နောက်ဆုံးသတင်း/ဆောင်းပါးများ



MYARF
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း အမှတ် (၁၂) မှ တာဝန်ခံ၊ တပ်ရင်း ၅၅၁ မှ ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေကျပ် ၁၆ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၀) ရက်နေ့ ည (၈) နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာရှိ ကွမ်းယာဆိုင် တစ်ဆိုင်တွင် ထိုင်စကား ပြောနေသည့် လူငယ် သုံးဦးကို ရွက်ညိုတောင် စစ်စခန်း အမှတ် (၁၂) မှ တာဝန်ခံ၊ တပ်ရင်း ၅၅၁ မှ ဗိုလ်မှူး ထွန်းလှိုင်ဇော်နှင့် အဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားရာ နှစ်ဦး ထွက်ပြေး လွတ်မြောက် သွားခဲ့သော်လည်း တစ်ဦးကို ဖမ်းဆီး၍ ရွက်ညိုတောင်ရှိ စစ်စခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။

ဖမ်းဆီးခံရသူမှာ ဖာရ်ဝါစ် (ဘ) ဦးမာမတ်ဇော်မာ ဖြစ်ပြီး၊ ၎င်းကို ဖမ်းဆီးပြီး ခန္ဓာကိုယ် တစ်ခုလုံး ရှာဖွေ ခဲ့ရာ၊ တရား ဥပဒေနှင့် မလွတ်ကင်းသည့် ပစ္စည်း တစ်စုံတစ်ရာ မရရှိခဲ့သော်လည်း ရွာထဲတွင်ပင် ရိုက်နှက်၍ ရွက်ညိုတောင်ရှိ စစ်စခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ဗိုလ်မှူး ထွန်းလှိုင်ဇော်က ဖာရ်ဝါစ်ထံမှ ငွေကျပ် ၁၆ သိန်း ညှစ်ယူ၍ နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ပြန်လည် လွှတ်ပေး ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်နှင့် အဖွဲ့က ဖမ်းဆီးမိလျှင် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သွားခဲ့သည့် ကာလာဖူတူး (ဘ) ဦးရှော်ဖိတ်နှင့် ဆလီမူလ္လာ (ဘ) ဦးဟာဆောန် တို့ကို ငွေကျပ် (၁၂) သိန်းစီဖြင့် ဗိုလ်မှူး ထွန်းလှိုင်ဇော်ကို လာရောက် တွေ့ဆုံရန် အမိန့်ထုတ်ထားကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ငွေကြေး မတတ်နိုင်သည့် ကာလာဖူတူးနှင့် ဆလီမူလ္လာ တို့မှာ ယခုအချိန်ထိ တိမ်းရှောင် နေရကြောင်း သိရှိရပါသည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ နေအိမ်မှ ရွှေနှင့် ငွေသားများ လုယက်ခဲ့သည့် အပြင် ဒေသခံများကို အကြောင်းမဲ့ ဖမ်းဆီးခြင်း ပြုလုပ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၀) ရက်နေ့ ညသန်းခေါင်ယံ ၁၂း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဂေါ်ဒူသာရ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ရဲမှူး ငြိမ်းချမ်းအောင်နှင့် ရဲတပ်ဖွဲ့ (၁၃) ဦးတို့သည် ဂေါ်ဒူသာရ (ဆိုက်ရ်ဂူမ်ဘော်) ကျေးရွာမှ ဦးဆုလ်တာန် (ဘ) ဦးအလီဟူဆောင်း (အသက် ၄၅ နှစ်) ၏ နေအိမ် ထဲသို့ ၀င်ရောက်၍ အိမ်ရှင် ဖြစ်သူကို ဖမ်းဆီးရန် ရှာဖွေရာ မတွေ့သဖြင့် နေအိမ်ထဲမှ ရွှေ (၅) ကျပ်သားနှင့် ငွေသား အချို့ လုယက် ယူဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အလားတူ နိုဝင်ဘာလ (၂၁) ရက်နေ့ နံနက် (၃) နာရီ အချိန်တွင် ရဲမှူး ငြိမ်းချမ်းအောင် ဦးဆောင်သည့် အဖွဲ့သည် ဘဂုံးနား ကျေးရွာသို့ ၀င်ရောက်၍ ဦးဟာဆိမ်း (ဘ) ဦးအာဆူး (အသက် ၅၅ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီး သွားခဲ့သည်။ ထို့အပြင် နံနက် (၅) နာရီ အချိန်တွင် ဂေါ်ဒူသာရ ကျေးရွာမှ မိုဟာမတ် ရှော်ဖိခ် (ဘ) ဦးဆုလ်တာန် အာမတ် (အသက် ၂၈ နှစ်) ကိုလည်း အကြောင်းမဲ့ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရဲမှူး ငြိမ်းချမ်းအောင်သည် ယခင်က န.စ.က တွင် တာဝန် ထမ်းဆောင် ခဲ့သူ ဖြစ်ပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဖွဲ့စည်း ပြီးနောက် နယ်ခြားစောင့် ရဲတပ်ဖွဲ့သို့ ရောက်ရှိလာပြီး မောင်တောမြို့နယ် အတွင်းတွင် လူမဆန်သည့် အရာရှိ များထဲမှ တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာတွင် ဖြစ်ပွား ခဲ့သည့် လူသတ်မှု၏ တရားခံကို ဖမ်းဆီးရန် မကြိုးစားဘဲ အပြစ်မဲ့ ဒေသခံများကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းကြောင့် အသက် ၆၀ နှစ် အရွယ် ဒေသခံ တစ်ဦး သေဆုံး ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဇော်မတက် ကျေးရွာ (လာမ်ဘာဂူးနား) မှ ဦးမော်နူ (ဘ) ဦးအာဘူလ် ဟူဆောင်း (အသက် ၆၅ နှစ်) ကို လူတစ်ဦးက ဓါးဖြင့် ခုတ်သတ်ရာ ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံး ခဲ့သည်။ တရားခံ ဖြစ်သူကို ရွာသားများ အားလုံးက သိရှိသော်လည်း၊ တရားခံ ဖြစ်သူမှာ ရွာမှ ထွက်ပြေး လွတ်မြောက် နေကြောင်း သိရှိရပါသည်။

တရားခံ ဖြစ်သူ ထွက်ပြေး လွတ်မြောက် သွားသော်လည်း မောင်တောမြို့နယ် မြို့မ ရဲစခန်းမှ ရဲများနှင့် ယခင် ဥက္ကဌ ဟောင်း ဦးဇော်ဟိရ်အာမတ် (ဘ) ဦးမော်နူ (အသက် ၃၅ နှစ်)၊ ဥက္ကဌ ဟောင်း ဦးကော်ရီမူလ္လာ (ဘ) ဦးမာမတ် ရှော်ဖိခ် (အသက် ၅၀ နှစ်) နှင့် ဦးဆီရာဇူလ္လာ (ဘ) ဦးဆုလ်တာန် အာမတ် (အသက် ၄၂ နှစ်) တို့က အပြစ်မဲ့ ဒေသခံ ရွာသား များကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် လျက်ရှိသောကြောင့် အမျိုးသား အများစုမှ မိမိတို့၏ နေအိမ်များတွင် မနေရဲကြတော့ဘဲ တိမ်းရှောင် နေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နေအိမ်များတွင် အိမ်ထောင် ဦးစီး အမျိုးသားများ မတွေ့ရှိလျှင် အမျိုးသမီး များကို ရိုက်နှက်ခြင်း၊ အသုံးအဆောင် ပစ္စည်းများ ဖျက်ဆီးခြင်း၊ အိမ်နံရံများ ဖြိုချခြင်းများ နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ နိုဝင်ဘာလ (၁၈) ရက်နေ့တွင် ဦးဟူဆောင်းန်အာမတ် (ဘ) ဦးယာကုဖ် (အသက် ၆၀ နှစ်) ကို ရဲတပ်ဖွဲ့ဝင် များနှင့် ဥက္ကဌဟောင်း များက ၀ိုင်းဝန်း ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ရာ ထိုနေရာတွင်ပင် သေဆုံး သွားခဲ့သည်။ မော်လ၀ီ ဇီယာဘူရာမန် (ဘ) ဦးကာလူ (အသက် ၂၈ နှစ်)၊ ဦးအာမာန် အူလ္လာ (ဘ) ဦးဇာဖော်ရ် (အသက် ၃၀ နှစ်)၊ ဦးရော်ရှိတ် အာမတ် (ဘ) ဦးမာမတ်ရှော်ဖိခ် (အသက် ၃၈ နှစ်) တို့ကိုလည်း လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်၍ ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ကြောင်း သိရှိရပါသည်။

ထို့အပြင် မော်လ၀ီ ဇော်မိရ်ရော်ဒီးန် (အသက် ၄၅ နှစ်)၊ ဆရာရှော်ရိဖ် (ဘ) ဦးဘာဆာမျာ (အသက် ၃၀ နှစ်)၊ မော်လ၀ီ ယာကုဖ် (ဘ) ဦးအာမီးရ် ဟူဆောင်း (အသက် ၃၀ နှစ်)၊ မော်လ၀ီ ရှော်မီအူလ္လာ (ဘ) ဦးအုစ်မာန် (အသက် ၃၅ နှစ်)၊ ဟာဂျီ ဇာဖော်ရ် အာမတ် (အသက် ၆၅ နှစ်) နှင့် ဦးဆော်လီမူလ္လာ (ဘ) ဦးယူဆုဖ် (အသက် ၄၀ နှစ်) တို့၏ နေအိမ်များကို ရဲများက ၀င်ရောက်၍ ၎င်းတို့အား ဖမ်းဆီးရန် ရှာဖွေခဲ့ပြီး၊ ဥက္ကဌဟောင်း များကလည်း လူ (၄၅) ဦးနှင့် အတူ နေအိမ်များ ထဲသို့ ၀င်ရောက်၍ မတရား သဖြင့် အနိုင်ကျင့်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ မော်လ၀ီ ဇူဘိုင်ရ် အာမတ် (အသက် ၃၅ နှစ်) ၏ အသက် ၆၅ နှစ် အရွယ် မိခင် ဖြစ်သူကို လူမဆန်စွာ ရိုက်နှက်မှုကြောင့် ခြေထောက်တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့သည်။

မောင်တောမြို့နယ် ရဲတပ်ဖွဲ့နှင့် ယခင် ကျေးရွာ အာဏာပိုင်ဟောင်း များက လူသတ်သည့် တရားခံ အစစ်အမှန် သိရှိသော်လည်း တရားခံကို ဖမ်းဆီးရန် မကြိုးစားဘဲ အပြစ်မဲ့ ဒေသခံ ရွာသားများကို ဖမ်းဆီး၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက် နေခြင်းသည် ဥပဒေမဲ့ လုပ်ရပ်သာ ဖြစ်သည့် အတွက် ဒေသခံ ပြည်သူများက ရှုတ်ချကြောင်း၊ ၎င်းတို့၏ ရိုက်နှက်မှုကြောင့် သေဆုံး သွားသည့် သူအတွက် တရား ဥပဒေနှင့် အညီ အရေးယူ ဆောင်ရွက် ပေးမှုကို လိုလားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ဒေသခံ တစ်ဦးကို ပြည်ပသို့ သတင်း ပို့နေသည်ဟု စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ လက်နက်ကိုင် အာဏာပိုင်များက ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦး ဖြစ်သည့် ဟာဖီးဇ် မာတာလောမ် (ဘ) ဦးဇာဖော်ရ် (အသက် ၂၈ နှစ်) ကို ပြည်ပသို့ သတင်းပို့ နေသည်ဟု စွပ်စွဲ၍ ကျေးရွာ အုပ်ချုပ်ရေးနှင့် ဒေသဆိုင်ရာ လက်နက်ကိုင် အာဏာပိုင်များက ငွေကျပ် ၈ သိန်း ၄ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဟာဖီးဇ် မာတာလောမ်သည် ကျောင်းသား လူငယ်များကို စာသင်ပြ၍ အသက် မွေးဝမ်းကျောင်း ပြုနေသည့် လူငယ် တစ်ဦး ဖြစ်ပြီး၊ ၎င်းကို အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်နှင့် တပည့် ဖြစ်သူ အာဘူဘော်ကော်ရ် (ဘ) ဦးအာဘူဆာဒဲခ် (အသက် ၂၇ နှစ်) တို့က ပူးပေါင်း၍ ငွေညှစ်ခဲ့ခြင်း ဖြစ်သည်။

ဟာဖီးဇ် မာတာလောမ် ထံမှ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင် တို့က ငွေကျပ် (၇) သိန်း ညှစ်ယူခဲ့ပြီး၊ အထူး သတင်း တပ်ဖွဲ့ (SB) နှင့် စစ်တပ် တို့က ငွေကျပ် တစ်သိန်း လေးသောင်း ညှစ်ယူ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ အခြေခံ ပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး နေရန် အဆောင် တစ်ခု ဆောက်လုပ်ရန် အတွက် ဒေသခံ ရွာသား များထံမှ အတင်း အဓမ္မ ငွေကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ အခြေခံ ပညာ အထက်တန်းကျောင်းသို့ အသစ် ပြောင်းရွှေ့ လာသော ကျောင်းအုပ် ဆရာမကြီး နေထိုင်ရန် အတွက် အဆောင် တစ်ခု ဆောက်လုပ်ရန်ဟု ဆိုကာ အလယ်သံကျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင်က ဒေသခံများ ထံမှ အတင်း အဓမ္မ ငွေကောက်ခံ လျက်ရှိသည်။ အလယ်သံကျော် ကျေးရွာ အုပ်စုတွင် အိမ်ခြေပေါင်း ၁၂၀၀ ကျော်ရှိပြီး၊ အိမ်ခြေတိုင်းမှ ငွေကျပ် ၅၀၀၀/- စီ အတင်း အဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ကျေးရွာရှိ မျက်နှာဖုံး လူကြီးများနှင့် ငွေကြေး တတ်နိုင်သူများ ထံမှ ငွေကျပ် နှစ်သောင်းထိ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သက်နိုင် ကောက်ခံ နေသည့် ကျောင်းအုပ်ကြီး အတွက် အဆောင် ဆောက်လုပ်ရန် ငွေကျပ် ၅ သိန်းခန့်သာ လိုအပ်မည် ဖြစ်သော်လည်း အိမ်ခြေပေါင်း ၁၂၀၀ ကျော်မှ အနည်းဆုံး ၅၀၀၀/- မှ ၂၀၀၀၀/- အထိ ကောက်ခံ၍ ၎င်း၏ ကိုယ်ကျိုး အတွက် အသုံးပြုရန် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ကျောင်းအုပ်ကြီး အတွက် နိုင်ငံတော် အစိုးရမှ ဘဏ္ဍာငွေ ချမှတ်ပေးရမည် ဖြစ်သော်လည်း ဒေသခံ ရွာသားများ ထံမှ အာဏာပိုင်များက အာဏာ အလွဲသုံးစား ပြုလုပ်၍ ငွေကောက်ခံ နေခြင်း ဖြစ်သည်။



Rohingya Eye
RB News
23.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းမှ တာဝန်ခံ ဗိုလ်မှူး ထွန်းလှိုင်ဇော်က ပွင့်ဖြူချောင်း ကျေးရွာမှ ကင်းသမား များကို အကြောင်းမဲ့ ရိုက်နှက်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းမှ ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် ပွင့်ဖြူချောင်း ကျေးရွာ (ဇိုက်မူနာ) သို့ သွားရောက်ပြီး ညပိုင်းတွင် ရွာကင်းစောင့် ရမည့် ကင်းသမား (၆) ဦးကို ကင်းစောင့်ရန် အချိန် နောက်ကျ နေသည်ဟု စွပ်စွဲ၍ ရိုက်နှက်၍ ငွေညှစ် ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကင်းသမား တစ်ဦး ဖြစ်သူ ဦးအလီအာမောက် (ဘ) ဦးလေရူး (အသက် ၃၇ နှစ်) ကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး စစ်စခန်း ထဲတွင် ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် (၈) နာရီတွင် ကြက်တစ်ကောင်ကို ငွေအစား ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ အလားတူ ဦးဟူဆောင်းန် အာမတ် (အသက် ၃၁ နှစ်) ထံမှ ငွေကျပ် နှစ်သောင်း ညှစ်ယူခဲ့ပြီး၊ ကျန်သည့် ကင်းသမား (၄) ဦး ဖြစ်သည့် ဦးနူရ်အာမတ် (ဘ) ဦးနော်ဇိရ်ဟူဆောင်း (အသက် ၃၂ နှစ်)၊ ဦးဂျာဖောရ်ဟူဆောင်း (ဘ) ဦးဒူဒူမျာ (အသက် ၄၇ နှစ်)၊ အောလီအာမတ် (ဘ) ဦးအာဘူဆော်ယာဒ် (အသက် ၂၄ နှစ်) နှင့် ဦးမီတာရှောမ်ရှု (ဘ) ဦးဟာဘီဘူရာမန် (အသက် ၃၄ နှစ်) တို့ကိုလည်း ရွာထဲတွင် ရိုက်နှက်၍ ငွေအစား ကြက်တစ်ကောင်စီ ညှစ်ယူ ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရပ်ရွာ လုံခြုံရေး အတွက် နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ်မှ တာဝန်ယူ ရမည် ဖြစ်သော်လည်း ကျေးရွာများမှ ရွာသားများကို အလှည့်ကျ တာဝန် ပေးထားပြီး၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် စစ်တပ် တို့သည် ရွာများထဲသို့ ၀င်ရောက်၍ ကင်းသမား များကို အကြောင်းမဲ့ ရိုက်နှက် ငွေညှစ်ခြင်းများ မကြာခဏ ပြုလုပ်လေ့ ရှိသည်။



MYARF
RB News
22.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများ ထံမှ လုယက်ခြင်း၊ လူမဆန်စွာ ရိုက်နှက်ခြင်းများ နေ့စဉ် ရက်ဆက် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၅) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း လှဖိုးခေါင် ကျေးရွာ ဈေးရှိ ဦးမာမတ် အာယာစ် (ဘ) ဦးဆော်ဒူလာမီးန်၏ စားကုန်ဆိုင်သို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဆိုင်ကို စစ်ဆေးပြီးနောက်၊ ဆိုင်မှ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မရရှိသော်လည်း ဆိုင်ထဲရှိ ငွေသေတ္တာထဲမှ ငွေကျပ် ၃၇၀၀၀/- နှင့် စားကုန် ပစ္စည်း မျိုးစုံ (၃) အိတ်ကို လုယက် ယူဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နိုဝင်ဘာလ (၇) ရက်နေ့ကလည်း လှဖိုးခေါင် ကျေးရွာသား တစ်ဦး ဖြစ်သည့် ၀ါးရောင်း၍ အသက် မွေးဝမ်းကျောင်း ပြုနေသည့် ဦးအာဘူကလာမ် (ဘ) ဦးနူရ်အာလမ်ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ တစ်ခုလုံး ခြံဝန်း ကာရံရန် ဟုဆိုကာ ၀ါးများ ပေးရန် တောင်းခဲ့ရာ၊ ဦးအာဘူကလာမ်က မိမိတစ်ဦးတည်း အနေဖြင့် ခြံဝန်း တစ်ခုလုံး အတွက် ၀ါးများ ပေးရမည် ဆိုလျှင် အလွန် ၀န်ထိုး ၀န်ပိုး ကြီးမည် ဖြစ်ကြောင်း၊ ၀ါးရောင်း၍ အကျိုးအမြတ် များစွာ ရရှိခြင်း မရှိသဖြင့် ပေးရန် မလွယ်ကူကြောင်း တောင်းပန်၍ ပြောသော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဦးအာဘူကလာမ်သည် လက်နှင့် ဒူးတို့တွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လှဖိုးခေါင် တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီးခြင်း၊ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းများ နေ့စဉ် အဆက် မပြတ် လုပ်ဆောင် လျက်ရှိရာ၊ ဒေသခံများက ဥပဒေမဲ့ ထင်ရာစိုင်း လုပ်ဆောင်နေသည့် အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို အထက် အာဏာပိုင်များက အရေးယူ ဟန့်တား ပေးရန် အထူး လိုလားကြောင်း RB News သို့ပြောပါသည်။



RB News
22.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ရှိ ရိုဟင်ဂျာ လူမျိုး ကျေးရွာ အုပ်ချုပ်ရေးမှူး များ၏ ရုံးစရိတ်များ ဖြတ်တောက် ခံနေရပြီး၊ လစဉ် ထောက်ပံ့ကြေးလည်း မရကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ်တွင် ကျေးရွာ အုပ်စုပေါင်း (၈၅) ခုနှင့် ရပ်ကွက် (၇) ခုရှိရာ ရိုဟင်ဂျာ လူမျိုး အများစု နေထိုင်ရာ ကျေးရွာ များတွင် ယခင်က ရိုဟင်ဂျာ လူမျိုးများသာ အုပ်ချုပ်ရေးပိုင်း တာဝန်ယူ ခဲ့ရသော်လည်း၊ ဒီမိုကရေစီ အစိုးရ တက်လာပြီး နောက်ပိုင်းတွင် ရခိုင် လူမျိုး အိမ်တစ်အိမ်မျှ မရှိသည့် ကျေးရွာ (၂၀) တွင်သာ ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူး များခန့်ထားပြီး၊ အခြား ရွာများတွင် ရခိုင် လူမျိုး တစ်ရာခိုင်နှုန်း ရှိလျှင်လည်း ရခိုင်လူမျိုး များကိုသာ အုပ်ချုပ်ရေးမှူး ခန့်ထားကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူးက ကျေးရွာ အုပ်စု (၇၂) စုအတွက် လစဉ် ထောက်ပံ့ကြေး၊ ရုံးစရိတ်များ ထုတ်ပေး ခဲ့သော်လည်း၊ ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူး များအတွက် ထောက်ပံ့ကြေးနှင့် ရုံးစရိတ်များ ထုတ်ပေးခြင်း မရှိခဲ့ကြောင်း သိရှိရပါသည်။

၂၀၁၄ ခုနှစ် စက်တင်ဘာလမှ စ၍ ရိုဟင်ဂျာ လူမျိုး အုပ်ချုပ်ရေးမှူး များကို လစဉ် ရုံးစရိတ်ဟု ဆိုကာ ငွေကျပ် ၅၀၀၀၀/- ပေးအပ်သော်လည်း၊ ယခင်က တက္ကသိုလ်မှ ဆရာ/မ လာရောက်သည့် စရိတ်၊ အခြား ခေါင်းစဉ် အမျိုးမျိုး တပ်ကာ ဖြတ်တောက်၍ လစဉ် ငွေကျပ် ၁၀၀၀၀/- ခန့်သာ ပေးအပ် လျက်ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ရုံးစရိတ်များကို ခေါင်းစဉ် အမျိုးမျိုး တပ်ကာ ဖြတ်တောက်၍ လစဉ် တစ်သောင်းခန့် ပေးလျက် ရှိသော်လည်း အုပ်ချုပ်ရေးမှူးများ ရသင့်သည့် ထောက်ပံ့ကြေးကို ယခု အချိန်ထိ ပေးအပ်ခြင်း မရှိဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဘူးသီးတောင် မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေ လူမျိုးရေး၊ ဘာသာရေး ခွဲခြားပြီး ၎င်းစိတ်တိုင်းကျ အုပ်ချုပ် နေသူ တစ်ဦး ဖြစ်ပြီး၊ ရခိုင် ကျေးရွာများတွင် အိမ်တိုင်းကို ဆိုလာပြားများ ဝေငှလျက် ရှိသော်လည်း အစ္စလာမ် ဘာသာဝင်များ ဖြစ်သည့် ရိုဟင်ဂျာ နေအိမ်များ ပေးခြင်း မရှိဟု ဒေသခံများက ဆိုသည်။

မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းရွှေသည် ဒေသခံ ရိုဟင်ဂျာ လူမျိုးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး တိုးတက် မလာစေရန် အဖက်ဖက်မှ ပိတ်ပင်ထားရန် ဌာနဆိုင်ရာ များကို လျှို့ဝှက် မှာကြားခဲ့ကြောင်း ပညာရေး ဌာနမှ အမည် မဖော်လိုသည့် ဗုဒ္ဓဘာသာ ၀န်ထမ်း တစ်ဦးက RB News သို့ပြောပါသည်။



RB News
22.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း နယ်မြေ (၄) မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦးနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ တပည့် ဖြစ်သူ တစ်ဦး တို့က ကုလားများကို နှိပ်စက်သောကြောင့် ရဲမှူးက ဆုချီးမြှင့်သည်ဟု ကျုံးဝါး၍ ဒေသခံများ ထံမှ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း အမှတ် (၄) နယ်မြေ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ တပ်ကြပ် ဖုန်းကြီးနှင့် လိပ်ရ ကျေးရွာ အုပ်စု မြောက်ရွာမှ အာယု တို့သည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ တာဝန်ခံ ရဲမှူး ကျော်ဇင်ဦး၏ အမိန့် အရဆိုကာ အနီးအနားမှ ကျေးရွာမှ ဖြစ်သော ကျောက်ချောင်း၊ ကျွန်းပေါက် ဆင်အိုးနှင့် ကျွန်းပေါက် ပြုစု ကျေးရွာ အုပ်စု များသို့ သေနတ် တစ်လက် ကိုင်ဆောင်၍ အရပ်ဝတ် များဖြင့် ၀င်ရောက်ပြီး၊ ဒေသခံ ရွာသားများကို တရားမ၀င် ရောင်းဝယ် နေသည်၊ တဖက်နိုင်ငံထုတ် ဆင်းမ်ကဒ်များ ကိုင်ဆောင် နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ သိန်းပေါင်းစွာ ငွေညှစ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

၎င်းတို့ နှစ်ဦးက “မင်းတို့ ကုလားတွေကို နှိပ်စက် ငွေညှစ်နိုင်လို့ ငါတို့ ရဲမှူးက ၀မ်းသာပြီး ဆုချီးမြှင့်တာ ဆယ်ခါကျော်ပြီ” – “ဘယ်ကိုဘဲ သွားတိုင်တိုင် လုံးဝ ဂရုမစိုက်ဘူး” ဟု ကျုံးဝါး ပြောဆိုခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

ရဲမှူး ကျော်ဇင်ဦးသည် စီးပွားရေး အမြင်ကောင်းသော စီးပွားရေး သမား တစ်ဦး ဖြစ်သော်လည်း ၎င်း၏ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင် များကို မထိန်းသိမ်း နိုင်သောကြောင့် ဒေသခံများ ဒုက္ခရောက် လျက်ရှိသည်ဟု ဆိုသည်။



RB News
22.11.2014

ရမည်းသင်း ။ ။ မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်း မြို့နယ်ရှိ နှစ်ပေါင်း ၃၅၀ ကျော် သက်တမ်းရှိ ရှေးဟောင်း ကန်ကြီး ဗလီကို မ.ဘ.သ ဘုန်းကြီးများက အာဏာပိုင်များနှင့် ပူးပေါင်း၍ နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ဖြိုချ ဖျက်ဆီး လိုက်ကြောင်း သတင်း ရရှိပါသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၅၀ ကျော်က တည်ဆောက်ခဲ့သည့် ရမည်းသင်း မြို့နယ် ဗမက အနောက် ရပ်ကွက်ရှိ ကန်ကြီး ဗလီကို ၂၀၀၈ ခုနှစ်က ဒေသဆိုင်ရာ အာဏာပိုင်များက အကြောင်းပြချက် တစ်စုံတစ်ရာ မရှိဘဲ အစ္စလာမ် ဘာသာဝင်များကို ၀တ်ပြုခွင့် ပိတ်သိမ်းခဲ့ပြီး၊ ဗလီကို ချိတ်ပိတ်ပြီး ထားခဲ့သည်။ ထို့နောက် အဆိုပါ ရှေးဟောင်း ဗလီကို ရွှေစည်းခုံ ဘုရားဝင်း အတွင်းတွင် ကျူးကျော်၍ တည်ဆောက် ထားသည်ဟု လုပ်ကြံ ၀ါဒဖြန့်ပြီးနောက် နိုဝင်ဘာလ (၂၀) ရက်နေ့က အမျိုးသား ဘာသာ သာသနာ စောင့်ရှောက် ရေးအဖွဲ့နှင့် ဒေသဆိုင်ရာ အာဏာပိုင်များ ပူးပေါင်း၍ ဖြိုချ ဖျက်ဆီး လိုက်ခြင်း ဖြစ်သည်။

နိုဝင်ဘာလ (၁၉) ရက်နေ့က ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ကန်ကြီး ဗလီ အုပ်ချုပ်ရေး အဖွဲ့ဝင် (၄) ဦးကို ခေါ်ယူတွေ့ဆုံပြီး ခြိမ်းခြောက်၍ ဗလီ ဖျက်ခွင့်ပြုကြောင်း လက်မှတ် ရေးထိုးခိုင်း ခဲ့သည်။ ဦးအောင်မြင့်စိုးသည် ယခင်က မောင်တော ခရိုင် အုပ်ချုပ်ရေးမှူး ဖြစ်ပြီး၊ ဒေသခံ ရိုဟင်ဂျာ မွတ်စလင်များကို ညှဉ်းပန်း နှိပ်စက် ငွေညှစ်ရန် ဌာန ဆိုင်ရာများကို ခွင့်ပြုထား ခဲ့သူ တစ်ဦး ဖြစ်သလို၊ မောင်တောမြို့နယ်တွင် အကြမ်းဖက်မှုများ ဖန်တီး၍၊ အစ္စလာမ် ဘာသာဝင်များ၏ ဗလီ ၀တ်ကျောင်းတော်များ၊ ရွာများ မီးရှို့ဖျက်ဆီးရာတွင် အဓိက တာဝန်ရှိသူ တစ်ဦးလည်း ဖြစ်သည်။ ယခုအခါ ရမည်းသင်း ခရိုင်သို့ ရောက်ရှိပြီးနောက် ၎င်း၏ ယခင် အတွေ့အကြုံ များကို အသုံးချ၍ မ.ဘ.သ ဘုန်းကြီးများနှင့် ပူးပေါင်း၍ နှစ်ပေါင်း ၃၅၀ ကျော် သက်တမ်းရှိသည့် ဗလီကို ဖြိုချ ဖျက်ဆီးလိုက်ခြင်း ဖြစ်သည်။

အစ္စလာမ် ဘာသာဝင် (၄) ဦးနှင့် ခရိုင်မှူး ဦးအောင်မြင့်စိုးတို့ နိုဝင်ဘာလ (၁၉) ရက်နေ့ တွေ့ဆုံ ခဲ့သော်လည်း မ.ဘ.သ ဘုန်းကြီးများက နိုဝင်ဘာလ (၁၄) ရက်နေ့ ကတည်းက ၎င်းတို့၏ လူမှု ကွန်ယက်တွင် နိုဝင်ဘာလ (၂၀) ရက်နေ့တွင် ကန်ကြီး ဗလီကို ဖြိုချမည် ဖြစ်ကြောင်း ရေးသား ထားသည်ကို ကြည့်ခြင်းအားဖြင့် အာဏာပိုင်များနှင့် ကြိုတင် ပူးပေါင်း၍ ညှိနှိုင်းထားသည်မှာ ပေါ်လွင် နေပါသည်။

ရှေးဟောင်း ကန်ကြီး ဗလီကို နိုဝင်ဘာလ (၂၀) ရက်နေ့ နံနက် ၈ နာရီကျော်မှ ည (၉) နာရီ ကျော်အချိန်တွင်း လူအင်အားဖြင့် ဖြိုချ ဖျက်ဆီးခဲ့ပြီး၊ ရဲများက လုံခြုံရေး တာဝန်ယူ ထားပေးခဲ့ပြီး မည်သူ တစ်ဦး တစ်ယောက်ကိုမှ ဖြတ်သန်း သွားလာခွင့် မပေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ရှေးဟောင်း ဗလီကို လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ ကျော်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး၊ ခိုင်မာသည့် ဂရန်နှင့် အထောက်အထား များရှိသော်လည်း အာဏာပိုင်များနှင့် မ.ဘ.သ ဘုန်းကြီးများက အာဏာနှင့် ဘုန်းကြီး အရှိန်အ၀ါကို အသုံးချ၍ မတရား သဖြင့် အနိုင်ကျင့် ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။ မ.ဘ.သ ဥက္ကဌ ဆရာတော်က ကန်ကြီး ဗလီ နေရာတွင် သာသနာ့ ဗိမာန် တည်ဆောက်မည်ဟု လူမှုကွန်ယက်တွင် ရေးသား ထားသည်။






RB News
22.11.2014

နယူးယောက် ။ ။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ လူ့အခွင့် အရေး ကော်မီတီက ရိုဟင်ဂျာ များကို နိုင်ငံသား အခွင့်အရေး အပြည့်အ၀နှင့် တန်းတူ ရည်တူ အခွင့်အရေးများ ပေးအပ်ရန် ဆုံးဖြတ်ချက် တစ်ရပ်ကို သောကြာနေ့က ချမှတ်လိုက်ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၂၁) ရက်နေ့က ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ လူ့အခွင့် အရေး ကော်မီတီက မြန်မာနိုင်ငံတွင် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်ခံနေရသည့် ရိုဟင်ဂျာ မွတ်စလင်များကို နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးရန်၊ တန်းတူ ရည်တူ အခွင့်အရေးများ ပေးအပ်ရန် ဆုံးဖြတ်ချက် တစ်ရပ် ချမှတ်လိုက်သည်။

ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးထင်ကျော်က ရိုဟင်ဂျာ ဆိုသည့် အမည်နာမကို သုံးစွဲ ထားသည့် အတွက် ဟုဆိုကာ ကန့်ကွက် ခဲ့သော်လည်း လူ့အခွင့်အရေး ကော်မီတီက အများသဘော ဆန္ဒနှင့် အညီ ဆုံးဖြတ် ခဲ့ခြင်း ဖြစ်သည်။ ယခု ဆုံးဖြတ်ချက်ကို ဥရောပ သမဂ္ဂက မူကြမ်း ရေးသွင်းခဲ့ခြင်း ဖြစ်ပြီး၊ လိုက်နာဆောင်ရွက် ရမည် ဆိုသည့် မူဝါဒနဲ့ ရေးသား ထားသည့် အတွက် မြန်မာအစိုးရကို ဖိအား ပေးလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံတကာ သတင်းဌာနများ ရေးသား ဖော်ပြထားပါသည်။ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ ကော်မီတီ တစ်ရပ်က ဆုံးဖြတ်လိုက်သည့် ယခု ဆုံးဖြတ်ချက်သည် မြန်မာ အစိုးရ ဘက်တွင် ရပ်တည် နေခြင်း မရှိသည်ကို သိသာစေရန် အတွက် အမြန်ဆုံး ပေးပို့ သွားမည်ဟု အဆိုပါ သတင်းများတွင် ဖော်ပြထား ပါသည်။

လွန်ခဲ့သည့် ရက်ပိုင်းတွင် အမေရိကန် သမ္မတ အိုဘားမားနှင့် ကုလသမဂ္ဂ အထွေထွေ အတွင်း ရေးမှူးချုပ် ဘန်ကီမွန်းတို့ မြန်မာနိုင်ငံကို အာဆီယံ အစည်းအဝေး တက်ရောက်ရန် ရောက်ရှိစဉ် ကလည်း ရိုဟင်ဂျာ များကို နိုင်ငံသား အခွင့် အရေး အပြည့်အ၀ ပေးရန် ပြောဆို သွားခဲ့သည်။

ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်ကို သမ္မတ ဦးသိန်းစိန်၏ ပြောဆိုဆိုခွင့် ရှိသူ ဦးရဲထွဋ်က ပယ်ချ လိုက်သော်လည်း၊ လူ့အခွင့် အရေး ကော်မီတီ၏ ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပြီ ဖြစ်သဖြင့် လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက လုံခြုံရေး ကောင်စီသို့ အဆိုတင်သွင်း ခံရလျှင် မြန်မာ နိုင်ငံ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ကြီးမားသော အဟန့်အတား ဖြစ်လာမည်ဟု ရိုဟင်ဂျာ အရေး လှုပ်ရှားသူ များက သုံးသပ် နေကြသည်။



နေ့စွဲ- ၂၀၁၄ ခု နိုဝင်ဘာ ၂၁ ရက်

ရမည်းသင်း ကန်ကြီး ဗလီအား ပြန်လည် တည်ဆောက်ပေးရန် တောင်းဆိုခြင်း

ရမည်းသင်းမြို့ ကန်ကြီး ဗလီ (အစ္စလာမ်သာသနာဝင်တို့၏ ၀တ်ကျောင်းတော်)အား ၂၀၁၄ နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဖျက်ဆီးလိုက်ကြောင်း သိရသည်။

အဆိုပါ ဗလီဝတ်ကျောင်းတော်အား ကျွန်ုပ်တို့ Civil Rights Movement မှ လေ့လာကြည့်သော အခါ-

(၁) အဆိုပါ ဗလီဝတ်ကျောင်းတော်သည် လွန်ခဲ့သော နှစ်ပေါင်း ၃၅၀ ခန့်မှပင် တည်ရှိခဲ့သော မူလဗလီ ၀တ်ကျောင်းတော်အား ထပ်ဆင့်မွန်းမံထားသည့် သမိုင်းဝင် ဗလီဝတ်ကျောင်းတော် တစ်ခု ဖြစ်ခြင်း-

(၂) အဆိုပါ ဗလီဝတ်ကျောင်းတော်သည် ဂရံမဲ့ ကျူးကျော်တည်ဆောက်ထားခြင်း မဟုတ်ဘဲ ရှေးအစိုးရ အဆက်ဆက် လက်ထက်မှ မြေဂရံ အထောက်အထား အခိုင်အမာဖြင့် ရှိနေခဲ့ခြင်း-

(၃) အဆိုပါ ဗလီဝတ် ကျောင်းတော်၏ အနီးတွင် ဗုဒ္ဓဘာသာ သာသနာပိုင်မြေဟူ၍ စေတီ တည်ဆောက်ခြင်းမှာ အဆိုပါ ဗလီ ၀တ်ကျောင်းတော်ထက် နှစ်ပေါင်း ၃၀၀ နီးပါး နောက်ကျပြီး ဖြစ်လာ ခြင်း တို့ကို ခိုင်ခိုင်မာမာ တွေ့ရှိရသည်။

သို့ဖြစ်၍ အဆိုပါ ဗလီ ၀တ်ကျောင်းတော် (ကန်ကြီးဗလီ)အား ဖျက်ဆီးခြင်းသည် အာဏာပိုင်များ ကိုယ်တိုင် ပါဝင်ပတ်သက်ပြီး - လူနည်းစု ဘာသာတရား တစ်ခုအား ဖိနှိပ် အနိုင်ကျင့်ခြင်းသာ ဖြစ်သည်။

ကျွန်ုပ်တို့ Civil Rights Movement မှ သက်ဆိုင်ရာ မြန်မာနိုင်ငံ အစိုးရအား

(၁) အဆိုပါ ဗလီ ၀တ်ကျောင်းတော်အား ဖျက်ဆီးရန် ပါဝင်သူ၊ နောက်ကွယ်မှ ပံ့ပိုးသူတို့အား ပွင့်လင်း မြင်သာစွာ အရေးယူပေးရန်-

(၂) အဆိုပါ ဗလီ ၀တ်ကျောင်းတော်အား မူလ လက်ရာအတိုင်း သီတင်းပတ် ၇ ပတ် အတွင်း ပြန်လည် တည်ဆောက်ပေးရန်- တောင်းဆိုပါသည်။



ဌေးလွင်ဦး
ဦးဆောင်လှုပ်ရှားမှု တာဝန်ခံ
တန်းတူညီမျှ အခွင့်အရေး လှုပ်ရှားဆောင်ရွက်မှု (Civil Rights Movement)



Rohingya Eye
RB News
20.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဟောင်း ဦးတင်မောင်သည် ကျေးရွာတွင်းမှ မလေးရှား နိုင်ငံသို့ ထွက်ခွာ သွားသူများ၏ မိဘ အချို့ကို ခြိမ်းခြောက်၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်ကို ရာထူးမှ တရားဝင် ရပ်စဲပြီး၊ ၎င်း၏ ယောက်ဖ တော်စပ် ဦးမောင်မြကို မြို့နယ် အာဏာပိုင် များက ကျေးရွာ အုပ်ချုပ်ရေးမှူး ခန့်ထားသော်လည်း ဦးမောင်မြသည် ရုပ်သေးရုပ် တစ်ရုပ်မျှသာ ဖြစ်နေပြီး၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထိုင်ခုံတွင် ယခု အချိန်ထိ ဦးတင်မောင် ထိုင်၍ ရွာကို အုပ်ချုပ်လျက် ရှိသည်။ ဦးတင်မောင်သည် ဒေသခံများကို ရိုက်နှက် ညှဉ်းပန်း နှိပ်စက် ခြိမ်းခြောက်၍ ငွေကျပ် သိန်းရာချီ၍ ညှစ်ယူခဲ့သူ ဖြစ်ပြီး၊ ယခုလည်း ရာထူးမှ ပြုတ်သွားသော်လည်း မြို့နယ် အာဏာပိုင်များက ဝေစု ရနေသဖြင့် ၎င်း၏ တရားမ၀င် ဥပဒေမဲ့ လုပ်ရပ် များကို လက်ပိုက် ကြည့်နေသည်ကို တွေ့ရှိရသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရာထူးပြုတ် ဦးတင်မောင်သည် လွန်ခဲ့သည့် အပတ် အတွင်း မလေးရှား နိုင်ငံသို့ ထွက်ခွာသွားသူ များ၏ မိဘ အချို့ကို အုပ်ချုပ်ရေးမှူး ရုံးသို့ ဆင့်ခေါ်၍ နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်ကာ မိဘ (၄) ဦးထံမှ ငွေကျပ် ၄ သိန်း ၆ သောင်း ညှစ်ယူ ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ငွေညှစ်ခံရသည့် မိဘများမှာ ငါးခြောက် လုပ်ငန်းဖြင့် အသက်မွေး ၀မ်းကျောင်း ပြုနေသူများ ဖြစ်ပြီး၊ အလွန် ဆင်းရဲသည့် မိသားစုများ ဖြစ်ကြသည်။ အုပ်ချုပ်ရေးမှူး ရာထူးပြုတ် ဦးတင်မောင်၏ ခြိမ်းခြောက်မှုကြောင့် ၎င်းတို့ ပိုင်ဆိုင်သည့် နွားများကို ရသည့်ဈေးဖြင့် ရောင်းချ၍ ဦးတင်မောင် ညှစ်သည့် ငွေကို ပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။

ငွေညှစ်ခံရသည့် မိဘ (၄) ဦးမှာ --

(၁) ဦးအာတာလ်ဟူဆောင်း (ဘ) ဦးဖော်ဇော်လ်အာမတ် (အသက် ၄၅ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၂) ဦးအဒူရှကူရ် (ဘ) ဦးမော်န်ဇူရာမန် (အသက် ၅၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း တစ်သောင်း
(၃) ဒေါ်ရော်ဟီမာခါတူ (အသက် ၄၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း
(၄) ဦးမာမတ်ဟာရှီးမ် (အသက် ၇၀ နှစ်) -- ညှစ်ခံရသည့် ငွေကျပ် တစ်သိန်း ငါးသောင်း -- တို့ဖြစ်ပါသည်။



RB News
20.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ငါးမွေးမြူရေး ဦးစီးဌာနမှ မြို့နယ် တာဝန်ခံ ဦးဆန်းဒင်နှင့် အဖွဲ့သည် ဘူးသီးတောင်မြို့နယ်ရှိ ငါးဖမ်း သမားများ ထံမှ အတင်း အဓမ္မ ငွေကောက်ခံ လျက်ရှိကြောင်း သတင်း ရရှိပါသည်။

ဘူးသီးတောင် မြို့နယ် ငါးမွေးမြူရေး ဦးစီးဌာန မြို့နယ် တာဝန်ခံ ဦးဆန်းဒင် ဦးစီးပြီး၊ ဦးအောင်တင်ရွှေနှင့် အတူ ဆင်းရဲသည့် ဒေသခံ ငါးဖမ်း သမားများ ထံမှ အတင်း အဓမ္မ ငွေကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ဘူးသီးတောင် မြို့နယ်တွင် ငါးဖမ်းသည့် ပိုက်မျိုးစုံ (၁၀၀၀) ခန့် ရှိပြီး၊ ဦးဆန်းဒင်နှင့် အဖွဲ့က ရွာများသို့ ကွင်းဆင်း၍ ကျားပိုက် တစ်ခုလျှင် ငွေကျပ် ၃၀၀၀၀/-၊ မြွှေပိုက် တစ်ခုလျှင် ငွေကျပ် ၂၀၀၀၀/-၊ ကျွမ်းပိုက် တစ်ခုလျှင် ငွေကျပ် ၁၅၀၀၀/-၊ ဒုံးပိုက် တစ်ခုလျှင် ငွေကျပ် ၁၅၀၀၀/-၊ မြောက်ပိုက် တစ်ခုလျှင် ငွေကျပ် ၁၀၀၀၀/-၊ ရွေးပိုက် တစ်ခုလျှင် ငွေကျပ် ၃၀၀၀၀/- နှုန်းစီ နှင့် ငါးရောင်းဝယ်သူ များထံမှ ငွေကျပ် ၁၀၀၀၀/- စီ အတင်း အဓမ္မ ကောက်ခံ လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။

ငွေများကို အတင်း အဓမ္မ ကောက်ခံလျက် ရှိပြီး၊ ငွေရ ပြေစာ မပေးသည့် အတွက် နိုင်ငံတော် အတွက် အခွန်အခ အဖြစ် ကောက်ယူ နေခြင်းမျိုး မဟုတ်ဘဲ၊ ရရှိထားသည့် ရာထူးကို အသုံးချ၍ မိမိ၏ ကိုယ်ကျိုး အတွက် ဆင်းရဲသည့် ပြည်သူ များကို ဒုက္ခ ပေး၍ ငွေကောက်ခံ နေခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။
ငါးဖမ်း သမား အများစုမှာ ဆင်းရဲသူများ ဖြစ်ကြသဖြင့် ယခုကဲ့သို့ မတရား သဖြင့် ငွေကောက်ခံမှုကြောင့် ငွေကြေး မလုံလောက်မှု ပြဿနာနှင့် ရင်ဆိုင် နေရသည်ဟု ပြောပါသည်။




RB News
20.11.2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ဖောင်တောပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များသည် မောင်ကြီးတောင် ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၉) ရက်နေ့ ည ၈း၃၀ နာရီ အချိန်တွင် ဘူးသီးတောင် မြို့နယ် ဖောင်တောပြင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် မောင်ကြီးတောင် ကျေးရွာ အုပ်စု၊ အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ ဆိုင်များနှင့် လမ်းပေါ်တွင် တွေ့ရှိသည့် ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ ထို့နောက် ဖမ်းဆီးခံရသူ များကို ငွေမပေးပါက အမှုဆင်၍ ထောင်ချမည်ဟု ခြိမ်းခြောက်၍ (၁၀) ဦးထံမှ ငွေကျပ် (၅) သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အကြောင်းမဲ့ ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ များမှာ --

(၁) ဦးဆောရ်အလီ (ဘ) ဦးရှာအာလမ်
(၂) ဦးအာဘုလ်ဟူဆောင်း (ဘ) ဦးဆုလ်တာန်
(၃) ဦးမာဘူရာမန် (ဘ) ဦးအဘူဆွေယာဒ်
(၄) ဦးမာမတ်တာဟဲရ် (ဘ) ဦးအဒူရော်ဟိမ်း
(၅) ဦးဟူမာရူန် (ဘ) ဦးအဘူအာမတ်
(၆) ဦးမာမတ်နော်ဆိမ်း (ဘ) ဦးဆွေတာမတ်
(၇) ဦးဆော်ဒူလာမီးန် (ဘ) ဦးနူရ်အာမီးန်
(၈) ဦးမာမတ်အနိုဝါရ် (ဘ) ဦးဆွေတူဆောင်း
(၉) တံတားတွင် အလုပ်လုပ်နေသော အလုပ်သမား (၂) ဦး -- တို့ဖြစ်ပါသည်။




MYARF
RB News
November 20, 2014

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် သိမ်တောင်ပြင် ကျေးရွာ တာဝန်ခံကို ညောင်ချောင်း ကျေးရွာတွင် ယာယီ လုံခြုံရေး တာဝန်ယူ ထားသည့် စစ်သားများက အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက် ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၀) ရက်နေ့က ဘူးသီးတောင်မြို့နယ် ညောင်ချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ယာယီ လုံခြုံရေး တာဝန်ယူ ထားသည့် စစ်သား (၃) ဦးသည် သိမ်တောင်ပြင် ကျေးရွာသို့ သွားရောက်၍ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ အိမ်ကို ၀င်ရောက် စီးနင်းခဲ့သည်။ စစ်သားများက အဆိုပါ အိမ်သို့ ၀င်ရောက် စီးနင်းပြီး အိမ်ရှင်ကို ဖမ်းဆီး၍ ငွေညှစ်ရန် ကြိုးစားခဲ့သော်လည်း အိမ်ရှင်က စစ်သားများ ၀င်လာသည်ကို မြင်၍ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

ထို့နောက် စစ်သားများသည် သိမ်တောင်ပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ သွား၍ ကျေးရွာ တာဝန်ခံ ဦးအဒူလ္လာ (ဘ) ဦးအူလာမျာ (အသက် ၃၅ နှစ်) ကို အပြင်သို့ ခေါ်ထုတ် လာခဲ့သည်။ ကျေးရွာ တာဝန်ခံ ဖြစ်သူက စစ်သားများကို “ဘာအကူအညီ ပေးရမလဲ ခင်ဗျား” ဟု မေးမြန်းရာ စစ်သားများက မည်သို့မျှ ဖြေကြားခြင်း မရှိဘဲ ကျေးရွာ တာဝန်ခံ၏ မျက်နှာကို လက်သီးများဖြင့် ဆင့်ထိုးခဲ့ကြသည်။ ထို့အပြင် စစ်သားများက ဦးအဒူလ္လာကို “မင်းကြောင့် ငါတို့ သူ့ကို မဖမ်းနိုင်ခဲ့တာ၊ မင်းသတင်း ပေးလိုက်လို့ သူလွှတ်သွားနိုင်တာ” ဟု စွပ်စွဲ ပြောဆိုရာ၊ ဦးအဒူလ္လာက မိမိ ဘာမှ မသိကြောင်း၊ တစ်ဦးဦးကို ဖမ်းဆီးရန် လာသည်ကိုလည်း မိမိ အနေဖြင့် တကယ် မသိကြောင်း၊ အကျိုး အကြောင်း ရှင်းပြ ပြောဆိုသော်လည်း စစ်သားများက မသိချင် ယောင်ဆောင်သည်ဟု စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ ကျေးရွာ တာဝန်ခံ ဦးအဒူလ္လာသည် ယခု အချိန်ထိ ဆေးကုသမှု ခံယူလျက် ရှိပြီး၊ စစ်သားများ လူမဆန်စွာ ရိုက်နှက်ခြင်းကြောင့် အတွင်း ဒဏ်ရာများ ရရှိခဲ့ပြီး၊ ယခု အချိန်ထိ သက်သာ လာခြင်း မရှိသေးကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။



MYARF
RB News
19.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ လက်အောက်ခံ ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်း အမှတ် (၁၂) တာဝန်ခံ၊ တပ်ရင်း ၅၅၁ မှ ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် ဒေသခံ ရိုဟင်ဂျာ လူမျိုးများ အပေါ် လူသား မျိုးနွယ်စု အပေါ် ရာဇ၀တ်မှု ကျူးလွန်ရာ ရောက်သည့် အထိ သတ်ဖြတ် ရမ်းကားမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် နိုဝင်ဘာလ (၇) ရက်နေ့တွင် မောင်တောမြို့နယ် ရွက်ညိုတောင် ကျေးရွာမှ ဦးရှောမ်ရှု (ဘ) ဦးဆယာဒ်အာလမ် (အသက် ၆၀ နှစ်) ကို အကြောင်းမဲ့ ဖမ်းဆီးပြီး သတ်ဖြတ်ခဲ့သည့် အပြင် ၎င်းသည် အခြား ဒေသခံ ရိုဟင်ဂျာ (၂) ဦးကိုလည်း သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးရှောမ်ရှုသည် အပြစ်မဲ့ တစ်ဦး ဖြစ်ပြီး ရွက်ညိုတောင် ကျေးရွာရှိ ယခင် န.စ.က စခန်းနှင့် ယခု နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ထမင်းချက် ပေးနေသည်မှာ (၁၅) နှစ်တိုင် ရှိနေပြီ ဖြစ်ကြောင်း သိရှိရပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်သည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ (၃) ဦးကို သတ်ဖြတ်ပြီးနောက် “ငါက လူတစ်ယောက်ကို ဖမ်းတယ်ဆိုရင် အဲဒီလူက အများဆုံး တစ်ပတ်လောက်သာ အသက်ရှင်နိုင်မှာ၊ သုံးယောက် သတ်လိုက်လို့ အခု ငါ့လစာလည်း ၅ သောင်း တက်လာတယ်၊ နောက်ထပ်လည်း ငါ့မှာ အယောက်တစ်ရာ တိတိ သတ်ဖို့ ရှိတယ်” ဟု ပြောဆိုပြီး ဒေသခံ ရိုဟင်ဂျာများကို ပေါ်ပေါ်တင်တင် ခြိမ်းခြောက် လျက်ရှိကြောင်း ဒေသခံများက ပြောပါသည်။

၎င်းသည် အရက်သေစာများ သောက်စား၍ စခန်း၏ အနီးအနားရှိ ရွာများသို့ သွားရောက်၍ ရမ်းကား လေ့ရှိပြီး၊ နိုဝင်ဘာလ (၁၇) ရက်နေ့ ညနေ (၅) နာရီ အချိန်တွင် ၎င်း၏ စခန်းမှ စစ်သား (၆) ဦးတို့သည် ကျားခေါင်းတောင် ကျေးရွာ လမ်းမ အနီးရှိ ဆိုင်တစ်ဆိုင်တွင် ထိုင်၍ လမ်းသွား လမ်းလာ ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင် ရေခဲချောင်း ခွဆုံရွာမှ လူငယ် တစ်ဦး ဖြစ်သည့် နူရ်မာမတ် (ဘ) ဦးနူရူအစ္စလာမ် (အသက် ၁၉ နှစ်) သည် ဆိုင်ကယ်မောင်း၍ အိမ်ပြန်နေချိန် စစ်သားများက ရပ်ခိုင်းပြီး ဆိုင်ကယ် ပေါ်မှ ဆွဲချ၍ လူကြီးများကို လေးစားမှု မရှိ၊ ရိုသေမှု မရှိဟု ပြောဆို၍ လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ ၎င်းလူငယ်သည် စစ်သားများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ဆိုင်ကယ် မောင်း၍ အိမ်မပြန်နိုင် တော့သဖြင့် ကျားခေါင်းတောင် ကျေးရွာသား တစ်ဦး၏ အကူအညီဖြင့် အိမ်ပြန်ခဲ့ရသည်။ စစ်သားများ၏ ရိုက်နှက်မှုကြောင့် ရရှိသည့် ဒဏ်ရာများကို ယခုအချိန်ထိ ဆေးကုသ နေရကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

ထို့အပြင် စစ်သားများသည် ၎င်းတို့နှင့် အတူ ယူဆောင် လာသော ခွေး (၃) ကောင်ဖြင့် ရေခဲချောင်း ခွဆုံ ရွာသို့ သွားနေစဉ် ခွေးများက လမ်းဘေးတွင် အစာစားနေသည့် ဒေသခံ ရိုဟင်ဂျာ တစ်ဦးပိုင် ဆိတ် (၂) ကောင်ကို ကိုက်လိုက် သောကြောင့် ဒဏ်ရာ ရရှိခဲ့သော်လည်း ဆိတ်များကို ပိုင်ရှင်ထံသို့ အပ်နှံခြင်း မရှိဘဲ၊ ရေခဲချောင်း ခွဆုံရွာရှိ အုပ်ချုပ်ရေးမှူး အိမ်သို့ ယူသွားပြီး ချက်ပြုတ် စားသောက် လိုက်ကြောင်း မျက်မြင်သက်သေ တစ်ဦး၏ ပြောပြချက် အရ သိရှိရပါသည်။

ဗိုလ်မှူး ထွန်းလှိုင်ဇော်၏ လုပ်ရပ်များမှာ လူသားမျိုးနွယ်စု အပေါ် ရာဇ၀တ်မှု ကျူးလွန်သည့် အထိ ဖြစ်နေပြီဟု ဒေသခံများက ပြောဆိုလျက် ရှိကြသည်။ ညပိုင်းတွင် ကျေးရွာများထဲသို့ ၀င်ရောက်၍ အကြမ်းဖက်ခြင်းကြောင့် အမျိုးသား အများစုမှာ မိမိတို့၏ နေအိမ်တွင်ပင် မအိပ်ဝံ့ဘဲ တိမ်းရှောင် နေရသည်ဟု ဒေသခံများက ဆိုသည်။

ဒေသခံများက လူသတ်မှုများကို ကျူးလွန်နေသည့် ဗိုလ်မှူး ထွန်းလှိုင်ဇော်ကို အထက် အာဏာပိုင်များမှ စီစစ်၍ အရေးယူ ပေးရန် အထူးလိုလားကြောင်း RB News သို့ပြောပါသည်။



MYARF
RB News
19.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှ မလေးရှားနိုင်ငံသို့ အာဏာပိုင်များနှင့် ပူးပေါင်း၍ လူမှောင်ခိုမှုတွင် ပါဝင်နေသူ နှစ်ဦးကို အရေးယူပေးရန် မောင်တောမြို့နယ်မှ ဒေသခံ ရိုဟင်ဂျာများက တောင်းဆို လိုက်ပါသည်။

နိုဝင်ဘာလ (၁၇) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မလေးရှားနိုင်ငံသို့ ထွက်ခွာတော့မည့် လူကုန်ကူးသည့် စက်လှေ တစ်စီးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးခဲ့သည်။ စက်လှေပေါ်တွင် လိုက်ပါနေသူ အများစုမှာ ရိုဟင်ဂျာ လူမျိုးများ ဖြစ်ပြီး အမျိုးသမီး (၂၀) ဦး နှင့် ကလေးငယ် (၁၈) ဦး အပါအ၀င် စုစုပေါင်း (၅၉၅) ဦး ပါဝင်ကြောင်း သိရှိရပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ်းခြေစောင့်တပ်က ဖမ်းဆီးလိုက်သည့် စက်လှေသည် ထိုင်းနိုင်ငံမှ ငါးဖမ်း စက်လှေကြီး ဖြစ်ပြီး၊ အဆိုပါ စက်လှေကို မောင်တောမြို့နယ် အာဏာပိုင် များနှင့် ရိုဟင်ဂျာ လူကုန်ကူးသူ နှစ်ဦးတို့ ပူးပေါင်း၍ ငှားရမ်းလာခြင်း ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ ထိုင်းနိုင်ငံမှ ငှားရမ်းလာသည့် စက်လှေကြီးကို ပင်လယ်ပြင်တွင် ရပ်ထားပြီး၊ မောင်တောမြို့နယ်ရှိ ကမ်းစပ်မှ စက်လှေငယ်များဖြင့် လူများကို တင်ဆောင်ပြီး စက်လှေကြီးသို့ ပို့ဆောင်ကြောင်း ဒေသခံများက ပြောပါသည်။ စက်လှေကြီး၏ အနီးတွင် မြန်မာ ရေတပ်မှ သင်္ဘော တစ်စီး ရပ်၍ လုံခြုံရေး ပေးထားပြီး၊ စက်လှေကြီး အတွက် လိုအပ်သည့် ဆီများကို မြန်မာ ရေတပ်မှ ၀ယ်ယူကြောင်း လွန်ခဲ့သည့်လက မလေးရှား နိုင်ငံသို့ ရောက်ရှိ သွားသူ တစ်ဦးက RB News သို့ပြောပါသည်။

ဘင်္ဂလားဒေ့ရှ် နိုင်ငံ၊ ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးလိုက်သည့် စက်လှေကြီးကို နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၆) နာရီ အချိန်တွင် ကော့ဇ်ဘဇား ပြည်နယ်သို့ ယူဆောင် သွားကြောင်း စုံစမ်း သိရှိရပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က စတင်ခဲ့သည့် ဒေသခံ ရိုဟင်ဂျာများကို လူကုန်ကူးမှုတွင် မြန်မာ အစိုးရ အာဏာပိုင်များ ကိုယ်တိုင် ပါဝင်နေပြီး၊ ဒေသခံ ရိုဟင်ဂျာ အချို့ကို ၎င်းတို့၏ ပွဲစားများ အဖြစ် ထားရှိ၍ ဝေစုခွဲပေးကြောင်း ဒေသခံများက ပြောပါသည်။

အစိုးရ အာဏာပိုင်များနှင့် အတူ လူကုန်ကူးမှုတွင် တက်ကြွစွာ ပါဝင်လှုပ်ရှား နေသည့် မောင်တောမြို့နယ် ပန်းတောပြင် အရှေ့ရွာမှ ဦးနူနူ နှင့် ဘဂုံးနားရွာ ဦးအနိုဝါရ် ဟူဆောင်း တို့သည် ဒေသခံများကို မလေးရှား နိုင်ငံ သွားရန် လိုက်လံ စည်းရုံးပြီး၊ ၎င်းတို့၏ အိမ်များတွင် စက်လှေ ရောက်ရှိလာသည့် အချိန်ထိ နေရာထိုင်ခင်းပါ စီစဉ် ပေးနေသူများ ဖြစ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ လွန်ခဲ့သည့် လအတွင်း ၎င်းတို့နှစ်ဦးနှင့် အာဏာပိုင်များ စီစဉ်ခဲ့သော စက်လှေ တစ်စီးမှာ ပျောက်ဆုံးလျက် ရှိကြောင်း စက်လှေပေါ် လိုက်ပါသွားသူ အချို့၏ မိသားစုဝင် များက ပြောပါသည်။ အခြား စက်လှေ တစ်စီး ပေါ်မှ လူအနည်းဆုံး ၈၀ အသတ်ခံရသည်ဟု သတင်းများလည်း ထွက်ပေါ်လျက် ရှိသည်။

ယခု ရက်ပိုင်းတွင် မြန်မာ အစိုးရဘက်မှ မြန်မာ့ ကမ်းရိုးတန်း တလျှောက်တွင် ရေတပ် သင်္ဘောများဖြင့် လုံခြုံရေး တိုးမြှင့် ထားသော်လည်း အဆိုပါ ရေတပ် လုံခြုံရေး များက လူကုန်ကူး နေသည့် စက်လှေများကို ဖမ်းဆီးခြင်း မရှိသည်ကို လေ့လာ တွေ့ရှိ ရပါသည်။

မောင်တောမြို့နယ်ရှိ ဒေသခံ ရိုဟင်ဂျာများက ၎င်းတို့ အနေဖြင့် အဆင့်မြင့် အာဏာပိုင်များထံ လူကုန်ကူးမှုကို မြို့နယ် အာဏာပိုင်များ ကိုယ်တိုင် ငွေယူ၍ ကြီးကြပ် နေခြင်းကို အရေးယူ ပေးရန် အကြိမ်ကြိမ် တိုင်ကြား ခဲ့သော်လည်း အရေးယူ ဟန့်တားခြင်း မရှိကြောင်း၊ မြို့နယ် အာဏာပိုင်များကို အရေး မယူလျှင်လည်း လူကုန်ကူးမှုတွင် တက်ကြွစွာ ပါဝင်လျက် ရှိသော ပန်းတောပြင် အရှေ့ရွာ ဦးနူနူနှင့် ဘဂုံးနားရွာမှ ဦးအနိုဝါရ်ဟူဆောင်း တို့ကို ထိရောက်စွာ အရေးယူ ပေးရန် တောင်းဆိုကြောင်း RB News သို့ပြောပါသည်။




Rohingya Eye
RB News
18.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ ကမ်းခြေတွင် စပါးများ ရိတ်သိမ်း၍ ပုံထားသူ (၃၅) ဦးထံမှ စစ်တပ်က ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ ကမ်းခြေတွင် စပါးရိတ်သိမ်း၍ ပုံထားသူ (၃၅) ဦးထံမှ ဗျူဟာမှူး ကျေးရွာ အခြေစိုက် စစ်တပ် စခန်းက ငွေကျပ် ၅၀၀၀/- စီညှစ်ယူ ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ အဆိုပါ စစ်တပ် စခန်း တာဝန်ခံက “မင်းတို့ ဘင်္ဂလီတွေ ဖြစ်တဲ့ အတွက် ဒီမှာ ဘာလုပ်လုပ် ငါတို့ကို ပေးမှ လုပ်လို့ ရမယ်” ဟု ဥပဒေမဲ့ စကားများ ပြောဆို ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ငွေညှစ်ခံရသူများက စစ်တပ်၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အခြားသော အာဏာပိုင် များတွင် အာဏာနှင့် လက်နက် ရှိသောကြောင့် ကြောက်ရွံရ၍သာ ပေးခဲ့ရသော်လည်း ယခုကဲ့သို့ မတရား သဖြင့် ငွေညှစ်ခြင်းကို လုံးဝ မကျေနပ်ကြောင်း၊ သို့သော်လည်း နိုင်ငံတော်၏ ဥပဒေက လူမျိုးကို ခွဲခြား၍ အကာအကွယ် ပေးနေသောကြောင့် မိမိတို့အနေဖြင့် အာဏာပိုင်များ အနိုင်ကျင့် သမျှ သည်းခံနေရသည်ဟု ဆိုသည်။ ငွေကျပ် ၅၀၀၀/- စီကို မော်န်ဇူရ် (ဘ) ဦးအုမော်သ်အလီ (အသက် ၂၈ နှစ်) ကို ကောက်ခံခိုင်း ခဲ့ကြောင်း သိရှိရပါသည်။

ငွေညှစ်ခံရသူ အချို့မှာ --

(၁) ဦးအဒူဂေါ်ဖော်ရ် (ဘ) ဦးအဒူကာဒဲရ် (အသက် ၅၀ နှစ်)
(၂) ဦးအဒူကူဒူစ် (ဘ) ဦးအဒူမိုတာလာဖ် (အသက် ၆၅ နှစ်)
(၃) ဦးရှာကဲရ် (ဘ) ဦးအူလ္လာမျာ (အသက် ၅၅ နှစ်)
(၄) ဦးမာမတ်အီဆာခ် (ဘ) ဦးအာသာအူရာမန် (အသက် ၅၅ နှစ်)
(၅) ဦးဆုလ်တာန် (ဘ) ဦးအာသာအူရာမန် (အသက် ၇၅ နှစ်)
(၆) မော်လ၀ီဟာဒိရ်ဟာဆောင်း (ဘ) ဦးအဒူဆော်ဖူရ် (အသက် ၆၅ နှစ်)
(၇) ဦးရှော်ဖီအုလ္လာ (ဘ) ဦးအေရှာသ်အုလ္လာ (အသက် ၅၀ နှစ်) -- တို့အပါဝင် (၃၅) ဦး ဖြစ်ပါသည်။



Rohingya Eye
RB News
18.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ရွာရှိ ဗလီတွင် ၀တ်ပြုနေသော ဒေသခံ ရိုဟင်ဂျာ (၁၀) ဦးကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၇) ရက်နေ့ နံနက် အာရုဏ်တက် အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ အုပ်စု အလယ်ရွာရှိ ဗလီတွင် ၀တ်ပြုနေသူ (၁၀) ဦးကို ခရေမြိုင် (န.တ.လ) ရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ ရဲများ ရောက်ရှိလာပြီး ဗလီကို ၀ိုင်း၍ ဖမ်းဆီးပြီး ခရေမြိုင်ရွာရှိ စခန်းတွင် နှစ်နာရီကြာ ချုပ်နှောင် ထားပြီး (၉) ဦးထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ဖမ်းဆီးခံရသူ (၁၀) ဦးမှ (၉) ဦးမှာ ဒုချီးရားတန်း အလယ်ရွာမှ ဖြစ်ပြီး ကျန်သည့် တစ်ဦးမှာ ဥဒေါင်းရွာမှ ကိုယာစီးန် (ဘ) ဦးဖော်ဇော်လ် ဖြစ်ကြောင်း သိရှိရပါသည်။ ဒုချီးရားတန်း အလယ်ရွာမှ (၉) ဦးထံမှ ငွေကျပ် တစ်သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သော်လည်း ဥဒေါင်း ရွာသား ကိုယာစီးန်ကို မကြီးချောင်းရှိ ကင်းစခန်းသို့ ပို့ဆောင်၍ ချုပ်နှောင် ထားခဲ့ပြီး၊ နိုဝင်ဘာလ (၁၈) ရက်နေ့ ညနေ (၄) နာရီ အချိန်တွင် ငွေကျပ် ၅ သောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ ကိုယာစီးန်သည် ဒုချီးရားတန်းတွင် စပါးရိတ်ရန် ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

ဒုချီးရားတန်းသို့ ရဲများ ၀င်ရောက်ပြီး အထိတ်တလန့် ဖြစ်အောင် လုပ်သဖြင့် ဒေသခံများက ယခင်ကဲ့သို့ ပြဿနာများ ဖန်တီးမည်ကို စိုးရိမ်လျက် ရှိကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

အလားတူ အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဘဂုံးနား ကျေးရွာရှိ ဈေးသို့ သွားရောက်၍ ဈေးဝယ် လာသူများကို အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားရာ ဒေသခံ ရိုဟင်ဂျာ များက ညှဉ်းပန်း နှိပ်စက်ခံရပြီး ငွေညှစ်ခံရမည်ကို စိုးရိမ်၍ ထွက်ပြေး သောကြောင့် မည်သူ တစ်ဦး တစ်ယောက်ကိုမှ မဖမ်းဆီး နိုင်ခဲ့သော်လည်း ဦးအနူဝါရ်ဟူဆောင်း ပိုင်ဆိုင်သည့် ကားတစ်စီးကို ယူဆောင် သွားကြောင်း ဒေသခံများက ပြောပါသည်။



MYARF
RB News
18.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နူရူလ္လာ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့က အပြစ်မဲ့ ဒေသခံ တစ်ဦးကို ဖမ်းဆီး၍ လူကုန်ကူး နေသည်ဟု စွပ်စွဲပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၃) ရက်နေ့ မောင်တောမြို့နယ် နူရူလ္လာ ကျေးရွာရှိ တံတား အနီးမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းကို ဖြတ်ကျော် သွားသော ဒေသခံ ရိုဟင်ဂျာ ဦးအနူဝါရ် ကို နယ်ခြားစောင့် ရဲတပ်ဖွဲ့က အကြောင်းမဲ့ ဖမ်းဆီးခဲ့သည်။ အဖမ်းခံရသူ ဦးအနူဝါရ်သည် အဆိုပါ ကျေးရွာမှ ဒေသခံ တစ်ဦး ဖြစ်ပြီး၊ ၎င်းကို နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူကုန်ကူး နေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် ငါးသိန်း ပေးရန် ညှစ်ရန် ကြိုးစားခဲ့သည်။

မဟုတ်မမှန် လုပ်ကြံ စွပ်စွဲခံရသည့် ဦးအနူဝါရ်က ၎င်းသည် ကျဘမ်း အလုပ်သမား တစ်ဦး ဖြစ်ပြီး၊ လူကုန်ကူးသူ တစ်ဦး မဟုတ်ကြောင်း ပြောဆို၍ တောင်းပန် သော်လည်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက လူမဆန်စွာ ရိုက်နှက်၍ အတင်း အဓမ္မ ၀န်ခံခိုင်းခဲ့ရာ ညှဉ်းပန်း နှိပ်စက်မှု ဒဏ်ကို မခံနိုင်တော့၍ နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ပေး၍ လွတ်မြောက် လာခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

နူရူလ္လာ ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် နေ့စဉ် နေ့တိုင်း အပြစ်မဲ့ လမ်းသွား လမ်းလာများကို ရိုက်နှက်ခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်းကြောင်း ဒေသခံ ရိုဟင်ဂျာများ သွားလာရေးပင် ခက်ခဲလျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက်များ အရ သိရှိရပါသည်။



RB News
18.11.2014

ရန်ကုန် ။ ။ မြန်မာနိုင်ငံသို့ အမေရိကန် ပြည်ထောင်စု သမ္မတ ရောက်ရှိခဲ့စဉ်က လူမှုအဖွဲ့ အစည်းများနှင့် တွေ့ဆုံစဉ် ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာများ မဟုတ်သဖြင့် နိုင်ငံသား အဖြစ် လက်ခံရမည်ဟု ပြောကြား ခဲ့ကြောင်း သတင်း ရရှိပါသည်။

အမေရိကန် သမ္မတ၏ ခရီးစဉ် အတွင်း နိုဝင်ဘာလ (၁၄) ရက်နေ့ နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးတွင် လှုမှု အဖွဲ့အစည်းများမှ ကိုယ်စားလှယ် (၁၄) ဦးနှင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် ကိုယ်စားပြု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် တို့ကို သီးသန့် ခေါ်ယူ တွေ့ဆုံခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က လက်ရှိ ဒုက္ခသည် ၁၄၀၀၀၀ ကျော်တို့၏ အခြေအနေ၊ လူမျိုးနှင့် ဘာသာအပေါ် အခြေခံ၍ ရိုဟင်ဂျာနှင့် အခြားသော မွတ်စလင်များ လူ့အခွင့်အရေး ချိုးဖောက် ခံနေရမှုများ၊ နိုင်ငံသား ကဒ်ပြားပေါ်တွင် လူမျိုးနှင့် ဘာသာ ဖော်ပြထားခြင်းကြောင့် နိုင်ငံသား ကဒ်သည် လူမျိုးရေး၊ ဘာသာရေး ခွဲခြားနိုင်ရန် လိုင်စင် တစ်ခု ဖြစ်နေကြာင်း ရှင်းလင်း တင်ပြခဲ့သည်။

ဦးရွှေမောင်က ရိုဟင်ဂျာများသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ကြောင်း၊ ရခိုင်ဒေသ၏ တိုင်းရင်းသားများ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီးချိန်မှစ၍ နိုင်ငံသား အခွင့်အရေးများကို အပြည့်အ၀ ခံစားခဲ့ကြောင်း၊ သို့သော်လည်း ယခုအခါ တရားမ၀င် ၀င်ရောက်လာသူများဟု စွပ်စွဲခံနေရကြောင်း၊ ရိုဟင်ဂျာများသည် ၁၈၂၃ ခုနှစ် မတိုင်မှီကတည်းက မြန်မာနိုင်ငံတွင် နေထိုင်လာသည့် အတွက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေ အရလည်း မွေးရာပါ နိုင်ငံသား ရထိုက်သူများ ဖြစ်ကြောင်း သမ္မတ အိုဘားမားကို ရှင်းလင်း တင်ပြခဲ့သည်။

တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက်လာသူ တစ်ဦး၏ ဆွေးနွေးမှုကို သမ္မတ အိုဘားမားက ဖြေကြားရာတွင် သမ္မတ အိုဘားမားက ရိုဟင်ဂျာ လူမျိုးစုဝင် များသည် တရားမ၀င် ၀င်ရောက်လာသူများ မဟုတ်ကြောင်း၊ ၎င်းတို့သည် မြန်မာနိုင်ငံတွင် ရှေးယခင် ကတည်းက နေထိုင်သူများ ဖြစ်ကြောင်း၊ ၎င်းတို့ကို နိုင်ငံသားများ အဖြစ်လက်ခံ ရမည် ဖြစ်ကြောင်း ထည့်သွင်း၍ ဖြေဆိုခဲ့ကြောင်း ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်က ၎င်း၏ Facebook နှင့် Twitter စာမျက်နှာများတွင် ရေးသား ဖော်ပြထားပါသည်။

ရိုဟင်ဂျာ ဆိုသည့် အမည်နာမကို သုံးစွဲမည်ဟုသာ ပြောကြားသည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးမောင်မောင်အုန်းက အိတ်ဖွင့် ပေးစာ ရေးသား၍ လည်းကောင်း၊ ပြည်ထောင်စု လွှတ်တော်မှ လည်းကောင်း ကန့်ကွက်ခဲ့သော်လည်း၊ အမေရိကန် သမ္မတ အိုဘားမားက သတင်းစာ ရှင်းလင်းပွဲတွင် လည်းကောင်း၊ သမ္မတ ဦးသိန်းစိန်နှင့် သီးသန့် တွေ့ဆုံရာတွင် လည်းကောင်း ရည်ရွယ်ရှိရှိနှင့် ရိုဟင်ဂျာ ဆိုသည် အမည်ကို သုံးစွဲခဲ့သော်လည်း ကန့်ကွက်ခြင်း မရှိသည်ကို လေ့လာ တွေ့ရှိရပါသည်။



MYARF
RB News
16.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ရွက်ညိုတောင် အခြေစိုက် စစ်စခန်း အမှတ် (၁၂) မှ စစ်သားများက လုယက်ခဲ့သည့် ဆိုင်ကယ် ပိုင်ရှင် လူငယ် တစ်ဦး ပျောက်ဆုံးလျက် ရှိကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၀) ရက်နေ့ ညနေ (၆) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း၊ အမှတ် (၅) နယ်မြေ လက်အောက်ခံ ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စခန်း အမှတ် (၁၂) မှ စစ်သား ၁၃ ဦးသည် ရေတွင်းကျွန်းနှင့် ကျားခေါင်းတောင် ကျေးရွာကြားရှိ လမ်းပေါ်မှ မော်တော်ဆိုင်ကယ်ဖြင့် ဖြတ်သွားသည့် ရိုဟင်ဂျာ လူငယ် တစ်ဦးကို ရပ်ခိုင်းခဲ့သည်။

ထို့နောက် စစ်သားများက လူငယ်ထံမှ မော်တော်ဆိုင်ကယ်ကို လုယက်ရာ၊ လူငယ်က ၎င်းတွင် အလွန် အရေးကြီးသည့် ကိစ္စရှိသဖြင့် ဆိုင်ကယ်ကို မယူကြရန် တောင်းပန်သော်လည်း စစ်သားများက ၎င်းတို့ကို ရန်မူသည်ဟု စွပ်စွဲ၍ ဆိုင်ကယ်ကို လုယက်ပြီး လူငယ်ကို ၎င်းတို့၏ ကင်းစခန်းသို့ ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း မျက်မြင် သက်သေ တစ်ဦးက RB News သို့ပြောပါသည်။

ဆိုင်ကယ် လုယက်ခံရပြီး ဖမ်းဆီး ထိန်းသိမ်းခံရသည့် လူငယ်မှာ မောင်တောမြို့ပေါ်မှဟု ယူဆရပြီး၊ ၎င်းကို ချုပ်နှောင် ထားစဉ် ထွက်ပြေးသွားသည်ဟု နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြောဆိုနေသော်လည်း ဒေသခံများက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ထွက်ပြေး သွားရန် မလွယ်ကူကြောင်း၊ ညပိုင်းတွင် ဒေသခံ ရိုဟင်ဂျာများမှာ အရေးကြီး ကိစ္စဖြင့် သွားလာရန်ပင် မဖြစ်နိုင်သဖြင့် ထွက်ပြေးသွားခြင်း မဖြစ်နိုင်ဘဲ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များက အစ ဖျောက်လိုက်ခြင်းသာ ဖြစ်မည်ဟု ပြောပါသည်။ ၎င်းလူငယ်နှင့် ပတ်သက်၍ ဒေသခံများက စိုးရိမ်လျက် ရှိနေကြသည်။

အဆိုပါ စခန်းအမှတ် (၁၂) မှ ဗိုလ်မှူးနှင့် ၎င်း၏ လက်အောက်ငယ်သား များသည် ဒေသခံ ရိုဟင်ဂျာ လမ်းသွား လမ်းလာများကို အကြောင်းမဲ့ ရိုက်နှက်ခြင်း၊ လုယက်ခြင်း၊ စော်ကားခြင်းများ အမြဲတစေ ပြုလုပ်သောကြောင့် စခန်း၏ အနီးတ၀ိုက် ကျေးရွာများမှ ရွာသူရွာသားများ၏ သွားလာရေးပင် အလွန်တရာ ခက်ခဲလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။



RB News
16.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များသည် ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များထဲသို့ ၀င်ရောက်၍ ဥပဒေမဲ့ ရမ်းကားမှုများ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ဇီးပင်ချောင်း ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ညပိုင်းတွင် ဧည့်စာရင်း စစ်ရန် ရှိသည်ဟု ဆိုကာ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ ထဲသို့ ၀င်ရောက်၍ မလိုလားအပ်သည့် ပြဿနာများ ဖန်တီးခြင်း၊ သေတ္တာနှင့် ဗီရိုများကို သေနတ်ဖြင့် ထောက်၍ အတင်း အဓမ္မ ဖွင့်ခိုင်း၍ လုယက်ခြင်းများကို ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များနှင့် နီးစပ်သူများက နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒုချီးရားတန်းကဲ့သို့ ပြဿနာ ဖြစ်ပွားစေရန် တမင် ဖန်တီး နေခြင်း ဖြစ်သည်ဟု ဆိုသည်။

လွန်ခဲ့သည့် တစ်ပတ်ခန့်မှ စ၍ ဇီးပင်ချောင်း ကျေးရွာတွင် ညပိုင်း၌ ဒေသခံ ရိုဟင်ဂျာများ၏ နေအိမ်များ အတွင်းသို့ ၀င်ရောက်၍ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိပြီး၊ အိမ်ခန်းများ ထဲသို့ ၀င်ရောက် စစ်ဆေးစဉ် အိမ်ရှင်များကို လိုက်ပါခွင့် မပြုသောကြောင့် ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများ ထည့်၍ အမှုဆင် ဖမ်းမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို ဦးဆောင်သည့် ရဲအုပ် (ဒေသ အခေါ် ဗိုလ်လေး) ကလည်း ၎င်း၏ လက်အောက် ငယ်သားများကို ထိန်းသိမ်းနိုင်ခြင်း မရှိဘဲ ဥပဒေမဲ့ ရမ်းကားမှုများကို လက်ပိုက် ကြည့်နေရသည်ဟု ဒေသခံများက ပြောပါသည်။




MYARF
RB News
16.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင် ကြားစခန်းရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင် များသည် အများသုံး ရေကန်တွင် ၀တ်လစ်စားလစ် ရေချိုး နေခြင်းကြောင့် အမျိုးသမီးများ ရေခပ်ရန် အခက်ကြုံနေကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကျောက်ပြင်ဆိပ်နှင့် လှဖိုးခေါင် ကျေးရွာ ကြားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ကျောက်ပြင်ဆိပ် ကျေးရွာ အလယ်ရှိ အများပြည်သူသုံး ရေကန်သို့ ညနေ (၆) နာရီ နောက်ပိုင်း၊ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီးများ ရေခပ်သည့် အချိန်တွင် လာရောက်၍ ၀တ်လစ်စားလစ် ရေချိုးနေသောကြောင့် ဒေသခံ ရိုဟင်ဂျာ အမျိုးသမီးများ ရေခပ်ရန် အလွန် အခက်ကြုံနေရကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

ထို့အပြင် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ရေခပ်ရန် လာသည့် အမျိုးသမီးများကို မဖွယ်မရာ ပြောဆိုမှု ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ဆိုသည်။

ထိုကဲ့သို့ ၀တ်လစ်စားလစ် ရေချိုးခြင်း၊ မဖွယ်မရာ ပြောဆိုခြင်းများနှင့် ပတ်သက်၍ ဒေသခံ ရွာသားများက ကျောက်ပြင်ဆိပ်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ အကြောင်းကြားခဲ့သော်လည်း စခန်းမှ တာဝန်ရှိသူ များက အရေးယူ ဆောင်ရွက် ပေးခြင်း၊ ၎င်းတို့၏ တပ်ဖွဲ့ဝင် များကို ဟန့်တားခြင်း လုံးဝ မရှိကြောင်း ဒေသခံများက ပြောပါသည်။

ထို့အပြင် လမ်းသွား လမ်းလာ ဒေသခံများကို အကြောင်းမဲ့ စစ်ဆေးခြင်း၊ ဈေးသည် များထံမှ ငွေကောက်ခံခြင်း၊ ပစ္စည်းများ လုယက်ခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်း များလည်း မကြာခဏ ပြုလုပ်လေ့ ရှိကြောင်း သိရှိရပါသည်။ အမျိုးသမီး များကို ကိုယ်ထဲတွင် ဖုန်းများ ၀ှက်ထားသည်ဟု စွပ်စွဲ၍ စစ်ဆေးစဉ် မဖွယ်မရာများ ပြုလုပ်ကြောင်း ဒေသခံများက ဆိုသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များ၏ နှောက်ယှက် နေမှုများကြောင့် ကျောက်ပြင်ဆိပ် ရွာသားများ အနေဖြင့် သောက်သုံးရေ ရရန်ပင် ခက်ခဲလျက် ရှိပြီး၊ ရေခပ်သည့် အမျိုးသမီးများအား ကိုယ်ထိ လက်ရောက် စော်ကားမှုများ ပြုလုပ်ခြင်း၊ ရွာသား များနှင့် ပြဿနာ ဖန်တီးခြင်းများ ဖြစ်ပေါ်လာမည်ကို အထူး စိုးရိမ်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။




MYARF
RB News
15.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ပန်းတောပြင် တံတားအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ရဲအုပ်၏ ရိုင်းပျစွာ ဆက်ဆံမှုကြောင့် ဒေသခံများ သွားလာရေး အတွက်ပင် ခက်ခဲလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ယခင်က ရွှေဇားတံတားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ ရဲအုပ် (ဒေသ အခေါ် ဗိုလ်လေး) သည် ၀ါးများ တင်ဆောင်လာသည့် စစ်တပ်ပိုင် ကားတစ်စီးကို မချေမငံ ဆက်ဆံမှုကြောင့် စစ်တပ်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ တိုင်ကြားခဲ့သဖြင့် လွန်ခဲ့သည့် နှစ်ပတ်ကျော်က ပန်းတောပြင် တံတား အနီးရှိ ကင်းစခန်းသို့ ပြောင်းရွှေ့ခြင်း ခံခဲ့ရသည်။

ယခုအခါ ပန်းတောပြင် တံတား အနီးရှိ ကင်းစခန်းရှေ့မှ ဖြတ်သန်း သွားလာသော ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ စစ်ဆေးခြင်း၊ အကြောင်းမဲ့ ရိုက်နှက်ခြင်းများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ အချို့သော လမ်းသွားလမ်းလာ များထံမှ ငွေကြေးများပါ လုယက်ကြောင်း ဒေသခံများက ပြောပါသည်။ ထို့အပြင် အမျိုးသမီး များကို ကားပေါ်မှ ဆင်းခိုင်း၍ မှတ်ပုံတင် စစ်ဆေး ရမည်ဟု ဆိုကာ ၀တ်ရုံချွတ်ခိုင်းခြင်း၊ မဖွယ်မရာများ ပြောဆို ဆက်ဆံခြင်းနှင့် ကိုယ်ထိ လက်ရောက် စော်ကားခြင်းများ၊ အကြမ်းဖက်သည့် လုပ်ရပ်များ နေ့စဉ် ပြုလုပ်လျက် ရှိကြောင်း ဒေသခံများ၏ ပြောကြားချက် များအရ သိရှိရပါသည်။

ကင်းစခန်းရှေ့မှ ဖြတ်သန်း သွားလာသည့် ကားများမှလည်း ငွေကျပ် ၁၀၀၀/- စီကောက်ခံလျက် ရှိပြီး၊ ကျောင်းသွားသည့် ကျောင်းသား လူငယ်များကို အဆိုပါ ကင်းစခန်း တာဝန်ခံ ရဲအုပ်က “နွားကျောင်းသား၊ ဘင်္ဂလီ ကျောင်းသား၊ ကျောင်းတက်ပြီး ဘာလုပ်လို့ရမှာလဲ” အစရှိသဖြင့် နှိမ့်ချ၍ ရိုင်းစိုင်းစွာ ပြောဆိုမှုများ ပြုလုပ်ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

အဆိုပါ ကင်းစခန်း တာဝန်ခံက ဒေသခံ ရိုဟင်ဂျာများကို လူမဆန်စွာ ဆက်ဆံနေခြင်းကြောင့် ဈေးသွား၊ ဈေးလာများနှင့် ကလေးငယ်များ ကျောင်းသွားရန်ပင် ခက်ခဲလျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
15.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီဟိုဠ် သရက် ကျေးရွာရှိ ဒေသခံ ရိုဟင်ဂျာ တစ်ဦး၏ အိမ်ထဲသို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်ပြီး မူးယစ်ဆေးများ ထဲပြီး အမှုဆင်၍ လုပ်ကြံ ဖမ်းဆီး ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၂) ရက်နေ့ ည (၁၀) နာရီခန့် အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း သီဟိုဠ် သရက် ကျေးရွာ (ဟိုက်ရ်ဖာရာ) ဟာဘီရွာရှိ ဦးရှုနာမျာ (ဘ) ဦးဘာဆာမျာ (အသက် ၅၅ နှစ်) ၏ နေအိမ်ထဲသို့ အဆိုပါ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ၀င်ရောက်လာပြီး ရှာဖွေ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ၀င်များက တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသဖြင့် ပြန်လည် ထွက်ခွာ သွားသော်လည်း၊ မိနစ် အနည်းငယ် အကြာတွင် ပြန်လည် ၀င်ရောက်လာပြီး၊ မီးဖိုချောင်ထဲတွင် WY ဆေးပြားများ တွေ့ရှိသည်ဟု ဆိုကာ ဦးရှုနာမျာကို ဖမ်းဆီး ခေါ်ဆောင် သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

လုပ်ကြံ ဖမ်းဆီးခံရသူမှာ လယ်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသူ တစ်ဦး ဖြစ်ပြီး၊ ဆင်းရဲသော မိသားစု တစ်စုကို ဦးဆောင် နေသူ ဖြစ်ကြောင်း သိရှိရပါသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပထမ အကြိမ် ၀င်ရောက် ရှာဖွေသည့် အချိန်တွင် မီးဖိုချောင်ထဲတွင် WY ဆေးပြားများ ထားရှိခဲ့ပြီး ဒုတိယ အကြိမ်တွင် ဖမ်းဆီး ခဲ့ခြင်း ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများကို ဖမ်းဆီး၍ ငွေညှစ်ရန် နည်းလမ်း အမျိုးမျိုး သုံးလျက် ရှိပြီး၊ ရဲတပ်ဖွဲ့ဝင် များ၏ အိတ်များထဲတွင် WY ဆေးပြားများ၊ ဘင်္ဂလား ဆင်းမ်ကဒ်များ၊ ထားရှိ၍ အမြဲတစေ လုပ်ကြံပြီး ဖမ်းဆီးခြင်း ပြုလုပ်ကြောင်း ဘူးသီးတောင်မြို့နှင့် မောင်တောမြို့ရှိ ဒေသခံများက ပြောပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက အမှုဆင် လုပ်ကြံ၍ ဖမ်းဆီး သော်လည်း သက်သေ ခိုင်လုံမှု မရှိသဖြင့် ၎င်းတို့၏ လက်ကိုင်တုတ် ပုဒ်မများ ဖြစ်သည့် ပုဒ်မ ၁၄၄၊ ခြေချုပ်ပုဒ်မ၊ အိမ်ထောင်စု စာရင်းမှ ပယ်ဖျက်၍ BD ပြေးများဟု ဆိုကာ ပုဒ်မ ၁၃/၁ ဖြင့် တရားစွဲဆို၍ မတရားသဖြင့် နှစ်ရှည် ထောင်ဒဏ်များ ချမှတ်ကြောင်း ဒေသခံများက ပြောပါသည်။



Rohingya Eye
RB News
15.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲတပ်ဖွဲ့ဝင်များက ဒေသခံ ရိုဟင်ဂျာ များကို အကြောင်းမဲ့ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်းနှင့် ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၁) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ဦးမာမတ်ဆော်ယာဒ် (ဘ) ဦးဆော်လာမတ်အုလ္လာ (အသက် ၅၀ နှစ်) သည် မွန်းလွှဲ (၂) နာရီ အချိန်တွင် ကွမ်းခြံမှ ပြန်လာစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များက ဖမ်းဆီး၍ ၎င်းတို့ကို ရန်ပြုတိုက်ခိုက်သည်ဟု လုပ်ကြံ ပြောဆိုပြီး ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။ ထို့နောက် ဦးမာမတ်ဆော်ယာဒ် ထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အဆိုပါ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ပွင့်ဖြူချောင်း ကျေးရွာမှ ရော်ဖိခ်အာလမ် (ဘ) ဦးမော်ဂူအာလမ် (အသက် ၁၉) နှစ်ကို ရိုက်နှက်၍ ၎င်း၏ စက်ဘီးကိုလည်း ဖျက်ဆီးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အလားတူ အဆိုပါရွာမှ အသက် (၂၁) နှစ် အရွယ် လူငယ် တစ်ဦးကို အကြောင်းမဲ့ ဖမ်းဆီးရန် ကြိုးစားရာ ထွက်ပြေး လွတ်မြောက် သွားခဲ့သော်လည်း ထွက်ပြေးစဉ် ချော်လဲ၍ ခြေထောက်တွင် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

နိုဝင်ဘာလ (၈) ရက်နေ့ကလည်း ကျားခေါင်းတောင် ကျေးရွာမှ ဦးရော်ရှိတ်အာမတ် (အသက် ၃၈ နှစ်) သည် ပွင့်ဖြူချောင်း ကျေးရွာသို့ အလည်အပတ် ရောက်ရှိ နေစဉ် တဖက် နိုင်ငံနှင့် စီးပွားရေး လုပ်နေသည်ဟု မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီး၍ ငွေကျပ် ၄၇၅၀၀၀/- ညှစ်ယူပြီး ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။



Rohingya Eye
RB News
15.11.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ဒေသခံ တစ်ဦး ကိုင်ဆောင် ထားသည့် မြန်မာ CDMA ဖုန်းကို ဘင်္ဂလားဖုန်းဟု စစ်တပ်က လုပ်ကြံ ပြောဆို၍ ဖမ်းဆီး ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

နိုဝင်ဘာလ (၁၂) ရက်နေ့က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာမှ ယခင် ရ.၀.တ ဥက္ကဌ ဟောင်း ဦးနူရ်အာလမ် (ဘ) ဦးရာဘီအုလ္လာ (အသက် ၄၃ နှစ်) သည် ရေခဲချောင်း ခွဆုံ ကျေးရွာရှိ ယောက္ခမ အိမ်မှ ပြန်လာစဉ် မွန်းတည့် (၁၂) နာရီ အချိန်ခန့်တွင် ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်ကြောင်း အဖွဲ့မှ ၎င်းကိုင်ဆောင် ထားသည့် မြန်မာ့ ဆက်သွယ်ရေးမှ CDMA ဖုန်းကို ဘင်္ဂလားဖုန်းဟု ဆိုကာ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီးခဲ့သည်။

ထို့နောက် ဦးနူရ်အာလမ်ကို မင်္ဂလာကြီး ကျေးရွာရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းတွင် ချုပ်နှောင် ထားပြီး လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်ခဲ့သည်။ ရိုက်နှက်မှုကြောင့် လည်ပင်းတွင် ပြင်းထန်စွာ ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ဦးနူရ်အာလမ်က ၎င်းကို ရိုက်နှက် နှိပ်စက်သည့် ဒဏ်ကို မခံနိုင်တော့၍ စစ်သားများ တောင်းသည့် ငွေကျပ် (၃) သိန်း ပေးခဲ့ရကြောင်း၊ ငွေကျပ် (၃) သိန်း ပေးမှသာ ပြန်လည် လွတ်မြောက် လာခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

ရွက်ညိုတောင် ကျေးရွာ အခြေစိုက် စစ်စခန်းကို မြောက်ဦး ဇာတိ၊ ရခိုင်လူမျိုး ဗိုလ်ကြီး ထွန်းလင်းကျော်က ဦးဆောင်ပြီး၊ ၎င်းသည် ယခင်က ဒုချီးရားတန်း ပြဿနာတွင် ပါဝင် ပတ်သက်ဖူးသူ တစ်ဦးလည်း ဖြစ်သည်။ ဒုချီးရားတန်းတွင် ရိုဟင်ဂျာများကို အပြင်းထန်ဆုံး ညှဉ်းပန်း နှိပ်စက်ခဲ့သူဟု မိမိကိုယ်ကို မိမိ ဂုဏ်ယူ ၀င့်ကြွားသူ တစ်ဦး ဖြစ်ကြောင်း ဒေသခံများက ပြောပါသည်။



RB News
15.11.2014

ဘူးသီးတောင် ။ ။ အောက်တိုဘာလ (၃၁) ရက်နေ့ ညပိုင်းတွင် ဘူးသီးတောင်မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက် များက ပူးပေါင်း၍ လုပ်ကြံ သတင်းဖြန့်ခဲ့ပြီး နောက်ပိုင်းတွင် ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ငွေညှစ်ခြင်းများ နေ့စဉ်နှင့် အမျှ ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

အောက်တိုဘာလ (၃၁) ရက်နေ့ ညပိုင်းတွင် ဘူးသီးတောင် မြို့နယ်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားသည်ဟု လုပ်ကြံ သတင်း ဖြန့်ပြီးနောက် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ငွေညှစ်လျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အာဏာပိုင် များနှင့် ရဲတပ်ဖွဲ့ဝင်များ အားလုံး နီးပါးမှာ ရခိုင် လူမျိုးများ ဖြစ်သည့် အတွက် ရိုဟင်ဂျာ များကို လူမျိုးရေး မုန်းတီးမှု ရှေ့တန်းတင်ပြီး ပိုမို၍ ညှဉ်းပန်း နှိပ်စက်မှုများ ပြုလုပ်လျက် ရှိကြောင်း ဒေသခံများက ဆိုသည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး စုံစမ်း စစ်ဆေးရန် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ စစ်ဘက်ရေးရာ ဆိုင်ရာ လုံခြုံရေး အဖွဲ့ (စ.ရ.ဖ) ကို စေလွှတ်ခဲ့သော်လည်း (၄) ရက်ခန့်မျှ စစ်ဆေးမှုများ ပြုလုပ် ခဲ့ပြီးနောက်၊ နိုဝင်ဘာလ (၁၀) ရက်နေ့တွင် အေးစေတီ ဘုန်းကြီးကျောင်းမှ ကျောင်းထိုင် ဘုန်းကြီးဖြင့် တွေ့ဆုံပြီး နောက်ပိုင်းတွင် ဒေသခ့ ရိုဟင်ဂျာ စီးပွားရေး သမားများကို ရဲများကဲ့သို့ ကြမ်းကြမ်း တမ်းတမ်း ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း သိရှိရပါသည်။

ဘူးသီးတောင် မြို့နယ် ရဲစခန်းမှ ရဲများသည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို နေ့စဉ် အဆက် မပြတ် ဖမ်းဆီးလျက် ရှိပြီး၊ အများစုကို ငွေညှစ်၍ ပြန်လည် လွှတ်ပေးလျက် ရှိသော်လည်း အပြစ်မဲ့ (၃) ဦးကို လက်နက် ကိုင်ဆောင်မှုဖြင့် အမှုဆင်၍ မတရားသဖြင့် ထောင်ချရန် ကြိုးစားလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ကွန်ပျူတာ ဆိုင်ဖွင့်၍ အသက်မွေးဝမ်း ကျောင်း ပြုနေသည့် ဒေသခံ ရိုဟင်ဂျာ များကို ရခိုင် လူမျိုး ကွန်ပျူတာ ဆိုင်ပိုင်ရှင်များ၊ ရခိုင် အစွန်းရောက်များနှင့် ဘုန်းကြီးများက ဥပဒေမဲ့ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိနေသည်ဟုလည်း ဒေသခံများက ပြောပါသည်။

ဒေသခံ များက ဗုံးပေါက်ကွဲ ဖြစ်ပွားသည်ဟု လုပ်ကြံခြင်းနှင့် ပတ်သက်၍ ပြည်နယ် အစိုးရနှင့် ပြည်ထောင်စု အစိုးရ တို့က မြို့နယ် အာဏာပိုင်များနှင့် ရခိုင် အစွန်းရောက် များက ဒေသခံ ရိုဟင်ဂျာ များကို လူမျိုး၊ ဘာသာ ခွဲခြားမှုကို အခြေခံ၍ မတရားသဖြင့် ပြုမှုနေသည် များကို ရပ်တန့် ပေးရန် အထူး လိုလားကြောင်း၊ ယခု ကိစ္စနှင့် ပတ်သက်၍ ဒေသခံ ရိုဟင်ဂျာ အများစုမှာ ငွေညှစ်ခံရခြင်း၊ ညှဉ်းပန်း နှိပ်စက်ခံရခြင်း၊ အမှုဆင် ခံနေရခြင်းများ နေ့စဉ် ကြုံတွေ့ နေရသဖြင့် အမြန်ဆုံး အရေးယူ ဆောင်ရွက် ပေးရန် တောင်းဆိုသည်ဟု ပြောပါသည်။

Rohingya Exodus