နောက်ဆုံးသတင်း/ဆောင်းပါးများ
မသိင်္ဂီထိုက်
4.4.2016
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ခန့်အပ်ရေး ဥပဒေကို ပြည်သူ့ လွှတ်တော်မှာ အဆိုပြုတာမှာတော့ တပ်မတော်သား ကိုယ်စားလှယ်က နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေဟာ အခြေခံ ဥပဒေနဲ့ ညီညွတ်မှု ရှိမရှိ စိစစ်ဖို့ အတွက် အချိန် ကာလ ပိုပြီး ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အမျိုးသား လွှတ်တော်ရဲ့ ထောက်ခံချက်နဲ့ ပြည်သူ့လွှတ်တော်ကို ရောက်ရှိလာတဲ့ ဒီဥပဒေကြမ်းကိုတော့ အင်္ဂါနေ့မှာ ပြည်သူ့လွှတ်တော်မှာ အတည်ပြုနိုင်ရေး ဆွေးနွေးမှာ ဖြစ်ပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကြမ်းကို အတည်ပြုနိုင်ရေး အလားအလာကိုတော့ မသိင်္ဂီထိုက် စုစည်းတင်ပြထားပါတယ်။
အခြေခံ ဥပဒေ ရဲ့ အကန့်အသတ်ကြောင့် သမ္မတ ဖြစ်ခွင့် မရှိတဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်ရဲ့ အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် ခန့်အပ်ရေး အမျိုးသား လွှတ်တော်က အတည်ပြုခဲ့တာကို အခု ပြည်သူ့လွှတ်တော်ကို လွှဲပြောင်း ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဥပဒေကြမ်းကို ဆွေးနွေးဖို့ ပြည်သူ့လွှတ်တော် ဥက္ကဌက တနလာင်္နေ့မှာ ပြည်သူ့လွှတ်တော်ကို တင်ပြခဲ့တာမှာ တပ်မတော်သား ကိုယ်စားလှယ်က အခြေခံ ဥပဒေနဲ့ ကိုက်ညီမှု ရှိမရှိ စိစစ်နိုင်ဖို့ အတွက် အချိန်တိုးပေးဖို့ တောင်းဆိုခဲ့တာပါ။ ပြည်သူ့လွှတ်တော်တွင်းက အခြေအနေတွေကို တအောင်းအမျိုးသား ပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။ 
“ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ သူတို့အချိန်မလောက်ဘူးပေါ့နော် လေ့လာဖို့ဟာက အချိန်မလောက်ဘူး။ တကယ်လို့ ဒီဥပဒေကြမ်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင်သူတို့ တပ်မတော်သား ကိုယ်စားလှယ်တွေအနေနဲ့ သူတို့ အပြည့်အ၀ထောက်ခံမယ်ဆိုတဲ့ အကြောင်းကို ပြောသွားတာပေါ့နော်။ ဒါပေမယ့်အချိန်တော့ သတ်မှတ်ပေးပါပေါ့နော်။ အချိန်တိုးပေးပါပေါ့နော်။ ဒီလေ့လာဖို့အချိန် အဲဒါကို တောင်းဆိုတာ။ ကျမတို့ လွှတ်တော်ဥက္ကဋ္ဌက ခါတိုင်းဆိုလို့ရှိရင် ကျမတို့က အကြောင်းအရာတခုကိုဆွေးနွေးချင်တယ်ဆိုရင် ဒီနေ့လိုတင်သွင်းတဲ့ အကြောင်းအရာဆိုလို့ရှိရင် ညနေ ၄ နာရီ ဆိုရင် ကျမတို့က ပိတ်ပြီလေ။ ဒါပေမယ့် ကျမတို့က ညနေ ၄ နာရီ မဟုတ်ပဲနဲ့ နောက်တနေ့ ၉ နာရီ အထိကို ကျမတို့က လက်ခံတယ်ပေါ့။” 
တပ်မတော်သား ကိုယ်စားလှယ်ရဲ့ တောင်းဆိုချက်အရ နိုင်ငံတော် အတိုင်ပင်ခံ ဥပဒေကြမ်းကို ဆွေးနွေးလိုသူတွေ စာရင်းပေးသွင်းနိုင်တဲ့ အချိန်ကို ပြည်သူ့လွှတ်တော် ဥက္ကဌက နာရီပိုင်းတိုးပြီး ပေးလိုက်ပါတယ်။ ဒီဥပဒေကို ပြည်သူ့လွှတ်တော်တွင်း ကန့်ကွက်၊ ထောက်ခံမှု အခြေအနေ အလားအလာကို ဒေါ်နန်းမိုးက အခုလို ပြောပါတယ်။ 
“ဆွေးနွေးမယ့်သူ ဆိုလို့ရှိရင်လည်း ကျမအထင်ကတော့ တပ်မတော်သား ကိုယ်စားလှယ် ဒါမှမဟုတ် USDP ပဲရှိမှာပါ။ ကျမတို့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေတော့ ဆွေးနွေးဖို့ အလားအလာမရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက အားလုံးသဘောတူတယ်လေ။ သဘောတူတဲ့ အနေအထားမှာ ရှိတယ်ပေါ့ ဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီးတော့ ။ ကျမကတော့ သဘောတူတယ် ဘာဖြစ်လို့လဲဆိုတော့ ဒါလိုလည်း လိုအပ်တယ်လို့ ကျမလည်းထင်တယ်လေ။ နိုင်ငံတော် အတိုင်ပင်ခံဆိုတာက ဒါလိုအပ်တဲ့ ဥပဒေကြမ်းလို့ ကျမထင်တာပဲ။ ကျမယူဆတယ်ပေါ့နော်။ ကျမတို့အနေနဲ့ကတော့ ကျမတို့ မကန့်ကွက်ပါဘူး။ ကန့်ကွက်တယ်ဆိုရင်လည်း ဒါက အချိန်ပိုကုန်တာပဲရှိမှာပဲလေ။” 
ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ခန့်အပ်ရေးဆိုင်ရာ ဥပဒေ မူကြမ်းကိုတော့ အမျိုးသားလွှတ်တော်မှာ စတင် တင်သွင်း အတည်ပြုခဲ့တာ ဖြစ်ပြီး အင်္ဂါနေ့ ဆွေးနွေးမယ့် ပြည်သူ့လွှတ်တော်မှာ ပြင်ဆင်ချက် မရှိ အတည်ပြုနိုင်ရင်တော့ ပြည်ထောင်စု လွှတ်တော်ကို တင်ပြစရာ မလိုတော့ဘဲ သမ္မတထံ တင်ပြဖို့ဘဲ ကျန်ရှိတော့တယ်လို့ ဥပဒေကြမ်းကို တင်သွင်းခဲ့သူ အမျိုးသား လွှတ်တော် အမတ် ဦးအောင်ကြည်ညွန့်က ပြောပါတယ်။ 
“အတိုင်ပင်ခံဥပဒေက ကျနော်တို့ အမျိုးသားက အတည်ပြုပြီးတော့ အခုဒီနေ့ ပြည်သူ့ကို ပို့ပြီးတင်ပြီ။ မနက်ဖြန်ကို ကန့်ကွက်စရာရှိမလားဆိုတာကို မနက်ဖြန်ကို ဆွေးနွေးကြမယ်။ ဆွေးနွေးကြပြီး လိုအပ်ရင် မဲခွဲမယ်။ မဲခွဲရင် မနက်ဖြန် ပြည်သူ့မှာ မဲခွဲပြီးတဲ့အခါကျတော့ အကယ်၍များ အမျိုးသားကတင်တဲ့ အတိုင်း ပြင်ဆင်ချက်မရှိ အတည်ပြုတယ်ဆိုရင် နောက်နေ့ကို ကျနော်တို့ အမျိုးသားလွှတ်တော်ကို ပို့မယ်။ အဲဒါဆိုရင်တော့ ပြည်ထောင်စုက အတည်ပြုတဲ့ အတိုင်းမှတ်ယူပြီးတဲ့ အခါကျတော့ ကျနော်တို့ သမ္မတဆီ ပို့ရုံပဲ ရှိတယ်။ ကျနော်တို့ ပြင်ဆင်ချက်နဲ့ လာတယ်ဆိုရင် ကျနော်တို့ အမျိုးသားကနေပြန်ပြီး ဒီပြင်ဆင်ချက်ကို လက်ခံတယ်ဆိုလို့ရှိရင်လည်း ပြီးသွားမှာပေါ့။ ပြင်ဆင်ချက်ကို လက်မခံဘူး သဘောထားကွဲလွဲမယ်ဆိုရင် ပြည်ထောင်စုတက်ပြီးတော့ ဆက်လုပ်ရမှာပေါ့။” 
ဥပဒေ အတည်ပြုနိုင်ခဲ့ရင်တော့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် အဖြစ် နိုင်ငံတော်နဲ့ နိုင်ငံသားများ အကျိုးစီးပွားအတွက် အကြံပေးခွင့်၊ နောက် ဒီအကြံပေး ဆောင်ရွက်ချက်တွေကို ပြည်ထောင်စု လွှတ်တော်ကို တာဝန်ခံရမှာဖြစ်ပြီး လိုအပ်ခဲ့ရင် အစိုးရ၊ ဌာနဆိုင်ရာ၊ အဖွဲ့အစည်း၊ အသင်းအဖွဲ့ ၊ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ အနေနဲ့ ပြည်ထောင်စု အစိုးရကို ဦးဆောင်ဖွဲ့စည်းထားပြီး လွှတ်တော် ၂ ရပ်လုံးကိုလည်း အများစု ကြီးစိုးထားတာကြောင့် နိုင်ငံတော် အတိုင်ပင်ခံ ခန့်အပ်ရေး ဥပဒေကြမ်းဟာလည်း ဒီရက်ပိုင်း အတွင်းမှာဘဲ အများစု ထောက်ခံမဲနဲ့ အတည်ပြုနိုင်မယ်လို့လည်း အများက ခန့်မှန်းထားကြပါတယ်။
MYARF
RB News
4.4.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ နတ်ချောင်း (ယခင် ပဒေကား ဒေ၀ါနာလီ) ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုး (ဘ) ဦးပြေရီဝင်း (မြိုလူမျိုး) သည် ရိုဟင်ဂျာ အမျိုးသမီး တစ်ဦးကို ခြိမ်းခြောက်၍ တရားမ၀င် ပေါင်းသင်းပြီး ကိုယ်ဝန် ရလာသည့်အခါ ကိုယ်ဝန် ဖျက်ချခိုင်းခဲ့ကြောင်း သတင်း ရရှိပါသည်။ 
အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုးသည် တောင်ပေါ်သား မြိုလူမျိုး တစ်ဦး ဖြစ်သော်လည်း အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း ခံခဲ့ရသည့်နေ့မှ စ၍ ရိုဟင်ဂျာများ ရှိရာ အရပ်သို့ ပြောင်းရွှေ့ နေထိုင်လာခဲ့သည်။ ၎င်းသည် ရိုဟင်ဂျာများ၏ နေအိမ်များတွင် တည်းခိုနေထိုင်၍ ရိုဟင်ဂျာ အမျိုးသမီး အပျိုများကို နည်းမျိုးစုံဖြင့် ခြိမ်းခြောက်၍ သားမယား ပြုကျင့်ခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
၂၀၁၅ ခုနှစ် အစောပိုင်းမှ စ၍ ယင်းကျေးရွာအုပ်စု သဲချောင်းရွာမှ ဆယ်အိမ်မှူး ဖြစ်သူ ဦး ------ (ဘ) ------ ၏ အိမ်တွင် နေထိုင်၍ ဆယ်အိမ်မှူး၏ အသက် (၂၁) နှစ်အရွယ် သမီးကို ခြိမ်းခြောက်၍ တစ်နှစ်တိုင်တိုင် တရားမ၀င် ပေါင်းသင်းခဲ့ပြီး၊ ယခုနှစ် ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ကိုယ်ဝန် (၆) လ ရှိနေသည်ကို လူမဆန်သည့် အုပ်ချုပ်ရေးမှူးက သိရှိသည့်အခါ သစ်မြစ်များ သုံး၍ သဘာဝမကျသည့် နည်းလမ်းဖြင့် ကိုယ်ဝန်ကို အတင်းအဓမ္မ ဖျက်ချခိုင်းခဲ့သည်။ ကိုယ်ဝန်ဆောင် အမျိုးသမီးမှာ မမှန်ကန်သည့် ဆေးများကြောင့် သွေးလွန်ပြီး သတိလစ်မတတ် ခံစားခဲ့ရသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ မတ်လ (၂၄) ရက်နေ့တွင် အခြေအနေ ဆိုးရွားလာသဖြင့် တမန်းသား ကျန်းမာရေး ဌာနသို့ ပို့ဆောင်၍ ဆေးရုံတင်၍ ဆေးကုသရန် ကြိုးစားခဲ့သည်။ ကျန်းမာရေးမှူး ဦးမောင်သာထွန်းက အဖြစ်မှန်ကို သိသည့်အခါ ဆေးကုသပေးရန် ငြင်းဆန်ခဲ့သည်။ သို့သော်လည်း အုပ်ချုပ်ရေးမှူးက ကျန်းမာရေးမှူးကို ငွေအမြောက်အမြား ပေး၍ ဆေးကုသခိုင်းခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 
ယခုအခါ အုပ်ချုပ်ရေးမှူး ဦးဝင်းဘိုးသည် ဆယ်အိမ်မှူး၏ နေအိမ်တွင် မနေတော့ဘဲ အခြားအိမ်တစ်အိမ်တွင် နေထိုင်လျက် ရှိပြီး ထိုအိမ်တွင်လည်း အပျို မိန်းကလေး တစ်ဦးကို ခြိမ်းခြောက်၍ ပေါင်းသင်း နေထိုင်လျက် ရှိသည်ဟု သိရှိရသည်။ 
နတ်ချောင်း ကျေးရွာတွင် ရှိသည့် စုစုပေါင်း လူဦးရေ၏ ၉၆ ရာခိုင်နှုန်းမှာ ရိုဟင်ဂျာများ ဖြစ်ပြီး ကျန်သည့် ၄ ရာခိုင်နှုန်းခန့်မှာ မြိုလူမျိုးများ ဖြစ်သည်။ ရိုဟင်ဂျာများထဲတွင် အုပ်ချုပ်ရေးမှူး တာဝန် ထမ်းဆောင်ရန် လိုအပ်သည့် အရည်အချင်း ပြည့်စုံသော ပုဂ္ဂိုလ် အများအပြား ရှိသော်လည်း အရည်အချင်း မရှိ၊ အကျင့်ပျက် တောင်ပေါ်မြို့သား မြိုလူမျိုး တစ်ဦးကို သက်ဆိုင်ရာ အာဏာပိုင်များက ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်အပ်ပြီး ရိုဟင်ဂျာ လူမျိုးများကို အနိုင်ကျင့်ရန်၊ တမင် ဒုက္ခရောက်စေရန် ပြုလုပ်ခြင်းသည်သာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။
MYARF
RB News
3.4.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် အမှတ် (၁၀) နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ယာယီ စခန်းမှူး ဒုရဲအုပ်သည် ရေတွင်းပြင် ကျေးရွာမှ အပြစ်မဲ့ ရိုဟင်ဂျာ နှစ်ဦးထံ ငွေကျပ် (၄) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 
မတ်လ (၂၃) ရက်နေ့ ည (၈) နာရီခန့်တွင် ဆိဒိတ် (ဘ) ဦးအီလီယာစ် (အသက် ၂၂ နှစ်) နှင့် ဦးလီယာကောတ်အလီ (ဘ) ဦးဂူရာမျာ (အသက် ၃၂ နှစ်) တို့သည် ရွာအတွင်းရှိ ဆိုင်တစ်ဆိုင်သို့ ဈေးဝယ်ရန် သွားနေစဉ် ကင်းလှည့်နေသည့် ယာယီ စခန်းမှူးနှင့် အဖွဲ့က လူငယ်နှစ်ဦးကို စစ်ဆေးခဲ့သည်။ စစ်ဆေးရာတွင် MPT ဆင်းမ်ကဒ်သုံး ဖုန်းတွေ့ရှိသော်လည်း ဘင်္ဂလား ဆင်းမ်ကဒ် တွေ့ရှိသည်ဟု လုပ်ကြံကာ လူငယ်နှစ်ဦးကို မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင် ထားခဲ့သည်။ ထို့နောက် နာရီအနည်းငယ် အကြာတွင် ရိုက်နှက်ခြင်း မရှိသော်လည်း အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
စခန်း အမှတ် (၁၀) မှ ယာယီ စခန်း တာဝန်ခံ ဒုရဲအုပ်နှင့် အဖွဲ့သည် ယင်းနေ့တွင် တွေ့ရှိသမျှ လမ်းသွားလမ်းလာများ၊ အိမ်ခြံဝင်း အတွင်း မြင်တွေ့သမျှ ရွာသားများကို လိုက်လံ ဖမ်းဆီးရန် ကြိုးစားခဲ့ပြီးနောက် အဆိုပါ လူငယ် နှစ်ဦးကို လမ်းမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စခန်း၏ တာဝန်ခံ စခန်းမှူးသည် သင်တန်း တက်ရောက်၍ သွားနေသည့် အချိန်တွင် ယာယီ စခန်းမှူး တာဝန်ယူထားသူက ယခုကဲ့သို့ သောင်းကျန်း နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
MYARF
RB News
3.4.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ၊ ရေတွင်းပြင် ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် အပြစ်မဲ့ ရိုဟင်ဂျာ တစ်ဦးကို ထိုးကြိတ် ရိုက်နှက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း၊ ရိုဟင်ဂျာ ရွာသား (၄၀) ဦးကို ရိုက်နှက်ခဲ့ကြောင်းနှင့် ဆိုင်ရှင် တစ်ဦးကို လောက်လေးခွဖြင့် သုံးချက် ပစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။
မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း အမှတ် (၁၀) လက်အောက်ခံ ရေတွင်းပြင် ချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် မတ်လ (၂၅) ရက်နေ့ ည ၇း၃၀ နာရီ အချိန်တွင် ရွာအတွင်းသို့ ၀င်ရောက်၍ လမ်းသွားလမ်းလာ များကို ဆိုင်တစ်ဆိုင်သို့ ခေါ်ဆောင် သွားပြီး စစ်ဆေးပြီးနောက် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း လက်သီးများဖြင့်ထိုး ခြေထောက်များဖြင့် ကန်ကျောက်ကာ ပြန်လည် လွှတ်ပေးခဲ့သည်။ 
အလားတူ မိုဟာမတ်အာမီးန် (ဘ) ဦးဒိလ်မိုဟာမတ် (အသက် ၂၄ နှစ်) ၏ ဆိုင်တွင် ကွမ်းယာ ၀ယ်နေသည့် ရွာသားများကိုလည်း ဘင်္ဂလား ဆင်းမ်ကဒ်သုံး မိုဘိုင်းဖုန်း ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဘင်္ဂလား ဆင်းမ်ကဒ် မတွေ့ရှိခဲ့သော်လည်း အဆိုပါ ရွာသားများကို ထိုးကြိတ် ရိုက်နှက်ပြီးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ ဆိုင်တွင် ၀ယ်သူများကို ရိုက်နှက်ရုံသာမက ဆိုင်ရှင်ကိုလည်း ရိုက်နှက်သည့် အပြင် လောက်လေးခွနှင့် သုံးချက်တိတိ ပစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 
ထို့နောက် ကွမ်းယာ ၀ယ်နေသည့် ဦးရှုနာမျာ (ဘ) ဦးဂျိန်နောတ်အလီ (အသက် ၄၀ နှစ်) ကို “မင်းက လုပ်ငန်းရှင်၊ မင်းမှာ ဘင်္ဂလား ဆင်းမ်ကဒ်သုံးဖုန်း ရှိကိုရှိရမယ်၊ ဘယ်မှာလဲပြော” ဟုဆိုကာ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်၍ လက်ထိပ်ခတ်ပြီး အနီးရှိ ရေမြောင်းတစ်ခုထဲသို့ တွန်းချခဲ့သည်။ နာရီဝက်အကြာတွင် ရေမြောင်းထဲမှာ ဆွဲထူကာ ကင်းစခန်းသို့ ခေါ်ဆောင် သွားစဉ် ကျေးရွာ ရပ်မိရပ်ဖ တစ်ဦးက ကြားဝင်၍ ညှိနှိုင်းပေးရာ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ပေးမှ ပြန်လည် လွှတ်ပေးခဲ့သည်။ 
ရေတွင်းပြင် ချောင်းဝ ကင်းစခန်းတွင် တာဝန်ကျနေသည့် နယ်ခြားစောင့်ရဲ များသည် ကျေးရွာတွင်းသို့ နေ့စဉ်နှင့်အမျှ ၀င်ရောက်၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို နည်းမျိုးစုံဖြင့် ဒုက္ခပေးလျက် ရှိသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ သက်ဆိုင်ရာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အကြီးအကဲများ အနေဖြင့် ကျင့်ဝတ်ကို ချိုးဖောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို မတရားသဖြင့် ရိုက်နှက်၍ ငွေညှစ်နေသည့် လက်အောက်ငယ်သား များကို ထိရောက်စွာ အရေးယူ ပေးပါရန် ဒေသခံများက လိုလားနေသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။
Rohingya Eye
RB News
3.4.2016
မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် တောင်ပိုင်း ပေါင်းတုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူချေနှင့် စာရေး ဖြစ်သူ ဦးမောင်မောင်ထွန်း တို့သည် မုန်တိုင်း ဒဏ်ကြောင့် ပြိုကျ ပျက်စီးသွားသည့် နေအိမ်များ ပြန်လည် ဆောက်လုပ်နေသည့် အိမ်ရှင် (၁၁) ဦးထံမှ ငွေကျပ် တစ်သိန်းစီ တောင်းခံလျက် ရှိပြီး၊ ငွေကျပ် တစ်သိန်းစီ မပေးပါက ခြေထောက်ဖြင့် ကန်မည်ဟု ရိုင်းပျစွာ ခြိမ်းခြောက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
မုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည့် နေအိမ်များမှ မိသားစုများမှာ ယခင်က အခြားနေအိမ်များတွင် ခိုလှုံ နေထိုင်ခဲ့ပြီး မတ်လ (၂၈) ရက်နေ့မှ စ၍ ပြန်လည် ဆောက်လုပ်လျက် ရှိရာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးတို့က ငွေကျပ် တစ်သိန်းစီ တောင်းခံလျက် ရှိပြီး၊ မပေးသူများကို ခြိမ်းခြောက်ခြင်း ဖြစ်သည်။ ရွာသားများမှာ ရွာအတွင်းမှ အပြင်သို့ ထွက်ခွင့် မရှိဘဲ မိမိတို့၏ ရွာအတွင်းတွင် စုဆောင်း၍ ရသည့် ငွေများဖြင့် အိမ်ဆောက်နေသည်ကို အကြောင်းပြ၍ ငွေတောင်းခံနေခြင်းမှာ ရွာသားများကို ကျေးရွာတွင်းမှ နှင်ထုတ်ရန် ကြံစည်နေခြင်းဟု ဖြစ်သည်ဟု ခံစားမိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 
အိမ်ဆောက်လုပ်နေသည့် ရွာသား (၁၁) ဦးမှာ -- 
(၁) ဦးဟာလာချေ (ဘ) ဦးဆုလ်တာန် (အသက် ၄၂ နှစ်)
(၂) ဦးကုရ်ဘာန်အလီ (အသက် ၄၀ နှစ်)
(၃) ဦးဟာလာဖူတူ (အသက် ၃၂ နှစ်)
(၄) ဦးအဒူကော်ရိမ်း (ဘ) ဦးဆုလ်တာန် (အသက် ၅၅ နှစ်)
(၅) ဦးအဘူဆီဒိတ်၏ ဇနီး ဒေါ်ဆော်ကီနာ (အသက် ၃၅ နှစ်)
(၆) ဦးလာလာ (ဘ) ဦးတော်ဘိလ်အာမတ် (အသက် ၄၅ နှစ်)
(၇) မာမတ်တာဟဲရ် (ဘ) ဦးအာမိရ်ရှား (အသက် ၂၁ နှစ်)
(၈) ဦးရော်ရှိတ်အာမတ် (ဘ) ဦးဆွေတာအာမတ် (အသက် ၃၀ နှစ်)
(၉) ဦးအုစ်မာန်ဂေါ်နီ (ဘ) ဦးမိရ်အာမတ် (အသက် ၃၂ နှစ်)
(၁၀) အုစ်မာန်ဂျူဟာရ် (ဘ) ဦးအဒူရှကူရ် (အသက် ၂၅ နှစ်)
(၁၁) ရွှေလှမောင် (ဘ) ဦးအဒူကော်ရိမ်း (အသက် ၂၁ နှစ်) -- တို့ဖြစ်သည်။
အိတ်ဖွင့်ပေးစာ
သမ္မတကြီး ဦးထင်ကျော်
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နေပြည်တော်
ရက်စွဲ ။ ။ ၂၀၁၆ ခုနှစ်၊ ဧပြီလ (၁) ရက်။
လေးစားအပ် ပါသော သမ္မတကြီး ဦးထင်ကျော် ခင်ဗျား-
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်၏ သမ္မတကြီး အဖြစ် ရွေးချယ် တင်မြှောက် ခံရခြင်း အပေါ်ကျွန်ုပ်တို့ မြန်မာ ရိုဟင်ဂျာ အသင်း - ယူကေ (BROUK) မှ ကြိုဆို လိုက်ပါသည်။ ဤသို့ ရွေးချယ် တင်မြှောက်ခံ ရခြင်းအား ကျွန်ုပ်တို့နိုင်ငံတော်၏ ဒီမိုကရေစီ လမ်းမကြီး အတွက်  အရေးပါ အရာရောက်သော မှတ်တိုင်တစ်ခု အဖြစ် ကျွန်ုပ်တို့ရှုမြင်ပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံတော်ကြီး အတွက် နှစ်ပေါင်းများစွာ စွန့်လွှတ်စတေးခြင်း ပြုခဲ့သည့် ကျွန်ုပ်တို့အားလုံး၏ မိခင်ကြီး ဒေါ်အောင်ဆန်းစုကြည်၏ ကြီးမားသော အောင်မြင်မှု အတွက်လည်း ကျွန်ုပ်တို့ ဂုဏ်ယူပါသည်။
 မြန်မာ ရိုဟင်ဂျာ အသင်း - ယူကေ (BROUK) သည် လူမျိုး၊ ဘာသာမခွဲခြားဘဲ မြန်မာပြည်သူပြည်သား အားလုံး အတွက် လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ရရှိစေရန် နှစ်ပေါင်းများစွာကပင် ကြိုးပမ်းလာခဲ့သော အဖွဲ့ အစည်းကြီး တစ်ရပ် ဖြစ်ပါသည်။ ကျွန်ုပ်တို့အဖွဲ့အစည်းကြီးသည် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ မြန်မာနိုင်ငံ အနောက်ပိုင်းဒေသရှိ ရိုဟင်ဂျာများ ရင်ဆိုင်နေရသော ပြင်းထန်သည့် ဖိနှိပ်မှုများအပါအဝင် တိုင်းရင်း သားတို့ရှိရာ ဒေသများအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆုံးသတ် သွားစေရန် NLD LA နှင့် UK ရှိ မြန်မာ့ လူ့အဖွဲ့အစည်းများနှင့် အတူတကွ ကြိုးပမ်း ဆောင်ရွက် ခဲ့ပါသည်။ ကျွန်ုပ်တို့ ၏ BROUK မှ ထောက်ခံ အားပေးကြိုးပမ်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများသည် ယခုအခါ လွှတ်တော်အမတ်များအဖြစ် လည်း ကောင်း၊ ဝန်ကြီးများအဖြစ် လည်းကောင်း၊ အခြားအဆင့်မြင့် အရပ်သားအစိုးရ ရာထူးဌာန များတွင် လည်း ကောင်း အသီးသီး တာဝန်ထမ်းဆောင်လျှက် ရှိနေကြသည့် အတွက် များစွာနှစ်ထောင်း အားရကျေနပ်မိပါသည်။
မြန်မာနိုင်ငံအား ဆယ်စုနှစ်များစွာ အစဉ်အဆက် အုပ်ချုပ်ခဲ့သည့် အာဏာရှင်နှင့် အစိုးရများ လက်ထက် တွင်မြန်မာနိုင်ငံမှ ရိုဟင်ဂျာများအား ဖျောက်ဖျက်ပစ်ရန် အလို့ငှါ ဆင်းရဲမွဲတေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက် မှုဆိုင်ရာ မူဝါဒများကို တစ်ပြိုင်နက်ထဲချမှတ်ကျင့်သုံးခဲ့ပါသည်။ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက် လူထု ထောက်ခံမှုရရှိစေရန် နိုင်ငံတွင်းဗုဒ္ဓဘာသာအမျိုးသားရေးဝါဒနှင့် မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အသုံးပြုရန်ကြိုးစားအားထုတ်ခဲ့သောကြောင့်ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများသည် သိသာ ထင်ရှားစွာမြင့်တက်ခဲ့ပါသည်။
ရိုဟင်ဂျာများအပေါ်လူ့အခွင့်အရေးချိုးဖောက်မှုများသည်လူမျိုးတုန်းသန့်စင်ခြင်းနှင့်လူသားထု အပေါ် ပြစ်မှုကျူးလွန်ခြင်းတို့၏ တရားဥပဒေဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် ကိုက်ညီကြောင်း လူ့အခွင့်အရေး စောင့် ကြည့်သူများအဖွဲ့ (Human Rights Watch) မှဖော်ပြခဲ့ပါသည်။ လူသားထုအပေါ်ပြစ်မှု ကျူးလွန်ခြင်း မြောက် ကြောင်း အထောက်အထားများကို Fortify Rights အဖွဲ့မှလည်း တွေ့ရှိပြီးဖြစ်ပါသည်။ Yale Law School မှ Lowenstein International Human Rights Clinic၊ Fortify Rights နှင့် Queen Mary University London မှ International State Crime Initiative တို့အတူတကွ လေ့လာမှုများအရလည်း ရိုဟင်ဂျာမျိုးတုန်း ဖျောက် ဖျက်မှု အထောက်အထားများကိုတွေ့ရှိရပါသည်။ ၂၀၁၂ ခုနှစ်တွင် ရိုဟင်ဂျာများ ထွက်ပြေးခိုလှုံခဲ့သော စခန်း များတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုပြဿနာများရှိနေပြီး၊ Arakan National Party (ရခိုင်အမျိုးသား ပါတီ) မှ အဆင့်မြင့်ပါတီဝင်များသည် ရိုဟင်ဂျာများအား မုန်းတီးရေးအတွက် ဆက်လက်လှုပ်ရှား ဆောင်ရွက် နေကြပါသည်။
NLD အစိုးရသည် ရိုဟင်ဂျာမုန်းတီးဆန့်ကျင်ရေးမြှင့်တက်မှုမူဝါဒများနှင့် ဥပဒေများကို ရပ်ဆိုင်းသွား စေရန်ဆယ်စုနှစ်များစွာအတွင်းပထမဦးဆုံးကြိုးပမ်းတင်ပြလာရုံမက၊အပြည်ပြည်ဆိုင်ရာဥပဒေချိုးဖောက်မှုများအားအဆုံးသတ်စေကာတရားဥပဒေစိုးမိုးရေးနှင့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစံနှုန်းများကို လက်တွေ့ အသုံးချဆောင်ရွက်လျှက်ရှိပါသည်။
ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် မတရားမှုများ၏ ရေသောက်မြစ် အကြောင်း ရင်းများအား ဖော်ထုတ်ရန် နှစ်ပေါင်းများစွာကြာရှည်မည်ဖြစ်ရာ၊ ၎င်းလုပ်ငန်းစဉ်အား စတင်အကောင်အထည် ဖော်ရန်လည်းကောင်း၊ အသက်များစွာအားကယ်တင်ရန်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ လျော့နည်းသွား စေရန်ဆောင်ရွက်မှုတို့အပေါ် ချက်ခြင်းထိရောက်မှုရှိစေရန်လည်းကောင်း NLD အစိုးရအနေဖြင့် အစိုးရ သက် တမ်းပထမခြောက်လတာကာလအတွင်းဆောင်ရွက်သင့်နိုင်သည့်လက်တွေ့ခြေလှမ်းများကိုအောက်ပါ အတိုင်း အကြံပြုတင်ပြအပ်ပါသည်။
၁) အမုန်းဝါဒဖြန့်ချီသူများနှင့် အစွန်းရောက်များပပျောက်ရေးဆောင်ရွက်ချက်။
၂) လူသားချင်းစာနာသည့် လမ်းဖွင့်ပေးမှုနှင့်ဒုက္ခသည်များ၎င်းတို့နေအိမ်များသို့အန္တရာယ်ကင်းစွာပြန်လည် နေထိုင်ရေး။
၃) ၁၉၈၂ နိုင်ငံသားဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း။
၎) တရားမျှတမှုနှင့် တာဝန်ယူမှု။
ခြေလှမ်းလေးခု-
၁) အမုန်းဝါဒဖြန့်ချီသူများနှင့် အစွန်းရောက်များပပျောက်ရေးဆောင်ရွက်ချက်။
ကဏ္ဍအစုံပါဝင်သည့်ကျယ်ပြန့်တာရှည်သော နည်းဗျူဟာကို စီမံချမှတ်ရမည်ဖြစ်ပြီး၊ ယင်းသို့စီမံချမှတ်ရာတွင် မြန်မာ့လူ့အဖွဲ့အစည်းဒေသအသီးသီးမှကိုယ်စားလှယ်ပေါင်းစုံနှင့်အတူနိုင်ငံတကာမှကျွမ်းကျင်သူပညာရှင်များ နှင့်နိုင်ငံတကာလူ့အဖွဲ့အစည်းမှအဆင့်မြင့်အစိုးရဝန်ကြီးအဆင့်တို့ ပါဝင်သောအမျိုးသားညီလာခံကြီး တစ်ရပ် မှ အစပြကာ၊ အရေးပါသောအရင်းအမြစ်များနှင့် ကျွမ်းကျင်နည်းပညာတို့အား နိုင်ငံတကာလူ့အဖွဲ့အစည်းမှ ပံ့ပိုးကူညီသည့်အခါ လက်ခံရယူသင့်သည်။ ဤလုပ်ငန်းစဉ်အားအကောင်အထည်ဖော်ရန် အချိန်ယူရမည်ဖြစ် သော်လည်း၊ စီမံကိန်းချမှတ်ခြင်းအား အလျှင်အမြန်စတင်သင့်သည်။
လိုရင်းအားဖြင့်ဆိုရမူ၊ NLD အနေဖြင့်ဆောင်ရွက်ရမည့် အခြားခြေလှမ်းနှစ်ခုရှိပါသည်။ ပထမခြေလှမ်း မှာ အမုန်းဝါဒဖြန့်ချီမှုများနှင့် အကြမ်းဖက်မှုလှုံ့ဆော်ခြင်းတို့အားကာကွယ်သည့်အနေဖြင့် လှုံ့ဆော်သူများနှင့် အကြမ်းဖက်မှုအတွက်စည်းရုံးသူတို့အား ဥပဒေအရနှိပ်ကွပ်ခြင်းဖြစ်ပါသည်။ ယနေ့အချိန်အထိ၊ အမုန်းဝါဒ လှုံ့ဆော်မှုများနှင့် အကြမ်းဖက်မှုတို့အား လုံးဝဥဿုံအရေးယူခြင်းမရှိသေးပါ။
ဒုတိယခြေလှမ်းမှာ၊ဒေါ်အောင်ဆန်းစုကြည်နှင့်အခြား NLD ခေါင်းဆောင်များပုဂ္ဂိလ်အားဖြင့်ဦးဆောင် ကာ မတရားမှုများနှင့်အမုန်းဝါဒဖြန့်မှုများကိုအထူးသဖြင့် ဆန့်ကျင်ဟောပြော၍ အစွန်းရောက်အမျိုးသားရေး ဝါဒဖြန့်ချက်များကို တန်ပြန်ရမည်ဖြစ်ပါသည်။ ရွေးကောက်ပွဲရလဒ်သည် ဒေါ်အောင်ဆန်းစုကြည်၏ ဩဇာ နှင့် လူထု ထောက်ခံမှုအား ဖော်ညွှန်းလျှက်ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဦးဆောင်မှုသည် အရေးပါသော ပြောင်းလဲမှုအား ဆောင်ကျဉ်းနိုင်ရုံမက၊ မြန်မာနိုင်ငံရှိ ရိုဟင်ဂျာလူ့အခွင့် အရေးကိုထောက်ခံပံ့ပိုး လျှက်ရှိသူ များမှ ၎င်းတို့၏ ဆန္ဒထုတ်ဖော်ရာတွင် အကာအကွယ်နှင့် ယုံကြည်မှုများ ရှိလာစေနိုင်ပါသည်။ ဤနည်းအား ဖြင့် ရိုဟင်ဂျာနှင့်ဆိုင်သော ဆွေးနွေးမှုများနှင့်စကားစစ်ထိုးငြင်းခုံမှုများအပေါ်အပြောင်းအလဲရှိလာနိုင်ပါသည်။
၂) လူသားချင်းစာနာသည့် လမ်းဖွင့်ပေးမှု
NLD ဦးဆောင်သောအစိုးရအနေဖြင့် ရခိုင်ပြည်နယ်၌ ဆောင်ရွက်နေသည့် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများ အပေါ်ချမှတ်ထားသည့်ကန့်သတ် ချက်များကို ချက်ခြင်းရုပ်သိမ်းရန်နှင့် အကူအညီပေးရေး လုပ်သားများ၏လုံခြုံရေးအတွက်အာမခံချက်ပေးရန်ဆောင်ရွက်ရန်။
NLD အစိုးရအနေဖြင့် ဒုက္ခသည်စခန်းများ၊ သီးခြားလွင့်စင်နေထိုင်နေရသော ရွာသူရွာသားများအားအထောက် အပံ့ပြုနိုင်သည့် အစိုးရအရင်းအမြစ်များကို ပိုမိုပေးအပ်ရန်။
နိုင်ငံတော်အဆင့်ချမှတ်ထားသည့်အလုံးစုံသောကန့်သတ်မှုများနှင့်ဥပဒေစည်းမျဉ်းများအား ကျယ်ပြန့်စွာ ဖော် ထုတ်ကာ ချက်ခြင်းရုပ်သိမ်းရန်။
ရိုဟင်ဂျာများနှင့်ရခိုင်များသည် နှစ်ပေါင်းများစွာ အတူယှဉ်တွဲနေထိုင်လာခဲ့ ကြသည်ဖြစ်ရာ၊ နားလည် သည်းခံမှု၊ ငြိမ်းချမ်းမှုအပြည့်ဖြင့် ဆက်လက်အတူတကွယှဉ်တွဲနေထိုင်နိုင်ကြရန် ကျွန်ုပ်တို့အားလုံး လေ့ကျင့် ပျိုးထောင်ရမည်ဖြစ်ပါသည်။နိုင်ငံရေးအကြပ်အတည်းများကိုဖြေရှင်းသည့်နည်းလမ်းအဖြစ်အကြမ်းဖက်မှု အသုံး ပြုခြင်းကို ကျွန်ုပ်တို့ရိုဟင်ဂျာများမှ ကန့်ကွက်ဆန့်ကျင်ပါသည်။ ကျွန်ုပ်တို့သည်ကျွန်ုပ်တို့၏ အမိနိုင်ငံတော် ကြီးဖြစ်သည့် မြန်မာနိုင်ငံ၌ရိုးရှင်းအေးချမ်းစွာ နေထိုင်ကြလိုပါသည်။ ကျွန်ုပ်တို့သည်သီးခြားပြည်နယ်ကိုလည်း မလိုလားသလို၊တစ်စုံတစ်ဦးအပေါ်ကျွန်ုပ်တို့၏ ကိုးကွယ်ရာဘာသာတရားနှင့်ယဉ်ကျေးမှုတို့ လွှမ်းမိုးရန်လည်း မလိုလားပါ။မြန်မာနိုင်ငံသည်များစွာသောလူမျိုးများနှင့်ဘာသာအယူဝါဒတို့ရှင်သန်ရာနိုင်ငံဖြစ်ပါသည်။ နေထိုင် ရာပျောက်ဆုံးလျှက်ရှိသော ရိုဟင်ဂျာများအနေဖြင့် ၎င်းတို့၏ မူလဘူတကျေးရွာများသို့ အန္တရာယ်ကင်းစွာပြန် နိုင်ရန်နှင့် ယင်းသည့်အတွက် လိုအပ်သည့် လုံခြုံရေးအကာအကွယ်များကို ပြည်နယ်အစိုးရမှ တာဝန်ယူရမည် ဖြစ်ပါသည်။
၃) ၁၉၈၂ နိုင်ငံသားဥပဒေအား ပြင်ဆင်ခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်း။
ရိုဟင်ဂျာများ၏ အခွင့်အရေးများငြင်းပယ်ခံရသည့် အခြေအမြစ်အကြောင်းတရားမှာ ၁၉၈၂ နိုင်ငံသား ဥပဒေဖြစ်ပါသည်။ လွတ်လပ်စွာခရီးသွားလာခွင့်၊ ကျန်းမာရေးနှင့်ပညာရေးဝန်ဆောင်မှု များရယူခံစားခွင့် တို့ အပါအဝင်ရိုဟင်ဂျာတို့ရင်ဆိုင်ကြုံတွေ့နေရသည့်များစွာသောခွဲခြားခံရမှုတို့သည်တင်းပြည့်ကျပ်ပြည့်နိုင်ငံသား အဖြစ်ကို မရရှိခြင်းအပေါ်မူတည်ပါသည်။ NLD ဦးဆောင်သော အစိုးရအနေဖြင့် ခိုင်မာသောလူထုထောက်ခံမှု၊ ခိုင်ခန့်သောပါတီစည်းလုံးမှု၊နှစ်များစွာလိုသေးသည့်ရွေးကောက်ပွဲတို့ကိုအားပြုကာအစိုးရသက်တမ်းအဦး အစ ၌ပင် အခက်အခဲများရှိလင့်ကစား၊အထက်ပါအရေးကိစ္စများကို ပြုရန်ဦးစားပေးဆောင်ရွက်နိုင်ပါသေးသည်။ ၎င်းဥပဒေအား ပြင်ဆင်ပြောင်းလဲခြင်းသည် မုချအငြင်းပွါးဖွယ်ရာဖြစ်သော်လည်း၊ ရှောင်လွှဲရနိုင်သည်တော့ မဟုတ်ပါ။ တစ်ခုသောအချိန်ကာလ၌ ယင်းကိစ္စအားကိုင်တွယ်ဖြေရှင်းရမည်သာဖြစ်ပါသည်။ NLD ဦးဆောင် သော အစိုးရ အခိုင်မာဆုံးဖြစ်နေသည့် အခြေအနေတွင် ကိုင်တွယ်ဖြေရှင်းခြင်းသည်ပို၍သင့်တော်ကောင်းမွန် လှပါသည်။
၎) တရားမျှတမှုနှင့် တာဝန်ယူမှု။
ရိုဟင်ဂျာများအပေါ် မျိုးတုန်းသတ်ဖြတ်မှု ဖြစ်နိုင်ချေ၊ လူသားဖြစ်တည်မှုအားကျူးလွန်သည့် ပြစ်မှု နှင့် မျိုးတုန်းသန့်စင်ဖျောက်ဖျက်ခြင်းအပါအဝင် များစွာသော နိုင်ငံတကာဥပဒေများကို ချိုးဖောက်သည့် ထင်ရှား သောအထောက်အထားများရှိနေပါသည်။ ဤပြစ်မှုများအား ကိုင်တွယ်ဖြေရှင်းခြင်းမပြု၍မရသလို၊ ဤပြစ်မှုများ အတွက် တာဝန်ရှိသူများကိုလည်း ၎င်းတို့ရဲ့လုပ်ရပ်များနှင့်ပတ်သက်ပြီး လစ်လျူရှု၍မရနိုင်ပါ။ ကြောင့်ကြမဲ့ အပူ အပင်ကင်းစွာပြစ်မှုကျူးလွန်နိုင်ခြင်းသည် ရိုဟင်ဂျာများအပေါ်ကျူးလွန်လျှက်ရှိသည့် လူ့အခွင့်အရေးချိုး ဖောက်မှုများကိုဆက်လက်ကျူးလွန်ရန်အားပေးခြင်းသာဖြစ်ပါလိမ့်မည်။ တရားမျှတမှုနှင့် တာဝန်ယူမှုတို့သည် နောက်ထပ်ဖြစ်ပေါ်လာနိုင်သည့်ချိုးဖောက်မှုများကိုတားဆီးရန်အလွန်အရေးပါထိရောက်သောကိရိယာတန်ဆာ ပလာဖြစ်ပါသည်။
အဆိုပါပြစ်မှုများအားစုံစမ်းစစ်ဆေးအဖြေထုတ်ရန်နှင့် အရေးယူရန်အတွက် NLD အစိုးရအနေဖြင့် နိုင်ငံတကာမှ ကျွမ်းကျင်သူများပါဝင်သော ထိရောက်လွတ်လပ်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့သင့်ပါသည်။ အကယ် ၍ စုံစမ်းစစ်ဆေးမှုအား NLD အစိုးရအနေဖြင့် မပြုလုပ်နိုင်ပါက၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့အစည်းကြီးမှ ၎င်း၏ ကိုယ်ပိုင် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတည်ထောင်သင့်ပါသည်။
သမ္ဓတကြီးအနေဖြင့်ဤကမ်းလှမ်းအကြံပြုချက်များအားအရေးတယူစဉ်းစားကာအကောင်အထည်ဖော် လိမ့်မည်ဟုလည်းကောင်း၊ ထပ်မံဆွေးနွေးရန်အတွက် သမ္မတကြီး (သို့မဟုတ်) သမ္မတကြီး၏ ကိုယ်စားလှယ် တို့မှ ကျွန်ုပ်တို့အားတွေ့ဆုံခွင့်ပေးမည် ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။
ရိုသေလေးစားစွာဖြင့်
ထွန်းခင်
ဥက္ကဋ္ဌ
မြန်မာ ရိုဟင်ဂျာ အသင်း - ယူကေ (BROUK)
Rohingya Eye
RB News
1.4.2016
မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် တောင်ပိုင်းတွင် တည်ရှိသည့် ပေါင်းတုတ် ကျေးရွာမှ ဦးအာမိရ်ဟူဆောင်း၏ ဇနီး မယာဇော်မ်နီဆာ (အသက် ၂၂ နှစ်) သည် သားသမီးနှစ်ဦး၏ မိခင်ဖြစ်ပြီး၊ တတိယ ကိုယ်ဝန်ဆောင် ထားရပြီး၊ ကလေး မွေးဖွားမည့် သတ်မှတ်ရက်ထက် ကျော်လွန် နေပြီး မွေးဖွားရန် အခက်အခဲ ကြုံတွေ့လျက် ရှိနေသည်။ ခင်ပွန်းဖြစ်သူသည် ကျဘန်း အလုပ်သမား တစ်ဦး ဖြစ်ပြီး၊ ငွေကြေး ချိုတဲ့သူ ဖြစ်သည်။ မတ်လ (၃၁) ရက်နေ့က ၎င်း၏ ဇနီးဖြစ်သူကို ဆေးဝါး ကုသပေးနိုင်ရန် အတွက် အိမ်နီးချင်းများထံမှ ငွေကြေး အကူအညီ တောင်းခံခဲ့သော်လည်း မရရှိခဲ့ကြောင်း၊ နိုင်ငံတကာ အဖွဲ့အစည်း များမှလည်း မည်သည့် အကူအညီမှ မရသောကြောင့် ကလေး မွေးဖွားရန် အလွန် အခက်အခဲ ကြုံတွေ့လျက် ရှိသည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
မြောက်ဦးမြို့ရှိ ဒေသခံ ရိုဟင်ဂျာများမှာ မြောက်ဦး မြို့နယ် ဆေးရုံတွင် ဆေးကုသခွင့် မရှိကြောင်း၊ မြောက်ဦးမြို့နှင့် (၁၀) မိုင်ခန့် အကွာအဝေးတွင် ရှိသည့် မြောင်းဘွေ ဆေးရုံတွင် ဆေးကုသခွင့် ရှိသော်လည်း၊ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူလိုပါက ညနေ (၅) နာရီထိသာ ဆေးရုံတွင် နေထိုင်ခွင့်ပြုကြောင်း၊ အကယ်၍ ဆေးရုံတွင် တစ်ညအိပ်လိုပါက လုံခြုံရေး တပ်ဖွဲ့ဝင်များအား တစ်ညအတွက် ငွေကျပ် (၃) သောင်းစီ ပေးရကြောင်း၊ ငွေကြေး မတတ်နိုင်သူများမှာ အတွင်းလူနာ အဖြစ် ဆေးကုခွင့် မရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
MYARF
RB News
1.4.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာတွင် ကျေးရွာ တာဝန်ခံ (အုပ်ချုပ်ရေးမှူး) ဖြစ်သူ ဦးအီနုစ်က မုဆိုးမ တစ်ဦးကို လူမဆန်စွာ ရိုက်နှက်၍ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။ 
ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာအုပ်စု ဘော်လီ (၂) ရွာမှ မုဆိုးမ ဖြစ်သူ ဒေါ်နူရုဇ္ဖန် (ဘ) ဦးမော်ဂုလ်အာမောတ် (အသက် ၃၅ နှစ်) သည် လွန်ခဲ့သည့် နှစ်ပေါင်းများစွာ ကတည်းက အိုးအိမ် အခက်အခဲနှင့် ရင်ဆိုင်နေခဲ့ရသဖြင့် ယခုအပတ်အတွင်းတွင် ၎င်း၏ ခင်ပွန်း ပိုင်ဆိုင်ခဲ့သည့် ခြံဝင်း၌ ၀ါးထရံကာ၊ ဓနိမိုးဖြင့် တဲငယ် တစ်လုံး ဆောက်လုပ်ခဲ့သည်။ ထိုတဲငယ် ဆောက်လုပ်ရာတွင် ပြိုင်းတောင် ကျေးရွာမှ ၎င်း၏ အစ်ကိုရင်းများ ဖြစ်သည့် ဦးနူရ်အစ္စလာမ်နှင့် ဦးဆွေယာဒ်ဟူဆောင်း တို့က ၀ိုင်းဝန်း ကူညီ ဆောက်လုပ် ပေးခဲ့သည်။ 
ဒုအိုးသည်မ ကျေးရွာ တာဝန်ခံ ဖြစ်သူ ဦးအီနုစ်က တဲငယ် ဆောက်လုပ်သည့် သတင်းကို ကြားသိပြီး မုဆိုးမနှင့် တကွ ၎င်း၏ အစ်ကိုနှစ်ဦးကို မတ်လ (၂၄) ရက်နေ့တွင် ရုံးသို့ ဆင့်ခေါ်ကာ ချုပ်နှောင်ပြီး “ဘင်္ဂလီ အမည်ခံယူပြီး ဒီအုပ်ချုပ်ရေးမှူး တာဝန်ယူထားတာ မင်းတို့ကို သနား ညှာတာဖို့ မဟုတ်ဘူး၊ မင်းတို့ကို ရက်စက်ဖို့ပဲ” ဟု ပြောဆို၍ လူမဆန်စွာ ရိုက်နှက်ကာ ငွေကျပ် (၃) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
မုဆိုးမဖြစ်သူ ဒေါ်နူရုဇ္ဖန်သည် ဦးဖော်ဇော်လ်အာမောတ် (ကွယ်လွန်) ၏ ဒုတိယမြောက် ဇနီး ဖြစ်ပြီး၊ ၎င်း၏ ခင်ပွန်း သေဆုံးပြီးနောက် ခင်ပွန်း၏ ပထမဇနီး၊ သားနှစ်ဦးနှင့် အတူ တစ်အိမ်တည်းတွင် နေထိုင်ခဲ့ပြီး၊ သူများအိမ်တွင် နေ့စား အလုပ်လုပ်၍ အသက်မွေးဝမ်းကျောင်း နေရသူ ဖြစ်သည်။ ယခုအခါ သားအရင်း မဟုတ်သူ နှစ်ဦးက နေအိမ်မှ နှင်ထုတ်လိုက်သဖြင့် အိုးအိမ် စွန့်ခွာခဲ့ရပြီး နေစရာ မရှိတော့၍ တဲငယ် တစ်လုံး ဆောက်လုပ်ပြီး နေထိုင်ရခြင်း ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 
ကျေးရွာ အုပ်ချုပ်ရေးမှူးက ယခုကဲ့သို့ ရိုက်နှက်၍ ငွေညှစ်ခြင်းမှာ သားနှစ်ဦး၏ ပကောဂ ကြောင့်သာ ဖြစ်ကြောင်း၊ မုဆိုးမကို ခြံဝင်း အတွင်းကပါ နှင်ထုတ်ရန် ကြိုးစား အားထုတ် နေခြင်းသာ ဖြစ်ကြောင်း အဆိုပါ ဒေသခံက ဆက်လက်၍ ပြောပါသည်။ သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများ အနေဖြင့် ယခုကိစ္စကို စုံစမ်း စစ်ဆေး၍ ဖြစ်ရပ်မှန်ကို ဖော်ထုတ်ပြီး၊ မရှိဆင်းရဲသည့် မုဆိုးမ တစ်ဦးထံမှ ငွေညှစ်သည့် ကျေးရွာ တာဝန်ခံကို အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက လိုလားနေကြသည်။
အုပ်ချုပ်ရေးမှူး ဦးမောင်စိန်
Rohingya Eye
RB News
1.4.2016
မင်းပြား ။ ။ ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ လှမ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်လာလ် (ခ) ဦးမောင်စိန်၊ ရာအိမ်မှူး ဖြစ်ကြသည့် ဦးဟိုက်ရ်ဘောရှော်ရ် (ဘ) ဦးအီမာနူ (အသက် ၅၀ နှစ်) နှင့် ဦးအီလီယာစ် (အသက် ၃၅ နှစ်) တို့ (၃) ဦးသည် ရွာသားများ၏ ရပိုင်ခွင့်များမှ ခေါင်းပုံဖြတ်ခြင်း၊ မညှာမတာ ဆက်ဆံခြင်းများကို ဆက်တိုက် လုပ်ဆောင်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
အုပ်ချုပ်ရေးမှူး ဦးမောင်စိန်က မုန်တိုင်းကြောင့် ပြိုပျက်သွားသည့် အိမ်များကို ပြုပြင်နိုင်ရန် အတွက် အလှူရှင်များထံမှ ထောက်ပံ့ကြေး လိုချင်သူများ စာရင်းပေးသွင်းကြရန် လှုံ့ဆော်ကာ မတ်လ (၆) ရက်နေ့မှ စ၍ မိသားစု တစ်စုလျှင် ငွေကျပ် နှစ်ထောင်ကျပ်စီ ကောက်ခံခဲ့သည်။ နူရူလာမိန် (ဘ) ဦးအီလီယာစ် (အသက် ၂၅ နှစ်) ၏ နေအိမ် ပြုပြင်နိုင်ရန် အတွက် ထောက်ပံ့ကြေး ရရန် စာရင်းပေးသွင်းရန်ဟု ဆိုကာ အုပ်ချုပ်ရေးမှူးက ငွေကျပ် တစ်သောင်း ယူခဲ့သည်။ 
လွန်ခဲ့သည့် ဒီဇင်ဘာလတွင် နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့မှ တစ်အိမ်လျှင် ငွေကျပ် တစ်သိန်းရှစ်သောင်းနှုန်းဖြင့် အိမ်ခြေ (၁၁၃) အိမ်အား ထောက်ပံ့ခဲ့သည်။ အဆိုပါ ထောက်ပံ့ငွေ တစ်သိန်းရှစ်သောင်းမှ ငွေကျပ် တစ်သိန်းစီသာ အိမ်ခြေ (၁၁၃) အိမ်သို့ အုပ်ချုပ်ရေးမှူးက ပေးအပ်ပြီး ကျန်သည့် ငွေများကို ကိုယ်ကျိုးအတွက် အလွဲသုံးစား ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 
ရာအိမ်မှူး ဦးဟိုက်ရ်ဘောရှော်ရ် ကလည်း စပါး စိုက်ပျိုးရန် တစ်ရာသီ အတွက် ငှားရမ်းခဲ့သည့် လယ်သမား (၆) ဦးကို လုပ်ခ တစ်ပြားတစ်ချပ်မှ ပေးခြင်း မရှိကြောင်း ဒေသခံများက ပြောပါသည်။ ဒေသခံများက ခေါင်းပုံဖြတ်နေသူ (၃) ဦးနှင့် ပတ်သက်၍ အာဏာပိုင်များက အဖြစ်မှန်ကို စုံစမ်း၍ အရေးယူ ပေးရန် တောင်းဆို နေကြသည်။
RB News
31.3.2016
တိုကျို၊ ဂျပန် -- ဂျပန်နိုင်ငံ အခြေစိုက် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဥက္ကဌ ဦးဟာရွန်ရော်ရှိတ်၊ ဒု-ဥက္ကဌ ဦးအောင်တင်၊ အထွေထွေ အတွင်းရေးမှူး ဦးမိုဟာမတ်ခါန်း တို့သည် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီးဌာနရုံးသို့ ယနေ့ မတ်လ (၃၁) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် သွားရောက်၍ ဂုဏ်ပြု သ၀ဏ်လွှာ တစ်စောင် ပေးအပ်ခဲ့သည်။
သ၀ဏ်လွှာ ပေးအပ်ရာတွင် ဂျပန်နိုင်ငံဘက်မှ နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှနှင့် အိုရှင်နီရေးရာ ဗျူရို ညွန်ကြားရေးမှူး Mr Satoshi Oyama နှင့် ဒု-ညွန်ကြားရေးမှူး Mrs Yoko Takushima တို့တက်ရောက်ခဲ့သည်။
ဂုဏ်ပြု သ၀ဏ်လွှာ ပေးပို့ရခြင်းမှာ ဆွဇ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့တွင် မတ်လ (၁၇) ရက်နေ့က ကျင်းပခဲ့သည့် မြန်မာနိုင်ငံရှိ လူနည်းစုများ၏ လူမျိုးရေး၊ ဘာသာရေး အခွင့်အရေး များကို အထူး အလေးပေး တောင်းဆိုခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ အထူး ၀မ်းမြောက်ကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့ခြင်း ဖြစ်သည်။ 
မြန်မာနိုင်ငံသား ရိုဟင်ဂျာများ အသင်း (ဂျပန်) မှ ဂျပန်အစိုးရ အနေဖြင့် မြန်မာအစိုးရသစ်နှင့်လည်း အစစအရာရာ ပူးပေါင်း ဆောင်ရွက်၍ လုပ်ဆောင်ရာတွင် မြန်မာအစိုးရအား လူနည်းစု အခွင့်အရေး၊ ဘာသာရေး၊ လူမျိုးရေး ပြဿနာများ၊ ပြည်တွင်း လက်နက်ကိုင် ပြဿနာများနှင့် တရား ဥပဒေ စိုးမိုးရေး တို့ကို အလေးထားရန် အတွက် ပြောကြားပေးရန် တိုက်တွန်းခဲ့သည်။ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အရာရှိများကလည်း မြန်မာ အစိုးရသစ်နှင့် စီမံထားသည့် လုပ်ငန်းစဉ် များကို ရှင်းပြခဲ့သည်။
နိုင်ငံတော် သမ္မတ အသစ် ဦးထင်ကျော်ထံ တာဝန် လွှဲပြောင်းပေးမှု အခမ်းအနား သို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်စဉ် ( ဓါတ်ပုံ- MOI )
31.3.2016
နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဆိုင်ရာ ဥပဒေကြမ်း တရပ်ကို ကြာသပတေးနေ့ ကျင်းပမယ့် အမျိုးသား လွှတ်တော် အစည်း အဝေးမှာ တင်သွင်းဖို့ ရှိတယ်လို့ ကိုယ်တိုင် တင်သွင်းမယ့် လွှတ်တော် ကိုယ်စားလှယ်က ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
သမ္မတ ဦးထင်ကျော် လက်မှတ်ထိုး ပြဌာန်းမယ့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေကို အမျိုးသား လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် မကွေးတိုင်း မဲဆန္ဒနယ် အမှတ်(၄) ကိုယ်စားပြု အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့် က မတ်လ ၃၁ ရက်နေ့ ကျင်းပမယ့် အမျိုးသား လွှတ်တော် အစည်းအဝေးမှာ တင်သွင်းမယ့်အကြောင်း ဗွီအိုအေကို အတည်ပြု ပြောပါတယ်။
ဗွီအိုအေက တွေ့ရတဲ့ ဥပဒေကြမ်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ပြည်ထောင်စုလွှတ်တော်က တာဝန်ပေးအပ်တယ်ဆိုပြီး ဥပဒေမူကြမ်း အခန်း(၃)မှာ အတိအလင်း ဖော်ပြထားပါတယ်။ ဥပဒေရဲ့ ရည်ရွယ်ချက်တွေအဖြစ် ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ် ပီပြင်ရေး၊ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံဖြိုးတိုးတက်ရေးဆိုပြီး ဖော်ပြထားပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်တွေနဲ့ မဆန့်ကျင်စေပဲ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားအတွက် အကြံပြုချက်တွေပေးဖို့၊ အကြံပြုချက်တွေ ဆောင်ရွက်ချက်တွေနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံဖို့၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ဒီဥပဒေပါ ရည်ရွယ်ချက်တွေကို အောင်မြင်စေဖို့အတွက် အစိုးရအဖွဲ့ ဌာနဆိုင်ရာတွေ အဖွဲ့အစည်းတွေ အသင်းအဖွဲ့တွေ လူပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်ဆောင်ရွက်ဖို့ စသည်အားဖြင့် ပြဌာန်းရေး ပါရှိပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ရာထူးသက်တမ်းဟာ နိုင်ငံတော်သမ္မတရဲ့ ရာထူးသက်တမ်းအတိုင်းဖြစ်ပြီး ဒီဥပဒေဟာလည်း ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းကာလမှာ တာဝန်ထမ်းဆောင်တဲ့ နိုင်ငံတော်သမ္မတရဲ့သက်တမ်းကာလအတွက် ဖြစ်ရမယ်လို့လည်း ထွက်ရှိနေတဲ့ ဥပဒေမူကြမ်းမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။
ဒေါ်ခင်စိုးဝင်း
30.3.2016
ဒီမိုကရေစီ စံနှုန်းတွေနဲ့ ကိုက်ညီပြီး၊ ပြည်သူလူထု ဆန္ဒနဲ့ သင့်တော်မယ့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး ဦးစားပေး ဆောင်ရွက် သွားမယ်လို့ နှစ် ၅၀ ကျော်အတွင်း ပထမဆုံး အရပ်သား သမ္မတ အဖြစ် ဒီကနေ့ ကျမ်းသစ္စာ ကျိန်ဆိုလိုက်တဲ့ သမ္မတ ဦးထင်ကျော်က ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြိုးပမ်း သွားမယ် လို့လည်း သမ္မတ ဦးထင်ကျော်က သူ့ရဲ့ မိန့်ခွန်းမှာ ပြောဆို လိုက်တာပါ။ ပြည်ထောင်စု လွှတ်တော်မှာ ကျင်းပတဲ့ သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲ အခမ်းအနားကို ကိုယ်တိုင် သတင်း သွားယူခဲ့တဲ့ VOA ရန်ကုန်ရုံး တာဝန်ခံ ဒေါ်ခင်စိုးဝင်းက နေပြည်တော်ကနေ သတင်းပေး ပို့ထားပါတယ်။
ဒီကနေ့ ကျင်းပတဲ့ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲမှာ ပြည်တောင်စုလွှတ်တော် နာယကရှေ့မှောက် ကျမ်းသစ္စာကျိန်ဆိုအပြီး သမ္မတဦးထင်ကျော်က ၃ မိနစ်သာ ကြာတဲ့ မိန့်ခွန်းကို အခုလိုပြောဆိုလိုက်ပါတယ်။
“ဒီနေ့ ဒီအချိန်မှာ လေးနက်စွာတင်ပြလိုတဲ့ အချက်တခုရှိပါတယ်။ ဒီအချက်ကတော့ မကြာမီကပဲ ကျနော်ဟာ နိုင်ငံတော်သမ္မအဖြစ် ကတိသစ္စာပြုခဲ့ပြီးဖြစ်ပါတယ်။ အဲဒီကတိသစ္စာကို ထိန်းသိမ်းစာင့်ရှောက်ရမယ့် တာဝန်ရှိကြောင်းကိုလည်း အစဉ်သတိချပ်နေမှာဖြစ်ပါတယ်။ ဒါ့အပြင် နိုင်ငံတော်နဲ့ သင့်တော်မယ့် ဒီမိုကရေစီစံချိန်စံညွန်းများနဲ့ကိုက်ညီတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေတရပ် ဖြစ်ပေါ်လာရေးအတွက်လည်း ဆောင်ရွက်ရမယ့် တာဝန်ရှိပါတယ်။ နှစ်ရှည်လများ ပြည်သူလူထုလိုလား တောင်းတနေတဲ့ ဒီနိုင်ငံရေးရည်မှန်းချက် အကောင်အထည် ပေါ်လာရေးအတွက် စိတ်ရှည်သီးခံပြီး ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း သိနားလည်ထားပါတယ်။
နိဂုံးချုပ်အားဖြင့် တင်ပြချင်တာကတော့ ယခု ပေါ်ပေါက်လာတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ဟာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်များ၊ ဆန္ဒများ ပြည့်ဝစေရန် မမှိတ်မသုန် ကြိုးပမ်းဆောင်ရွက် သွားမှာဖြစ်ကြောင်း အလေးအနက် ပြောကြားလိုခြင်းဖြစ်ပါတယ်။
နိုင်ငံသူနိုင်ငံသားအားလုံး ချမ်းမြေ့သာယာစွာနဲ့ မိမိတို့ ဘ၀လမ်းကြောင်းကို ဖြောင့်တန်းစွာ လျှောက်လမ်းနိုင်ကြပါစေ။”
လိုရင်းတိုရှင်းနဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ပဲ့ကိုင်သူ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်မှုနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့် လုပ်ငန်းစဉ်ကို အကြမ်းဖျဉ်းချ့ပြသွားတာဖြစ်ပါတယ်။
သမ္မတ၊ ဒုသမ္မတ ၂ ဦးအပြင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်တောင်စုဝန်ကြီး ၁၈ ဦး။ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်များ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌနဲ့ အဖွဲ့ဝင်တွေလည်း ဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြု ကျမ်းကျိန်ခဲ့ကြပါတယ်။
ဒီကနေ့ ကျင်းပတဲ့ အခမ်းအနားကို တက်ရောက်လာသူ မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမ္မဂ္ဂ သံအမတ်ကြီး Roland Kobia က မြန်မာပြည်သူတွေရဲ့ အောင်ပွဲအဖြစ် ဂုဏ်ယူဝမ်းမြောက်ကြောင်းပြောပါတယ်။
“ဒီကနေ့ပြည်ထောင်စုလွှတ်တော်ကိုရောက်နေတဲ့ ကြသူတွေအားလုံး နဲ့ ပြည်သူတွေ အားလုံးက ပျော်ရွင်နေကြမယ်လို့ ကျနော်ထင်ပါတယ်။ ဒီကနေ့ ကျမ်းသစ္စာကျိန်ဆိုတဲ့ သမ္မတသစ်နဲ့ သူ့ရဲ့အစိုးရအဖွဲ့က မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလမ်းကြောင်း ဖြောင့်ဖြူးအောင်လို့ လုပ်နိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ တခြားတည်ဆောင်စဲ နိုင်ငံတွေမှာ ကြုံရသလိုပဲ တခါတလေမှာတော့ မြန်မာနိုင်ငံမှာလည်း စိန်ခေါ်အကဲစမ်းမှုတွေနဲ့လည်း ကြုံတွေ့နိုင်ပါတယ်။”
သမ္မတဦးထင်ကျော်ရဲ့ အကိုကြီး ဦးဉာဏ်စိုးကလည်း သမ္မတဦးထင်ကျော်ပြောဆိုတဲ့ မိန့်ခွန်းအပေါ် မြန်မာပြည်သူလူထုက ထောက်ခံ ကြိုဆိုကြလိမ့်မယ်လို့ မျှော်လင့်ကြောင်းပြောပါတယ်။
“ဒီနေ့ ဦးထင်ကျော်ပြောတဲ့ မိန့်ခွန်းကိုလည်း ကျနော်တို့ ဒီထဲမှာလာပြီးတော့ လွှတ်တော်ထဲမှာ နေတဲ့လူတွေရော ၊ အပြင်က ပြည်ထောင်စုသားတွေအားလုံး ၀မ်းသာကြတဲ့ သဘောရှိပါတယ်။ လက်ခုပ်တွေလည်း တခန်းလုံး ကိုဆူညံသွားတာပဲ။ ကျနော့်အနေနဲ့လည်း တိုင်းသူပြည်သားတွေအပေါ်မှာ ဦးထင်ကျော်တို့အဖွဲ့က ဘယ်လိုသဘောထားလဲ၊ ဘာတွေဆောင်ရွက်မလဲဆိုတာ ပြောတာကို ကြားလိုက်ရတဲ့အတွက်ကြောင့် ကျနော့်အနေနဲ့ အထူးဝမ်းမြှောက်ကြောင်းပြောလိုပါတယ်။”
ဒီကနေ့ ကျင်းပတဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲ ချောချောမွေ့မွေ့ အထမြောက်ရေး စီစဉ်ညွှန်ကြားပေးခဲ့တဲ့ ပြည်ထောင်စူလွှတ်တော် ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးကတော့ သမ္မတသစ်ဦးထင်ကျော်ရဲ့ လိုရင်းတိုရှင်းမိန့်ခွန်းအပေါ် အခုလို သုံးသပ်လိုက်ပါတယ်။
“လိုအပ်ချက်မရှိအောင်တော့ တက်နိုင်သလောက်ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒီနေ့သမ္မတကြီးပြောကြားသွားတဲ့ မိန့်ခွန်းအနေနဲ့ကတော့ လိုအပ်တဲ့ အဓိက အနှစ်ချုပ်ကိုပဲ အဓိက ပြောကြားသွားတယ်လို့ ကျနော့အနေနဲ့ ယူဆပါတယ်။”
သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအပြီးမှာတော့ သမ္မတဦးသိန်းစိန်က သမ္မတအိမ်တော်မှာ သမ္မတဦးထင်ကျော်ကို အဆောင်အယောင်တွေနဲ့အတူ တာဝန်လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။
ဧပြီလ ၁ ရက်နေ့မှာ စတင်တာဝန်ယူတော့မယ့်အစိုးရသစ်အနေနဲ့ ပြည်သူလူထုရဲ့ မျှော်မှန်းချက် ကြီးကြီးမားမားတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ကတော့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ရင်ဆိုင်ရဦးမှာဖြစ်ပါတယ်။
Rohingya Eye
RB News
30.3.2016
မြောက်ဦး ။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦး မြို့နယ် ပေါင်းတုတ် ကျေးရွာအုပ်စုတွင် ရိုဟင်ဂျာ (၃) ရွာနှင့် ရခိုင်ရွာ (၃) ရွာ ရှိသည်။ ရိုဟင်ဂျာရွာ များမှာ -- ရွာကြီးရွာ၊ ရွာသစ်ရွာ၊ ပေါင်းလောင်းရွာ တို့ဖြစ်ကြသည်။ အဆိုပါ ရွာသုံးရွာတွင် လူဦးရေ (၇၈၁၈) ဦးခန့် ရှိပြီး၊ အများအာဖြင့် လယ်ယာလုပ်ငန်း၊ ကျဘန်း၊ မြေတူးခြင်း တို့ဖြင့် အသက်မွေးဝမ်းကျောင်း ပြုလျက် ရှိသည်။ 
ကျေးရွာများ၏ မြောက်ဘက်တွင် (၃၇၈) တပ်ရင်းပိုင် လယ်မြေများနှင့် တောင်များ ရှိသည်။ တောင်များမှ မြေများကို တပ်ရင်းမှ အရာရှိများက ကုမ္ပဏီတစ်ခုကို ရောင်းချလိုက်ပြီး၊ ထိုကုမ္ပဏီမှ တစ်ဆင့် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေး ဖြစ်သူ ဦးမောင်မောင်ထွန်းက ကန်ထရိုက် ရယူခဲ့သည်။ 
လွန်ခဲ့သည့် ဇန်န၀ါရီလမှ စ၍ ဒေသခံ ရိုဟင်ဂျာများကို တစ်နေ့လျှင် ၃၀၀၀/- ကျပ်ဖြင့် ငှားရမ်း၍ မြေတူးခြင်း လုပ်ငန်းကို လုပ်ကိုင်ခဲ့ရာ နေ့စဉ် (၃၀) ဦးခန့် သွားရောက်၍ လုပ်ကိုင်ခဲ့ကြသည်။ မြေသယ်နေသည့် ကားများမှ တစ်စီးလျှင် ငွေကျပ် ၅၀၀/- နှုန်းဖြင့် (၃၇၈) တပ်ရင်းမှ ကောက်ခံရာ၊ တောင်များ ၀ယ်ယူထားသည့် ကုမ္ပဏီမှ ပေးသွင်းရန် ပျက်ကွက်သဖြင့် တပ်ရင်း၏ လယ်မြေများ တာဝန်ခံ တပ်ကြပ်ဝင်းမြင့်က မတ်လ (၃) ရက်နေ့မှ စ၍ မြေတူးခြင်း လုပ်ငန်းကို ဆက်လက် မလုပ်ကိုင်ရန် တားမြစ်ခဲ့သည်။ 
မတ်လ (၅) ရက်နေ့ ညနေပိုင်းတွင် တပ်ကြပ်ဝင်းမြင့်နှင့် ဦးမောင်မောင်ထွန်း တို့သည် မြေတူးသည့် နေ့စား အလုပ်သမားများ နေထိုင်ရာ ကျေးရွာထဲသို့ ရောက်ရှိလာပြီး၊ အလုပ်သမား (၂၇) ဦးကို တပ်ရင်းသို့ လိုက်ခဲ့ရန်ဟုဆိုကာ တပ်ကြပ်ဝင်းမြင့်က ခေါ်ဆောင် သွားခဲ့သည်။ အလုပ်သမား (၂၇) ဦးကို တပ်ရင်းသို့ ခေါ်ဆောင် မသွားဘဲ၊ စစ်တပ်မြေ ကျူးကျော်သည်ဟု လုပ်ကြံ စွပ်စွဲကာ မြောက်ဦး ရဲစခန်းသို့ အပ်နှံခဲ့သည်။ 
ဖမ်းဆီးခံရသည့် အပြစ်မဲ့ အလုပ်သမား (၂၇) ဦးကို ယခုအချိန်ထိ ချုပ်နှောင် ထားပြီး၊ တရားရုံးတင် စစ်ဆေးခြင်း မရှိသည့် အပြင် မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မပေးကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဖမ်းဆီး ချုပ်နှောင်ခံထား ရသူများမှာ အချုပ်ခန်းထဲတွင် ရေအခက်အခဲ ကြုံတွေ့နေရပြီး၊ မိသားစုများက ရေချိုးနိုင်ရန် ရေ၀ယ်ပေးရခြင်း၊ နေ့စဉ် ထမင်းနှစ်နပ် အတွက် တစ်ဦးလျှင် ငွေကျပ် တစ်သောင်းငါးထောင်စီ ရဲများထံသို့ ပေးသွင်း ရခြင်းများ ပြုလုပ်နေရသည်။
ဖမ်းဆီး ချုပ်နှောင်ခံ ထားရသည့် အပြစ်မဲ့ နေ့စား အလုပ်သမား များမှာ --
(၁) ဖူတီအာလောမ် (ဘ) ဦးအဒူရော်ရှိတ် (အသက် ၁၇ နှစ်)
(၂) ဦးမာမတ်နာဆဲရ် (ဘ) ဦးအဒူနာဆဲရ် (အသက် ၃၂ နှစ်)
(၃) မာမတ်ရှော်ဖီ (ဘ) ဦးအဒူမော်ဇိတ် (အသက် ၁၅ နှစ်)
(၄) ဆွေယာဒ်ကော်ရိမ်း (ဘ) ဦးအဒူမာလဲခ် (အသက် ၁၇ နှစ်)
(၅) မာမတ်ကာယာစ် (ဘ) ဦးအဒူဂေါ်နီ (အသက် ၁၆ နှစ်)
(၆) ဦးဒိလာဟူဆောင်း (ဘ) ဦးအလီအာမောတ် (အသက် ၂၉ နှစ်)
(၇) ဟာလာရှုနား (ဘ) ဦးအီဆာခ်အာမတ် (အသက် ၂၁ နှစ်)
(၈) ရော်ဘီးရှား (ဘ) ဦးအီဆက် (အသက် ၁၅ နှစ်)
(၉) ဦးဆုလ်တာန်အာမတ် (ဘ) ဦးတော်ဘီးလ်အမတ် (အသက် ၂၈ နှစ်)
(၁၀) ဟာလာဆောင်း (ဘ) ဦးအဒူမာလဲခ် (အသက် ၁၉ နှစ်)
(၁၁) ဦးဖော်ဇော်အာမတ် (ဘ) ဦးအဒူမူနာဖ် (အသက် ၃၂ နှစ်)
(၁၂) ဟိုက်ရုလ်အာမီးန် (ဘ) ဦးရှော်ဘိရ် (အသက် ၁၅ နှစ်)
(၁၃) ရော်ဘီရှား (ဘ) ဦးနူရ်အာမတ် (အသက် ၂၁ နှစ်)
(၁၄) ရော်ဘီအာလောမ် (ဘ) ဦးအုံမောရ်အာဘာစ် (အသက် ၁၄ နှစ်)
(၁၅) ဦးဂူလာယာ (ဘ) ဦးဇော်လာလ်အာမတ် (အသက် ၃၀ နှစ်)
(၁၆) အလီဟူဆောင်း (ဘ) ဦးဆွေယာဒ်ဟူဆောင်း (အသက် ၂၀ နှစ်)
(၁၇) ချီခါန်ဒေါရ် (ဘ) ဦးဂေါ်ဖော်ရ် (အသက် ၁၉ နှစ်)
(၁၈) ဦးမော်နိရ်အာမတ် (ဘ) ဦးနူရ်အာမတ် (အသက် ၃၅ နှစ်)
(၁၉) ဆိရာဇူ (ဘ) ဦးကူလ္လာမျာ (အသက် ၁၆ နှစ်)
(၂၀) အဒူရော်မန် (ဘ) ဦးလာလာ (အသက် ၂၁ နှစ်)
(၂၁) အီမာန်ဟူဆောင်း (ဘ) ဦးမဲမောင် (အသက် ၁၆ နှစ်)
(၂၂) မာမတ်အာလောမ် (ဘ) ဦးအဒူကာဇီ (အသက် ၂၁ နှစ်)
(၂၃) လှဝင်း (ဘ) ဦးအော်လီ (အသက် ၁၆ နှစ်)
(၂၄) နော်ဘီဟူဆောင်း (ဘ) ဦးအော်လီ (အသက် ၂၁ နှစ်)
(၂၅) ဒေါလ္လာ (ဘ) ဦးရော်ရှိတ်အာမတ် (အသက် ၂၀ နှစ်)
(၂၆) မာမတ်နော်ဆိမ်း (ဘ) ဦးအာယုဖ်အလီ (အသက် ၁၇ နှစ်)
(၂၇) မာမတ်ဆော်လိမ် (ဘ) ဦးနူရ်အာမတ် (အသက် ၁၇ နှစ်) -- တို့ဖြစ်ကြသည်။ 
ဒေသခံ တစ်ဦးက “တပ်ကြပ်ဝင်းမြင့် အနေနဲ့ တရားစွဲမယ်ဆိုရင် ဦးမောင်မောင်ထွန်း၊ ဒါမှမဟုတ် ကုမ္ပဏီကို တရားစွဲရမှာပါ။ အခု ဖမ်းခံထားရတဲ့ နေ့စား အလုပ်သမားတွေပါ။ သူတို့ကို လုပ်ခပေးငှားလို့ သွားအလုပ်လုပ်ကြတာ။ ကုမ္ပဏီကနေ ကန်ထရိုက် ယူထားတဲ့ ဦးမောင်မောင်ထွန်းက တာဝန် အရှိဆုံးလူပါ။ အခုတော့ တပ်ကြပ်ဝင်းမြင့်က အခွင့်အာဏာကို အလွဲသုံးစား လုပ်ပြီး အပြစ်မဲ့ လူငယ်တွေကို ဖမ်းဆီးထားတယ်။ အထက် အာဏာပိုင်တွေ အနေနဲ့ သေချာ စုံစမ်း လေ့လာပြီး အပြစ်မဲ့ လူငယ်တွေကို အမြန်ဆုံး လွတ်ပေးသင့်တယ်” ဟု ပြောသည်။ 
ပေါင်းတုတ်ကျေးရွာသည် မြောက်ဦးမြို့၏ (၅) မိုင်အကွာ တောင်ဘက်တွင် တည်ရှိသည့် ရွာဖြစ်သည်။
RB News
28.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ညောင်ချောင်း နယ်မြေအပိုင် ဖရုံချောင်း ကျေးရွာအုပ်စု ဒိုးတန်း (၂) ရွာမှ ဦးအော်လီအာမောတ် (ဘ) ဦးအလီမာမောတ်ကို ရာအိမ်မှူး ဦးနူရူဆာလမ် (ဘ) ဦးအာဘူလိုဆောန်က ဧည့်စာရင်း တိုင်ကြားခြင်း မရှိဟု စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ရာအိမ်မှူး ဖြစ်သူ ၎င်းအား ငွေကျပ် တစ်သိန်းငါးသောင်း မပေးပါက နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူးထံ အပ်နှံမည်ဟု ပြောဆို ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။
RB News
28.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်သို့ ဈေးဝယ်ရန် လာရောက်သည့် ဦးလှဖေ ကျေးရွာမှ ဦးကော်ဘိရ်အာမတ် (ဘ) ဦးဟာကိမ်းအလီနှင့် ဦးအေဆာန်အူလ္လာ (ဘ) ဦးဖော်ဆူမျာ တို့သည် ဈေးဝယ်ပြီး အပြန်တွင် စက်လှေဆိပ်၌ အမည်မသိ ရဲနှစ်ဦးက ၎င်းတို့အား လက်ထိပ်ခတ် ဖမ်းဆီး၍ မြို့မရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 
၎င်းတို့အား စခန်းတွင် ချုပ်နှောင်ထားပြီး ရဲများက လူမဆန်စွာ နှိပ်စက်ခဲ့သည်။ ထို့နောက် ရဲများက ၎င်းတို့အား စွဲချက်တင်ရန် အမှုမရှိသဖြင့် ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု လုပ်ကြံ စွပ်စွဲ၍ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဘာလေနှင့် ရဲအုပ်မြတ်ထွေးတို့က ငွေကျပ် ၂၆ သိန်း ညှစ်ယူပြီး ယင်းနေ့ ညပိုင်းတွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ရဲမှူးအောင်ဘာလေနှင့် ရဲအုပ်မြတ်ထွေးတို့က ဦးကော်ဘိရ်အာမတ် ထံမှ ငွေကျပ် ၁၀ သိန်း၊ ဦးအေဆာန်အူလ္လာ ထံမှ ငွေကျပ် ၁၆ သိန်း ညှစ်ယူခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။ 
ရဲတပ်ဖွဲ့ဝင်များ၏ အကြောင်းမဲ့ ဖမ်းဆီးမှု၊ လူမဆန်စွာ ညှဉ်းပန်း နှိပ်စက်မှုတို့ကြောင့် ဘူးသီးတောင် ဈေးသို့ ဈေးဝယ်လာရန်ပင် ခက်ခဲလျက် ရှိသည်ဟု ဆိုသည်။
28.3.2016
ဒီကနေ့ မနက်ပိုင်းက ရခိုင်ပြည်နယ် လွှတ်တော်မှာ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌက လွဲလို့ ကျန်တဲ့ ရခိုင်အမျိုးသားပါတီ(ANP) လွှတ်တော်အမတ်အားလုံး လွှတ်တော်ကို သပိတ်မှောက်ကာ လွှတ်တော်မပြီးခင် ထွက်သွားတယ်လို့ သတင်းရယူနေတဲ့ ဒီဗွီဘီသတင်းထောက်က ပေးပို့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ဂွမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) က ရွေးကောက်ခံ ပြည်နယ်လွှတ်တော်အမတ် ဦးညီပုကို အဆိုပြုတင်သွင်းလိုက်တဲ့ အတွက် လွှတ်တော်ကို သပိတ်မှောက်ကာ ထွက်ခွာခဲ့တာပါ။
ရခိုင်ပြည်နယ်လွှတ်တော်မှာ နေရာအများစု အနိုင်ရထားတဲ့အတွက် အစိုးရအဖွဲ့ကို ဦး ဆောင်ဖွဲ့ခွင့်မရရင် အတိုက်အခံအဖြစ်ရပ်တည်မယ်လို့ ရခိုင်အမျိုးသားပါတီက ဇန်န၀ါရီ ၁၉ ရက်မှာ ကြေညာချက် အမှတ် ၁/၂၀၁၆ ကို ထုတ်ပြန်ထားတာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်လွှတ်တော်မှာ ရခိုင်အမျိုးသားပါတီက ၂၂ နေရာနဲ့ အများစု ရှိနေပြီး အန်အယ်လ်ဒီက ၈ နေရာနဲ့ ရခိုင်တိုင်းရင်းသား ၁ နေရာ၊ ကြံ့ခိုင်ရေးက ၃၊ တပ်ကိုယ်စားလှယ်က ၁၂ နေရာ ရှိပါတယ်။
ရခိုင်အမျိုးသားပါတီဟာ ၁၉၉၀ အနိုင်ရ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (အေအယ်လ်ဒီ) နဲ့ ၂၀၁၀ ရွေးကောက်ပွဲဝင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (အာအန်ဒီပီ) တို့ ပူးပေါင်းထားတဲ့ပါတီဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ပြည်နယ်လွှတ်တော် အမတ်နေရာ ၂၃ နေရာ အနိုင်ရထားတဲ့ ပါတီဖြစ်ပါတယ်။
လက်ရှိ ရခိုင်အမျိုးသားပါတီမှာ ဥက္ကဋ္ဌ ဒေါက်တာအေးမောင် အပါအ၀င် ပါတီထိပ်ပိုင်းခေါင်းဆောင် စီးအီးစီ ၃၂ ဦးနဲ့ အများစုဟာ အာအန်ဒီပီပါတီဟောင်းက ဖြစ်ပြီး အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်အပါအ၀င် စီအီးစီ ၇ ဦးဟာ အေအယ်လ်ဒီ ပါတီဟောင်းက ဖြစ်ပါတယ်။
MYARF
RB News
28.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် အမှတ် (၁) ရပ်ကွက်နှင့် အမှတ် (၃) ရပ်ကွက်ကြားတွင် အခြေစိုက်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ဒေသခံ ရိုဟင်ဂျာ (၂) ဦးကို ဖမ်းဆီး၍ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။
မတ်လ (၁၀) ရက်နေ့ နေ့လည် (၁) နာရီခန့် အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ် ကျေးရွာမှ ဦးရော်ရှိတ်အာမတ် (ဘ) ဦးအာဘူလ်ဖွေယာစ် (အသက် ၂၈ နှစ်) နှင့် ဖိုင်ဆဲလ် (ဘ) ဦးအဒူရှကူရ် (အသက် ၂၅ နှစ်) တို့သည် ဆိုင်ကယ် တစ်စီးဖြင့် မောင်တောမှ မိမိတို့၏ နေရပ်သို့ ပြန်နေစဉ် ရွှေဇာတံတား တောင်ဘက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း အနီးသို့ ရောက်သည့်အခါ တာဝန်ကျ နယ်ခြားစောင့်ရဲ များက တရားမ၀င် ပစ္စည်း ရှိ/မရှိ စစ်ဆေးမည်ဟု ဆိုကာ ၎င်းတို့ကို ဆိုင်ကယ်ပေါ်မှ ဆင်းခိုင်းခဲ့သည်။ ၎င်းတို့အား ဆင်းခိုင်းပြီးနောက် နယ်ခြားစောင့်ရဲ များက ဆိုင်ကယ်ကို စစ်ဆေးသယောင် ပြုလုပ်၍ ဆိုင်ကယ်ပေါ်တွင် ရှိသည့် မြို့မဈေးမှ ၀ယ်လာသော Soundbox ဘူးခွံထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ခုထည့်သွင်းခဲ့သည်။ ထို့နောက် ထပ်မံ စစ်ဆေး ရှာဖွေရမည်ဟု ဆိုကာ Soundbox ဘူးခွံထဲမှ ဘင်္ဂလား ဆင်းမ်ကဒ် နှစ်ခု ထုတ်ယူပြီး ခရီးသည် နှစ်ဦးကို ကင်းစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ 
စခန်းတွင် ခရီးသည်နှစ်ဦးကို ဓါတ်ပုံ ရိုက်၍ ပုံစံနှစ်စောင် ဖြည့်စွက်ခိုင်းခဲ့သည်။ ထို့နောက် ငွေကျပ် (၅) သိန်း ပေးလျှင် ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း၊ မပေးလျှင် တရားစွဲ၍ တရားရုံး ပို့မည်ဟု ခြိမ်းခြောက်ခဲ့သည်။ ခရီးသည် နှစ်ဦးလည်း ဖမ်းဆီး ထောင်ချခံရမည်ကို ကြောက်ရွံ၍ ငွေကျပ် (၅) သိန်း ပေးခဲ့ရကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
အပြစ်မဲ့ ပြည်သူများကို မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ညှဉ်းပန်း နှိပ်စက် ငွေညှစ်နေသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို သက်ဆိုင်ရာ အကြီးအကဲများက စီစစ် အရေးယူ ပေးပါရန် ဒေသခံများက တောင်းဆိုနေကြသည်။
သံမဏိစိတ်​နှင့် ရိုဟင်းမျိုး
ရေးသားသူ - ယျာတင် (MYARF)
RB ကဗျာ
27.3.2016
အမုန်းတရား ရာသီဝယ်
ခေါင်းပါနေ မေတ္တာမိုး။ 
မျှော်​လင့်ချက်​​တွေ မစွန့်​နှင့် 
အာရ်​ကာန်​ပြည်​ဖွား ရိုဟင်းမျိုး။
ဓမ္မ​ရှေ့မှာ အဓမ္မ 
နိုင်​ရိုးမရှိ ဘယ်​​သောခါ။ 
ယုံကြည်​ချက်​နှင့် ရိုဟင်းမျိုး 
နောက်​မဆုတ်​ဘဲ ​ချီတက်​စို့။
အမျိုးဂုဏ်​မှာ တို့မ​ငယ် 
သိမ်​ငယ်​စရာ မပိုလို။ 
အာရီယန်​နွယ်​ ရိုဟင်းမျိုး။
မုန်းသူငြင်းသူ ​​ပေါများလည်း 
စိတ်​ဓာတ်ကျရန်​ တို့မလို။ 
သံမဏိစိတ်​ ကိုယ်​စီနှင့် 
အာရ်​ကာန်​ဌာ​နေ ရိုဟင်းမျိုး။
MYARF
RB News
27.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကြိမ်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် ရဲစခန်း) သို့ လွန်ခဲ့သည့် (၃) ရက်ခန့်က အသစ်ရောက်ရှိလာသည့် ဒုရဲအုပ် တစ်ဦးနှင့် ဒုတပ်ကြပ် တစ်ဦးတို့သည် ရောက်ရောက်ချင်း ကြိမ်ချောင်း မြောက်ရွာမှ သတင်းပေး အာဘူဇာဖောရ်နှင့် ပူးပေါင်း၍ ညအချိန်မတော် ရွာထဲသို့ ၀င်ကာ ရွာသားများကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျက် ရှိသည်။ 
မတ်လ (၂၂) ရက်နေ့ ည ၉ နာရီခန့် အချိန်တွင် အဆိုပါ ဒုရဲအုပ်နှင့် ဒုတပ်ကြပ် တို့သည် သတင်းပေး အာဘူဇာဖောရ်နှင့် အတူ ကြိမ်ချောင်း မြောက်ရွာသို့ သွားရောက်၍ လမ်းဘေးတွင် ထိုင်၍ စကားပြောနေသည့် လူငယ် အချို့ကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ ထို့နောက် လူငယ်နှစ်ဦးကို ဖမ်းဆီး၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ မတ်လ (၂၃) ရက်နေ့ ည ၉ နာရီကျော်ခန့် အချိန်တွင် အဆိုပါ နယ်ခြားစောင့်ရဲ နှစ်ဦးနှင့် တပည့်တို့သည် ကြိမ်ချောင်း မြောက်ရွာသို့ သွား၍ ကွမ်းယာဆိုင်တွင် ကွမ်းယာ ၀ယ်နေသည့် ဦးဂူရာမျာ (ဘ) ဦးရှော်ရိဖ်ဟူစိန်း (အသက် ၆၅ နှစ်) နှင့် လူငယ်နှစ်ဦးကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ ထို့နောက် လူငယ်တစ်ဦးကို ဖမ်းဆီးက ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
ထို့နောက် ကြိမ်ချောင်း ဈေးဟောင်း အနီးသို့ သွားရောက်၍ လမ်းလျှောက် သွားနေသည့် လူတစ်ဦးကို ဖမ်းဆီးပြီး ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့သည်။ အဆိုပါ ဒုရဲအုပ်နှင့် အဖွဲ့သည် ဖမ်းဆီးသမျှ လူများကို သေနတ်ပြ ခြိမ်းခြောက်ပြီ ည ၁၂ နာရီထိ ကြိမ်ချောင်း တောင်ရွာထဲတွင် သောင်းကျန်းခဲ့သည်။ 
အဆိုပါ ဒုရဲအုပ်က “ငါဘယ်သူ့ကိုမှ မကြောက်ဘူး။ တပ်ရင်းမှူး မပြောနဲ့ ရဲမှူးချုပ်ကိုတောင် မကြောက်ဘူး။ တပ်ရင်းမှူးက အရင် နယ်ခြားစောင့်ရဲ တွေကိုသာ ရိုက်နှက်နိုင်ခဲ့တာ .. ငါ့ကိုတော့ မရဘူး။ သူ့မှ ပစ္စတိုရှိသလို ငါ့မှာလည်း ရှိတယ်။ ငါ့ကို တစ်ခုခု လာလုပ်ရင် ငါလည်း ပြန်လုပ်တတ်တယ်” ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 
အဆိုပါ ဒုရဲအုပ် မပြောင်းရွှေ့လာမှီ အဆိုပါ စခန်းမှ နယ်ခြားစောင့်ရဲ များသည် သူရိုင်း ကျေးရွာအုပ်စု၊ ရခိုင်ရွာ အပြင်ဘက်တွင် စောင့်ဆိုင်း၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို စစ်ဆေးပြီး ရိုက်နှက်ခြင်း၊ ငွေနှင့် ပစ္စည်းများ လုယက်ခြင်း၊ မတရား ဖမ်းဆီး ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်နေသည်ကို ငါးခူရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး ဦးကျော်တေဇာက သိရှိသွားပြီးနောက် ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် တပ်ရင်းမှူး ကိုယ်တိုင် သူရိုင်း ကျေးရွာသို့ သွားရောက်၍ လမ်းသွားလမ်းလာ များကို မတရားသဖြင့် ပြုလုပ်နေသည့် နယ်ခြားစောင့်ရဲ များကို ကိုယ်တိုင် ရိုက်နှက်၍ အရေးယူခဲ့ပြီးနောက် အခြေအနေ တစ်မျိုး ပြောင်းလဲသွားခဲ့သည်။ 
အသစ်ပြောင်းရွှေ့လာသည့် နယ်ခြားစောင့်ရဲ နှစ်ဦးက ထိုသို့ သောင်းကျန်းနေသည်ကို ကြိမ်ချောင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးနှင့် ကြိမ်ချောင်း အခြေစိုက် စခန်း (၂၄) မှ ရဲအုပ်ကျော်သူရက အမှန်တကယ် မသိခြင်းလား၊ သို့မဟုတ် ဒုရဲအုပ်နှင့် အဖွဲ့က မတရားသဖြင့် ညှစ်ယူနေသည့် ငွေမျာမှ ဝေစု ရယူပြီး မသိဟန်ဆောင် နေခြင်းလား ဟူ၍ ဒေသခံများက မေးခွန်းထုတ် နေကြသည်။ သောင်းကျန်းနေသည့် ဒုရဲအုပ်နှင့် အဖွဲ့ကို သက်ဆိုင်ရာ အာဏာပိုင် အကြီးအကဲများက တရား ဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူ ပေးရန် တောင်းဆိုသည်ဟု ဒေသခံများက ပြောပါသည်။
RB News
26.3.2016
ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သော ဒေါ်ဟာလီမာ (ဘ) ဦးအဒူဆလာမ်သည် ယခင်က သိမ်တောင်ပြင် ကျေးရွာတွင် နေထိုင်သူ တစ်ဦး ဖြစ်ပြီး၊ ယခုအခါ အမှတ် (၁) ရပ်ကွက် (အနောက်ရပ်ကွက်) တွင် နေထိုင်လျက် ရှိသည်။ ၎င်းသည် ငွေကြေး ချမ်းသာသူ တစ်ဦးဖြစ်သည်။ 
မတ်လ (၂၄) ရက်နေ့ ညပိုင်းတွင် ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ ဒုတပ်ကြပ် စံထွန်းသိန်းနှင့် ရဲတပ်ဖွဲ့ တစ်ဦးတို့သည် အမှတ် (၁) ရပ်ကွက် အုပ်ချုပ်ရေးမှူးထံ သွားရောက်၍ ဒေါ်ဟာလီမာကို ဖမ်းဆီးရန် လာရောက်ကြောင်း ပြောကြားပြီးနောက် အုပ်ချုပ်ရေးမှူးနှင့် အတူ ဒေါ်ဟာလီမာ၏ နေအိမ်သို့ သွားရောက်ကာ ဒေါ်ဟာလီမာကို ရဲအုပ်မြတ်ထွေးက စစ်ဆေးရန် ခေါ်ခိုင်းသည်ဟု ပြောဆို၍ ဖမ်းဆီးပြီး မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ဒုတပ်ကြပ် စံထွန်းသိန်းနှင့် ရဲတပ်ဖွဲ့ဝင် တို့က ဒေါ်ဟာလီမာ၏ နေအိမ်တွင်း ရှာဖွေ စစ်ဆေးခြင်းများ မပြုလုပ်ခဲ့ကြောင်း သိရသည်။ 
ထို့နောက် မြို့မ ရဲစခန်းသို့ ရောက်သည်နှင့် ရဲအုပ်မြတ်ထွေးက ဒေါ်ဟာလီမာကို ငွေကျပ် ငါးထောင်တန် ငွေစက္ကူများ အတုပြုလုပ်သည်ဟု စွပ်စွဲ၍ ငွေကျပ် သိန်း (၅၀) တောင်းခံခဲ့သည်။ ဒေါ်ဟာလီမာက ညအချိန်၌ စခန်းတွင် ချုပ်နှောင် ခံထားရပါက မဖွယ်မရာ ပြုလုပ်ခံရမည်ကို စိုးရိမ်၍ နောက်ဆုံးတွင် ငွေကျပ် သိန်း (၃၀) ပေးကာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 
ရဲအုပ်မြတ်ထွေးသည် ယခင်က အမျိုးသမီး တစ်ဦးကို မုဒိန်းကျင့်၍ သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ ၎င်းသည် နေ့စဉ်နှင့် အမျှ ဒေသခံ ရိုဟင်ဂျာများကို ညှဉ်းပန်း နှိပ်စက်၍ ငွေညှစ်ပြီး သိန်းထောင်ချီ ချမ်းသာလာသူ တစ်ဦး ဖြစ်ပြီး၊ ဥပဒေကို မလိုက်နာဘဲ လိုင်စင်မဲ့ကား စီးနင်းနေသူလည်း ဖြစ်သည်။ ရဲအုပ်တစ်ဦး၏ လစာဖြင့် ၎င်းပိုင်ဆိုင်နေသည့် တိုက်နှင့် ကားများ မည်ကဲ့သို့ ရရှိသည်ကို မေးခွန်းထုတ်ရမည် ဖြစ်သည်။ ၎င်းသည် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေမျိုးကို ဝေစုပေးနေသူ တစ်ဦး ဖြစ်သည်ဟု ဒေသခံများ ဝေဖန် သုံးသပ် နေကြသည်။ ဒေသခံများက ၎င်း၏ ညှဉ်းပန်း နှိပ်စက် ငွေညှစ်နေမှုများကို အထက် အာဏာပိုင်များက အမြန်ဆုံး စုံစမ်း စစ်ဆေး၍ အရေးယူပေးရန် အထူး လိုလားနေကြသည်။
Rohingya Eye
RB News
25.3.2016
မြေပုံ ။ ။ ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်ရှိ ဒုက္ခသည် စခန်းတွင် လူဦးရေ ၂၉၁၅ ဦးခန့် ရှိပြီး၊ အသက် (၅) နှစ်အောက် ကလေး ၂၀၀ ဦးခန့် အပါအ၀င် ဖြစ်သည်။ အဆိုပါ ကလေးငယ်များ အတွက် မည်သည့် နိုင်ငံတကာ အဖွဲ့အစည်း NGO များမှ ထောက်ပံ့ခြင်း မရှိကြောင်း ဒုက္ခသည်များက RB News သို့ပြောသည်။
အဆိုပါ ဒုက္ခသည် စခန်းတွင် WFP ကမ္ဘာ့ စားနပ်ရိက္ခာ အဖွဲ့မှ ထောက်ပံ့သည့် ဆန်များကို MHZO အဖွဲ့မှ ၀န်ထမ်း တစ်ဦးက ဒုက္ခသည် တစ်ဦးအတွက် တစ်ရက်လျှင် ဆန်တစ်ဗူးခွဲနှုန်းဖြင့် ပေးဝေလျက် ရှိသည်။ ဒုက္ခသည် များမှ ဆန်မှအပ ကျန်သည့် မည်သည့် ရိက္ခာမှ မရရှိသောကြောင့် (၁၅) ရက်စာ ဆန်ချန်ထား၍ ကျန်သည်များကို အပြင်သို့ ရောင်းချကာ အခြား စားသောက်ဖွယ်ရာများ ၀ယ်ယူနေရသည်။ 
ဒုက္ခသည်စခန်းမှ ဆန်တစ်အိတ် အပြင်သို့ ရောင်းချလျှင် စခန်း လုံခြုံရေး တာဝန်ယူထားသည် တာဝန်ခံ ရဲအုပ်လှဝင်းကို ငွေကျပ် တစ်ထောင်စီ ပေးရသည်။ ထို့အပြင် ဒုက္ခသည် စခန်းတွင်း ရောင်းချရန် နွားတစ်ကောင် ယူလာပါက အဆိုပါ တာဝန်ခံကို ငွေကျပ် (၅) သောင်း ပေးရကြောင်း ဒုက္ခသည်များက ပြောပါသည်။ ဒုက္ခသည်များမှာ ၎င်းတို့၏ ဆန်များ ရောင်းချ၍ အမဲသား တစ်ပိဿာလျှင် ငွေကျပ် တစ်သောင်းငါးထောင်နှုန်းဖြင့် ၀ယ်ယူ စားသောက်ရသည်။ 
စခန်းတွင်းသို့ ပြင်ပမှ အခြားပစ္စည်းများ ၀ယ်ယူ၍ ယူလာပါ စခန်း လုံခြုံရေး တာဝန်ခံ ရဲအုပ်လှဝင်းကို ပစ္စည်း တန်ဖိုး၏ ၁၀% ပေးသွင်း နေရသည်။ 
R.I.A အဖွဲ့မှ ဦးစီး၍ စခန်းနှင့် ဝေးသည့် နေရာတွင်ရှိသည့် ရေတွင်းနှစ်တွင်းမှ ရေစုပ်စက်ဖြင့် ရေပေးဝေနေသော်လည်း အဆီအနံ့ရှိခြင်း၊ မသန့်ရှင်းခြင်း တို့ကြောင့် သောက်သုံးရေ အဖြစ် သောက်သုံးရန် အခက်ကြုံနေသည်ဟု ဆိုသည်။ ထို့အပြင် ရေကိုလည်း နံနက် အစောပိုင်းတွင် တန်းစီ စောင့်ဆိုင်း၍ ယူနေရသည်ဟု ပြောပါသည်။ 
R.I.A အဖွဲ့မှ နေ့စဉ် နှစ်နာရီကြာ ဆေးဝါး ကုသပေးရန် စီစဉ် ပေးထားသော်လည်း အချိန်အလွန် နည်းသောကြောင့် ဒုက္ခသည်များ၏ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းသည်ဟု ဆိုသည်။ အခြား မည်သည့် အဖွဲ့အစည်းကမှ ကူညီ စောင့်ရှောက် ပေးနေခြင်း မရှိသောကြောင့် ကျန်းမာချို့တဲ့လာပါ အသက်ရှင် ရပ်တည်နိုင်ရန် နည်းလမ်းမရှိဟု ပြောပါသည်။ 
ထိုကဲ့သို့ အခက်အခဲ ပေါင်းစုံကို မခံနိုင်တော့၍ မတ်လ (၁၈) ရက်နေ့တွင် မိသားစုနှစ်စုသည် နှစ်ရက်ကြာ လမ်းခရီးကို စွန့်စား၍ စစ်တွေမြို့ ဘူမေ ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ သွားခဲ့သည်။ လမ်းခရီးတွင် အသက် (၃) နှစ်အရွယ် ကလေးငယ် တစ်ဦး ဖြစ်သည့် အဒူရော်ရှိတ် သေဆုံးသွားခဲ့ကြောင်း ဘူမေမှ ဒုက္ခသည်တစ်ဦး၏ ပြောကြားချက် အရ သိရှိရသည်။ 
ဒုက္ခသည်များက ၎င်းတို့ ကြုံတွေ့နေရသည့် အခက်အခဲများကို နိုင်ငံတကာ အဖွဲ့အစည်းများမှ စာနာ၍ ကူညီ ဖြေရှင်းပေးရန် အထူးလိုလား နေကြသည်။
RB News
25.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ မောင်တူလာရွာမှ ဒေါ်ဟူမိုက်ရာ (ဘ) ဦးရော်ဟီမူလ္လာ (အသက် ၃၁ နှစ်) ၏ နေအိမ်သို့ ၂၀၁၅ ခုနှစ် သြဂုတ်လ (၁၄) ရက်နေ့တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဒေသ (၄) အပိုင် အလယ်သံကျော် စခန်းမှ ရဲအုပ်ခင်ဝင်းနှင့် နယ်ခြားစောင့်ရဲ အချို့က စစ်ဆေးရန်ဟု ဆိုကာ ၀င်ရောက်၍ စစ်ဆေးခဲ့သည်။ စစ်ဆေးပြီး တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့သော်လည်း ဒေါ်ဟူမိုက်ရာ၏ ဖုန်းထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ ငွေကျပ် သိန်း (၅၀) ညှစ်ရန် ကြိုးစားခဲ့သည်။ 
ဒေါ်ဟူမိုက်ရာက ငွေကျပ် သိန်း (၅၀) ပေးရန် ငြင်းဆိုသောအခါ ဖမ်းဆီး ခေါ်ဆောင် သွားပြီး တရားစွဲဆိုခဲ့သည်။ ထို့နောက် မိသားစုဝင်များကို ဒေါ်ဟူမိုက်ရာအား လွှတ်ပေးမည်ဟု ပြောကြားပြီး ငွေကျပ် သိန်း (၅၀) ညှစ်ယူခဲ့သည်။ ငွေညှစ်ပြီးနောက် ပြန်လည် လွှတ်ပေးခြင်း မရှိခဲ့ဘဲ တရားရုံးမှ ထောင်ဒဏ် (၃) လ မတရားသဖြင့် ချမှတ်ခဲ့သည်။ 
ဒေါ်ဟူမိုက်ရာသည် ဖမ်းဆီးခံရချိန်တွင် ကိုယ်ဝန်ဆောင် ထားသူ ဖြစ်ပြီး၊ ဆယ်နှစ်အောက် ကလေး (၄) ဦး၏ မိခင် ဖြစ်သည်။ ထောင်ဒဏ်ချခံရပြီး လွန်ခဲ့သည့် လအနည်းငယ် ပြန်လည် လွတ်မြောက် လာခဲ့သည်။ 
မတ်လ (၁၉) ရက်နေ့ ည (၁၁) နာရီခန့် အချိန်တွင် ဒေါ်ဟူမိုက်ရာ၏ ခင်ပွန်း ဖြစ်သူ ဆေးကုသရန် ခရီးထွက်နေခိုက် အလယ်သံကျော်မှ စခန်းမှ ရဲမှူးသန်းလွင်နှင့် နယ်ခြားစောင့်ရဲ အချို့ ရောက်ရှိလာပြီး တစ်အိမ်လုံးကို ရှာဖွေ စစ်ဆေးခဲ့သည်။ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း နယ်ခြားစောင့်ရဲ များက အမျိုးမျိုး ခြိမ်းခြောက်ပြီး ငွေညှစ်ရန် ကြိုးစားခဲ့သည်။ ၎င်းက မိမိမှာ ငွေမရှိတော့ကြောင်း၊ ရွှေတစ်ကျပ်သား ကျန်တော့ကြောင်း၊ မိမိကို လက်ထိပ်ခတ် ထားသည်ကို လွှတ်ပေးရန် အသနားခံကြောင်း ပြောကြားသည်ကို အိမ်နီးချင်းများက ကြားသိခဲ့ကြောင်း ဒေသခံ ရွာသား အချို့က RB News သို့ ပြောသည်။ 
နယ်ခြားစောင့်ရဲ များက နောက်ဆုံးတွင် ရွှေယူ၍ စာရွက် အလွတ်ပေါ်တွင် လက်ဗွေနှိပ်ခိုင်းကာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။ 
MYARF
RB News
25.3.2016
ဘူးသီး​တောင်​ ။ ရခိုင်​ပြည်​နယ်​ ၊ ဘူးသီး​တောင်​ မြို့နယ်​​ တောင်​ပိုင်း ​ညောင်​​ချောင်း ​နယ်​ခြား​စောင့်​ ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည်​ ဖရုံ​ချောင်း ​ကျေးရွာအုပ်​စု၊ ဒိုးတန်းရွာ​မှ အပြစ်​မဲ့​ ဒေသခံ ရိုဟင်​ဂျာ (၄) ဦးကို ဖမ်းဆီး ချုပ်နှောင် ထိန်းသိမ်း၍ ​ငွေကျပ် (၄) သိန်း ညှစ်​ယူ ခဲ့သည်​ဟု သတင်း ရရှိပါသည်။
မတ်လ (၂၁) ရက်နေ့ ည (၉) နာရီခန့် အချိန်တွင် ညောင်ချောင်း အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့်ရဲ များသည် ဖရုံချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့် တစ်ဦးတို့နှင့် အတူ ဖရုံချောင်း ကျေးရွာအုပ်စု၊ ဒိုးတန်း (၁) ရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာများပိုင် စိုက်ခင်းများ ဖျက်ဆီးခြင်း၊ နေအိမ်များသို့ ၀င်ရောက်၍ အိမ်သုံး ပစ္စည်းများ လုယက်ခြင်းနှင့် လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့သည့် အပြင် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၄) ဦးကိုပါ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် နှစ်ရက်ကြာ အချုပ်ခန်းထဲတွင် ချုပ်နှောင် ထားခဲ့ပြီး မတ်လ (၂၃) ရက်နေ့ နံနက် (၉) နာရီခန့် အချိန်တွင် ငွေကျပ် (၄) သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။
အလားတူ မတ်လ (၁၇) ရက်နေ့တွင် စေတီတောင် ဈေးသို့ ဈေးရောင်း သွားခဲ့သည့် တာဟဲရ် (ဘ) ဦးလာလ်မျာ (အသက် ၃၅ နှစ်) ကို အဆိုပါ နယ်ခြားစောင့်ရဲ များက အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားပြီး သုံးရက်အကြာတွင် ငွေကျပ် (၂) သိန်း ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့သည်။
MYARF
RB News
25.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ လောင်းဒုံ ကျေးရွာအုပ်စု ဆင်သေပြင်ရွာမှ ဟိုက်ရုလ်အာမီးန် (ဘ) ဦးဆွေယာဒ်အူလ္လာ (အသက် ၃၃ နှစ်) နှင့် နုရ်ကာမာလ် (ဘ) ဦးဒိလ်မာမတ်တို့က ဒေသခံ ရွာသားများကို ခေါင်းစဉ် အမျိုးမျိုး တပ်၍ ငွေညှစ်နေကြောင်း သတင်း ရရှိပါသည်။ 
မတ်လ (၁၂) ရက်နေ့ ည (၆) နာရီခန့် အချိန်တွင် လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင်ရွာမှ ဦးဘာရှ်ရှားမျာ (ဘ) ဦးမိုဟာမတ်အာလောမ် (အသက် ၃၂ နှစ်) နှင့် ညီဖြစ်သူ ဦးဂျာမာလ်ဟူဆောင်း (အသက် ၂၇ နှစ်) ၏ ဇနီး ဒေါ်လိုင်လာဘေဂမ် တို့ အချင်းချင်း ခိုက်ရန် ဖြစ်ပွားခဲ့သည်။ မတ်လ (၁၃) ရက်နေ့တွင် နယ်ခြားစောင့်ရဲ များ၏ သတင်းပေး ဟိုက်ရုလ်အာမီးန်နှင့် နုရ်ကာမာလ် တို့က စကားများခဲ့သူ နှစ်ဦးမှ ဦးဘာရှ်ရှားမျာကို ဆင်သေပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ခေါ်ခိုင်းသည်ဟု ဆိုကာ ကြိုးဖြင့် ချည်နှောင်၍ အတင်းအဓမ္မ ခေါ်ဆောင် သွားခဲ့သည်။ 
သတင်းပေး နှစ်ဦးက ဦးဘာရှ်ရှားမျာကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ခေါ်သွားသည့်ဟန် ပြုလုပ်ကာ လမ်းတစ်ဝက်တွင် အချင်းချင်း စကားများ ရန်ဖြစ်ခဲ့သည့် အတွက် ၎င်းတို့ကို ငွေပေးရန် ငွေမပေးပါက ကင်းစခန်းသို့ အမှန်တကယ် ခေါ်ဆောင် သွားမည်ဟု ခြိမ်းခြောက် ပြောဆို၍ ဦးဘာရှ်ရှားမျာ ထံမှ ငွေကျပ် (၆) သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဦးဘာရှ်ရှားမျာသည် ဆင်းရဲသား တစ်ဦး ဖြစ်ပြီး အိမ်မွေး ကြက်ငှက်များနှင့် အိမ်ရှိ သစ်များ ရောင်း၍ အဆိုပါ ငွေ (၆) သောင်းကို ပေးခဲ့ခြင်း ဖြစ်သည်။ 
ဟိုက်ရုလ်အာမီးန်သည် န.စ.က ခေတ်ကတည်းကပင် ဌာနဆိုင်ရာများနှင့် နီးနီးကပ်ကပ် နေသူ ဖြစ်ပြီး၊ မိမိ၏ ကျေးရွာသားများကို ဌာနဆိုင်ရာများနှင့် ရင်းနှီးသည်ကို အင်အားအဖြစ် အသုံးချ၍ အမျိုးမျိုး အကွက်ဆင်ကာ ခြိမ်းခြောက် ငွေညှစ်တတ်သူ ဖြစ်သည်။ ထိုကဲ့သို့ မတရားသဖြင့် ငွေညှစ်နေခြင်းမှ အစိုးရ အာဏာပိုင်များကို ဝေစုပေးသဖြင့် ၎င်းအား လွတ်လပ်စွာ နေထိုင်ခွင့် ပေးနေသည်ဟု ယူဆကြောင်း ဒေသခံများက သုံးသပ် နေကြသည်။
Rohingya Eye
RB News
24.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မတောင် ရပ်ကွက်တွင် မတ်လ (၁၉) ရက်နေ့မှစ၍ ဆွဲ၊တင်၊စစ် စစ်ဆေးသည့် အဖွဲ့ ရောက်ရှိလာပြီး ဓါတ်ပုံ ရိုက်ခ ငွေကျပ် ၃ ထောင် ကောက်ခံလျက် ရှိသည်။ မွေးကင်းစ ကလေးတစ်ဦးကို အိမ်ထောင်စု စာရင်းတွင် တင်မည်ဆိုပါက ရဲစခန်းမှ ထောက်ခံစာ၊ သက်သေ (၂) ဦးနှင့် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နိုင်ငံအတွင်း မွေးဖွားကြောင်း ထောက်ခံချက်များ လိုအပ်လျက် ရှိနေပြီ၊ အဆိုပါ ထောက်ခံချက်များ လွယ်လွယ်ကူကူ မရသောကြောင့် ကလေးများကို အိမ်ထောင်စု စာရင်းတွင် တင်နိုင်ရန် အခက်အခဲ ကြုံတွေ့လျက် ရှိနေကြသည်။ 
ထောက်ခံချက်များ ရ၍ တင်ပြလျှင်လည်း ဆွဲ၊တင်၊စစ် စစ်ဆေးသည့် အဖွဲ့ကို ငွေကျပ် တစ်သောင်း ပေးရသည်။ သို့သော်လည်း ချက်ချင်း တင်မပေးဘဲ၊ နယ်မြေရုံးမှ ခွင့်ပြုချက်ရမှသာ တင်ပေးမည်ဟု ပြောဆိုသောကြောင့် ကလေး တစ်ဦးတစ်ယောက်ကိုမှ တင်နိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက RB News သို့ပြောသည်။ 
အပြောင်းအရွှေ့ များကိုလည်း အလွယ်တကူ ပြုလုပ်ပေးခြင်း မရှိသလို၊ တစ်ရပ်ကွက်ထဲတွင်ပင် အိမ်ထောင်စု စာရင်း တစ်ခုမှ အခြားတစ်ခုသို့ ပြောင်းလိုလျှင် အထောက်အထား များနှင့် တကွ ငွေကျပ် ငါးသောင်းစီ ပေးနေရသည်ဟု ဒေသခံများက ဆိုသည်။ အခြားမြို့ပေါ် ရပ်ကွက်များတွင်လည်း ထိုသို့ စစ်ဆေးခဲ့ကြောင်း သိရှိရသည်။ 
ယခင်နှစ်က ပြုလုပ်ခဲ့သည့် ဆွဲ၊တင်၊စစ် တွင် မွေးကင်းစ ကလေးများကို အိမ်ထောင်စု စာရင်း၌ တင်ရာတွင် လွယ်ကူစွာ တင်နိုင်ခဲ့ပြီး၊ ယခုကဲ့သို့ သက်သေ နှစ်ဦးနှင့် ရဲစခန်း ထောက်ခံစာများ မလိုအပ်ခဲ့ကြောင်း၊ ယခုအခါ လွယ်လွယ်ကူကူ တင်မပေးခြင်းမှာ ရည်ရွယ်ချက် ရှိရှိဖြင့် နိုင်ငံမဲ့ဘ၀သို့ ရောက်အောင် ကြိုတင် အကွက်ချ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု မြို့မိမြို့မ အချို့က ပြောပါသည်။
Rohingya Eye
RB News
23.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် ညပိုင်းတွင် ယူနီဖောင်း မပါဘဲ ရွာထဲသို့ တိတ်တဆိတ် ၀င်ရောက်၍ ဆူပူသောင်းကျန်းခြင်း၊ ငွေညှစ်ခြင်းများ လုပ်ဆောင်လျက် ရှိကြောင်း သတင်းရရှိပါသည်။
မတ်လ (၁၉) ရက်နေ့ ည (၈) နာရီအချိန်တွင် မာမတ်နူရ် (ဘ) ဦးဆွေဒူလ်အာမီးန် (အသက် ၁၈ နှစ်) သည် ၎င်း၏ အိမ်ရှေ့တွင် လမ်းလျှောက်နေစဉ် နယ်ခြားစောင့်ရဲ များက စစ်ဆေးပြီး ၎င်း၏ လက်ထဲရှိ MPT ဆင်းမ်ကဒ်သုံး ဖုန်းကို ယူကာ ဘင်္ဂလား ဆင်းမ်ကဒ် ထည့်သွင်းပေးကာ လုပ်ကြံ ဖမ်းဆီး၍ စခန်းသို့ ခေါ်ဆောင် သွားကာ တစ်ညလုံး ထိပ်တုံးခတ်၍ ချုပ်နှောင် ထားခဲ့သည်။ အဆိုပါ ကင်းစခန်းသို့ တပ်ကြပ်ကြီး တစ်ဦး ပြောင်းလာသည့် အချိန်မှစ၍ ယခုကဲ့သို့ လုပ်ဆောင် နေခြင်း ဖြစ်ပြီး၊ မာမတ်နူရ် ထံမှ ငွေကျပ် ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။
ကျူးကျော်တဲ ဆောက်နေသည့် လယ်မြေ
Rohingya Eye
RB News
23.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် သုံးမိုင် ဘုန်းကြီးကျောင်းတွင် ခိုလှုံ နေထိုင်လျက် ရှိသော န.တ.လ (မြိုလူမျိုး) မိသားစု (၅) စုသည် မောင်တော မြို့နယ် တောင်ပိုင်း၊ ဥဒေါင်း ကျေးရွာရှိ န.တ.လ ဘုန်းကြီးကျောင်းသို့ ပြောင်းရွှေ့ နေထိုင်ပြီးနောက် အဆိုပါ မိသားစု (၅) စုသည် ဦးကော်ရီးမူလ္လာ (ဘ) ဦးအဘူဘော်ကော်ရ် (အသက် ၅၂ နှစ်) ၏ လယ်မြေ နှစ်ဧကပေါ်တွင် ကျူးကျော်တဲများ ဆောက်လုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 
ထိုသို့ ကျူးကျော်တဲများ ဆောက်လုပ်နေခြင်းကို ရွာသားများက မတ်လ (၂၁) ရက်နေ့တွင် အုပ်ချုပ်ရေးမှူး ဦးသာခင်ထံ သွားရောက်၍ ကန့်ကွက်ခဲ့သော်လည်း ဦးသာခင်က တရားမ၀င် ကျူးကျော်နေခြင်းကို လယ်ပိုင်ရှင်များက သွားရောက် ဟန့်တားနိုင်ကြောင်း၊ ၎င်းအနေဖြင့် တားမြစ်လျှင် သင့်တော်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ အုပ်ချုပ်ရေးမှူး၏ ပြောကြားချက်ကို ရွာသားများက အားမရသဖြင့် ကံပူးကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ရင်းမှူးထံ သွားရောက် တိုင်ကြားခဲ့သော်လည်း တပ်ရင်းမှူးက ဦးသာခင် ပြောသည့်အတိုင်း ပြောကြားခဲ့သည်။ 
အုပ်ချုပ်ရေးမှူးနှင့် တပ်ရင်းမှူး တို့က သွားရောက် ဟန့်တား မပေးသဖြင့် ရွာသားများက ၎င်းတို့ ကိုယ်တိုင် သွားရောက် ဟန့်တားလျှင် န.တ.လ ရွာသားများနှင့် ပဋိပက္ခ ဖြစ်ပွားမည်ကို စိုးရိမ်လျက် ရှိနေကြသည်။ အဆိုပါ လယ်မြေများသည် ရွာ၏ အရှေ့ဘက်တွင် တည်ရှိပြီး၊ သီးနှံများ စိုက်ပျိုးထားသော လယ်မြေများ ဖြစ်သည်။ စိုက်ပျိုးထားသည့် သီးနှံများကို ဖျက်ဆီး၍ ကျူးကျော်တဲများ ဆောက်လုပ်နေခြင်းကို အမြန်ဆုံး ဟန့်တားပေးရန် သက်ဆိုင်ရာ အာဏာပိုင်များထံ ရွာသားများက တောင်းဆိုနေကြသည်။
MYARF
RB News
23.3.2016
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ၏ အနီးတ၀ိုက် ကျေးရွာများ ဖြစ်သည့် လောင်းဒုံ ကျေးရွာအုပ်စု၊ ဆင်သေပြင် (စေတီပြင်)၊ ငါးစားကြူး ကျေးရွာအုပ်စု ပန်းမြောင်ရွာ၊ စပယ်ကုံး ကျေးရွာများတွင် ချောင်းမှ ရေလောင်း၍ ဆောင်းသီးနှံ စိုက်ပျိုးသည့် စိုက်ခင်းများမှ ဆင်သေပြင် ကျေးရွာသား တစ်ဦး ဖြစ်သည့် ဦးဟိုက်ရုလ်အာမီးန် (ဘ) ဦးဆွေဒူလ္လာက တစ်ဧကလျှင် ငွေကျပ် (၄) သောင်းစီ အတင်း အဓမ္မ ကောက်ခံလျက် ရှိကြောင်း သတင်း ရရှိပါသည်။ 
အထက်ဖော်ပြပါ ကျေးရွာများကို ဖြတ်၍ တောက်လျှောက် စီးဆင်းလာသည့် ချောင်းငယ် တစ်ခု၏ ကမ်းနားတွင် ရှိသည့် လယ်ယာမြေ (၁၀၀) ဧကတွင် လယ်သမားများက ငရုတ်၊ အာလူး၊ ခရမ်းသီး စသော ဆောင်းသီးနှံများ စိုက်ပျိုးကြသည်။ ယင်းစိုက်ခင်းများတွင် ချောင်းမှ ရေလောင်းနိုင်ရန် အတွက် ဦးဟိုက်ရုလ်အာမီးန်အား တစ်ဧကလျှင် ငွေကျပ် (၄) သောင်းစီ ပေးသွင်းနေရခြင်း ဖြစ်သည်ဟု ဒေသခံများက RB News သို့ပြောသည်။ ဦးဟိုက်ရုလ်အာမီးန်သည် အများပိုင် ချောင်းတစ်ခုကို သက်ဆိုင်ရာ ဆည်မြောင်း ဦးစီးဌာနမှ ခွင့်ပြုချက်ဖြင့် ရေကာတာ ဆည်ဖို့ပြီး ဆင်းရဲသော လယ်သမားများ ထံမှ မတရားသဖြင့် ငွေကောက်ခံ နေခြင်း ဖြစ်သည်ဟု ဆိုသည်။ 
သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ကွင်းဆင်း စစ်ဆေး၍ ဖြစ်ရပ်မှန်ကို စီစစ်ပေးပါရန်နှင့် အများ အကျိုးကို လျစ်လျူရှုပြီး ခေါင်းပုံဖြတ် အမြတ်ကြီးစား နေသည့် ဦးဟိုက်ရုလ်အာမီးန်အား ထိရောက်စွာ အရေးယူပေးပါရန် မေတ္တာရပ်ခံကြောင်း ဒေသခံ လယ်သမားများက ပြောပါသည်။
ကိုမိုးဇော်
21.3.2016
ခေတ်စနစ်နဲ့ သာမက ဒီမိုကရေစီ စံချိန် စံညွှန်းနဲ့ပါ မကိုက်ညီတော့ တာကြောင့် ဧည့်စာရင်း တိုင်ကြားတာနဲ့ ပတ်သက်တဲ့ ဥပဒေ ပုဒ်မတွေကို မကြာခင်မှာ ပြည်ထောင်စု လွှတ်တော်ကနေ ပယ်ဖျက်ဖို့ ရှိနေပါတယ်။ ဒီလို ပယ်ဖျက်ဖို့ကို ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေး ဥပဒေ ပြင်ဆင်ရေး မူကြမ်း အဖြစ် အမျိုးသား လွှတ်တော်ကို တင်ပြ ထားပြီး အစိုးရသစ် ဖွဲ့စည်းပြီး နောက်ပိုင်းမှာ အတည်ပြု ပြဌာန်းဖွယ် ရှိနေပါတယ်။ ဒီသတင်း ကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြ ထားပါတယ်။
မြန်မာနိုင်ငံ အတွင်းမှာ လွတ်လပ်စွာ ခရီးသွားလာခွင့်ကို အနှောက်အယှက် ဖြစ်စေတဲ့ ဧည့်စာရင်း တိုင်ကြားတာ၊ ဧည့်စာရင်း စစ်ဆေးတာနဲ့ ပျက်ကွက်ရင် အရေးယူတာတွေနဲ့ သက်ဆိုင်တဲ့ ဥပဒေပုဒ်မတွေကို ပယ်ဖျက်ဖို့အတွက် ဥပဒေကြမ်းအဖြစ်နဲ့ လွှတ်တော်ကို တင်ပြထားပြီဖြစ်ပါတယ်။
လောလောဆည်မှာတော့ အမျိုးသားလွှတ်တော်မှာ ဒီဥပဒေကြမ်းကို ပြင်ဆင်ဖို့အတွက် လက်ခံရရှိထားပြီဖြစ်တယ်လို့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်စူစန်နာလှလှစိုးကပြောပါတယ်။
“ဧည့်စာရင်းကို ပယ်ဖျက်ဖို့ဆိုပြီးတော့ လုပ်နေတာတော့ ကြာပြီလေ ။ ပြီးခဲ့တဲ့ လွှတ်တော်ထဲက အဲဒါကတော့ အဓိက lobby လုပ်တာကတော့ CSO တွေ၊ ကျောင်းသားတွေကနေပြီးတော့မှ အဓိက Lobby လုပ်တာ။ လုပ်တော့ လွှတ်တော်ကနေပြီးတော့ လက်ခံပြီးတော့ ဆွေးနွေးတယ်။ ဆွေးနွေးပြီးတော့ အောင်မြင်သွားတယ်။ အောင်မြင်သွားတော့ အခုက ဥပဒေကြမ်း ။ ဥပဒေကြမ်းကို အခု အန်တီတို့က အတည်ပြုပေးရတယ်။ အဲဒါဆိုလို့ရှိရင်တော့ ဥပဒေအတည်ဖြစ်ပြီပေါ့နော်။”
ပြင်ဆင်၊ပယ်ဖျက်မယ့် ဥပဒေကြမ်းမှာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဆ)၊ ပုဒ်မ ၁၇နဲ့ ပုဒ်မ ၂၇ပါ “ပုဒ်မ ၁၇”တို့ပါဝင်တာဖြစ်ပါတယ်။
ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃(ဆ)မှာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှုးက အခြားရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုက ညဉ့်အိပ်၊ညဉ့်နေ လာရောက်တည်းခိုတဲ့ ဧည်သည်တွေကို ဧည့်စာရင်းတိုင်ကြားတာလက်ခံဖို့၊ ဧည့်စာရင်းစစ်ဆေးဖို့နဲ့ ဧည့်စာရင်းတိုင်ကြားတာပျက်ကွက်ရင် အရေးယူဖို့ ပြဌာန်းထားပါတယ်။ ပုဒ်မ ၁၇ ကတော့ တခြားရပ်ကွက် သို့မဟုတ် ကျေးရွာတွေကို ညဉ့်အိပ်၊ညဉ့်နေသွားရင် ဧည့်စာရင်းတိုင်ကြားဖို့နဲ့ ပုဒ်မ ၁၇ပျက်ကွက်ရင် ပုဒ်မ ၂၇အရ ကျပ် ၅ထောင်ထက် မပိုတဲ့ ငွေဒဏ်နဲ့ ၇ ရက်ထက်မပိုတဲ့ ထောင်ဒဏ်ချမှတ်ဖို့ ဖော်ပြထားတာဖြစ်ပါတယ်။
ဒီဥပဒေကြမ်းကိုတော့ မကြာခင်မှာ အတည်ပြုနိုင်ဖွယ်ရှိတယ်လို့ ဒေါ်စူစန်နာလှလှစိုးက ဆက်ပြောပါတယ်။
“အဲဒါကတော့ ရက်ကို မသက်မှတ်သေးဘူး ။ အခုကတော့ အစိုးရအဖွဲ့ဖွဲ့မယ်ဆိုတော့ အလုပ်ရှုပ်နေတော့လေ ။ ဥပဒေကြမ်းတွေကအများကြီးတွေက အများကြီး တန်းစီနေတယ်ဆိုတော့ ဘယ်တော့ ကျမလဲမသိဘူးလေ။ ဒါပေမယ့် အောင်မြင်ဖို့တော့ များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အရင်လွှတ်တော်ကတည်းကနေပြီးတော့ သဘောတူထားတဲ့ဥစ္စာဆိုတော့လေ။”
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းကလည်း အခုလို ပြောပါတယ်။
“ဟုတ်တယ်။ အမျိုးသားလွှတ်တော်က ပုဂ္ဂိုလ်တွေကိုပေးတယ်။ ကျနော်ခုနက ဖတ်ကြည့်လိုက်ပါတယ်။ ပုဒ်မ ၁၃ (ဆ) ကို ပယ်ဖျက်ဖို့ပေါ့နော် ဧည့်စာရင်း တိုင်တဲ့ကိစ္စက ပြည်သူတွေအတွက် အကျိုးမရှိဘူး Too Corruption ဖြစ်တယ်ဆိုပြီးတော့ အဲဒီမှာ အကျိုးအကြောင်း ဖော်ပြပြီးတော့ ဥပဒေကို ပြင်ဆင်ဖို့ အစိုးရအဖွဲ့က လွှတ်တော်ကို ဥပဒေကြမ်းတင်ထားတာ။”
ဒီလို ပယ်ဖျက်မှာနဲ့ ပတ်သက်ပြီး တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက အခုလို သုံးသပ်ပါတယ်။
“ကျနော်တို့သဘောကတော့် ဧည့်စာရင်း တိုင်တာကို မထားသင့်ဘူးလို့ပဲ သဘောရတယ်လေ။ ဧည့်စာရင်း တိုင်တာကို အလုပ်တခုအနေနဲ့ တာဝန်ပေးတာက် ဧည့်စာရင်း တိုင်၊ မတိုင်ရင် တရားစွဲမယ်ဆိုတာက ဒါက ပြင်းထန်တယ်ပေါ့ဗျာ။ ဒီလုံခြုံရေးအပိုင်းဆက်လုပ်မယ်ဆိုရင် လုံခြုံရေးတာဝန်ရှိတဲ့လူတွေက သူတို့အနေနဲ့ မသင်္ကာတဲ့လူတွေရှိရင် အရေးယူလို့ရတာပဲ ။ အဓိကတော့ အလုပ်လည်းမရူပ်တော့ဘူး။ အများပြည်သူအတွက် အကောင်းဆုံးပဲပေါ့။”
ဒီဥပဒေပုဒ်မတွေကို ပယ်ဖျက်ဖို့ တင်ပြတဲ့ စာမှာတော့ ဧည့်စာရင်းတိုင်ကြားတာ၊ ဧည့်စာရင်းစစ်ဆေးတာနဲ့ ပျက်ကွက်ရင် အရေးယူတာတွေဟာ ခေတ်စနစ်နဲ့သာမက ဒီမိုကရေစီ စံချိန်စံညွှန်းနဲ့ပါ မကိုက်ညီတော့ကြောင်း၊ မြန်မာနိုင်ငံပုံရိပ်ကို အိုးမဲသုတ်ပြီး တိုင်းရင်းသားတွေကို နှိပ်စက်ဖို့ ရည်ရွယ်တဲ့ ဥပဒေဖြစ်ကြောင်း ဖော်ပြထားပါတယ်။
ဒီဥပဒေ ပုဒ်မတွေကို အင်္ဂလိပ်ကိုလိုနီအစိုးရလက်ထက်က ပြဌာန်းပြီး လွတ်လပ်ရေးရပြီးတဲ့နောက် မြန်မာအစိုးရတွေက ဆက်လက်ကျင့်သုံးနေခဲ့တာဖြစ်ပါတယ်။
အင်ကြင်းနိုင်
21.3.2016
ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ဥက္ကဋ္ဌ အဖြစ်နဲ့ အစိုးရသစ် အဖွဲ့ကို ဦးဆောင် သွားမှာ ဖြစ်တယ်လို့ ပါတီ ထိပ်ပိုင်း ခေါင်းဆောင် တဦးက ပြောဆို လိုက်ပါတယ်။ ဒါ့အပြင် ပြည်ထောင်စု ၀န်ကြီး အမည် စာရင်းတွေကို မတ်လ (၂၄) ရက်နေ့လောက်မှာ ထုတ်ပြန် နိုင်ခြေ ရှိတယ်လို့ ဆိုပါတယ်။ မနေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ ကျင်းပခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ဗဟို အလုပ် အမှုဆောင် ဆွေးနွေးပွဲ အပြီး သတင်းထောက် တွေကို အဲဒီလို ပြောလိုက်တာ ဖြစ်ပါတယ်။
အစိုးရ အဖွဲ့သစ်ကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်သွားနိုင်မလဲ။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။
တနင်္ဂနွေနေ့ကပြုလုပ်တဲ့ NLD ဗဟိုအလုပ်အမှုဆောင်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်တဲ့ ဒေါက်တာဇော်မြင့်မောင်က သတင်းထောက်တွေကိုပြောပြခဲ့ရာမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ ဘယ်လိုရှိမလဲဆိုတဲ့ မေးခွန်းကို အခုလိုဖြေဆိုပါတယ်။
“ဘာပဲပြောပြောပါတီရဲ့ ဥက္ကဋ္ဌ Role ဟာ သူက ထိပ်မှာ အမြဲတမ်းရှိတယ်။ ဒေါ်အောင်ဆန်းစုကြည် ကို ဘယ်လိုရှိသလဲ ဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်တယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့မယ့် အစိုးရကိုလည်း ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်မှာပေါ့ဗျာ။ အဲဒီတော့ ဘယ်နေရာ အခန်းကဏ္ဍ ဆိုတာလည်းတော့ မမေးနဲ့တော့ပေါ့ဗျာ။ ဒီအနေအထားကိုပဲ basic principle ကိုပဲ ပြောပြတာပါ။”
အရင်ကတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ သမ္မတရုံး ဒါမှမဟုတ် ၀န်ကြီးရာထူးတခုခုယူပြီး အစိုးရထဲပါဝင်ဖို့ရှိတယ်ဆိုတဲ့ သတင်းတွေထွက်ခဲ့ပါတယ်။ မကြာသေးခင်ရက်ပိုင်းကပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ညွန်ကြားရေးမှုးချုပ်တွေအပါအ၀င် အဖွဲ့ဝင် (၈)ဦးပတဲ့ လွှတ်တော်ဖွံဖြိုးတိုးတက်ရေးဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အစိုးရအဖွဲ့နဲ့ပတ်သက်ရင်လည်း ၀န်ကြီးရာထူးကိုမယူပဲ အလားတူ အစိုးရအဖွဲ့ကို ထိန်းကျောင်းသွားနိုင်တဲ့ နည်းလမ်းရှိတယ်လို့ သုံးသပ်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာတင့်ဆွေက ပြောပါတယ်။
“ဒေါက်တာဇော်မြင့်မောင်ပြောသလိုပေါ့နော် ပါတီ ရဲ့ ဥက္ကဋ္ဌအနေနဲ့ ဆက်ရှိနေပြီးတော့ ပါတီဥက္ကဋ္ဌကနေပြီးတော့ မွေးထုတ်လိုက်တဲ့ အစိုးရအဖွဲ့၊ သမ္မတကအစ သူကနေ ထိန်းကျောင်းပေးပြီးတော့ ကွပ်ကဲမယ်ဆိုတဲ့ အနေအထားပါ။ တနည်းအားဖြင့်လည်း ဖွဲ့စည်းပုံမှာ ဒီပါတီထဲက ပုဂ္ဂိုလ်က အစိုးရတာဝန် ၊ သမ္မတ တာဝန်ယူရင် ပါတီက တာဝန် မရှိဘူးဆိုတာလည်း လုပ်ထားတော့ ဒီအချက်ကလည်း နောက်ထပ် ကမောက်ကမတွေဖြစ်ကုန်တာပေါ့နော် ။ ဒါကြောင့်လည်းပဲ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ကြားထဲမှာ ပြဿနာတွေ ဖြစ်ခဲ့သလိုပေါ့နော်။ အဲတော့ တနည်းအားဖြင့် ကျနော်ပြောချင်တာက ဒီကမောက်ကမနိုင်လာတဲ့ ဖွဲ့စည်းပုံကြီး ရှိနေတဲ့ကြားထဲက ဒေါ်အောင်ဆန်းစုကြည်ဟာ ၀န်ကြီးနဲ့ သမ္မတ တာဝန်မယူပဲနဲ့ သူက ထိန်းကျောင်းဖို့နေရာပဲ ယူမယ့်သဘောဖြစ်ပါတယ်ခင်ဗျာ။"
မနေ့က NLD ဗဟိုအလုပ်အမှုဆောင်ဆွေးနွေးပွဲမှာ အများ စိတ်ဝင်စားနေတဲ့ အစိုးရသစ်အဖွဲ့မှာပါမယ့် ၀န်ကြီးတွေရဲ့ အမည်စာရင်းအပြီးသတ် အတည်ပြုမယ်ဆိုတဲ့သတင်းတွေ ကြိုပြီးထွက်ပေါ်ခဲ့တာပါ။ ဒါပေမဲ့ ဒေါက်တာဇော်မြင့်မောင်ကတော့ ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သတင်းထောက်တွေကိုပြောကြားရာမှာ မတ်လ (၂၄)ရက် ကြာသပတေးနေ့လောက်မှာ ပြည်ထောင်စုဝန်ကြီး အမည်စာရင်းတွေ ထုတ်ပြန်နိုင်ခြေရှိတယ်လို့ ပြောကြားခဲ့ပြီး သမ္မတ ဦးထင်ကျော် ဦးဆောင်တဲ့ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ဘယ်လိုရှေ့ဆက်မလဲ၊ NLD ရဲ့ကော်မတီတွေမှာ တာဝန်ယူခဲ့သူတွေဟာ လွှတ်တော်ထဲကိုရောက်လာတဲ့အတွက် ပါတီနဲ့လွှတ်တော် မတိုက်အောင် ဘယ်လိုဆောင်ရွက်မလဲအပါအ၀င် ပါတီရှေ့ဆက်လုပ်ငန်းစဉ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။
ဒါကြောင့် NLD ပါတီရဲ့ ရှေ့ခရီးနဲ့ ပတ်သက်ပြီး ဒေါက်တင်တင့်ဆွေရဲ့ အမြင်ကိုမေးကြည့်တော့
“အခက်အခဲတွေကြားထဲကတောင်မှ ကျနော်တို့ အသက်ဆက်အောင်နေခဲ့ပြီးတော့ အခုတခါ မျိုးဆက်သစ်လက်ကမ်းမှုတွေ၊ မျိုးဆက်သစ်အတွက် နေရာပေးဖို့အတွက် သင်တန်းတွေလုပ်နေတော့ NLD ပါတီထဲမှာလည်း အခုအစိုးရသစ်ထဲရောက်သွားတဲ့ ပုဂ္ဂိုလ်တွေ ၊ ပါတီကိစ္စ လှည့်မကြည့်နိုင်ရင် နောက်ထပ် ပုဂ္ဂိုလ်တွေ တက်လာလိမ့်မယ်။ တက်လာတဲ့ ပုဂ္ဂိုလ်တွေလည်း လူသစ်ဖြစ်ဦးတော့ ကျနော်ကတော့ ယုံကြည်ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ အရင်ခေါင်းဆောင်တွေလိုပဲ စိတ်စေတနာ မှန်မှန်နဲ့ ပါတီအရေးကို ထိန်းကျောင်းသွားနိုင်မယ်။ ဒီအခွင့်အလမ်းတခု ၂၀၁၅ ရွေးကောက်ပွဲကနေ မွေးပေးလိုက်တဲ့အတွက် NLD ကလည်း အရင်ကထက်တောင်ပိုပြီးတော့မှ အင်သစ်အားသစ်လူသစ်၊ စိတ်သစ်တွေနဲ့လူတွေပါ နေရာရလာတဲ့ အနေအထားလို့ မြင်ပါတယ်ခင်ဗျ။”
ဒီကနေ့ တနင်္လာနေ့မှာတော့ ပြည်ထောင်စုလွှတ်တော်မှာ ရွေးကောက်ခံ သမ္မတ ဦးထင်ကျော်ကနေ ၀န်ကြီးဌာနတွေ ပြင်ဆင်ဖွဲ့စည်းတာတွေနဲ့ပတ်သက်လို့ တင်ပြဆွေးနွေးမှာဖြစ်ပါတယ်။
Rohingya Exodus