နောက်ဆုံးသတင်း/ဆောင်းပါးများ



RB News
5.6.2016

ပုဏ္ဏားကျွန်း ။ ။ ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်း မြို့နယ် လ.၀.က ဦးစီးမှူး၊ ရခိုင်ပြည်နယ် လ.၀.က ဦးစီးမှူး တို့သည် ရဲလုံထိန်းများနှင့် အတူ ယနေ့ ဇွန်လ (၅) ရက်နေ့ နံနက် ၁၁ နာရီ အချိန်တွင် ပုဏ္ဏားကျွန်း မြို့နယ် သဲဒါးရွာသို့ ရောက်ရှိလာပြီး၊ သဲဒါးရွာ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရွာလူကြီး အချို့နှင့် တွေ့ဆုံခဲ့သည်။ 

ထိုသို့ တွေ့ဆုံရာတွင် ၎င်းတို့နှင့် အသင့်ပါလာသော အစိမ်းကဒ်ကို ထုတ်ပြပြီး “ခင်ဗျားတို့ ဒီအစိမ်းကဒ်တွေ ယူရမယ်၊ ဒီအစိမ်းကဒ်တွေ ယူရင် ခင်ဗျားတို့ တန်းတူ အခွင့်အရေး ရမယ်၊ နိုင်ငံသား အခွင့်အရေး ရမယ်” ဟု ပြောဆိုခဲ့သည်။ 

ကျေးရွာ လူကြီးများနှင့် အုပ်ချုပ်ရေးမှူးတို့က ၎င်းတို့ အနေဖြင့် အစိမ်းကဒ်များ မယူနိုင်ကြောင်း၊ အစိမ်းကဒ်များ ယူရန် ဖိအားပေး ပြောဆိုလျှင်လည်း လူထုက လက်မခံလျှင် ၎င်းတို့လည်း လက်ခံနိုင်မည် မဟုတ်ကြောင်း ပြန်လည် ပြောဆိုရာ လ.၀.က ဦးစီးမှူးက “ကျွန်တော်တို့ အခု အစိုးရသစ် လက်ထက်မှာ ပေးနေတာပါ။ ခင်ဗျားတို့ လူထုနဲ့ ဆွေးနွေးလိုက်ပါ” ဟု ပြောဆို၍ ပြန်သွားခဲ့ကြောင်း သဲဒါးရွာမှ ဒေသခံ တစ်ဦးက ပြောပါသည်။ 

ပုဏ္ဏားကျွန်း၊ သဲဒါးရွာမှ ဒေသခံ များကို ပေးရန် ပြောဆိုသည့် အစိမ်းကဒ် ဆိုသည်မှာ ပြုနိုင်ငံသားကဒ် ဖြစ်သည်။ ရိုဟင်ဂျာများသည် ၁၈၂၃ ခုနှစ် မတိုင်မှီကတည်းက မြန်မာနိုင်ငံ၏ အာရ်ကာန် ဒေသတွင် ပင်ရင်းနိုင်ငံ အဖြစ် နေထိုင်လာသည့် အတွက် မွေးရာပါ နိုင်ငံသား အခွင့်အရေး ရှိပြီး၊ တင်းပြည့် နိုင်ငံသားကဒ်များ ဖြစ်သည့် ပန်းရောင်ကဒ်များ ရမှသာ ယူကြမည်ဟု ဒေသခံများက ပြောပါသည်။

ဖေဖော်ဝါရီ ၃ ရက်နေ့က စတင် ကျင်းပတဲ့ အမျိုးသား လွှတ်တော် အစည်းအဝေးကို တွေ့ရစဉ် (Photo: NLD Chairperson)              
3.6.2016

ဧည့်စာရင်း တိုင်ကြားခြင်း ဆိုင်ရာ ဥပဒေတွေကို အမျိုးသား လွှတ်တော်မှာ ဒီနေ့ မဲခွဲဆုံးဖြတ်ပြီး အများစုကပယ်ဖျက် ဖို့ ဆန္ဒပြုတဲ့ အတွက် ဖျက်သိမ်းဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ဒီဥပဒေ ဖျက်သိမ်းဖို့ လွှတ်တော်မှာ တင်ပြခဲ့ချိန်က တပ်မတော်သား ကိုယ်စားလှယ်တွေက ကန့်ကွက် ခဲ့ကြပါတယ်။ ဒါကြောင့် မဲခွဲဆုံးဖြတ်တဲ့ အဆင့် ထိရောက် ခဲ့တာလို့ သိရပါတယ်။ မဲခွဲရာမှာ အနိုင်ရပြီး ဖျက်သိမ်းဖို့ အတည်ပြု လိုက်တဲ့ အကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်က RFA ကိုပြောပါတယ်။

"၃ ခုလုံး နိုင်တယ်ဗျ၊ ကျနော်တို့ ဥပဒေကြမ်းက စိစစ်ထားတဲ့အဆိုတင်ထားတာ အားလုံးပြန်နိုင်တယ်ဗျ၊ အဲ့ဒီစာရင်းရယ်ပေါ့နော် နောက်ပြီးတော့ ဧည့်စာရင်းတိုင်လို့ရှိရင် ပိုက်ဆံဖို့ဗျ၊ အဲ့ဒါတွေပေါ့နော် ပုဒ်မ ၁၇ တို့ ၁၃ တို့ပေါ့နော်၊ သူတို့ကိုင်တွယ်ထားတဲ့ဟာတွေက အကုန်လုံး ကျနော်တို့ လက်တွဲဆုံးဖြတ်တာ အကုန်နိုင်တယ်"

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၃ (ဆ) မှာ ညအိပ်ညနေတည်းခိုတဲ့ သူတွေဧည့်စာရင်း တိုင်တဲ့အခါ အုပ်ချုပ်ရေးမှူးတွေကလက်ခံဖို့၊ ဧည့်စာရင်းစစ်ဖို့နဲ့ တိုင်ကြားမှု ပျက်ကွက်တာတွေ့ရှိရင် အရေးယူ ဖို့ ပြဌါန်းထားသလို၊ ပုဒ်မ ၁၇ မှာတော့ ဧည့်သည်တွေ ဧည့်စာရင်းတိုင်ဖို့၊ ပုဒ်မ ၂၇ က ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်ရင် ထောင်ဒဏ် ၇ ရက် ဒါမှမဟုတ် ငွေဒဏ် ၅ဝဝဝ ကျပ်ပေးရမယ်လို့ပြဌါန်းပြီး ဦးသိန်းစိန် အစိုးရလက်ထက်မှာ အတည်ပြုခဲ့တာဖြစ် ပါတယ်။ အဲ့ဒီပုဒ်မ ၃ ခုလုံးကို ပယ်ဖျက်ဖို့ အမျိုးသားလွှတ်တော်မှာ မဲခွဲတဲ့အခါ မဲပေးခွင့်ရှိသူ ၂၁၁ ဦးရှိပြီး၊ အဲ့ဒီထဲက ထောက်ခံမဲ ၁၃၈ မဲ၊ ကန့်ကွက်မဲ ၆၈ မဲနဲ့၊ ကြားနေ ၂ မဲဖြစ်လို့ အများစု ထောက်ခံတဲ့အတွက် အတည်ပြုလိုက်တာဖြစ်ပါတယ်။

ဧည့်စာရင်းတိုင်ကြားခြင်းဆိုင်ရာ ဥပဒေကိုဖျက်သိမ်းဖို့ အမျိုးသားလွှတ်တော်မှာ အတည်ပြုပြီးတဲ့ နောက် ပြည်သူ့ လွှတ်တော်မှာ ဆက်လက်ဆောင်ရွက်ရဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဧည့်စာရင်းတိုင်ရတဲ့စနစ်ကို မဆလတပါတီခေတ်ကတည်းက ကျင့်သုံးလာခဲ့ပြီး၊ ဧည့်စာရင်းတိုင်ဖို့ ပျက်ကွက်တာကိုစစ်ဆေးတွေ့ရှိရင် ထောင်ဒဏ် ဒါမှမဟုတ် ငွေဒဏ်ချမှတ်ခံ ရတဲ့အတွက် ပြည်သူတွေကြားမှာ ဖိနှိပ်ချုပ်ချယ်တဲ့စနစ်တစ်ခုအနေနဲ့ နှစ်ပေါင်းများစွာတည်ရှိခဲ့ ပါတယ်။ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတချို့လည်း အရင်စစ်အစိုးရလက်ထက်မှာ ဧည့်စာရင်းမတိုင်မှု တွေနဲ့ အရေးယူခံရတာမျိုးတွေရှိခဲ့ပါတယ်။

လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ် ကြေးရုပ်ကို အလေးပြု နေကြစဉ်။ (ဖေဖော်ဝါရီ ၁၃၊ ၁၉၅၅)

ကိုမိုးဇော်
ဗွီအိုအေမြန်မာပိုင်း
3.6.2016

ပင်လုံစာချုပ် ချုပ်ဆိုဖို့ သွားရောက်ရာမှာ ဗိုလ်ချုပ်အောင်ဆန်းကို ကိုယ်တိုင် ကားမောင်း ပို့ဆောင်ပေးခဲ့သူ ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေ နဲ့ တောင်ကြီး မြို့တော်ဝန် အဖြစ် ဆောင်ရွက်ခဲ့သူ ဦးခန်း (ခ) ဦးဖေရွတ်စ်ခန်းဟာ ဒီကနေ့ မနက်မှာ အသက် ၁၀၁ နှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ ပင်လုံညီလာခံ ကျင်းပတဲ့ မြင်ကွင်းကို ကိုယ်တိုင် မျက်မြင် တွေ့ကြုံခံရသူ ဦးခန်းဟာ ၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ ပြင်ဆင်နေချိန်မှာ ကွယ်လွန်သွားတဲ့ အတွက် နိုင်ငံရေးအရ ဆုံးရှုံးမှုအဖြစ် သုံးသပ်ကြပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဦးခန်းခေါ် ဦးဖရိုစ်ခန်း ဟာ ဒီကနေ့ မနက် ၄နာရီ ၁၅မိနစ် အချိန်မှာ တောင်ကြီးမြို့ နေအိမ်မှာပဲ အသက် (၁၀၁) နှစ်မှာ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။ ဦးခန်း ကွယ်လွန်ခဲ့တဲ့ အကြောင်းကို သားဖြစ်သူ ဦးစံလင်းက အခုလို ပြောပါတယ်။

"လူကြီးရောဂါခင်ဗျ။ သူက ခါးနာနေတယ်။ ကြာပြီ ခါးတအားနာနေတာ။"

ဦးခန်းဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိတ်ဆွေဖြစ်သလို ဗိုလ်ချုပ်အောင်ဆန်း ပင်လုံညီလာခံကို သွားရောက်ရာမှာလည်း ကိုယ်တိုင် ကားမောင်းပို့ဆောင်ခဲ့ တာကြောင့် ပင်လုံညီလာခံကို ကိုယ်တိုင် မျက်မြင်တွ့ကြုံခဲ့သူဖြစ်ပါတယ်။

ဦးခန်းကွယ်လွန်တဲ့အပေါ်မှာ ညောင်ရွှေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ဦးခေါ် ဦးနေမျိုးက အခုလို ပြောပါတယ်။

"ကျနော်တို့ပြည်ထောင်စုကြီးရဲ့ သမိုင်းပြတိုက်ကြီးပဲ ကျနော်တို့ရှမ်းပြည်ရဲ့ ဂုဏ်ဆောင် ပုဂ္ဂိုလ်ကြီးဗျ။ နောက် အသက် ၁၀၀ ကျော် နေသွားတာ။ ဒီ အသက် ၁၀၀ ပြည့်တဲ့အထိ သူက သူ့ဂျစ်ကားလေးကို မောင်းဆဲပဲဗျ။ ဗိုလ်ချုပ်အောင်ဆန်းတို့ ပင်လုံသွားတုန်းကလည်း အဲ့တုန်းက ဂျစ်လေးပေါ့ဗျာ။ သူ့ကို ၂၁ ရာစုပင်လုံလေး ချုပ်သွားတာကိုလည်း တကယ်မြင်စေချင်တာဗျ။ အဲ့တာ တကယ် စိတ်မကောင်းစရာပဲ။ "

ဦးခန်းအတွေ့အကြုံတွေနဲ့ပတ်သက်ပြီး ပြန်ပြောင်းပြောဆိုခဲ့တာတွေထဲက အမှတ်တရ အဖြစ်ဆုံးစကားကို ဦးနေမျိုးက အခုလို ဆက်ပြောပါတယ်။

"ကျနော်တို့ကတော့ ခနခန တွေ့ဆုံတာပေါ့နော်။ အဲ့ ပြောပြတဲ့အထဲမှာ သမိုင်းဝင် စကားလေး ကတော့ ဗိုလ်ချုပ်အောင်ဆန်းက နည်းနည်း စိတ်တိုသွားတယ်။ အဲ့ စာချုပ်ချုပ် ခါနီးလေ။ စော်ဘွားတွေကို သူကပြောတယ် ခင်ဗျားတို့ ခွဲထွက်ရင် ခွဲထွက် ရတယ် ဆိုတော့ အဲ့ဒီ့မှာ စဝ်ရွှေသိုက် ပြောတဲ့စကားလေးက ဗိုလ်ချုပ်ရာ ကျနော်တို့က ပေါင်းဖို့တောင် မလုပ်ရသေးဘူး။ ဘာဖြစ်လို့ ခွဲထွက်စေချင်တာလဲဆိုတဲ့ စကားလေးပေါ့နော်။ သူများတွေ အမြင်က ရှမ်းတွေက ခွဲထွက်ချင်တယ်။ ဗမာတွေက မပေးခွဲထွက်စေချင်ဘူး အမှန်က။ အမှန်တော့ မဟုတ်ဘူး ပြောင်းပြန်ဖြစ်နေတာပေါ့နော် သမိုင်းက။"

ဦးခန်းဟာ ငယ်စဉ်က တောင်ကြီးမြို့ ABM ကျောင်းမှာ ၁၀တန်းအထိ ပညာသင်ယူခဲ့ပြီး လွတ်လပ်ရေးရပြီးနောက် ၁၉၅၂ခုနှစ် စပြီး တောင်ကြီးမြို့တော်ဝန် အဖြစ် ၂ကြိမ်ရွေးကောက်ခံခဲ့ရသလို တောင်ကြီးမြို့ စည်ပင်သာယာရေးကော်မတီရဲ့ ဥက္ကဋ္ဌ အဖြစ်လည်း ဆောင်ရွက်ခဲ့သူဖြစ်ပါတယ်။

၁၉၆၂ ခုနှစ် အာဏာသိမ်းချိန်မှာ ရှမ်းစော်ဘွားတွေနဲ့အတူ ၆နှစ်ကြာ ဖမ်းဆီး ထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ ခြေချုပ်နဲ့ ရန်ကုန်မှာ ၄နှစ် ထိန်းသိမ်းခံခဲ့ရပါတယ်။ ၁၉၈၈ ဒီမိုကရေစီအရေးတောင်းဆိုဆန္ဒပြပွဲကို စစ်တပ်က အာဏာသိမ်းချိန်မှာလည်း တပတ်ကြာ ထိန်းသိမ်းခံခဲ့ဖူးပါတယ်။

ဦးခန်းဟာ သူ မကွယ်လွန်မီမှာတော့ တောင်ကြီးမြို့က တောင်စွန်နီဂျာမေ့ဗလီ နာယကကြီးအဖြစ်ဆောင်ရွက်ခဲ့ပြီး အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်တဲ့ ဦးခန်းကို ဒီနေ့ ညနေ ၃နာရီမှာပဲ တောင်ကြီးမြို့တိုင်းရင်းသားပေါင်းစုံ စွန်နီမွတ်စလင်မ်သုဿန်မှာ သင်္ဂြိုဟ်ခဲ့ပါတယ်။ ဦးခန်းကွယ်လွန်ချိန်မှာတော့ သားသမီးသုံးယောက်၊ မြေး ၁၁ ဦး၊ မြစ် ၇ ဦး ကျန်ရစ်ခဲ့ပါတယ်။



Rohingya Eye
RB News
2.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ကွမ်းသီးပင် ကျေးရွာ၏ အနောက်ဘက်ခြမ်းရှိ ခြံစည်းရိုးနှင့် ကပ်လျက် တည်ရှိသော ဦးဟာကိမ်းနူမာန် (အသက် ၈၀ နှစ်) ၏ ပုဇွန်ကန်ကို ၂၀၁၆ - ၂၀၁၇ အတွက် ငွေကျပ် ၁၉ သိန်းခွဲဖြင့် ဦးအဒူမာလဲခ် (ဘ) ဦးအာဘူလ်ဟာရှိမ်း (အသက် ၄၀ နှစ်) ကို ငှားရမ်းခဲ့သည်။

အဆိုပါ ပုဇွန်ကန်နှင့် ကပ်လျက် ချောင်းဝ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တည်ရှိပြီး၊ ယခင်က အဆိုပါ ကင်းစခန်းဘက်က မည်သည့် အနှောက်အယှက် ပေးမှုမှ ကြုံတွေ့ခဲ့ခြင်း မရှိခဲ့ပေ။ မေလ (၂၈) ရက်နေ့တွင် အသစ် ပြောင်းရွှေ့လာသော နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ရဲအုပ်သည် ၎င်း၏ လက်အောက်ငယ်သားများအား ပုဇွန်ကန်မှ ငါးများ၊ ပုဇွန်များကို ငါးဖမ်းပိုက်များဖြင့် နေ့စဉ် ဖမ်းခိုင်းလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ထိုသို့ မတရားသဖြင့် ငါးများ ပုဇွန်များ ဖမ်းနေခြင်းကို ဦးအဒူမာလဲခ်က သွားရောက် ကန့်ကွက် ပြောဆိုသော်လည်း ရပ်တန့်ခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ မရပ်တန့်သည့် အပြင် ဦးအဒူမာလဲခ်အား ဆူပူ ကြိမ်းမောင်းဆဲဆို၍ တုန့်ပြန်သည်ဟု ဆိုသည်။

ထိုကဲ့သို့ မတရားသဖြင့် ဖမ်းနေခြင်းကြောင့် ပုဇွန်ကန် ငှားရမ်း လုပ်ကိုင်နေသော ဦးအဒူမာလဲခ်က အရှုံးပေါ်မည်ကို စိုးရိမ်လျက် ရှိနေသည်။ ဒေသဆိုင်ရာ အာဏာပိုင်များ အနေဖြင့် ဦးအဒူမာလဲခ်၏ မိသားစုအား ငဲ့ညှာ၍ အဆိုပါ ရဲအုပ်နှင့် တပ်ဖွဲ့ဝင် များ၏ မတရားသော လုပ်ရပ်ကို ဟန့်တားပေးရန် တောင်းဆိုသည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၁ ရက်နေ့က ပြည်ထောင်စု ဝန်ကြီးတွေနဲ့ ဒေသခံတွေ တွေ့ဆုံကြစဉ်
Photo: Min Thein Aung/ RFA

1.6.2016

ရခိုင်ပြည်နယ် ဖံွ့ဖြိုး တိုးတက်ရေး အတွက် ငွေကျပ် သိန်းပေါင်း ၇ သောင်းကျော် အသုံးပြု သွားမယ်လို့ နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နဲ့ ဖံွ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်မှု ကော်မတီ အဖွဲ့ဝင် ဝန်ကြီးတွေဟာ မြို့ခံတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ပြောခဲ့တာဖြစ် ပါတယ်။

"၂ဝ၁၆ - ၁၇ မှာ ရခိုင်ပြည်နယ်တစ်ခုတည်းတင်ပဲ ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ဖို့ အတွက် ငွေကျပ်သိန်းပေါင်း ၇ သောင်း ၅ ထောင်ကျော် လျာထားပြီး လုပ်ငန်းတွေ ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်၊ ဒါ့အပြင် ထပ်လောင်းတင်ပြလာတဲ့ လိုအပ်ချက်တွေရှိရင်လည်း ကျနော်တို့ ရန်ပုံငွေတွေနဲ့ ထပ်မံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စကို အလေးထား ဆောင်ရွက်နေတယ်လို့ ၀န်ကြီးတွေက တွေ့ဆုံပွဲမှာ ပြောပါတယ်။

လူ့အဖွဲ့အစည်းတွေအကြား ဘာသာရေး၊ ဓလေ့ထုံးတမ်းစဉ်လာတွေကိုလည်း အပြန်အလှန် ယုံကြည်လေးစားကြဖို့ နဲ့ ဘာသာရေးကို ခုတုံးမလုပ်ကြဖို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ပြောခဲ့ပါတယ်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကိုလည်း ၁၉၈၂ ခုနှစ် ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။

မနေ့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖံွ့ဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ဒီကနေ့ စစ်တွေမြို့ကို ရောက်ရှိပြီး မြို့ခံတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ကွမ်းသီးပင် ကျေးရွာမှ ဘာသာရေး မူကြိုကျောင်း (ဓါတ်ပုံ - MYARF / RB News)

MYARF
RB News
1.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲ အပိုင် ကွမ်းသီးပင် ကျေးရွာမှ ဘာသာရေး မူကြိုကျောင်း တစ်ကျောင်းကို ဖျက်ဆီးပစ်ရန် ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ အမိန့်ထုတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

“ခရိုင် ထွေ/အုပ် က မေလ (၁၅) ရက်နေ့ လောက်မှာ ဂေါပကတွေကို ဆင့်ခေါ်ပြီး အဲဒီမူကြိုကျောင်းကို မေလ (၃၁) ရက်နေ့ နောက်ဆုံး ထားပြီး ဖျက်ခိုင်းတာ” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ကွမ်းသီးပင် ကျေးရွာအုပ်စု အလယ်ရွာမှ ရာအိမ်မှူး ဦးမူဖိစ်သည် ယခုနှစ် အစောပိုင်းတွင် ကျင်းပခဲ့သည့် ကျေးရွာ ရွေးကောက်ပွဲ ကာလတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအတွင်းချေ ကို လာဘ်ငွေ နှစ်သိန်း ပေး၍ ရာအိမ်မှူး ရာထူးရယူခဲ့ကြောင်း၊ ထိုစဉ်ကပင် ဆင်းရဲသားများကို နည်းမျိုးဖြင့် အနိုင်ကျင့်ခြင်း၊ ငွေညှစ်ရန် ကြိုးစားခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ အလှည့်ကျ ကင်းစောင့် တာဝန်ပေးခံရခြင်းမှ ကင်းလွတ်ခွင့် ရမည်ဟု ဆိုကာ မိသားစု တစ်စုလျှင် ငွေကျပ် ၁၅၀၀၀/- စီ တောင်းခံခဲ့ကြောင်း၊ ရွာသားများက ၎င်းတောင်းခံခဲ့သည့် ငွေများကို မပေးသဖြင့် မောင်တော ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနသို့ အထက် ဖော်ပြပါ ဘာသာရေး မူကြိုကျောင်းကို သက်ဆိုင်ရာမှ ခွင့်ပြုချက် မရရှိဘဲ မွမ်းမံသည်ဟု မဟုတ်မမှန် သတင်းပေးခြင်းကြောင့် ဖျက်ဆီးပစ်ရန် ယခုကဲ့သို့ အမိန့်ချခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



MYARF
RB News
1.6.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပိုင်း ဂေါ်ရခါလီ ကျေးရွာမှ ဦးအဒူဂေါ်နီအား နေအိမ် ပြုပြင်ခဲ့သည်ဟု ဆိုကာ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ကိုယ်ရံတော် ဦးအဒူလ်ကူဒူစ်က ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့သည်ဟု သတင်း ရရှိပါသည်။

ဦးအဒူဂေါ်နီ (ဘ) ဦးဖူတူန္နား (အသက် ၃၀ နှစ်) သည် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ၎င်း၏ နေအိမ်အား ငွေကြေး အကျပ်အတည်းကြောင်း ပြင်ဆင်နိုင်ခြင်း မရှိခဲ့ဘဲ အပျက်အစီး အတိုင်း နေခဲ့သည်။ ယခုအခါ မိုးရာသီ ကျရောက်လာသဖြင့် ၀မ်းစာအတွက် ရှာဖွေရရှိသည်ကို စားသောက်ရေး အတွက် ဒုက္ခမျိုးစုံခံကာ ချွေတာ စုဆောင်း၍ နေအိမ်၏ အမိုးအကာများကို ပြုပြင်ခဲ့သည်။ မေလ (၂၄) ရက်နေ့တွင် ဦးအဒူကူဒူစ် (ဘ) ဦးမူအာဒါရာန်က ၎င်းကို ခွင့်ပြုချက် မရှိဘဲ နေအိမ်ပြုပြင်ခဲ့သည်ဟု ဆိုကာ ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဦးအဒူကူဒူစ်ကို ၂၀၁၄ ခုနှစ်မှစ၍ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အလယ်သံကျော်၊ ဥဒေါင်း၊ မြင်းလွတ်နှင့် ကျောက်ပန္ဒူ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းများမှ တာဝန်ရှိသူများက ၎င်းတို့၏ လက်ကိုင်တုတ် အဖြစ် အသုံးပြုပြီး ဆင်းရဲသား ရိုဟင်ဂျာများထံမှ ငွေညှစ်စေခဲ့သည်။ ထို့ကြောင့် ၎င်းသည် ဒေသခံ ရိုဟင်ဂျာများထံမှ နည်းမျိုးစုံဖြင့် ငွေညှစ်ခြင်း၊ လုယက်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

ဂေါ်ရခါလီမှ ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးမာမတ်နော်ဆိမ် (ဘ) ဦးရော်ဘိဇ်အာမတ် (အသက် ၂၈ နှစ်) -- ညှစ်ခံရငွေကျပ် ၃ သိန်း
(၂) ဦးအာဘူဘော်ကော်ရ် (ဘ) ဦးအဒူရှကူရ် (အသက် ၂၇ နှစ်) -- ညှစ်ခံရငွေကျပ် ၂ သိန်း

အလယ်သံကျော်၊ မြင်းလွတ်နှင့် ကျောက်ပန္ဒူ တို့မှ ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးအဒူ (ဘ) ဦးမူဇာဖောရ် (အသက် ၅၆ နှစ်) -- ညှစ်ခံရငွေကျပ် ၅ သိန်း
(၂) ဦးရာဘီအူလ္လာ -- ညှစ်ခံရငွေကျပ် နှစ်သိန်းငါးသောင်း
(၃) ဒေါ်ဆူရာခါတူ (မုဆိုးမ) -- ညှစ်ခံရငွေကျပ် ၁ သိန်း
(၄) ဦးဂူရာမျာ -- ညှစ်ခံရငွေကျပ် ၅ သောင်း -- တို့ဖြစ်သည်။

၎င်းသည် ၀မ်းစာပင် လုံလောက်စွာ မရှိသည့် ဆင်းရဲသား ရိုဟင်ဂျာများကို အနိုင်ကျင့်၍ ငွေညှစ်နေခြင်း ဖြစ်ပြီး၊ အစိုးရသစ် အနေဖြင့် ယခုကဲ့သို့ မတရားသဖြင့် လုပ်ဆောင်နေခြင်း များကို အရေးယူ ဆောင်ရွက်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။



RB News
31.5.2016

ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ များနှင့် မွေးရပ်မြေစွန့်ကာ ကစဥ့်ကလျား ပြေးလွှား နေရသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား အကာအကွယ် ပေးသည့် အစီအမံကို မဆိုင်းမတွ ချမှတ် ဆောင်ရွက်ပေးရန် အမေရိကန် အထက် လွှတ်တော် (စီနိတ်)၊ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး နှင့် ကမ္ဘာ့ကုလသမဂ္ဂ တို့ကို Burmese Rohingya Organisation UK (BROUK) မှ အပူတပြင်း တိုက်တွန်းခဲ့။

Burmese Rohingya Organisation UK (BROUK) ၏ ဥက္ကဋ္ဌဖြစ်သူ ဦးထွန်းခင်သည် ၂၀၁၆ မေလ ၂၃ ရက်မှ ၂၇ ရက်နေ့ အထိ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌ အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး တောမ်မလင်နိုစကီး၊ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ၊ လူဦးရေနှင့် ရွှေ့ပြောင်း နေထိုင်မှုဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ လူ့အခွင့်အရေး ကော်မရှင်မှ တော်မ်လန်တိုးစ်၊ အမေရိကန် လွှတ်တော် အရာရှိများနှင့် တွေ့ဆုံကာ အစည်းအဝေး ပြုလုပ်ခဲ့သည်။ ၎င်းအစည်းအဝေးသို့ ဝါရှင်တန်ဒီစီမြို့မှ အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများ (NGOs) လည်း တက်ရောက် ခဲ့ကြသည်။ ၎င်းအစည်းအဝေး၌ ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများ၏ လက်ရှိ အခြေအနေနှင့် ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံတို့ရှိ ရိုဟင်ဂျာ ဒုက္ခသည်များ၏ လက်တလော အခြေအနေများကို BROUK ဥက္ကဋ္ဌမှ ရှင်းလင်းပြောကြား ခဲ့သည်။



BROUK ဥက္ကဋ္ဌသည် နယူးယောက်မြို့၌လည်း ကမ္ဘာ့ကုလသမဂ္ဂ၏ အမေရိကန် ကိုယ်စားလှယ်ဖြစ်သည့် စာရာဟ်မဒဲဆန်၊ ဥရောပသမဂ္ဂ ကိုယ်စားလှယ်၊ အာဆီယံနိုင်ငံ များမှ အသင်းအဖွဲ့များ အပါအဝင် အခြားသူများနှင့်လည်း တွေ့ဆုံခဲ့သည်။

လက်ရှိအခြေအနေများနှင့် ပတ်သက်၍ BROUK ဥက္ကဋ္ဌမှ ပြောကြားခဲ့သည်မှာ၊ မိမိတို့သည် လွတ်လပ်စွာ ဆန္ဒ ဖော်ထုတ် ခြင်းကို လေးစားသော်လည်း၊ ဆန္ဒဖော်ထုတ်မှုများသည် ဒီမိုကရေစီစနစ်၏ စံ၊ မူဘောင်အတွင်း၌သာ ရှိရမည်ဖြစ်ကြောင်း၊ အစဉ်တစိုက် ဖြစ်ပေါ်နေသည့် ဆန္ဒဖော်ထုတ်မှု များသည် အမုန်းမှိုင်းတိုက်ခြင်းနှင့် အစ္စလာမ်ကြောက်ရောဂါ တို့ပြန့်ပွါးစေ သည်ဖြစ်ရာ၊ ရိုဟင်ဂျာတို့အပေါ် အကြမ်းဖက်ကျူးလွန်မှုများ ဖြစ်စေမည်ကို စိုးရိမ်မိကြောင်း၊ ရခိုင်ပြည်နယ် အတွင်းရှိ အဆက် အသွယ်ပြတ် ပိတ်မိနေသော ဒေသများ၊ ရွာများနှင့် ခွဲခြားဆက်ဆံမှု အပြည့်ရှိသော ဒုက္ခသည်စခန်းများ အတွင်းရှိ အကြမ်းဖက်ခံ ရိုဟင်ဂျာများသည် လုံခြုံရေး ကင်းမဲ့ခြင်း၊ အကူအညီမဲ့ခြင်း တို့အား အဆုံးစွန် ခံစားရလျှက်ရှိကြောင်း၊ ငြိမ်းချမ်းရေးကို ကျိုးပေါက်စေနိုင်သည့် ခြိမ်းခြောက်မှုပြည့် ဥပဒေချိုးဖောက်မှု များအား ကျူးလွန်သူ များကို အစိုးရအနေဖြင့် တားဆီးသင့်ကြောင်း၊ မိမိကိုယ်ကိုမိမိ သတ်မှတ်ပြဋ္ဌာန်းခွင့် ဟူသော အပြည်ပြည်ဆိုင်ရာ စံ အားထိန်းသိမ်းရန်လည်း အစိုးရတွင်တာဝန် ရှိကြောင်း စသဖြင့် ပြောကြားခဲ့ပါသည်။

BROUK ဥက္ကဋ္ဌ ဦးထွန်းခင်မှ အမေရိကန်အစိုးရအား တိုက်တွန်းချက်

NLD ဦးဆောင်သောအစိုးရအား ဖိအားပေးရန်


- ရိုဟင်ဂျာများ အနေဖြင့် ၎င်းတို့၏ လူမျိုးအမည်အား "ရိုဟင်ဂျာ" ဟူ၍သာ မိမိကိုယ်ကိုမိမိ ပြဋ္ဌာန်းခွင့်ပေးရန်။

- မြန်မာနိုင်ငံရှိ မွတ်စလင်များနှင့် ရိုဟင်ဂျာတို့အားဆန့်ကျင်သည့် အမုန်းမှိုင်းတိုက်မှုပြုသူ များကို အရေးယူမှုပြုရန်။

- နိုင်ငံတွင်း အခြေအနေမဲ့ ဖြစ်နေသူ အားလုံးကို ၎င်းတို့၏ လူ့အသိုင်းအဝိုင်း၊ နေရာဌာနေများနှင့် ပိုင်ဆိုင်မှုများဆီသို့ ပြန်ခွင့် ပြုရန်။

- ရိုဟင်ဂျာများ၏ အခြေခံ လူ့အခွင့်အရေးနှင့် လွတ်လပ်မှုတို့အား ကန့်သတ်ထားမှု များနှင့် အခြားဖိနှိပ်မှု များအား အဆုံး သတ်ရန်။

- နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့များ၏ ရခိုင်ပြည်နယ်ရှိ လုပ်ငန်း ဆောင်တာ များအား ကန့်သတ်ထားသည်များ အားလုံး ကို ရုပ်သိမ်းရန်နှင့် အကူအညီပေးရေး ဝန်ထမ်းများ၏ လုံခြုံရေးကိုတာဝန်ယူရန်။

- ရိုဟင်ဂျာတို့အနေဖြင့် တင်းပြည့်ကျပ်ပြည့် နိုင်ငံသားဖြစ်မှု အပါအဝင် နိုင်ငံသားဖြစ်မှုနှင့် ဆက်စပ်သည့် အခွင့်အရေးများ ရရှိစေရန် ၁၉၈၂ နိုင်ငံသားဖြစ်မှု ဥပဒေအား အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေနှင့် နိုင်ငံသားဖြစ်မှု စံနှုန်းတို့နှင့် အညီ ပြုပြင်ရန်။

အမေရိကန် အစိုးရ အနေဖြင့် ဆောင်ရွက်ပေးရန်

- လူသားချင်းစာနာသည့် အကူအညီများကို ရခိုင်ပြည်နယ်ရှိ အခြေအနေမဲ့နေသူများ၊ ရိုဟင်ဂျာများနှင့် အခြားအတိဒုက္ခ ရောက်လျှက်ရှိသူများသို့ ဆထက်တိုးကား ပေးအပ်ရေး။

- ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေရှ် နိုင်ငံများသို့ရောက်ရှိနေသည့် ရိုဟင်ဂျာ ဒုက္ခသည်များအား အမေရိကန်နိုင်ငံတွင်း အခြေချ နေထိုင်ရေး။

- ဒုက္ခသည် စခန်းများအတွင်း စာသင်ကျောင်းများ ဖွင့်လှစ်ပေးရန်နှင့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် အဆင့်မြင့်ပညာ သင်ကြားနိုင်ရေး အတွက် စီစဉ်ပေးရေး။

- ရခိုင်ပြည်နယ်တွင်းရှိ ရိုဟင်ဂျာများနှင့် အခြား မွတ်စလင်များ၏ အခြေအနေကို စုံစမ်းစစ်ဆေးရန် ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ကဲ့သို့ကမ္ဘာ့ကုလသမဂ္ဂ၏ သဘောဆန္ဒနှင့်အညီ အပြည်ပြည်ဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့ ပေါ်ပေါက် လာရန် အထောက်အကူ ပေးရေး။

- ကမ္ဘာ့ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး အဖွဲ့တည်ထောင်ရာတွင် အပြည်ပြည်ဆိုင်ရာ ထောက်ခံမှု ရရှိစေရန် ကြိုးပမ်းပေးရေး။

- လူမျိုးဘာသာပေါင်းစုံ ပြည်သူများ အကြား တန်းတူ အခွင့်အရေးနှင့် သဟဇာတဖြစ်စွာ နေထိုင်မှုတို့ဖြင့် အတိ ပြီးသော လူ့ အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာစေရန်နှင့် မြန်မာနိုင်ငံအစိုးရနှင့် ပြည်သူ့အဖွဲ့အစည်းများ အနေဖြင့် အမုန်းမှိုင်းတိုက်မှု များကို ရင်ဆိုင် ဖယ်ရှားနိုင်ရန် လိုအပ်သည့် အရင်းအမြစ်များနှင့် နည်းပညာ ကျွမ်းကျင်မှု တို့ပေးရေး။



BROUK ဥက္ကဋ္ဌ ဦးထွန်းခင်သည် ဟောလီးဝုဒ်သရုပ်ဆောင်နှင့် ဒါရိုက်တာဖြစ်သူ မတ်ဒီလွန် နှင့်လည်း တွေ့ဆုံခဲ့ပြီး၊ မြန်မာ နိုင်ငံအတွင်းရှိ ရိုဟင်ဂျာ မျိုးတုန်းသန့်စင်မှုအား ရပ်တန့်စေရန် ကြိုးပမ်းမှုအတွက် အခြားနာမည်ကျော် များကိုလည်း လက်တွဲ ပါဝင်လာစေဖို့ ကူညီပေးပါရန် တိုက်တွန်း ပြောကြားခဲ့သည်။ ဦးထွန်းခင်သည် လွန်ခဲ့သည့်နှစ်က မတ်ဒီလွန်အား ရိုဟင်ဂျာ အရေး အသနားခံခဲ့ခြင်းကြောင့် မတ်ဒီလွန် အနေဖြင့် ဒုက္ခသည် စခန်းများသို့ သွားရောက်လိုသည့် ဆန္ဒပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။



RB News
31.5.2016

မောင်တော
။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ မြို့မ ကညင်တန်း ကျေးရွာ အုပ်စု၊ မောင်နီရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် မေလ (၂၇) ရက်နေ့ ည (၁ဝ) နာရီ အချိန်တွင် ၎င်းတို့၏ သတင်းပေး ဦးရှီကူအာနိုဝါရ် (ဘ) ဦးအဒူလ်အာမီးန် (အသက် ၃၃ နှစ်) နှင့်အတူ မင်္ဂလာဆောင် အခမ်းအနား တစ်ခုတွင် ရှိနေသည့် ဦးအီလီယာစ် (ဘ) ဦးအဒူမူနာဖ် (အသက် ၃၇ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင် လာခဲ့သည်။

ထို့နောက် ၎င်းအား ကင်းစခန်းတွင် ခြောက်ပေါက် ထိပ်တုံး ခတ်ထားပြီး တစ်ညလုံး ညှဉ်းပန်း နှိပ်စက်ကာ မေလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် ငွေကျပ် နှစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။




MYARF
RB News
31.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ မောင်နှမ ကျေးရွာနှင့် ကျောက်ပြင်ဆိပ် ကျေးရွာတို့မှ တာဝန်ခံများ အပါအ၀င် ဒေသခံ ရိုဟင်ဂျာ (၁၂) ဦးခန့်ကို ငါးခူရ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် မေလ (၂၇) ရက်နေ့မှ စ၍ ဖမ်းဆီး ချုပ်နှောင် ထားခဲ့ကြောင်း သတင်း ရရှိပါသည်။

“သူတို့ကို ဖားဝပ်ချောင်းမှာ လွန်ခဲ့တဲ့ မေလ (၂၄) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူသတ်မှုမှာ တရားခံလို့ စွပ်စွဲခံထားရတဲ့ ဖားဝပ်ချောင်း ရွာသား ဦးကာမာလ်ဟူစိန်းကို သူတို့ရွာမှာ တည်းခိုနေထိုင်ခွင့် ပေးထားတယ်ဆိုပြီး ဖမ်းဆီး ထိန်းသိမ်း ထားတယ်လို့ သိရတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

မေလ (၂၇) ရက်နေ့ နေ့လည် (၃) နာရီခန့်တွင် ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ်မှ ကွပ်ကဲရေးမှူး၊ ဒေသ (၂) ငါးခူရ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တပ်ရင်းမှူး၊ နယ်မြေ (၆) ပြင်ဖြူ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ စခန်းမှူးတို့ ဦးဆောင်သော နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (၄၀) ဦးခန့်သည် ကျောက်ပြင်ဆိပ် ကျေးရွာသို့ ရောက်ရှိလာပြီး ကျေးရွာ တာဝန်ခံ ဦးဟာလဲစ်အာမတ်၊ ရာအိမ်မှူး ဦးဆော်လီမူလ္လာနှင့် ဆယ်အိမ်မှူး ဦးအဒူရော်ဟိမ်း တို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ထို့အပြင် အုပ်ချုပ်ရေးမှူးဟောင်း ဦးခေါ်လီမူလ္လာအား ဖမ်းဆီးရန် ၎င်း၏ နေအိမ်သို့ သွားရောက် ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် အပြန်တွင် ဦးနာဆဲရ်အာမတ် (ဘ) ဦးရော်ရှိတ် (အသက် ၃၃ နှစ်) ၏ နေအိမ်သို့ စီးဝင်၍ ၎င်းကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

ဖမ်းဆီးသွားသူ များကို တစ်စုံတစ်ရာ မေးမြန်းခြင်း မပြုလုပ်ဘဲ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ခြင်း ဖြစ်ပြီး၊ ငါးခူရရှိ အချုပ်ခန်းထဲတွင် ရက်စက်စွာ နေ့ရောညပါ ညှဉ်းပန်း နှိပ်စက်၍ စစ်ဆေးနေသည်ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

“အဲဒီ လူသတ်မှုနဲ့ ပတ်သက်လို့ စစ်ဆေး မေးမြန်းရမှာက ဖားဝပ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး၊ အဲဒီရွာမှာ တာဝန်ကျနေတဲ့ နယ်ခြားစောင့်ရဲတွေကိုပါ။ ဒါပေမယ့် သူတို့ကို မမေးမြန်းဘဲ ခိုင်လုံတဲ့ သက်သေမရှိ၊ တရားရုံးကလည်း ရမန် မယူဘဲ အပြစ်မဲ့ ဒေသခံတွေကို နေအိမ်တွေကနေ ဖမ်းဆီး ရက်အတော်ကြာ အချုပ်ထဲမှာ ညှဉ်းပန်း နှိပ်စက်နေတာက ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်ပါတယ်” ဟု အဆိုပါ ဒေသခံက ဒေသခံများ ကိုယ်စား ပြောသည်။

အလားတူ မောင်နှမ ကျေးရွာ တာဝန်ခံ ဦးအာဘူနှင့် ၎င်း၏ ညီ ဦးနူရ်အာမတ် တို့ကိုလည်း မေလ (၂၇) ရက်နေ့တွင် ဖမ်းဆီး သွားခဲ့ကြောင်း သိရှိရသည်။ ထို့အပြင် ဦးကာမာလ်ဆိုသူနှင့် နီးစပ်သူ ဒေသခံ (၁၄) ဦးကို လူသတ်မှုနှင့် ပတ်သက်ပြီး တရားခံများ အဖြစ် စွပ်စွဲပြီး မောင်တော မြောက်ပိုင်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတိုင်းသို့ ၎င်းတို့၏ ဓါတ်ပုံနှင့် ကိုယ်ရေးအကျဉ်းများ ပေးပို့ ထားသည်။

တရားခံအဖြစ် စွပ်စွဲခံရသူ ဦးကာမာလ်ကို နေရာပေးသည်ဟု မောင်နှမနှင့် ကျောက်ပြင်ဆိပ် ကျေးရွာ တာဝန်ခံများကို စွပ်စွဲ၍ ဖမ်းဆီး ချုပ်နှောင် ထားနိုင်လျှင် ဦးကော်ဘိရ်အာမတ် သေနတ်ပစ်မခံရမှီ နာရီဝက်အလိုတွင် ဦးကော်ဘိရ်အာမတ်အား ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် လာခဲ့သည့် ဖားဝပ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အခင်း ဖြစ်ပွားရာ နေရာနှင့် တစ်ဖာလုံထက် နည်းသည့် အကွာအဝေးတွင် တည်ရှိသော ဖားဝပ်ချောင်း ရခိုင်ရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် တာဝန်ကျသည့် နယ်ခြားစောင့်ရဲများကို စစ်ဆေးသင့်ပြီး၊ ၎င်းတို့ အားလုံးမှာ အမှုနှင့် ဆက်နွယ်နေသူများ ဖြစ်နိုင်သော်လည်း မစစ်ဆေးဘဲ ထားသည့်အတွက် ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။

ဖားဝပ်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ကိုယ်တိုင် ဦးကော်ဘိရ်အာမတ်၏ သားသမီးများကို သွေးထိုး လှုံ့ဆော် စည်းရုံးကာ ရွာရှိ မျက်နှာဖုံး ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို လုပ်ကြံ သတ်ဖြတ်သူများ စာရင်းအဖြစ် ပြုစုခိုင်းပြီး ငါးခူရ စခန်းသို့ ပေးပို့ခိုင်းခြင်းလည်း ရှိနေသည်ဟု ဒေသခံများက ပြောပါသည်။



RB News
30.5.2016

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖုံညိုလိပ် ကျေးရွာမှ ဦးအာရော်ဖ်အူလ္လာ (ဘ) ဦးဇာဖောရ်ဟူဆောင်းနှင့် ဦးရာဟာမောတ်အူလ္လာ တို့ညီအစ်ကိုနှစ်ဦးသည် မေလ (၂၄) ရက်နေ့တွင် မောင်တောမြို့မှ ပြန်လာနေစဉ် ဘူးသီးတောင် မြို့နယ် အကျဉ်းထောင်ရှေ့တွင် ၎င်းတို့ စီးနင်းလာသော ကားကို ရဲများက ရပ်တန့်ခိုင်းပြီး စစ်ဆေးခဲ့ရာ၊ WY ဆေးပြားများ တွေ့ရှိသဖြင့် ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိပါသည်။

၎င်းတို့ ညီအစ်ကိုနှစ်ဦးအား ဖမ်းဆီးပြီး WY ဆေးပြားများ၏ ပိုင်ရှင်များ မည်သူမည်ဝါ ဖြစ်သည်ကို ရိုက်နှက် စစ်ဆေးရာ ရိုက်နှက်မှုဒဏ်ကို မခံနိုင်တော့၍ မဆိုင်သည့်သူများ၏ အမည်ကို ပြော၍ ရိုက်နှက်မှုဒဏ်မှ လွတ်မြောက်အောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထို့နောက် ရဲများက ဦးဂူရာဖူတူ (ဘ) ဦးအာဘူလ်ကာဆိမ်း ကိုလည်း ဖမ်းဆီးခဲ့သည်။

မေလ (၂၉) ရက်နေ့တွင် ဘူးသီးတောင် မြို့နယ် မြို့မရဲစခန်းမှ အမည်မသိ ဒုရဲအုပ် တစ်ဦးနှင့် တပ်ဖွဲ့ဝင် (၃) ဦးသည် ဖုံညိုလိပ် ကျေးရွာသို့ သွားရောက်၍ ကျေးရွာတာဝန်ခံ ဦးရော်ဖိခ်၊ ရဲသတင်းပေး လေဒူ (ခ) ဦးအဒူလ်အာမီးန်နှင့် ရာအိမ်မှူး (၄) ဦးတို့နှင့် အတူ မတာဟေရာဘေဂမ် (ဘ) ဦးအာဘူလ်ကာဆိမ်းနှင့် ဒေါ်ဟာဆီနာ (ဘ) ဦးရှုနာအလီ တို့နှစ်ဦးကို ဖမ်းဆီး၍ ဖုံညိုလိပ် ကျေးရွာ အုပ်ချုပ်ရေးမှူး ထံသို့ အပ်နှံခဲ့သည်။ ထို့နောက် ဒေါ်ဟာဆီနာ ထံမှ ငွေကျပ် ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း မည်သည့် အပြစ်မှ မရှိသည့် မတာဟေရာဘေဂမ် (အသက် ၁၈ နှစ်) ကို ငွေမပေးနိုင်သောကြောင့် ဘူးသီးတောင် မြို့မ ရဲစခန်းသို့ ခေါ်ဆောင် သွားကြောင်း ဒေသခံများက RB News သို့ပြောသည်။

အသက် (၁၈) နှစ်သာ ရှိသေးသည့် အမျိုးသမီးငယ် မည်သည့် အပြစ်မှ မရှိဘဲ ဖမ်းဆီးခေါ်ဆောင်သွားပြီး ချုပ်နှောင် ထားသည့် အတွက် ကျေးရွာသူ/သား များအားလုံးက အထူး စိုးရိမ်လျက် ရှိနေကြသည်။ ကျေးရွာ တာဝန်ခံက ညီအစ်ကို နှစ်ဦး ဖမ်းဆီးခံရသည့် အမှုနှင့် ပတ်သက်၍ ဖမ်းဆီးမည့် စာရင်းတွင် ရွာသား ၅၀ ကျော် ပါဝင်နေသည်ဟု ခြိမ်းခြောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



RB News
30.5.2016

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ် ဆင်ခုန်းတိုင် ကျေးရွာအုပ်စု၊ လွန်းတောင် ကျေးရွာရှိ တွဲဖက် မူလတန်းကျောင်းတွင် ကျောင်းသား တစ်ဦးလျှင် ကျောင်းဝင်ကြေး ငွေကျပ် နှစ်ရာစီ ကောက်ခံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

နိုင်ငံတော် အစိုးရမှ ယခုနှစ် ပညာသင်နှစ်တွင် ကျောင်းသားများထံမှ ငွေကြေး ကောက်ခံခြင်း လုံးဝ မပြုလုပ်ရန် အမိန့် ထုတ်ပြန်ထားသော်လည်း ကျောင်းအုပ်ကြီး ဦးသိန်းလင်းက ယခုကဲ့သို့ ကောက်ခံခြင်းနေကို တားမြစ် ဟန့်တားခြင်း မရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရိုဟင်ဂျာများကို အဘက်ဘက်မှ ပိတ်လှောင်ထားသဖြင့် လုပ်ကိုင်စားသောက်ရန် မလွယ်ကူသည့် အခြေအနေတွင် ငွေကျပ် နှစ်ရာပင် မတတ်နိုင်၍ သားသမီးများကို ကျောင်းအပ်နိုင်ခြင်း မရှိသည့် မိဘများ ရှိနေသည်ဟု ဆိုသည်။



Rohingya Eye
RB News
30.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ သရေကုန်ပင် ကျေးရွာရှိ စံပြ န.တ.လ ရွာတွင် အခြေချ ထားသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွင် နယ်ခြားစောင့်ရဲ အသစ်များ ပြောင်းရွှေ့ လာသည့်နေ့မှစ၍ ကင်းစခန်းရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာများကို မော်တော်ဆိုင်ကယ် ဦးထုပ် ပါ/မပါ စစ်ဆေးခြင်း၊ ထောက်ခံစာများ စစ်ဆေးခြင်း၊ မိုဘိုင်းဖုန်းများ စစ်ဆေးခြင်း စသည့် နည်းမျိုးစုံဖြင့် အနှောက်အယှက် ပေးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

အဆိုပါ နယ်ခြားစောင့်ရဲ များသည် စခန်းရှေ့တွင် ဟင်းသီးဟင်းရွက် များကို ထမ်းဖြင့် ရောင်းချရန် အသွားအလာ လုပ်နေသည့် ရိုဟင်ဂျာများထံမှ ဟင်းသီးဟင်းရွက်များပင် လုယက်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

မေလ (၂၉) ရက်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် ဂေါ်ဒူသာရ ရွာမှ ဦးနူရ်ဟူစိန်း (ဘ) ဦးအူမောရ်အာခ်ဘောရ် (အသက် ၅၁ နှစ်) သည် မော်တော်ဆိုင်ကယ်ဖြင့် အဆိုပါ စခန်းရှေ့မှ သွားနေစဉ် နယ်ခြားစောင့်ရဲ များက မော်တော်ဆိုင်ကယ် ဦးထုပ်မပါဟု ဆိုကာ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။ အလားတူ သရေကုန်ပင်ရွာမှ မော်လ၀ီ ဟာရှိမ်းမူလ္လာ (ဘ) ဦးနော်ဇိရ်အာမတ် (အသက် ၃၆ နှစ်) ထံမှလည်း မော်တော်ဆိုင်ကယ် ဦးထုပ်မပါဟု ဆိုကာ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့သည်။



ရိုနေဆန်းလွင်
RB News
28.5.2016

မေလ (၂၂) ရက်နေ့ နေပြည်တော်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ရိုဟင်ဂျာ အကြောင်းကို ပြောဆိုသွားခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်က အခေါ်အဝေါ်နဲ့ ပတ်သက်ပြီး ငြင်းခုန်နေတာထက် နှစ်ဖက်လုံး လက်ခံနိုင်တဲ့ အဖြေကို ရှာရမယ်လို့ ပြောသွားခဲ့ပါတယ်။

ရိုဟင်ဂျာ ဝေါဟာရနဲ့ အတူ ရှိနေတဲ့ အကြီးမားဆုံး ပြဿနာက ဂျီနိုဆိုက်ပါ။ ရိုဟင်ဂျာများရဲ့ အခြေအနေက ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်း သုံးရတဲ့ အခြေအနေမှာ တကယ်ရှိနေပြီလား ဆိုတာလည်း မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ အဲလို အသုံးအနှုန်းတစ်ခုကို သုံးဖို့ဆိုတာ တကယ် တတ်ကျွမ်းတဲ့ ပညာရှင်တွေက ဆုံးဖြတ်ရတာ ဖြစ်တာနဲ့အညီ တကယ် တတ်ကျွမ်းတဲ့ ပညာရှင်တွေက ရိုဟင်ဂျာများရဲ့ အခြေအနေက ဂျီနိုဆိုက် မြောက်တယ်လို့ အတည်ပြု ပြောကြားထားတဲ့ အပြင် ကမ္ဘာ့နိုဗယ်လ် ငြိမ်းချမ်းရေးဆုရှင် (၇) ဦးကလည်း ဂျီနိုဆိုက်လို့ ပြောခဲ့တာ အခုဆိုရင် တစ်နှစ်ပြည့်သွားပါပြီ။

အခေါ်အဝေါ် ကိစ္စပြောပါမယ်။ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၄၈ ခုနှစ် နောက်ပိုင်းမှာ ရိုဟင်ဂျာကို တရားဝင် တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုခဲ့ပြီး ရိုဟင်ဂျာများက ၁၉၇၄ ခုနှစ်လောက်ထိ တိုင်းရင်းသား၊ နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ရခဲ့ကြပါတယ်။

“ရိုဟင်ဂျာ” ဆိုတဲ့ အခေါ်အဝေါ်ကို နိုင်ငံတော်က တရားဝင် အခမ်းအနားလုပ်ပြီး အသိအမှတ်ပြု ခေါ်ခဲ့တယ်။ အဲဒီတုန်းက ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီး ကိုယ်တိုင် အခမ်းအနားတက် မိန့်ခွန်းပြော၊ သူနဲ့အတူ အရာရှိကြီးပေါင်းများစွာ တက်ရောက်ခဲ့တယ်။ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုက ရေဒီယို မိန့်ခွန်းမှာ ထည့်သွင်းပြောခဲ့တယ်။ တပ်မတော်ဘက်ကလည်း မိမိတို့ရဲ့ ညီရင်းအစ်ကိုပမာ နွေးနွေးထွေးထွေး ဆက်ဆံပြီး တပ်မတော်ရဲ့ အာဘော် ဂျာနယ်မှာတောင် ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ဆောင်းပါးရေးပြီး ဖော်ပြခဲ့တယ်။ အဲဒါတွေအပြင် မြန်မာ့အသံရဲ့ တိုင်းရင်းသားအစီအစဉ်မှာ ရိုဟင်ဂျာ အစီအစဉ်ကို ရိုဟင်ဂျာ ဘာသာစကားနဲ့ အသံလွှင့်ပေးခဲ့တယ်။ စွယ်စုံကျမ်း၊ အခြေခံပညာ အထက်တန်းကျောင်း ပထ၀ီဝင် ဘာသာရပ်ရဲ့ မြန်မာပြည် မြေပုံမှာ ရိုဟင်ဂျာများ နေထိုင်ရာ ဒေသကို သီးသန့် ဖော်ပြတဲ့ အထိရှိခဲ့တဲ့ အပြင် ၂၀၁၂ ခုနှစ်ထုတ် အဝေးသင် တက္ကသိုလ် ပထ၀ီဝင်ရဲ့ သင်ရိုးညွန်းတမ်းမှာလည်း ပါလာပြန်တယ်။

“ရိုဟင်ဂျာ” ဆိုတဲ့ ဝေါဟာရကို မြန်မာနိုင်ငံမှာ တရားဝင် အသိအမှတ်ပြုခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာမှာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ရခိုင်တွေက လက်မခံဘူးဆိုတာ မှန်သင့်သလောက် မှန်ပါတယ်။ ဘာကြောင့် ဒီလိုပြောရသလဲ ဆိုရင် ရိုဟင်ဂျာကို တရားဝင် အသိအမှတ်ပြုတုန်းက အခုရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ အဲဒီနေရာမှာဘဲ ရှိနေခဲ့တာပါ။ ရခိုင်တွေလည်း အဲဒီနေရာမှာဘဲ ရှိနေခဲ့တာပါ။ ဒါပေမယ့် အဲဒီတုန်းက တရားဝင် အသိအမှတ် ပြုနေချိန်မှာ ရခိုင်တွေက မကန့်ကွက်ခဲ့ဘဲ၊ အခု တရားမ၀င်လို့ သတ်မှတ်ထားတဲ့ အချိန်ကျမှ ဘာကြောင့် ဒီလောက် အသည်းအသန် ကန့်ကွက်နေရသလဲ ဆိုတာကို လေ့လာ ဆန်းစစ်ဖို့ လိုပါမယ်။ တကယ်ပဲ ရခိုင်အားလုံးက လက်မခံတာလား? ဒါမှမဟုတ် ခေါင်းဆောင် ဆိုသူတွေက လက်မခံရဘူးလို့ ပြောထားလို့ ရခိုင်ပြည်သူတွေကပါ လက်မခံဘူးလို့ ပြောနေကြတာလား? ပြီးတော့ ရခိုင်နဲ့ ရိုဟင်ဂျာတွေက ၁၉၄၂ ကနေ ၂၀၁၂ ထိ နှစ်ပေါင်း ၇၀ ကြာ အဓိကရုဏ်းတွေကြားမှာ နေခဲ့ကြတာလား? ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြတာလား? ရခိုင်နဲ့ ရိုဟင်ဂျာ ဆိုရင် ၂၀၁၂ ခုနှစ် နောက်ဆက်တွဲ ဇတ်လမ်း တစ်ခုတည်း မဟုတ်ဘဲ ရာစုနှစ်ပေါင်းများစွာကတည်းက ဘယ်လို ရှိခဲ့သလဲ ဆိုတဲ့ သမိုင်းကို သေချာ ပြန်ဆန်းစစ်ဖို့ လိုပါမယ်။

အဲဒါတွေ အပြင် ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရက မြန်မာနိုင်ငံကို အင်္ဂလိပ်များ မသိမ်းပိုက်ခင်ကတည်းက ရှိခဲ့တဲ့ ဝေါဟာရလား၊ ပြီးတော့ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းထောင်ကျော်ကတည်း အဲဒီဒေသမှာ အခု ရိုဟင်ဂျာလို့ ပြောနေတဲ့ မွတ်စလင်တွေ တကယ်ရှိခဲ့သလား ဆိုတာ သမိုင်းပညာရှင်များနဲ့ ဆန်းစစ်ဖို့ လိုပါမယ်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များ မသိမ်းပိုက်ခင် ကတည်းက ရှိနေခဲ့တဲ့ လူနည်းစုတစ်စု (မွတ်စလင်များ) ရဲ့ လူမျိုးအမည် “ရိုဟင်ဂျာ” ကို လူအများစုက မလိုလားလို့ ပြောင်းလဲရမယ်ဆိုတာက လူများစုက လူနည်းစုကို အနိုင်ကျင့်တာနဲ့ အတူတူပါပဲ။

ယနေ့ ရခိုင်ပြည်နယ်လို့ ခေါ်နေတဲ့ အာရ်ကာန်ဒေသရဲ့ သမိုင်းအစစ်အမှန်ကို သေချာဆန်းစစ်ပြီး အဖြေရှာမယ်ဆိုရင် ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို ပြောင်းလဲပစ်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အဖြေကို ရမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း “လူမျိုးအမည်ကလည်း သိပ်အရေးကြီးတယ် ဆိုတာကို ကျွန်မသိပါတယ်။ တစ်ကမ္ဘာလုံးက လူသားတိုင်းဟာ မိမိလူမျိုးအမည်ကို မိမိဆန္ဒအတိုင်း သတ်မှတ်ချင်ကြတဲ့ ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြတယ် ဆိုတာကို ကျွန်မသိတယ်။ လူသားတိုင်းရဲ့ မိမိလူမျိုးအမည်ကို မိမိဆန္ဒအတိုင်း သတ်မှတ်လိုမှုကို ကျွန်မ မဆန့်ကျင်ပါဘူး” လို့ပြောထားပါတယ်။

ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို နှစ်ဖက်လက်ခံနိုင်အောင် ပြောင်းလဲပစ်တယ် ဆိုရင်တောင် ရိုဟင်ဂျာများရဲ့ သဘောဆန္ဒမပါဘဲ နိုင်ငံတော်အစိုးရက ဒီလိုသတ်မှတ်လိုက်တယ် ဆိုတာမျိုးသာ ဖြစ်လာဖို့ ရှိမှာပါ။ အဲလို ပြောင်းလဲပစ်တယ် ဆိုရင် ရိုဟင်ဂျာများရဲ့ သမိုင်း၊ identity ကို လူအများစုက အနိုင်ကျင့်ပြီး ပြောင်းလဲပစ်တာမျိုးသာ ဖြစ်မယ်လို့ ထပ်ပြောပါရစေ။ ဘယ်ရိုဟင်ဂျာကမှ သူတို့ရဲ့ လူမျိုးအမည်ပြောင်းဖို့ သဘောတူမှာ မဟုတ်ဘူးဆိုတာ နှစ်ပေါင်းများစွာ ရိုဟင်ဂျာအရေး တက်ကြွ လှုပ်ရှားနေသူ တစ်ဦးအနေနဲ့ ရဲရဲဝံ့ဝံ့ ပြောရဲပါတယ်။

ဂျီနိုဆိုက် ကိစ္စပြောပါမယ်။ ဒီနေ့ ရခိုင်ပြည်နယ်မှာ ရှိနေတဲ့ ရိုဟင်ဂျာများဟာ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အတည်မပြုခင်ကာလထိ နိုင်ငံသားများကိုသာ ထုတ်ပေးတဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားများ ကိုင်ဆောင်ပြီး နိုင်ငံအနှံ့ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်၊ အစိုးရ၀န်ထမ်းများ အဖြစ် တာဝန်ထမ်းဆောင်ခွင့်၊ ဆေးဝါးကုသခွင့်၊ အဆင့်မြင့် ပညာသင်ကြားခွင့်၊ အသက်မွေးဝမ်းကျောင်း တက္ကသိုလ် ပညာသင်ကြားခွင့် အားလုံးကို အခြားသော တိုင်းရင်းသားများ နည်းတူ တန်းတူ ရရှိခဲ့ကြတယ်။

အဲဒီလို အခွင့်အရေး အပြည့်အ၀ ရခဲ့တဲ့ ရိုဟင်ဂျာများကို ဒီနေ့ ခိုးဝင်လာသူတွေ၊ တရားမ၀င် ပြောင်းရွှေ့လာသူတွေလို့ အမျိုးမျိုး စွပ်စွဲပြီး နိုင်ငံသားအဖြစ် အသိအမှတ် မပြုတော့ဘူး။ လူတွေက ဒီလူတွေပါပဲ။ ဒါပေမယ့် အဲဒီလူတွေ အပေါ်မှာ ကျင့်သုံးခဲ့တဲ့ မူ ပြောင်းသွားတာ တစ်ခုတည်းပါ။

၁၉၉၂ ခုနှစ်ကစပြီး ရိုဟင်ဂျာများရဲ့ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ အိမ်ထောင်ရေး၊ သွားလာလှုပ်ရှားမှု၊ မွေးဖွားခွင့် အားလုံးကို န.စ.က အဖွဲ့က ကန့်သတ်ပြီး အမိုးပွင့် အကျဉ်းထောင်ထဲမှာ ထားတဲ့ပမာ ထားလာခဲ့တယ်။ စစ်အစိုးရ ဆင်းသွားပြီး ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားများ ဆိုတဲ့ အစိုးရ တက်လာတော့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်းပြီး န.စ.က ထက် ပိုမိုဆိုးဝါးတဲ့ ကန့်သတ်မှုတွေ လုပ်ပြန်တယ်။ တစ်ခါ အခု NLD အစိုးရ တက်လာတော့လည်း အဲလို ကန့်သတ်မှုတွေ ရပ်တန့်သွားသလားလို့ မေးရင် လုံးဝ (လုံးဝ) မရပ်တန့်ဘဲ ယခင်အတိုင်း ရှိနေဆဲပါပဲ လို့သာ ဖြေရပါမယ်။

ကန့်သတ်မှုတွေနဲ့ အတူ ညှဉ်းပန်း နှိပ်စက်မှုပေါင်းစုံလည်း ရှိနေဆဲပါ။ ရိုဟင်ဂျာ တစ်ဦးက အိမ်ထဲက အိမ်ပြင်ထွက်ရင် ဘယ်လို ညှဉ်းပန်း နှိပ်စက်ခံရမလဲ ဆိုတဲ့ စိုးရိမ်စိတ်နဲ့ နေနေရပြီး၊ မိမိတို့ရဲ့ ရွာအတွင်း၊ အိမ်အတွင်းမှာ နေရင်းနဲ့ပဲ ညှဉ်းပန်း နှိပ်စက် ခံနေရတုန်းပါ။ အမျိုးသမီး ဘယ်နှစ်ဦး မုဒိန်းကျင့်ခံရသလဲ၊ အမျိုးသား ဘယ်နှစ်ဦး ပစ်သတ်ခံရသလဲ၊ ဘယ်နှစ်ဦးကို မတရားသဖြင့် ထောင်ချလိုက်သလဲလို့ မေးလာရင်လည်း မရေမတွက်နိုင်အောင် ရှိတယ်လို့သာ ဖြေရပါမယ်။ အမှန်တကယ် အဲဒီလို မရေတွက်နိုင်အောင် ရှိနေလို့ပါ။

ရိုဟင်ဂျာများ ညှဉ်းပန်းနှိပ်စက် ခံနေရတာတွေ၊ နှိပ်စက်မှုဒဏ်တွေကို မခံနိုင်လို့ စက်လှေတွေစီးပြီး နီးစပ်ရာ နိုင်ငံတွေကို ထွက်ပြေးနေတာတွေကို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ ပညာရှင်တွေက စနစ်တကျ မှတ်တမ်းတင်နေတာ ၁၉၇၈ ခုနှစ် နဂါးမင်း စီမံချက် စကတည်းကပါ။ နှစ်ပေါင်း ၄၀ နီးပါး ရလာတဲ့ မှတ်တမ်းများကို သေချာဆန်းစစ်ပြီးမှ ဂျီနိုဆိုက်ဆိုတဲ့ အသုံးအနှုန်းကို သုံးဖို့ လိုနေပါပြီ၊ ဂျီနိုဆိုက်ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ ပါတဲ့ အချက်တွေ အတိုင်း ဒီလူတွေက တကယ်ခံစားနေရပြီဆိုတာကို သိပြီးတဲ့နောက်မှာ ပညာရှင်အချို့ သေချာကွင်းဆင်း လေ့လာပြီးမှ ဆုံးဖြတ်ခဲ့တာပါ။

NLD အစိုးရရဲ့ ရက်ပေါင်း (၁၀၀) စီမံကိန်းထဲမှာ နိုင်ငံသား စီစစ်ရေး ကိစ္စလည်း ပါဝင်ပါတယ်။ မေလ (၂၇) ရက်နေ့မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပြည်ထောင်စုဝန်ကြီး အချို့နဲ့ တွေ့ဆုံပြီး ရခိုင်ပြည်နယ် အရေး ဆွေးနွေးတာမှာလည်း နိုင်ငံသား စီစစ်ရေး ကိစ္စပါဝင်ပါတယ်။

၁၉၇၄ ခုနှစ်ကစပြီး ယနေ့ထိ ရိုဟင်ဂျာများကို စီမံချက် ခေါင်းစဉ် ပေါင်းစုံနဲ့ စစ်ဆင်ရေးတွေ လုပ်ခဲ့ပြီး၊ စီမံချက်တိုင်းမှာ ပါဝင်ခဲ့တာက ရိုဟင်ဂျာများရဲ့ နိုင်ငံသားဆိုင်ရာ အထောက်အထားများကို အပြတ်ဖျောက်ပစ်ဖို့ပါ။ နိုင်ငံသားများသာ ကိုင်ဆောင်ခွင့်ရတဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြား တွေကိုလည်း နည်းလမ်းပေါင်းစုံနဲ့ သိမ်းဆည်းခဲ့ပြီး၊ နောက်ဆုံးမှာ ယာယီသက်သေခံကဒ်ပြားတွေ ထုတ်ပေးခဲ့ပါတယ်။ အဲဒါတွေကိုလည်း လွန်ခဲ့တဲ့နှစ်က ပြန်သိမ်းခဲ့ပြီး အခုဆိုရင် ယာယီသက်သေခံကဒ်ပြား ပြန်အပ်ထားတဲ့ စက္ကူစာရွက် တစ်ရွက်စီသာ ကိုင်ထားရတဲ့ အခြေအနေကို တွန်းပို့ထားပါတယ်။ အဲဒါတွေကိုလည်း မြို့တွင်း သွားလာနေတဲ့ အချိန် လုံခြုံရေးတပ်ဖွဲ့ဝင်တွေက စိတ်မထင်ရင် မထင်သလို ဆုတ်ဖြဲပစ်တာတွေ မနည်းပါဘူး။ အချုပ်အားဖြင့် ပြောရရင် စနစ်တကျနဲ့ အထောက်အထားတွေ ဖျောက်ပစ်ခံထားရတဲ့ လူတွေကို အထောက်အထား ပြပါဆိုရင် ပြဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ ဒီမှာ မေးခွန်းထုတ်ချင်တာက ၁၉၇၄ ခုနှစ် စံပယ်စီမံချက် ကစပြီး သိမ်းဆည်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ၊ ၁၉၇၈ ခုနှစ်မှာ နဂါးမင်းစီမံချက်နဲ့ သိမ်းဆည်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ၊ ၁၉၈၉ ခုနှစ်မှာ နိုင်ငံသားစီစစ်ရေးကဒ်ပြား ထုတ်ပေးမယ်ဆိုပြီး လိမ်ညာပြီး သိမ်းခဲ့တဲ့ အမျိုးသားမှတ်ပုံတင်ကဒ်ပြားတွေ ပြန်လည်ထုတ်ပေးပြီးမှ လိုအပ်တဲ့ အထောက်အထားတွေ တောင်းမလား ဆိုတာပါ။

ဦးနေ၀င်း အစိုးရလက်ထက်ကစပြီး လူသားမျိုးနွယ်စုတစ်စု အပေါ် စနစ်တကျ ကျူးလွန်လာတဲ့ ဒီရာဇ၀တ်မှုကြီးကို သေချာ လေ့လာဆန်းစစ်ဖို့ လိုပါမယ်။ ဒီလူတွေမှာ အထောက်အထား မရှိဘူးဆိုပြီး ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေမှာ သတ်မှတ်ထားတဲ့ အတိုင်းလုပ်မယ်ဆိုရင် ဦးနေ၀င်း ကျူးလွန်လာခဲ့တဲ့ ရာဇ၀တ်မှုကို ဆက်လက်ပြီး ကျူးလွန်သွားတာပဲ ဖြစ်မှာဖြစ်ပြီး၊ ၁၉၇၄ ခုနှစ်ကစပြီး အခုလာမယ့် နိုင်ငံသားစီစစ်ခံဖို့ကိစ္စထိ ရိုဟင်ဂျာများ ကြုံတွေ့ရတဲ့ အတိဒုက္ခများ အားလုံးက ဂျီနိုဆိုက်မှာ အကျုံးဝင်နေတာကိုလည်း သတိပြုဖို့ လိုမှာဖြစ်ကြောင်း တင်ပြလိုက်ပါတယ်။

(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

မင်းမင်း
မဇ္ဈိမ
27.5.2016

နေပြည်တော် ။ ။ မြန်မာနိုင်ငံ အတွင်းရှိ မြို့နယ်၊ ခရိုင် အသီးသီးတွင် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေ စာရင်း များကို အစိုးရ၏ ရက် (၁၀၀) စီမံချက် အတွင်း ထုတ်ပြန် ပေးသွားမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ပြောဆို လိုက်သည်။

၂၀၁၄ ခုနှစ် အတွင်းက ကောက်ယူခဲ့သော သန်းခေါင် စာရင်းတွင် ထုတ်ပြန်ရန် ကျန်ရှိနေသေးသည့် ဘာသာရေး ဆိုင်ရာ အချက်အလက် များကို အစိုးရသစ်၏ ရက် (၁၀၀) စီမံချက် အတွင်း ထုတ်ပြန် ပေးမည်ဟု ဝန်ကြီးက ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"ဘယ်မြို့နယ်မှာ ဘယ်ဘာသာဝင်တွေ ရှိနေတယ်။ ဘယ်ခရိုင်မှာ ဘယ်ဘာသာဝင်တွေ ရှိနေတယ်။ အင်အားတွေ အဲ့ဒါတွေ ထုတ်ပေးဖို့ ရှိနေသေးတယ်။ အဲ့ဒါကို ရက်တစ်ရာအတွင်းမှာ သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးတော့မှ ဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ ဒီအချက်အလက်တွေကို ပြည်သူကို တိတိကျကျ ထုတ်ပြန်သွားဖို့ ရှိပါတယ်" ဟု ဦးသိန်းဆွေက ပြောသည်။

သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံအတွင်း လူဦးရေ ၅၁.၄ သန်းကျော်ထိ ရှိသည်ဟု ဗဟိုသန်းခေါင်စာရင်း ကော်မရှင်က ၂၀၁၄ခုနှစ် သြဂုတ်လနှင့် ၂၀၁၅ခုနှစ် မေလတို့တွင် အသီးသီးထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဦးဆောင်ကာ နိုင်ငံတကာ လူဦးရေရံပုံငွေအဖွဲ့နှင့် ၂၀၁၄ခုနှစ် မတ်လ ၂၉ရက်မှ ဧပြီလ ၁၀ရက်အထိ ၁၂ရက်ကြာအောင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယင်းသို့ကောက်ခံရာတွင် မြန်မာနိုင်ငံအတွင်းရှိ အိမ်ထောင်စုပေါင်း ၁၁သန်းကို မေးခွန်း ၄၁ခုအထိ မေးမြန်းကာ အချက်အလက် ကောက်ခံခဲ့ခြင်းလည်း ဖြစ်သည်။

အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်အရ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ လုပ်ငန်းပေါင်း (၁၃)ခုကို လုပ်ဆောင်သွားမည်ဟု ဝန်ကြီးဦးသိန်းဆွေက မေလ ၂၆ရက်တွင် မဇ္ဈိမသတင်းဌာန၊ ဘီဘီစီမြန်မာပိုင်း၊ ဧရာဝတီသတင်းဌာနတို့နှင့် သီးသန့်တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။
သေဆုံးသွားသူ ဦးရှော်ဖိခ်၏ ရုပ်အလောင်းကို မြေမြှပ် သဂြိုဟ်ရန် သယ်ဆောင် သွားစဉ်

RB News
27.5.2016

မြောက်ဦး
။ ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါင်းတော ကျေးရွာ (ဖုန်ဒုလ်ကုရ်) မှ ဦးရှော်ဖိခ် (ဘ) ဦးနေဆာရ်သည် မေလ (၂၃) ရက်နေ့က ဆိုင်ကယ်စီး၍ သွားနေစဉ် မောင်နီကျွန်းရွာမှ ရခိုင် အစွန်းရောက် တစ်ဦးက ဆိုင်ကယ်ဖြင့် နောက်မှ အရှိန်ဖြင့် လိုက်လာပြီး တမင်တိုက်ခဲ့သည်။ တိုက်ခံရသူ ဦးရှော်ဖိခ်သည် ပြင်းထန်စွာ ဒဏ်ရာ ရရှိသွားခဲ့ပြီး မြောင်းဘွေ ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသသော်လည်း အရေးပေါ်ကုသမှု ခံယူရန် လိုအပ်နေသဖြင့် ယင်းနေ့ညတွင်ပင် ထိုမှ တဆင့် စစ်တွေ ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။

၎င်းအား စစ်တွေ ဆေးရုံကြီးတွင် ဆေးကုသသော်လည်း ကုသမှု မအောင်မြင်ဘဲ မေလ (၂၄) ရက်နေ့ ညနေပိုင်းတွင် သေဆုံး သွားကြောင်း မြောက်ဦးမှ ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

စစ်တွေ ဆေးရုံကြီးတွင် သေဆုံးသွားသည့် ဦးရှော်ဖိခ်၏ ရုပ်အလောင်းကို မြောက်ဦးမြို့သို့ ပြန်လည် သယ်ယူရန် ကြိုးစားသော်လည်း အစပိုင်းတွင် မအောင်မြင်ခဲ့ကြောင်း၊ နောက်ဆုံးတွင် ငွေကျပ် ၉ သိန်းခွဲခန့် အာဏာပိုင်များကို ပေး၍ နှစ်ရက် အကြာတွင် ပြန်လည် သယ်ဆောင်နိုင်ခဲ့ပြီး ယနေ့ မေလ (၂၇) ရက်နေ့တွင် မြေမြှပ် သဂြိုဟ်နိုင်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဆိုင်ကယ်တိုက်သူကို မြောက်ဦး ရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် ငွေကျပ် (၃) သိန်းယူ၍ အာမခံဖြင့် ပြန်လည် လွှတ်ပေးခဲ့ကြောင်း စုံစမ်း သိရှိရပါသည်။

ဥပဒေ ရေးရာနဲ့ အထူး ကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေး ကော်မရှင် ဥက္ကဌ သူရ ဦးရွှေမန်း ကို တွေ့ရစဉ်

27.5.2016

သမ္မတဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အဖွဲ့ဝင်ဟောင်းတွေ အနေနဲ့ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များ အသင်းချုပ် ရန်ပုံငွေထဲက စာရင်းပျောက် နေတဲ့ ယူရိုငွေ ၈၆ သန်းနဲ့ ပတ်သက်ပြီး ရှင်းလင်းပေးဖို့ တိုင်ကြားစာ တစောင်ကို ပြည်သူ့လွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ထံ ကျောက်မျက် ရတနာ အသင်း ဥက္ကဌ ဦးဆောင်ပြီး အသင်းရဲ့အမှုဆောင်တွေက စုပေါင်း လက်မှတ်ထိုး ပေးပို့ခဲ့တယ်လို့ သိရပါတယ်။

ကျောက်မျက်အသင်းရဲ့ တိုင်ကြားစာကိုလက်ခံရရှိထားပြီး၊ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းပေးဖို့ သက်ဆိုင်ရာဝန်ကြီး ဌာနကို လွှဲထားတယ်လို့ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးအေးမောက်က RFA ကိုပြောပါတယ်။

"ဟုတ်ပါတယ် တိုင်ကြားစာပေါ့ မှန်ပါတယ်ခင်ခင်ဗျ၊ ကျောက်မျက်မှာ ရန်ပုံငွေနဲ့ပတ်သက်လို့ အလွဲသုံးစားလုပ်ထားတယ်လို့ ယူဆတဲ့သဘောပေါ့လေ၊ အဲ့ဒါကြောင့် ဒါကိုစိစစ်ပေးဖို့ဆိုပြီးတော့ အဲ့လိုတော့ စာရောက်တယ်လို့ပြောတယ်၊ ကျနော်တို့ အဓိကတော့ သူတို့တကယ်တော့ ဝန်ကြီးဌာနက ကိုင်တာလေ၊ သူတို့ပဲဆက်ကိုင်မှာဗျ"

၂ဝဝ၉ ခုနှစ်ကနေ ၂ဝ၁၅ ခုနှစ်အတွင်း ကျောက်မျက်ပြပွဲတွေရဲ့ ရောင်းရငွေ ၁ ရာခိုင်နှုန်းကို အသင်းရဲ့ရန်ပုံငွေ အဖြစ်ထားခဲ့ပေမယ့် အဲ့ဒီရန်ပုံငွေဟာ အခုချိန်မှာ ယူရိုငွေ ၇ သန်းပဲ ကျန်တော့တဲ့အတွက် ကွာဟနေတဲ့ ငွေတွေနဲ့ ပတ်သက်ပြီး စာရင်းရှင်းပေးဖို့နဲ့ မရှင်းနိုင်ရင် အရေးယူပေးဖို့ တိုင်ကြားခဲ့တာဖြစ်တယ်လို့ မန္တလေး ကျောက်မျက် အသင်း ဥက္ကဌ ဦးသန်းဝင်းက ပြောပါတယ်။

"နိုင်ငံတော်အခွန်စာက ၇ ရာခိုင်နှုန်းပေါ့နော်၊ ၃ ရာခိုင်နှုန်းက တက္ကသိုလ်ဝန်ကြီးဌာန၊ ၂ ရာခိုင်နှုန်း ကတော့ ပြပွဲကျင်းပရေးကော်မတီပေါ့နော် အဲ့လိုကောက်တယ်၊ ကျနော်တို့ လုပ်ငန်းရှင်အသင်းက ဒီဟာကိုစီမံခန့်ခွဲခွင့်မရဘူးပေါ့၊ ပြပွဲကျင်းပရေးဗဟိုကော်မတီက ငွေကြေးတွေကိုင်တွယ်တယ်၊ သုံးစွဲတယ်ပေါ့နော်၊ အဲ့ဒီကနေ ဒီနေ့ဒီကြားထဲမှာ စာရင်းရှင်းတမ်း တစ်ခါမှမရှိသေးဘူးပေါ့၊ စုစုပေါင်းကတော့ ၉၃ သန်းရှိတာပေါ့၊ အခုလောလောဆယ် အကြမ်းမျဉ်းကျန်တဲ့ငွေက ၇ သန်းလောက်ပဲ ကျန်တော့တယ်ကြားတယ်၊ ဒီအသင်းခွတြွေရဲ့ ခေါင်းဆောင်တွေပေါ့ဗျာ ဥက္ကဌ၊ အတွင်းရေးမှူး၊ ဒု-ဥက္ကဌတို့ဘာတို့ စုပေါင်းပြီး ၁ဝ ယောက်လောက် လက်မှတ်ထိုးပြီးတော့ စာပို့ထားတာပေါ့၊ သူရ ဦးရွှေမန်းဆီကို"

အခုတိုင်ကြားမှုနဲ့ပတ်သက်ပြီး သတ္တုတွင်းဝန်ကြီးဌာနက သက်ဆိုင်ရာအရာရှိတွေနဲ့ တိုင်ကြားထားတဲ့ ကျောက်မျက် အသင်းက ပုဂ္ဂိုလ်တချို့ ဒီနေ့ညနေက တွေ့ဆုံဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး အသေးစိပ် မသိရသေးပါဘူး။



ရိုနေဆန်းလွင်
RB News
26.5.2016

အိန္ဒိယနိုင်ငံ၊ ဟိုက်ဒရာဘတ်ကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၃၀၀၀ အကြောင်း The Hans India သတင်းမှာ ရေးထားတာ ဖတ်ပြီး အချက်အလက် အချို့ကို မိတ်ဆွေများ သိအောင် ဝေမျှလိုက်ပါတယ်။

ကိုယ့်ရဲ့ ဘိုးစဉ်ဘောင်ဆက်က မိမိတို့ရဲ့ ပင်ရင်းနိုင်ငံအဖြစ် နေထိုင်လာတဲ့ နိုင်ငံမှာ တရားမ၀င် ရောက်ရှိလာသူတွေအဖြစ် ၁၉၇၈ ခုနှစ်ကစပြီး စွပ်စွဲခံရတဲ့အပြင် လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု ခံလာရတော့ ဒီထက်ကောင်းမွန်တဲ့ ဘ၀လေးရမလားဆိုပြီး နိုင်ငံစွန့်ခွာသွားတဲ့ ရိုဟင်ဂျာ အနည်းဆုံး ၁၂ သိန်းနီးပါး ရှိပါမယ်။

အသက် (၇၁) နှစ်အရွယ်ရှိပြီ ဖြစ်တဲ့ ဦးဒိလ်မိုဟာမတ်က သူ့အနေနဲ့ မြန်မာပြည် ပြန်ဖို့ဆိုတာလည်း မသေချာသလို၊ အရမ်းကိုဆင်းရဲနွမ်းပါးတဲ့ နေရာမှာလည်း မနေချင်ဘူး .. သူ့အနေနဲ့ အစားအသောက် ကောင်းကောင်းနဲ့ အိပ်ဖို့ သန့်သန့်ရှင်းရှင်း နေရာလေးတစ်ခု ရရင် ကျေနပ်ပါပြီလို့ ဆိုတယ်။

သူတို့တွေက ဟိုက်ဒရာဘတ်၊ ဘလာပူရ်မှာရှိတဲ့ ဖာတေမာဗလီနားမှာ ပလတ်စတစ်တဲတွေနဲ့ နေကြတယ်။ ဦးဒိလ်မိုဟာမတ်ကတော့ ဒုက္ခသည်အဖြစ် အသိအမှတ်ပြုခံရဖို့နဲ့ အခြေချနေထိုင်ခွင့်ရရေးကိုသာ လိုချင်တော့တယ်လို့ The Hans India က သတင်းထောက်ကို ပြောတယ်။

အဲဒီ ရိုဟင်ဂျာဒုက္ခသည် ၃၀၀၀ က ၂၀၀၉ ခုနှစ်ကတည်းက အဲဒီနေရာကို ရောက်နေကြတာ။ ဆိုတော့ ခင်ညွန့် တည်ထောင်ခဲ့တဲ့ န.စ.က ရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို ရှောင်ကွင်းသွားတဲ့သူတွေပါ။ ဘလာပူရ် ဆိုတဲ့ နေရာမှာ မိသားစု ၆၀ က နေရာကျဉ်းကျဉ်းလေးမှာ ပလတ်စတစ်၊ ၀ါးတွေနဲ့ တဲထိုးပြီး နေကြတယ်။ သန့်ရှင်းတဲ့ရေ မသောက်ရတဲ့အပြင် ရေအိမ်သာ သုံးဖို့လည်း အဆင်မပြေကြဘူး။ Confederation of Voluntary Organisations (COVA) ဆိုတဲ့ အဖွဲ့အစည်းက သူတို့ကို ကူညီနေပေမယ့်လည်း ၉၈% က အလုပ်အကိုင်ရဖို့ အခက်အခဲ ပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်။

ဟင်ဒီစကားမတတ်ကြလေတော့ သူတို့အနေနဲ့ ဆောက်လုပ်ရေး ဆိုက်တွေ၊ ဟိုတယ်တွေမှာ ရသလို နေ့စား အလုပ်တွေလုပ်ပြီး .. ဒီလူ ၃၀၀၀ က နေရာ (၉) ခုမှာ ခွဲနေကြတယ်။ သူတို့တွေ အားလုံးထဲမှာ မိုဟာမတ်ယူနုစ် ဆိုသူ တစ်ယောက်သာ အင်္ဂလိပ်လို ပြောတတ်တယ်။ “မြန်မာအစိုးရ (သို့မဟုတ်) အခြားနိုင်ငံ တစ်ခုခုက ကျွန်တော်တို့ကို နိုင်ငံသားပေးပြီး .. လူ့ဂုဏ်သိက္ခာနဲ့သာ နေချင်တယ်၊ ကျွန်တော်တို့မှာ မည်သူမည်ဝါ ဖြစ်ကြောင်း အိုင်ဒန်ဒီတီရှိတယ်။ ကျွန်တော်တို့ ဒီလိုမနေချင်တော့ဘူး” လို့ သတင်းထောက်ကို ပြောတယ်။

“ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ၁၅ နှစ်ကြာ အကျယ်ချုပ် ဘ၀ကို ဖြတ်သန်းလာပေမယ့်လည်း ကျွန်တော်တို့ရဲ့ လွတ်လပ်ခွင့်တွေကို ပေးဖို့ လိုလိုလားလား မရှိဘူး” လို့သူက ဆက်ပြောတယ်။

အိန္ဒိယနိုင်ငံမှာ UNHCR က ဒုက္ခသည် အသိအမှတ်ပြု ကဒ်ပြားရဖို့ အဆင့် ၄ ဆင့်နဲ့ သွားရတယ်။ ဒီလူတွေက အင်္ဂလိပ်လိုလည်း မတတ်၊ ဟင်ဒီလိုလည်း မတတ်တော့ သူတို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းခွင့်ရဖို့ အတော်လေး အလှမ်းဝေးနေကြတယ်။

ဟိုက်ဒရာဘတ်မှာ ရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်များ အားလုံးရဲ့ ပြောရေးဆိုခွင့် ရှိသူ မိုဟာမတ်ဒူလ်ဟောက် ကတော့ “ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ ရခိုင်ပြည်နယ်မှာ နေထိုင်လာတာ နှစ်ပေါင်း ရာနဲ့ချီပြီ၊ အစိုးရက အသိအမှတ်မပြုဘူး။ ကျွန်တော်တို့က နိုင်ငံသားအနေနဲ့ နေချင်တာပါ။ ဒုက္ခသည်တွေ အနေနဲ့ နေချင်သူတွေ မဟုတ်ဘူး။ အခု ဒီမှာရှိနေတဲ့ လူတွေထဲမှာ တော်တော်များများမှာ ဒုက္ခသည်ကဒ်တောင် မရှိကြဘူး” လို့ဆိုတယ်။

Photo Credit to N Shiva Kumar Meru



ရိုနေဆန်းလွင်
RB News
25.5.2016

၂၀၁၂ ခုနှစ် ဇွန်လမှာ ရခိုင်ပြည်နယ်က မွတ်စလင်များ အပေါ် အကြမ်းဖက်မှုကြီး ဖြစ်ပွားခဲ့ပြီးနောက် စစ်တွေမြို့ပေါ်မှာ အောင်မင်္ဂလာ ရပ်ကွက် တစ်ခုတည်း ကျန်ခဲ့တယ်။ အဲဒီ အောင်မင်္ဂလာ ရပ်ကွက်ကို ကမ္ဘာကျော် သူဌေးကြီး George Soros က ဂျာမန်နာဇီတွေ လက်ထက်က အကျဉ်းစခန်း Ghetto နဲ့တူနေတယ်လို့ သူ့ရဲ့ ကိုယ်တွေ့ အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြခဲ့တယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ ရှိတဲ့ Ghetto တစ်ခုအနေနဲ့ ကျော်ကြားလာခဲ့တယ်။

လွန်ခဲ့တဲ့ ၁၀ ရက်လောက်ကစပြီး အောင်မင်္ဂလာရပ်ကွက်မှာ လူစိမ်း နှစ်သောင်းလောက် ရောက်နေတယ်၊ အဲဒီအတွက် ပြည်နယ်အစိုးရ၊ လ.၀.က နဲ့အတူ ရခိုင် မြို့မိမြို့ဖတွေပါ မေလ (၂၁) ရက်နေ့ကစပြီး ၀င်စစ်မယ်လို့ သတင်းတွေ ထွက်လာတယ်။ အဲဒီသတင်းနဲ့အတူ ရခိုင်တွေနဲ့ ဘုန်းကြီးများ ပေါင်းပြီး အောင်မင်္ဂလာရပ်ကွက်ကို မြို့ပြင် ရွှေ့ပေးဖို့ ပြည်နယ်အစိုးရဆီ လက်မှတ်ရေး တင်ထားတယ် ဆိုတဲ့ သတင်းလည်း ထွက်လာပြန်တယ်။ စစ်မယ်ဆိုတဲ့ အတိုင်း မေလ (၂၁) ရက်နေ့ကစပြီး တစ်အိမ်တက်ဆင်း စစ်ဆေးတော့မှ မူလရှိနေတာထက် လူဦးရေ လျော့နေတာကို လက်တွေ့ သိသွားကြတယ်။

လူဦးရေ စစ်မယ်လို့ သတင်းတွေ စထွက်တာနဲ့ ကောလဟလတွေရဲ့ နောက်ကွယ်မှာ ဘယ်သူတွေရှိနေလဲဆိုတာကို အပူတပြင်း စုံစမ်းခဲ့ပါတယ်။ နောက်ဆုံး သိလိုက်ရတာက -- အောင်မင်္ဂလာကို ရှေ့နေ ဦးသာပွင့်နဲ့ ဦးသန်းထွန်း တို့နှစ်ယောက်ပေါင်းပြီး လုပ်ကြံခဲ့တာပါ။

၂၀၁၂ ခုနှစ် ဇွန်လကစပြီး အောင်မင်္ဂလာရပ်ကွက်မှာ ကျန်နေတဲ့ ရိုဟင်ဂျာများက တကယ့်ကို အကျဉ်းစခန်းထဲ နေရတဲ့ ဘ၀ကို ရောက်ခဲ့ရတယ်။ လုပ်ကိုင်စားသောက်ဖို့ အခွင့်အလမ်း လုံးဝ မရှိတော့တဲ့ အပြင်၊ နိုင်ငံတကာ အန်ဂျီအိုတွေရဲ့ အထောက်အပံ့တွေလည်း မရဘူး။ အလှူရှင်အချို့နဲ့ ချိတ်ဆက်ပြီး ရတာလေးနဲ့ ဒုက္ခသည်စခန်းများ ရှိရာနေရာတွေကို ရဲအစောင့်အကြပ်တွေနဲ့ သွားပြီး တစ်ပတ်ကို နှစ်ကြိမ် ဈေးဝယ်ရတယ်။ အဲဒီလိုနဲ့ ယခုအချိန်ထိ အသက်ဆက်ရှင်နေတာပါ။

ရခိုင်အစွန်းရောက် အချို့ စုပေါင်းပြီး ၂၀၁၂ ခုနှစ် အကြမ်းဖက်မှုကြီး နောက်ပိုင်းမှာ စစ်တွေ မြို့မိမြို့ဖဆိုတဲ့ အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ခဲ့တယ်။ အဲဒီအဖွဲ့မှာ ရှေ့နေ ဦးသာပွင့်နဲ့ ဦးသန်းထွန်းတို့လည်း ပါတယ်။ အဲဒီအချိန်က စပြီး ဦးသန်းထွန်းက အောင်မင်္ဂလာကို ရိက္ခာဝင်လို့ မရအောင် လိုက်ပိတ်တယ်။ အဲဒီ အဖွဲ့နာမည်နဲ့ MSF အပါအ၀င် အခြားသော နိုင်ငံတကာ အန်ဂျီအိုတွေကိုလည်း တော်တော်လေး အနှောက်အယှက် ပေးခဲ့တယ်။

နောက်ဆုံးတော့ ယုတ်မာတဲ့ ဦးသာပွင့်နဲ့ ဦးသန်းထွန်းတို့ကို သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက် ရခိုင်တွေက မြို့မိမြို့ဖ အဖွဲ့ကနေ ထုတ်ပယ်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ ရွှေပြားပိုက်သည်ရွာမှာ ရှိတဲ့ ပေ ၄၀ x ၆၀ မြေကွက် အချို့ကို သိန်း ၅၀၀ လောက်နဲ့ ရောင်းစားလို့ပါ။ အဲလိုရောင်းစားတဲ့ ကိစ္စကြောင့် သူတို့နှစ်ယောက်နဲ့ အခြား ရခိုင်တွေကြား အတော်လေး ပြဿနာတက်ခဲ့ပါသေးတယ်။ အဲဒီနောက်ပိုင်း မြို့မိမြို့ဖ အဖွဲ့ကိုလည်း အသစ်ပြန်ဖွဲ့ခဲ့ပြီး ဦးသာပွင့်နဲ့ ဦးသန်းထွန်းကို ကန်ထုတ်ခဲ့တယ်။

တစ်ခါ ရခိုင်ပြည်နယ် လွှတ်တော် အသစ်ဆောက်တော့ ဦးသန်းထွန်းက ကန်ထရိုက်ရဖို့ အတော်လေး လိုက်ခဲ့တယ်။ ဒါပေမယ့် သူမရလိုက်ဘဲ ဦးအောင်မြကျော် ရသွားခဲ့တယ်။ အဲဒီကိစ္စနဲ့လည်း သူတို့ အချင်းချင်းကြားမှာ ရန်ပွဲ အကြီးအကျယ် ဖြစ်လိုက်ပါသေးတယ်။ အဲဒီနောက်ပိုင်းမှာ ဦးအောင်မြကျော်ရဲ့ အသံတောင် တိတ်ဆိတ်သွားခဲ့တယ်။

အခု အောင်မင်္ဂလာ ကိစ္စပြောပါမယ်။ အောင်မင်္ဂလာကို တူရကီသံအမတ်ကြီး သွားခဲ့တယ်။ သံအမတ်ကြီး သွားပြီးတဲ့နောက် တူရကီနိုင်ငံက အောင်မင်္ဂလာမှာ သုံးထပ်ကျောင်း၊ ဆိုင်ခန်း (၃၀)၊ ပေ ၄၀ ပတ်လည် ဆေးရုံ ဆောက်ပေးမယ့် အကြောင်း၊ ပြီးတော့ လမ်းတွေ ပြင်ပေးမယ့် အကြောင်း၊ အဲဒီလို ဆောက်ပေးမှာကို ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ် အစိုးရက ခွင့်ပြုလိုက်ပြီ ဆိုတဲ့ အကြောင်း၊ အဲဒါတွေ အားလုံး ဆောက်လုပ်ဖို့ အတွက် အေးငြိမ်း ဆေးခန်းပိုင်ရှင် ဦးညီညီက ကန်ထရိုက် ရထားတဲ့အကြောင်းတွေ သတင်းထွက်လာပါတယ်။

ဦးသာပွင့်နဲ့ ဦးသန်းထွန်းတို့ နှစ်ယောက်လုံးက အဆောက်အဦတွေ ကန်ထရိုက်ယူပြီး ငွေရှာချင်သူတွေပါ။ အောင်မင်္ဂလာမှာ ဆောက်မယ့် အဆောက်အဦတွေ အားလုံးအတွက် ဦးညီညီက ကန်ထရိုက်ရတယ် ကြားတာနဲ့ ဦးညီညီ ရသွားတာကို မကျေမနပ်ဖြစ်ပြီး ပြဿနာစရှာတော့တာပဲ။ သူတို့အချင်းချင်း ပြဿနာကို သေချာ မသိရပေမယ့် နောက်ဆုံးမှာ အောင်မင်္ဂလာကို လုပ်ကြံပြီး မြို့ပြင်ထုတ်ဖို့ မဟုတ်မမှန် သတင်းတွေလွှင့်ပြီး အခုလို လူဦးရေ စစ်ဖို့ အခြေအနေထိ ဖန်တီးခဲ့တာပါ။ မြို့ပြင်ရွှေ့လိုက်မှ ဦးညီညီ ရထားတဲ့ ကန်ထရိုက်လည်း ပျက်သွားမှာကိုး ..

လူဦးရေ စစ်ဆေးပြီးတဲ့အခါမှာ ဦးသာပွင့်နဲ့ ဦးသန်းထွန်းတို့ရဲ့ မဟာ သွားပုတ်လေလွှင့် ဇတ်လမ်းကြီးက တကယ့်ကို ယုတ်မာမှုဆိုတာ ပြည်နယ် အစိုးရလည်း နားလည် သဘောပေါက်သွားပါပြီ။

ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှာ လုပ်တဲ့ အစည်းအဝေးမှာ ဦးသန်းထွန်းက နောက်ဆုံး စစ်လို့ရတဲ့ လူဦးရေထက် နောက်ပိုလာရင် လုံးဝ လက်မခံဘူးလို့ ဥပဒေ အထက်ကနေပြီး ပြောဆိုသွားသေးတယ်။ အဲဒါအပြင် အောင်မင်္ဂလာရပ်ကွက်ကနေ တာဝန်ရှိသူတွေနဲ့ လူဦးရေ စစ်ပြီး ထွက်အသွားမှာလည်း သူတို့ရဲ့ အမိန့်မပါဘဲ ဘယ်သူမှ ရပ်ကွက် အပြင်မထွက်ရဘူးလို့ ပြောသွားသေးတယ်။

ဆိုတော့ .. ဦးသန်းထွန်းက ဘာလဲ? ပြည်နယ် ၀န်ကြီးချုပ်ရဲ့ အထက်ကလားလို့လား မေးလိုက်ချင်ပါတယ်။

အောင်မင်္ဂလာကို လုပ်ကြံနေတဲ့ အချိန်မှာ ကျောင်းကြီး ရပ်ကွက်မှာ AA – Arakan Army တပ်သားတွေ ခိုအောင်းနေတယ်လို့ စစ်တပ်ဘက်ကနေ သတင်းတွေ ထွက်လာသေးတယ်။ အဲဒီသတင်း ထွက်ပြီး သိပ်မကြာပါဘူး ကန်တော်ကြီးနားမှာ ဗုံးပေါက်တယ်။

အနှစ်ချုပ်ပြောရရင် ဦးသာပွင့်နဲ့ ဦးသန်းထွန်းတို့ ကန်ထရိုက်မရလို့ အောင်မင်္ဂလာကို လုပ်ကြံခဲ့တာပါ။



MYARF
RB News
24.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဖားဝပ်ချောင်း ကျေးရွာတွင် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အမည်မသိ သေနတ်နှစ်ဦးက ပစ်သတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ မေလ (၂၄) ရက်နေ့ နံနက် ၁၁း၃၀ နာရီ အချိန်ခန့်တွင် ဖားဝပ်ချောင်း ကျေးရွာမှ ရ.ယ.က ဥက္ကဌဟောင်း ဦးကော်ဘိရ်အာမတ် (ဘ) ဦးဆိဒိတ် (အသက် ၅၂ နှစ်ခန့်) သည် ဖားဝပ်ချောင်း ရခိုင်ရွာတွင် တည်ရှိသော ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး အပါအ၀င် ရပ်မိရပ်ဖများနှင့် အတူ စကားပြောနေစဉ် မိုးကာ အင်္ကျီ ၀တ်ပြီး မျက်နှာဖုံး တပ်ထားသည့် သေနတ်ကိုင် လူစိမ်းနှစ်ဦး မော်တော်ဆိုင်ကယ် တစ်စီးဖြင့် ရုတ်တရက် ရောက်ရှိလာပြီး ရုံးထဲသို့ စီးဝင်၍ ဦးကော်ဘိရ်အာမတ်ကို သေနတ်ဖြင့် (၃) ချက်တိတိ ပစ်ခတ်ခဲ့သည်။ ဦးကော်ဘိရ်အာမတ်သည် ၎င်းတို့ ပစ်ခတ်သည့် သေနတ် ကျည်ဆံထိမှန်ပြီး ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

သေနတ်သမား နှစ်ဦးသည် ပစ်ခတ်ပြီးသည်နှင့် ဆိုင်ကယ်ပေါ် တက်၍ မောင်တော - ကြိမ်ချောင်း လမ်းမတစ်လျှောက် မောင်းနှင်ကာ ကြိမ်ချောင်းဘက်သို့ ထွက်ပြေး သွားခဲ့သည်။ မိုးကာအင်္ကျီဝတ် လူစိမ်းနှစ်ဦး ဆိုင်ကယ် စီး၍ သွားနေသည်ကို ကံပြင် (ရခိုင်ရွာ) အထိ လမ်းတစ်လျှောက် မြင်တွေ့ခဲ့ကြောင်း လမ်းသွားလမ်းလာ ရိုဟင်ဂျာများက ပြောပါသည်။

သေနတ်သမားများက အကြမ်းဖက် ပစ်ခတ်ပြီးနောက် သက်ဆိုင်ရာသို့ ဖုန်းဆက် တိုင်တန်းခြင်းကို မပြုလုပ်ရန် ပိတ်ပင် တားဆီးခဲ့သည့် အပြင် နီးစပ်ရာ ဖားဝပ်ချောင်း အခြေစိုက် နယ်ခြားစောင့်ရဲ များကလည်း  ချက်ချင်း လာရောက် စစ်ဆေးခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ဦးကော်ဘိရ်အာမတ်သည် ဖားဝပ်ချောင်း (ရခိုင်ရွာ) နှင့် ကပ်လျက်ရှိသည့် ၎င်းပိုင် ပုဇွန်ကန် ကိစ္စတစ်ခုနှင့် ပတ်သက်၍ ဖားဝပ်ချောင်း (ရခိုင်ရွာ) မှ ရခိုင်ရွာသား အချို့နှင့် လွန်ခဲ့သည့် လေးငါးရက်ခန့်က အငြင်းအခုံ ဖြစ်ခဲ့သောကြောင့် ယင်းကိစ္စနှင့် ပတ်သက်၍ ယနေ့ ရုံးသို့ လာခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းအား ပစ်သတ်သည့် သေနတ်သမား နှစ်ဦးမှာ ရခိုင်ရွာသားများ ဖြစ်နိုင်ကြောင်း ဒေသခံများက ပြောဆိုနေကြသည်။





Rohingya Eye
RB News
23.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် မြောက်ပိုင်း၊ ဦးရှဥ့်ကျ ကျေးရွာရှိ နယ်မြေ (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ နယ်ခြားစောင့်ရဲ များသည် မေလ (၁၈) ရက်နေ့ ည (၉) နာရီ အချိန်တွင် ကင်းလှည့်နေစဉ် ဦးရှဥ့်ကျ ကျေးရွာအုပ်စု၊ အမှတ် (၁) ရပ်ကွက်မှ ဦးမိုဟာမတ်အီလီယာစ် (ဘ) ဦးနူရ်အာလောမ် အားတွေ့ရှိပြီး ခန္ဓာကိုယ်အနှံ့ ရှာဖွေခဲ့သည်။ ထိုသို့ ရှာဖွေရာတွင် အင်္ကျီအိတ်ထဲမှ ဘင်္ဂလားငွေ တစ်ထောင် ရသည့်အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်းနှစ်သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အလားတူ ယင်းနေ့ ည ၉း၁၅ မိနစ် အချိန်တွင် ယင်းရပ်ကွက်မှ ဦးဖော်ရိတ်၏ သားကိုလည်း စစ်ဆေးရာ ၎င်းထံမှလည်း ဘင်္ဂလားငွေ တစ်ထောင့်တစ်ရာ ရရှိသဖြင့် ငွေကျပ် နှစ်သိန်းငါးသောင်း ညှစ်ယူခဲ့သည်။

ထို့နောက် ဦးရှဥ့်ကျရွာသို့ အလည်အပတ် ရောက်ရှိနေသည့် ရေမျက်တောင် ရွာသား ဦးဆက်ဒမ်ဟူဆောင်း (ဘ) ဦးရှုနာအလီကို စစ်ဆေးရာ ၎င်း၏ ကိုင်ဆောင်ထားသည့် ဖုန်းတွင် ဘင်္ဂလား ဖုန်းနံပါတ် တစ်ခု တွေ့ရှိသည်ကို ဘင်္ဂလား ဆင်းမ်ကဒ် သုံးနေသည်ဟု စွပ်စွဲ၍ ငွေကျပ် သုံးသိန်းငါးသောင်း ညှစ်ယူခဲ့သည်။

အဆိုပါ နယ်ခြားစောင့်ရဲ များသည် တစ်ပတ်တွင် နှစ်ကြိမ်၊ သုံးကြိမ် ရွာထဲသို့ လာရောက်၍ ရွာသားများကို အမျိုးမျိုး စွပ်စွဲ၍ ငွေညှစ်ခြင်း၊ ငွေကြေး မတတ်နိုင်သူများကို ဖမ်းဆီးခေါ်ဆောင် သွား၍ တစ်ညလုံး ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်နေသောကြောင့် အထက် အာဏာပိုင်များ အနေဖြင့် စုံစမ်း စစ်ဆေး၍ အရေးယူပေးရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။

ဌေးလွင်ဦး
RB News
23.5.2016

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ်က လွတ်၊ သူနေတဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံစည်းရိုးပေါ်ကနေ လမ်းပေါ်က လူထုပရိသတ်ကို မိန့်ခွန်းတွေပြော- အမေးအဖြေတွေ လုပ်ခဲ့ပါတယ်။ အချိန်ကာလက ၁၉၉၆ ခုနှစ်ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးမှာ လက်ရှိ အာဏာရ ပါတီ NLD ရဲ့ ရှေးဦး ပါတီဖခင်ကြီးထဲမှာ ပါတဲ့ ဦးတင်ဦးနဲ့ ဦးကြည်မောင် (ကာနယ်ကြည်မောင်) ဘယ် ညာ ရံပြီး စကားပြောလေ့လည်း ရှိပါတယ်။

တစ်ပြိုင်နက်မှာ- နအဖ အစိုးရထုတ် သတင်းစာများက NLD ပါတီ မကောင်းကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ဟာ အမျိုးမစောင့်ကြောင်း အကြီးအကျယ် ပုတ်ခတ်ပြောဆိုနေချိန်လည်း ဖြစ်ပါတယ်။- အဆိုပါ သတင်းစာများ က တစ်ခါတစ်ရံ- ဦးတင်ဦးကိုပင် ပုဂ္ဂိုလ်ရေးစော်ကားပြီး “သွားခေါခေါနဲ့ စစ်သားဟောင်းကြီး” ဆိုတဲ့ အသုံးကိုပင် သုံးခဲ့တာများ ရှိပါတယ်။

အတိုက်အခံ ဆိုတဲ့ ဘောင်ကို ကျော်လွန်ယုံမျှမက အတိုင်းမရှိ အာဏာပြ ရန်လို စော်ကား ပုတ်ခတ်လွန်းတဲ့ သတင်းစာ အသုံးအနှုန်းများကြောင့်- ဒီမိုကရေစီရေးမှာ အားသန်နေတဲ့ ကျွန်တော်တို့သည်ပင် အလွန်တရာ ခံပြင်းမိပါတယ်။- သတင်းစာပါ စော်ကားမှု လွန်ကဲတဲ့ သတင်း စာသားများကြောင့်- နိုင်ငံရေးမှာ စိတ်မပါတဲ့ ပြည်သူများပင်- စော်ကားခံရသူ (NLD ပါတီနဲ့ ပါတီခေါင်းဆောင်)များကို ကရုဏာ ဖြစ်လာရတဲ့ အဆင့်၊ စော်ကားခံရသူဘက်မှ မခံမရပ်နိုင် ဖြစ်လာရတဲ့ အဆင့်ထိပါ။ (မှီလိုက်သူတိုင်း သိနေဦးမှာပါ။)

တစ်နေ့မှာ အဆိုပါ သတင်းစာများနဲ့ ပတ်သက်ပြီး ဦးကြည်မောင် (ကာနယ်ကြည်မောင်)က ခြံစည်းရိုးပေါ်မှ မှတ်ချက်ပြုပါတယ်- ဒီသတင်းစာ ရေးတဲ့ သူတွေဟာ (စိတ်ပညာ သဘောအရ) အစိုးရကို ပြည်သူက အမြင်ကပ်လာအောင်- စော်ကားခံရသူကို ပြည်သူက ကရုဏာဖြစ်လာအောင် ကိုယ့်ဘက်က ရေးပေးနေတယ် လို့တောင် ထင်ရတယ်-ကျေးဇူးတောင် တင်ရမယ်တဲ့။ (ဒေါ်အောင်ဆန်းစုကြည်လည်း သူ့ဘေးမှာ ရှိပါတယ်။)။ (ကျွန်တော် အပါအ၀င် ပရိတ်သပ်ကြီးက သဘောကျလို့ ၀ါးကနဲ လက်ခုတ်တွေ တီးကြပေါ့။)-

အခု- ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်လာရင်လည်း- ပြည်တွင်းပြည်ပ မီဒီယာများကို- ကျွန်တော် အဲ့လိုပဲ မြင်နေတာ ကြာခဲ့ပါပြီ။ ဦးကြည်မောင် (ကာနယ်ကြည်မောင်) စကားနဲ့ ပြောရရင်- ကမ္ဘာက ရိုဟင်ဂျာ အပေါ် ကရုဏာ သက်သည်ထက် သက်လာအောင်၊ ရိုဟင်ဂျာများဘက်က ကမ္ဘာ့ အသိုင်းအ၀ိုင်းက ရပ်တည် သည်ထက် ရပ်တည်လာအောင် တမင်များ ရေးပေးနေသလားလို့ပါ။

ရိုဟင်ဂျာများကို ကမ္ဘာ့ အသိုင်းအ၀ိုင်းက မဖြစ်မနေ ရပ်တည်ပေးရအောင်- မီဒီယာများသာ မက- နိုင်ငံခေါင်း ဆောင်များ၊ တပ်ခေါင်းဆောင်များ၊ ရခိုင်ခေါင်းဆောင်များကလည်း အကြီးအကျယ် အားဖြည့်ပေးနေသလို ဖြစ်နေပြန်ပါတယ်။

ပထမတော့ ရခိုင်နဲ့ ရိုဟင်ဂျာ ပြသနာလိုလို။ နောက်တော့ မီဒီယာများက ရခိုင်ဘက်က လိုက် တစ်ဘက်သပ် တအားဖိနှိပ်ရေးနေသလိုလို။ နောက်ဆုံးတော့- အာဏာပိုင် အစိုးရများ၊ စစ်တပ်ထိပ်သီးများ ကိုယ်တိုင်က- ရိုဟင်ဂျာများကို မတရားသဖြင့် ဖိနှိပ်၊ တစ်ဘက်သပ် ဖိနှိပ် အခွင့်အရေး မပေးချင်လို့ ပေကပ်ခံ- ဆိုတာများ ကမ္ဘာမိသားစုမှ မျက်လုံးမှိတ်ထားရင်တောင် အလိုလို မြင်နေရတဲ့ အဆင့်ထိ ဖြစ်ကုန်ပါရောလား။

ရခိုင်နဲ့ ရိုဟင်ဂျာ - နှစ်ဦးနှစ်ဘက်သာ ပြသနာ တက်ခဲ့တယ် ဆိုခဲ့ရင်- နှစ်ဘက်ကို မျှမျှတတ ဖြေရှင်းပေးရမယ့် ကိစ္စပါ။ ရိုဟင်ဂျာများကို နိုင်ငံသား ရုပ်သိမ်းသလို ရခိုင်များကိုလည်း နိုင်ငံသား ရုပ်သိမ်း။ ရိုဟင်ဂျားကို ပညာရေး၊ ကျမ္မာရေး ပိတ်ထားသလို ရခိုင်များကိုလည်း ပညာရေး ကျမ္မာရေး ပိတ်ထား။ ရိုဟင်ဂျာများကို ရွေးချယ် ရွေးကောက်ပိုင်ခွင့်များ ပိတ်ထားသလို ရခိုင်များကိုလည်း ရွေးချယ် ရွေးကောက်ပိုင်ခွင့်များ ပိတ်ထား- နှစ်ဘက်လုံး မျှမျှတတ ပုံစံပေး ဆုံးမ လိုက်ရင်- အားလုံး ငြိမ်သွားမယ့် ကိစ္စ။ ပြီးမှ လိမ္မာပြီ ဆိုမှ နှစ်ဘက်လုံး ဖြေလျှော့ပေးလိုက်- အားလုံး အဆင်ပြေသွားမယ့် ကိစ္စ။

ခုတော့ လူနည်းစုလည်း ဖြစ်၊ ဖိနှိပ်ခံလည်း ဖြစ်တဲ့ ရိုဟင်ဂျာကိုမှ တစ်ဘက်သပ် - ခိုးဝင် လို့ စွပ်စွဲ၊ အတင်း မောင်းထုတ်၊ အတင်း နိုင်ငံခြားသား ခံယူခိုင်း၊ နိုင်ငံခြား ခိုးဝင် လက်မခံလို့ ထမင်းမပေး ဆေးမပေးဘဲ အစာဖြတ် ရေဖြတ် ဖြတ်ထား။- ဒီထက်မက လူမျိုးတုံး သုတ်သင်မှုကိုပါ ကျင့်သုံးလာတဲ့ အဆင့်ထိ ဖြစ်ကုန် ရော။ ဒီ ကျူးလွန်မှုတွေဟာ ရခိုင်လူမျိုးတွေက ကျူးလွန်နေတာလား-၊ အာဏာပိုင်တွေက ကျူးလွန်နေတာ လား-၊ ကမ္ဘာက သိနေပါတယ်။ (ရခိုင်လူမျိုးတွေက ရန်ဖြစ်ထားလို့ ရိုဟင်ဂျာများကို မုန်းနေတယ် ဆိုတာ လက်ခံပါတယ်။ အခွင့်အရေးရရင် ရိုဟင်ဂျာတွေကို မောင်းထုတ်ပစ်ချင်တယ် ဆိုတာကိုလည်း သိပါတယ်။ သို့သော် ရခိုင်လူမျိုးတွေဟာ အာဏာပိုင်တွေ မဟုတ်လို့ Genocide ကို သူတို့ ကျူးလွန်လို့ မရဘူး။ အာဏာပိုင်တွေရဲ့ Genocide ကျူးလွန်နေခြင်းအပေါ်မှာ- သူတို့ မကျေနပ်တဲ့ လူမျိုးကို မျိုးဖြုတ်နေတာကြောင့် အားပေးနေတယ် ဆိုတဲ့ အဆင့်ထိ ဖြစ်ချင်ဖြစ်နိုင်မယ်။- သို့သော်- ရခိုင်လူမျိုးများက ရိုဟင်ဂျာများကို မကျေနပ်ခြင်း ဆိုတဲ့ အခွင့်အရေးကို အသုံးချပြီး လက်တွေ့ Genocide ကျူးလွန်နေသူများက ဗမာအာဏာပိုင် များသာ ဖြစ်နေပါတယ်။

Genocide ကျူးလွန်နေပြီလို့ ကမ္ဘာက အသိအမှတ်ပြုကာ အနီကဒ်ပြ ဖြေရှင်းတော့မယ့် အချိန်မှာ--၊ ဗမာ ဗမာချင်း အတင်းကာကွယ်ပေးနေတဲ့- လူတွေရဲ့ ဝေ့လည်ကြောင်ပတ် စကားများကြောင့်---

ကမ္ဘာ့အသိုင်းအ၀ိုင်းက ရိုဟင်ဂျာများ အပေါ် ပိုလို့ပိုလို့ ကရုဏာသက်လာတဲ့ အပြင်---၊ ဝေ့လည်ကြောင်ပတ် စကားပြောသူများကို ပိုလို့ပိုလို့ မုန်းတီးစက်ဆုတ်လာရလေတော့-၊

ကာနယ်ကြည်မောင် စကားနဲ့ ပြောရရင်-- ကျေးဇူးတောင် တင်ရမယ်ပေါ့။


မုဟမ္မဒ်တွာဟေရ်(ဌေးလွင်ဦး)
ဦးဆောင်လှုပ်ရှားမှုတာဝန်ခံ
Civil Rights Movement




ပျောက်သောသူ ပြန်၍တွေ့သည့်ပမာ


မေယုနယ်ခြား ခရိုင် ဟူ၍ သီးခြား သတ်မှတ် ဖွင့်လှစ်လိုက်ခြင်းသည် မေယုခရိုင် နယ်သူနယ်သား အားလုံးတို့၏ လူမှုရေး၊ စီးပွားရေး အဆင့်အတန်း များကို မြှင့်တင်လိုက်ခြင်း သာမက ပျောက်နေသော သူတယောက်ကို ရှာဖွေ ဖော်ထုတ် လိုက်ခြင်းလည်း မည်ပေသည်။ ထိုစကားကို ရှင်းရပေဦးမည်။

ယခု မေယုနယ်ဟု သတ်မှတ်လိုက်သော ဘူးသီးတောင်၊ မောင်းတောနယ်များတွင် ၉၇ - ရာခိုင်နှုန်းသည် ရိုဟင်ဂျာလူမျိုးများ နေထိုင်ကြ၏။ သို့သော် ရိုဟင်ဂျာဆိုသည့် အမည်ကို ပြည်မက လူထုကမသိ၊ ရိုဟင်ဂျာတို့၏ ယဉ်ကျေးမှုကို ပြည်မလူထုကမမြင်၊ ပြည်ထောင်စုသားတွေ စစ်စစ်ဖြစ်လျက်နှင့် ရိုဟင်ဂျာတို့၏ မျိုးရိုးစဉ်ဆက်နှင့် ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း မှတ်တမ်းတို့သည် ပြည်ထောင်စုတွင် မပေါ်ထင် ပျောက်၍နေသကဲ့သို့ပင် ရှိခဲ့သည်။ တနည်းဆိုသော် ရိုဟင်ဂျာတို့သည် ပျောက်နေသော သူတယောက်ပမာ ရှိခဲ့ပေ၏။

ယခုမူ နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက သူတို့ လူမျိုးစုတွေကို ပြည်ထောင်စုသားများအဖြစ် အသိအမှတ်ပြုကာ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဆင့်အတန်းတွေ လူတန်းစေ့ဖြစ်အောင် မြှင့်တင်ပေးတော့မည်ဟု ဒု - ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ကိုယ်တိုင် ကတိပေးခဲ့သည်ဖြစ်ရာ သူတို့ ရိုဟင်ဂျာတတွေသည် နိုးကြားတက်ကြွသည့် စိတ်များဖြင့် သူတို့၏ မျိုးရိုး အဆက်အနွယ် ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နယ်ခြားဒေသအုပ်ချုပ်ရေးဌာနအား ထင်မြင်ချက် စသည်အားဖြင့် သုံးပိုင်း သုံးကဏ္ဍ ခွဲခြားကာ ခေတ်ရေးအဖွဲ့သို့ လာရောက်တွေ့ဆုံ ပြောကြားတင်ပြကြသည်ဖြစ်ရာ ပတမဆုံးကဏ္ဍဖြစ်သော ရိုဟင်ဂျာတို့၏ မျိုးရိုးအဆက်အနွယ်သမိုင်းကို အောက်ပါအတိုင်း ခေတ်ရေးစာစောင်က ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ဖော်ပြလိုက်ရသည် ဖြစ်ပေကြောင်း။

“မေယုနယ်ခြားခရိုင်မှ ရိုဟင်ဂျာအမျိုးသားထုတို့၏ မျိုးရိုးစဉ်ဆက် လေ့လာတင်ပြချက်”

အချိန်သည် ၁၉၆၁ ခုနှစ်၊ ဩဂုတ်လ ၃ ရက်၏ နံနက် ၈ နာရီနှင့် မိနစ် ၃ဝ ဖြစ်သည်။

ရုံးမှ ကားမရနိုင်သဖြင့် မိုးရွာကြီးထဲတွင် ဘတ်စ်ကားနှင့် သွားရန် ထွက်လာကြရသည့် ကျွန်တော်တို့ ခေတ်ရေး အဖွဲ့ဝင်များသည် နယ်ခြားဒေသအုပ်ချုပ်ရေးဌာနသို့ နံနက် ၉ - နာရီတိတိတွင် တွေ့ဆုံဆွေးနွေးရေးကဏ္ဍအတွက် အမှီရောက်ကြရန် စိတ်စောပူပန်မိကြသည်။

ပူပန်ရသည်မှာလည်း အကြောင်းကရှိသည်။ တွေ့ရမည့်သူများမှာ မေယုနယ်ခြားခရိုင်ဟူ၍ နယ်ခြားဒေသ အုပ်ချုပ်ရေးဌာနက လွှဲပြောင်းအုပ်ချုပ်ကာ နယ်သူနယ်သား လူထုတို့၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ လက်တွေ့အကောင်အထည် ဖော်နေခြင်းကို နှစ်ခြိုက်လွန်းလှသဖြင့် ဝမ်းသာအားရ ခေတ်ရေးအဖွဲ့နှင့် တွေ့ဆုံပြောပြလိုကြသည့် ရိုဟင်ဂျာလူငယ်အဖွဲ့ခေါင်းဆောင်များ တမျှော်မျှော်နှင့် ရှိနေကြမည်ကို စိုးမိသောကြောင့် ဖြစ်သည်။ သူတို့သာ မဟုတ်သေး၊ ခေတ်ရေးအဖွဲ့နှင့် ရိုဟင်ဂျာလူငယ်များ တွေ့ဆုံရေး ဖြစ်မြောက်ရန် အလုပ်တာဝန်များသည့်ကြားမှ လူအတန်တန်စေလွှတ်ကာ စီမံစိုင်းပြင်းပေးရသည့် နယ်ခြားဒေသအုပ်ချုပ်ရေးဌာနမှ ဗိုလ်မှူးမျိုးအောင်၏ ဖော်ရွေသည့် စိတ်ဓာတ်ကိုလည်း ထောက်ထားရန် ရှိပေသေးသည်။ အထူးသဖြင့် ယနေ့နံနက်တွင် ခေတ်ရေးအဖွဲ့အတွက် ရုံးစောစောကြိုတင်တက်ပေးကာ နံနက် ၉ - နာရီတိတိတွင် စတင်ဆွေးနွေးနိုင်ရန် စီစဉ်ထားမည်ဟု ဗိုလ်မှူးမျိုးအောင်က အားပါးတရ ပြောထားသဖြင့်လည်း ကိုယ့်ဘက်က ပျက်ကွက် နှောင့်နှေးမည်ကို စိုးရိမ်ရခြင်းဖြစ်သည်။

“တပ်ကြပ်ကြီး ကိုစိုးမြင့် ကင်မရာတို့ဖလက်ရှ်တို့အထဲ မိုးရေတွေ ဝင်ကုန်အုံးမယ်၊ သတိထားဗျာ” ဘတ်စ်ကားက လူကျပ်၍ မတ်တတ်ရပ်ကာလိုက်ရသည့်အထဲ မိုးရေက စိုရွှဲလောက်အောင် ယိုစီးကျနေသဖြင့် ဓာတ်ပုံကိရိယာများ တပွေ့တပိုက်ကြီး လွယ်ထားရသည့် ဓာတ်ပုံဆရာအား သတိပေးရသည်။ စိတ်အားထက်သန်စွာ ရှိနေကြမည့် ရိုဟင်ဂျာ လူငယ်အဖွဲ့ ခေါင်းဆောင်များနှင့် နယ်ခြာဒေသမှ အရာရှိများ၏ စိတ်စေတနာကို လေးစားရလွန်းသဖြင့်လည်း ကိုယ့်ဘက်က ချွတ်ယွင်းချက်မရှိအောင် သတိပြုရခြင်းဖြစ်သည်။

၉ - နာရီမထိုးမီ ၅ - မိနစ်အလိုတွင် နယ်ခြားဒေသရုံးရှိ ဆွေးနွေးမှုပြုမည့် ခန်းမသို့ရောက်၏။

“ဟောဒါက ခေတ်ရေးအဖွဲ့ဝင်များပါ၊ ဟောဒါကတော့ ရန်ကုန်မြို့မှာရှိကြတဲ့ မေယုနယ်ခြားခရိုင်က ရိုဟင်ဂျာ ကျောင်းသားလူငယ်များအဖွဲ့ချုပ်က ခေါင်းဆောင်များဖြစ်ပါတယ်” အသင့်စောင့်နေသည့် ဗိုလ်မှူးမျိုးအောင်က မိတ်ဆက်ပေးလိုက်လေသည်။

“ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ကြားရတာဟာဖြင့်ရင် နောင်ကြီးတို့နားထဲမှာ ဆန်းသလိုလို ရှိကောင်းရှိပါလိမ့်မယ်ခင်ဗျာ” ရန်ကုန်တက္ကသိုလ် ရိုဟင်ဂျာ ကျောင်းသူကျောင်းသားအသင်းဥက္ကဋ္ဌဖြစ်သူ ကိုဘထွန်းကစ၍ ပြောလိုက်သည်။ ခေတ်ရေးအဖွဲ့ဝင်များက ပြုံး၍နေလိုက်ကြသည်။

ကိုဘထွန်းက စကားဆက်၏။ “ရိုဟင်ဂျာဆိုတဲ့ စကားလုံးဟာ ဆန်းနေလိမ့်မယ်ဆိုတာတော့ ကျွန်တော်တို့လဲ ရိပ်စားမိခဲ့ကြပါတယ်ခင်ဗျာ။ အခုလို နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက တာဝန်ယူပြီး တွေ့ဆုံပေးလို့ ခေတ်ရေးစာစောင်မှာ ကျွန်တော်တို့ ရိုဟင်ဂျာအမျိုးသားများရဲ့ မျိုးရိုးစဉ်ဆက် ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေကို တင်ပြဆွေးနွေးခွင့် ရတာဟာလဲ ရိုဟင်ဂျာ အမျိုးသားများကိုယ်စား အလွန်ကျေးဇူးတင်ထိုက်ပါတယ်”

ကိုဘထွန်း၏ အပြောအဆိုကို ကြည့်လျှင်ပင် မေယုခရိုင်ရှိ ရိုဟင်ဂျာ အမျိုးသားတို့ အထဲတွင် ပညာတတ် လူတော် လူချွန်တွေ ရှိပါကလားဟု နားလည်နိုင်ပေသည်။ ကိုဘထွန်းသည် ရန်ကုန်တက္ကသိုလ်မှ ဘီအက်စီ ဒီဂရီရယူပြီးသူ ခေတ်ပညာတတ်တဦး ဖြစ်ပေသည်။ “မေယု”နယ်ခြားခရိုင်ဆိုတဲ့ ထူးခြားတဲ့အမည်နဲ့ ယှဉ်တွဲပြီး တပြိုင်ထဲ ရုတ်ခနဲပေါ်လာတော့လဲ “ရိုဟင်ဂျာ”ဆိုတဲ့အမည်ဟာ ဆန်းနေပေမပေါ့ခင်ဗျာ။

“တကယ်ဆိုတော့ “ရိုဟင်ဂျာ”ဆိုတဲ့ နံမယ်နဲ့ “ရိုဟင်ဂျာ”အမျိုးသားထုကြီးဟာ ပြည်ထောင်စုသား တိုင်းရင်းသားများအဖြစ် ရှိခဲ့တာဟာ ဟိုရှေး ရခိုင်ဘုရင်များ ခေတ်ကဘဲကပေါ့ ခင်ဗျာ”

ကိုဘထွန်းနှင့်တကွ ရိုဟင်ဂျာကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ကိုရှာဟောအာလောမ်၊ ကိုအောင်သာကျော်၊ ကိုဘစောဖြူတို့ လေးဦးလုံးသည် သူတို့ အမျိုးသားတို့၏ မျိုးရိုးစဉ်ဆက်အကြောင်း ပြန်ပြောင်း ပြောကြရသဖြင့် ဂုဏ်ယူအားတက်နေကြပုံ ပေါ်သည်။ စားပွဲပေါ်တွင် တင်ထားသည့် “ရိုဟင်ဂျာခေတ်သတင်းစဉ်”အမှတ် (၁)(၂)(၃)တို့ကို အားတက်သရော လှန်လှောကာ ရိုဟင်ဂျာအမျိုးသားများ၏ ဆင်းသက်လာပုံ အမျိုးအနွယ်သမိုင်းမှတ်တမ်းတို့ကို ရှာဖွေပြသကြသည်။

ပျောက်သောသူ တွေ့သည့်ပမာ

ရိုဟင်ဂျာအမျိုးသားများ၏ မျိုးရိုးနှင့် ယဉ်ကျေးမှု မှတ်တမ်းမှတ်ချက်များကို တွေ့ရသည်မှာ ပျောက်နေသောသူတယောက်ကို ပြန်တွေ့ရခြင်းနှင့် တူသည်ပင် ဆိုရချိမ့်မည်။ အမှန်သော် သတိမမူမိကြသော ပြည်မရှိလူထုအတွက်မူ ရိုဟင်ဂျာတို့သည် ပျောက်ဆုံးနေသော ဆွေရင်းမျိုးချာများပင်ဖြစ်သည်။ တမြေထဲဘွား ပြည်ထောင်စုသားများပင်ဖြစ်သည်။ သတိမမူမိသမျှ ယခုမှ ဘွားကနဲ ပြန်တွေ့ရခြင်း ဖြစ်သဖြင့်လည်း ပျောက်ဆုံးနေသော ညီအကိုရင်းချာတဦးအား ပြန်တွေ့ရသကဲ့သို့ပင် ရှိသည်။

ပါကစ္စတန်မဟုတ်

“ကျွန်တော်တို့ အစက နားလယ်ထားတာကတော့ ယခု မေယုနယ်ခြားခရိုင်လို့ သတ်မှတ်လိုက်တဲ့ ဘူးသီးတောင်၊ မောင်းတောခရိုင်တွေက လူမျိုးစုတွေဟာ ပါကစ္စတန်ပြည်သားတွေလို့ ထင်တယ်။ အခု ကိုအောင်သာကျော်တို့ ပြောပြတဲ့ မှတ်တမ်း သာဓကများ အတိုင်းဆိုရင်တော့ ရိုဟင်ဂျာလူမျိုးစုဟာ ဟိုရှေး မြန်မာမင်းများ လက်ထက်ကထဲက ဘူးသီးတောင် မောင်းတောနယ်မြေမှာ မခြေစိုက် ခေါင်းချပြီး ပြည်ထောင်စုသားများအဖြစ် ရပ်တည်ခဲ့တာ ကြာပြီပေါ့နော်”

ကျွန်တော်တို့၏ တအံ့တဩ မေးခွန်းကို ကိုအောင်သာကျော်၊ ကိုရှာဟောအာလောမ်တို့ အားလုံးက ရယ်မောလျက် ခေါင်းညိတ်ပြ၍ ဖြေကြသည်။

သနားခြင်း အဓိပ္ပာယ်

သူတို့ညွှန်ပြသည့် ရိုဟင်ဂျာခေတ်သတင်းစဉ်တွင် ရိုဟင်ဂျာလူမျိုးသမိုင်းအကျဉ်းချုပ်ဟူသည့် ခေါင်းစီးဖြင့် ရေးသားထားသည့် ဆောင်းပါးအရဆိုလျှင် ရိုဟင်ဂျာအမျိုးသားများသည် ပါကစ္စတန်နယ်ဘက်မှ ကူးပြောင်းလာကြသည့် ပါကစ္စတန်လူမျိုးများမဟုတ်ပေ။ “ရိုဟင်ဂျာ”သို့မဟုတ်“ရိုဝင်ဂျာ”ဆိုသည့် စကားလုံး၏ အဓိပ္ပာယ်မှာ “သနားခြင်း”ဟု ဆိုလိုသည်။ ဤသနားခြင်း အဓိပ္ပာယ်ရသည့် “ရိုဟင်ဂျာ”ဆိုသော စကားလုံးသည် အဘယ်ကြောင့် ယနေ့ မေယုနယ်ခြားခရိုင်သားများ ဖြစ်နေကြသော လူမျိုးစုတခု၏ အမျိုးအနွယ်အမည် ဖြစ်ရလေသနည်းဟု ထပ်မံစေ့ငုလိုက်လျှင် စိတ်ဝင်စားဘွယ်ကောင်းသော ရိုဟင်ဂျာအမျိုးသားတို့၏ နောက်ကြောင်းရာဇဝင်ကို တွေ့ရသည်။

အတိတ်ဇာတ်ကြောင်းက

သက္ကရာဇ် ၇၈၈ - ခုနှစ်တွင် ရခိုင်ပြည်၌ မဟာစန္ဒြမင်း အုပ်ချုပ်ခဲ့သည်။ ထိုမင်းလက်ထက် တနေ့သောအခါ လေပြင်းမုန်တိုင်းကြီးသည် ပြင်းထန်စွာကျလေ၏။ ရမ်းဗြဲကျွန်းအနီးရှိ ရခိုင်ပင်လယ်ပြင်တွင် သွားလာနေသမျှသော ရွက်လှေကတ္တူသင်္ဘောများ အားလုံးလိုပင် ပျက်စီးနစ်မြုပ်ကြရသည်။ ထိုသင်္ဘောများထဲတွင် ကုန်ကူးသန်းခြင်းပြုနေကြသည့် အာရပ်လူမျိုးတို့၏ သင်္ဘောတစင်းလည်းပါလေရာ မုန်တိုင်းကျပြီး တပတ်အကြာတွင် ထိုအာရပ်သင်္ဘောမှ အာရပ်လူမျိုးဒုက္ခသည်များသည် အစာရေစာအငတ်ငတ်ဖြင့် ရမ်းဗြဲကျွန်းပေါ် ကျရောက်လာကြသည်။ အာရပ်ဒုက္ခသည်များသည် ကျွန်းသူကျွန်းသားများနှင့် တွေ့သောအခါ အာရပ်ဘာသာစကားဖြင့် “ရဟမ်း - ရဟမ်း”(သနားပါ - သနားပါ) ဟု ဆိုကြကုန်၏။ ဤသည်ကို ရခိုင်သားတို့က သူတို့လူမျိုးနာမည်ပေဘဲဟု မှတ်ယူကာ သင်္ဘောပျက် အာရပ်ဒုက္ခသည်များအား “ရဟမ်း”လူမျိုးဟု ခေါ်လေသည်။ “ရဟမ်း”မှသည် ကာလရွေ့လျောသော် ရိုဟန်း၊ ရိုဟန်ဂျာ၊ ရဟင်ဂျား၊ ရိုဝန်ဂျာ၊ ရိုဟင်ဂျာ စသည်ဖြင့် အဆင့်ဆင့် ပြောင်းလာရသည်ဟု ဆိုလေသည်။

ဘုရင်က ချီးမြှောက်

ထို “ရဟမ်း” အမည်ခံ အာရပ်ဒုက္ခသည်များအား ရဲစွမ်းသတ္တိရှိကြသူများဖြစ်၍ ရခိုင်ဘုရင်က ချီးမြှင့်မြှောက်စားကာ စစ်ဘက်နှင့် အုပ်ချုပ်ရေးဘက်တို့တွင် အရာထမ်းအမှုထမ်းများအဖြစ် ခန့်ထားသည်။ သို့ဖြင့် ရခိုင်ပြည်မြောက်ပိုင်း လေမျိုးမြစ်၊ ကုလားတန်မြစ်၊ မေယုမြစ်၊ နတ်မြစ် စသော မြစ်ရိုးများတလျှောက်တွင် ရိုဟင်ဂျာအမျိုးသားရွာစုများ ပေါ်ပေါက်ခဲ့ပြီး ရခိုင်ပြည်တောင်ပိုင်းတွင်လည်း သံတွဲ၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ ကျောက်နီမော် စသော ဒေသများတွင် ရိုဟင်ဂျာရွာများ ပေါ်လာရသည်ဟု ဆိုလေသည်။

မူကွဲတရပ်

“ဟောဒီမှာရှိတဲ့ ရိုဟင်ဂျာ ယဉ်ကျေးမှုလက်ရာများဆိုတဲ့ သုတေသနဆောင်းပါးမှာ ပြဆိုတာကတော့ ရိုဟင်ဂျာတို့ရဲ့ မျိုးရိုးဆင်းသက်လာပုံ မူကွဲတရပ်ပေါ့ ခင်ဗျာ” အတွင်းရေးမှူး ကိုအောင်သာကျော်က ရန်ကုန်မြို့ ရိုဟင်ဂျာ အလုပ်သမားအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဘူးသီးတောင်မှ အမ်အေတာဟိရ်ဘာဘာဆိုသူ ရေးသားပြုစုထားသည့် ရိုဟင်ဂျာ ယဉ်ကျေးမှုသုတေသနစာတမ်းကို ထောက်၍ ပြောပြသည်။

စစ်သည်နွယ်များ

ထို သုတေသနစာတမ်းအရမူ ခရစ်သက္ကရာဇ် ၇ နှင့် ၈ - ရာစုခေတ်များတွင် ရခိုင်ပြည်သို့ ရောက်ရှိလာကြသော အာရပ်လူမျိုးများ၊ သက္ကရာဇ် ၁၄ဝ၆ ခုနှစ်တွင် ရခိုင်ပြည်သို့ အင်းဝဘုရင်မင်းခေါင်၏သား မင်းရဲကျော်စွာ လာရောက်တိုက်ခိုက်ခြင်းကို ခုခံရန် ဘင်္ဂလားအစိုးရထံမှ ရခိုင်ဘုရင် နရမိတ်လှက အကူအညီ တောင်းခံရာတွင် ရောက်လာသော ဂေါ်ရီပထန် စစ်သည် ၂ - သောင်း စသည်တို့ အခြေစိုက်နေထိုင်ရာမှ စုပေါင်းကာ ပေါ်ပေါက်လာရသော လူမျိုးဖြစ်သည်ဟုဆိုသည်။

အစ္စလမ်နှင့်အရဗီ

“ကျွန်တော်တို့ ရိုဟင်ဂျာတွေဟာ အဲဒီလို အာရပ်အနွယ်တွေဖြစ်တဲ့အတွက် စာပေရော စကားပြောတဲ့အခါမှာရော ဘူးသီးတောင်၊ မောင်းတောခရိုင်မှာဆိုရင် အများအားဖြင့် အာရဗီ ဘာသာစကားကို သုံးစွဲတာများပါတယ်။ အူရဒူဘာသာစကားကတော့ ရေးတတ်ပြောတတ်ဖတ်တတ်သူတွေ ရှိပေမယ့် ရိုဟင်ဂျာအမျိုးသားများရဲ့ အဓိကစာပေကတော့ အာရဗီပါဘဲ” ကိုဘစောဖြူက ရှင်းပြလိုက်ခြင်းဖြစ်ပေသည်။

ယဉ်ကျေးမှု ထိန်းသိမ်းကြသည်

ကိုအောင်သာကျော်က ရိုဟင်ဂျာတွေ အစ္စလမ်ဘာသာကို သက်ဝင်ယုံကြည်ပြီး မော်လဝီဆရာကြီးများရဲ့ အဆုံးအမအောက်မှာ ရိုးရာယဉ်ကျေးမှု မပျက်ယွင်းအောင် နေထိုင်ကြရပါတယ်။ မိန်းကလေးများဆိုရင် အသက် ၁၂ - နှစ် ကျော်တာနဲ့ တပြိုင်နက် လူစိမ်းမြင်အောင် အိမ်ပြင်မထွက်တော့ဘဲ မျက်နှာမှာပုဝါဖုံးပြီး အိမ်တွင်းပုန်းကြရပါတယ်။ ကျွန်တော်တို့ ရိုဟင်ဂျာ လူငယ်များအနေနဲ့ ခေတ်ကြီးနဲ့အမှီ ရင်ဘောင်တန်းပြီး လိုက်လိုကြတော့ကာ မော်လဝီဆရာကြီးများကို ချဉ်းကပ်ပြီး အမျိုးသမီးလေးများ ခေတ်ပညာ သင်ကြားနိုင်ရေးကိုလဲ ကြိုးစားကြည့်ကြပါဦးမယ်။ မော်လဝီဆရာကြီးများကလဲ လူငယ်တွေအလိုကို အတော်ဘဲ လိုက်လျောကြပါတယ်။ အခုဆိုရင် ကျွန်တော်တို့ မေယုနယ်မှာ ဗမာစာတတ်ကြသူတွေ တော်တော်များနေကြပါပြီ။

ခေတ်ကို မှီစေရမည်

ကိုအောင်သာကျော်၏ ပြောစကား မှန်ပေသည်။ မေယုခရိုင် နယ်သားတို့သည် သူတို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှ ခေတ်ကိုအမှီလိုက်ရန် ကြိုးစားနေကြပေသည်။ ထို့ကြောင့်ပင် ထာဝစဉ် အိမ်တွင်းပုန်းလေ့ရှိသော မေယုခရိုင်၏ သမီးပျိုကလေးများထဲမှ မိန်းကလေး(၆)ဦးတို့သည် ပန်းစည်းများကို ကိုင်ဆောင်ကာ မောင်းတောမြို့တွင် မူဂျာဟစ်လက်နက်ချပွဲ ကျင်းပစဉ်က ကြွရောက်လာသည့် ဒု-ကာကွယ်ရေးသီးစီးချုပ် (ကြည်း) အား ကြိုဆိုခဲ့ကြရှာပေသည်။

“ဟောဒီခေတ်ရေးစာစောင်မှာ ဓာတ်ပုံနဲ့ ဖော်ပြထားတဲ့အချက်ဟာ မှန်ပါတယ်ဗျာ။ အိမ်တွင်းပုန်းလေ့ရှိကြတဲ့ မိန်းကလေးများဟာ မေယုခရိုင်မှာ အေးချမ်းသာယာလာပြီဆိုတဲ့ သတင်းကြောင့် ဝမ်းမြောက်ဝမ်းသာရှိပြီး ကျေးဇူးတင်ကြလွန်းတဲ့အတွက် လူမြင်လူထင်ခံပြီး ထွက်ကြိုကြတာပါဘဲ” ကိုဘထွန်းက မေယုအထိမ်းအမှတ်အထူးထုတ် ခေတ်ရေးစာစောင်ကို ထောက်ပြ၍ ပြောလိုက်လေသည်။

ကြိုးစားကြရမည်

ယခုမူ မေယုခရိုင်တွင် ဖွံ့ဖြိုးတိုးတက်ရေးမှန်သမျှ လုပ်ငန်းများကို လူထုကိုယ်တိုင်က နှစ်ခြိုက်ကာ ဝိုင်းဝန်းကူညီလျက် ရှိကြပေပြီ။ စင်စစ်သော် မောယုနယ်ခြားခရိုင်၏ စီးပွားရေး အခြေအနေမျိုးနှင့်ဆိုလျှင် ကြိုးစားကြမှလည်းဖြစ်ပေမည်။ မေယုနယ်ခြားခရိုင်သည် မိုးများ၍ တောင်ကုန်းမြေမြင့်များသဖြင့် စိုကပျိုးရေးခက်ခဲသည့် ဒေသဖြစ်သည်။ ထို့အပြင် နယ်မြေနှင့် လူဦးရေမမျှအောင်ပင် ကျဉ်းမြောင်း ကျပ်တည်းသဖြင့် လက်ရှိလယ်ယာလုပ်ငန်း၊ တံငါငါးဖမ်းလုပ်ငန်းများဖြင့် နယ်လူထုမှာ မည်သို့မျှ စီးပွားရေးအားဖြင့် ဖွံ့ဖြိုးတိုးတက် ချောင်လည်မည် မဟုတ်ပေ။

ထိုအခက်အခဲအားလုံးတို့ မေယုခရိုင် နယ်ခြားဒေသအုပ်ချုပ်ရေးဌာနက အရေးတယူ စဉ်းစားဆုံးဖြတ်ကာ နယ်လူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းအားလုံးတို့ကို ယခု လက်တွေ့ စတင်ဖော်ထုတ်လုပ်ဆောင်ပေးနေပြီဖြစ်နေသည်။

ဗလီဆောက်ဘို့လှူငွေ

“ယခုနှစ်မေလကဘဲ ဝန်ကြီးချုပ်က ကတိပြုသွားခဲ့တဲ့အတိုင်း ရိုဟင်ဂျာအမျိုးသားတို့အတွက် ဗလီဆောက်ဘို့ မ,တည်ငွေအဖြစ် ငွေတသောင်း ပို့လှူလိုက်ပါပြီ။ ဒီငွေကို အခြေပြုပြီး အခြားပုဂ္ဂိုလ်တွေဆီက အလှူငွေများနဲ့ စုပေါင်းပြီး အမှတ်တရ ဖြစ်စေနိုင်မယ့် ဗလီကြီးဖြစ်လာဦးမှာပေါ့ဗျာ”

“ကြားရတာ ဝမ်းသာပါတယ်ဗျာ၊ ရှေးမင်းဆက်များ လက်ထက်ကထဲက မြန်မာပြည်မှာ အခြေစိုက်ခဲ့ပြီး သားစဉ်မြေးဆက် ပြည်ထောင်စုသား တိုင်းရင်းသားများ ဖြစ်လာခဲ့ကြတဲ့ ရိုဟင်ဂျာအမျိုးသားများ အကြောင်းကို ယခုလို စုံစုံလင်လင် သိရတာကိုဘဲ အတော် ဝမ်းမြောက်စရာဖြစ်ပါတယ်”

ပျောက်သောသူ တွေ့လေပြီ

ကိုအောင်သာကျော်တို့ လေးဦးလုံးက - “ဟုတ်ကဲ့ခင်ဗျာ။ ရိုဟင်ဂျာအမျိုးသားထုကိုယ်စား ခေတ်ရေးကို ကျွန်တော်တို့က ကျေးဇူးတင်ရပါမယ်။ ရိုဟင်ဂျာအမျိုးသားများရဲ့ ရိုးရာသမိုင်းကို ဖော်ထုတ်ပြခြင်းဟာ ပြည်ထောင်စုထဲက တိုင်းရင်းသားလူမျိုးစုတရပ်ကို အသိအမှတ်ပြုလိုက်ခြင်း မည်ပါတယ် … နောင်ကိုလဲ အလျင်းသင့်ရင် ရိုဟင်ဂျာအမျိုးသားများရဲ့ ယဉ်ကျေးမှုများနဲ့ မေယုခရိုင်နယ်ခြားဒေသအုပ်ချုပ်ရေးဌာနရဲ့ လုပ်ဆောင်ချက်များကို ရိုဟင်ဂျာ ကျောင်းသားလူငယ်များအသင်းက ဘယ်လိုထင်မြင် ထောက်ခံကြတယ်ဆိုတာ ပြောပြပါအုံးမယ်”

ဤတွင် ရှေ့မှ ပျောက်သောသူကို ပြန်တွေ့ခြင်းဖြစ်သည့် ရိုဟင်ဂျာလူမျိုးစုတို့၏ မျိုးရိုးစဉ်ဆက် ဆွေးနွေးချက်တင်ပြခြင်း ပြီးဆုံးပြီ ဖြစ်ပေတော့သည်။

(တပ်မတော်ခေတ်ရေးစာစောင်၊ အတွဲ ၁၂၊ အမှတ် ၉၊ ၈-၈-၁၉၆၁၊ စာမျက်နှာ ၁၆ မှ ၁၉)

Ko Zaw Tun Facebook မှ ကူးယူဖော်ပြသည်။

(ဓါတ်ပုံ - AP)

ဒေါ်အောင်ဆန်းစုကြည် ဘာပြောသလဲ?

ရိုဟင်ဂျာ၊ ဘင်္ဂါလီဆိုပြီး အတင်းအကြပ် မလုပ်ပါနဲ့။ (ဒေါ်စု)

ပြသနာဖြစ်နေတဲ့ ဝေါဟာရ နှစ်ခုလုံးကို ကျမတို့ မျှမျှတတ ပြတ်ပြတ်သားသား ရင်ဆိုင်ရပါမယ်။

ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို ရခိုင်တွေက လက်မခံသလို ဘင်္ဂါလီဆိုတဲ့ စကားလုံးကို မွတ်စလင်တွေက လက်မခံနိုင်ဘူးဆိုတာကို သိတယ်။ ဒီဝေါဟာရနှစ်ခုလုံးနောက်မှာ စိတ်ခံစားချက်တွေ၊ နိုင်ငံရေးပြသနာတွေနဲ့ ရှုပ်ထွေးနေတယ်။


ဒီလိုရှုပ်ထွေးနေမှန်း သိလျှက်နဲ့ ရခိုင်ဘက်ကဖြစ်ဖြစ်၊ မွတ်စလင်ဘက်ကဖြစ်ဖြစ် ငါတို့ပြောတဲ့အတိုင်းပဲ ခေါ်ရမယ်လို့ အတင်းအကြပ်လုပ်လာရင် ဒါဟာ အဖြေရှာလို့ မရနိုင်ဘူး။ ပြသနာတွေကို လက်တွေ့ကျကျ ဖြေရှင်းရပါမယ်။

အပြန်အလှန် အော်နေ ဟစ်နေ၊ ဘယ်ဝေါဟာရက ဘယ်ဝေါဟာရထက် ပိုမှန်တယ်၊ ကောင်းတယ်လို့ ငြင်းနေခုန်နေတာတွေကို ကျမတို့ စိတ်မဝင်စားဘူး။ ကျမဆိုလိုတာက ဒီဝေါဟာရ ငြင်းခုန်မှုထက် ပိုအရေးကြီးတာတွေ ရှိနေတယ်ဆိုတာကို ထောက်ပြချင်တာပါ။

သို့သော် လူမျိုးအမည်ကလည်း သိပ်အရေးကြီးတယ်ဆိုတာကို ကျမသိပါတယ်။ တစ်ကမ္ဘာလုံးက လူသားတိုင်းဟာ မိမိလူမျိုးအမည်ကို မိမိဆန္ဒအတိုင်း သတ်မှတ်ချင်ကြတဲ့ဆန္ဒ ပြင်းပြင်းထန်ထန် ရှိကြတယ်ဆိုတာကို ကျမသိတယ်။ လူသားတိုင်းရဲ့ မိမိလူမျိုးအမည်ကို မိမိဆန္ဒအတိုင်း သတ်မှတ်လိုမှုကို ကျမ မဆန့်ကျင်ပါဘူး။

ကျမတို့အပေါ် စိတ်ကောင်းစေတနာကောင်းထားကြသူများကို ဒီဝေါဟာရနှစ်ခုရဲ့ နောက်ကွယ်မှာ ပြသနာရှုပ်ထွေးမှုတွေ ရှိနေတာကို သိစေချင်တာပါ။ ကျမတို့က ဒီပြသနာကို ဖြေရှင်းဖို့ ကြိုးစားနေတဲ့အချိန်မှာ ကျမတို့ရဲ့ မိတ်ဆွေများကလည်း အကူအညီပေးစေချင်ပါတယ်။

ကျမတို့က ဘယ်အုပ်စုကိုမှ တစ်ဖက်သတ် နစ်နာအောင် မလုပ်ဘူး။ နှစ်ဖက်စလုံးက လက်ခံနိုင်မယ့် အဖြေကို ရှာနေပါတယ်။

အခုလို အချိန်မျိုးမှာ မိတ်ဆွေနိုင်ငံတွေက မပူးပေါင်း မဆောင်ရွက်ကြသလောက် ကျမတို့မှာ အခက်အခဲတွေ ပိုရှိနေမှာဖြစ်တယ်။ ဒီလိုပြောလို့ ကျမတို့လုပ်ရမယ့် အလုပ်တွေကို မလုပ်ပဲ ရှောင်ထွက်မှာတော့ မဟုတ်ဘူး။

နှစ်ဖက်စလုံး အကျိုးရှိမယ့် နည်းလမ်းတွေရှာပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်သွားမှာဖြစ်တယ်။

ဒေါ်စု (မြန်မာ နိုင်ငံခြားရေးဝန်ကြီး)
မေလ ၂၂၊ ၂၀၁၆

မှတ်ချက်

(၁) မြန်မာသတင်းဌာနတွေအားလုံး ဒေါ်စုပြောတဲ့စကားလုံးတွေအတိုင်း တိတိကျကျ ဘာသာပြန်ပေးတာ တစ်ခုမှ မရှိတာ အံ့သြစရာကောင်းတယ်။

(၂) တချို့သတင်းဌာနတွေက မြန်မာတွေ သတင်းမှန်မရအောင် သတင်းခေါင်းစဉ်ကို မရိုးမသားတင်ကြတာတွေ လုပ်နေကြတာကလည်း ဝမ်းနည်းစရာ ကောင်းပါတယ်။ သတင်းကျင့်ဝတ် ဖောက်ဖျက်မှုဖြစ်တယ်။

(၃) သတင်းမှန်ကို မဖော်ပြခြင်းက မိမိတို့ပြည်သူတွေကို အထင်သေး၊ စော်ကားရာကျတယ်။

(၄) အချိန်နဲ့အမျှ တိုးတက်ပြောင်းလဲနေတဲ့ မြန်မာ့အခြေအနေမှန်၊ ကမ္ဘာ့အခြေအနေမှန်တွေကို ပြည်သူလူထုသိရှိအောင် တာဝန်သိသိ အသိမပေးခြင်း၊ ထိန်ချန်ခြင်းတို့ဟာ ဒီမိုကရေစီအစိုးရ တစ်ရပ်က ပြည်သူလူထုကို မှန်မှန်ကန်ကန် ဦးဆောင်မှုပေးနိုင်ရေးကို ထိခိုက်နစ်နာစေတယ်။

(၅) အချိန်အခက်အခဲကြောင့် ဒေါ်စုပြောသွားတဲ့အထဲက အရေးကြီးတဲ့ အချက်တွေကိုပဲ အတိအကျဖြစ်အောင် သတိထား ဘာသာပြန်ပေးပါတယ်။
U Aung Tin ဘာသာပြန်သည်။

* * * * * * * * * * *

ဂျွန်ကယ်ရီ ပြောသွားခဲ့တာက ဒီလိုပါ --

ကျွန်တော် အခုလို ပြောဆိုခွင့်ရတာ ပျော်ရွှင်ပါတယ်။ ပထမဆုံး ကျွန်တော် ပြောချင်တာက ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာ သူမ အမြင်က ဟုတ်မှန်ပါတယ်။ ဒီမနက်လည်း ကျွန်တော်တို့ ဒီကိစ္စ ပြောခဲ့ပါတယ်။

နာမည်ကိစ္စက သိပ်အကဲဆတ်တဲ့ ကိစ္စပါ။ အဲဒါက ကွဲပြားစေပြီး အဲဒီကိစ္စက စိတ်ပိုင်း ခံစားချက်တွေကို မြင့်တက်စေတယ်လို့ ကျွန်တော် မြင်ပါတယ်။ တစ်ချိန်ထဲမှာ ကျွန်တော်တို့ နားလည်တာက အဖြစ်မှန်တစ်ခုက ဒီမြန်မာပြည်ထဲမှာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်မြည်တဲ့ လူမျိုးစုတစ်စု ရှိပါတယ်။ ဒါကို ကျွန်တော်တို့ နားလည်ထားတယ်။

ဒီစကားလုံးကို ကျွန်တော်တို့ မကြာမကြာ သုံးပါတယ်။

ဒါပေမယ့် သူမပြောချက်ကို နားလည်တာက ပြဿနာများကို ဖြေရှင်းရဖို့ ဘက်စုံ အခြေအနေများ တိုးတက်လာဖို့ကို ပိုအာရုံစိုက်ဖို့ ရုပ်ပိုင်းဖွံ့ဖြိုးတိုးတက်မှု့အတွက် လူ့အခွင့်အရေး အခြေအနေများကို မြှင့်တင်ဖို့တွေမှာ အာရုံစိုက်ဖို့၊ ရခိုင်ပြည်မှာ လူမျိုးစု နှစ်စုလုံး ဖွံ့ဖြိုးတိုးတက်ပြီး ဘက်စုံအခြေအနေများ မြှင့်တင်ရာမှာ တစ်ပြည်လုံး အခြေအနေမြှင့်တင်ဖို့ ပြောခဲ့တာပါ။

ဒါကျွန်တော်တို့ ဒီကိုလာတဲ့အကြောင်းရင်းပါ။ ၀န်ကြီးနဲ့ ကျွန်တော် ပြောဆိုတဲ့အကြောင်းပါ။ ကျွန်တော်တို့က ပြဿနာများကို ထပ်မံ ဖြစ်စေဖို့ မဟုတ်ဘဲ ဖြေရှင်းဖို့သာ ဖြစ်ပါတယ်။ အားလုံး အပြုသဘော ၀ိုင်းဝန်း လုပ်ဆောင်မယ် မျှော်လင့်ပါတယ်။
U Nyi Nyi ဘာသာပြန်သည်။





RB News
22.3.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာသို့ သွားသည့် လမ်းတွင် ရှိသည့် ညောင်ချောင်း တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် လမ်းသွားလမ်းလာ ရိုဟင်ဂျာများထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ညောင်ချောင်း တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲ များသည် တံတားပေါ်မှ ဖြတ်သန်း သွားလာသည့် ရိုဟင်ဂျာများကို ရွာထွက် ထောက်ခံစာများ စစ်ဆေးပြီး မပါသူထံမှ ငွေကျပ် ၅၀၀၀၊ ပါသူထံမှ ငွေကျပ် ၂၀၀၀ စီ ညှစ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။

ထို့အပြင် ယမန်နေ့က မုန်တိုင်း အန္တရာယ်ကြောင့် တက္ကစီများ၊ မော်တော်ဆိုင်ကယ်များ စီး၍ အမြန်ပြန်နေသူများကို ရပ်တန့်၍ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့သည်ဟု ဆိုသည်။

နယ်ခြားစောင့်ရဲ များက ဌာနချုပ်မှ ယခုကဲ့သို့ ငွေညှစ်ရန် ညွန်ကြားထားကြောင်း၊ ဌာနချုပ်၏ အမိန့်အရ ပြုလုပ်နေခြင်းသာ ဖြစ်ကြောင်း ပြောဆိုသည်ဟု အဆိုပါ ဒေသခံများက ပြောပါသည်။



MYARF
RB News
22.5.2016

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း အလယ်သံကျော်နှင့် ကံပူးကြားရှိ ချောင်းဝ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရွာထဲတွင် ကင်းစောင့်နေသည့် ဒေသခံ ရိုဟင်ဂျာ (၄) ဦးကို ဖမ်းဆီး၍ ငွေကျပ် (၄) သောင်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

မေလ (၆) ရက်နေ့ ည (၁၁) နာရီ အချိန်ခန့်တွင် အထက်ပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ တာဝန်ကျ နယ်ခြားစောင့်ရဲ များသည် အလယ်သံကျော် လေယာဉ်ကွင်းရွာ၌ ကင်းလှည့်နေစဉ် အောက်ဖော်ပြပါ ရိုဟင်ဂျာ (၄) ဦးကို ကင်းစောင့်စဉ် အိပ်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး တစ်ဦးစီမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေညှစ်ခံရသူ (၄) ဦးမှာ --

(၁) အေနာမူလ္လာ (ဘ) ဦးအာဇီမူလ္လာ (အသက် ၁၈ နှစ်)
(၂) မာမတ်အူလ္လာ (ဘ) ဦးရှုနာမျာ (အသက် ၂၀ နှစ်)
(၃) နော်ဂျီမူလ္လာ (ဘ) ဦးဆောလိမူလ္လာ (အသက် ၂၂ နှစ်)
(၄) မိုဟာမတ်ဟူစိန်း (ဘ) ဦးအဒူဆောလာမ် (အသက် ၃၀ နှစ်) -- တို့ဖြစ်သည်။

ရိုဟင်ဂျာ အများစုမှာ လုပ်ကိုင်ရှာဖွေ စားသောက်ရန် ခက်ခဲသဖြင့် ထင်းခုတ်ရောင်းခြင်း၊ ငါးဖမ်းခြင်း၊ ကောက်စိုက်ခြင်း၊ စပါးရိတ်သိမ်းခြင်း၊ မြေတူးခြင်း စသည့် နေ့စား အလုပ်ကြမ်းများ လုပ်ပြီး အသက်မွေးဝမ်းကျောင်း ပြုနေရသည်။ ထို့ကြောင့် တစ်ညလုံး ကင်းစောင့်ပေးရခြင်းမှာ ၀န်ထိုးဝန်ပိုး တစ်ခုဖြစ်နေသည်။ ယခင် န.၀.တ လက်ထက်မှ စ၍ ယခု ဒီမိုကရေစီခေတ် တိုင်အောင် နေ့စဉ် ရက်ဆက်ဆိုသလို အဆက်မပြတ် ကင်းစောင့် ခေါင်းစဉ်တပ်၍ အတင်းအဓမ္မ ခိုင်းစေခြင်း၊ ကင်းစောင့်နေစဉ် အိပ်နေသည်ဟု ဆိုကာ နှိပ်စက်၍ ငွေညှစ်ခြင်း၊ အနည်းဆုံး ကြက်တစ်ကောင်ကို ငွေအစား ယူခြင်း စသည်တို့ ပြုလုပ်နေခြင်းမှာ ဒီမိုကရေစီ လမ်းစဉ်နှင့် လုံးဝ ကိုက်ညီမှု မရှိကြောင်း၊ NLD အစိုးရ အနေဖြင့် ယခုကဲ့သို့ ဖြစ်ပျက်နေသည် များကို ဦးစားပေး ပြောင်းလဲပေးသွားရန် လိုအပ်ကြောင်း ဒေသခံများက ပြောပါသည်။



RFA မြန်မာပိုင်း
22.5.2016

ရိုဟင်ဂျာ၊ ဘင်္ဂလီ အမည် ခေါ်ဝေါ်သုံးစွဲမှုနဲ့ ပတ်သက်ပြီး အစိုးရ အနေနဲ့ အကောင်းဆုံး ဖြစ်နိုင်မယ့် အဖြေကိုရှာဖွေ နေကြောင်းနဲ့ အဲဒီ အဖြေဟာ လူ့အဖွဲ့အစည်း ၂ ခုစလုံးက လက်ခံနိုင်လောက်မယ့် အဖြေမျိုးဖြစ်ဖို့ ကြိုးစားနေကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးရုံးမှာ ကျင်းပတဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ RFA က ရိုဟင်ဂျာကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်သတင်းစာတွေက ဝေဖန်ရေးသားနေတဲ့အပေါ် မှတ်ချက်ပြုပေးဖို့မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က ဖြေကြား ခဲ့တာ ဖြစ်ပါတယ်။

"ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရဖို့ ကျွန်မတို့ကြိုးစားနေပါတယ်။ ကျွန်မတို့ရဲ့ မိတ်ဆွေတွေကို ပန်ကြားလိုတာက ဒီကိစ္စနဲ့ ပတ်သက်ပြီး အဖြေရှာနိုင်ဖို့ အကူအညီပေးတာမျိုးသာ ဖြစ်စေလိုပါတယ်။ ကျွန်မတို့အနေနဲ့ ဘယ်လူ့အဖွဲ့အစည်း တစ်ခုခုကိုမှ ထိခိုက်နစ်နာစေလိုတာ မဟုတ်ပါဘူး။ လူ့အဖွဲ့အစည်း ၂ ခုက လက်ခံနိုင်ပြီး ရှေ့ဆက်လျှောက်လှမ်းနိုင်မယ့် အဖြေမျိုးကို ရှာဖွေရမှာ ဖြစ်ပါတယ်။ ဒါဟာ အင်မတန်ခက်ခဲလွန်းတယ်ဆိုတာကို ကျွန်မတို့သိပါတယ်။ သဘောရိုးနဲ့ ပြောဆိုနေကြသူတွေ အနေနဲ့ ကျွန်မတို့နဲ့ ပူးပေါင်းဆောင်ရွက်ချင်စိတ်မရှိဘူးဆိုရင် အဖြေရှာနိုင်ဖို့ ပိုပြီးအခက်အခဲရှိလာမှာ ဖြစ်ကြောင်း၊ အဲဒီလိုခက်ခဲတယ်ဆိုလို့ ဒီကိစ္စကနေ သွေဖီသွားမှာ မဟုတ်ကြောင်း" ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ဒေါ်အောင်ဆန်းစုကြည် ရှင်းပြတဲ့ အချက်တွေဟာ မြန်မာနိုင်ငံအတွက် အရေးကြီးကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စိန်ခေါ်မှု အခက်အခဲကို ရင်ဆိုင်ပြီး သတ္တိရှိရှိ ဖြေဆိုသွားတာဖြစ်ကြောင်း ထောက်ခံပြောပါတယ်။

Mr. Kerry က အမေရိကန်အစိုးရအနေနဲ့ မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက်ကိုသာ အကူအညီပေးလိုတာ ဖြစ်ပြီး ပြဿနာတွေ ပိုကြီးထွားစေမှာကို မလိုလားကြောင်းလည်းပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟာ ဒီကနေ့မနက်က နေပြည်တော်ကို ရောက်ရှိပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သလို ညနေပိုင်းမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ Mr. Kerry ဟာ ဒီကနေ့ ညနေပိုင်းမှာ နေပြည်တော်ကနေ ဗီယက်နမ်နိုင်ငံကို ထွက်ခွာသွားပါတယ်။

Photo: Myo Thant Khaing/ RFA ( အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerryနဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့ မေလ ၂၂ ရက်နေ့က နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနရုံးမှာ ပူးတွဲသတင်းစာရှင်းလင်းနေစဉ် )

Rohingya Exodus