစ်) လည်း ကြက်ရောင်းဝယ်ရေး လုပ်ငန်း မလုပ်ကိုင်နိုင်တော့ဘဲ တိမ်းရှောင် နေရသည်ဟု ဒေသခံများက ပြောပါသည်။ ၎င်းတို့ကို မည်သည့် ကိစ္စကြောင့် ယခုကဲ့သို့ နှောက်ယှက် နေသည်ကိုမူ မသိရှိဟု ဆိုသည်။ 

အဆိုပါ ကင်းစခန်း၏ တပည့်များ ဖြစ်သည့် စေတီရွာမှ ကော်ဘိရ်အာမတ် (ဘ) ဦးမုစ်တာခ်အာမတ် (အသက် ၂၇ နှစ်)၊ ဆရာမာမတ်ရော်ဖိတ် (ဘ) ဦးအာမီးရ်နော်ဇီရ်အာမတ် (အသက် ၂၇ နှစ်) တို့၏ မဟုတ်မမှန် သတင်းပေးမှု များကြောင့် ဖြစ်နိုင်သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
26.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျီးကန်းပြင် အရှေ့ရွာမှ ဦးဇော်လာလ်အာမတ် (ဘ) ဦးအော်လီ (အသက် ၅၈ နှစ်) ၏ ဆိတ်တစ်ကောင်သည် အနောက်ရွာရှိ န.တ.လ လယ်မြေတွင် ကျက်စားနေစဉ်၊ အသက် (၅၃) နှစ် အရွယ်ရှိ ဆဲဂါးနီး ဆိုသည့် အမျိုးသမီးကြီး၏ သမီးက ဆိတ်ကို ထိန်းသိမ်း ထားခဲ့သည်။ ဆိတ်ပိုင်ရှင်က ဆိတ်ကို ရှာဖွေနေစဉ် အဆိုပါ အမျိုးသမီးကြီး၏ နေအိမ်တွင် တွေ့ရှိခဲ့ရာ အမျိုးသမီးကြီးက ဆိတ်ကိုယူသွားလျှင် ငွေကျပ် လေးသောင်း ပေးရမည် ဖြစ်ကြောင်း၊ ဆိတ်က ပဲတောင့်ရှည် စိုက်ခင်း ဖျက်ဆီးခဲ့သည့်အတွက် ငွေတောင်းခံခြင်း ဖြစ်ပြီး၊ ငွေမပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ တိုင်ကြားမည်ဟု ခြိမ်းခြောက်သဖြင့် နောက်ဆုံးတွင် ငွေကျပ် တစ်သောင်း ပေးပြီး ဆိတ်ကို ပြန်လည် ယူခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

အဆိုပါ ဆိတ်သည် မည်သည့် ပဲတောင့်ရှည် စိုက်ခင်းထဲသို့မှ ၀င်ရောက်ဖျက်ဆီးခြင်း မရှိခဲ့ဘဲ န.တ.လ လယ်မြေတွင် ကျက်စားနေခဲ့ခြင်းသာ ဖြစ်ပြီး၊ မဟုတ်မမှန် စွပ်စွဲ၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ န.တ.လ လယ်မြေများသည် ယခင်က ရိုဟင်ဂျာများ ဘိုးစဉ်ဘောင်ဆက် ပိုင်ဆိုင်ခဲ့သည့် လယ်မြေများ ဖြစ်ပြီး၊ ယခင် စစ်အစိုးရ လက်ထက်တွင် မတရားသဖြင့် သိမ်းယူပြီး န.တ.လ သို့ပေးအပ် ခဲ့ခြင်း ဖြစ်သည်။



RB News
26.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာအုပ်စု၊ ဈေးကုန်တန်းရွာမှ ဦးမျိုးအောင် (ခ) ဦးဆွေယာဒ်ဒူလ္လာ၏ တူများသည် ဈေးထဲတွင် မင်းမဲ့စရိုက်ဆန်ဆန်ဖြင့် ဒေသခံ ရွာသားများကို ဗိုလ်ကျ အနိုင်ကျင့်လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ဦးဆွေယာဒ်ဒူလ္လာ၏ တူ (၃) ဦးမှာ ဟာရှိမ်း၊ မာမတ်ရှော်ဘီနှင့် မာမတ်ရော်ဖိတ် တို့ဖြစ်သည်။ ၎င်းတို့သည် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်း၍ တစ်ဖက်နိုင်ငံသို့ ကျွဲ၊ နွား၊ ငါး၊ ငါးခြောက်၊ အုန်းသီး စသည့် ကုန်မျိုးစုံ တင်ပို့ ရောင်းချပြီး ချမ်းသာလာကြသူများ ဖြစ်သည်။ ထို့အပြင် WY မူးယစ်ဆေးဝါး လုပ်ငန်းကိုလည်း အကြီးအကျယ် လုပ်ကိုင်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်များ အရ သိရသည်။ 

ဟာရှိမ်း (ဘ) ဦးအာမိရ်ဂုလာလ်သည် သားသတ်လိုင်စင် လုပ်ငန်း လုပ်ကိုင်ပြီး အမဲသားကို တစ်ဦးတည်း အဆမတန် ဈေးနှုန်းဖြင့် ရောင်းချလျက်ရှိပြီး၊ အခြားရွာမှ ၀ယ်ယူလာသည်ကို တွေ့ရှိလျှင် အမဲသားများကို သိမ်းယူလေ့ရှိသည်။ အမဲသားဝယ်လျှင် ၎င်းထံမှသာ ၀ယ်ရသည်။ အလားတူ ၎င်း၏ညီ မာမတ်ရော်ဖိတ်သည် ဆောက်လုပ် ပစ္စည်းများ၊ အီလက်ထရွန်နစ် ပစ္စည်းများနှင့် ဆီဆိုင်ဖွင့်ထားရာ စက်လှေသမားများက ၎င်းထံမှပင် ၀ယ်ယူရသည်။ ၎င်း၏ အစ်ကို မာမတ်ရှော်ဘီက ပိုက်ဆိုင်ဖွင့်ရာ ငါးဖမ်းလှေများမှာ အခြားနေရာမှ ၀ယ်ယူခွင့် မရှိဘဲ ၎င်းထံမှသာ ၀ယ်ယူရသည်။

အလယ်သံကျော်ရှိ စီးပွားရေး လုပ်ငန်းများကို ဦးဆွေယာဒ်ဒူလ္လာ၏ ဆွေမျိုးများ အားလုံးက ချုပ်ကိုင်ထားသည်။ ၎င်းတို့သည် အာဏာပိုင်များကို စီးပွားရေးအရ အကျိုးပြုနေသဖြင့် ၎င်းတို့ စိတ်ကြိုက် ရမ်းကားခွင့် ပြုထားသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ဒီဇင်ဘာလ (၂၃) ရက်နေ့ နေ့လည် (၃) နာရီ အချိန်တွင် မောင်တူလာရွာမှ ရိုတီမုန့်ဆိုင် ရောင်းသူ မိုဟာမတ်အာယာစ် (ခ) အာဒီဘယော (ဘ) ဦးအဒူရှကူရ် (အသက် ၂၅ နှစ်) သည် အလယ်သံကျော် ဈေးတွင် မာမတ်ရော်ဖိတ် ထံမှ ရရန်ရှိသော အကြွေးကို တောင်းရာ ငွေမပေးသည့် အပြင် ညီအစ်ကိုများ အားလုံးက လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ မိုဟာမတ်အာယာစ်၏ ဦးခေါင်းတွင် ဒဏ်ရာပြင်းထန်စွာဖြင့် သွေးများယိုစီးနေသည့် အချိန်တွင်ပင် သံတုတ်ဖြင့် ခြေထောက်ကို ရိုက်နှက်ခဲ့ကြောင်း မျက်မြင်သက်သေ များက ပြောပါသည်။ ထိုသို့ ရိုက်နှက်နေစဉ် အမှတ် (၄) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူး ကိုယ်တိုင် ဦးဆွေယာဒ်ဒူလ္လာနှင့် အတူ ထိုင်ကြည့်နေခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ လူမဆန်စွာ ရိုက်နှက်နေသည်ကို ၀င်ရောက် တားဆီး ဟန့်တားခြင်း မရှိခဲ့ဟု ဆိုသည်။ 

မာမတ်ရော်ဖိတ်သည် ၂၀၁၃ ခုနှစ်မှ စ၍ ဒုတိယ အိမ်ထောင်ပြု ထားသော်လည်း မည်သည့် အာဏာပိုင်ကမှ အရေးယူခြင်း မရှိသည်မှာ အာဏာပိုင်များအား အကျိုးပြုနေသောကြောင့် ဖြစ်သည်။ အာဏာပိုင်များ အတွက် အကျိုးပြုနေလျှင် ထုတ်ပြန်ထားသည့် ဥပဒေများ သက်ရောက်မှု မရှိဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
24.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံနှင့် ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ ဒီဇင်ဘာလ (၁၈) ရက်နေ့ ည (၈) နာရီ အချိန်တွင် ပွင့်ဖြူချောင်း ကျေးရွာရှိ ရွာကင်းစောင့်များကို စစ်ဆေးရန် သွားရောက်ခဲ့သည်။ ကင်းသမားများမှာ မိုးရွာနေသဖြင့် ခေါင်မိုး မရှိသော ကင်းရုံတွင် ကင်းမစောင့်နိုင်သောကြောင့် ထိုညတွင် ကင်းစောင့်ရန် သွားရောက်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် ကင်းသမား (၅) ဦးထံမှ ငွေကျပ် တစ်သောင်းကျပ်နှင့် ငွေကျပ် တစ်သောင်းငါးထောင်တန် ကြက်တစ်ကောင် အတင်းအဓမ္မ ညှစ်ယူခဲ့ကြောင့် ဒေသခံများက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) မော်လ၀ီကော်ဘိရ် (အသက် ၅၄ နှစ်)
(၂) ဟာဘီအာမတ် (ဘ) ဦးဆွေတာလောမ် (အသက် ၂၈ နှစ်)
(၃) ဟာဖီးဇ် ဇူဘိုင်ရ် (ဘ) ဦးဆွေယာဒူရာမန် (အသက် ၂၄ နှစ်) 
(၄) အဒူဆလာမ် (ဘ) ဦးအီဆာဖ်အလီ (အသက် ၂၅ နှစ်)
(၅) အီဆာခ် (ဘ) ဦးဆွေတာလောမ် (အသက် ၂၂ နှစ်) တို့ဖြစ်သည်။ 

ဒီဇင်ဘာလ (၂) ရက်နေ့က ရွက်ညိုတောင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ၊ မြေတိုင်း စာရေး ဦးကျော်ဝင်း၊ ပွင့်ဖြုချောင်း ကျေးရွာ ဥက္ကဌဟောင်း ဦးနူရ်အာလောမ်၊ ဦးရော်ရှိတ်အာမတ် (အသက် ၃၈ နှစ်) တို့ ပူးပေါင်း၍ အိမ်ပြုပြင်နေသူများကို အိမ်အသစ် ဆောက်လုပ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ၍ အတင်းအဓမ္မ ငွေညှစ်ခဲ့သည်။ 

ငွေညှစ်ခံရသူများမှာ -- 

(၁) ဦးမာမတ်အာလောမ် (ဘ) ဦးအဒူဇော်လိလ် (အသက် ၄၆ နှစ်) ထံမှ ငွေကျပ် (၇) သိန်း
(၂) ဦးလာလ်မျာ၏ ဇနီး ဒေါ်ရော်ရှီဒါ ထံမှ ငွေကျပ် (၃) သိန်း
(၃) ဦးရော်ဟိမ်း (ဘ) ဦးဇိုတ်ဟူဆောင်း (အသက် ၂၇ နှစ်) ထံမှ ငွေကျပ် (၄) သိန်း (၅) သောင်း -- တို့ဖြစ်သည်။



Rohingya Eye
RB News
24.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ခံ ဒုရဲအုပ်နှင့် အဖွဲ့သည် နည်းမျိုးစုံသုံး၍ ဒေသခံ ရိုဟင်ဂျာများကို ခြိမ်းခြောက်၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် ရော်ရှိတ်အာမတ် (ဘ) ဦးဖော်ဇော်လ် (အသက် ၂၂ နှစ်) ကို အခြားအိမ်တွင် သွားရောက် နေထိုင်ခဲ့သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ရီဇူဝါန် (ဘ) ဦးအာဘူဆော်ယောဒ် (အသက် ၁၈ နှစ်) သည် တက္ကသိုလ် ၀င်တန်း ကျောင်းသား တစ်ဦး ဖြစ်ပြီး၊ ၎င်း၏ ဖခင်လည်း မကြာခင်က သေဆုံးသွားခဲ့သည်။ ၎င်းသည် လူငယ်တစ်ဦးနှင့် အချင်းများခဲ့ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဆွေယာဒ်ဟူစိန်းက ငွေကျပ် (၆) သိန်း ညှစ်ယူခဲ့သည်။ အချင်းများခဲ့သည် ပြဿနာကို ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးတွင် ဖြေရှင်းပြီး ဖြစ်သော်လည်း ဒီဇင်ဘာလ (၁၁) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့က ၎င်းကို ဆင့်ခေါ်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ဦးအဒူမော်ဂျီဒ် (ဘ) ဦးအာဘူဘော်ကော်ရ် ဆိဒိတ် (အသက် ၅၂ နှစ်) ကို လူကုန်ကူးမှု ပွဲစားလုပ်သည်ဟု မဟုတ်မမှန် စွပ်စွဲ၍ ငွေကျပ် (၂) သိန်း ညှစ်ယူခဲ့သည်။ ၎င်းကို ယခင်ကလည်း အခြား ကင်းစခန်းများက လုပ်ကြံ စွပ်စွဲမှုများ ပြုလုပ်ပြီး ငွေညှစ်ခဲ့သောကြောင့် ရွာမှ အပြီးအပိုင် ထွက်ခွာရန် စီစဉ်လျက် ရှိသည်။ 

ဒီဇင်ဘာလ (၁၂) ရက်နေ့တွင်ပင် မော်လ၀ီကာဆိမ်း (ဘ) ဦးဟာမိတ်ဒူလ္လာ (အသက် ၂၇ နှစ်) ကို လူကုန်ကူးမှု ပွဲစားလုပ်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် မော်လ၀ီရှော်ကဲသ်အူလ္လာ (ဘ) ဦးအီလီယာစ် (အသက် ၂၅ နှစ်) ၏ အိမ်သို့ နယ်ခြားစောင့်ရဲများ ၀င်ရောက် ရှာဖွေခဲ့ပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ငွေညှစ်နိုင်ရန် အတွက် အကွက်ဆင်ရန် စီစဉ်လျက် ရှိကြောင်း သိရှိရသည်။



MYARF
RB News
24.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ၊ ငါးခူရ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ဒီဇင်ဘာလ (၁၆) ရက်နေ့ ည (၇) နာရီ အချိန်တွင် ငါးစကြူး ကျေးရွာအုပ်စု ဈေးသို့ သွားရောက်၍ ဈေးအတွင်းရှိ လဘက်ရည်ဆိုင် နှစ်ဆိုင်တွင် စားသောက် နေသူများကို စစ်ဆေးခဲ့သည်။ ဦးအီဒီရိစ်၏ လဘက်ရည်ဆိုင်တွင် စားသောက်ရင်း ဒိုးဇက် ကစားနေသည့် လူငယ် လေးဦးထံမှ ငွေကျပ် တစ်သောင်းစီ - စုစုပေါင်း ငွေကျပ် လေးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသူ လူငယ် (၄) ဦးမှာ -- 

(၁) ဖော်ဇော်လ်ကော်ဘိရ်
(၂) ဖာရုခ်
(၃) အုစ်မာန်ဆော်လိုဝါရ် နှင့် အခြား တစ်ဦးတို့ ဖြစ်ပြီး၊ ၎င်းတို့လေးဦးစလုံးမှာ ငါးစကြူး ကျေးရွာအုပ်စု ရွာမ မှဖြစ်ကြသည်။



MYARF
RB News
24.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ ငါးခူရ စခန်းမှ နယ်ခြားစောင့်ရဲ (၆) ဦးသည် ဒီဇင်ဘာလ (၁၃) ရက်နေ့ ည ၁၀ နာရီအချိန်တွင် လောင်းဒုံ ကျေးရွာအုပ်စု မျှာဇင်ရွာသို့ သွားရောက်၍ အိမ်ခြံဂိတ်ဝတွင် ရပ်နေသည့် ဦးအာနိုဝါရ်ဆာဒဲခ် (ဘ) ဦးအီမာန်ဟူစိန်းကို ဘင်္ဂလားဖုန်းဖြင့် ဖုန်းပြောနေသည်ဟု စွပ်စွဲ၍ စစ်ဆေးရာ MPT ဖုန်းတစ်လုံးသာ တွေ့ရှိခဲ့သည်။ ဘင်္ဂလားဖုန်း မတွေ့ရှိသော်လည်း ဘင်္ဂလားဖုန်း ၀ှက်ထားသည်ဟု လုပ်ကြံ စွပ်စွဲ၍ ရိုက်နှက်ကာ MPT ဖုန်းကိုလည်း သိမ်းယူသည့် အပြင် ငွေကျပ် လေးသောင်း ငါးထောင်လည်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ထို့နောက် ညသန်းခေါင်ယံ (၁) နာရီ အချိန်တွင် ဦးအဒူရှကူရ် (ဘ) ဦးအာခ်ဘောရ်အလီ၏ နေအိမ်သို့ သွားရောက်၍ ဦးအဒူရှကူရ် အတွက် လူတစ်ဦးက တိုင်တန်း ထားသည်ဟု လုပ်ကြံ ပြောဆို၍ ၎င်းအား နေအိမ်တွင်ပင် ၂ နာရီထိ ရိုက်နှက်ပြီးနောက် ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ စခန်းသို့ ရောက်သည်နှင့် ဆက်လက်၍ တစ်ညလုံး ရိုက်နှက် ခြိမ်းခြောက်ခဲ့ပြီး ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ငွေကျပ် ငါးသိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေး ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ နယ်ခြားစောင့်ရဲ များ၏ ရိုက်နှက်မှုကြောင့် ဦးအဒူရှကူရ်၏ မျက်နှာတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။



MYARF
RB News
24.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ကံ့ကော်မြိုင် စံပြ န.တ.လ ရွာ အိမ်အမှတ် (၁၀) မှ အ၀ိုင်း (ခ) ကုလား ဆိုသူသည် နေ့ရောညပါ အချိန်မတော် ရိုဟင်ဂျာရွာထဲသို့ ၀င်ရောက်၍ ဖားရှာသည့် ပုံစံဖြင့် အိမ်ခြံဝင်းများ အထဲဝင်ပြီး ရှာဖွေလေ့ရှိသည်။ ထိုသို့ အချိန်မတော် နေအိမ် ခြံဝင်းများ ထဲသို့ ၀င်ရောက်မှုကြောင့် အမျိုးသမီးများ အတွက် အနှောက်အယှက် ဖြစ်လျက် ရှိသည်။ ၎င်းသည် ညအချိန်တွင် အိမ်ခြံဝင်းများ အထဲသို့ ၀င်၍ ငြိမ်နေလေ့ရှိသောကြောင့် အမျိုးသမီးများ အပြင်ထွက်ရန်ပင် ကြောက်ရွံနေကြသည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ညအချိန်မတော် ခြံဝင်းများ အတွင်းသို့ မ၀င်ရန် အိမ်ရှင်များက ကောင်းမွန်စွာ ပြောသော်လည်း ၎င်းက တိုင်းရင်းသား ဟူ၍ အင်အားပြကာ ယခင်ကထက် ပိုဝင်လေ့ရှိသည်ဟု ဆိုသည်။ အမျိုးသမီးများမှာ ညအချိန်တွင် တစ်ခါတစ်ရံ အပြင်ထွက်ရန်ပင် ကြောက်လန့် နေကြသည်။ ညအချိန် အများ အိပ်ပျော်နေချိန်တွင် ၎င်းက ခြံဝင်းများ အထဲသို့ ၀င်လေ့ ရှိသောကြောင့် နေအိမ်များ မီးရှို့ခြင်း၊ ဖောက်ကွဲရေး ပစ္စည်း တစ်စုံတစ်ရာ ထည့်သွင်းခြင်း၊ အမျိုးသမီးများကို သရေပျက်အောင် ပြုလုပ်ခြင်း စသည်များ ပြုလုပ်မည်ကို ဒေသခံ ရိုဟင်ဂျာများက အထူးစိုးရိမ်လျက် ရှိနေကြသည်။ 

၎င်း၏ အချိန်မတော် နှောက်ယှက် ရမ်းကာနေမှု များကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသားနှင့် ညောင်ချောင်း အခြေစိုက် စ.ရ.ဖ နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ အကြိမ်ကြိမ် တိုင်ကြားသော်လည်း အာဏာပိုင်များက ဟန့်တား ဖြေရှင်း ပေးခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ 

အ၀ိုင်း (ခ) ကုလား ဆိုသူသည် ဖားရှာသည့် လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူ မဟုတ်ဘဲ၊ ငွေကြေး ချမ်းသာသူ တစ်ဦး ဖြစ်သည်။ ၎င်းသည် ရည်ရွယ်ချက် တစ်ခုခုဖြင့် ယခုကဲ့သို့ ပြုလုပ်နေခြင်း ဖြစ်သည်။ ၎င်းသည် ဖုရားပြင်အောင်ပ ကျေးရွာရှိ မာမတ်နူရ် (ဘ) ဦးအဒူကူဒုစ် (ဆန်ရောင်း) ၏ နေအိမ်သို့ နေ့စဉ် လာရောက်၍ အရက်သေစာ သောက်စား လေ့ရှိသည်ဟု သိရသည်။



RB News
24.12.2015

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ဇီးပင်ချောင်း ကျေးရွာအုပ်စုမှ မူလတန်း ကျောင်းသား (၃) ဦးကို ဒီဇင်ဘာလ (၂၃) ရက်နေ့က ကျောင်းသားများကို ထောက်ပံ့သည့် ဘီစကွတ်များ ခိုးစားသည်ဟု စွပ်စွဲ၍ ကျောင်းအုပ် ဆရာကြီး ဦးအောင်တင်ကြည်နှင့် ကျေးရွာ တာဝန်ခံ ဦးမာမတ်အာယုဖ် တို့ပူးပေါင်း၍ စွပ်စွဲခံရသည့် ကျောင်းသား (၃) ဦး၏ မိဘများကို ကျေးရွာ တာဝန်ခံရုံးသို့ ဆင့်ခေါ်၍ ငွေကျပ် သုံးသိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ငွေညှစ်ခံရသည့် ကျောင်းသား မိဘများမှာ -- 

(၁) မော်လ၀ီ ဟာမိတ်ဟူစိန်း (ဘ) ဦးအုမော်ရ်ဟမ်ဇား (အသက် ၃၇ နှစ်)
(၂) ဦးမိုဟာမတ်ရော်ဖိခ် (ဘ) ဦးနူရ်အာလောမ် (အသက် ၃၇ နှစ်)
(၃) ဦးအာဘူကာလာမ် (ဘ) ဦးနော်ဇီအာမတ် (အသက် ၄၅ နှစ်) -- တို့ဖြစ်သည်။



MYARF
RB News
23.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့ဦး ကျေးရွာအုပ်စု (ဧတာလျာ ကျေးရွာအပ်စု) ခူနာရွာနှင့် သီဟိုဠ်ကျွန်း ကျေးရွာအုပ်စု၊ ဟာဘီရွာကြားရှိ ချောင်းတွင် အိတ်ခွံထဲတွင် ထိုးသွင်း၍ စွတ်ထားသော အလောင်းတစ်လောင်းကို ဒီဇင်ဘာလ (၁၉) ရက်နေ့က ငါးဖမ်းသမားများ တွေ့ရှိခဲ့သည်။ အိတ်ခွံကိ ဂဏာန်းများ၊ ငါးများက ဖောက်စားထားသဖြင့် အလောင်း၏ ခြေထောက် တစ်ဖက်နှင့် မျက်နှာကိုသာ မြင်ရသည်ဟု ဆိုသည်။ 

အလောင်းမှာ ရိုဟင်ဂျာ လူမျိုးဖြစ်ပြီး ဆယ်ကျော်သက် လူငယ် ဖြစ်သည်ဟု ခန့်မှန်းရသည်။ သို့သော် မည်သည့် နေရပ် ဒေသမှ မည်သူမည်ဝါ ဖြစ်ကြောင်း ယခုထိ မသိရှိရသေးကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ ငါးဖမ်းသမားများက အလောင်းကို တွေ့ရှိသော်လည်း ကြောက်ရွံ၍ အခြားသူများကို ပြောပြခြင်း၊ အာဏာပိုင် များကို အကြောင်းကြားခြင်း မရှိသေးဟု အဆိုပါ ဒေသခံက ပြောပါသည်။ 

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွားခဲ့သော လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်း နောက်ပိုင်းတွင် ရခိုင် အစွန်းရောက်များက ရိုဟင်ဂျာများ တစ်ဦးတည်း သွားလာနေသည်ကို တွေ့လျှင် သတ်ဖြတ်၍ မြေမြှပ်ပစ်ခြင်း၊ တောတောင်ထဲတွင် ဖုံးဝှက်ထားခြင်း၊ ချောင်း၌ ပစ်ချခြင်းများ မကြာခဏ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 
နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် ရခိုင်အစွန်းရောက် များနှင့် ရခိုင် လက်နက်ကိုင် အဖွဲ့အစည်းများမှ ပြောက်ကျားများ ပါဝင်သောကြောင့် နယ်ခြားစောင့်ရဲများ ကိုယ်တိုင် ရိုဟင်ဂျာများကို သတ်ဖြတ်နေသည်ကိုလည်း မကြာခဏ တွေ့ရှိနေရသည်။ ယခုလည်း နယ်ခြားစောင့်ရဲ (သို့မဟုတ်) ရခိုင် အစွန်းရောက်များက သတ်ဖြတ်၍ ချောင်းထဲသို့ ပစ်ချခဲ့သည်ဟု ဒေသခံများက ယူဆနေကြသည်။



MYARF
RB News
22.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ အကွက် (၁) မှ ဦးတော်ယုဖ် (ဘ) ဦးဆီဒိခ်၏ အိမ်ခြံဝင်း အတွင်းရှိ သရက်ပင်ကြီး တစ်ပင်နှင့် လက်ပံပင်ကြီး တစ်ပင်တို့သည် လွန်ခဲ့သည့် ဇူလိုင်လတွင် တိုက်ခတ်ခဲ့သော ကိုမန် မုန်တိုင်းကြောင့် ပြိုလဲ သွားခဲ့သည်။ ဦးတော်ယုဖ်က အဆိုပါ အပင်ကြီးနှစ်ပင်ကို ခွဲဖြတ်၍ အိမ်ပြုပြင်ရန် ရည်ရွယ် ထားခဲ့သည်။

ဒီဇင်ဘာလ (၇) ရက်နေ့တွင် အဆိုပါ ကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးမောင်ချမ်းသာနှင့် ညောင်ချောင်း အခြေစိုက် စ.ရ.ဖ ၏ တပည့်ဖြစ်သူ ဦးမူဟိဗ်ဘူလ္လာ (ဘ) ဦးကာဆိမ်းက ဦးတော်ယုဖ်၏ အိမ်သို့ သွားရောက်ကာ အပင်ကြီး နှစ်ပင်ကို အလိုရှိကြောင်း ပြောကြားခဲ့သည်။ ပိုင်ရှင်ဖြစ်သူ ဦးတော်ယုဖ်က မိမိအနေဖြင့် အဆိုပါ အပင်ကြီး နှစ်ပင်ကို ခွဲဖြတ်၍ အိမ်ပြုပြင်ရန် ရှိကြောင်း ပြောကြားသော်လည်း ဦးမူဟိဗ်ဘူလ္လာက အုပ်ချုပ်ရေးမှူးနှင့် စ.ရ.ဖ တို့၏ အာဏာပြ၍ ဒီဇင်ဘာလ (၈) ရက်နေ့တွင် ရွာမှ သစ်ခွဲသမား လေးဦး ခေါ်လာပြီး ဦးတော်ယုဖ်၏ ခြံဝင်းထဲတွင်ပင် ဒီဇင်ဘာလ (၁၀) ရက်နေ့ထိ သုံးရက်တိတိ သစ်ခွဲခိုင်းပြီး ၎င်း၏ အိမ်သို့ သယ်ဆောင် သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

သုံးရက်တိတိ သစ်ခွဲရသည့် သစ်ခွဲသမား လေးဦးကိုလည်း လုပ်အားခ မပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အဆိုပါ အပင်ကြီးနှစ်ပင်၏ ကာလတန်ဖိုးမှာ ကျပ်လေးသိန်း နီးပါးရှိမည်ဟု သစ်ခွဲ အတွေ့အကြုံ ရှိသူများက ခန့်မှန်းကြသည်။ လုပ်အားခ မရဘဲ သစ်ခွဲ ပေးခဲ့ရသူများမှာ -- ဦးအီနုစ် (ဘ) ဦးအေရှာဒူလ္လာ၊ ဦးဟာရှိမ် (ဘ) ဦးဘာသာမျာ၊ ဦးဟာလာယာ (ဘ) ဦးဘောက်ရှုး နှင့် ဦးအဒူရော်ဇတ် (ဘ) ဦးဖေဒူရူး တို့ဖြစ်သည်။



MYARF
RB News
22.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၏ မြောက်ဖက်ဆုံး၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်၊ အောင်ဇံ ကျေးရွာအုပ်စု အတွင်း နယ်ခြားခြံစည်းရိုးနားတွင် လွန်ခဲ့သည့် ရွေးကောက်ပွဲ ကာလ အကြို နယ်မြေ လုံခြုံရေး အတွက် ခမရ (၅၆၄) တပ်ရင်းမှ ဒု-တပ်ရင်းမှူး ဗိုလ်မှူး အောင်ကျော်စိုး ဦးဆောင်သည့် စစ်သား (၁၂) ဦးပါ အဖွဲ့ကို တာဝန်ပေး စခန်းချ ထားခဲ့သည်။ ထိုစခန်းမှ စစ်သားများသည် ဆာလေတောင်ရွာ၊ ကြောင်တိုးရွာနှင့် အောင်ဇံ - ရိုဟင်ဂျာရွာ များသို့ မကြာခဏ ၀င်ရောက်ပြီး ကြက်၊ ဘဲ၊ ဆိတ်များ ဆွဲယူသွားခြင်း၊ ရေကန်မှ ငါးများ ဖမ်းယူသွားခြင်း၊ စိုက်ခင်းများမှ ဟင်းသီးဟင်ရွက်များ ဆွတ်ခူး ယူသွားခြင်း များကို နေ့စဉ်နှင့်အမျှ အတင်းအဓမ္မ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

အဆိုပါ စစ်သားများသည် စားသောက်ဖွယ်ရာများ လုယက် စားသုံးခြင်း သာမက ဒေသခံ ရွာသားများထံမှ မတရားသဖြင့် ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။ 

ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် ကြောင်တိုးရွာမှ ဦးအီဆုပ်အလီ (ဘ) ဦးဆုလ်တာန်အာမတ်၊ ဦးခါလေဒ်ဟူစိန်း (ဘ) ဦးဆုလ်တာန်အာမတ်နှင့် ဦးဟူဆောင်းအလီ တို့ကို စခန်းသို့ ဆင့်ခေါ်၍ စားကျက်၌ ချုံပုတ် ခုတ်ထွင်း ရှင်းလင်းသည်ကို စစ်စခန်းမှ ခွင့်ပြုချက် မယူဘဲ လုပ်သောကြောင့် အပြစ်ရှိသည်ဟု အတင်းအဓမ္မ ၀န်ခံခိုင်းပြီး ငွေကျပ် ၃ သောင်းစီ ညှစ်ယူခဲ့သည်။ 

ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် အောင်ဇံ ကျေးရွာအုပ်စု၊ ဖူရာန်မာဂျွားရွာမှ ဦးမူရှားအလီ (ဘ) ဦးအလီဟူဆောင်းနှင့် ဦးရှောမ်ရှုအာလောမ် (ဘ) ဦးမော်တီရာမာန် တို့နှစ်ဦးကို စခန်းသို့ ဆင့်ခေါ်ပြီး ဖမ်းချုပ်ကာ နွေစပါး စိုက်ပျိုးရန် ယာယီဆည် ဆောက်လုပ်သည်ကို ဒု-တပ်ရင်းမှူး ထံမှ ခွင့်ပြုချက် မယူဘဲ အပြစ်ရှိသည်ဟု အတင်းအဓမ္မ ၀န်ခံခိုင်းပြီး ဒဏ်ငွေဟု ဆိုကာ ငွေကျပ် ၅ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။


Rohingya Eye
RB News
21.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု၊ အလယ်ရွာ ရှာကူရီးအစ္စလာမ် (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၂၂ နှစ်) သည် ဒီဇင်ဘာလ (၁၅) ရက်နေ့ ည (၁၀) နာရီ အချိန်တွင် နေအိမ်မှ ထွက်ခွာလာခဲ့ရာ လမ်းတွင် ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူး၏ တပည့် မာမတ်တာဟဲရ် (အသက် ၂၁ နှစ်) က ၎င်း၏ မျက်နှာတည့်တည့်ကို ဓါတ်မီးဖြင့် ထိုးခဲ့သည်။ ထို့ကြောင့် ဓါတ်မီးထိုးသူအား မည်သူလဲဟု မေးမြန်းရာ ဖြေကြားခြင်း မရှိသဖြင့် ဓါတ်မီးထိုးရာဘက်သို့ လိုက်ရာ၊ ဓါတ်မီးထိုးသူက ထွက်ပြေးသွားခဲ့သည်။ ထွက်ပြေးနေစဉ် အိမ်တစ်အိမ်၏ တံခါးဖြင့် တိုက်မိသဖြင့် လက်တစ်ဖက်တွင် ဒဏ်ရာရရှိခဲ့သည်။ ထို့နောက် ထွက်ပြေးသူ မာမတ်တာဟဲရ်က နယ်ခြားစောင့်ရဲ များကို ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ 

နယ်ခြားစောင့်ရဲများ ရွာထဲသို့ ရောက်ရှိလာပြီး ရှာကူရီးအစ္စလာမ်ကို အိပ်ရာမှ နိုးပြီး သေနတ်ဖြင့် ထောက်ကာ ဖမ်းဆီး သွားပြီး၊ ဒီဇင်ဘာလ (၁၆) ရက်နေ့တွင် အမှုဆင်ကာ တရားရုံးသို့ တင်ပြီး၊ ဘူးသီးတောင်မြို့ရှိ အကျဉ်းထောင်သို့ ပို့လိုက်သည်။ မာမတ်တာဟဲရ် ဆိုသူသည် နယ်ခြားစောင့်ရဲ များနှင့် ပူးပေါင်း၍ ရွာသားများကို မဟုတ်မမှန် အမှုဆင်ကာ ငွေညှစ်နေသူ တစ်ဦး ဖြစ်သည်ဟု ရွာသားများက RB News သို့ပြောပါသည်။ 

၎င်းက ရှာကူရီးအစ္စလာမ်မှ ဓါးဖြင့်ထိုးရန် ကြံရွယ်သည်ဟု အမှုဆင်ကာ နယ်ခြားစောင့်ရဲ များနှင့် ဖမ်းဆီးခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ရှာကူရီးအစ္စလာမ်က နေအိမ်မှ ထွက်ခွာရာတွင် မည်သည့် လက်နက် တစ်စုံတစ်ရာမှ မပါရှိခဲ့ကြောင်း မိသားစုများက အတည်ပြု ပြောကြားသည်။ ယခုကဲ့သို့ လုပ်ကြံ ပြောဆိုမှုကြောင့် ဖမ်းဆီးထားခြင်းမှာ မတရားလုပ်ခြင်းသာ ဖြစ်သဖြင့် အဖြစ်မှန်ကို စုံစမ်း၍ အမြန်ဆုံး ပြန်လည် လွှတ်ပေးရန် တောင်းဆိုကြောင်း မိသားစုဝင်များက ပြောပါသည်။

ရန်ကုန်ရှိ ဗလီတခု၏ အတွင်း မြင်ကွင်း (ဓာတ်ပုံ – http://www.independent.co.uk)

ကားလော့စ် ဆာဒီနာ ဂလချီနှင့် ဗာရိုနီကာ ပီဒရိုဆာ
21.12.2015

တရားခံ ရှေ့နေများနှင့် လုံခြုံရေး ကျွမ်းကျင်သူ များက အမှန်တကယ်ရှိ မနေကြောင်း ပြောကြသည့် အကြမ်းဖက် အဖွဲ့ အစည်း တခုနှင့် ဆက်သွယ်သည် ဆိုသည့် အကြောင်းပြချက်ဖြင့် အစိုးရ၏ ဖမ်းဆီးခံရသူ အနည်းဆုံး ၁ ဒါဇင်ခန့် ရှိခဲ့ပါသည်။

“မြန်မာမွတ်စလင်တပ် (Myanmar Muslim Army)” အမှန်တကယ်ရှိနေကြာင်း ဖော်ပြနိုင်သည့် သက်သေ အထောက်အထားများကို ဖော်ထုတ်ပြသရန် ဦးသိန်းစိန် အစိုးရက ငြင်းပယ်ခဲ့သည့်အတွက် ကာလရှည်ကြာစွာ မွတ်စလင်များအပေါ် ဖိနှိပ်ကန့်သတ်ခဲ့သည့် အစိုးရက အကြမ်းဖက်ခြိမ်းခြောက်မှုတခုကို တီထွင်၍ ရှေ့တန်းတင်နေသည်ဟူသော အလားအလာက ဖြစ်နိုင်ချေ ပိုများနေသည်။

ဖမ်းဆီးခံထားရသူ အရေအတွက်ကို သဲသဲကွဲကွဲ မသိရသော်လည်း The Intercept အွန်လိုင်း သတင်းဌာနက ရရှိခဲ့သည့် အထောက်အထားများနှင့် မြန်မာနိုင်ငံမှ အမှု ၃ ခုနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့ခြင်းများအရ ပထမအမှုတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံထားရသူ ၁၂ ဦး၊ ဒုတိယ အမှုတွင် တိုင်းပြည်နေရာ အနှံ့အပြား တွင် ဗုံးဖောက်ခွဲရန် ကြံစည်ရာ၌ ပါဝင်ပတ်သက်မှုဖြင့် ဖမ်းဆီးခံထားရသူ ၅ ဦးနှင့် တတိယမြောက်မှာ အကြမ်းဖက်အဖွဲ့ ကို ငွေကြေးထောက်ပံ့သည့် အမှုဖြင့် ဖမ်းဆီးခံထားရသူ တဦးတို့ ဖြစ်သည်။ ၎င်းတို့ကို စက်တင်ဘာနှင့် နိုဝင်ဘာလများ အတွင်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါသည်။ (ပြီးခဲ့သည့်အပတ် တနင်္လာနေ့က မန္တလေးတွင် မွတ်စလင် ၁၂ ဦးကို ထောင်ဒဏ် ၅ နှစ် အပြစ်ပေးခဲ့သည်)

“စွဲဆိုခြင်းခံရသူများသည် တရားမ၀င်လှုပ်ရှားနေသည့် မြန်မာမွတ်စလင်တပ်၏ စခန်းများတွင် လေ့ကျင့်သင်တန်း တက်ခဲ့ကြသည်”ဟု The Intercept မှရရှိသည့် တရားရုံးမှ စာရွက်စာတန်းတခုတွင် ဖော်ပြထားသည်ကို တွေ့ရသည်။

တရားဝင်ထုတ်ပြန်ချက်များအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄ ရာခိုင်နှုန်းသည် မွတ်စလင်များ ဖြစ်သော်လည်း အမှန်တကယ် တွင် ၎င်းထက် အရေအတွက်များမည်ဟု ယူဆရပြီး ၁၀ ရာခိုင်နှုန်းခန့် အထိရှိနိုင်ပါသည်။ လူဦးရေ အများဆုံး ဖြစ်သည့် ရိုဟင်ဂျာ မွတ်စလင်များမှာ ရခိုင်ပြည်နယ်တွင် အဓိကနေထိုင်ကြပြီး အခြားမွတ်စလင်များမှာ မြန်မာနိုင်ငံ နေရာ အနှံ့အပြားတွင် ရှိနေကြသည်။ အစိုးရက ရိုဟင်ဂျာများကို နိုင်ငံသားအဖြစ်သတ်မှတ်ပေးရန် ညင်းပယ်ခဲ့သည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီ ဖြစ်ပြီး သူတို့သည် ရည်ရွယ်ချက်ရှိရှိပြုလုပ်သည့် လူမျိုးရေးတိုက်ခိုက်မှုများ၏ ပစ်မှတ်ဖြစ်ခဲ့ရသည်ဟု လူ့အခွင့်အရေး အဖွဲ့အစည်းများက ဆိုသည်။ ပင်လယ်ပြင်ကို ဖြတ်ကျော် ထွက်ပြေးရင်း သေဆုံးသူ အရေအတွက်မှာ ယခုနှစ် ပထမ ၄ လ အတွင်းတွင် ၃၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ဆိုသည်။

ရိုဟင်ဂျာ မဟုတ်သည့် မွတ်စလင်များမှာလည်း မြန်မာနိုင်ငံသားများ ဖြစ်သော်လည်း ခွဲခြားဆက်ဆံမှုများနှင့် ရင်ဆိုင်နေ ကြရသည်။ ပြီးခဲ့သည့် နှစ်များ အတွင်းတွင် ရခိုင်ပြည်နယ် ပြင်ပတွင်လည်း မွတ်စလင်ဆန့်ကျင်ရေး အဓိကရုဏ်းများ ဖြစ် ပေါ်ခဲ့သည်။ မြန်မာမွတ်စလင်တပ်နှင့် အဆက်အသွယ်ရှိသည် သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်ရန် ကြံစည်သည် ဆိုသည့် စွဲချက်နှင့် ဖမ်းဆီးခံရသူများမှာ အများအားဖြင့် မြန်မာနိုင်ငံ အလယ်ပိုင်းနှင့် မြောက်ပိုင်းမှ ဖြစ်ကြသည်။

စစ်အုပ်ချုပ်ရေး လက်အောက်တွင် ဆယ်စုနှစ် ၅ ခုကြာမြင့်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် စစ်ဗိုလ်ချုပ်ကြီးများက “စည်းကမ်း ပြည့်ဝသော ဒီမိုကရေစီ” ဟု ခေါ်သည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတခု မြန်မာနိုင်ငံတွင် ပေါ်ပေါက်လာခဲ့သည်။ စစ်ဗိုလ် ချုပ် ဟောင်းများပါဝင်သည့် အရပ်သားတပိုင်းအစိုးရကို ဖွဲ့စည်းခဲ့သည်။ ရာနှင့် ချီသော နိုင်ငံရေး အကျဉ်းသားများကို လွတ် ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။ နေအိမ်အကျယ်ချုပ်နှင့် ၁၅ နှစ်ကျော် နေထိုင်ခဲ့ရသည့် အတိုက်အခံခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်လည်း ၂၀၁၂ ခုနှစ်တွင် ကျင်းပသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီး လွှတ်တော်တွင်းသို့ ရောက်ရှိလာခဲ့သည်။

ထိုသို့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သည့် အတွက် အစိုးရအနေဖြင့်လည်း လွန်ခဲ့သော နှစ်အနည်းငယ်ကဆိုလျှင် စဉ်းစား၍ ပင်မရနိုင်သည့် နိုင်ငံတကာ၏ အသိအမှတ်ပြုလက်ခံမှုများ အတော်အသင့်ပြန်လည် ရရှိလာခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်နေသော ကွန်ဒိုလီဇာရိုက်စ်က မြန်မာနိုင်ငံကို အာဏာရှင် များ၏ ရှေ့တန်း စခန်းများထဲမှ တခုအဖြစ် အထက်လွှတ်တော်ကြားနာမှုတခုတွင် စာရင်းသွင်း ထွက်ဆိုခဲ့သည်။ ၂၀၁၂ ခုနှစ် ရောက်သည့်အခါ ဘားရတ်အိုဘားမားက မြန်မာနိုင်ငံသို့ လာရောက်သည့် ပထမဆုံးသော အမေရိကန် သမ္မတ ဖြစ်လာပြီး ပြုပြင်ပြောင်းလဲရေးကို ဂုဏ်ပြုခဲ့ပါသည်။ သူ၏ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်လည်း မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ပြီး မြန်မာနိုင်ငံ၏ တိုးတက်မှုကြောင့် အသက်ရှူပင်မှားခဲ့ရသည်ဟု ၂၀၁၄ ခုနှစ်တွင် ပြန်လည်ပြောပြခဲ့သည်။ မြန်မာအစိုးရက ၎င်းတို့၏ ပုံရိပ်ကို မြှင့်တင်နိုင်ရန် အတွက် ဂျွန်ပိုဒက်စတာ တည်ထောင်သည့် ၀ါဒ ဖြန့်ချီရေး ပွဲစားကုမ္ပဏီ တခုဖြစ်သည့် Podesta Group ကို ငှားရမ်းခဲ့သည်။ ဂျွန်ပိုဒက်စတာသည် ကလင်တန်၏ မဲဆွယ် လှုပ်ရှားမှုအဖွဲ့ ဥက္ကဌ ဖြစ်ပါသည်။

တိုင်းပြည်၏ လူများစု ဗုဒ္ဓဘာသာဝင်များ နိုင်ငံရေး လွတ်လပ်ခွင့် တိုးတက် ကောင်းမွန်လာသော်လည်း မွတ်စလင်များ၏ အခြေအနေ ဆိုးရွားလာသည်။

မြန်မာနိုင်ငံတွင် မွတ်စလင်များကို လူများစု ဗုဒ္ဓဘာသာဝင်များက နိုင်ငံခြားသားများအဖြစ် သဘောထားခဲ့ကြသည်။ ၎င်းတို့ကို အစိုးရ တာဝန်ရှိသူများနှင့် အမျိုးသားရေး အစွန်းရောက်သူများက အပြင်လူများ၊ ရန်သူများ အဖြစ် ပုံဖော် နေခဲ့ကြသည်။ စစ်အာဏာရှင်များက နိုင်ငံရေး ပဋိပက္ခများမှ အာရုံပြောင်းလဲစေရန် အတွက် ထိုသို့ ပြုလုပ်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။

၂၀၀၁ ခုနှစ်တွင် သမ္မတ ဂျော့ဘုရှ်၏ အမေရိကန် အစိုးရက အကြမ်းဖက်မှုဆန့်ကျင်ရေးစစ်ပွဲ စတင်ဆင်နွဲသည့် အချိန်တွင် မြန်မာနိုင်ငံမှ မွတ်စလင်များကို အကြမ်းဖက်ခြိမ်းခြောက်မှုဖြစ်လာနိုင်သည့် အလားအလာတခု အဖြစ် စတင်ပုံ ဖော်ခဲ့သည်။ သို့သော်လည်း အမေရိကန် အစိုးရက စစ်အစိုးရကို အထီးကျန်ဖြစ်စေရန် ကြိုးစားနေသည့် ကာလ ဖြစ်သည့် အတွက် နိုင်ငံတကာ၏ အလေးပေးမှု အနည်းငယ်သာ ရရှိခဲ့သည်။ စစ်အစိုးရက မွတ်စလင်များကို အကြမ်းဖက်သမားများအဖြစ် ပုံဖော်ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် နှစ်များအတွင်း မွတ်စလင်များ၏ အကြမ်းဖက်တိုက်ခိုက်မှု မှတ်တမ်း မရှိခဲ့ပါ။

ယခုအချိန်တွင် မြန်မာနိုင်ငံသည် အမေရိကန်နှင့် အခြား ရန်သူဟောင်းများက ထောက်ခံအားပေးသည့် ပြုပြင်ပြောင်းလဲရေး ကာလအတွင်း ရှိနေပြီး အရေးပါသည့် ရွေးကောက်ပွဲတခုကိုလည်း နိုဝင်ဘာလတွင် ကျင်းပခဲ့သည်။ မြန်မာအစိုးရအဖွဲ့မှ ဗိုလ်ချုပ်ဟောင်းများ အနေဖြင့် ၎င်းတို့၏ အာဏာထိန်းချုပ်မှုကို နိုင်ငံတကာမှာရော ဗုဒ္ဓဘာသာဝင် လူများစုမဲဆန္ဒရှင်များ အတွင်းတွင်ပါ ယခင်ကထက်ပို၍ တရားဝင်ဖြစ်စေရန် ပိုမို ကြိုးပမ်းခဲ့သည်။ အကြမ်းဖက် ခြိမ်းခြောက်မှု အသစ်တခု ပြန်လည်ပေါ်ထွက်လာခြင်းက စစ်တပ်အနေဖြင့် စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ စနစ်တွင် သူတို့သည်သာ လုံခြုံရေးကို အာမခံချက်ပေးနိုင်သူများ ဖြစ်သည်ဟု ဆက်လက်၍ ပြောနိုင်ပါလိမ့်မည်။

စိုးမိုးအောင်၏ မိသားစု တခုလုံး အိပ်ပျော်နေသည့် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနက်ပိုင်းတွင် မန္တလေးမြို့ရှိ သူတို့ အိမ် အတွင်းသို့ ရဲ အဖွဲ့ဝင် ၈ ဦးခန့် ၀င်ရောက်လာခဲ့သည်။ ရဲအဖွဲ့က အသက် ၂၄ နှစ်အရွယ် သားဖြစ်သူကို သူတို့လက်သို့ အပ်ရန် မိသားစုကို တောင်းဆိုခဲ့သည်ဟု ယခုနှစ် အစောပိုင်းက ပြုလုပ်ခဲ့သည့် အင်တာဗျုးတွင် သူ၏ မိခင် ဒေါ်နွယ်နီ အောင်က ပြန်ပြောပြသည်။ ရဲအဖွဲ့ဝင်များရော အိမ်ကို ၀ိုင်းရံထားသည့် စစ်သားများပါ ဖမ်းဆီးရန် ၀ရမ်းပြနိုင်ခြင်းမရှိဟု သူက ပြောသည်။ သားဖြစ်သူကို ဒေါ်နွယ်နီအောင် ၁၀ ရက်ခန့် မမြင်ခဲ့ရပါ။ သူ့ကို ရဲစခန်းတွင် ချုပ်ထားပြီး ရှေ့နေနှင့်လည်း တွေဆုံခွင့် မရခဲ့ပါ။ ရုံးတင်စစ်ဆေးသည့် အခါကျမှ “မြန်မာမွတ်စလင်တပ်”နှင့် ပတ်သက်နေသည့် အတွက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိခဲ့ရသည်။

“သူက စစ်စခန်းတခုမှာ သင်တန်းတက်ခဲ့တယ်လို့ သူတို့ က စွပ်စွဲတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလေ။ သူက နေမကောင်း ဖြစ်နေတယ်။ အဆစ်အမြစ်ယောင်တဲ့ ရောဂါဖြစ်နေတယ်။ ဒါကြောင့် သူက ဘယ်လိုလုပ်ပြီး သင်တန်း တက်နိုင်မှာလဲ” ဟု ဒေါ်နွယ်နီအောင်က ပြောသည်။

စိုးမိုးအောင်၏ ရှေ့နေဖြစ်သူ ဒေါ်နန္ဒာမြင့်သိန်းက ၎င်းအမှုမှ အခြား သံသယရှိသူ ၄ ဦးအတွက်လည်း လိုက်ပါဆောင်ရွက် ပေးနေသူဖြစ်သည်။ “မြန်မာမွတ်စလင်တပ်”နှင့် ပတ်သက်သည့် အတွက် ရုံးတင်စစ်ဆေးခြင်းခံရသူ စုစုပေါင်း ၁၂ ဦး ရှိသည်ဟု The Intercept မှ ရရှိသည့် စာရွက်စာတမ်းများအရ သိရသည်။ ၎င်းတို့ကို ၁၉၅၀ ခုနှစ် အရေးပေါ် စီမံမှု အက်ဥပဒေအရ ဖမ်းဆီးခြင်း ဖြစ်သည်။ အတိုက်အခံများ၊ နိုင်ငံရေးအရ သဘောထား မတူညီသူများကို ဖမ်းဆီးရန်အတွက် ထို ပုဒ်မကို အသုံးပြုလေ့ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP) ၏ အဆိုအရ သိရသည်။

တရားစွဲဆိုမှုတွင် စစ်မှန်သော သက်သေအထောက်အထား တင်ပြနိုင်ခြင်း မရှိဘဲ ဖမ်းဆီးချုပ်နှောင်ထားစဉ် နှိပ်စက် ညှဉ်းပမ်း၍ လက်မှတ်ရေးထိုးခိုင်းထားသော ထွက်ဆိုချက်များအရသာ စွပ်စွဲခြင်း ဖြစ်သည်ဟု ဒေါ်နန္ဒာမြင့်သိန်းက ပြောသည်။ ဖမ်းဆီးခံရသူ အများစုမှာ တရားရုံးမရောက်မီက တယောက်နှင့် တယောက် မသိခဲ့ဟု သူက ဆိုသည်။

“အစိုးရဘက်က သက်သေတွေ (သတင်းတပ်ဖွဲ့ဝင်များ) ကို မြန်မာမွတ်စလင်တပ်နဲ့ ပတ်သက်လို့ သက်သေ အ ထောက် အထားပြဖို့ ကျမကမေးတဲ့ အခါ တရားရုံးမရောက်ခင် သူတို့ မပြောနိုင်ဘူးလို့ ဖြေတယ်။ အဲဒီ အချက်အလက် တွေက အထက်ကနေရောက်လာတာ” ဟု ဒေါ်နန္ဒာမြင့်သိန်းက ပြောသည်။

ယခု ဆောင်းပါးအတွက် ပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အစိုးရ၏ အနေ အထားကို ကာကွယ်သွားခဲ့သည်။ “ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ပြည်ထဲရေး ၀န်ကြီးဌာနမှာ သက်သေ အထောက်အထားတွေ အားလုံးရှိပါတယ်။ ဒါပေမယ့် အများပြည်သူသိအောင်တော့ ကျနော်တို့ ကြေညာလို့ မရပါဘူး။ ဘာကြောင့်လဲဆို တော့ အမျိုးသားလုံခြုံရေးနဲ့ ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါ” ဟု သူက ပြောသည်။ တရားခွင်တွင် သက်သေ အထောက်အထားများ ပြသနိုင်ခြင်း မရှိသည့် အတွက် ဖမ်းဆီးခံထားရသူများ အနေဖြင့် မျှတသော စစ်ဆေးမှုကို မည်ကဲ့သို မျှော်လင့် နိုင်မည်နည်းဟု မေးသည့်အခါ ဦးဇော်ဌေးက “သူတို့ အနေနဲ့ အထက်ရုံးတွေကို အယူခံဝင်နိုင်တဲ့ အခွင့်အရေး ရှိပါတယ်” ဟု ဖြေသည်။

အဆိုပါ “မြန်မာမွတ်စလင်တပ်”တွင် အဖွဲ့ဝင်မည်မျှ ပါဝင်သည်ဆိုသည့် အချက်ကို ဖြေဆိုရန် ဦးဇော်ဌေးက ငြင်းပယ်ခဲ့သည်။ အမျိုးသား လုံခြုံရေး အခြေအနေကြောင့် သတင်းအချက်အလက်များ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိဟု ဆိုသည်။ သို့သော်လည်း “ တိုင်းပြည် ပြင်ပမှာတော့ လှုပ်ရှားမှုတွေ အများကြီး ရှိပါတယ်။ သူတို့က ပြည်တွင်းက တချို့နဲ့ ပေါင်းပြီးတော့ အကြမ်းဖက် တိုက်ခိုက်မှုတွေ လုပ်ချင်ကြတယ်။ ဒါကြောင့် အခု ကျနော်တို့က ဖြစ်လာနိုင်တဲ့ တိုက်ခိုက်မှု မှန်သမျှကို ကာကွယ်နိုင်ဖို့ လုပ်ဆောင် နေပါတယ်” ဟု ဦးဇော်ဌေးက ပြောသည်။ အရပ်ဘက် အဖွဲ့အစည်းတခု ဖြစ်သည့် Legal Aid Documentation Team ၏ အဆိုအရ ယခုနှစ် ဖေဖော်ဝါရီလ အထိ အကြမ်းဖက်မှုနှင့် ဆက်နွယ်၍ ဖမ်းဆီးခံခဲ့ရသည့် မွတ်စလင် ဘာသာဝင် ၁၀၀ ၀န်းကျင်ခန့် ရှိသည်ဟု ဆိုသည်။

“မြန်မာမွတ်စလင်တပ်”၏ တည်ရှိမှုနှင့် ပတ်သက်၍ အကြမ်းဖက်မှု ကျွမ်းကျင်သူများ၊ လူ့အခွင့် အရေးအဖွဲ့အစည်းများနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အတည်ပြုနိုင်ခြင်း မရှိသေးပေ။ စင်ကာပူအခြေစိုက် International Centre for Political Violence and Terrorism Research ၏ အကြီးအကဲဖြစ်သော Rohan Gunaratna တဦးသာလျှင် ရည် ညွှန်းပြောဆိုမှု ရှိခဲ့သည်။ သူလတ်လောရေးသားခဲ့သည့် အစီရင်ခံစာ တစောင်တွင် “(“မြန်မာမွတ်စလင်တပ်”) Myanmar Muslim Army (MMA) အမည်ရှိ အဖွဲ့သစ်တခု ပေါ်ပေါက်လာကြောင်း အတည်မပြုနိုင်သေးသော သတင်းများ ရရှိခဲ့သည်။ ၎င်းတို့က မြန်မာ မွတ်စလင်များကို ထိုင်းနိုင်ငံ ပိုင်နက်အတွင်း လေ့ကျင့်သင်တန်းပေးနေသည်ဟု သိရသည်” ဟု ဖော်ပြခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ တဦးနှင့် တွေ့ဆုံခဲ့ရာတွင် အမေရိကန် အစိုးရအနေဖြင့် Rohan Gunaratna ၏ ပြောဆိုမှုအပြင် အခြားသတင်းအချက်အလက်များ မရရှိသေးဟု သူက ပြောခဲ့ပါသည်။ အရှေ့ တောင် အာရှဒေသဆိုင်ရာ လုံခြုံရေးနှင့် နိုင်ငံရေး ကျွမ်းကျင်သူတဦး ဖြစ်သော Zachary Abuza က Myanmar Muslim Army ကို မကြားဖူးကြောင်းပြောသည်။ “ကျနော့် အတွက်တော့ အဲဒါက စိတ်ကူးယဉ် ဖန်တီးမှု သက်သက်ပါပဲ။ အစိုးရ ကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းတခုက စစ်အစိုးရက တရားဝင်သတ်မှတ်ထားတဲ့ ‘Myanmar’ ဆိုတဲ့ စကားလုံးကို သုံးပါ မလားလို့ ကျနော် သံသယဖြစ်မိတယ်” ဟု သူကဆိုသည်။ ‘Myanmar’ ဆိုသည့် နိုင်ငံ အမည်ကို စစ်အစိုးရက ၁၉၈၉ ခု နှစ်တွင် Burma ဆိုသည့် အမည်နေရာတွင် အစားထိုးသုံးစွဲခဲ့ခြင်း ဖြစ်သည်။ “နာမည်နဲ့ တပ်မတော်ရဲ့ သမိုင်းမှတ်တမ်း တွေရဆိုရင် သူတို့ရဲ့ ဖြောင့်ချက်ဆိုတာ နှိပ်စက်ပြီး ရယူခဲ့တာ ဖြစ်ဖို့ များပါတယ်” ဟု Zachary Abuza က ပြောသည်။

Yusuf ဟု သိကြသည့် ကိုခင်မောင်ရွှေမှာမူ “မြန်မာမွတ်စလင်တပ်”ကို ကူညီခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရ ခြင်းဖြစ်သည်။ အသက် ၄၄ နှစ် အရွယ် စီးပွားရေးသမားတယောက်ဖြစ်သော သူ့ကို မန္တလေးမြို့တွင် အောက်တိုဘာလ အတွင်းက ဖမ်းဆီးခဲ့သည်။ သို့သော်လည်း သူ၏ ရှေ့နေဖြစ်သော ဦးအောင်နိုင်စိုး က အခြားဖမ်းဆီးထိန်းသိမ်းခံထားရသူ များက အမှုစစ်ဆေးသူများကို Yusuf ဆိုသည့် နာမည်ကို ပြောလိုက်ရုံ တခုထဲဖြင့် အဖမ်းခံရခြင်း ဖြစ်သည်ကို တွေ့ရှိရ ကြောင်း၊ အခြား အထောက်အထား မတွေ့ရှိရကြောင်း ပြောသည်။

အဆိုပါ အမှုများကို ပြည်ထဲရေးဝန်ကြီးဌာနက အရေးပေါ်စီမံမှု အက်ဥပဒေဖြင့် တရားစွဲဆိုခြင်း ဖြစ်သည်။ ကိုခင်မောင်ရွှေ ၏ အမှုနှင့် ပတ်သက်၍ ၀န်ကြီးလက်မှတ်ထိုးထားသော ခွင့်ပြုချက်တစောင်ကို The Intercept က ရရှိခဲ့သည်။ မန္တလေးမှ အခြားအမှုများ အတွက်လည်း ၀န်ကြီးက အလားတူ လက်မှတ်ထိုး အတည်ပြုပေးခဲ့သည်ဟု တရားခံရှေ့နေများက ပြောသည်။ ဓာတ်မြေသြဇာဖြင့် ဗုံးလုပ်ရန် စီစဉ်ခဲ့သည်ဟု စွပ်စွဲဖမ်းဆီး ခံရသူ ၅ ဦး၏ အမှုတွင်လည်း ၀န်ကြီး၏ ခွင့်ပြုချက် စာကို The Intercept က ရရှိခဲ့ပါသည်။ “စွပ်စွဲခံရတဲ့သူတွေအတွက် တကယ်ကို ခက်ခဲပါတယ်။ ဘာကြောင့်လဲဆိုတော့ တရားရုံးက ၀န်ကြီးကိုယ်တိုင်က ပေးတဲ့ အမိန့်တွေကို မလိုက်နာဘဲ မနေရဲလို့ပါ” ဟု ဦးအောင်နိုင်စိုး ကပြောသည်။

မြန်မာနိုင်ငံ၏ တရားစီရင်ရေး စနစ်တွင် ပြည်ထဲရေးဝန်ကြီးက တိုက်ရိုက်ပါဝင်ပတ်သက်နေခြင်းက လျစ်လျူရှုထား၍ မရသည့် ကိစ္စတခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်တွင် စစ်တပ်က ဆက်လက်သြဇာလွှမ်းမိုးနေသည်ကို ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးသည် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင် သွင်းသည့် စစ်ဘက် အရာရှိဖြစ်ရန် လိုအပ်ပါသည်။ International Commission of Jurists က ၂၀၁၃ ခုနှစ်က ထုတ်ဝေခဲ့သော အစီရင်ခံစာ တစောင်တွင် “တရားသူကြီးများအပေါ် နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ လွှမ်းမိုးမှုများ ရှိနေခြင်းက ရှေ့နေများအတွက် အဓိက အတားအဆီးတခုအဖြစ် ဆက်လက်တည်ရှိနေသည်။ အမှု၏ အခြေအနေကို လိုက်၍ တရားသူကြီးများက အစိုးရနှင့် စစ်ဘက်တာဝန်ရှိသူများက ပေးလာသည့် အမိန့်များပေါ်တွင် မူတည်၍ ဆုံးဖြတ်ချက်များ ချမှတ်နေကြရသည်” ဟု ဖော်ပြထားသည်။

International Commission of Jurists ၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဒါရိုက်တာ Sam Zarifi က “တရားစွဲဆိုခံရသူတွေအနေနဲ့ မျှတတဲ့ တရားစီရင်မှုကို ရရှိနိုင်မယ့် အခွင့်အရေး အတွက် စိုးရိမ်စရာ အကြောင်းတွေ ရှိနေပါတယ်။ လွတ်လပ်တဲတရားစီရင်ရေးဆိုတာကလည်း အုပ်ချုပ်ရေးပိုင်းရဲ့ မလိုလားအပ်တဲ့ သြဇာလွှမ်းမိုးမှုနဲ့ စွက်ဖက်မှုတွေကြောင့် အားနည်းခဲ့ရတယ်။ အထူးသဖြင့် နိုင်ငံရေးအရ ထိရှလွယ်တဲ့ မှုတွေမှာ ဖြစ်ပါတယ်” ဟု ရှင်းပြသည်။

မြန်မာနိုင်ငံ၏ အကြီးဆုံး မြို့ဖြစ်သည့် ရန်ကုန်မှ နောက်ထပ်အမှုတခုမှာ လက်နက်ကိုင်တော်လှန်ရန် စီစဉ်သည့် အမှုဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းတွင် ဓာတ်မြေသြဇာများ မှောင်ခိုသယ်ယူသည်ဆိုသော စွပ်စွဲမှုဖြင့် မွတ်စလင် ၅ ဦး ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ဓာတ်မြေသြဇာများမှ ဗုံးများပြုလုပ်ပြီး မြန်မာနိုင်ငံအတွင်းတွင် ဖောက်ခွဲရန် ဖြစ်သည်ဟု တာဝန်ရှိသူများက အကြောင်းပြခဲ့သည်။ စွပ်စွဲခံရသူ တဦးမှာ ဓာတ်မြေသြဇာ ၀ယ်ယူခဲ့သည့် ဆိုင်ရှင် တဦးဖြစ်သည်ဟု သူ၏ ရှေ့နေက ပြောသည်။

သံသယရှိသူများကို စစ်တပ်က ၃ လကြာအောင် ဖမ်းဆီး နှိပ်စက်၍ ဖြောင့်ချက်ရယူခဲ့သည်ဟု ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။ ယခုဆောင်းပါး အတွက် တွေ့ဆုံ မေးမြန်းခဲ့သော အခြားရှေ့နေများကဲ့သို့ပင် ဓာတ်မြေသြဇာများနှင့် ထွက်ဆိုချက်များအပြင် အကြမ်းဖက်မှုကျူးလွန်မည့် အခြားအထောက်အထား မတွေ့ရှိရဟု သူက ပြောသည်။ သူ၏ ထင်မြင်ချက်ကို မေးသည့်အခါ ဦးရောဘတ်စန်းအောင်က “ဒီအမှုမှာ ကျနော် နိုင်မှာ မဟုတ်ဘူး။ တကယ်လို့ တရားသူကြီးက ဥပဒေအတိုင်းလုပ်မယ် ဆိုရင်တော့ ကျနော်နိုင်လိမ့်မယ်။ ဒါပေမယ့် ဥပဒေအတိုင်း လုပ်မှာ မဟုတ်ဘူး” ဟု ဖြေသည်။

(The Intercept အွန်လိုင်းသတင်းမဂ္ဂဇင်းပါ Carlos Sardiña Galache နှင့် Veronica Pedrosa တို့ ၏ In Myanmar, Muslims Arrested for Joining Terror Group That Doesn’t Exist ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်)

ဦးညီပု

21.12.2015

၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရထားပြီး အစိုးရဖွဲ့ဖို့ ပြင်ဆင် နေတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ရဲ့ ရခိုင်ပြည်နယ် ဆိုင်ရာ မူဝါဒ၊ ဖြေရှင်း ပေးရမယ့် စိန်ခေါ်မှုတွေနဲ့ NLD နဲ့ ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ကြားရင်ကြားစေ့ နိုင်ရေး တို့ကို NLD ပါတီ ဗဟို အလုပ် အမှုဆောင် အဖွဲ့ဝင်ဖြစ် ရခိုင်တိုင်းရင်းသား တဦးလည်း ဖြစ်တဲ့ ဦးညီပုကို ဧရာဝတီ ကော်ပီ အယ်ဒီတာ ထက်နိုင်ဇော်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဦးညီပုဟာ အစိုးရသစ် လက်ထက်မှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ထင်ကြေးပေးခံနေရပြီး ၂၀၁၅ ရွေး ကောက် ပွဲ မှာ ရခိုင် ပြည်နယ် ဂွမြို့နယ်ကနေ အနိုင်ရရှိထားတဲ့ ပြည်နယ်လွှတ် တော်ကိုယ်စားလှယ်တဦး ဖြစ်ပါတယ်။ NLD ပါတီအနေနဲ့ ဗဟိုအလုပ်အမှုဆောင် တဦးကို ပြည်နယ်မှာ ဆင်းပြိုင်ခိုင်းတာဟာ နိုင်ငံရေး ရည်ရွယ်ချက် တစုံတရာ ရှိပုံရပါတယ်။

မေး။ ။ NLD အစိုးရလက်ထက်မှာ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာအောင် ဘယ်လို ပါဝင်ဆောင်ရွက် ဖို့ ပြင်ဆင်ထားပါသလဲ။
ဖြေ။ ။ လုပ်ရမှာတွေက အများကြီးပဲ။ ပြဿနာတွေက လည်း အများကြီး ရှိတယ်လေ။ ဆိုတဲ့အခါကျတော့ လုပ်ရမှာတွေက အများကြီးပဲ။

မေး။ ။ ရခိုင်ပြည်နယ်က အင်မတန် ဆင်းရဲပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူး။ သင်္ဘော တွေကပ်နိုင်ဖို့ ဆိပ်ခံကောင်းကောင်းမရှိဘူး။ ပညာရေးနိမ့်ကျနေတယ်။ ကျောင်းကောင်းကောင်း မရှိဘူး။ ကျန်းမာရေးဆိုရင် လည်း ဒီအတိုင်းပဲ။ တချို့လူငယ်တွေအရက်စွဲနေကြတယ်။ ဒါတွေကိုဖြေရှင်းဖို့ ဘယ်လို စဉ်စားထားတာတွေ ရှိလဲ။
ဖြေ။ ။ စဉ်းတော့ စဉ်းစားထားပါတယ်။ အခု ကတော့ စဉ်းစားထားတုန်းလောက်ပဲ ရှိသေးတာပေါ့။ ဘာလုပ်မယ်ဆို တာ ပြောဖို့ကတော့ နည်းနည်းစောဦးမယ်လို့ ထင်ပါတယ်။

မေး။ ။ ရခိုင်ပြည်နယ်အရေး ကိစ္စတွေကိုဖြေရှင်းဖို့ ဘယ်လိုစိန်ခေါ်မှုတွေရှိနေလဲ။
ဖြေ။ ။ အားလုံး သိတဲ့အတိုင်းပဲလေ။ လူမျိုးရေး၊ အမျိုးသားရေးဆိုတဲ့ ကိစ္စမျိုးတွေက အခက်အခဲတွေပေါ့။ စိန်ခေါ်မှုတွေပေါ့။ ဒါမျိုးတွေ ဖြေရှင်းရမှာပါ။

မေး။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်လာဖို့အတွက် နိုင်ငံတကာ ကူညီထောက်ပံ့မှုတွေ ယူမှာလား။
ဖြေ။ ။ ဒါတွေကတော့ ယူရမှာပေါ့ဗျာ။ နိုင်ငံတကာအကူအညီ မရဘဲနဲ့တော့ ဘယ်လိုလုပ်သွားလုပ်နိုင်မလဲ။

မေး။ ။ ရခိုင်မြေပေါ်မှာလုပ်နေတဲ့ တရုတ်နိုင်ငံက စီမံကိန်းတွေကို ဒေသခံတွေရဲ့ ကန့်ကွက်မှုတွေရှိပါတယ်။ ဒီစီမံကိန်းတွေနဲ့ ပတ်သက်လို့ ဘယ်လိုစဉ်းစားထားတာရှိပါသလဲ။
ဖြေ။ ။ အဲဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြောနေတာတွေလည်း ရှိပါတယ်။ တချို့ကိစ္စတွေက လည်း ပြန်ပြီး တော့ ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စမျိုးတွေလည်း အများကြီး ရှိမှာပေါ့။

မေး။ ။ NLD ပါတီကရခိုင်ပြည်နယ်အတွက် ဘယ်လို မူဝါဒမျိုးချမှတ်ထားတာရှိလဲ။
ဖြေ။ ။ အဲလို မူဝါဒမျိုး မရှိသေးပါဘူး။

မေး။ ။ အနိုင်ရ NLD နဲ့ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေကြားမှာ ဘယ်လိုရင်ကြားစေ့ရေးတွေ လုပ်ဆောင်သွားဖို့ရှိလဲ။
ဖြေ။ ။ ဒါတွေက စောစောကပြောသလို ကျနော်တို့ စဉ်းစားထားတာတွေတော့ အများကြီး ရှိပါတယ်။ အဖွဲ့ချုပ် အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်က ဒါတွေကို မဖြစ်မနေ လုပ်မှာပါ။ ဆွေးနွေးညှိနှိုင်း တာတွေလုပ်မယ် လို့ပြောထားပြီးသားပါ။ လုပ်လည်း လုပ်နေတာတွေ ရှိပါတယ်။ ဒါတွေကတော့ လုပ်မှာပါ။

မေး။ ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ရာထူးကို NLD က ယူမှာလား၊ ရခိုင်ပါတီတွေကို ပေးမှာလား။
ဖြေ။ ။ အဲဒါကလည်း ဒီချိန်ခါမှာ မပြောနိုင်သေးပါဘူး။ စောစောက ပြောသလို ညှိနှိုင်းဆောင်ရွက်ရမယ့် ကိစ္စတွေ အများကြီး ရှိရဦးမှာပါ။

မေး။ ။ အန်ကယ်ကို ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဆိုပြီး ထင်ကြေးပေးနေကြတယ်။ ဘာပြောချင်ပါသလဲ။
ဖြေ။ ။ ဒီကိစ္စကလည်း အခုချိန်မှာ ဘာမှပြောလို့မရသေးပါဘူး။

မေး။ ။ NLD က တနိုင်ငံလုံးအတိုင်းအတာနဲ့ အနိုင်ရလို့ သမ္မတလုပ် အစိုးရဖွဲ့နိုင်မှာဖြစ်ပေမယ့်ရခိုင် ပြည်နယ် လွှတ်တော်မှာ ရခိုင်ပါတီက ပိုများနေတဲ့အခါ နိုင်ငံရေးအရ ဘယ်လိုရှေ့ဆက်လုပ်ဆောင်သွားဖို့ ရှိလဲ။
ဖြေ။ ။ အခုချိန်မှာကချမှတ်ထားတာတွေ၊ ဆုံးဖြတ် ထားတာတွေ မရှိသေးဘူးလေ။ ညှိနှိုင်းမှုတွေမလုပ် ရသေးတဲ့ အခါပြောဖို့ တော်တော်ခက်နေတယ်။

မေး။ ။ NLD အစိုးရ တက်လာရင် ရခိုင်ပြည်နယ် မှာရှိတဲ့ မွတ်စလင်တွေရဲ့အတွက် ဘယ်လို ဆောင်ရွက်ပေးသွား မလဲ။ လူနည်းစု ပြဿနာအပေါ်မှာ ဘယ်လို စဉ်းစားထားလဲ။
ဖြေ။ ။ ဒါတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ပြော နေတာတွေလည်း ရှိပါတယ်။ နိုင်ငံတကာ စံချိန် စံညွှန်းတွေနဲ့ လည်း ကိုက်ညီတဲ့ အနေအထားမျိုး ဖြစ်အောင်၊ ကိုယ်ဒေသမှာလည်း တဖက်နဲ့တဖက် ပြေပြေ လည်လည်ဖြစ် အောင် အချင်းချင်းညှိနှိုင်းရမှာပေါ့။



Rohingya Eye
RB News
20.12.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ စေတီရွာရှိ ဆိုင်ခန်း (၁၀) ခန်းသည် ကျောက်ပန္ဒူ ကျေးရွာနှင့် သင်္ဘောကွေ့ ကျေးရွာကြားရှိ လမ်းတစ်ဘက်တွင် တည်ရှိသော ဆိုင်ခန်းများ ဖြစ်သည်။ အဆိုပါ ဆိုင်ခန်းများကို န.စ.က ၏ တရားဝင် ခွင့်ပြုချက်ဖြင့် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။ ဆိုင်ခန်းများ အားလုံးတွင် ဒေသခံ ရိုဟင်ဂျာများက ဖုန်းအခွံများ၊ ဆေးများ၊ စားကုန် ပစ္စည်းများ ရောင်းချ၍ စည်ကားလျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ယခုအခါ အင်းဒင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးလင်းလင်းနိုင်က စည်းကမ်းမဲ့သည်ဟု အကြောင်းပြကာ ဆိုင်ခန်းများကို အမြန်ဆုံး ဖျက်သိမ်းပေးရန် အမိန့်ထုတ်ပြန် ထားသည်။ ဆိုင်ရှင်များက ၎င်းတို့၏ ဆိုင်ခန်းများကို ဖျက်သိမ်းပါက မိသားစုများ စားဝတ်နေရေးပင် ကျပ်တည်း သွားမည် ဖြစ်၍ ဖျက်သိမ်းရန် တုံ့ဆိုင်းလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ 

ကျောက်ပန္ဒူ ကျေးရွာမှ မော်လ၀ီ ဟာမိတ်ဒူလ္လာ (ဘ) ဦးအာဘူလ်ဟူဆောင်း (အသက် ၂၃ နှစ်) နှင့် ဟာရွန် (အသက် ၂၇ နှစ်) တို့သည် ဘူးသီးတောင် မြို့မှ ၀ါးအလုံး ၉၀၀ ကို ကျောက်ပန္ဒူ ကျေးရွာသို့ ကားဖြင့် သယ်ဆောင်လာ ခဲ့သည်။ ၎င်းတို့သည် အဆိုပါ ၀ါး ၉၀၀ ကို ၁၅ ရက်ကြာ ရောင်းချ၍ ရရှိလာသည့် အကျိုးအမြတ်ကို မိသားစုများ အတွက် အသုံးပြုမည် ဖြစ်သည်။ ဒီဇင်ဘာလ (၁၇) ရက်နေ့တွင် အင်းဒင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲမှူးလင်းလင်းနိုင်က ၎င်းထံမှ ခွင့်ပြုချက် မယူဟု ဆိုကာ ငွေအစား ၀ါး အလုံး ၃၀၀ ညှစ်ယူခဲ့သည်။ ၀ါး အလုံး ၁၀၀ ၏ ကာလတန်ဖိုးမှာ ငွေကျပ် ၄ သောင်း ဖြစ်ပြီး၊ ၀ါးရောင်းချသူ နှစ်ဦးလုံးမှာ ငွေကျပ် တစ်သိန်းနှစ်သောင်း ဆုံးရှုံးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ခေတ်ပညာတတ် လူငယ် တစ်ဦးက “ကျွန်တော်တို့ လူငယ် တွေက လုပ်ငန်း သေးသေးလေး တစ်ခုလောက် လုပ်ပြီး နည်းနည်း တွင်ကျယ် လာပြီဆိုတာနဲ့ နယ်ခြားစောင့်ရဲ တွေက အဲဒီလုပ်ငန်းလေး ပျက်သွားအောင် လုပ်တယ်။ အဓိက ပစ်မှတ်ကတော့ ကျွန်တော်တို့ရဲ့ မွေးရပ်မြေမှာ လုပ်ကိုင် စားသောက်စရာ မရှိတော့ဘူး ဆိုရင် နိုင်ငံခြား ထွက်သွားမယ် ဆိုတဲ့ စီမံကိန်း လုပ်နေတာ ပေါ်လွင်နေတယ်” ဟု ပြောပါသည်။

Rohingya Exodus