နောက်ဆုံးသတင်း/ဆောင်းပါးများ



မေခ
ဗွီအိုအေမြန်မာပိုင်း
20.5.2016

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေ နဲ့ အညီ နိုင်ငံသား စီစစ်ရေး လုပ်ငန်းကို ဦးစားပေး လုပ်ငန်း တခုအနေနဲ့ ဆောင်ရွက်သွားဖို့ စီစဉ်ထားတယ်လို့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ပြောဆို လိုက်ပါတယ်။ လဝကရဲ့ရက် ၁၀၀ ရာစီမံချက် မှာ ဦးစားပေး လုပ်ငန်း တခုအနေနဲ့ ဆောင်ရွက် သွားမှာပါ။ နိုင်ငံသားဖြစ် မဖြစ် စီစစ်ရာမှာတော့ သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ရဲ့ အဓိက ဆုံးဖြတ်ချက်နဲ့ပဲ ဆောင်ရွက် သွားမယ်လို့ ပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းက မေခက ပေးပို့ထားပါတယ်။

တည်ဆဲ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနဲ့ အညီ နိုင်ငံသားစိစစ်ပေးဖို့ကို လွှတ်တော်ကိုယ်စားလှယ် အများစုက တင်ပြတောင်းဆိုလာကြပါတယ်။ ဒီအဆိုကို လွှတ်တော်က ဆွေးနွေးစဉ်မှာ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ အင်အား ဝန်ကြီးဌါန ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက မှတ်တမ်းအနေနဲ့သာ ထားရှိပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒီလိုတောင်းဆိုရာတာက လဝက ကနေ လုပ်ဆောင်မယ့် ရက် ၁၀၀ စီမံချက် မှာ ဒီစိစစ်တဲ့ လုပ်ငန်း ကို ဦးစားပေး လုပ်ငန်းတခု အနေနဲ့ ဆောင်ရွက် သွားမှာ ဖြစ်တာကြောင့် ဖြစ်တယ်လို့ အခုလို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောခဲ့ပါတယ်။

" ကျနော်တို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌါန ဦးစီးဌာနကလည်းပဲ အဲ့ဒီ့ရက် ၁၀၀ စီမံချက်နဲ့ ဆောင်ရွက်မယ့် လုပ်ငန်းများထဲမှာ လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားတဲ့ အဆိုမှာ ပါရှိတဲ့ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနဲ့အညီ မြန်မာနိုင်ငံတဝှမ်းလုံးမှာ စနစ်တကျ စိစစ်ဆောင်ရွက်ရန် ဆိုတဲ့ လုပ်ငန်းစဉ်ကို ဦးစားပေး လုပ်ငန်းစဉ် တခုအဖြစ် စီမံချက် ရေးဆွဲပြီးတော့မှ ဆောင်ရွက်သွားဖို့ စီစဉ်ထားပြီးလည်း ဖြစ်ပါတယ်။

ဝန်ကြီးဌာနက လုပ်ဆောင်မယ့် အသေးစိတ်လုပ်ငန်းအစီစဉ်ကိုတော့ လွှတ်တော်မှာ ဝန်ကြီးက အသေးစိတ်မပြောခဲ့ပါဘူး။ ဒီလိုစိစစ်ပေးဖို့ ကို ရခိုင်က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက လွှတ်တော်မှာ အဆိုတခုအနေနဲ့ တင်ပြလာတာပါ။

တဖက်နိုင်ငံတွေနဲ့ ထိစပ်မှု တွေကြောင့် နိုင်ငံလုံခြုံရေးအရစိစစ်ဖို့ အရေးတကြီး လိုအပ်ပြီး ဒီအတွက် တိကျစွာစစ်ပေးဖို့ ကချင်လွှတ်တော် ကိုယ်စားလှယ်တွေ ဘက်က လည်းတောင်းဆိုမှု တွေရှိခဲ့ပါတယ်။ ကချင်ပြည်နယ်မှာလည်း တဖက်နိုင်ငံဘက်က လူတွေ ဝင်ရောက်မှုတွေရှိနေတယ်လို့ ကချင်ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဘက်ကလည်း တင်ပြမှုတွေရှိခဲ့ပါတယ်။

ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးလှစောကတော့ စိစစ်နိုင်ဖို့ လုပ်ဆောင်ချိန်မှာ လုပ်သင့်တဲ့လုပ်ငန်းအပေါ် အခုလို အကြံပေးပါတယ်။

" အကောင်အထည်ဖော်တဲ့နေရာမှာ ပျော့ပြောင်းညင်သာဖို့ စိတ်ရှည် အသိပညာပေးဖို့ ဥပဒေကို လေးစားလိုက်နာဖို့ လိုပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်း၊ နိုင်ငံတကာ မီဒီယာတွေ နိုင်ငံတာ လော်ဘီတွေ ဝင်မစွတ်နိုင်အောင် ကျနော်တို့ဘက်က နိုင်ငံတော်အနေနဲ့ ပြင်ဆင်ဖို့ လိုအပ်ပါတယ်။ နိုင်ငံတကာ ပံ့ပိုးကူညီမှုတွေ ရရှိလာအောင်လည်း ကျနော်တို့ လုပ်နိုင်စွမ်းရှိရပါလိမ့်မယ် ဆိုတာကို ကျနော် တင်ပြချင်ပါတယ်။ "

ရခိုင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက လက်ရှိ ရခိုင်ပြည်နယ် မှာကြုံတွေ့နေတာနဲ့ ပတ်သတ်ပြီး

" ကိုယ့်နိုင်ငံသားတွေ နေစရာမရှိလို့ မြေလွတ်မြေရိုင်းတွေမှာ မရှိမဲ့ရှိမဲ့ တဲပျက် အိမ်ပျက်ကလေးတွေမှာ ဆောက်ပြီး နေကြတာကို ဥပဒေနဲ့အညီ ဆိုပြီး မြေလှန် ဖျက်ဆီးခဲ့တဲ့ လုပ်ရပ်နဲ့ ယှဉ်ပြီး ဘင်္ဂလီတွေ နေထိုင်တဲ့ ဒုက္ခသည် စခန်းတွေ ကျေးရွာတွေကိုကျတော့ နိုင်ငံသားစိစစ်ရေး မလုပ်နိုင်ဘူး ဆိုတာကို အကြောင်းပြချက်ကို ကြားရတော့ ရင်နာနာနဲ့ ငိုရမလို ရယ်ရမလို ဖြစ်ပါတယ်။"

ဒီလိုစိစစ်မှုနဲ့ပတ်သတ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီက ပါတီ အတွင်းရေးမှူး ဦးကျော်စိုးအောင် ကတော့ အခုလို သုံးသပ်ပြောဆိုပါတယ်။

"ဒီဥပဒေကလည်း နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီဘူး။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ဒီ၂၀၁၅ မတိုင်ခင် ဒီဥပဒေတွေကို ပြင်ဆင်မယ် ဆိုပြီး နိုင်ငံတကာ ကိုရော ပြည်တွင်း မှာရော နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ညီအောင် လုပ်မယ် ဆိုပြီး သူ ပြောထားတာ ရှိတယ်။ ဒီ ၈၂ ဥပဒေ ကို မပြင်ဆင်ပဲနဲ့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ မကိုက်ညီပဲနဲ့ ကျနော်တို့ဘက်ကို ရက် ၁၀၀ စီမံကိန်းထဲမှာ စိစစ်ပြီးတော့ အကောင်အထည်ဖော်မယ် ဆိုရင်တော့ ကျနော်တို့ လက်ခံမှာမဟုတ်ဘူး။ ၈၂ Law ကို နိုင်ငံသားဥပဒေအရ ပြန်စိစစ်ပြီးတော့ အကောင်အထည်ဖော်မယ်ဆိုရင်တော့ ကျနော်တို့ လက်ခံမယ်။ ဘာဖြစ်လို့လဲဆိုတော့ ၁၉၈၂ ခုနှစ် မတိုင်ခင် ကျနော်တို့နိုင်ငံမှာ နိုင်ငံသားဖြစ်ပြီးသား သူတွေကို ၁၉၈၂ ခုနှစ် ဥပဒေနဲ့ ပြန်လှန်ပြီးတော့ ဒီဥပဒေအရ ပြန်အသက်သွင်းမယ်ဆိုရင် ဥပဒေအရ နောက်ကြောင်းပြန်တဲ့သဘောဖြစ်နေတယ်။ အဲ့တာကြောင့် ကျနော်တို့ လက်မခံနိုင်ပါဘူးခင်ဗျ။"

လက်ရှိတွင် မြန်မာနိုင်ငံသား ဟုတ်မဟုတ် မစိစစ်နိုင်တာကြောင့် ယာယီ သက်သေခံကဒ် ထုတ်ပေးထားသူမှာ ၅သိန်းကျော်ရှိနေပြီး ဒီထဲမှာ ရခိုင်ဒေသတခု ထဲမှာ ယာယီသက်သေခံကဒ် လေးသိန်းကျော် ထုတ်ပေးထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။ ဘာကဒ်ကိုမှ ကိုင်ဆောင်ထားခြင်း မရှိသူ တွေလည်း ရှိနေတယ်လို့ ထောက်ပြမှုတွေရှိနေပြီး လက်ရှိမှာ နိုင်ငံတော် လုံခြုံရေးအတွက် စိစစ်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ်တွေ က တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဆိုကို လွှတ်တော်မှာ မဲခွဲပြီး မှတ်တမ်းအနေနဲ့သာထားရှိဖို့ ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။



ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမှာ ရိုဟင်ဂျာတွေ ဆန္ဒပြ

RFA မြန်မာပိုင်း
20.5.2016

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကော့ဇ် ဘဇား Cox’s Bazar ခရိုင်ရှိ Nayapara နရာပယာ ဒုက္ခသည် စခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က သွားရောက် ခိုလှုံနေတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေ ဒီကနေ့ ဆန္ဒပြ နေကြပါတယ်။ သူတို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ အနေနဲ့ သူတို့အားလုံး မြန်မာပြည် ပြန်နိုင်ရေး အတွက် ဆောင်ရွက်ပေးဖို့ တောင်းဆို နေပါတယ်။ ဆန္ဒပြ ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ မူလတန်း ကျောင်းအုပ်ဆရာကြီး Shah Alam ကို RFA အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ် မေးမြန်း ခဲ့ပါတယ်။ ဂျာမဏီမှာ နေထိုင်တဲ့ ရိုဟင်ဂျာ ဘလော့ဂါ ကိုနေဆန်းလွင် က စကားပြန် အဖြစ် ပါဝင်ကူညီ ထားပါတယ်။





MYARF
RB News
19.5.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်း (ယခင် န.စ.က နယ်မြေ - ၈ ) မှ ရဲမှူးကျော်သူရီနှင့် ဇနီးတို့သည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို RSO နှင့် အဆက်အသွယ် ရှိသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် သိန်း (၄၀) ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မြင်းလွတ်တောင်ရွာမှ မော်လ၀ီ မိုဟာမတ်ရှားဟ် (ဘ) ဦးဆိဒိတ် (အသက် ၃၀ နှစ်) အား အမှန်တကယ် ပြင်ပလောကတွင် မရှိသည့် RSO နှင့် ဆက်သွယ်နေသည်ဟု အခြေအမြစ် မရှိ စွပ်စွဲ၍ မေလ (၇) ရက်နေ့ ည (၈) နာရီ အချိန်တွင် ဖမ်းဆီးခဲ့သည်။ ၎င်းအား တစ်ညလုံး ပုံစံမျိုးစုံဖြင့် လူမဆန်စွာ ရိုက်နှက် စစ်ဆေးပြီး မေလ (၈) ရက်နေ့တွင် ငွေကျပ် သိန်း ၄၀ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ မေလ (၇) ရက်နေ့တွင် ရဲမှူး ကျော်သူရီနှင့် ဇနီးတို့သည် တပ်ဖွဲ့ဝင်များနှင့် အတူ မြင်းလွတ် တောင်ရွာသို့ သွားရောက်၍ ဦးဟာမိတ် (ဘ) ဦးကေဖာယတ်အုလ္လာ အပါအ၀င် တံငါးသည် သုံးဦးကို ဖမ်းဆီးခဲ့သည်။ ၎င်းတို့အား လွန်ခဲ့သည့် တစ်လခန့်က ငါးဖမ်းရင်း နစ်မြှပ်ခဲ့သော ငါးဖမ်း စက်လှေနှင့် ပတ်သက်၍ ရဲမှူးကို သတင်းပို့ရန် ပျက်ကွက်ခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

မြင်းလွတ် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူး ကျော်သူရီ၏ ဇနီးသည် တပ်ဖွဲ့ဝင်များနှင့် အတူ ရွာထဲသို့ သွားရောက်၍ အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာများကို လုပ်ကြံ စွပ်စွဲကာ ဖမ်းဆီးပြီး ၎င်းကိုယ်တိုင် ငွေညှစ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
19.5.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဒုအိုးသည်မ ကျေးရွာ တာဝန်ခံ ဦးမိုဟာမတ်အီနုစ်သည် ရွာသူ/ရွာသား များကို မတရားသဖြင့် ဖမ်းဆီး ချုပ်နှောင်၍ ထိုးကြိတ် ရိုက်နှက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ စစ်ဆေးရန်ဟု ဆိုကာ နေအိမ်ထဲသို့ ၀င်ရောက်၍ အနှောက်အယှက် ပေးခြင်းများ ပြုလုပ်နေကြောင်း သတင်း ရရှိပါသည်။

ဒုအိုးသည်မ ကျေးရွာမှ ဦးမော်ဂျီအုလ္လာ (ဘ) ဦးဟာဘီအုလ္လာ (အသက် ၃၀ နှစ်) သည် မေလ (၁၀) ရက်နေ့တွင် ယင်းကျေးရွာရှိ ရခိုင်အမျိုးသား တစ်ဦးထံမှ နွားတစ်ကောင် ၀ယ်ယူခဲ့သည်။ အဆိုပါ နွားကို နွားရောင်းသူ၏ အစ်ကို တစ်ဦးက ပိုင်ဆိုင်သည်ဟု ဆိုကာ ကျေးရွာ တာဝန်ခံရုံးသို့ လာရောက် တိုင်တန်းခဲ့သည်။ ထို့နောက် မေလ (၁၃) ရက်နေ့တွင် ကျေးရွာ တာဝန်ခံက နွားဝယ်သူ ဦးမော်ဂျီအုလ္လာကို ရုံးသို့ ဆင့်ခေါ်၍ “ပိုင်ဆိုင်မှု အငြင်းပွား ဖွယ်ရာ ဖြစ်နေရတဲ့ နွားတစ်ကောင်ကို ဘာလို့ သွားဝယ်လိုက်တာလဲ” ဟု ခပ်ကြမ်းကြမ်း ပြောဆိုပြီး တိုင်တန်းသူကို ငွေကျပ် နှစ်သိန်း ပေးလျော်ရမည် ဖြစ်ကြောင်း စီရင် ဆုံးဖြတ်ခဲ့သည်။ ဦးမော်ဂျီအုလ္လာက “တန်ရာတန်ကြေး ပေးပြီးမှ ဒီနွားကို တရားဝင် ၀ယ်ခဲ့တာ ဘာလို့ လျော်ကြေး ပေးရမလဲ” ဟု ပြန်ပြောရာ တာဝန်ခံက တစ်စုံတစ်ရာ ပြန်လည် မပြောဘဲ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ မေလ (၁) ရက်နေ့တွင် ဦးဂျော်မိလ်အာမတ် (ဘ) ဦးမိုဘာရက်ခ် (အသက် ၃၃ နှစ်) ကို ရုံးသို့ လာရောက်ရန် ယခင်က သတင်းပေးပို့ခဲ့ခြင်းလည်း မရှိ၊ ရုံးစာထုတ်ခေါ်ခဲ့ခြင်းလည်း မရှိဘဲ ရုတ်တရက် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ ပါဝင်သော အဖွဲ့တစ်ဖွဲ့ကို ၎င်း၏ အိမ်သို့ စေလွှတ်၍ ရုံးသို့ အတင်းအဓမ္မ ဆွဲခေါ်စေခဲ့ပြီး တစ်စုံတစ်ရာ ပြောဆိုခြင်းမရှိဘဲ ၀ါယာကြိုးဖြင့် ချည်နှောင်၍ လူမဆန်စွာ ထိုးကြိတ် ရိုက်နှက်ခဲ့သည်။ ထိုကဲ့သို့ ရိုက်နှက် နှိပ်စက်ခဲ့ခြင်းမှာ ဦးဂျော်မိလ်အာမတ် အတွက် ရွာသားတစ်ဦးက စပါး အရောင်းအ၀ယ် ကိစ္စတစ်ခုနှင့် အုပ်ချုပ်ရေးမှူး ရုံးသို့ တိုင်တန်း ခဲ့သောကြောင့် ဖြစ်သည်ဟု ဆိုသည်။

ကျေးရွာ တာဝန်ခံ ဦးအီနုစ်သည် ဒုအိုးသည်မ ကျေးရွာအုပ်စု ဘော်ဘီရွာ (၁)၊ ဘော်လီရွာ (၂) ရွာများသို့ နယ်ခြားစောင့်ရဲ များနှင့် အတူ အချိန်မတော် သွားရောက်၍ BD ပြေး၊ တရားခံပြေးများ ရှာဖွေ ဖမ်းဆီးရန်ဟု ဆိုကာ နေအိမ်များထဲသို့ ၀င်ရောက် အနှောက်အယှက် ပေးခြင်း၊ ရပ်ရွာ လူကြီးများကို စော်ကားခြင်း၊ အပြစ်မဲ ရွာသားများကို ရိုက်နှက်ခြင်းများ ပြုလုပ်နေကြောင်း၊ ထိုကဲ့သို့ ပြုလုပ်နေခြင်းမှာ ယခုနှစ် အစောပိုင်းတွင် ကျင်းပခဲ့သည့် ကျေးရွာ ရွေးကောက်ပွဲတွင် ၎င်းအား မဲမပေးခဲ့သူများကို ပစ်မှတ်ထား၍ အနိုင်ကျင့်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ကျေးရွာ တာဝန်ခံက ထိုကဲ့သို့ နေ့စဉ်နှင့်အမျှ သောင်းကျန်းနေခြင်းကြောင့် ကျေးရွာအတွင်း မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို ကျေးရွာ လူကြီးများက အထူး စိုးရိမ်လျက် ရှိနေကြသည်။



19.5.2016

မြန်မာနိုင်ငံ အသွင် ကူးပြောင်းမှုဟာ ကျန်နိုင်ငံတွေ အတွက် စံနမူနာယူစရာ ဖြစ်ပေမဲ့ တိုးတက်မှုကို အချိန်တိုအတွင်း မတိုင်းတာ မဆုံးဖြတ်ဘဲ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ကြည့် သုံးသပ်ရမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama ရဲ့ လက်ထောက် အမျိုးသား လုံခြုံရေး အကြံပေး Ben Rhodes က ပြောကြားလိုက်ပါတယ်။ ၀ါရှင်တန်ဒီစီမှာ ရှိတဲ့ Center for a New American Security မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ မစ္စတာ Rhodes က ပြောကြား သွားတာပါ။ အသေးစိတ်ကို ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

သမ္မတအိုဘားမား မကြာခင် သွားရောက်မယ့် အာရှခရီးစဉ်အကြိုအဖြစ် အာရှဆိုင်ရာ အမေရိကန်ပေါ်လစီနဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ထွန်းမှုတွေကို Ben Rhodes က ရှင်းပြခဲ့တာဖြစ်ပါတယ်။ ဒီရှင်းလင်းပွဲမှာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားသွားတာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပြဿနာထူပြောသလို ပထ၀ီဝင်အနေအထားအရ စိတ်ဝင်စားဖွယ်ကောင်းတဲ့ နိုင်ငံတခုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“မြန်မာနိုင်ငံဟာ အငြင်းပွားစရာတွေ ပြည့်နှက်နေတဲ့ နိုင်ငံတခုအဖြစ် ဆက်လက် ရှိနေဆဲပါ။ အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း အများကြီး ရှိနေပါတယ်။ မတူကွဲပြားတဲ့ လူဦးရေ သန်း ၅၀ ကျော်နဲ့ သဘာဝသယံဇာတတွေနဲ့ ပြည့်နှက်နေပါတယ်။ ပညာတတ် လူတန်းစားတွေ၊ အဖွဲ့အစည်း တွေ ထွန်းကားတဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။ ပထ၀ီအနေအထားအားဖြင့်လည်း အင်မတန် ထူးခြားတယ်လို့ ပြောရပါလိမ့်မယ်။ အင်အားကြီး နိုင်ငံ ၂ ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ကြားမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်မှု အမျိုးမျိုးရှိပေမဲ့ အမေရိကန် ပြည်ထောင်စု ကတော့ အထူး စိတ်ဝင်စားပါတယ်။”

မြန်မာအသွင်ကူးပြောင်းရေးမှာ စစ်တပ်က ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပေမဲ့ နိုင်ငံရေးမှာ စစ်တပ်က အဓိက နေရာကနေ ပါဝင်နေသမျှ အသွင်ကူးပြောင်းမှု မပြည့်စုံနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။

“မြန်မာနိုင်ငံ အသွင်ကူးပြောင်းတဲ့နေရာမှာ သမ္မတ ဦးသိန်းစိန်နဲ့ စစ်တပ်တို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာလည်း မှတ်သားဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲကို ထောက်ခံအားပေးခဲ့တယ်။ အရှုံးကို လက်ခံခဲ့တယ်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ယေဘုယျအားဖြင့် ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေတဲ့အတွက် အသွင်ကူးပြောင်းရေးဟာ ပြီးပြည့်စုံခြင်း မရှိသေးပါဘူး။”

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး ပြောကြားရာမှာ ဒီပြဿနာအတွက် လူမှုအသိုင်းအ၀ိုင်းနှစ်ခု တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြဖို့ လိုတယ်လို့ ပြောကြားသွားပါတယ်။

“ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို ဆက်လက် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းရပါလိမ့်မယ်။ လိုအပ်တဲ့လူတွေကို စာနာမှု အထောက်အပံ့တွေ ပေးရပါလိမ့်မယ်။ မတူကွဲပြားတဲ့ လူ့အသိုင်းအ၀ိုင်းတွေအကြား ဆွေးနွေး ညှိနှိုင်းမှုတွေ ဖြစ်လာအောင် အားပေးဖို့ လိုအပ်ပါတယ်။”

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်တွင်းမှာ လူ့အသိုင်းအ၀ိုင်း နှစ်ခုလုံးဟာ ဆင်းရဲနွမ်းပါးမှုနဲ့ အခက်အခဲပြဿနာမျိုးစုံကို ပြိုင်တူ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမျိုးဟာ လွယ်လွယ်နဲ့ ရရှိနိုင်တဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူးလို့လည်း မစ္စတာ Ben Rhodes က ဆိုပါတယ်။ ဒီလို ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ရေတိုကြည့်ပြီး မှတ်ချက်မချသင့်ဘူးလို့လည်း သူက ထောက်ပြသွားပါတယ်။

“နောက်ဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံ အနာဂတ်အတွက် ကျနော် မျှော်လင့်ချက်ထားပါတယ်။ မြန်မာနိုင်ငံဟာ ဘယ်အထိ ခရီးပေါက်ခဲ့ပြီလဲ ဆိုတာကို ကြည့်မယ်ဆိုရင် အခု အစိုးရသစ်ထဲမှာ ပါနေတဲ့ အတော်များများဟာ သူတို့ရဲ့ ယုံကြည်မှုကြောင့် ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရပါတယ်။ ဒီလို အလားအလာကောင်းတဲ့ အခြေအနေကို တွေ့မြင်ခွင့်မရဘဲ သေဆုံးသွားရသူတွေလည်း အများကြီး ရှိပါတယ်။ ဘယ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှ ရုတ်တရက်ဖြစ်ပေါ်နိုင်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကိုလည်း လပေါင်းလောက်၊ နှစ်ပိုင်းလောက်သာကြည့်ပြီး အဆုံးအဖြတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ကြည့်ရပါလိမ့်မယ်။ မြန်မာ့အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံဟာ ဒီလိုအခြေအနေမျိုးကို လက်တွေ့ ပြသခဲ့ပြီးဖြစ်ပါတယ်။”

Ben Rhodes ဟာ အမေရိကန်သမ္မတ Barack Obama ရဲ့ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ တွဲဘက် အကြံပေးပုဂ္ဂိုလ်ဖြစ်သလို၊ မိန့်ခွန်းရေးသားပေးရသူလည်း ဖြစ်ပါတယ်။ ဒီရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအပြင် အိုဘားမားရဲ့ ဂျပန်ခရီးစဉ်၊ ဗီယက်နမ်ခရီးစဉ်တို့နဲ့ ပတ်သက်ပြီးတော့လည်း တက်ရောက်သူတွေရဲ့ မေးမြန်းချက်ကို သူက ဖြေကြားသွားပါတယ်။ သမ္မတ အိုဘားမားရဲ့ အာရှခရီးစဉ်ဟာ မေလ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်။



Rohingya Eye
RB News
18.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကညင်တန်း ကျေးရွာတွင် ယခင်က ကျင်းပခဲ့သည့် ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲတွင် ကျေးရွာ အုပ်ချုပ်ရေးမှူးဟောင်း ဦးဆီရာဇူလ္လာ ရှုံးနိမ့်ခဲ့သောကြောင့် ၎င်းသည် ကျေးရွာသားများ အပေါ် မကျေမနပ်ဖြစ်ကာ နယ်မြေ (၇) နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး၏ ကိုယ်ရံတော် တပ်ကြပ် အဆင့်ရှိသူ တစ်ဦးနှင့် ပူးပေါင်း၍ ကညင်တန်း ရွာသားများကို အလယ်သံကျော် ဈေးသို့ ဈေးဝယ်ရန် သွားလာသည့် အခါ အမျိုးမျိုး ခေါင်းစဉ်တပ်ပြီး လုပ်ကြံ စွပ်စွဲကာ ငွေညှစ်လျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောသည်။

မေလ (၁၆) ရက်နေ့ ည (၇) နာရီအချိန်တွင် ကညင်တန်းရွာမှ ဦးဆွေယာဒ်နူရ် (ဘ) ဦးနူရ်အာလောမ် (အသက် ၂၈ နှစ်) သည် အလယ်သံကျော် ဈေးသို့ ဈေးဝယ်ရန် သွားနေစဉ် လမ်းတစ်ဝက်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ကြပ်ကို ဦးဆီရာဇူလ္လာက လုပ်ကြံ သတင်းပေးမှုကြောင့် တပ်ကြပ်က ဦးဆွေယာဒ်နူရ်၏ ခန္ဓာကိုယ် အနှံ့ ရှာဖွေပြီး၊ ရှာဖွေနေစဉ် စိတ်ကြွဆေးပြား နှစ်လုံးကို အင်္ကျီ အိတ်ထဲတွင် ထည့်ပေး၍ စိတ်ကြွဆေးပြားနှင့် ဖမ်းမိသည်ဟု လုပ်ကြံ စွပ်စွဲပြီး တစ်နေရာသို့ ဖမ်းဆီး ခေါ်ဆောင်သွားကာ ငွေကျပ် ၄ သိန်း ညှစ်ယူခဲ့သည်။ ၎င်းထံမှ ညှစ်ယူခဲ့သည့် ငွေကျပ် ၄ သိန်းကို တပ်ကြပ်က ၂ သိန်း၊ ဦးဆီရာဇူလ္လာက ၂ သိန်း ခွဲဝေယူခဲ့ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူးဟောင်း ဦးဆီရာဇူလ္လာ၏ မဟုတ်မမှန် လုပ်ကြံ သတင်းပေးမှုကြောင့် ကညင်တန်း ရွာသားများက ငွေညှစ်ခံရမည်ကို စိုးရိမ်၍ အလယ်သံကျော် ဈေးသို့ ဈေးဝယ်သွားရန် အခက်အခဲ ဖြစ်လျက် ရှိနေကြောင်း ဒေသခံများက ပြောပါသည်။ ဦးဆီရာဇူလ္လာကြောင့် ရွာထဲတွင် မလိုလားအပ်သည့် ပြဿနာများ ဖြစ်ပွားလာမည်ကို စိုးရိမ်နေရကြောင်း၊ အထက် လူကြီးများ အနေဖြင့် ဦးဆီရာဇူလ္လာအား စုံစမ်း စစ်ဆေးပြီး ထိရောက်စွာ အရေးယူပေးပါရန် ရွာသားများက တောင်းဆိုသည်ဟု ပြောပါသည်။



RB News
17.5.2016

ဒီမိုကရေစီ အသွင်ကူးပြောင်းနေသည့် အချိန်တွင် လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုများ ပြန်လည် အရှိန်တက်လာနေသည့် အနေအထားကို တွေ့မြင်နေရသည့် အတွက် စိုးရိမ်နေရကြောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုချက်သည် သမိုင်းကြောင်းကို မကြည့်ဘဲ လူမျိုးရေး မုန်းတီးမှုကိုသာ ပြသနေပြီး အခြေအမြစ် မရှိသော စကားများသာ ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ် နယ်စပ်ရေးရာ ၀န်ကြီးမှ စစ်တွေမြို့ အောင်မင်္ဂလာရပ်ကွက်တွင် အကာအကွယ်မဲ့ ဖြစ်နေသည့် ရိုဟင်ဂျာများ၏ မူရင်းနေရာကို လုံခြုံရေး တာဝန်ယူပေးရန် လိုအပ်ကြောင်း၊ အစိုးရ အနေဖြင့် ရိုဟင်ဂျာများကို အရေးတကြီး လုံခြုံရေး ပေးရန် လိုအပ်ကြောင်း တို့ကို လန်ဒန်မြို့ အခြေစိုက် မြန်မာ ရိုဟင်ဂျာ အသင်း (BROUK) ဥက္ကဌ ဦးထွန်းခင်က RFA မြန်မာပိုင်းနှင့် မေးမြန်းခန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

ထို့အပြင် ဒီမိုကရေစီ အသွင်ကူးပြောင်း နေသည့်အချိန်တွင် လူမျိုးစု တစ်စုကို သုတ်သင် ရှင်းလင်းနေသည့် အခြေအနေ တစ်ခု ဖြစ်နေခြင်းသည် နိုင်ငံအတွက် အလွန် ရုပ်ဆိုး အကျည်းတန်နေကြောင်း၊ ဥပဒေဖြင့် ရိုဟင်ဂျာများကို အကာအကွယ် ပေးရန်၊ ရိုဟင်ဂျာ အမည် သုံးနှုန်းခွင့် ပေးရန်၊ ရိုဟင်ဂျာသည် မူရင်း ဌာနေ တိုင်းရင်းသား ဖြစ်သည့် အလျောက် ၎င်းတို့ ဆုံးရှုံးနေသည့် နိုင်ငံသား အခွင့်အရေး၊ ခရီးသွားလာခွင့်၊ ပညာရေး၊ ကျန်းမာရေး အခွင့်အရေးများ အမြန်ပြန်လည် ပေးအပ်ရန်၊ စစ်တွေမြို့ရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းလေးသောင်းကျော် တို့ကို မူရင်းနေရာတွင် ပြန်လည် နေရာချထားပေးရန်နှင့် စားနပ်ရိက္ခာ ပိတ်ဆို့ တားဆီးမှုများကို အမြန်ဖယ်ရှား ပေးရန်၊ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေကို နိုင်ငံတကာ စံချိန်စံနှုန်းဖြင့် ကိုက်ညီအောင် ပြင်ဆင်ပေးရန် တို့ကို NLD အစိုးရက အမြန်ဆုံး တာဝန်ယူ ဖြေရှင်း ပေးရန် တို့ကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။



အမေရိကန် အစိုးရ၏ ပိတ်ဆို့မှု စာရင်းတွင် ပါဝင်သော အေးရှားဝေါ ကုမ္ပဏီပိုင် ရန်ကုန်မြို့ ရှိ အေးရှားဝေါ တာမင်နယ် ဆိပ်ကမ်း။ (ဓါတ်ပုံ - Asia World Company Website)

17.5.2016

အမေရိကန် ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံ အပေါ် အရေးယူ ဒဏ်ခတ်မှု တခုဖြစ်တဲ့ the National Emergencies Act အမေရိကန် အမျိုးသား အရေးပေါ် အက်ဥပဒေ ကို ပြင်ဆင် ဖြည့်စွက်မှုတွေနဲ့ အတူ သမ္မတ အိုဘားမားက နောက်ထပ် တနှစ် သက်တမ်းတိုး လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အားပေးတဲ့အနေနဲ့ ပစ်မှတ်ထား ဒဏ်ခတ် ပိတ်ဆို့မှု ဥပဒေပါ အချက်အလက်အချို့ကို ဘဏ္ဍာရေး ၀န်ကြီးဌာန ကနေ ပြင်ဆင်ဖြည့်စွက်မှုတွေ လုပ်ခဲ့ပါတယ်။

မူလကရှိတဲ့ ပစ်မှတ်ထား အရေးယူဒဏ်ခတ်မှု စာရင်းထဲမှာပါတဲ့ Steven Law နဲ့ Asia World ကုမ္ပဏီတို့အပြင်၊ သူတို့အနေနဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်တဲ့ နောက်ထပ် ကုမ္ပဏီ ၆ ခုကို ထပ်တိုးလိုက်ပါတယ်။

ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှုစာရင်းထဲကနေ ဖယ်လျှော့လိုက်တဲ့အထဲမှာ အစိုးရပိုင်လုပ်ငန်း ၇ ခုနဲ့ နိုင်ငံပိုင် ဘဏ် သုံးခုတို့ပါဝင်ပါတယ်။ ဖယ်လျှော့ခံရတဲ့ အစိုးရလုပ်ငန်းတွေထဲ မြန်မာသစ်လုပ်ငန်း၊ မြန်မာပုလဲလုပ်ငန်း၊ မြန်မာကျောက်မြတ်ရတနာလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း၊ ထုတ်ကုန် သွင်းကုန်လုပ်ငန်းတွေပါဝင်ပြီး၊ ဘဏ်တွေကတော့ မြန်မာ့စီးပွားရေးဘဏ်၊ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ ရင်းနှီးမြုပ်နှံမှုနဲ့ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ ဖြစ်ကြပါတယ်။ ဘဏ်လုပ်ငန်းတွေ အတွက် လုပ်ငန်းလိုင်စင် လုပ်ခွင့်ပေးလိုက်တဲ့ ဘဏ်တွေထဲမှာတော့ အင်းဝဘဏ်နဲ့ မြ၀တီဘဏ်တို့ပါဝင်ပါတယ်။

မြန်မာနိုင်ငံတွင်း သိသာထင်ရှားတဲ့အပြောင်းအလဲတွေ မြင်တွေ့လာရပေမယ့်လို့ အုပ်ချုပ်ရေးပိုင်းကို အရပ်ဖက်က လုံးဝ ချုပ်ကိုင်နိုင်ဖို့ အခြေအနေမရှိသေးတာနဲ့ အခြားသော လူ့အခွင့်အရေး အခြေအနေတွေကြောင့် ဒီ ဥပဒေကို ဆက်ပြီး သက်တမ်းတိုးထားရတာဖြစ်တယ်လို့ သမ္မတ အိုဘားမား လက်မှတ်နဲ့ အိမ်ဖြူတော်ရဲ့ အခု မေလ ၁၇ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို အရေးယူမှုဆက်ရှိနေပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး နောက်ပြန်မလှည့်သွားစေဖို့ မြန်မာအစိုးရနဲ့ရော မြန်မာပြည်သူတွေနဲ့ပါ အမေရိကန်ပြည်ထောင်စုအနေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့လည်း သမ္မတအိုဘားမားက ပြောထားပါတယ်။

ဥပဒေ နောက်ဆက်တွဲပါ လူပုဂ္ဂိုလ်အရ ပစ်ခတ်ထားအရေးယူဒဏ်ခတ်မှု စာရင်းအတော်များများကိုတော့ မူလအတိုင်း ထားရှိပါတယ်။ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် ပုဂ္ဂိုလ်တဦးချင်းစီကို ဖိအားပေးအရေးယူနေတဲ့ တချိန်တည်းမှာပဲ။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး စီးပွားရေးတိုးတက်မှုတွေ အပေါ် ထောက်ခံအားပေးတဲ့အနေနဲ့ အခုလို ဖြေလျှော့မှုအချို့ လုပ်လာတာဖြစ်တယ်လို့ နိုင်ငံခြားရေးဌာန အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ငွေကြေးထောက်လှမ်းမှုဆိုင်ရာ ယာယီ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Adam J.Szubin က ပြောဆိုသွားတာပါ။

ဒီ အရေးယူဒဏ်ခတ်မှုကို အမေရိကန်အစိုးရလုပ်ပိုင်ခွင့်နဲ့ နှစ်စဉ် သက်တမ်းတိုး ဆောင်ရွက်နေတာဖြစ်ပြီး၊ ဒီတကြိမ်မှာတော့ မကြာခင်လာမယ့် စနေနေ့မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ မြန်မာနိုင်ငံ လာရောက်မယ့် အချိန်နဲ့ လည်း တိုက်ဆိုင်နေပါတယ်။

အခုလို အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထားအရေးယူ ဒဏ်ခတ်မှု စာရင်း ပြင်ဆင်ဖြည့်စွက်မှုတွေနဲ့ပတ်သက်လို့ အမေရိကန် ဘဏ္ဍာရေးဌာနရဲ့ ထုတ်ပြန်ချက်ကို ဗွီအိုအေ မြန်မာပိုင်း အောက်ပါ link မှာ အသေးစိတ် ဖတ်ရှုနိုင်ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာန မြန်မာနိုင်ငံ ဒဏ်ခတ် ပိတ်ဆို့မှု ပြင်ဆင် မွမ်းမံချက်

ဌေးလွင်ဦး
RB News
17.5.2016

ရိုဟင်ဂျာ ဟု ဆိုခြင်းကြောင့် တိုင်းရင်းသား စစ်စစ် ဖြစ်၏။

အကြောင်းမူ- မည်သည့် လူမျိုးမှ မှိုပေါက်သလို ပေါက်လာခြင်းကား မရှိ။ လူသား မျိုးနွယ် တစ်စုချင်းစီ၏ ပြောင်းရွှေ့ရာ စီးကြောင်းအရ မြစ်ဖျားခံခဲ့ရာ အရပ် ရှိခဲ့ပေမည်။ သို့သော် လူတစ်မျိုးချင်းစီ၏ တိုင်းရင်းသား ဖြစ်ခြင်း ဌာနေလူမျိုး ဖြစ်သည်ဟု အမှတ်သညှာပြုခြင်းတို့မှာ- ၎င်းတို့၏ ယခင် မူလ စတည်ခဲ့ရာအား ဘိုးဘွားစဉ်ဆက် မမှီဘဲ သမိုင်းဆက်ဖြတ်ခဲ့သည်ထိ ကြာမြင့်လျက် လက်ရှိ အခြေချရာ ဒေသတွင် အမည်တစ်ခုဖြင့် မျိုးရိုးစဉ်ဆက် ဖြစ်တည်နေခဲ့ခြင်း၌ တည်၏။

ဥပမာ- ဗမာ ဟု ခေါ်တွင်နေသော လူမျိုးသည် မြန်မာနိုင်ငံ အတွင်းမှ မှိုပေါက်သကဲ့သို့ ပေါက်ဖွားခဲ့ခြင်း မဟုတ်။ တရုတ်ပြည်မြောက်ပိုင်းမှ နဂိုမူလ နန်ကျောင်လူမျိုးဟု ခေါ်တွင်ခဲ့သော လူမျိုးစု ဖြစ်၏။ နန်ကျောင်တို့ ၀င်လာရာ လမ်းမှာ ယခု ဘူတန် နီပေါလ် မှ အောက်သို့ မဏိပူရ်ကို ဖြတ်၍ လာခဲ့ခြင်း ဖြစ်၏။ (တရုတ်ပြည် မြေပုံကို မကြည့် မသိ သူတို့က တရုတ်ပြည်မှ လာလျှင် ယခု ကချင်ပြည်နယ် ရှမ်းပြည်နယ်ကို ဖြတ်ခဲ့ရမည်ဟုသာ ခံစားမိမည် ထင်သည်။- တရုတ်ပြည်၏ မြေပုံအား သေချာ ကြည့်စေလိုသည်။) မဏိပူရ် တောင်တန်းအား ဖြတ်သန်းဝင်ရောက်ခဲ့သည့် အတွက် လက်ရှိကာလတိုင် ဗမာစကားပြော လူမျိုးများ မဏိပူရ်တောင်တန်းပေါ်တွင် ရှိနေဆဲပင်။ သို့သော် နဂို မူလ ၎င်းတို့၏ ဘိုးဘွားစဉ်ဆက် သမိုင်းသည်ကား ပျောက်ခဲ့ပြီ။ လက်ရှိတွင် နန်ကျောင် မဟုတ်တော့ဘဲ ဗမာ ဟု ဖြစ်နေခဲ့ပြီ။ သို့ဖြစ်၍ ဗမာအား မြန်မာနိုင်ငံ၏ ဌာနေလူမျိုး အဖြစ် အမှတ်သညှာပြုရတော့၏။

ရှမ်းလူမျိုး။ ။ ရှမ်းလူမျိုး- မဏိပူရ်ကုန်းမြင့်မှသည် စစ်ကိုင်းတိုင်းအထက်ပိုင်း- ကချင်ပြည်နယ် အောက်ပိုင်း မှစ လက်ရှိ ရှမ်းပြည်နယ်၊ လာအို၊ ထိုင်းထိ မျိုးရိုးကြီး ရှိနေ၏။ မြန်မာပြည် အနေဖြင့် အလွန်ကြီးမား သော လူမျိုးစုကြီး ဖြစ်၍- လက်ရှိ မြန်မာနိုင်ငံ အတွင်းတွင်ပင်- ဗမာထက် အဆ ပိုများ၏။ (သန်းခေါင် စာရင်း အမှန်ကို ကြည့်ပါ။) အဆိုပါ ရှမ်းလူမျိုးကြီးသည် မြန်မာပြည်တွင်းတွင်သာ “ရှမ်း” ဟူသော အမည်ဖြင့် ဆက်လက်ရှိနေခဲ့ပြီး- လာအို နှင့် ထိုင်း တို့က ခွန်လာအို၊ ခွန်ထိုင်း ဟူသည့် အမည်များဖြင့် သီးခြားခွဲထွက်သွားခဲ့ပြီ။ သမိုင်းအားဖြင့်လည်း နှစ်ပေါင်း ရာထောင် ရှိခဲ့ပြီ။ သို့ဖြစ်၍ လက်ရှိ မြန်မာနိုင်ငံမှ ရှမ်းသည် မြန်မာပြည်တွင် ဌာနေ လူမျိုး အဖြစ် သတ်မှတ်ရ၏။

မြန်မာနိုင်ငံ အတွင်းရှိ ကရင်၊ ကချင်၊ ချင်း၊ မွန်၊ ရခိုင်- စသည့် စသည့်- မည်သည့် လူမျိုး မဟူ လက်ရှိ နေထိုင်ရာ အရပ်ဒေသများတွင် အခြေချနေထိုင်မှု ကာလ ကြာမြင့်လျှက်- ၎င်းတို့၏ မူလဇစ်မြစ်မှ သီးခြားဖြာထွက်ခဲ့ပြီး ဖြစ်သည့် အတွက်- လက်ရှိနေထိုင်ရာ ဒေသတို့၏ ဌာနေများ ဖြစ်ခဲ့ကြပြီ။

လူသား သဘာဝ ပြောင်းရွှေ့မြဲ ဖြစ်သည့် အတွက် ဆက်လက်ပြောင်းရွှေ့ နေသော်လည်း မိမိတို့၏ မျိုးရိုးဇာတိအား မမေ့ပျောက်သေးသည့် လူမျိုးစုတို့အား အဆိုပါ ဒေသတွင် ဌာနေ လူမျိုး အဖြစ် မခေါ်ဆိုအပ် မသတ်မှတ်အပ်ပါ။-

ဥပမာ- မြန်မာနိုင်ငံမှ ကရင်၊ ကချင်၊ ဗမာ၊ ရှမ်း၊ ချင်း၊ ရခိုင် စသည်တို့ အနေဖြင့် ထိုင်း၊ မလေး နှင့် အနောက်နိုင်ငံများသို့ - ယခု ဆယ်စုနှစ်များတွင် ပြောင်းရွှေ့ခဲ့သူတို့ ရှိ၏။ အချို့ဆိုလျှင် ဦးနု ခေတ်ကာလ (လွန်ခဲ့သော နှစ် ၆၀ ခန့်ကပင်) ပြောင်းရွှေ့ခဲ့သူတို့ ရှိ၏။ သို့သော် သူတို့ကိုယ် သူတို့ မိမိတို့၏ ဇာတိများအား မမေ့ပျောက်သေးသည့် အတွက် သက်ဆိုင်ရာ ဒေသများ၌ နိုင်ငံသား အဆင့်ဖြင့်သာ ရပ်တည်နေကြလေ၏။

ရိုဟင်ဂျာ တို့ ဟူမူကား- ရိုဟင်ဂျာတို့သည်လည်း ရခိုင်ဒေသတွင် မှိုပေါက်သကဲ့သို့ ပေါက်ဖွား ခဲ့ကြသူများ မဟုတ်။ ၎င်းတို့၏ မြစ်ဖျားခံရာမှာ (ဘာသာစကား ရိုးရာဓလေ့ အသွင်အပြင် အားဖြင့် လိုက်သော်) နီပေါလ်ဘက်မှ တစ်ဆင့် မဏိပူရ် ကုန်းမြင့်အတိုင်း ရခိုင်ပင်လယ်ကမ်းရိုးထိ စုန်ဆင်းခဲ့ကြသူများ ဖြစ်၏။

၎င်းတို့သည် ဘင်္ဂလီ စင်စစ် လူမျိုးနွယ်များဖြင့် လွန်စွာ ကွာခြားပြီး- ဘာသာစကား ဓလေ့ထုံးတမ်း ရုပ်ရည်သွင်ပြင်လည်း သီးခြားစီ ဖြစ်၏။ (တနည်းအားဖြင့် အနောက်ဘက် ဘင်္ဂလားမှ အရှေ့ဘက် ရခိုင်ဒေသသို့ စီးကြောင်းအားဖြင့် ၀င်ခဲ့ကြသူများ မဟုတ်ဘဲ၊ မြောက်ဘက် မဏိပူရ်ကုန်းမြင့်မှ တောင်ဘက် ရခိုင်ကမ်းရိုးတန်းသို့ စုန်ဆင်းခဲ့ကြသူများသာ ဖြစ်၏။ ရခိုင်ဒေသသို့ ၎င်းတို့ဝင်ခဲ့ကြသည်မှာ လွန်စွာရှေးကျ၍ ၎င်းတို့၏ မူလမျိုးရိုး ဇာတိကိုပင် ၎င်းတို့မသိ မေ့ပျောက်ခဲ့ကြလေပြီ။ ၎င်းတို့နှင့် နီးစပ်မှု ရှိသည့် လူမျိုးနွယ်မှာ လက်ရှိ ကမ္ဘာ့မြေပုံ နိုင်ငံသတ်မှတ်မှု အရ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ နယ်ဆုံရာ (ချင်းပြည်နယ်နှင့် ရခိုင်မြောက်ပိုင်း အထက်ပိုင်းဒေါင့်) များတွင် ရှိနေ၏။ သို့ဖြစ်၍ ၎င်းတို့ လူမျိုးနွယ်မှာ နီပေါလ်မှသည် ရခိုင်ထိ ပျံ့နှံ့လျှက် ရှိ၏။ (ကျမ်းကိုး ပြရန် လိုမည် မထင်- လက်ရှိအချိန်ထိ လူကိုယ်တိုင် သွားရောက်လေ့လာလျှင် - ဘာသာစကား ဆက်စပ်မှုအားဖြင့် တွေ့ရမည် ဖြစ်သည်။- ဟင်နရီ ဂျီ ဘဲလ် မှတ်တမ်းပြုသည့် ၁၈၅၂ ခုထုတ်- An Account of Burma Empire စာအုပ်တွင်လည်း တွေ့နိုင်၏။)

နိုင်ငံများ သီးခြား လွတ်လပ်ရေး ရကြသော အခါ- အဆိုပါ လူမျိုးနွယ်မှ စစ်တကောင်း ဒေသတွင် ရှိနေသည့် သူတို့အား- ဘင်္ဂလားမှ ပိုင်ဆိုင်သွား၍- အုပ်ချုပ်သူ ဘင်္ဂလီ လူမျိုးကြီးမှ ဘင်္ဂလီမှုပြု လျှက် ဘင်္ဂလီဟူသော အမည်ဖြင့် သတ်မှတ်လိုက်သော်လည်း အမှန်စင်စစ်မှာ ၎င်းတို့သည် ဘင်္ဂလီများ မဟုတ်ကြပေ။ စစ်ကိုင်းတိုင်းမှသည် ရှမ်းပြည်နယ် နယ်စပ်ထိ - (မြန်မာပြည် အထက်ပိုင်း ကချင်ပြည်နယ် အောက်ပိုင်း) ကြီးမားကျယ်ပြန့်သော နေရာကြီးတွင် ရှိနေသည့် မြောက်များစွာသော ရှမ်းတို့အား ဗမာ ဟု ဗမာမှု ပြု လိုက်သကဲ့သို့ ဖြစ်၏။

အိန္ဒိယထဲတွင် ပါဝင်သွားသည့် အဆိုပါ လူမျိုးနွယ်မှ လူစုအား အိန္ဒိယနိုင်ငံမှ- အာသံသား၊ မဏိပူရ်သား စသည်ဖြင့် ဒေသနာမည်အားဖြင့် ၎င်းတို့ကိုယ်တိုင် သတ်မှတ်သည့် လူမျိုးအမည်များဖြင့် အသိအမှတ်ပြု၍ ဌာနေလူမျိုးများ အဖြစ် သတ်မှတ်ပေးထား၏။

အဆိုပါ လူမျိုးနွယ်မှ ရခိုင်ဒေသသို့ ပျံ့နှံ့ခဲ့သော ရိုဟင်ဂျာ လူမျိုးစုမှာ- ခိုင်မာသော သမိုင်းကြောင်း အထောက်အထားများ အရ လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ခန့်ကပင် အခြေချနေထိုင်ပြီး ဖြစ်၏။ (ထိုထက် ရှေးကျသော သမိုင်း အချက်အလက်ကိုကား ကျွန်ုပ်လည်း လက်လှမ်းမမှီသေးပါ။) လူသား သဘာဝ အလျှောက် အဆိုပါ ရိုဟင်ဂျာ လူမျိုးသည်လည်း မိမိတို့၏ မျိုးရိုးစဉ်ဆက်အား မေ့ပျောက် ကုန်လျှက် သူတို့ကိုယ် သူတို့ ရိုဟင်ဂျာ ဟုသာ သိနေပြီး ဖြစ်၏။ (ဗမာများမှာ ၎င်းတို့ နန်ကျောင် လူမျိုး ဖြစ်ခဲ့သည်အား မေ့သွားသကဲ့သို့ပင်)။ ရိုဟင်ဂျာ ဟူသော လူမျိုး အမည်အား မှတ်တမ်း ခိုင်မာစွာ ရှိခဲ့သည်မှာလည်း နှစ်ပေါင်း နှစ်ရာကျော် ဖြစ်ခဲ့ပြီ။ ထို့ထက် ရှေးကျသော မှတ်တမ်းများတွင် ရခိုင်ဒေသအား ရိုဟမ်း ဟု ခေါ်တွင်ခဲ့သည်မှာလည်း နှစ်ပေါင်း လေးရာ ကျော် ရှိခဲ့ပြီ။ ၎င်းတို့ ပြောဆို သည့် ဘာသာစကားဖြင့် ရခိုင်ဒေသ မှတ်တမ်း ကျောက်စာများမှာလည်း နှစ်ပေါင်း ထောင်ကျော် ရှိခဲ့ပြီ။ (ကျွန်ုပ်ပြောဆို တင်ပြမှုတို့အား ကျွန်ုပ်ခိုင်မာစွာ ရပ်တည်နိုင်ပါသည်။)

လူမျိုးတစ်မျိုး အနေဖြင့် ၎င်းတို့၏ အနွယ် မည်သည့်ဒေသမှ ဖြစ်ခဲ့စေကာမူ။ အဆိုပါဒေသများတွက် ဆက်လက်ရှိနေစေကာမူ-၊ အဆိုပါ လူမျိုးတစ်မျိုးသည် ဒေသတစ်ခုတွင် နှစ်ပေါင်း ရာထောင် ချီလျှက် ကိုယ်ပိုင်အမည်နာမဖြင့် ရပ်တည်ခဲ့ပြီ ဖြစ်၍-။ အဆိုပါ လူမျိုး (ရိုဟင်ဂျာ)တို့သည် ရခိုင်ဒေသ၏ မူလဌာနေ လူမျိုး အဖြစ် မသတ်မှတ်၍ မရနိုင်တော့ပေ။

မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတကြီး စပ်ရွှေသိုက် ပြောခဲ့သည့် စကားအတိုင်းပင်- အကယ်၍ ရိုဟင်ဂျာ လူမျိုးတို့အား မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖြစ် မသတ်မှတ်က- ရှမ်း၊ ချင်း၊ ကရင်၊ ရခိုင်၊ မွန် တို့သည်လည်း မြန်မာနိုင်ငံ၏ တိုင်းရင်းသား အဖြစ် သတ်မှတ်၍ မဖြစ်နိုင်တော့ပါ။

အချို့ကလည်း စောဒက တက်လိုသည်မှာ- ရှမ်းလူမျိုးသည် ထိုင်း၊ မြန်မာ တရုတ် တွင် ရှိ၏။ မွန်လူမျိုးသည် ထိုင်း၊မြန်မာ တွင် ရှိ၏။ ရခိုင်လူမျိုးသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာတွင် ရှိ၏။ သို့ဖြစ်၍ ဟိုဘက်ဒီဘက် ခွနေသော လူမျိုးဖြစ်ကာ- လူမျိုးအမည်ဖြင့် သတ်မှတ်မှု ရှိ၏။ သို့သော် ဘင်္ဂလားဒေ့ရှ် တွင် ရိုဟင်ဂျာ ဟု မရှိ- သို့ဖြစ်၍ ရခိုင်တွင်လည်း ရိုဟင်ဂျာ ဟု မရှိရာ၊ မရှိအပ် ဟု စွပ်စွဲလိုကြ၏။- အဆိုပါ စောဒက ပြုသူများ ဆင်ခြင်ရမည်မှာ-

ဗမာမှုပြုခံထားရသော ရှမ်းဖြူ လူမျိုး အမည်ဖြင့် ထိုင်းတွင် မရှိပါ။ ကရင်လူမျိုး အမည်ဖြင့် ထိုင်းတွင် မရှိပါ- (ထိုင်းက ကလီယန် ဟုသာ ခေါ်သည်။ ထိုင်းရှိ ကလီယန် တို့အား တိုင်းရင်းသား အဖြစ် သတ်မှတ်ပေးထားသည်)- အဆိုပါ ကရင် လူမျိုးနွယ်အား အင်ဒိုနီးရှားတွင် အော့ကရောင် လူမျိုးဟု ခေါ်သည်။ (မြန်မာနိုင်ငံတွင် ရှိသော ကရင်လူဦးရေဖြင့် မတိမ်းမယိမ်း ရှိသည်။) အက်ဒ်မန်ကျွန်းသည် မူလ ကရင်လူမျိုးများ၏ ဒေသ ဖြစ်၍ ယခု အခါ အိန္ဒိယ လူမျိုးဟုသာ အမည်တွင်တော့သည်။ လက်ရှိထိ သက်ကြီးရွယ်အိုများမှာ ကရင်စကားပြောလျှက်၊ ကရင်ရိုးရာ ၀တ်စုံဖြင့် ကျန်နေပါသေး သည်။

ထိုထက် အနီးစပ်ဆုံး ဥပမာ ကို ပေးရသော်- ဒိုင်းနက် လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိပါ။ ကမန် လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိပါ။ ရခိုင်လူမျိုး အမည်ဖြင့် ဘင်္ဂလားတွင် မရှိခဲ့ပါ။ (မော့ဂ် ဟုသာ သတ်မှတ်ခဲ့သည်။) ယခု နောက်ပိုင်းတွင်မှ မော့ဂ် ဟူသည် ရခိုင် ဟု သတ်မှတ်လာခဲ့ခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဘင်္ဂလားတွင် ဒိုင်းနက်ဟု ခေါ်သော လူမျိုး မရှိ၍ မြန်မာတွင်လည်း ဒိုင်းနက် မရှိရ ဟု သတ်မှတ်လျှင်- မြန်မာ ဘင်္ဂလား ခွ နေသော လူမျိုးတို့အား ဘင်္ဂလား စကားဖြင့်သာ သတ်မှတ်ရ တော့မည် ဖြစ်သည်။ ထိုသို့ဖြစ်လျှင်- ဗမာ လူမျိုးများကိုလည်း မာရ်မာ့ လူမျိုးဟု ပြောင်းလဲ သတ်မှတ်ရန်၊ ရခိုင် လူမျိုးကိုလည်း မော့ဂ် လူမျိုးဟု ပြောင်းလည်း သတ်မှတ်ရန်သာ ရှိသည်။

ရခိုင်ဒေသတွင် ဌာနေ လူမျိုး ဖြစ်တည်ပြီး ဖြစ်သော “ရိုဟင်ဂျာ” တို့၏ လက်တွေ့ မျက်တွေ့ ခိုင်မာသော အထောက်အထားမှာ- အမေရိကန် အပါအ၀င် အနောက်နိုင်ငံများသို့ ရောက်နှင့်ပြီး “ရိုဟင်ဂျာ” များက ၎င်းတို့သည် ရိုဟင်ဂျာ လူမျိုးပင်ဖြစ်သည်ဟု ရပ်တည်နေခြင်းပင်။ အကယ်၍ ၎င်း တို့ အနေဖြင့် ရိုဟင်ဂျာ လူမျိုး စင်စစ် မဟုတ်ခဲ့ပါက- လူ့အခွင့်အရေး အပြည့်အ၀ ရှိ၍- မိမိ သတ်မှတ် လိုသည့် အမည်အား သတ်မှတ်နိုင်သည့် နိုင်ငံများတွင်- သူတို့၏ ဇာတိ အမှန်အားဖြင့် သူတို့ ရပ်တည် လိုက်ကြမည်သာ ဖြစ်၏။ အမေရိကန်ရောက် ဘယ် ဗမာ တစ်ယောက်မှ (မိမိ၏ မြန်မာနိုင်ငံ ဆင်းရဲမွဲတေလျှက် မျက်နှာငယ်နေရချိန်တွင်ပင်) မိမိသည် ထိုင်းလူမျိုး ဖြစ်သည်ဟုလည်းကောင်း၊ မိမိသည် တရုတ်လူမျိုး ဖြစ်သည်ဟု လည်းကောင်း ရပ်တည်ခြင်း ပြောဆိုခြင်း မရှိသကဲ့သို့။ ရိုဟင်ဂျာ တို့သည်လည်း မိမိသည် ဘင်္ဂလီ ဖြစ်သည်ဟု ရပ်တည်သူ တစ်ဦးတစ်ယောက်မျှ မရှိပါချေ။

ဗမာတို့၏ ဌာနေလူမျိုး ဖြစ်ကြောင်း ဗမာတို့၏ ရပ်တည်ချက်အားဖြင့် လုံလောက်သကဲ့သို့ ရိုဟင်ဂျာတို့၏ ဌာနေလူမျိုး ဖြစ်ကြောင်းသည်လည်း ရိုဟင်ဂျာတို့၏ ရပ်တည်ချက်ဖြင့်ပင် လုံလောက်ပေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ၎င်းတို့၏ ကိုယ်ပိုင် အခွင့်အရေးအား ၀င်ရောက်စွက်ဖက်ခွင့် မရှိပါချေ။

မုဟမ္မဒ်တွာဟေရ်(ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
Civil Rights Movement



MYARF
RB News
17.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း မြင်းလွတ်၊ သပြေတော၊ ဥဒေါင်းနှင့် အနီးအနားရှိ ကျေးရွာများတွင် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ပြုပြင်ခဲ့သော နေအိမ်များမှ စစ်တပ်နှင့် ၎င်းတို့၏ သတင်းပေး ရှော်ဘိရ်တို့ ပူးပေါင်း၍ ငွေသိန်းချီ ညှစ်ယူလျက် ရှိနေကြောင်း သတင်း ရရှိပါသည်။

ဥဒေါင်း ကျေးရွာအုပ်စု မြောက်ရွာမှ လူကုန်ကူးမှု ပွဲစား ရှော်ဘိရ် (ဘ) ဦးဆိဒိတ်သည် မြင်းလွတ် တောင်ကျော်လမ်း အခြေစိုက် စစ်တပ်စခန်းမှ ဗိုလ်ကြီးနှင့် အတူ အထက်ဖော်ပြပါ ကျေးရွာ အသီးသီးသို့ သွားရောက်၍ နေအိမ် ဆောက်လုပ်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်နေသည်ဟု အကြောင်းပြ၍ တစ်အိမ်လျှင် ငွေကျပ် နှစ်သိန်းမှ သုံးသိန်းထိ ညှစ်ယူလျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောသည်။ အဆိုပါ နေအိမ်များကို သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ပြုပြင်ခွင့် ပေးထားခဲ့သည်။ သို့သော်လည်း ဧပြီလ (၅) ရက်နေ့မှ စ၍ ယခုကဲ့သို့ ငွေညှစ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ငွေညှစ်ခံရသူများ အနက် အချို့မှာ --

(၁) ဦးဟာရှိမ် (ဘ) ဦးအဒူဆော်လာမ် - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၂) ဦးရှော်ဘီ (ဘ) ဦးဟာန်ဖူးရား - မြင်းလွတ် ဇူမ်ဟာဒါရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၃) မော်လ၀ီ ရော်ဟီးမူလ္လာ (ဘ) ဦးမိုဟာမတ်ဆိဒိတ် - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်း
(၄) ဦးရော်ဖိကုလ်အစ္စလာမ် (ဘ) ဦးမိုဟာမတ်ဆိဒိတ် - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း
(၅) ဦးအဒူမူနာဖ် (ဘ) ဦးမိုဟာမတ်ဟူစိန်း - မြင်းလွတ် -- ညှစ်ခံရငွေကျပ် သုံးသိန်း
(၆) ဦးရှားလောမ် (ဘ) ဦးရှောရီ - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် တစ်သိန်းငါးသောင်း
(၇) ဦးအီဆုပ် (ဘ) ဦးနူရ်မာလ်ဟာကိမ်း - မြင်းလွတ် ဖွေရာရွာ -- ညှစ်ခံရငွေကျပ် တစ်သိန်းရှစ်သောင်း
(၈) ဦးဟာရှိမ်အုလ္လာ (ဘ) ဦးနော်ဘီဟူစိန်း - မြင်းလွတ် ဖွေရာရွာ -- ညှစ်ခံရငွေကျပ် သုံးသိန်း
(၉) ဦးဆွေတာလောမ် (ဘ) ဦးဆီရာဇူး - မြင်းလွတ် ချီတာရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၁၀) ဦးနော်ဇူမာလီ (ဘ) ဦးမော်ဂူလ် - မြင်းလွတ် ဇူမ်ဟာဒါရွာ -- ညှစ်ခံရငွေကျပ် နှစ်သိန်း -- တို့ဖြစ်သည်။

စစ်တပ် သတင်းပေး ရှော်ဘိရ်သည် မောင်တော တောင်ပိုင်း၊ မြောက်ပိုင်းရှိ ကျေးရွာများသို့ လှည့်လည် သွားရောက်ပြီး ရိုဟင်ဂျာ လူငယ်များကို လှေစီး၍ မလေးရှားသို့ သွားရောက်ရန် စည်းရုံးလေ့ရှိပြီး၊ သွားမည့်သူများကို ခရီးစတင်မည့် နေရာသို့ စုစည်း၍ ခေါ်ဆောင်လာသည့် လူကုန်ကူးမှု ပွဲစား တစ်ဦး ဖြစ်ကြောင်း၊ ၂၀၁၄ ခုနှစ်တွင် မြို့နယ် လူကုန်ကူးမှု တားဆီးရေး တပ်ဖွဲ့စုမှ ၎င်းအား စစ်ဆေးမေးမြန်းရန် ၀ရမ်းထုတ်ခဲ့ကြောင်း၊ ယခုအခါ မြင်းလွတ် တောင်ကျော်လမ်း အခြေစိုက် စစ်တပ်စခန်းမှ ဗိုလ်ကြီးနှင့် ပူးပေါင်း၍ ဗိုလ်ကြီးအား ငွေညှစ်နိုင်မည့် လမ်းကြောင်းများ ရှာဖွေပေးရင်း စစ်တပ်နှင့် အနီးကပ်နေခြင်းမှာ လူကုန်ကူးမှုဖြင့် ဖမ်းဆီး မခံရရန် အတွက်သာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
17.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ငါးခူရ ကျေးရွာတွင် အထူးသတင်းတပ်ဖွဲ့ (SB) နှင့် ရ.ယ.က ဥက္ကဌဟောင်း ဦးမောင်လုံချေ တို့ပူးပေါင်းပြီး ဒေသခံ ရိုဟင်ဂျာများပိုင် နွားသောက်ရေကန်ကို သိမ်းလိုက်သည့် အပြင် ရေသောက်ရန် ရောက်လာသမျှ ကျွဲ၊နွားများကို ဖမ်းဆီး၍ ပိုင်ရှင်များထံမှ ငွေသိန်းချီ ညှစ်နေကြောင်း သတင်း ရရှိပါသည်။

ငါးခူရကျေးရွာ အခြေစိုက် အထူးသတင်းတပ်ဖွဲ့ (SB) နှင့် ကျေးရွာ ရ.ယ.က ဥက္ကဌဟောင်း ဦးမောင်လုံးချေ တို့သည် ဒေသခံ ရိုဟင်ဂျာ ရွာသားများ ဘိုးဘွားပိုင် ကျွဲ၊နွား သောက်ရေကန်ကို အတင်းအဓမ္မ သိမ်းပိုက်သည့် အပြင် ရေသောက်ရန် ရောက်လာသည့် ကျွဲ၊နွားများကို ဖမ်းဆီးချည်နှောင်ထားပြီး ပိုင်ရှင်များထံမှ တစ်ကောင်လျှင် ငွေကျပ် တစ်သိန်းမှ နှစ်သိန်းထိ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးကြောင်း ဒေသခံများက RB News သို့ပြောသည်။

ငါးခူရ ကျေးရွာ အနောက်ဘက် ကိုက် (၂၀၀) ခန့် အကွာအဝေး လယ်ကွင်းပြင် အလယ်တွင် ရှေးနှစ်ပေါင်းများစွာ ကတည်းက တူးဖော်ထားသည့် သောက်ရေကန် တစ်ကန် ရှိသည်။ ရေကန်၏ အရပ်လေးဘက်တွင် ဒေသခံ ရိုဟင်ဂျာများပိုင် လယ်ယာမြေ ရှိပြီး၊ ယင်းရေကန်ကို ကျွဲနွား တိရစ္ဆာန်များ ရေသောက်နိုင်ရန် အတွက်သာ တူးဖော်ခဲ့ခြင်းမှာ နှစ်ပေါင်း ၁၅၀ နီးပါး ရှိနေပြီ ဖြစ်သည်။ ယခုအခါ ယင်းရေကန်ကို SB နှင့် ဦးမောင်လုံးချေ တို့က အတင်းအဓမ္မ သိမ်းပိုက်ပြီး ငွေညှစ်ခြင်း၊ အနှောက်အယှက် ပေးလျက် ရှိနေသည်။ ရွာတွင် ကျွဲ၊နွားများ ရေသောက်နိုင်သည့် အခြားရေကန် မရှိသဖြင့် ကျွဲနွားပိုင်ရှင်များက ၎င်းတို့၏ ကျွဲ၊နွားများကို ရေတိုက်ရန် အခက်ကြုံလျက် ရှိသည်။

သို့ဖြစ်၍ သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အများပြည်သူပိုင် ရေကန်ကို မသက်ဆိုင်သူများ ကျူးကျော် ၀င်ရောက် သိမ်းပိုက်ခြင်းနှင့် ရေကန်မှ ကျွဲနွားများ ရေသောက်သည်ကို အကြောင်းပြု၍ ငွေညှစ်နေခြင်းကို အချိန်မှီ ဟန့်တား ပေးရန် ဒေသခံများက တောင်းဆိုကြောင်း RB News သို့ပြောသည်။



Rohingya Eye
RB News
15.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၃) ရပ်ကွက် မှ ပန်းတိမ်ဆရာ ဦးထွန်းဝေ၏ သား ထွန်းထွန်းဦး (အသက် ၃၀ ၀န်းကျင်) သည် မောင်တောမြို့ရှိ ကမ္ဘာ့ရတနာဘဏ်မှ လုံခြုံရေး ၀န်ထမ်းတစ်ဦး ဖြစ်သည်။ မေလ (၈) ရက်နေ့ ည (၈) နာရီ အချိန်တွင် မောင်တော မြို့နယ် မြောက်ပိုင်း ငါးခူရ ကျေးရွာနှင့် အနီးတ၀ိုက်တွင် နေထိုင်သူ ဥာဏ်ရည်အားနည်း၍ သွားလိုရာကို သွားတတ်သည့် ဦးဖော်ရ်ဆားဖ် (အသက် ၄၈ နှစ်) သည် ခ.ယ.က ရိပ်သာ (ယခင် အကျဉ်းထောင်ဟောင်း၏ မြေနေရာ) ၌ ကျင်းပနေသည့် ကုန်စည်ပြပွဲသို့ ပြန်လာစဉ် ထွန်းထွန်းဦးကို ပွတ်မိရုံဆိုမျှ တိုက်မိခဲ့သည်။

တိုက်မိပြီးနောက် ထွန်းထွန်းဦးက ၎င်းကို တစ်နေရာသို့ ခေါ်ဆောင်သွားပြီး ရိုက်နှက်ပြီး ဓါးချွန်တစ်လက်ဖြင့် ထိုးခဲ့သည်။ ထို့နောက် ဦးဖော်ရ်ဆားဖ် သေဆုံးသွားပြီဟု ယူဆကာ အမှတ် (၃) ရှီးဒါရွာ (မင်္ဂလာဖာရာ) တွင် ပစ်ချရန် ကြိုးစားနေစဉ် ရိုဟင်ဂျာ ရွာသားများ ရောက်ရှိလာခဲ့သည်။ ရွာသားများက သွေးများ ပေကျံနေသူကို တွေ့ရှိသဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးမှ တဆင့် မြို့နယ် ရဲစခန်းသို့ အကြောင်းကြားရာ ည ၁၁ နာရီ အချိန်တွင် ရဲတပ်ကြပ်ကြီး စံလှအောင်နှင့် အဖွဲ့ ရောက်ရှိလာပြီး ဓါးဒဏ်ရာနှင့် ထွန်းထွန်းဦး တို့ကို တွေ့ရှိသဖြင့် ဓါးဒဏ်ရာ ရရှိသူကို မောင်တော ပြည်သူ့ ဆေးရုံ ပို့ဆောင်ပြီး ထွန်းထွန်းဦးကို နာရီဝက်မျှ ထိန်းသိမ်းထားပြီးနောက် ပြန်လည် လွှတ်ပေးလိုက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထွန်းထွန်းဦးကို လွှတ်ပေးခဲ့ခြင်းမှာ ဓါးထိုးခံရသူမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်သောကြောင့် လွှတ်ပေးခဲ့ခြင်း ဖြစ်ပြီး၊ ဦးဖော်ရ်ဆားဖ် ကျန်းမာရေး ကောင်းမွန်လာလျှင် တရားမ၀င် ခိုးဝင်သည့် ပုဒ်မဖြင့် တရားစွဲဆို သွားမည် ဖြစ်ကြောင်း ရဲတပ်ကြပ်ကြီး စံလှအောင်က ပြောဆိုသည်ဟု ဒေသခံများက ပြောပါသည်။

“ရဲတပ်ကြပ်ကြီး စံလှအောင်က လူသတ်မှု ကျူးလွန်သူကို အရေးမယူဘဲ ဗုဒ္ဓဘာသာဝင် ဖြစ်လို့ လွှတ်ပေးခြင်းက မြန်မာနိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေကို မျက်ကွယ်ပြုလိုက်ပါဘဲ။ ဓါးထိုးခံရသူက မြန်မာနိုင်ငံသားပါ။ ဦးနှောက်မကောင်းတာကို အခွင့်ကောင်းယူပြီး ခိုးဝင်သူလို့ စွပ်စွဲပြီး လူသတ်မှု ကျူးလွန်သူကို ဘာမှ အရေးယူတာကလည်း အတော်လေးကို ရုပ်ဆိုး အကျည်းတန်တဲ့ လုပ်ရပ်ပါ။ လူသတ်မှု ကျူးလွန်တဲ့ တရားခံကို အခုလို လွှတ်လိုက်တာက နောက်ထပ် အမှုတွေကို ကျူးလွန်ဖို့ လိုင်စင် ထုတ်ပေးလိုက်သလို ဖြစ်သွားပြီ။ ရဲတပ်ကြပ်ကြီးရဲ့ လုပ်ရပ်က အခုအစိုးရသစ် လက်ထက် တရားဥပဒေ စိုးမိုးရေးကို စိန်ခေါ်လိုက်တာလည်း ဖြစ်တယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

ဓါးထိုးခံရသူ ဦးဖော်ရ်ဆားဖ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား တစ်ဦး မဟုတ်ဘဲ မောင်တောမြို့တွင် အမြဲတွေ့နေရသူ တစ်ဦး ဖြစ်သည်။ ယခုအခါ ၎င်းကို ရဲအစောင့်အရှောက် များဖြင့် ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။



Rohingya Eye
RB News
15.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြောက်ပိုင်း နယ်မြေ (၆) နယ်ခြားစောင့် ရဲတပ်ဖွဲ့ အပိုင် ကျေးရွာ အသီးသီးမှ ပုဇွန်ကန် ပိုင်ရှင်များနှင့် ပုဇွန် လုပ်ငန်းရှင် (၃၈) ဦးကို နယ်မြေ (၆) နယ်မြေမှူး ကိုယ်စား ဒုရဲအုပ် အဆင့် ရှိသူ တစ်ဦးက ကျောက်လှေကား ကျေးရွာရှိ လဘက်ရည်ဆိုင် တစ်ဆိုင်တွင် မေလ (၁၁) ရက်နေ့ နေ့လည် ၁၂း၃၀ နာရီ အချိန်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။

ဒုရဲအုပ် အဆင့်ရှိသူက “နယ်မြေ (၆) ပိုင်နက် အတွင်း နယ်စပ်ခြံစည်းရိုးတွေ ပျက်စီးသွားတယ်။ ပြန်လည် ပြုပြင်ဖို့ နိုင်ငံတော်ကနေ ဘက်ဂျက်ချ မပေးဘူး၊ ပြုပြင်ဖို့ အတွက် (၃၇) သိန်း လိုအပ်နေတယ်၊ မင်းတို့ လုပ်ငန်းရှင်တွေဆီက အဲဒီ ငွေ (၃၇) သိန်းကို ယူဖို့ အထက် လူကြီးတွေက ပြောထားတယ်” ဟု ပြောဆိုခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

လုပ်ငန်းရှင် တစ်ဦးက “ကျွန်တော်တို့က လုပ်ငန်း အဆင်မပြေ ဖြစ်နေတယ်။ တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို တင်ပို့ဖို့လည်း ဈေးမကိုက်တာကြောင့် မရောင်းနိုင်ဘူး၊ ဒါကြောင့် ကျွန်တော်တို့ ပေးနိုင်မှာ မဟုတ်ဘူး” ဟု ပြောဆိုခဲ့သော်လည်း ဒုရဲအုပ်က ပုဇွန်ကန် ပိုင်ရှင်တစ်ဦးစီမှ ငွေကျပ် တစ်သိန်းနှစ်သောင်းစီ ပေးသွင်းရန်နှင့် ပုဇွန်လုပ်ငန်းရှင် တစ်ဦးစီမှ ငွေကျပ် ရှစ်သောင်းစီ ပေးသွင်းရမည်ဟု ပြောဆိုခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။


MYARF
RB News
15.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့သူကြီး ကျေးရွာတွင် ယာဉ်တိုက်မိ၍ အမျိုးသမီး တစ်ဦးနှင့် ကလေးငယ် တစ်ဦး သေဆုံးခဲ့ရကြောင်း သတင်း ရရှိပါသည်။

မေလ (၁၄) ရက်နေ့ နံနက် ၁၀း၃၀ နာရီ အချိန်ခန့်တွင် မြို့သူကြီး ကျေးရွာအုပ်စု၊ ရာဇာဘိလ်ရွာမှ ဒေါ်အာမီနာခါတူ (ဘ) ဦးအေဇာရ်မျာ (အသက် ၄၀ နှစ်) သည် (၂၄) ရက်သား အရွယ်ရှိသည့် ၎င်း၏ မြေးဖြစ်သူ အိုမောရ်ဖိုင်ဆဲလ် (ဘ) ဦးနူရ်ဟာရှိမ်ကို ပွေ့ချီ၍ မောင်တောမြို့မ ဈေးမှ ဆေးကုသမှု ခံယူ၍ ပြန်လာနေစဉ် မြို့သူကြီး ကျေးရွာ အရှေ့ဘက် ရာဇာဘိလ် လမ်းဝသို့ရောက်သည့် အခါ (၃) မိုင်ဘက်မှ အရှိန်ဖြင့် မောင်းနှင်လာသည့် Tiba ကုန်တင်ကား တစ်စီးက ၀င်တိုက်ခဲ့သည်။ ယာဉ်တိုက်ခံရသည့် မြေးအဖွား နှစ်ဦးလုံးသည် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက RB News သို့ပြောသည်။

ယာဉ်မောင်းဖြစ်သူ ဦးပူရီသည် ယာဉ်တိုက်မှု ဖြစ်ပွားပြီးနောက် ကားကို ယင်းရွာထဲတွင် ထား၍ ထွက်ပြေး သွားခဲ့သည်။ နာရီပိုင်းအတွင်း ယာဉ်ထိန်းရဲများက လာရောက် စစ်ဆေးပြီးနောက် အမျိုးသမီးနှင့် ကလေးငယ်တို့၏ ရုပ်အလောင်းများကို ခွဲစိတ် စစ်ဆေးရန် မြို့နယ် ပြည်သူ့ဆေးရုံ ပို့ဆောင်ခဲ့သည်။ ညနေ (၄) နာရီ အချိန်တွင် အလောင်းများကို မိသားစု ထံသို့ လွှဲပြောင်း ပေးခဲ့ပြီး၊ ည (၇) နာရီခန့် အချိန်တွင် မြေမြှပ် သဂြိုဟ်ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။ 

အမျိုးသမီးနှင့် ကလေးငယ်ကို တိုက်ခဲ့သည့် ကားနံပါတ်မှာ YNG – 5T – 1649 ဖြစ်ပြီး၊ ကားပိုင်ရှင်မှာ (၄) မိုင် ရခိုင်ရွာမှ ဦကျော်စိန် ဖြစ်သည်။ ယာဉ်မောင်း ဦးပူရီသည် မြို့သူကြီး ကျေးရွာအုပ်စု ဝေသာလီရွာမှ ဖြစ်သည်။ 

“အခု ယာဉ်တိုက်မှုက မတော်တဆ ဖြစ်ခဲ့တာ မဟုတ်ဘူး။ မဆင်မခြင် အရှိန်နဲ့ မောင်းလို့ ဖြစ်တာ။ ရခိုင် ယာဉ်မောင်းတွေက ရိုဟင်ဂျာရွာတွေထဲ ၀င်လာတာနဲ့ အရှိန်ပြင်းပြင်းနဲ့ ကားမောင်းတယ်။ အဲလို မဆင်မခြင် မောင်းတာကြောင့် အခုလို ယာဉ်တိုက်မှု ဖြစ်ရတာ” ဟု ယင်းရွာသား တစ်ဦးက ပြောပါသည်။ 

သက်ဆိုင်ရာ ရဲစခန်းမှ ယာဉ်တိုက်မှု ကျူးလွန်သူကို ဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရန်နှင့် သေဆုံးသူ များ၏ မိသားစုများကို လျော်ကြေးပေးရန် ဒေသခံများက မေတ္တာရပ်ခံသည်ဟု အဆိုပါ ရွာသားက ပြောပါသည်။



MYARF
RB News
15.5.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင်၊ တောင်ပြို (ယာ) ကျေးရွာ အုပ်ချုပ်ရေးမှူးက ဒေသခံ ရိုဟင်ဂျာများ ပိုင်ဆိုင်သည့် နွားစားကျက်မြေနှင့် တောင်ကုန်းမြေ များကို သိမ်းဆည်း၍ အပင်များ စိုက်နေသည်ဟု သတင်း ရရှိပါသည်။

တောင်ပြို (ယာ) ကျေးရွာ တာဝန်ခံ ဦးအာဖ်ဆာရ်အာလောမ်သည် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ မြေတိုင်းစာရေး ဦးခင်မောင်သန်း ဆိုသူနှင့် ပူးပေါင်း၍ အောက်ဖော်ပြပါ ဒေသခံများ၏ နွားစားကျက်မြေနှင့် တောင်ကုန်းများကို သိမ်းဆည်း၍ အပင်များ စိုက်ပျိုးနေကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထိုကဲ့သို့ သိမ်းဆည်းမှုကြောင့် လယ်ယာလုပ်ငန်း လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုနေကြသည့် မူလပိုင်ရှင်များမှာ နွားမွေးမြူရေး အတွက် အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။ ထို့ကြောင့် တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အခြေစိုက် စစ်ဗျူဟာမှူး၊ မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် အခြား ဌာနဆိုင်ရာ အကြီးအကဲများက အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ဖြစ်ရပ်မှန် ဖော်ထုတ်ပြီး စီရင်ဆုံးဖြတ်ရန်နှင့် ခေါင်းပုံဖြတ် နေသည့် ကျေးရွာ တာဝန်ခံအား ထိရောက်စွာ အရေးယူပေးပါရန် ဒေသခံများက မေတ္တာရပ်ခံလိုသည်ဟု ပြောပါသည်။

နွားစားကျက်မြေနှင့် တောင်ကုန်းမှ မြေများ သိမ်းခံရသည့် ဒေသခံများမှာ --

(၁) ဦးနူရ်အာမတ် (ဘ) ဦးအာမတ်ဒူရာမာန်
(၂) ဦးယာကုဖ် (ဘ) ဦးမာတ်ဟူဆောင်း
(၃) ဦးနူရ်ဘော်ရှော်ရ် (ဘ) ဦးမာမတ်ဟူဆောင်း
(၄) ဦးဇာဟိတ်အာလောမ် (ဘ) ဦးဘော်ဒီရော်မာန်
(၅) ဒေါ်ဂူရာနီ (ဘ) ဦးမော်ဟော်လောစ်
(၆) ဦးဇာဟိတ်ဟူဆောင်း (ဘ) ဦးအာဖ်လာတွန်
(၇) ဦးမာမတ်ဟူဆောင်း (ဘ) ဦးအာဖ်လာတွန်
(၈) ဦးရှော်ဖိတ် (ဘ) ဦးမာမတ်ဟူဆောင်း
(၉) ဦးဂျာဘူလ်ဟောက် (ဘ) ဦးဘော်ဒီရာမန်
(၁၀) ဦးဇော်ကိရ်အာမတ် (ဘ) ဦးဆိဒိတ်အာမတ်
(၁၁) ဦးနူရ်အာမတ် (ဘ) ဦးအာမဒူရာမာန်
(၁၂) ဦးနူရ်ကာမာလ် (ဘ) ဦးမာမတ်အာမီးန် -- တို့ဖြစ်သည်။

ရိုဟင်ဂျာလို့ ခေါ်ဝေါ် သုံးစွဲမှု မြန်မာနိုင်ငံရှိ အမေရိကန် သံရုံးရှေ့ ဆန့်ကျင် ဆန္ဒပြ။

အင်ကြင်းနိုင်
ဗွီအိုအေမြန်မာပိုင်း
14.5.2016

ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ်နဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အနေနဲ့ ဆက်လက် သုံးစွဲသွားမှာ ဖြစ်သလို ဒီလူ့အဖွဲ့အစည်း အသိုင်းအ၀ိုင်းနဲ့ ပတ်သက်လို့ လူသားချင်း စာနာမှု ဆိုင်ရာ စိုးရိမ်မကင်း ဖြစ်မှုတွေကိုလည်း ကုလသမဂ္ဂ အနေနဲ့ ထုတ်ဖေါ် ပြောဆိုခဲ့ကြောင်း ကုလ အတွင်းရေးမှုးချုပ်ရုံးက ပြောဆိုလို က်ပါတယ်။

ဒါပေမဲ့ NLD နာယက ဦးတင်ဦးကတော့ စိန်ခေါ်မှုတွေ အများကြီးရင် ဆိုင်နေရတဲ့ မြန်မာ့ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးမှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ ရခိုင်ပြည်ကိစ္စကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ သတိထား သုံးနှုံးပြောဆိုဖို့ လိုကြောင်း ပြောပါတယ်။ ဆက်သွယ် မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ပြောပြမှာပါ။

ရခိုင်ပြည်နယ်က မူဆလင် လူနည်းစုတွေကို ရိုဟင်ဂျာလို့ ခေါ်ဝေါ်မှုအပေါ် အမျိုးသားရေးဝါဒီ မဘသနဲ့ သူရဲ့နောက်လိုက်အဖွဲ့တွေက ဒီသတင်းပတ်တွေ အတွင်း ပြင်းပြင်းထန်ထန်ကန့်ကွက်နေတဲ့ကြားမှာ အမေရိကန်ပြည်ထောင်စုနဲ့ ကုလသမဂ္ဂတို့က ဒီအခေါ်အဝေါ်ကို ဆက်လက် သုံးစွဲသွား မှာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီလူ့အသိုင်းအ၀ိုင်းကို လူသားချင်းဆိုင်ရာ အကူအညီတွေ ကို နှစ်ပေါင်းများစွာ ထောက်ပံ့ခဲ့တာဖြစ်ပြီး အခုချိန်မှ ရိုဟင်ဂျာဆိုတဲ့ အခေါ်အဝေါ် ကို ပြောင်းပြီး အခြားအမည်ခေါ်ဖို့ အကြောင်းမရှိကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံး ရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကိုပြောပါတယ်။

"ဒီအသုံးအနှုန်းကို ဒီလိုအခြေအနေတွေ မတိုင်ခင် အရင်ကတည်းက သုံးနှုန်းခဲ့တာပါ။ ဒါကြောင့် ဒီအခေါ်အဝေါ်ကို ရှောင်လွှဲဖို့ အကြောင်းလဲမရှိပါဘူး။"

VOA။ ။ မြန်မာအစိုးရဘက်ကရော ဒီရိုဟင်ဂျာဆိုတဲ့အခေါ်အဝေါ်ကိုရှောင်လွှဲဖို့ ကုလသမဂ္ဂကို မေတ္တာရပ်ခံထားရော ရှိပါသလားရှင့်

"အစိုးရဘက်က ဒီလိုမျိုးမေတ္တာရပ်ခံတယ်ဆိုတာမျိုးတော့ ကျမ မသိပါဘူး။ ဒါပေမဲ့လို့ ဒီအခေါ်အဝေါ်ကို ကျမတို့အရင်ကတည်းကသုံးနှုန်းခဲ့တာဖြစ်တဲ့အပြင် ဒီလူ့အဖွဲ့အစည်းနဲ့ ပတ်သက်လို့ လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်မကင်းဖြစ်မှုတွေ ကို ကုလသမဂ္ဂအနေနဲ့ ထုတ်ဖေါ်ပြောဆိုခဲ့တာပါ။"

ဒါပေမဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အခက်အခဲပေါင်းစုံ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ ရဲ့အခြေအနေကိုနားလည်သင့်ပြီး ဒီအကြပ်အတည်းပြသနာနဲ့ ပတ်သက်လို့ သတိထားသုံးနှုံးဖို့လိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦးကပြောပါတယ်။

"ရိုဟင်ဂျာဆိုတဲ့ ကိစ္စ စကားကတော့ အခုအချိန်အခါမှာ တဖက်နဲ့တဖက် စကားလုံး သုံးခြင်းအားဖြင့်ပေါ့နော် ဒါ ပိုပြီးတော့ ငြိမ်းချမ်းရေးဖြစ်မယ့်ကိစ္စမှာ အနှောင့်အယှက်တော့ ဖြစ်တာပေါ့ဗျာ။ အထူးသဖြင့်ကတော့ အမေရိကန်အစိုးရတာဝန်ရှိတဲ့ သံအမတ် ဆိုတော့ ဒါဟာ အစိုးရပေါ့။ သူတို့ရဲ့ ရပ်တည်မှုတွေကို ပြောတဲ့အခါကျတော့ နည်းနည်း ဘဝင်မကျ စရာလေးတွေ ဖြစ်လာတာပေါ့။ အဲ့တာတွေကတော့ ဒီလိုပြောမယ့် ဆိုမယ့်ဟာတွေ လုပ်မယ့်အစားထက်တော့ စကားတွေ ဘာတွေကို တတ်နိုင်သမျှ တဘက်နဲ့တဘက် ပိုမိုပြီးတော့ အငြင်းပွားမယ့် ပိုပြီးတော့ ထိလွယ်ရှလွယ် နောက်ပြီးတော့ စိတ်တွေမှာ အနှောင့်အယှက်ဖြစ်ဖွယ်ရာ စကားတွေကို ပြောတာဆိုတာ နဲ့ပတ်သက်ပြီးတော့ မပြောတာကောင်းမယ်လို့ထင်တယ်ပေါ့ဗျာ။"

ရခိုင်ပြည်နယ်အရေးကို နိုင်ငံတကာအဖွဲ့အစည်းတွေ သတိထားကြဖို့နဲ့ အကျပ်အတည်းတွေ အများကြီးရှိနေတဲ့ မြန်မာနိုင်ငံမှာ အခြေအနေတွေကို မျှမျှတတမြင်ကြည့်ဖို့လိုကြောင်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မေလ (၁၁)ရက်နေ့က နိုင်ငံတကာအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့တွေ့ဆုံပွဲ မှာ ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မြန်မာတိုင်းရင်းသား လူမျိုးတွေထဲမှာ ရိုဟင်ဂျာ မရှိကြောင်း နိုင်ငံတော်အစိုးရအနေနဲ့ တရားဝင်ကြေညာပေးဖို့ အမျိုးသားရေးဝါဒီ မဘသနဲ့ သူရဲ့နောက်လိုက်အဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Elizabeth Trudeau

မနန္ဒာချမ်း
ဗွီအိုအေမြန်မာပိုင်း
13.5.2016

Burma – Rohingya စတဲ့ အသုံးအနှုန်းတွေကို အမေရိကန် အစိုးရက ဘာကြောင့် သုံးနှုန်း ခေါ်ဝေါ်ရတယ် ဆိုတာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားသွားပါတယ်။ မနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ အတွင်း သတင်းထောက်တွေက Burma – Rohingya အသုံးအနှုန်းနဲ့ ပတ်သက်လို့ မေးမြန်းချိန်မှာ အမေရိကန် အစိုးရရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဖြေကြားခဲ့တာပါ။ အသေးစိတ်ကို မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

သူရဦးရွှေမန်းနဲ့ အမေရိကန်သံအမတ်ကြီး Scot Marciel တို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ် ဆွေးနွေးခဲ့ကြတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းရဲ့ Facebook မှာ ရေးသားဖော်ပြချက်တွေကို - မေလ ၁၂ ရက် ကြာသပတေးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်ခဲ့တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း - သတင်းထောက်တွေ က မေးခွန်းထုတ်ခဲ့ကြတာ ဖြစ်ပါတယ်။

သူရဦးရွှေမန်းက သူ့ရဲ့ Facebook စာမျက်နှာမှာ - မကြာသေးခင်က အမေရိကန်သံရုံးရှေ့ ဆန္ဒပြမှုတွေ ဖြစ်ပေါ်ရတာဟာ မြန်မာနိုင်ငံသားတွေ လက်မခံနိုင်တဲ့ စကားအသုံးအနှုန်း ပါဝင်ခြင်းကြောင့်ဖြစ်ပြီး၊ ဒီကိစ္စမျိုးကို သံအမတ်ကြီးအနေနဲ့ သတိပြုရမယ့် အချက်ဖြစ်တဲ့အကြောင်း ဒါမှသာ အမေရိကန်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပိုမို တိုးတက်ကောင်းမွန်မှာ ဖြစ်တယ်လို့ - သူရဦးရွှေမန်း က သံအမတ်ကြီး Scot Marciel ကို ပြောဆိုခဲ့ပါတယ်။

သံအမတ်ကြီးဘက်ကလည်း - ဒီလို သုံးနှုန်းတာဟာ အမေရိကန်အစိုးရရဲ့ ရပ်တည်ချက်ပေါ် ဆောင်ရွက်နေရ တာ ဖြစ်ကြောင်း၊ နောင်ကို မြန်မာနိုင်ငံသားတွေ လက်မခံတဲ့ အသုံးအနှုန်းတွေကို သတိထား ဆောင်ရွက်သွားမယ့် အကြောင်းတွေ ပြန်လည် ပြောကြားခဲ့ တယ်လို့ ဖော်ပြထားတာပါ။

ဒါနဲ့ ပတ်သက်ပြီး သတင်းထောက်တွေက သံအမတ်ကြီး Scot Marciel အနေနဲ့ တကယ်ပဲ အဲ့လို ပြန်လည် ပြောကြားခဲ့သလား လို့ မေးမြန်းရာမှာ နိုင်ငံခြားရေး ဌာန ပြောခွင့်ရသူ Elizabeth Trudeau က Facebook က သတင်းကို ကိုယ်တိုင် မတွေ့ရတဲ့အတွက် မှတ်ချက်မပေးလိုကြောင်း ပြောကြားခဲ့ပေမဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းနဲ့ ပတ်သက်လို့တော့ သတင်းထောက်တွေကို ရှင်းပြခဲ့ပါတယ်။

“အမေရိကန် ပြည်ထောင်စုအနေနဲ့ တိုင်းပြည်တပြည်မှာ နေထိုင်သူတွေက ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါဖြစ်ကြောင်း ရည်ညွှန်းပြောဆိုမှုတွေ အားလုံးကို အားပေးပါတယ်။ ရိုဟင်ဂျာလို့ ကာယကံရှင်တွေက သူတို့ကိုယ် သူတို့ ခေါ်တယ် ဆိုရင်လည်း ကျမတို့ အနေနဲ့ လေးစားရမှာပါ။ ဒီအတိုင်း ခေါ်ဝေါ် သုံးစွဲရမှာလည်း ဖြစ်ပါတယ်။”

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ အခုလို ဖြေကြားချက်အပေါ် သတင်းထောက်တွေက - ပြန်လည် မေးခွန်းထုတ်ကြရာမှာ - အရင် မြန်မာအစိုးရ လက်ထက်တွေ တုန်းက နိုင်ငံရဲ့ အမည်ကို အင်္ဂလိပ်လို Myanmar လို့ ခေါ်စေချင်ခဲ့ပေမဲ့ အမေရိကန်အစိုးရက နှစ်ပေါင်းများစွာ Burma လို့သာ ခေါ်ဝေါ် သုံးနှုန်းခဲ့တာကိုလည်း ထောက်ပြခဲ့ကြတာပါ။

အထူးသဖြင့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပေမဲ့ ကာယကံရှင်တွေက ခေါ်စေချင်တဲ့အတိုင်းခေါ်တယ်ဆိုရင်၊ အစိုးရက တရားဝင် သုံးစွဲနေတဲ့ နိုင်ငံအမည်ကို လက်မခံတဲ့ အကြောင်းရင်းကို ရှင်းပြဖို့ မေးမြန်း ရာမှာတော့ - “အမေရိကန်ရဲ့ ရပ်တည်ချက်” အတိုင်း သုံးစွဲတာ ဖြစ်တဲ့ အကြောင်းလည်း အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Elizabeth Trudeau က တုံ့ပြန်သွားခဲ့ပါတယ်။



RB News
13.5.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် မြို့လယ်ခေါင်၌ တစ်ခုတည်းသော ရိုဟင်ဂျာ မွတ်စလင်များ နေထိုင်သည့် အောင်မင်္ဂလာ ရပ်ကွက်၌ ၂၀၁၂ ခုနှစ် ပဋိပက္ခ ဖြစ်စဉ်က လူဦးရေ တစ်သောင်းကျော် ရှိခဲံသည်။ ပဋိပက္ခ ဖြစ်နေစဉ် အချိန်မှစ၍ ယခုအချိန်ထိ အောင်မင်္ဂလာ ရပ်ကွက်ကို လေးဖက်လုံးမှ ရဲလုံထိန်းများနှင့် စစ်တပ်များက ၀န်းရံထားပြီး၊ ရပ်ကွက် အတွင်းရှိ ရိုဟင်ဂျာ မွတ်စလင်များ အ၀င်အထွက်၊ အသွားအလာ၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာတွင် အခက်အခဲ ပေါင်းစုံ ရင်ဆိုင်နေရသည်။ ထိုကဲ့သို့ အခက်အခဲ ပေါင်းများစွာနှင့် ရင်ဆိုင်ရသဖြင့် ဒေသခံ ၅၀၀၀ ကျော်ခန့် ဒုက္ခသည် စခန်းရှိရာသို့ လူသားချင်း စာနာကူညီ ထောက်ပံ့မှု တစ်စုံတစ်ရာ ရမည်ဟု မျှော်လင့်၍ ရွှေ့ပြောင်း သွားခဲ့ကြသည်။

ယခုလက်ရှိ အစိုးရ အဖွဲ့၏ မှတ်တမ်း စာရင်းအရ အောင်မင်္ဂလာ ရပ်ကွက်၌ စုစုပေါင်း အိမ်ထောင်စု ၉၆၅ စု၊ လူဦးရေ အားဖြင့် ၄၃၅၀ ဦး ရှိသည်။ မေလ (၉) ရက်နေ့ နေ့လည် ၃း၃၀ နာရီ အချိန်တွင် စစ်တွေမြို့ရှိ “အတုလမာရဇိန် ဘုရားကြီး” ရင်ပြင်၌ နိုင်ငံတော် သံဃာ နာယက အဖွဲ့ဝင် “ဘဒ္ဒန္တသောမ” (မဏိရတနာကျောင်း ဆရာတော်)၊ ထေရ်ကြီးဝါကြီး ဆရာတော်များ၊ စည်း/ထိန်း ဆရာတော်များနှင့် ရခိုင်အစွန်းရောက် ၁၀၀၀ ကျော်ခန့် စုဝေးပြီး အောင်မင်္ဂလာ ရပ်ကွက်၌ ၂၀၁၂ ခုနှစ်တွင် လူဦးရေ ၄၃၀၀ ဦးသာ ရှိခဲ့ပြီး၊ ယခုအခါ လူဦးရေ ၂၀၀၀၀ နီးပါး ရှိလာပြီဟူ၍ မဟုတ်မမှန် လုပ်ကြံ ဖန်တီး၍ အစည်းအဝေး ပြုလုပ်ပြီး သက်ဆိုင်ရာ အာဏာပိုင် များကို တိုင်ကြားခဲ့သည်။

ထို့နောက် မေလ (၁၂) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ရခိုင်ပြည်နယ် အစိုးရအဖွဲ့က အောင်မင်္ဂလာ ရပ်ကွက်မှ ရပ်မိရပ်ဖ (၁၀) ဦးကို ပြည်နယ် အစိုးရရုံးသို့ ခေါ်ဆောင်ပြီး ရခိုင်လူထု အချို့နှင့် တွေ့ဆုံစေကာ အပြန်အလှန် ဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့သည်။ အဆိုပါ ဆွေးနွေးပွဲတွင် ရခိုင်လူထုက အောင်မင်္ဂလာ ရပ်ကွက်တွင် ပြင်ပမှ လူဦးရေ ၂၀၀၀၀ ခိုးသွင်းထားကြောင်း၊ ထို့ကြောင့် ရခိုင်လူထု အနေဖြင့် အဆိုပါ ကိစ္စကို သံသယ ဖြစ်နေကြောင်း ပြောဆိုခဲ့သည်။ ရိုဟင်ဂျာ ရပ်မိရပ်ဖ များက အောင်မင်္ဂလာ ရပ်ကွက်ကို ရဲလုံထိန်းများနှင့် စစ်တပ်က ၀ိုင်းရံ ထားကြောင်း၊ ရပ်ကွက်သူ/သားများ အ၀င်အထွက်ကို ရဲလုံထိန်းများထံ အကြောင်းကြား ရကြောင်း၊ ဒုက္ခ အခက်အခဲ ပေါင်းစုံ ရင်ဆိုင်နေရသောကြောင့် ရပ်ကွက်တွင်းမှ ဒုက္ခသည် စခန်းသို့ ရွှေ့ပြောင်း သွားသည်မှာ များပြားကြောင်း၊ လူဦးရေ ၂၀၀၀၀ ခိုးသွင်းသည် ဆိုသည်မှာ အခြေအမြစ် မရှိသည့် စကားသာ ဖြစ်ကြောင်း ပြန်လည် ပြောဆိုခဲ့သည်။

ရခိုင်လူထုက တစ်ဖန် ရဲလုံထိန်းများကို လာဘ်ထိုး၍ အဆိုပါ လူ ၂၀၀၀၀ ကိုခိုးသွင်းထားကြောင်း၊ ထို့ကြောင့် အောင်မင်္ဂလာ ရပ်ကွက်သို့ ကွင်းဆင်း၍ စစ်ဆေးလိုကြောင်း ပြောဆိုခဲ့သည်။ ထို့နောက် ယင်းနေ့ နံနက် (၉) နာရီ အချိန်တွင် အောင်မင်္ဂလာ ရပ်ကွက်မှ ရပ်မိရပ်ဖ များကို အစိုးရအဖွဲ့မှ ရပ်ကွက်သို့ ပြန်လည် ပို့ဆောင် ပေးခဲ့သည်။ တစ်ဖန် ယင်းနေ့ နေ့လည် ၂ နာရီ အချိန်တွင် စစ်တွေမြို့နယ် လ.၀.က ဦးစီးမှူး ရုံးသို့ ခေါ်ဆောင်၍ အောင်မင်္ဂလာ ရပ်ကွက်တွင် ပြင်ပမှ လူ ၂၀၀၀၀ ခိုးသွင်းထားသည်ဟု ရခိုင်များ တိုင်ကြားထားသည်နှင့် စပ်လျဉ်း၍ ရခိုင်များ၏ သံသယ ကင်းရှင်းစေရန် လ.၀.က အဖွဲ့၊ ရဲလုံထိန်းအဖွဲ့နှင့် ရခိုင်လူထုမှ ပုဂ္ဂိုလ်အချို့ တို့သည် မေလ (၂၁) ရက်နေ့နှင့် (၂၂) ရက်နေ့ နှစ်ရက်ဆက်တိုက် အောင်မင်္ဂလာ ရပ်ကွက်သို့ ကွင်းဆင်း၍ တစ်အိမ်ဝင် တစ်အိမ်ထွက် လူဦးရေ စစ်ဆေးမည် ဖြစ်ကြောင်း သတိပေး ပြောဆိုပြီး ပြန်လွှတ်ခဲ့ကြောင်း အောင်မင်္ဂလာ ရပ်ကွက်မှ ရပ်မိရပ်ဖ တစ်ဦးက ပြောပါသည်။

ယျာတင် (ရိုဟင်းသား)
RB News
13.5.2016

အဘိုးတို့ စကားဝိုင်းထဲက ဒေါ်အောင်ဆန်းစုကြည် နှင့် ကျနော်

(၁)

သူတို့က ည ၉ နာရီလောက်ဆို စုံကြပြီပေါ့။

ကျနော့်အဘိုးက နေ့ခင်းကတည်းက သူတို့အဖွဲ့သား အတွက် အကုန်စီစဉ် ထားတတ်တာ။ လက်ဖက်ရည်က အစ ကွမ်းက အလယ် ဆေးလိပ်က အဆုံးပေါ့ဗျာ။ သူ့ပါတာနာတွေ အတွက်ဆို အဘိုးက လိုလေသေးမရှိအောင် စီစဉ်ထားတတ်တာ။

လက်ဖက်ရည် စပြီး သောက်တာနဲ့ အဘိုးတို့ စကားဝိုင်းကလည်း စတင်လာတာပဲ။

ရယက အတွင်းရေးမှူးက စကားပွဲကို စပေးလိုက်တာက ဒီလို --

"ဒီနေ့ BBC သတင်းက နားဝင်ပီယံပဲ ... ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွတ်ပေးဖို့ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် တောင်းဆိုလိုက်ပြီ"

အင်။ ပွဲက စပြီ။

အခန်းထဲ စာကျက်နေတဲ့ ကျနော့် နားရွက်က အဘိုးတို့ စကားဝိုင်း ဖက်ကို အလိုလို လှည့်သွားတယ်။

ပွဲစတဲ့ အတွင်းရေးမှူးဆိုသူဟာ ရေဒီယို ပုံမှန် နားဆင်သူ။ BBC, RFA, VOA အပြင် လူအများ စိတ်မစားတတ်တဲ့ မြန်မာအသံကိုပါ သူ လွတ်တယ်လို့မရှိ။ လူပျိုဘဝ တုန်းက အထက်မြန်မာနိုင်ငံဖက် အလုပ်သွားခဲ့သူပီပီ သူ့ ဗမာစကားကလည်း ပီသလား မပြောနဲ့တော့။ ရေဒီယိုက လွင့်ခဲ့တဲ့ အသံအနေအထားနဲ့ ဗမာလို ပြောပြလာတဲ့ သူ့စကားတွေ အဲ့တုန်းက ကျနော် အကုန်နားမလည်ပေမယ့် နားထောင်လို့ အရသာရှိခဲ့လိုက်တာ ပြောမနေနဲ့တော့။ ကျနော်က အလယ်တန်း တက်နေတုန်းကာလ။

ခါတိုင်းဆို အဘိုးတို့စကားဝိုင်းက ထွက်ထွက်လာနေတဲ့ အသံကိုပဲ နားစွင့်တတ်ခဲ့တာ။ ဒီနေ့တော့ ဒေါ်အောင်ဆန်းစုကြည် အမည်ပါလာတော့ စာအုပ်ကို ပိတ် အခန်းက ထွက်လာပြီး အဘိုးတို့ စကားဝိုင်းနားကို သွားချင်ခဲ့ပေမယ့် အမေက ဟန့်ထားလိုက်လို့ မသွားလိုက်ဘူး။ အခန်းထဲ ပြန်ဝင်သွားခဲ့ရပေမယ့် စိတ်က စာအုပ်ထဲမှာ မရှိ။ အဘိုးတို့ စကားဝိုင်းနားကိုရောက်သွားတာ။

တစ်အိမ်သားလုံးကလည်း စိတ်ဝင်တစားနဲ့ စကားဝိုင်း အနားကို အလိုလို ရောက်ရှိလို့။

"သူတို့က တောင်းဆိုတာပေါ့။ ဒီအာဏာရှင်တွေကရော့ လွှတ်ပေးမှာလား။ ငါ တော့ သိပ်မထင်ပေါင်။

အဲ့လို ပြောလာသူက မူလတန်းကျောင်းဆရာကြီး လုပ်နေသူ။

ကျောင်းဆရာရဲ့ အားမရတဲ့ အသံကြောင့် စာကျက်ခန်းထဲက ကျနော့်စိတ်ထဲ အလိုလို နာကျင်ခံစားခဲ့ရတာ။

အပေါ့သွားချင်ယောင်ဆောင်ပြီး အခန်းအပြင် ပြန်ထွက်ကြည့်တော့ တစ်အိမ်သားလုံး မျက်နှာကလည်း စီးပွားရေးမှာ အရှုံးကြီးကြီးပေါ်ခဲ့ဟန်။

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ထားတဲ့ စစ်အာဏာရှင်ထက် အခုဏက "လွှတ်ပေးပါ့မလား" ဆိုပြီး အားမလိုအားမရတဲ့ အသံနဲ့ ပြောတဲ့ ကျောင်းဆရာအပေါ် ဒေါသ ပိုမိသလိုလို။

"လွှတ်မပေးလို့လဲ ဘယ်ရမလဲ။ အနှေးနဲ့ အမြန်ပေါ့။ မတရားမှုက တာရှည်ခံတတ်လို့လား။ ဒေါ်စုအတွက် ကျနော်တို့ ဆုတောင်းနေသလို တစ်နိုင်ငံလုံးလည် ဆုတောင်းနေတာပဲ။ နိုင်ငံတကာ ဖိအားကို ဒီအာဏာရှင်တွေ ခံနိုင်လည်း ကာလတိုပေါ့။"

ဒီတစ်ခါ အဘိုးက ဝင်ပြောလိုက်တာ။ အဘိုးကလည်း ကျောင်းဆရာ။

အဘိုးအကြောင်း နည်းနည်း ပြောပြရရင် လူပျိုဘဝက စပြောရအောင်။ အဘိုးက ၈ တန်းအောင်တော့ စစ်တပ်ဝင်ဖို့ လုပ်ခဲ့တာတဲ့။ အဘိုးအဖေက သူတို့ရွာမှာ စာသင်ကျောင်းတစ်ကျောင်း မရှိတော့ သူ့ ၈ တန်းအောင်သားလေးကို ရွာမှာနေပြီး ကလေးတွေကို စာပြဖို့ ဖျောင်းဖျ တောင်းဆိုလို့ စစ်သားဖြစ်ဖို့ နီးစပ်ခဲ့ရက ကျောင်းဆရာ ဖြစ်သွားခဲ့တာပေါ့။

ဒီလိုနဲ့ အဘိုးက ရွာက ကလေးတွေကို နေအိမ်တစ်အိမ်မှာ ခေါ်စုပြီး စာ စပြတာတဲ့။ အဲ့ချိန် အစိုးရကျောင်း ဆိုလို့ ကျေးရွာ ဆယ်အုပ်စု ပေါင်းပြီး ကျောင်းတစ်ကျောင်း ရှိရင်တောင် ကံကောင်းတဲ့ ကာလပေါ့။

ဒီလိုနဲ့ ကိုယ်ထူကိုယ်ထ ကျောင်းတည်၊ လစာမဲ့ တစ်နှစ်တိတိ စာပြ၊ နောက်တော့ အစိုးရဆီ လျှောက်ခဲ့တာ အမိန့်ကျလာတော့ တရားဝင် အစိုးရကျောင်း ဖြစ်ခဲ့တယ်ပေါ့။ အဘိုးက အဲ့ကျောင်းမှာပဲ သူ့ဘဝကို မြုပ်နှံခဲ့လိုက်တာ နှစ်ပေါင်း ၄၃ နှစ်တိတိ။ ကြားကာလမှာ ပိုပြီးဝေးတဲ့ နယ်ကို နှစ်ကြိမ် ပြောင်းရွေ့ခံခဲ့ရပေမယ့် တစ်နှစ်စီ နေပြီး ကိုယ်ထူကိုယ်ထ တည်ခဲ့တဲ့ ကိုယ့်ရွာက ကျောင်းအပေါ် သံယောဇဉ်ပိုမိလို့ ပညာရေးဌာနဆီ လျှောက်ပြီး ရွာပြန်လာခဲ့တာ။

အဘိုးရဲ့ ကျောင်းဆရာဘဝ သမိုင်းကောင်းက အခု အဘိုးမရှိတော့ပေမယ့် ကျေးရွာက လူတွေရဲ့ နှုတ်ဖျားပေါ်မှာတော့ ကျန်ရစ်နေခဲ့တာ အဘိုးက ရိုးသားလို့။ စေတနာ အနစ်နာ ဝါသနာ ဆိုတဲ့ နာသုံးနာနဲ့ ပြည်စုံတဲ့ ကျောင်းဆရာမို့လို့။ အပြောင်းအရွေ့များများ ဖြစ်မှ ရာထူးတက်တယ်တဲ့။ အဘိုးကတော့ ရာထူးဂုဏ်ကို မမက်ခဲ့။ အရင်က ကျောင်းမရှိလို့ ပညာရေးပိုင်းမှာ အားနည်းခဲ့တဲ့ သူ့ရွာက ပညာရေးကို မြှင့်ပေးချင်လို့ ရာထူးမက်ပြီး အပြောင်းအရွှေ့နဲ့ မျှောပါ မသွားခဲ့တော့ ၄၃ နှစ်ကာလရှည်ကြီးကို လက်ထောက် မူလတန်းပြဆရာ ဘဝနဲ့ ကုန်ဆုံးစေခဲ့သူ။

အဘိုးရဲ့ တပည့်တွေက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာလည်း ပထမဆွတ်ခဲ့ဖူးတယ်။ ရန်ကုန် တက္ကသိုလ်မှာလည်း မဟာတန်းထိ တက်ဖူးတယ်။ ရာပေါင်းများစွာသော ဘွဲ့ရပညာတတ်တွေလည်း ကမ္ဘာအနှံ့မှာ ဖြစ်လို့။ ၂၀၁၀ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ဖူးတဲ့ လွှတ်တော်အမတ်တစ်ယောက်တောင် အဘိုးရဲ့ ကျောင်းထွက်။ အဘိုးရဲ့ တပည့်ရင်း။

အဘိုး အမြဲပြောနေကျ စကားတစ်ခွန်းက စာမရလို့ တပည့်တွေကို သူရိုက်နှက်မဆုံးပါဘူးတဲ့။ ရိုက်နှက်ဆုံးမလို့ စာရတာမှမဟုတ်တာတဲ့။ ဒါပေမယ့် အကြောင်းမဲ့ ကျောင်းပျက်တော့ ပြစ်ဒဏ်ကြမ်းကြမ်းလေး ပေးတတ်တာပဲတဲ့။ အကျင့်ဆိုးဖြစ်တဲ့ ဆေးလိပ်သောက်မိတာတို့ ကွမ်းစားမိတာတို့ တွေ့ရင်လည်း ပြစ်ဒဏ် ကြီးကြီးပေးတတ်တာတဲ့။

ကျောင်းသူတွေကို ကျတော့ ချစ်လွန်အား ကြီးတယ်ဆိုပဲ။ သူ့ရည်ရွယ်ချက်က ကျောင်းသားတွေနဲ့ ရင်ပေါင်တန်းပြီး ကျောင်းသူတွေကိုလည်း အတန်းကြီးကြီးထိ ဆက်လက် ကျောင်းတက်စေချင်တာတဲ့။ အဲ့တုန်းက လူတွေအမျာစုက အမျိုးသမီးတွေ ကျောင်းတက်လည်း ဘာအကျိုးမှ မရှိဘူး ဆိုပြီး အယူသန်အားကြီးခဲ့တာကို။

ဒီစာရေးနေသူ ကျနော်ကိုယ်တိုင်လည်း အဘိုးရဲ့ တပည့်ရင်း။ ကျနော်က တတိယတန်း အောင်တဲ့နှစ် အဘိုးကလည်း ပင်စင်ယူလိုက်တယ်။ အဘိုးက တတိယတန်း အတန်းပိုင်။

ဒါနဲ့ ကြုံတုန်းပြောပြမယ်ဗျာ။ အဘိုးရဲ့ ဝန်ထမ်းကဒ်ပြားမှာပါတဲ့ လူမျိုးကော်လံမှာ ရိုဟင်ဂျာပဲ။ ပြီးတော့ သူ့စာရွက်စာတမ်း အဟောင်းတွေကို ထုတ်ထုတ်ကြည့်တိုင်း လူမျိုးရေးရတဲ့ နေရာမှာ ရိုဟင်ဂျာလို့ ရေးထားတာချည်းပဲ။ နိုင်ငံ့ဝန်ထမ်းဖြစ်တဲ့ အဘိုး၊ တစ်နိုင်ငံလုံးက တိုင်းရင်းသား နိုင်ငံသားတိုင်းကို ထုတ်ပေးခဲ့တဲ့ သုံးခေါက်ချိုးလို့ခေါ်တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ကိုင်ခဲ့တဲ့ အဘိုး၊ အဲ့အဘိုးရဲ့ သားသမီးတွေထဲက သားကြီးနဲ့ သမီးကြီး(ကျနော့်အမေ) တို့နှစ်ယောက်လည်း အမျိုးသားမှတ်ပုံတင်ကဒ် ရတယ်။ ဒါပေမယ့် နောက်သားသမီးတွေကတော့ ဗုန်းခနဲပေါ်လာတဲ့ န၊စ၊က ရဲ့ အတင်းအဓမ္မ ထုတ်ပေးတဲ့ ယာယီ သက်သေခံ လက်မှတ်ကို မကိုင်ချင်လည်း ကိုင်နေရတယ်။

ဟော ... စကားဝိုင်း အကြောင်း ပြောနေတာနဲ့ အဘိုးအကြောင်းဆီ ရောက်ရှိပြီ။

လိုရင်းကို ဆက်ပြောပြပါ့မယ်။

------

(၂)

အဘိုးတို့ စကားဝိုင်းက ညည့်နက်လေ ပိုစည်းကားလာပဲ။

ရေနွေးကြမ်းက အဘိုးတို့ စကားဝိုင်းရဲ့ ဆိုးတူကောင်းဖက် အဖော်ပမာ။ ရေနွေးကြမ်းသောက်ရင်းနဲ့ ပွဲကျနေတတ်တာ ညတိုင်း ၁၂ ကျော်ထိ။

၁၁ နာရီ ထိုးပြီဆိုတာနဲ့ ကျနော်လည်း စာကျက်ခန်းထဲက ထွက် အဖိုးတို့ အနားကို သွားပြီး လဲနေတတ်တာ။ အိပ်နေယောင်ဆောင်ပြီး အဘိုးတို့ စကားဝိုင်းထဲ မျောလိုက်နေတတ်တာ။ အဲ့လိုနဲ့ ငယ်ငယ်ကတည်းက စောစောအိပ်တတ်တဲ့ အကျင့် ကျနော့်မှာ ပါမလာသေးတာ။

" ဒေါ်စု တစ်နေ့နေ့ သမ္မတ ဖြစ်နိုင်မယ် ထင်လား"

အဘိုးတို့ထဲမှာ ဒီတစ်ယောက်က ပညာအရည်အချင်း အနိမ့်ဆုံးပေမယ့် ဉာဏ်ထက်မြက်တဲ့ လူ။ သူ့ကို အဘိုးတို့က ဦးဉာဏ်ထက် လို့ နောက်ပြောင် ခေါ်မိတဲ့အထိ ဉာဏ်ထက်မြက်တဲ့ ပုဂ္ဂိုလ်။

"ငါတော့ မဖြစ်နိုင်ဘူး ထင်တယ် ... ဒီအာဏာရှင်တွေက နိုင်ငံ့ကောင်းစားရေးကို ကြည့်တဲ့ လူမဟုတ် ... ဒေါ်စု အာဏာရရင် အာဏာရှင်တွေ စားကွက်ကုန်မှာလေ ..."

ဦးဉာဏ်ထက်ရဲ့ မေးခွန်းကို ဖြေခဲ့သူက စောစောက ကျောင်းဆရာကြီးပဲ။

ဟွန်း ... ဒီဆရာကြီးက စကားကို အကောင်းမပြောဘူး။
ဒေါ်စု သမ္မတ မဖြစ်နိုင်ဘူးပြောတဲ့ ဆရာကြီးကို ကြားထဲက ကျနော် စိတ်နာမိတယ်။

" ဖြစ်ကောင်း ဖြစ်နိုင်တယ် ... မဖြစ်နိုင်ဘူးလို့ ယတိပြတ် ဘယ်ပြောလို့ ရမလဲ ... အဖေရိက က နယ်ဆယ်မန်းဒယ်လားတောင် ၂၇ နှစ် ထိန်းသိမ်းခံခဲ့ရပြီး နောက်ဆုံး နိုင်ငံ့ ဥသျှောင် ဖြစ်ခဲ့တာပဲ ... အဓိကက ပြည်သူတွေ ထောက်ခံဖို့လိုတာ ..."

ကျနော့် အဘိုးက သူတို့အဖွဲ့ထဲမှာ အသက်အကြီးဆုံး။ အရင့်ကျက်ဆုံးပေါ့။

အဘိုးက မျှော်လင့်ချက် ကြီးကြီးထားတတ်သူ။ လွယ်လွယ် လက်မလျော့တတ်သူ။

" ဒါမှပေါ့ ဆရာရေ ... ဒေါ်စု သမ္မတ ဖြစ်မှ တစ်နိုင်ငံလုံး အေးချမ်းမှာ... အဲ့ချိန်ဆို ငါတို့ ရိုဟင်ဂျာတွေလည်း အာဏာရှင်တွေရဲ့ ဖိနှိပ်ခံရမှုက လွတ်မှာလေ ... မြန်မြန်သာ လွတ်ပြီး မြန်မြန်သာ သမ္မတ ဖြစ်ပါစေတော့ ဒေါစုရယ် ..."

ဦးဉာဏ်ထက်က သူ့မေးခွန်းနဲ့ အဆက်အစပ် အဖြေကို သူကိုယ်တိုင် ဖြေခဲ့တော့ ကျတော်လည်း အိပ်နေယောင်ဆောင်နေရာမှ တစ်ချက်ပြုံးလိုက်ရတယ်။

ကျနော်က ငယ်သေးပေမယ့် ကျောင်းသွားတုန်း ဖြတ်သန်းသွားနေရတဲ့ န၊စ၊က စခန်းတွေမှာ ရိုဟင်ဂျာတွေကို နိမ့်တာ မြင်မြင်နေကျမို့ အဲ့ကတည်းက အာဏာရှင်တွေကို မုန်းတတ်တာ။ လူတွေ မြို့ကျော်ရင် ပုံစံလေး ကိုင်ရတာကိုလည်း ဒေါသထွက်မိတာ။
တစ်ဖြည်းဖြည်း ကြီးလာတာနဲ့ အာဏာရှင်တွေက ရိုဟင်ဂျာတွေကို ခွဲခြားဆက်ဆံတာ ပိုပို မြင်တွေ့နေရတော့ အဲ့ကတည်းက လွတ်မြောက်ချင်စိတ်က ကျနော့် အတွေးထဲမှာ။ ကျနော့် နှလုံးသားဗဟိုမှာ။

ဒီလိုနဲ့ ညစဉ်ညတိုင်း အဘိုးတို့ စကားဝိုင်းမှာ အသံတိတ်လျက်နဲ့ ကျနော် စီးမျောခဲ့ဖူးတာ။

အဘိုးတို့ စကားဝိုင်းလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်း မပါလို့ မပြီး။ တစ်ခါတလေ ၈၈ ကျောင်သားခေါင်းဆောင်တွေ အကြောင်းလည်း ပါသေးတာ။

သူတို့အကြောင်းပါလာရင် ကျနော့် စိတ်က အလိုလို ရွှင်လာတတ်ခဲ့တာ အဲ့အချိန်မှာ ကျနော့်အကြောင်း ကျနော် တစ်ယောက်တည်းသာ သိခဲ့တယ်။

အဲ့တုန်းက ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ကျနော် ရုပ်ပုံတောင် မမြင်ဖူးသေး။ ကျောင်းသား ခေါင်းဆောင်တွေရဲ့ ရုပ်ပုံတွေလည်း မမြင်ဖူးသေး။ ဒါပေမယ့် ကျနော့် မသိစိတ်က သူတို့ကို အလိုလို လေးစားခဲ့တယ်။ အားကျခဲ့တယ်။ ပြီးတော့ သူတို့အပေါ် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျောင်းသားခေါင်းဆောင်တွေ အမြန်ဆုံး လွှတ်မြောင်လာဖို့ အသံတိတ် ဆုတောင်းဖူးတာလည်း အကြိမ်ကြိမ် အခါခါပဲ။
ကြီးလာတော့ သူတို့အကြောင်း ပိုသိလာလေလေ သူတို့ကို ကျနော်ပို၍ လေးစားလာလေလေ။ သူတို့အပေါ် ပို၍ မျှော်လင့်ချက် ထားလာလေ။
သူတို့က အမှန်တရား ဘက်တော်သားတွေမို့လို့ပါ။

ဒါပေမယ့် ယခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျောင်းသား ခေါင်းဆောင်တို့ လွတ်မြောက်ဖို့ တောင်းခဲ့တဲ့ ကျနော့် ဆုတောင်းမှုက ပြည့်ဝလာခဲ့ပေမယ့် သူတို့အပေါ် ထားခဲ့တဲ့ ကျနော့် မျှော်လင့်ကြီးကြီးထဲက သေးသေးလေးတောင် မပြည့်ဝ လာခဲ့ပါဘူး။ ဖြစ်ချင်တော့ ပိုတောင် ဆိုးကုန်လာသလို ခံစားရတယ်။

အဘိုးတို့ စကားဝိုင်း အဖွဲ့သားတွေ အားလုံးလည်း လောကကြီးကို နှုတ်ဆက်ခဲ့လေပြီ။

ဒါပေမယ့် သူတို့ မျှော်လင့်ရင်း ဆုတောင်းဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်းလည်း သမ္မတ မဟုတ်ပေမယ့် သမ္မတ အဆင့်လောက်ရှိတဲ့ ရာထူးနဲ့ ဖြစ်လေပြီ။

ဒီအချိန် အဘိုးတို့ သက်ရှိထင်ရှား ရှိနေခဲ့ရင် သူတို့ မျှော်လင့်ချက်ထားခဲ့တဲ့ ပုဂ္ဂိုလ်ကို ဘယ်လို မှတ်ချက်ပြု ဂုဏ်ပြုမလဲ မသိ။ သူတို့ တောင်းဆိုခဲ့တဲ့ ဆုတောင်းမှုက သူတို့ကို လှောင်များ လှောင်ပြောင်နေမလားလို့ပါ။

-----

(၃)

အဘိုးရေ ... ကိုယ်ယုံကြည်လေးစားတဲ့ လူက ကိုယ့်ကို လာထိုးနှက်တာလောက် နာကျင်စရာ ထပ်ရှိဦးမလားဆိုတာ အဘိုးတို့ရဲ့ စကားဝိုင်းထဲက မြေးလေး ယခုအချိန်မှာ ဘယ်သူ့ကို သွားမေးရမှာလဲ။

ပင်လယ်အောက်က အပ်ကို ရှာတွေ့ဖို့ ခက်နေတာထက် အမှန်တရားကို မြင်တွေ့ခွင့် ရဖို့ ပိုခက်နေပါပြီ။

______________________
ရေးသားသူ - ယျာတင် (ရိုဟင်းသား)
-----------------------
Yar Tin ( YarTin Rohinthar )

မှတ်ချက်။ ။ ကျနော့် ကိုယ်ပိုင်ဘဝရဲ့ ဖြစ်ရပ်မှန်။



RB News
12.5.2016

စစ်တွေ ။ ။ ရခိုင်ပြည်နယ် စစ်တွေမြို့၊ အောင်မင်္ဂလာ ရပ်ကွက်ရှိ ဒေသခံ ရိုဟင်ဂျာ များကို ရန်ကုန်မြို့ အခြေစိုက် အမေရိကန် သံရုံးမှ ကိုယ်စားလှယ်များက ယနေ့ မေလ (၁၂) ရက်နေ့ နံနက် ၈း၃၀ နာရီ အချိန်တွင် သွားရောက် တွေ့ဆုံခဲ့သည်။

အမေရိကန် သံရုံးမှ ကိုယ်စားလှယ် အဖွဲ့သည် ရိုဟင်ဂျာ အသိုင်းအ၀ိုင်းမှ ခေါင်းဆောင်များ ဖြစ်သည့် ဦးကျော်လှအောင်၊ ဦးအောင်ဝင်း၊ ဦးရွှေလှ၊ ဦးအောင်သိန်း စသည်တို့နှင့် တွေ့ဆုံ၍ ကျန်းမာရေး၊ ပညာရေး၊ သွားလာရေးနှင့် နိုင်ငံသား ဖြစ်မှု ကိစ္စများကို ရင်းနှီး ပွင့်လင်းစွာ မေးမြန်းခဲ့သည်။

ဦးကျော်လှအောင်နှင့် ဦးအောင်ဝင်းတို့က မိမိတို့သည် မိမိတို့ကိုယ် မိမိ ရိုဟင်ဂျာဟု ခေါ်ခြင်းသက်သက် မဟုတ်ကြောင်း၊ မိမိတို့တွင် သမိုင်းဆိုင်ရာ အချက်အလက်များ ရှိကြောင်း၊ မိမိတို့ကို ရှေးယခင်ကတည်းကပင် ရိုဟင်ဂျာ လူမျိုး ဖြစ်သည့် အထောက်အထား များစွာ ရှိကြောင်း ရှင်းလင်း တင်ပြခဲ့သည်။

သံရုံး ကိုယ်စားလှယ်များက လက်ရှိ အခြေနေနှင့် ပတ်သက်၍ မေးမြန်းရာ ဦးရွှေလှက ရခိုင်လူမျိုးများက ၎င်းတို့၏ နေအိမ်များတွင် လူစိမ်းများ ခေါ်ထားကြောင်း၊ အဆိုပါ လူစိမ်းများမှာ ရခိုင်တပ်မတော် - AA တပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း၊ ၎င်းတို့က လူစိမ်းများ အိမ်တွင်ထား၍ ရိုဟင်ဂျာများက အောင်မင်္ဂလာ ရပ်ကွက်တွင် လူစိမ်းများ ခေါ်ထားသည်ဟု ၀ါဒဖြန့်လျက် ရှိကြောင်း၊ မိမိတို့သည် ၂၀၁၂ ခုနှစ် ဇွန်လမှစ၍ လုံခြုံရေးတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် နေထိုင်ရသူများ ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လုံခြုံရေး တပ်ဖွဲ့၏ ခွင့်ပြုချက် မပါဘဲ ရပ်ကွက်မှ အပြင်သို့ ထွက်၍ပင် မရကြောင်း၊ ထို့အပြင် အောင်မင်္ဂလာ ရပ်ကွက် အတွင်းရှိ လူများသည် နိုင်ငံတကာ အန်ဂျီအို များမှ အကူအညီ မရသဖြင့် ဒုက္ခသည် စခန်းသို့ ပြောင်းရွှေ့ သွားသည်ပင် ရှိကြောင်း၊ ဤရပ်ကွက်အတွင်းသို့ မည်သည့် လူစိမ်းမှ ၀င်၍ မရကြောင်း၊ ယခုကဲ့သို့ ၀ါဒဖြန့်မှုကြောင့် ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်း တင်ပြခဲ့သည်။

အမေရိကန် သံရုံးမှ ကိုယ်စားလှယ် များသည် နံနက် ၁၀ နာရီ အချိန်တွင် အောင်မင်္ဂလာ ရပ်ကွက်မှ ပြန်လည် ထွက်ခွာ သွားကြောင်း သိရှိရသည်။

သတင်းနှင့် ဓါတ်ပုံများကို Peace Muhammad Arkani မှ ပေးပို့သည်။







Rohingya Eye
RB News
12.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ အလယ်သံကျော် ကျေးရွာအုပ်စု၊ နခေါင်းဒီးယား အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များသည် ငါဖမ်းစက်လှေများ ငါးဖမ်း၍ ပြန်လာစဉ် ရပ်တန့်ခိုင်းပြီး ငါးဖမ်းခွင့် စာအုပ်များ တောင်းခံခဲ့သည်။ ငါးဖမ်းသမားများက ငါးဖမ်းခွင့် စာအုပ်များ ပြသည့်အခါ ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု လုပ်ကြံ စွပ်စွဲ ခြိမ်းခြောက်ပြီး ငါးဖမ်းစက်လှေ ပဲ့ထိန်း (၃) ဦးထံမှ ငွေညှစ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူ (၃) ဦးမှာ --

(၁) ဦးရာမောတ်အုလ္လာ (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၅၃ နှစ်) -- ညှစ်ခံရငွေကျပ် လေးသောင်း
(၂) ဦးမာမတ်အုလ္လာ (ဘ) ဦးအေနာမုလ်ဟောခ် (အသက် ၂၇ နှစ်) -- ညှစ်ခံရငွေကျပ် လေးသောင်း
(၃) ဦးဟူဆောင်းဂျူဟာရ် (ဘ) ဦးဖော်ဇော်လ်ဟောက် -- ညှစ်ခံရငွေကျပ် လေးသောင်း -- တို့ဖြစ်သည်။

မောင်တောမြို့တွင် ငါးဖမ်းသမား အများစုမှာ ရိုဟင်ဂျာများ ဖြစ်ကြသည်။ ၎င်းတို့၏ မိရိုးဖလာ လုပ်ငန်းဟု ဆိုလျှင်လည်း မှားမည်မဟုတ် ဒေသခံများက ပြောကြသည်။ အဆိုပါ လုပ်ငန်းကို အဓိက အားထားပြီး အသက်မွေးဝမ်းကျောင်း ပြုလျက် ရှိနေကြသည်။ ယခင် န.စ.က လက်ထက်တွင် ငါးဖမ်း စက်လှေများမှ ဆက်ကြေး ယူသော်လည်း ပိတ်ပင်ခြင်း မရှိဟု ဆိုသည်။ ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့ လက်ထက်တွင် မောင်တောမြို့နယ် တောင်ပိုင်းမှ ငါးဖမ်းသမား များမှာ တစ်ကြိမ် ငါးဖမ်းခွင့်ရ၊ တစ်ကြိမ် ငွေညှစ်ခံရဖြင့် အလွန်ပင် ဒုက္ခရောက်လျက် ရှိနေကြသည်။ မြို့ပေါ် မောင်နီရွာမှ ငါးဖမ်း စက်လှေများကို တစ်ကြိမ် ငါးဖမ်းခွင့်ပေး၊ တစ်ကြိမ်ပိတ်ဖြင့် နှောက်ယှက်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ မောင်နီရွာမှ ငါးဖမ်းစက်လှေ များအား ငါးဖမ်းခွင့်ကို ဧပြီလ (၄) ရက်နေ့မှ (၁၇) ရက်နေ့ထိ ပိတ်ပင်ခဲ့ပြီး၊ ယခုတစ်ဖန် မေလ (၄) ရက်နေ့မှစ၍ ပြန်လည် ပိတ်ပင်ထားကြောင်း ငါးဖမ်း စက်လှေ ပိုင်ရှင် တစ်ဦးက ပြောပါသည်။

မောင်နီရွာမှ ငါးဖမ်းစက်လှေများ ငါးဖမ်းထွက်နိုင်ရန် မောင်နီရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းကို စက်လှေ တစ်စီးလျှင် ငွေကျပ် (၇) သိန်းစီ ပေးသွင်း နေရသည်ဟု အဆိုပါ စက်လှေ ပိုင်ရှင်က ပြောပါသည်။ “ဒါကျွန်တော်တို့ လုပ်ငန်းတွေ ပျက်သွားအောင် တမင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာ၊ ကျွန်တော်တို့ လုပ်ငန်း ပျက်သွားရင် တိုင်းပြည်ကနေ ထွက်သွားမယ်၊ အဲလို အကြံအစည်နဲ့ ပိတ်ပင်နေတာ၊ နှောက်ယှက် နေတာ” ဟု ပြောပါသည်။



RB News
12.5.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ စာရေး ဖြစ်သူ ဦးရဲနိုင်ထွန်းသည် ခြင်းသမား ကျေးရွာအုပ်စုတွင် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ လဆန်းပိုင်းမှ စ၍ တာဝန်ထမ်းဆောင် လျက်ရှိသည်။

၂၀၁၅ ခုနှစ်တွင် ရေဘေးနှင့် လေဘေးသင့်ပြီး နေအိမ်များ ပြိုလဲ ပျက်စီး၍ ဒုက္ခရောက်နေသည့် ဒေသခံများသည် မိုးရာသီ နီးကပ်လာပြီ ဖြစ်၍ ၎င်းတို့၏ နေအိမ်များကို မိုးဒဏ်မှ ကာကွယ်နိုင်ရန် မဖြစ်မနေ လိုအပ်သည် များကို ပြုပြင်လျက် ရှိရာ ဦးရဲနိုင်ထွန်းက ဖောင်တော်ပြင်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်း၍ ငွေညှစ်လျက် ရှိနေကြောင်း ဒေသခံများက RB News သို့ပြောသည်။ ဦးသိန်းစိန် အစိုးရလက်ထက်က အဆိုပါ ရေဘေးနှင့် လေဘေးသင့် အဆောက်အဦ များကို ပြင်ဆင်ခွင့် ပေးခဲ့သော်လည်း ယခုအခါ ဦးရဲနိုင်ထွန်းက နေအိမ် ပြုပြင်နေသူ များကို မြို့နယ် အုပ်ချုပ်ရေးမှူးက ခေါ်သည်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ခေါ်သည်ဟု ခြိမ်းခြောက်၍ ငွေညှစ်နေသည်ဟု ဆိုသည်။

ဦးရဲနိုင်ထွန်းသည် ၎င်းကိုယ်၎င်း ၀န်ကြီးမျိုးရိုးဟု ကြွားဝါးလေ့ ရှိပြီ၊ ယခင် ပြည်ခိုင်ဖြိုးပါတီမှ ဦးမောင်စံရွှေ (ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်၊ ဘူးသီးတောင် မဲဆန္ဒနယ် ၁) ၏ တူတော်စပ်သူ ဖြစ်သည်ဟု ပြောလေ့ရှိသည်။ ထို့အပြင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေကို အမာခံ ငွေရှာပေးနေသူ ဖြစ်သောကြောင့် ၎င်းသည် အခြားသော အရာရှိ၊ ၀န်ထမ်း မည်သူ တစ်ဦးတစ်ယောက်ကိုမှ ဂရုစိုက်ခြင်းပင် မရှိဟု ဒေသခံများက ပြောပါသည်။ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအာရော်ဖ် အာမတ်ကလည်း မြို့နယ် အုပ်ချုပ်ရေးမှူးကို လာဘ်ငွေပေါင်းများစွာ ပေးခဲ့ရသဖြင့် ၎င်း၏ ငွေများ ပြန်လည်ရရှိရန် ဦးရဲနိုင်ထွန်းထံမှ ဝေစုယူကာ နှုတ်ဆိတ်နေသည်ဟု ဆိုသည်။

ငွေညှစ်ခံရသူများမှာ --

(၁) ဦးမိုဟာမတ်ကာဆိမ်း (ဘ) ဦးရှော်မုလုခ် (ညှစ်ခံရငွေကျပ် ၁၅၀၀၀/- ပုလဲတောင်ရွာမှ)
(၂) ဦးဆော်လိမ် (ဘ) ဦးမာမတ်ရှော်ဖီ (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၃) ဦးဇော်မိရ်ဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်း (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၄) ဦးမာမတ်ဟူဆောင်း (ဘ) ဦးအာမိရ်ဟူဆောင်း (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၅) ဦးအာမာနူလ္လာ (ဘ) ဦးအာဘူလူဆောင်း (ညှစ်ခံရငွေကျပ် ၇၅၀၀၀/- ပုလဲတောင်ရွာမှ)
(၆) ဦးမာမတ်နော်ဆိမ် (ဘ) ဦးအလီအာမတ် (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၇) ဦးအဒူရော်မန် (ဘ) ဦးအာဘူဘော်ရှော်ရ် (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၈) ဒေါ်ဟာမီဒါ (ဘ) ဦးအဒူလ်ဟာမိတ် (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၉) ဒေါ်နော်ဇော်မာ (ဘ) ဦးမော်ဂုလ်အာမတ် (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၀) ဦးမာမတ်ရော်ဖိတ် (ဘ) ဦးအာမိရ်ဟမ်ဇား (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၁) ဦးအီမာန်ဟူဆောင်း (ဘ) ဦးအာနူမျာ (ညှစ်ခံရငွေကျပ် ၁၂၀၀၀/- ပုလဲတောင်ရွာမှ)
(၁၂) ဦးအန်ဝါလ် (ဘ) ဦးမာမတ်ရှော်ဖီ (ညှစ်ခံရငွေကျပ် ၁၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၃) ဦးအဒူဆလာမ် (ဘ) ဦးဘာဆဲရ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀/- ပုလဲတောင်ရွာမှ)
(၁၄) ဦးမူဆာ (ဘ) ဦးအဘူဆူဖီယန် (ညှစ်ခံရငွေကျပ် ၂၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၅) ဦးအဒူမာဇဲဒ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀/- ပုလဲတောင်ရွာမှ)
(၁၆) ဦးဆွေယာဒ်နူရ် (ဘ) ဦးဆူရ်အာမတ် (ညှစ်ခံရငွေကျပ် ၂၅၀၀၀/- ပုလဲတောင်ရွာမှ)
(၁၇) ဦးမာနူရ် (ဘ) ဦးအဒူဇော်လိလ် (ညှစ်ခံရငွေကျပ် ၂၀၀၀၀/- ပုလဲတောင်ရွာမှ)
(၁၈) မော်လ၀ီ အီလီယာစ် (ဘ) ဦးမီရာမောတ် (ညှစ်ခံရငွေကျပ် ၁၅၀၀၀၀/- ပုလဲတောင်ရွာမှ) -- တို့ဖြစ်ပြီး၊ ခြင်းသမား၊ မောင်နူ၊ ဖောင်တော်ပြင် စသည် ကျေးရွာ (၃) ရွာမှလည်း ငွေသိန်းချီ ညှစ်ယူထားကြောင်း ဒေသခံများက ပြောပါသည်။



RB News
11.5.2016

လန်ဒန် ။ ။ ဗြိတိန်နိုင်ငံ အော့စ်ဖို့ဒ် တက္ကသိုလ်တွင် မေလ (၁၁) ရက်နေ့၌ ရိုဟင်ဂျာ များအား လူမျိုးတုန်း သတ်ဖြတ်နေခြင်းနှင့် ပတ်သက်၍ ကျင်းပခဲ့သည့် ကွန်ဖရင့် အကြောင်းကို ဘီဘီစီ မြန်မာပိုင်းမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဟောင်း ရိုရွှေမောင်၊ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်ဟောင်း မစ္စတာ သောမတ်စ် ကင်တားနားနှင့် မြန်မာ နိုင်ငံခြားရေး ၀န်ကြီးဌာနမှ ဒုတိယ ညွန်ကြားရေးမှူးချုပ် ဒေါ်အေးအေးစိုး တို့ကို မေးမြန်းထားသည်။

အောက်ပါ အသံဖိုင်တွင် နားဆင်နိုင်ပါသည်။

MYARF
RB News
11.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် လောင်းဒုံး ကျေးရွာအုပ်စု၊ ကြိုက်ချောင်းရွာ၌ ပြူးမချောင်း ကမ်းပြိုမှုတွင် ပါသွားသည့် အိမ်များမှ မိသားစုများ ရွှေ့ပြောင်း နေထိုင်သော တဲအိမ်များကို နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ကွပ်ကဲရေးမှူးနှင့် မြို့နယ် အုပ်ချုပ်ရေးမှူး တို့က ဖျက်ခိုင်းလိုက်သဖြင့် အဆိုပါ မိသားစုများ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သတင်း ရရှိပါသည်။

ကြိုက်ချောင်းရွာမှ အောက်ဖော်ပြပါ တို့၏ နေအိမ်များသည် ပြူးမချောင်း ကမ်းပါးတွင် တည်ရှိခဲ့ပြီး ၂၀၁၅ ခုနှစ် မိုးရာသီ ကမ်းပြိုမှုတွင် ၎င်းတို့၏ နေအိမ်များ ပါသွားခဲ့ပြီး၊ အနီးအနားတွင် နေရာလပ် မရှိသဖြင့် ၎င်းတို့ပိုင်သည့် တောင်ပေါ် မြေပြန့် တစ်နေရာတွင် ယာယီတဲများ ထိုး၍ နေထိုင်ခဲ့ကြရသည်။ ယင်းယာယီ တဲအိမ်များကို လွန်ခဲ့သည့် ဧပြီလတွင် ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူးက ၎င်း၏ ကြိမ်ချောင်း ခရီးစဉ် တစ်ခုတွင် တွေ့ရှိသွားပြီး ချက်ချင်း ဖျက်ပစ်ရန် ကြိမ်ချောင်းရှိ အာဏာပိုင်များကို မှာကြားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

တစ်ဖန် ဧပြီလ (၂၈) ရက်နေ့တွင် အဆိုပါ မိသားစုများ၏ အိမ်ထောင်ဦးစီး များကို မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူးက ဆင့်ခေါ်၍ ၎င်းတို့၏ တဲအိမ်များကို (၇) ရက်အတွင်း မဖြစ်ဖြစ်သည့်နည်းဖြင့် ဖြိုပျက်ရမည် ဖြစ်ကြောင်း၊ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ထိရောက်စွာ အရေးယူခြင်း ခံရမည် ဖြစ်ကြောင်း၊ နောက်ဆုံး အနေနှင့် သတိပေး ပြောဆိုခြင်း ဖြစ်သည်ဟု ပြောဆိုသောကြောင့် ယခုလ (၈) ရက်နေ့တွင် ယင်းတဲအိမ်များကို နေထိုင်သူများ ကိုယ်တိုင် ၎င်းတို့၏ တဲများကို ဖျက်ခဲ့ရသည်။ တဲအိမ်များ ဖျက်လိုက်ရသဖြင့် အဆိုပါ မိသားစုများသည် ယခုအခါ အိုးမဲ့အိမ်မဲ့ ဘ၀ရောက်နေရသည်ဟု ဒေသခံများက ပြောပါသည်။

ပြူးမချောင်း၏ အထက်အစွန်းမှ ဒလဟော စီးဆင်းလာသည့် တောင်ကျမိုးရေသည် ကြိမ်ချောင်း ကမ်းနားသို့ ပြင်းပြင်းထန်ထန် စီးဝင် တိုက်စား၍ ပျမ်းမျှ ကမ်းခြေ ဧရိယာ ပမာဏ ၁၀ ပေမှ ပေ ၃၀ အထိ နှစ်စဉ်လိုလို ပြိုပျက်လျက် ရှိသည်။ န.စ.က လက်ထက်၌ ကမ်းပြိုမှုတွင် နေအိမ်များ ပါသွားသည့် မိသားစုများ ယာယီတဲများဖြင့် နေထိုင်နိုင်ရန် လာဘ်ငွေယူ၍ ခွင့်ပြုလေ့ ရှိသည်။ ယခုအခါ သဘာဝ ဘေးဒဏ်သင့် ပြည်သူများ၏ ယာယီတဲ များကို ဖြိုခိုင်းခြင်းမှာ ရိုဟင်ဂျာများ အိုးမဲ့အိမ်မဲ့ ဘ၀ဖြင့် နေရအောင် လုပ်နေသည့် စီမံချက်လားဟု ဒေသခံများက ဝေဖန် ပြောဆို နေကြသည်။

ဖြိုဖျက်လိုက်ရသည့် ယာယီတဲအိမ် များ၏ အထစ နံပါတ်များနှင့် အိမ်ထောင်ဦးစီးများမှာ -- 

(၁) ဦးအာဘူဆီဒိတ် (ဘ) ဦးအာဘူရှာမား (အသက် ၅၅ နှစ်) - အထစ (၃၉)
(၂) ဦးအေဆာန်အုလ္လာ (ဘ) ဦးအဒူလာကိမ်း (အသက် ၅၃ နှစ်) - အထစ (၈၁)
(၃) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမော်တုလ်ဟူဆောင်း (အသက် ၅၀ နှစ်) - အထစ (၁၀၆)
(၄) ဦးဇာဖောရ်အာလောမ် (ဘ) ဦးဘေဆာအလီ (အသက် ၄၈ နှစ်) - အထစ (၁၃၈)
(၅) ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးမာမတ်ဟူဆောင်း (အသက် ၄၀ နှစ်) - အထစ (၁၄၀) -- တို့ဖြစ်သည်။






ဓါတ်ပုံ - RB News
MYARF
RB News
11.5.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ကျွန်းပေါက်ပြုစု ကျေးရွာရှိ အခြေခံပညာ မူလတန်းလွန် ကျောင်းသည် ၂၀၁၅ ခုနှစ် သြဂုတ်လတွင် တိုက်ခတ်ခဲ့သော လေမုန်တိုင်း ဒဏ်ကြောင့် ဆိုးရွားစွာ ပြိုလဲ ပျက်စီးသွားပြီး ယခုအချိန်ထိ ပြန်လည် ပြုပြင် မွမ်းမံခြင်း မရှိသေးကြောင်း သတင်း ရရှိပါသည်။

၂၀၁၆ - ၂၀၁၇ ပညာသင်နှစ် နီးကပ်လာပြီ ဖြစ်၍ ပြိုပျက်သွားသည့် ကျောင်းအဆောက်အဦးကို အချိန်မှီ ပြုပြင် ဆောက်လုပ်ခြင်း မရှိပါက ရာချီသည့် မူလတန်း၊ အလယ်တန်း အဆင့်ရှိ ရိုဟင်ဂျာ ကျောင်းသား/သူ များ၏ ပညာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေမည် ဖြစ်ကြောင်း၊ ကျောင်းသား/သူ များမှာ ဆက်လက် ပညာသင်ကြား မရှိတော့ဘဲ ပညာသင်ကြားခြင်းမှ ရာသက်ပန် အနားယူရသည့် ဘ၀သို့ ရောက်ရတော့မည် ဖြစ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ကျွန်းပေါက်ပြုစုရှိ မူလတန်းလွန် ကျောင်းတွင် ယင်းကျေးရွာမှ ကျောင်းသား/သူ များသာမက ဝေးလံသည့် ရွာများ ဖြစ်သည့် ရေတွင်းပြင်နှင့် ဇီးပင်ချောင်း တို့မှ ကျောင်းသား/သူ များလည်း ပညာသင်ကြားလျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူးရုံးမှ အမြန်ဆုံး ကွင်းဆင်း စစ်ဆေးပြီး ပြိုပျက်သွားသည့် မူလတန်းလွန် ကျောင်းကို အချိန်မှီ ပြုပြင် တည်ဆောက်ပေးရန် အလွန် အရေးကြီးကြောင်း၊ ကျောင်းသား/သူ များ ပညာသင်ကြား နိုင်ရေး အတွက် အချိန်မှီ တည်ဆောက် ပေးစေလိုကြောင်း ဒေသခံများက ပြောပါသည်။





ဓါတ်ပုံ - RB News -- ကျွန်းပေါက်ပြုစုမှ မူလတန်းလွန်ကျောင်း
MYARF
RB News
11.5.2016

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ကျွန်းပေါက်ပြုစု ကျေးရွာရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲသည် ၂၀၁၅ ခုနှစ်တွင် လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားပြီး ယခုအချိန်ထိ ပြန်လည် ပြုပြင် ဖွင့်လှစ်ခြင်း မရှိ၍ ထောင်ပေါင်းများစွာသော ဒေသခံ ပြည်သူများ ဆေးဝါး ကုသမှု ခံယူရန် အခက်ကြုံလျက် ရှိနေကြောင်း သတင်း ရရှိပါသည်။

ကျွန်းပေါက်ပြုစု ကျေးရွာရှိ ကျေးလက် ကျန်းမာရေး ဌာနခွဲသည် ကျွန်းပေါက်ပြုစု အပါအ၀င် အနီးအနားရှိ ကျေးရွာများ ဖြစ်ကြသည့် ရေတွင်းပြင်၊ ဇီးပင်ချောင်း၊ ကျောက်ချောင်းနှင့် လိပ်ရ ကျေးရွာရှိ ရိုဟင်ဂျာများ အတွက် မရှိမဖြစ် လိုအပ်သော ဆေးပေးခန်း တစ်ခန်း ဖြစ်ပြီး ၂၀၁၅ ခုနှစ် လေမုန်တိုင်း တိုက်ခတ်ခဲ့ပြီးနောက် ယင်းကျန်းမာရေးဌာနခွဲ မရှိခင်က ကြုံတွေ့ခဲ့ရသကဲ့သို့ အခက်ကြုံနေရသည်ဟု ဒေသခံများက RB News သို့ပြောသည်။ ယင်းဒေသသည် သွားလာရေး အဆင်မပြေသည့် နေရာဒေသ တစ်ခု ဖြစ်သည်က တစ်ကြောင်း၊ လတ်တလောတွင် ပုံမှန်၊ အရေးပေါ် ဆေးဝါးကုသမှု ခံယူနိုင်မည့် ကျန်းမာရေး ဌာန မရှိသည်က တစ်ကြောင်း ဒေသခံ လူနာအများအပြားမှာ မသေသင့်ဘဲ သေနေရသည်ဟု ဒေသခံများက ဆိုသည်။ သေဆုံးသူ အများစုမှာ ကိုယ်ဝန်ဆောင် အမျိုးသမီး၊ မွေးကင်းစ ကလေးများနှင့် နာတာရှည် ရောဂါရှင်များ ဖြစ်ကြသည်။ ၀မ်းပျက် ၀မ်းလျှောကြောင့် သေဆုံးရသူ အရေအတွက်မှာလည်း မနည်းတော့ကြောင်း ဒေသခံများက ပြောပါသည်။

ထို့ကြောင့် သက်ဆိုင်ရာ ကျန်းမာရေး ၀န်ကြီးဌာနမှ ပျက်စီးသွားခဲ့သည့် ကျွန်းပေါက် ပြုစုရှိ ကျေးလက် ကျန်းမာရေး ဌာနကို ဒေသခံ ပြည်သူများ ဆေးဝါး ကုသမှု လွယ်ကူ ချော့မော လာစေရန်အတွက် အမြန်ဆုံး ပြန်လည် တည်ဆောက်၍ ကျန်းမာရေး ၀န်ဆောင်မှုများ ပေးရန် ဒေသခံများက တောင်းဆိုသည်ဟု ပြောပါသည်။





ဓါတ်ပုံ - RB News -- ကျွန်းပေါက်ပြုစုမှ ကျန်းမာရေးဌာနခွဲ 



RB News
10.5.2016

လန်ဒန် ။ ။ မေလ (၁၁) ရက်နေ့ ဗြိတိန် စံတော်ချိန် နံနက် ၈း၃၀ နာရီမှ ၄း၃၀ နာရီထိ အော့စ်ဖို့ဒ် တက္ကသိုလ် ၀ုဖ်ဆင်ကောလိပ်တွင် ကျင်းပမည့် -- မြန်မာ့ ဒီမိုကရေစီ ကူးပြောင်းမှု: "လူမျိုးရေးဖိနှိပ်ခံ ရိုဟင်ဂျာများ အတွက် ဘယ်လို အဓိပ္ပါယ် သက်ရောက်သလဲ" -- ကွန်ဖရင့်ကို မေလ (၁၁) ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၂) နာရီမှ ည (၁၀) နာရီထိ အောက်ပါ လင့်ခ်မှ တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။



Rohingya Exodus