နောက်ဆုံးသတင်း/ဆောင်းပါးများ

Rohingya Eye
RB News
18.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာအချို့သို့ အစိုးရ ကော်မရှင်နှင့် စစ်တပ်ကော်မရှင်များ ကွင်းဆင်း၍ မေးမြန်းလျက်ရှိသော်လည်း မုဒိမ်းမှုနှင့် လူသတ်မှုများကို မှတ်တမ်းပင် မတင်ကြကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၅) ရက်နေ့တွင် ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော ကော်မရှင်အဖွဲ့သည် နေ့လည် ၁၂ နာရီခန့်အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ငါးခူရကျေးရွာသို့ သွားရောက်ရန်ရှိသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဇော်ဇော်က ထိခိုက်နစ်နာ ဆုံးရှုံးခဲ့သူများအား တစ်နေရာတွင် စုဝေးကြရန် မှာကြားခဲ့သည်။ ထို့ကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးသူများ အားလုံး အိမ်တစ်လုံးတွင် စုဝေးခဲ့ကြသည်။ အဆိုပါအိမ်ကို နယ်ခြားစောင့်ရဲများ လာရောက်၍ ၀ိုင်းရံပိတ်ဆို့လိုက်သဖြင့် ကော်မရှင်အဖွဲ့ လာရောက်ချိန်တွင် တွေ့ဆုံနိုင်ခဲ့ခြင်း မရှိသလို၊ ကော်မရှင်အဖွဲ့ကလည်း ထိခိုက်နစ်နာ ဆုံးရှုံးခဲ့သူများနှင့် တွေ့ဆုံရန် ကြိုးစားခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ကော်မရှင်အဖွဲ့နှင့် တွေ့ဆုံနိုင်ခဲ့သည့် ဒေသခံအချို့က ၎င်းတို့၏ ထိခိုက်နစ်နာ ဆုံးရှုံးခဲ့မှုများကို တင်ပြခဲ့သော်လည်း ကော်မရှင်အဖွဲ့က ငါးခူရကင်းစခန်းကို တိုက်ခိုက်သူများအား သိသလားဟု မေးမြန်းခဲ့သည်။ ကော်မရှင်အဖွဲ့က ဒေသခံများက ၎င်းတို့အနေဖြင့် တိုက်ခိုက်သူများကို မသိကြောင်း ဖြေဆိုခဲ့ရာ၊ ကော်မရှင်အဖွဲ့ ၎င်းတို့၏ ပြောဆိုချက်များကို လက်မခံနိုင်ဟု ပြန်လည် တုံ့ပြန်ပြောဆိုခဲ့ကြောင်း သိရှိရသည်။ 

နေ့လည် ၃ နာရီခွဲ အချိန်တွင် ဦးရှည်ကျကျေးရွာသို့ သွားရောက်၍ ကျေးရွာတာဝန်ခံဖြစ်သူ ဦးအာဘူကာလာမ်နှင့် ဒေသခံအချို့ကို ယင်းကျေးရွာရှိ အစိုးရကျောင်းတွင် တွေ့ဆုံခဲ့သည်။ ဦးမာမတ်ဆလာမ် (ဘ) ဦးနူရ်ကော်ရီးမ် (အသက် ၄၅ နှစ်) က ၎င်း၏ ဇနီးသည်ကို စစ်သားများက မုဒိမ်းကျင့်ခဲ့ကြောင်း တင်ပြရာ ကော်မရှင်အဖွဲ့က အမျိုးသမီးကို ခေါ်ယူလာရန် ပြောဆိုခဲ့သည်။ ဦးမာမတ်ဆလာမ်က ၎င်း၏ ဇနီးကို ခေါ်ယူရန် သွားနေစဉ် ကော်မရှင်အဖွဲ့ မစောင့်ဆိုင်းဘဲ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ကော်မရှင်အဖွဲ့သည် ယင်းကျေးရွာတွင် နာရီဝက်ခန့်သာ နေခဲ့သဖြင့် မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးများက ကော်မရှင်အဖွဲ့နှင့် တွေ့ဆုံခွင့် မရခဲ့ကြောင်း သိရှိရသည်။ 

ဦးရှည်ကျကျေးရွာသို့ နံနက် ၈ နာရီအချိန်တွင် ငါးခူရ ကျေးရွာအခြေစိုက် ကျန်းမာရေးမှူး ဦးဆောင်သော ဆေးကုသရေးအဖွဲ့ ရောက်ရှိလာပြီး၊ အမျိုးသမီးအချို့နှင့် ကလေးငယ်အချို့ကို ကော်မရှင်အဖွဲ့ လာရောက်သည့် အချိန်ထိ ဆေးကုသပေးခဲ့ကြောင်း၊ ထိုကဲ့သို့ ဆေးကုသမှုများ ယခင်က မရှိခဲ့ကြောင်း၊ ကော်မရှင်အဖွဲ့ လာရောက်သည့် အချိန်နှင့် တိုက်တိုက်ဆိုင်ဆိုင် လာရောက် ဆေးကုသပေး၍ သရုပ်ပြပုံစံသာ ဖြစ်သည်ဟု ဒေသခံများက ဝေဖန် ပြောဆိုနေကြသည်။ 

ဖေဖော်ဝါရီလ (၁၄) ရက်နေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းခဲ့သည့် ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် မောင်တောမြို့နယ် မြောက်ပိုင်း ဒိုးတန်းကျေးရွာသို့ သွားရောက်၍ ရွာသားအချို့ကို စစ်ဆေးမေးမြန်းခဲ့ရာ မုဒိမ်းကျင့်ခံရသည့် အမျိုးသမီးတစ်ဦးက ၎င်းအား စစ်သားများက မုဒိမ်းကျင့်ခဲ့ခြင်းကို အသေးစိတ် တင်ပြခဲ့သလို၊ အီနုစ် (ဘ) ဦးအာဘူအာလာမ် (အသက် ၁၇ နှစ်) သည် စစ်သားများ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရခြင်းကို မိသားစုများက တင်ပြခဲ့သော်လည်း ကော်မရှင်အဖွဲ့က မှတ်တမ်းတင်ခြင်း မရှိခဲ့ကြောင်း၊ အခြားလုယက်မှုများ၊ ရိုက်နှက်မှုများကို တင်ပြလျှင် ကော်မရှင်အဖွဲ့က မှတ်တမ်းတင်သော်လည်း မုဒိမ်းမှုနှင့် လူသတ်မှုများကို မှတ်တမ်းမတင်ကြောင်း စစ်ဆေးမေးမြန်းခံရသူ တစ်ဦးထံမှ သိရှိရသည်။ 

ဒိုးတန်းကျေးရွာတွင် ရွာသားနှစ်ဦး ပစ်သတ်ခံခဲ့ရပြီး၊ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးနှင့် မိန်းကလေးနှစ်ဦး မုဒိမ်းကျင့်ခံခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ 



MYARF
RB News
17.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့ရောက်ရှိနေပြီး၊ ဖြစ်စဉ် အမှန် ပြောသူများကို ဆဲဆို ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၆) ရက်နေ့ နံနက် (၇) နာရီ အချိန်တွင် ကြိမ်ချောင်း၊ လောင်းဒုံ၊ စံပယ်ကုံး၊ အောင်စစ်ပြင်၊ ရေတွင်းပြင် စသည့် ကျေးရွာများမှ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူး များကို ကြိမ်ချောင်း အထက်တန်းကျောင်းသို့ ဆင့်ခေါ်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း ဦးဆောင်သည့် စစ်တပ် စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့က တွေ့ဆုံပြီး အစည်းအဝေး ပြုလုပ်ခဲ့သည်။ 

“ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက ခင်ဗျားတို့ ကျေးရွာတွေမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူ့အခွင့်အရေး ချိုးဖောက်တာ၊ သောင်းကျန်းနှိပ်စက်တာတွေ ရှိခဲ့လား၊ ရှိရင် ပွင့်ပွင့်လင်းလင်းပြောပါ၊ ဘယ်သူ့ကိုမှ ကြောက်စရာလိုဘူးလို့ ပြောတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

“တိုင်းမှူး၊ ဗျူဟာမှူး စတဲ့ အရာရှိကြီးတွေက ကြိမ်ချောင်းဈေးကို သွားပြီး၊ ဒီဒေသမှာ ဆူပူသောင်းကျန်းမှုတွေ ဖြစ်ခဲ့လား၊ အခုရော အနှောက်အယှက်တွေ ရှိလား၊ စားဝတ်နေရေးရော ဘယ်လိုလဲ အဆင်ပြေရဲ့လားလို့ မေးတယ်။ ဒေသခံတွေက သူတို့မေးတာကို အရေးမစိုက်ပါဘူး။ သူတို့ဘာသာ သူတို့ပြောသွားခဲ့ကြတာ” ဟု ၎င်းက ဆက်လက်ပြောပါသည်။

နေ့လည် ၂ နာရီအချိန်တွင် လောင်းဒုံကျေးရွာအုပ်ချုပ်ရေးမှူးသည် လောင်းဒုံကျေးရွာအုပ်စု၊ စေတီပြင်ရွာသို့ ရောက်ရှိလာပြီး လူကြီးလာရောက်ရန် ရှိသည်ဟု ဆိုကာ ရွာသားအချို့ကို စေတီပြင်ကျောင်း၌ စုထားခဲ့သည်။ ထို့နောက် တိုင်းမှူးနှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုကွပ်ကဲရေးမှူးနှင့် နယ်ခြားစောင့်ရဲ အချို့သည် ကားနှစ်စီးဖြင့် စေတီပြင်ကျောင်းသို့ ရောက်ရှိလာပြီး၊ စေတီပြင်ရွာတွင် စစ်သားများ၏ ရိုက်နှက်မှုကြောင့် ဦးခေါင်းကွဲသွားသူ ဦးအာမီးရ်ဟူစိန်းနှင့် ကော်ရီမူလ္လာ (ဘ) ဦးဟိုင်ရုလ်အာမီးန် (အသက် ၁၅ နှစ်) တို့ကို မေးမြန်းခဲ့သည်။ 

ဦးအာမီးရ်ဟူစိန်းကို မေးမြန်းရာ ၎င်းက ညအချိန်တွင် စစ်သားများက ၎င်း၏ အိမ်နှင့်ကပ်လျက်ရှိသည့် အိမ်ထဲသို့ ၀င်လာသဖြင့် ယင်းအိမ်ရှိ မိန်းကလေးနှစ်ဦးသည် ၎င်း၏ အိမ်သို့ ပြေးလာ၍ ခိုလှုံခဲ့ကြောင်း၊ စစ်သားများက ၎င်း၏အိမ်သို့ မိန်းကလေးနှစ်ဦး ၀င်လာသည်ကို မြင်၍ တံခါးကို ရိုက်ချိုး၍ ၀င်ရောက်လာပြီး မိန်းကလေးများကို ဆွဲနေသဖြင့် ၀င်ရောက်ဟန့်တားသည်ကို စစ်သားတစ်ဦးက မိုးပေါ်သို့ သေနတ်တစ်ချက် ပစ်ဖောက်၍ ခြိမ်းခြောက်ခဲ့ကြောင်း၊ အခြားစစ်သားတစ်ဦးက ၎င်းအား သေနတ်ဖြင့် ရိုက်နှက်ခဲ့သဖြင့် ဦးခေါင်းကွဲခဲ့ရခြင်း ဖြစ်ကြောင်း ဖြေကြားခဲ့သည်။ 

ကော်ရီမူလ္လာကို မေးမြန်းရာ ၎င်း၏ စက်ဘီးကို န.တ.လ ရွာသားတစ်ဦးက ၎င်း၏ အိမ်မှာ လုယက်ယူဆောင်သွားခဲ့သည်ဟု ဖြေကြားခဲ့သည်။ 

ထို့နောက် ၎င်းတို့နှစ်ဦးနှင့် ရာအိမ်မှူးတစ်ဦးကို ကားပေါ်တင်၍ ကြိမ်ချောင်း အထက်တန်းကျောင်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ကျောင်းသို့ရောက်သောအခါ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက ၎င်းတို့နှစ်ဦးကို မေးမြန်းရာ တိုင်းမှူးနှင့်ဗျူဟာမှူးတို့ ဖြေကြားခဲ့သည့် အတိုင်း ဖြေကြားခဲ့သည်။ 

၎င်းတို့နှစ်ဦးအား တပ်ရင်မှူးက ဒု-ဗိုလ်ချုပ်ကြီးအေးဝင်း၏ ရှေ့မှောက်တွင်ပင် “မအေလိုးကုလား” ဟု ဆဲဆိုခဲ့သည့်အပြင် အမျိုးမျိုးခြိမ်းခြောက်ခဲ့သည်။ ထိုသို့ဆဲဆိုခြင်းကို ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက ဟန့်တားခြင်း လုံးဝမရှိခဲ့ကြောင်း သိရှိရသည်။ 

ထို့နောက် တိုင်းမှူးက ဦးအာမီးရ်ဟူစိန်းကို မိမိဘာသာ မိမိ တံခါးဘောင်နှင့် တိုက်မိ၍ ခေါင်းကွဲခဲ့သည်ဟု ပြောခိုင်းခဲ့သည်။ 

ကော်ရီမူလ္လာက ၎င်း၏ စက်ဘီးကို န.တ.လ ရွာသား လုယက်ခဲ့ကြောင်း ပြောပြရာ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက “န.တ.လ ရွာသား လုယူခဲ့တာ မင်းဘယ်လိုသိလဲ” ဟု မေးမြန်းရာတွင် ၎င်းက နောက်တစ်နေ့တွင် စေတီပြင် န.တ.လ ရွာသားတစ်ဦးက ၎င်း၏ စက်ဘီးကို စီးနေသည်ကို ၎င်းကိုယ်တိုင် မြင်တွေ့ခဲ့ကြောင်း ပြောပြခဲ့သည်။ ထို့နောက် ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက “မင်း အဲဒီစက်ဘီးကို ဘယ်တုန်းက ၀ယ်ခဲ့တာလဲ၊ ဘယ်ဆိုင်က ၀ယ်ခဲ့တာလဲ၊ စက်ဘီးဝယ်တုန်းက မင်းနဲ့အတူ ဘယ်သူရှိခဲ့လဲ၊ ငွေဘယ်လောက် ပေးခဲ့လဲ၊ ဘောက်ချာရှိလား” ဟု ဆိုကာ မေးခွန်းပေါင်းများစွာ ထုတ်ခဲ့သည်။ 

ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက ဆင်သေပြင်ရွာမှ ဦးဂူရာမီယာ (ဘ) ဦးအာရှောရောဖ်အလီ (အသက် ၆၅ နှစ်) ကို “စစ်သားတွေက ဆင်သေပြင်ရွာမှာ သေနတ်ဘယ်နှစ်ချက် ပစ်ဖောက်ခဲ့လဲ” ဟုမေးမြန်းရာ ၎င်းက အချက် ၃၀ ကျော် ပစ်ဖောက်ခဲ့သည်ဟု ဖြေကြားခဲ့သည်။ ထိုစဉ် တပ်ရင်းမှူးက ၎င်းကို နောက်ကျောဘက်မှ လက်သီးဖြင့် ထိုးရာ ထိုနေရာတွင်ပင် လဲကျသွားခဲ့သည်။ 

စေတီပြင်ရွာမှ ဦးဆုလ်တာန် (ဘ) ဦးအာဘူ (အသက် ၅၁ နှစ်) ကိုခေါ်၍ “စေတီပြင်ရွာမှ ဘယ်လိုဖြစ်တာလဲ၊ ခင်ဗျားဘာတွေသိလဲ” ဟုမေးမြန်းရာ ဦးနူရ်ဘော်ရှော်ရ် ဆိုသူကို စစ်သားများက ဖမ်းဆီးခေါ်ဆောင် သွားသည်ကို သိကြောင်း ပြေပြရာ ဒု-ဗိုလ်ချုပ်ကြီးအေးဝင်းက “သူက သောင်းကျန်းသူ လူဆိုးဖြစ်လို့ ဖမ်းသွားတာဋ္ဌ ဟု ပြန်ဖြေသဖြင့် ဦးဆုလ်တာန်က “မဟုတ်ဘူး။ ဦးနူရ်ဘော်ရှော်ရ်က လူကောင်းတစ်ယောက်ဖြစ်တယ်” ဟု ပြန်ပြောသဖြင့် ၎င်းကိုလည်း ဆဲဆို၍ ခြိမ်းခြောက်ခဲ့သည်။ 

ယင်းနေ့တွင်တွင် ဒု-သမ္မတ ဦးမြင့်ဆွေ ဦးဆောင်သော မောင်တော စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် ကြက်ရိုးပြင် ကျေးရွာသို့ သွားရောက်ခဲ့သည်။ ရွာသားများက စစ်သားများက သေနတ်၊ ဓါးများဖြင့် သတ်ပစ်ပြီး အစုလိုက်အပြုံလိုက် မြှပ်နှံထားခဲ့သည့် နေရာတစ်ခုကို တူး၍ အရိုးများကို ပြသခဲ့သည်။ နောက်ကျင်းတစ်ခုတွင် အမျိုးသမီး (၃) ဦးကို မြှပ်နှံထားခဲ့သည်ကိုလည်း ပြသခဲ့သည်။ 

မောင်တောမြို့နယ်တွင် နယ်မြေရှင်းလင်းရေးကို ရပ်တန့်လိုက်ပြီဟု အစိုးရကြေညာလိုက်သော်လည်း နေရာအနှံ့တွင် ယခုထိ စစ်သားများ ရှိနေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 




Rohingya Eye
RB News
17.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင်ကျေးရွာအုပ်စု အလယ်ရွာမှ ဒေသခံရိုဟင်ဂျာများကို ရွာထဲသို့ ခေတ္တ၀င်ခွင့်ပြုသည်ဟု ခွင့်ပြုချက် ပေးပြီးနောက် ယင်းရွာမှ နေအိမ်တစ်လုံးကို န.တ.လ ရွာသားများက မီးရှို့လိုက်ကြောင်း သတင်းရရှိပါသည်။

ယနေ့ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ကျီးကန်းပြင်ကျေးရွာအုပ်စုရှိ ဂေါက်ကွင်း နားနေဆောင်သို့ ကျီးကန်းပြင်အလယ်ရွာနှင့် ၀ါးပိတ်ရွာမှ ဒေသခံရိုဟင်ဂျာများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများကို ဆင့်ခေါ်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင်က ရွာထဲသို့ ခေတ္တ၀င်ခွင့်ပြုသည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ရဲမှူးချုပ်သူရစန်းလွင်က သူ့အနေနဲ့ ဘာသာရေးအရ နှိပ်ကွပ်တာမျိုး မလုပ်ဘူးဆိုတာ စစ်တွေက လူတွေကို မေးကြည့်လို့ရတယ်ဆိုပြီး ပြောတယ်။ သူစစ်တွေမှာ တာဝန်ကျစဉ်အချိန်က အစ္စလာမ်ဘာသာဝင်တွေနဲ့ ပူးပေါင်းပြီး နေခဲ့တယ်၊ အခု အလယ်ရွာက လူတွေကို မောင်းထုတ်တာလည်း နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး လုပ်ရတာ လို့ပြောတယ်။” ဟု ဒေသခံတစ်ဦးက ပြောပါသည်။

အလယ်ရွာနှင့် ၀ါးပိတ်ရွာတို့မှ ဒေသခံများနှင့် အစည်းအဝေးကို ညနေ ၄း၃၀ နာရီ အချိန်တွင် အဆုံးသတ်ခဲ့ပြီး၊ ရဲမှူးချုပ်သူရစန်းလွင်က ခေတ္တ၀င်ခွင့်ပေးခြင်းသည်ဟု ဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း၊ ဆယ်အိမ်မှူးများ ရွေးချယ်ထားရန်၊ ရပ်မိရပ်ဖ (၃) ဦး ရွေးချယ်ထားရန်နှင့် အကြမ်းဖက်သမားများ ရောက်ရှိလာပါက ဆယ်အိမ်မှူးများက ရပ်မိရပ်ဖ (၃) ဦးကို အကြောင်းကြားရန်၊ ရပ်မိရပ်ဖ (၃) ဦးက နယ်ခြားစောင့်ရဲတပ်ဖွဲ့သို့ အကြောင်းကြားရန်နှင့် ရွာထဲတွင် အကြမ်းဖက်သမားနှင့် ၎င်းတို့၏ မိသားစုများ နေခွင့်မပေးနိုင်ဟု မှာကြားခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။

ရဲမှူးချုပ်သူရစန်းလွင်က အလယ်ရွာတွင် အကြမ်းဖက်သမားများကို နေရာပေးမည်ဆိုပါက ၀ါးပိတ်ရွာကို မြေလှန်လိုက်သကဲ့သို့ မြေလှန်ပစ်မည်ဟု ခြိမ်းခြောက် ပြောဆိုခဲ့သည်။

အလယ်ရွာမှ ဒေသခံ ရိုဟင်ဂျာများကို ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် ရဲမှူးချုပ်သူရစန်းလွင်က နိုင်ငံတော်၏ အမိန့်အရဟု ဆိုကာ မောင်းထုတ်ခဲ့ပြီးနောက် ရွာအတွင်းရှိ နေအိမ်များမှ ပရိဘောဂများ၊ အိမ်အသုံးအဆောင် ပစ္စည်းများ အပြင် နေအိမ်များ ခေါင်မိုးများ၊ အိမ်တိုင်များကိုပါ အောင်ဇေယျနှင့် အောင်သာယာတို့မှ န.တ.လ ရွာသားများက သယ်ဆောင်သွားခဲ့သည်။

နေအိမ်အများစုမှာ ပျက်စီးလျက်ရှိပြီး၊ ရဲမှူးချုပ်သူရစန်းလွင်က ယနေ့ကျင်းပသည့် အစည်းအဝေးတွင် နေအိမ်များကို ပြုပြင်ရန် ခွင့်ပြုချက်ပေးသော်လည်း အသစ်ဆောက်လုပ်မည်ဆိုပါက လုံးဝ ခွင့်မပြုနိုင်ဟု ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂) ရက်နေ့တွင် ကုလသမဂ္ဂ ဌာနကိုယ်စားလှယ်နှင့် သံတမန်များ သွားရောက်၍ ဒေသခံများနှင့် တွေ့ဆုံခဲ့စဉ် အလယ်ရွာမှ ဦးဆော်လီမူလ္လာ (ဘ) ဦးအဒူဂဖူရ်၊ ၀ါးပိတ်ရွာမှ ဆရာဦးရှော်ဖီရောန်နှင့် ဦးဟာဆူး တို့က သံတမန်များနှင့် စကားပြောခဲ့သည်။ ယခုအခါ အဆိုပါ (၃) ဦးကို ရဲမှူးချုပ်သူရစန်းလွင်က အကြမ်းဖက်သမားများနှင့် အဆက်အသွယ်ရှိသူများဟု သတ်မှတ်လိုက်ပြီး၊ ၎င်းတို့ကို တွေ့ရှိပါက ဖမ်းဆီးမည်ဟု ပြောကြားခဲ့သည်။

ဦးဆော်လီမူလ္လာသည် ပညာအရည်အချင်း နည်းပါးသူတစ်ဦးဖြစ်ပြီး၊ စားကုန်ဆိုင်တစ်ဆိုင်ဖြင့် စီးပွားရေး စတင်ခဲ့ပြီး ယခုနောက်ဆုံးတွင် ဆိုင်ကယ်အပိုပစ္စည်းရောင်းချခဲ့သူဖြစ်သည်။ ကျီးကန်းပြင် ကျေးရွာအုပ်စုတွင် ဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သူမှာ ဦးဆော်လီမူလ္လာ ဖြစ်ပြီး၊ ၎င်း၏ စီးပွားရေးလုပ်ငန်းမှ လွဲ၍ အခြားမည်သည့် အရေးကိုမှစိတ်ဝင်စားသူ မဟုတ်ကြောင်း ဒေသခံများက ပြောပါသည်။ အလားတူ ဆရာရှော်ဖီရောန်နှင့် ဦးဟာဆူး တို့သည်လည်း အေးချမ်းစွာနေထိုင်သူများ ဖြစ်သည်။ ၎င်းတို့အား အကြမ်းဖက်သမားများနှင့် ဆက်သွယ်နေသည်ဟု စွပ်စွဲခြင်းမှာ သံတမန်များနှင့် စကားပြောခဲ့သည်ကို အငြိုးထား၍ လုပ်ကြံစွပ်စွဲပြီး ဖမ်းဆီးရန် ကြံရွယ်နေခြင်းသာ ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ဝါးပိတ်ကျေးရွာတွင် ၀ါးပိတ်ပင်မနှင့် အိုလူဂူနားဟူ၍ ရွာငယ်နှစ်ခုရှိပြီး၊ အိုလူဂူနား၏ တောင်ဘက်ရှိ တောင်ပေါ်တွင် ရိုဟင်ဂျာအိမ် (၁၄) အိမ်ခန့်ရှိသည်။ ယခုအခါ အဆိုပါ အိမ်များကို ဖျက်ပေးရမည်ဟု အမိန့်ထုတ်ပြန်လိုက်ပြီး၊ ၎င်းတို့အား သင့်တော်သည့် နေရာတွင် မြေနေရာပြန်ချထားပေးမည်ဟု သိရှိရသည်။ အိမ်ဆောက်ရန် မတတ်နိုင်သူများအား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဖြိုးထွန်းထံ စာရင်းပေးရန်၊ အုပ်ချုပ်ရေးမှူးက မြို့နယ် အုပ်ချုပ်ရေးမှူးထံ တင်ပြရန်၊ မြို့နယ် အုပ်ချုပ်ရေးမှူးရုံးက အိမ်ဆောက်ရန် လိုအပ်သည်များကို ပံ့ပိုးပေးမည်ဟု ရဲမှူးချုပ်သူရစန်းလွင်က ပြောကြားခဲ့သည်။

အစည်းအဝေး အပြီးတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ G-2 နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးတို့သည် ၀ါးပိတ်ရွာသားများနှင့်အတူ အဆိုပါ တောင်ပေါ်ရှိ နေအိမ်များကို သွားရောက်၍ ကြည့်ရှုခဲ့သည်။ နေအိမ်များ ကြည့်ရှု၍ အပြန်တွင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်ဖြိုးထွန်းက ရိုဟင်ဂျာများကို ၀ါးပိတ် ပင်မရွာသို့ ၀င်ခွင့်မပြုရန် G-2 ကိုတင်ပြခဲ့ရာ၊ G-2 နောက်တစ်နေ့တွင် အဆိုပါ ကိစ္စကို ဆွေးနွေးမည်ဟု ပြန်လည်ပြောကြားခဲ့ကြောင်း သိရှိရသည်။

အလယ်ရွာမှ ဒေသခံ ရွာသားများကို ရွာထဲသို့ ၀င်ခွင့်ပြုပြီး နှစ်နာရီကျော်အကြာ ည ၆း၄၅ နာရီအချိန်တွင် အလယ်ရွာမှ ဦးဟူဆောင်း (ဘ) ဦးအဒူကရီးမ်၏ နေအိမ်ကို အောင်ဇေယျ န.တ.လ ရွာမှ ဦးထွန်းကြည် (ဘ) ဦးသိန်းမောင် အပါအ၀င် န.တ.လ ရွာသား (၄) ဦးက မီးရှို့ဖျက်ဆီးလိုက်ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ကျွန်တော်တို့ ရွာထဲကို ၀င်တော့ ည ၆ နာရီ အချိန်မှာ ရွာလမ်းဘေးမှာရှိတဲ့ ကန်နားက ဆိုင်နားမှာ အဲဒီ န.တ.လ ရွာသားတွေ ထိုင်နေတာ တွေ့တယ်။ ပြီးတော့ ကျွန်တော်တို့ မီးလောင်တာ စမြင်တော့ ဦးထွန်းကြည် အပါအ၀င် ၄ ယောက် ဆိုင်ကယ်နဲ့ ထွက်သွားတာ မြင်လိုက်တယ်။ အရင်ကလည်း ရွာထဲက အိမ်တွေကို အဲဒီလူတွေပဲ မီးရှို့ခဲ့တာ” ဟု မျက်မြင်သက်သေ တစ်ဦးက ပြောပါသည်။

အလယ်ရွာမှ ဦးဟူဆောင်း၏ နေအိမ် မီးလောင်နေသည်ကို အဝေးမှ မြင်တွေ့ရပုံ



Rohingya Eye
RB News
15.2.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် မြောက်ပိုင်း သင်္ဂနက်ကျေးရွာမှ ဒေသခံများကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းရှေ့မှ ဖြတ်သန်းသွားလာခွင့် မပေးတော့သဖြင့် ကျောင်းသား/သူများ ပညာသင်ရန်၊ လူနာများ ဆေးကုရန် အခက်အခဲ ကြုံတွေ့လျက် ရှိကြောင်း သတင်း ရရှိပါသည်။ 

ရသေ့တောင်မြို့နယ် မြောက်ပိုင်း၊ သင်္ဂနက်ကျေးရွာမှ ဟာဖီးဇ်နူရ်ဟူဆောင်း (ဘ) ဦးဟာဖီးဇ်နူရူလ်ဟောက် (အသက် ၁၈ နှစ်) နှင့် ဦးဆွေတာလောမ် (အသက် ၃၀ နှစ်) တို့နှစ်ဦးသည် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် ဘူးသီးတောင်မြို့နယ် ငွေတောင်ကျေးရွာအုပ်စု၊ ရွှေထားရွာသို့ မော်တော်ဆိုင်ကယ်ဖြင့် သွားနေစဉ် သင်္ဂနက်ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းရှေ့တွင် စစ်ဆေးမှုခံယူခဲ့သည်။ 

စစ်ဆေးခံစဉ် ၎င်းတို့နှစ်ဦးအား နယ်ခြားစောင့်ရဲများက ဖမ်းဆီး၍ အတင်းအဓမ္မ ဘုရားရှိခိုးရန် ပြောဆိုခဲ့ရာ ၎င်းတို့က ငြင်းဆန်ခဲ့သဖြင့် လူမဆန်စွာ ရိုက်နှက်ခဲ့သည်။ ထို့အပြင် ၎င်းတို့အား တိုင်းရင်းသားလမ်းမှ လာသည့်အတွက်ဟု ဆိုကာ နယ်ခြားစောင့်ရဲများက ၀ိုင်းဝန်းရိုက်နှက်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ ည ၆ နာရီ အချိန်တွင် ၎င်းတို့နှစ်ဦးထံမှ နယ်ခြားစောင့်ရဲများက ငွေကျပ် ၄ သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။ 

၎င်းတို့အား ညှဉ်းပန်းနှိပ်စက်မှုကြောင့် လမ်းမလျှောက်နိုင်တော့သဖြင့် ရွာသားများက ကင်းစခန်းမှ ထမ်း၍ အိမ်သို့ ပြန်လည် ပို့ပေးခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ 

“အဲဒီစခန်းကနေ ရိုဟင်ဂျာတွေ အရင်က ဖြတ်သန်းသွားလာလို့ ရခဲ့တယ်။ အခုတော့ ဖြတ်ကျော်သွားရင် ရိုက်နှက် နှိပ်စက် ငွေညှစ်ခံရတယ်။ ကျောင်းသားတွေကိုတောင် အဲဒီစခန်းရှေ့ကနေ ဖြတ်သွားခွင့်တောင် မပေးတော့တာ တစ်ပတ်လောက် ရှိနေပြီ။ ကျွန်တော်တို့ ရွာကနေ ကျောင်းသား ကျောင်းသူတွေ ဘူးသီးတောင်မြို့နယ် ညောင်ချောင်းကျေးရွာကို သွားပြီးတော့ ပညာသင်ရတယ်။ အခု အဲဒီစခန်းရှေ့က ဖြတ်သွားဖို့ မပေးတော့တာကြောင့် ပညာသင်ဖို့ အတွက်လည်း အခက်အခဲ ဖြစ်နေတယ်။ ကျွန်တော်တို့ရွာမှာ ဆေးခန်းမရှိတော့ ညောင်ချောင်းကိုသွားပြီး ဆေးကုရတယ်။ အခု စခန်းရှေ့ကနေ ဖြတ်လို့မရတော့ လူနာတွေလည်း ဒုက္ခရောက်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 




Rohingya Eye
RB News
15.2.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း မြင်းလွတ်မြို့နယ်ခွဲမှ ကတ္တရာလမ်း ပြုပြင်ရန် ကန်ထရိုက် ရရှိထားရာ လုပ်ငန်းခွင်တွင် ခိုင်းနေသည့် အလုပ်သမားများကို လုပ်အားခ မပေးနိုင်သောကြောင့် အလုပ်သမားများက စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် တောင်ပိုင်း၊ မြင်းလွတ်မြို့နယ်ခွဲ၊ ရပ်ကွက် (၅) မှ ဦးဘူးရ်ဟာန် (ဘ) မော်လ၀ီအာဘူလ်ကာဆိမ်း (အသက် ၃၅ နှစ်) နှင့် ရပ်ကွက် (၃) မှ ဦးမူဖီးဇ် (ဘ) မော်လ၀ီဖော်ဇော်လ်ကော်ရိမ်း (အသက် ၃၂ နှစ်) တို့နှစ်ဦးသည် နူရူလ္လာရွာမှ အလယ်သံကျော် ကျေးရွာအထိ ကတ္တရာလမ်း ပြင်ရာတွင် လိုအပ်သော ကျောက်ကွန်ကရစ်များကို မြင်းလွတ်မြို့နယ်ခွဲ၊ ရပ်ကွက် (၈) ၏ အရှေ့ဘက် တောင်တန်းမှ ကျောက်တုံးများ ထုတ်ယူ၍ ကျောက်ကွန်ကရစ် ပြုလုပ်ရန် သိန်း ၃၀၀ ဖြင့် ခရိုင်အုပ်ချုပ်ရေးရုံးမှ ကန်ထရိုက် ရရှိခဲ့သည်။ 

၎င်းတို့နှစ်ဦးသည် အဆိုပါ လုပ်ငန်းကို အလုပ်သမား ၄၀ ဦးဖြင့် ဒီဇင်ဘာလ (၁၅) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ထိ လုပ်ကိုင်ခဲ့သည်။ ကန်ထရိုက် ရထားသူနှစ်ဦးက ကွန်ကရစ်ကားတစ်စီးလျှင် ငွေကျပ် တစ်သောင်းရှစ်ထောင်နှုန်းဖြင့် အလုပ်သမား ၄၀ ဦးကို ငှားရမ်းလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ အလုပ်သမားများသည် ကားအစီး ၁၀၀ ကွန်ကရစ် ထုတ်လုပ်ပြီးစီးသော်လည်း လုပ်အားခ တစ်ပြားမှ မရရှိသေးကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ကန်ထရိုက် ရထားသူနှစ်ဦးက ခရိုင်အုပ်ချုပ်ရေးရုံးမှ ကန်ထရိုက်ငွေ အပြည့်အ၀ မရရှိသောကြောင့်  အလုပ်သမားများကို ငွေမပေးနိုင်ခြင်း ဖြစ်သည်ဟု အကြောင်းပြချက် ပေးလျက် ရှိသည်။ အလုပ်သမားများ အားလုံးမှာ မြင်းလွတ် ရွာသားများ ဖြစ်ကြောင်း သိရှိရသည်။ 

အလုပ်အကိုင် မရှိသည့် အချိန်တွင် ယခု အလုပ်ကို ပင်ပင်ပန်းပန်း လုပ်ကိုင်ခြင်း ဖြစ်ပြီး၊ လုပ်အားခ မရခြင်းသည် ခေါင်းပုံဖြတ်ခြင်း ကဲ့သို့ ခံစားနေရကြောင်း၊ မိသားစု စားဝတ်နေရေးလည်း အခက်အခဲ ဖြစ်နေသည်ဟု အလုပ်သမားများက ပြောပါသည်။




MYARF
RB News
15.2.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ကျေးရွာတာဝန်ခံ တို့သည် ရွာသားများကို မဟုတ်မမှန် မတရားစွပ်စွဲ၍ ငွေညှစ်လျက် ရှိကြောင်း သတင်းရရှိပါသည်။ 

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ အထက်ကျွဲကြိုမော် ကျေးရွာအုပ်စု၊ ကာဒိရွာမှ ဒေသခံရိုဟင်ဂျာများကို ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလင်းလင်းနှင့် ကျေးရွာတာဝန်ခံ ဦးဆော်လီမူလ္လာ တို့က အောက်တိုဘာလ (၉) ရက်နေ့ တိုက်ခိုက်မှုကို အခွင့်ကောင်းယူ၍ ယင်းကျေးရွာရှိ အိမ်ခြေ ၁၈၀ မှ ငွေကျပ် သိန်း ၇၀၀ ကျော် ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ကျေးရွာတာဝန်ခံက ၎င်းသမီး၏ နားသမင်္ဂလာပွဲတစ်ခု ကျင်းပခဲ့သည်။ ယင်းပွဲသို့ ရွာသားများ အားလုံးကို ဖိတ်ခေါ်ခဲ့သည်။ သို့သော်လည်း ချောင်း၏ တောင်ဖက်တွင် နေထိုင်ကြသည့် ဆင်းရဲသား ရွာသားများမှာ အလုပ်လက်မဲ့ ဖြစ်နေ၍ ငွေကြေးမတတ်နိုင်သဖြင့် အဆိုပါပွဲသို့ မလာရောက်သည်ကို ကျေးရွာတာဝန်ခံက မကျေနပ်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ရုံးမှတဆင့် ရွာသား ၁၀ ဦးကျော်ကို ဆင့်ခေါ်၍ ငွေညှစ်ခဲ့သည်။ ပွဲသို့ မသွားနိုင်သူများ အားလုံး ငွေညှစ်ခံရမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောပါသည်။

ငွေညှစ်ခံရသူအချို့မှာ --

(၁) ဦးလာလား (ဘ) ဦးအဒူဟာလဲခ် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/-
(၂) ဦးဟူဆောင်း (ဘ) ဦးယာရ်မာမတ် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/-
(၃) ဦးအီဆုပ်ဇော်လာလ် (ဘ) ဦးဆွေတာမတ် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/-
(၄) ဦးမုစ်တာအာမတ် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/-
(၅) ဦးလာလား (ဘ) ဦးဆုလ်တာန် - ညှစ်ခံရငွေကျပ် ၇၅၀၀၀/- -- တို့ဖြစ်ကြသည်။

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း ဖရုံချောင်းကျေးရွာုအပ်စု၊ ဒိုးတန်းရွာမှ ဦးဒိလ်မာမတ်၊ ဦးအာဘူလ်ကာဆိမ်း နှင့် ဦးတော်ယုပ် တို့အပါအ၀င် (၆) ဦးတို့သည် မြစ်ကမ်းစပ်ရှိ ကျုံးတောထဲတွင် ငှက်များဖမ်းနေစဉ် ညောင်ချောင်း နယ်မြေ အခြေစိုက် သစ်တောဦးစီးဌာနမှ ဦးလှထွန်းနှင့် ဘုရားပြင်အောင်ပကျေးရွာမှ သတင်းပေး ဦးအာယုပ်ခါးန် တို့က သစ်တောဝန်ထမ်းနှင့် သတင်းပေးအချို့တို့နှင့် အတူ ကျူံးတောထဲသို့ သွားရောက်၍ ငှက်ဖမ်းနေသည့် ရွာသား (၆) ဦးကို ဖမ်းဆီး၍ ကြိုးနှင့် ချည်နှောင်ကာ ညောင်ချောင်းသို့ ခေါ်ဆောင်သွားပြီး တစ်ဦးချင်းစီထံမှ ငွေကျပ် ၄ သောင်းစီ ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ရပ်ကွက် (၄) မှ ဦးမိုဟာမတ်ကာဆိမ်း (ဘ) ဦးအာဘူလ်ဟူစိန်းကို ညောင်ချောင်းနယ်မြေ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးကို စခန်းသို့ ခေါ်သွားပြီးနောက် နိုင်ငံခြားမှ ငွေအထောက်အပံ့ရရှိနေသည်ဟု လုပ်ကြံစွပ်စွဲ၍ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ ဖေဖော်ဝါရီလ (၂) ရက်နေ့ကလည်း ဦးနူရ်မာမတ် (ဘ) ဦးကာဒိရ်ဟူစိန်း ထံမှ ငွေကျပ် ၈ သိန်းနှင့် ဇန်န၀ါရီလ (၃၀) ရက်နေ့တွင်လည်း ဦးအာလောမ် (ဘ) မော်လ၀ီ အီဗြာဟိမ်း ထံမှ ငွေကျပ် ၆ သိန်း ညှစ်ယူခဲ့သည်။ 


MYARF
RB News
15.2.2017

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ဘုရားပြင်အောင်ပ ကျေးရွာတွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့၊ စ.ရ.ဖ နှင့် စစ်တပ်တို့က ရွာသားများထံမှ နည်းမျိုးဖြင့် ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်းနယ်မြေ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ရဲမှူးနှင့် ၎င်း၏ လက်ထောက်ဖြစ်သူ တပ်ကြပ်ကြီး သိန်းစိန်တို့သည် ဇန်န၀ါရီလ (၂၇) ရက်နေ့တွင် ဘုရားပြင်အောင်ပ ကျေးရွာမှ ဈေးဆိုင်ရောင်းသူ ဦးဒိလ်မာမတ် (ဘ) ဦးအဒူလာမီးန်၊ မော်လ၀ီဦးအဒူလ္လာ (ဘ) ဦးအဒူလာမီးန်၊ မော်လ၀ီမာမတ်အာမီးန် (ဘ) ဦးကော်ဘိရ် တို့ကို အမျိုးမျိုး ခြိမ်းခြောက်၍ ငွေကျပ် နှစ်သိန်းစီ၊ စုစုပေါင်း ၆ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဖေဖော်ဝါရီလ (၄) ရက်နေ့တွင်လည်း ဘုရားပြင်အောင်ပ ကျေးရွာမှ ဦးဟာမိတ်ဟူစိန်း (ဘ) ဦးအာဘူလ်ဟာရှိမ်း ကို ခြိမ်းခြောက်၍ ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့သည်။ 

“အားလုံးကို မောင်တောက နယ်ခြားစောင့်ရဲစခန်းတွေ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး ခြိမ်းခြောက် ငွေညှစ်တာ” ဟု ဒေသခံတစ်ဦးက ပြောပါသည်။ 

ဖေဖော်ဝါရီလ (၁၃) ရက်နေ့ နံနက်ပိုင်းတွင် ဘူးသီးတောင်မြို့နယ် တောင်ပိုင်း၊ ညောင်ချောင်း နယ်မြေ အခြေစိုက် စ.ရ.ဖ မှ တာဝန်ရှိသူနှင့် ၎င်း၏ သတင်းပေး ဘုရားပြင်အောင်ပရွာမှ ဦးရှိချာ (ဘ) ဦးမာမတ်ရှော်ရိဖ် တို့သည် ဘုရားပြင်အောင်ပ ကျေးရွာအုပ်စု၊ ရပ်ကွက် (၉) မှ မော်လ၀ီအဒူဟာလဲခ် ကို ခြိမ်းခြောက်၍ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။ 

ညောင်းချောင်းကျေးရွာရှိ အထက်တန်းကျောင်းတွင် စခန်းချထားသည့် စစ်တပ်မှ တပ်ရင်းမှူးက ဖေဖော်ဝါရီလ လဆန်းပိုင်းတွင် ဘုရားပြင်အောင်ပ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီး ကို ဆင့်ခေါ်၍ စစ်သားများ အတွက် အစားအသောက်များကို ကျေးရွာမှ တာဝန်ယူ၍ ပေးရန် ပြောခဲ့သည်။ စစ်တပ်က တောင်းခံသည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးက အခွင့်ကောင်းယူ၍ ရာအိမ်မှူးများကို ခေါ်ကာ အိမ်လေးလုံးစီ ပေါင်း၍ ငွေကျပ် တစ်သောင်း တန်ဖိုးရှိသော ကြက်တစ်ကောင်စီ ကောက်ခံရန် အမိန့်ပေးခဲ့သည်။ သို့ဖြစ်၍ ရာအိမ်မှူးများကလည်း အုပ်ချုပ်ရေးမှူး၏ အမိန့်အတိုင်း အိမ်လေးလုံးပေါင်း၍ ကြက်တစ်ကောင်စီ ကောက်ခံလျက် ရှိသည်။ ကြက်မရှိသူများထံမှ အိမ်တစ်အိမ်လျှင် ငွေကျပ် ၂၅၀၀ စီ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အသွားအလာ ပိတ်ဆို့ထား၊ ထင်းခုတ်ရန် တောင်သို့လည်း သွားခွင့်မပြု၊ ငါးဖမ်းရန် မြစ်ချောင်းသို့လည်း ဆင်းခွင့်မပြုသဖြင့် ရိုဟင်ဂျာများ စားဝတ်နေရေး အခက်ကြုံနေရသည့် အခြေအနေတွင် စစ်တပ်ကို ထမင်းကျွေးရန်ဟု ဆိုကာ ကြက်များ၊ ငွေများ ကောက်ခံနေခြင်းသည် ရွာသားများအတွက် အလွန်ကြီးလေးသော ၀န်ထုပ်ဝန်ပိုး ဖြစ်နေသည်။ မပေးလျှင်လည်း ဖမ်းဆီးခံရမည်ဟု ခြိမ်းခြောက်လျက်ရှိသည်။ အချို့သော ဆင်းရဲသော မိသားစုများမှာ ကိုယ်တိုင် အငတ်ခံ၍ စစ်တပ်အတွက် ပေးနေရသည်ဟု ဒေသခံများက ပြောပါသည်။ 

ဘုရားပြင်အောင်ပ ကျေးရွာတွင် ရွာသားများက အလှူပွဲ၊ မင်္ဂလာပွဲ ပြုလုပ်လျှင်လည်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကြီးက ခွင့်ပြုကြေးဟု ဆိုကာ ငွေကျပ် ၂၅၀၀၀ မှ ၅၀၀၀၀ ထိ ကောက်ခံသည်ဟု ဒေသခံများက ဆိုသည်။ 




ကျော်စွာဝင်း
RB News
14.2.2017

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် သတင်းထုတ်ပြန်ရေးကော်မတီမှ နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ် တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လူ့အခွင့်အရေးချိုးဖောက်မှု မရှိခဲ့ကြောင်း၊ ခိုင်လုံသော အထောက်အထားဖြင့် တင်ပြနိုင်ပါက ကျူးလွန်သူများကို တရားဥပဒေနှင့် အညီ ထိရောက်စွာ အရေးယူမည်ဟု မကြာခဏထုတ်ပြန်လေ့ရှိသည်ကို တွေ့မြင်နေရသည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သိရှိနိုင်ရန် အောက်ပါ လူ့အခွင့်အရေး ချိုးဖောက်မှု နှစ်ခုကို တင်ပြလိုက်ပါသည်။

(က) မောင်တောဒေသတွင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် တိုက်ခိုက်မှုနှင့် တစ်စုံတစ်ရာဆက်နွယ်မှုမရှိသည့် အပြစ်မဲ့ ရွာသူရွာသား ၆၀၀ ကျော်ကို ဖမ်းဆီး၍ ညှဉ်းပန်းနှိပ်စက်မှုပေါင်းများစွာ ပြုလုပ်ပြီး နယ်ခြားစောင့်ရဲတပ်ဖွဲ့ အချုပ်ခန်းများတွင် ရက်ပေါင်းများစွာ ချုပ်နှောင်ထားခဲ့ရာမှ ဘူးသီးတောင်မြို့နယ်ရှိ အကျဉ်းထောင်သို့ ပြောင်းရွှေ့ ချုပ်နှောင်ထားသည်မှာ ယခုဆိုလျှင် ၄ လ ကျော်နေပြီ ဖြစ်သည်။ အချို့မှာ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကြောင့် အကျဉ်းထောင်ထဲတွင်ပင် သေဆုံးသွားခဲ့သည်။ ဘူးသီးတောင်မြို့နယ် အကျဉ်းထောင်တွင် ဖမ်းဆီးချုပ်နှောင်ထားသူများအား မိသားစုဝင်များနှင့် တွေ့ဆုံခွင့် မပေးခြင်း၊ ရှေ့နေငှားခွင့် မပေးခြင်း စသည့် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုများကို ခံစားနေရခြင်း။

(ခ) ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၂၃) ရက်နေ့တွင် ကျီးကန်းပြင် အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ် ကွပ်ကဲရေးမှူး ရဲမှူးချုပ်သူရစန်းလွင် က ကျီးကန်းပြင်တောင်ရွာမှ မော်လ၀ီဇာဖာရ်အာမတ်နှင့် ကျီးကန်းပြင်အလယ်ရွာမှ မော်လ၀ီရော်ဖိတ် တို့နှစ်ဦးကို ၀ါးပိတ်ရွာမှအပြန် ကျီးကန်းပြင်ဌာနချုပ် အနီးတွင် ကျီးကန်းပြင်အလယ်ရွာရှိ နေအိမ်များအားလုံးမှ ဒေသခံရွာသားများ အားလုံးကို ညနေအတွင်း နေအိမ်များမှ အပြီးစွန့်ခွာသွားရန်၊ လိုက်နာမှုမရှိပါက သေနတ်ဖြင့် ပစ်သတ်မည်ဟု ခြိမ်းခြောက်၍ မှာကြားခဲ့သဖြင့်၊ နေအိမ်များ အားလုံးမှ ရွာသူရွာသားများအားလုံး ယင်းနေ့ ညနေအတွင်း နေအိမ်များ စွန့်ခွာခဲ့ရသည်။ နောက်တစ်နေ့တွင် ရွာသူရွာသားများက ၎င်းတို့၏ နေအိမ်များတွင် ရှိနေသည့် ပစ္စည်းများ ယူရန်သွားသည့်အခါ နယ်ခြားစောင့်ရဲများက ရွာထဲသို့ပင် ၀င်ခွင့်မပေးဘဲ အသေပစ်သတ်မည်ဟု ခြိမ်းခြောက်၍ မောင်းထုတ်ခဲ့သည်။ အဆိုပါ ရွာသူရွာသားများမှ ယခုအချိန်ထိ ရွာထဲသို့ ၀င်ရောက်ခွင့် ပိတ်ပင်ခံထားရပြီး၊ ရဲမှူးချုပ်သူရစန်းလွင်၏ အမိန့်ကြောင့် အိမ်ခြေ (၂၉၉ ) လုံးမှ အိမ်ထောင်စု (၂၇၉) စု၊ လူဦးရေအားဖြင့် (၂၁၅၄) ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

နေအိမ်များမှ မောင်းထုတ်ခံရသူများကို ရဲမှူးချုပ်သူရစန်းလွင် က အခြားကျေးရွာများတွင် နေထိုင်နိုင်ရန် တစ်စုံတစ်ရာ ဆောင်ရွက်ပေးခြင်း မရှိခဲ့ဘဲ၊ မောင်းထုတ်ခံရသူများက မိမိတို့၏ အစီအစဉ်ဖြင့် ကျီးကန်းပြင် အနောက်ရွာနှင့် တောင်ရွာတို့ရှိ နေအိမ်များနှင့် ခြံဝင်းများအတွင်းတွင် ဒုက္ခမျိုးစုံဖြင့် နေထိုင်နေရသည်။ အလယ်ရွာရှိ နေအိမ်များမှ ရွာသူရွာသားများ မောင်းထုတ်ခံရပြီးနောက် နေအိမ်များအတွင်းရှိ ပရိဘောဂနှင့် အိမ်သုံးပစ္စည်းများကို န.တ.လ ရွာသားများ၊ ရခိုင်ရွာသားများက ယူဆောင်သွားခဲ့သည်။ ဤသည်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုကြီး တစ်ခုဖြစ်ပေသည်။

သို့ဖြစ်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် အထက်ပါ လူ့အခွင့်အရေး ချိုးဖောက်မှု နှစ်ခုတွင် ကျူးလွန်သူများအား ထိရောက်စွာ အရေးယူဆောင်ရွက် ပေးနိုင်ရန် တင်ပြအပ်ပါသည်။

Rohingya Eye
RB News
14.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာအခြေစိုက် တပ်ရင်းမှ စစ်သားများက ဒေသခံတစ်ဦး၏ ဆိတ်တစ်ကောင်ကို ၎င်းတို့၏ ခွေးများဖြင့် ကိုက်စေပြီးနောက် လုယက်ယူသွားခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၁၁) ရက်နေ့ နံနက် ၉  နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာအခြေစိုက် တပ်ရင်း ၅၃၅ မှ စစ်သား ၇ ဦးသည် ရွာကြီးရွာသို့ ၎င်းတို့၏ ခွေးများနှင့် အတူဝင်ရောက်လာပြီး၊ ဦးဟာရှီးမ်မူလ္လာ (ဘ) ဦးအလီမျာ (အသက် ၄၅ နှစ်) ၏ နေအိမ်ခြံဝင်း အနောက်ဘက်သို့ သွားရောက်၍ ကျက်စားနေသည့် ဆိတ်ထီးတစ်ကောင်ကို ၎င်းတို့နှင့် အတူပါလာသည့် ခွေးများအား ကိုက်စေခဲ့သည်။ ခွေးများကိုက်လိုက်သည့် ဆိတ်သည် သေလုမျောပါး အခြေအနေသို့ ရောက်နေသဖြင့် ဆိတ်ပိုင်ရှင်၏ အိမ်နီးချင်း ဖြစ်သူ ဦးအစ္စလာမ် (ဘ) ဦးရှုနာလီ (အသက် ၄၇ နှစ်) က အစ္စလာမ်တရားတော်နှင့်အညီ စားသောက်နိုင်ရန် လည်လှီးရန် ကြိုးစားနေခဲ့ရာ စစ်သားများက ၎င်းအား သစ်သားတုတ်ဖြင့် ရိုက်နှက်ပြီးနောက် ဆိတ်ကို လုယက်ယူဆောင် သွားခဲ့ကြသည်။ 

ဦးအစ္စလာမ်သည် စစ်သားများ၏ ရိုက်နှက်ခံရမှုကြောင့် ခြေထောက်တစ်ဘက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး၊ လုယက်ယူဆောင်သွားသည့် ဆိတ်၏ ကာလတန်ဖိုးမှာ ငွေကျပ် ၈ သောင်းကျော် ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

“ဆိတ်ပိုင်ရှင်က တံငါးသည်တစ်ဦးပါ၊ အရမ်းဆင်းရဲတယ်၊ အခု အလုပ်လက်မဲ့ ဖြစ်နေတဲ့အချိန်လည်း ဆိတ်လည်း လုခံရတယ်။ စစ်သားတွေက ဆိတ်ပိုင်ရှင်ကို လျော်ကြေးပေး တောင်းပန်ရမယ့်အစား ဆိတ်ကို လုယက်သွားတာက လက်နက်အားကိုးနဲ့ သောင်းကျန်းနေတာ ဖြစ်ပါတယ်။ အစိုးရက လုံခြုံရေးတပ်ဖွဲ့တွေကို အခုလိုလုပ်ဖို့ တရားဝင်ခွင့်ပြုထားတာလား သံသယဖြစ်မိတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 




Rohingya Eye
RB News
13.2.2017

ရသေ့တောင် ။ ။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းရေး စစ်ဆေးရေး ကော်မရှင်က နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လုယက်ခဲ့သည့် ဆိုင်ကယ်များ တန်ဖိုးကို ပေးလျော်ပေးလိမ့်မည်ဟု ပြောဆိုခဲ့သော်လည်း နယ်ခြားစောင့်ရဲတပ်ဖွဲ့က ဆိုင်ကယ် (၄) စီးအတွက် ငွေကျပ် ၆ သိန်းသာ ပေးသဖြင့် လက်ခံမယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းပေးလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင် အဖွဲ့သည် ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ရသေ့တောင်မြို့နယ် ကိုးတန်းကောက်ကျေးရွာအုပ်စု၊ ဒူးမ်ဆိတ်ရွာသို့ သွားရောက်ပြီး အဖွဲ့ (၃) ဖွဲ့ခွဲကာ ရွာသူရွာသားများနှင့် သီးခြားတွေ့ဆုံခဲ့သည်။ ရွာသူရွာသားများက နစ်နာဆုံးရှုံးမှုများကို ပွင့်ပွင့်လင်းလင်း တင်ပြခဲ့ပြီး၊ ယခင်က နယ်ခြားစောင့်ရဲများက ဒူးမ်ဆိတ်ရွာမှ ရွာသား (၄) ဦး၏ ဆိုင်ကယ် (၄) စီးကို လုယက်ယူဆောင်သွားသည်ကို တင်ပြခဲ့ရာ၊ ကော်မရှင်အဖွဲ့က သက်ဆိုင်ရာ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ လျော်ကြေးပေးလိမ့်မည်ဟု ပြောဆိုခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။ 

ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ဒူးမ်ဆိတ်ရွာမှ ရပ်မိရပ်ဖ (၁၀) ဦးကို ဆိုင်ကယ်များ အတွက် နစ်နာကြေး ယူရန်အတွက်ဟု ဆိုကာ ကိုးတန်ကောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ နေ့လည် ၂ နာရီ အချိန်တွင် ဆင့်ခေါ်ခဲ့သည်။ အဆိုပါ ရပ်မိရပ်ဖ (၁၀) ဦး ကင်းစခန်းသို့ ရောက်သောအခါ ကင်းစခန်း တာဝန်ခံက အမျိုးမျိုး ခြိမ်းခြောက်ပြီး နှစ်နာရီကြာ ထိပ်တုံးခတ်ထားခဲ့သည်။ ထို့နောက် ဆိုင်ကယ် (၄) စီးအတွက် နစ်နာကြေး ငွေကျပ် (၆) သိန်း ပေး၍ အတင်းအဓမ္မ လက်မှတ်ထိုးခိုင်းသော်လည်း ရပ်မိရပ်ဖများက လက်မခံခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

“တဖက်က ကော်မရှင်က နစ်နာကြေး ပေးဖို့ပြောတယ်။ ဒါပေမယ့် နယ်ခြားစောင့်ရဲတပ်ဖွဲ့က ခြိမ်းခြောက်နေတယ်။ ဆိုင်ကယ် ၄ စီးရဲ့ တန်ဖိုးက သိန်း ၂၀ ကျော်ရှိတယ်။ သူတို့ ပေးနေတာက ၆ သိန်း၊ နစ်နာကြေးပေးနေတာလား၊ အခွင့်အာဏာကို အလွဲသုံးစား လုပ်နေတာလားလို့ မေးခွန်းထုတ်ချင်တယ်” ဟု ရွာလူကြီးတစ်ဦးက ပြောပါသည်။ 

လုယက်ခံရသည့် ဆိုင်ကယ်ပိုင်ရှင်များမှာ --

(၁) ဇီယာဘူလ်ဟောက် (ဘ) ဦးမာမတ် (အသက် ၂၅ နှစ်)
(၂) ဇီယာဘူရာမန် (ဘ) ဦးမာမတ် (အသက် ၂၈ နှစ်)
(၃) မော်လ၀ီဇူဘိရ် (ဘ) ဦးအာဇီးမ်အာမတ် (အသက် ၂၈ နှစ်)
(၄) မော်လ၀ီဇူဘိုရ် (ဘ) ဦးဇာဖောရ်ဟူစိန်း (အသက် ၂၁ နှစ်) -- တို့ဖြစ်ကြသည်။ 



Rohingya Eye
RB News
13.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း တပ်ချောင်းကျေးရွာအုပ်စုတွင် အာဏာပိုင်များက ဥပဒေဖြင့် ပြေလည်အောင် ဖြေရှင်းပေးရမည့် ကိစ္စတစ်ခုကို အခွင့်အာဏာ အလွဲသုံးစားလုပ်၍ ငွေညှစ်ခဲ့ပြီး၊ ထပ်မံ၍ ငွေညှစ်နေသဖြင့် မိသားစုအလိုက် တိမ်းရှောင်နေရကြောင်း သတင်းရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း၊ နယ်မြေ (၁) တပ်ချောင်းကျေးရွာအုပ်စု၊ ရွှေဒိုင် (ဘာဟာသ်ဆဲဒါ) ရွာမှ ဦးအဒူမော်တော်လော်ဖ် (ဘ) ဦးကာလာမျာ (အသက် ၆၅ နှစ်) ၏ နေအိမ်သို့ ဦးမိုဟာမတ်အီနုစ် (ဘ) ဦးတန်ဒါမျာ (အသက် ၅၅ နှစ်) ၏ သားဖြစ်သူ အစ္စလာမ် (အသက် ၁၆ နှစ်) က သွားရောက်၍ ဦးအဒူမော်တော်လော်ဖ်၏ တတိယမြောက်သမီး ဖြစ်သူနှင့် စကားပြောဆိုသည်ကို ဦးအဒူမော်တော်လော်ဖ်က တွေ့မြင်သွားပြီး ဒူးညှိ (ဒေါမ်ဂါးဖာရာ) ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ သွားရောက် တိုင်တန်းခဲ့ရာ ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် နယ်ခြားစောင့်ရဲများ၊ ပြည်သူ့စစ်များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်နှင့် စစ်သားများ ပူးပေါင်း၍ ဦးမိုမာမတ်အီနုစ်၏ နေအိမ်ကို သွားရောက်၍ ရှာဖွေခဲ့ကြသည်။ 

ဦးမိုမာမတ်အီနုစ်နှင့် သားဖြစ်သူတို့ တိမ်းရှောင်သွားခဲ့သဖြင့် ၎င်း၏ သမီးများဖြစ်ကြသော ဂူရာဖူသူနီ (အသက် ၁၈ နှစ်) နှင့် မူနာဘိ (အသက် ၁၇ နှစ်) တို့ကို အိမ်အပြင်သို့ ထွက်ခိုင်း၍ နေပူထဲတွင် နံနက် ၁၀ နာရီမှ ၁၂ နာရီထိ မတ်တပ်ရပ်ခိုင်းထားခဲ့သည်။ အဆိုပါ မိန်းကလေးများကို နေအိမ်သို့ ရှာဖွေရန်လာသူများက မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။ 

လာရောက်ရှာဖွေသူများက ဦးမိုဟာမတ်အီနုစ် ကို ကင်းစခန်းသို့ မပို့ပါက မိန်းကလေးနှစ်ဦးကို ကင်းစခန်းသို့ ဖမ်းဆီးခေါ်သွားမည်ဟု ခြိမ်းခြောက်၍ ပြန်သွားခဲ့ကြသည်။ 

ဦးမိုဟာမတ်အီနုစ်သည် တိမ်းရှောင်နေရာမှ အိမ်သို့ ပြန်လာကာ ကင်းစခန်းသို့ သွားရောက်၍ ငွေကျပ် ၁၀ သိန်းနှင့် ဆိတ်တစ်ကောင် ပေးကာ ပြေလည်မှု ရယူခဲ့ရကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်လှိုင်၏ သွေးထိုးလှုံ့ဆော်ပေးမှုကြောင့် ဦးအဒူမော်တော်လော်ဖ်က လျော်ကြေးငွေ ၅ သိန်း တောင်းခံခဲ့ရာ၊ ဦးမိုဟာမတ်အီနုစ်တွင် ငွေပေးရန် မရှိတော့သဖြင့် မိသားစုတစ်စုလုံး အခြားရွာတစ်ရွာသို့ တိမ်းရှောင်သွားခဲ့ရကြောင်း ဒေသခံများက ပြောပါသည်။ 

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းကို ပေးခဲ့ရသည့် ငွေကျပ် ၁၀ သိန်းကိုလည်း ၎င်းတွင် ရှိသည့် နွားနှင့် လယ်မြေရောင်းချ၍ ရရှိသောငွေများကို ပေးခဲ့ခြင်း ဖြစ်သည်။ 

“ဘာမှမဟုတ်တဲ့ ကိစ္စတစ်ခုကို ဒေသခံအာဏာပိုင်၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လူမှုရေးရှုထောင့်ကနေ ပြေလည်အောင် လုပ်နိုင်ပါလျက်နဲ့ မိန်းကလေးတွေကို မဖွယ်မရာလုပ်တယ်၊ ပြီးတော့ ငွေညှစ်တယ်။ ရထားတဲ့ အခွင့်အာဏာကို အလွဲသုံးစားလုပ်နေတာတွေ အစိုးရက အမြန်ဆုံး ရပ်တန့်ပေးဖို့ တောင်းဆိုချင်တယ်” ဟု ကျေးရွာမှ လူကြီးတစ်ဦးက ပြောပါသည်။ 



MYARF
RB News
13.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့မကညင်တန်းမှ ဓါးထိုးမှုနှင့် မသက်ဆိုင်သည့်သူကို ရဲတပ်ဖွဲ့က ဖမ်းဆီး၍ ငွေညှစ်ရန် ကြိုးစားနေကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် မောင်တောမြို့နယ် မြို့မကညင်တန်းကျေးရွာအုပ်စု၊ ဒိလ်ဖာရာမှ ဒေါ်ဟာမီဒါ၏ မောင်ဖြစ်သူနှင့် ယင်းရွာမှ ရွာသားတစ်ဦးတို့ ရန်ဖြစ်ခဲ့ကြရာ ဒေါ်ဟာမီဒါ၏ မောင်ဖြစ်သူက ၎င်းနှင့် ရန်ဖြစ်သူကို ဓါးဖြင့် ထိုးခဲ့သည်။ 

ဓါးထိုးမှုနှင့် ပတ်သက်၍ ညနေ (၄) နာရီ အချိန်ခန့်တွင် မောင်တောမြို့မရဲစခန်းမှ နယ်ထိန်းများသည် ရွာထဲသို့ လာရောက်၍ ပြစ်မှုကျူးလွန်သူကို ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် သီးခြားအိမ်ခွဲ၍ နေထိုင်သည့် ဒေါ်ဟာမီဒါကို ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဒေါ်ဟာမီဒါသည် ဓါးထိုးမှုနှင့် မည်သို့မှ ပတ်သက်ခြင်း မရှိသော်လည်း နယ်ထိန်းများက ပြစ်မှုကျူးလွန်သူနှင့် မောင်နှမတော်စပ်သည်ကို အကြောင်းပြ၍ ဖမ်းဆီးသွားခြင်း ဖြစ်ပြီး၊ ယခုအခါ ပြန်လွှတ်ပေးရန် အတွက် ငွေကျပ် ၅ သိန်း တောင်းခံနေကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ 

ဒေါ်ဟာမီဒါ တွင် နို့စို့ကလေးနှင့် အရွယ်မရောက်သေးသော ကလေးငယ်များလည်း ရှိကြောင်း သိရှိရသည်။




MYARF
RB News
13.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကျေးရွာများသို့ စစ်သားများ ၀င်ရောက်ပြီး ကင်းလှည့်နေသည်ဟု ဆိုကာ ဒေသခံ ရွာသားများကို ထမင်းကျွေးခိုင်းသည့် အပြင်၊ ဘီယာ၊ ဖုန်းငွေဖြည့်ကဒ်များပင် အတင်းအဓမ္မ ယူနေကြောင်း သတင်းရရှိပါသည်။ 

မောင်တောမြို့နယ် မြောက်ပိုင်း၊ လောင်းဒုံကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာအုပ်စုနှင့် အောင်စစ်ပြင်ကျေးရွာအုပ်စုများတွင် တာဝန်ကျ လှုပ်ရှားလျက်ရှိသည့် စစ်သား (၃၅) ဦး ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ကျေးရွာအုပ်စုတစ်စုစီတွင် နှစ်ရက်ကြာစီ နေထိုင်၍ ကင်းလှည့်လျက်ရှိပြီး၊ အဆိုပါ စစ်သားများ စားသောက်ရန် အတွက် ကျေးရွာမှ တာဝန်ယူရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

စစ်သားများသည် ကျေးရွာတစ်ရွာသို့ ရောက်သည်နှင့် ဆယ်အိမ်မှူးများ၊ ရာအိမ်မှူးများ၊ တာဝန်ခံ၊ အုပ်ချုပ်ရေးမှူး စသည်တို့မှ တစ်ဦးဦးကိုခေါ်၍ အစားအသောက်များ တောင်းကြသည်။ အကယ်၍ အစားအသောက် မကျွေးပါက နေအိမ်များထဲသို့ ကိုယ်တိုင်ဝင်ရောက်၍ ယူမည်၊ တစ်ရွာလုံး မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက်သဖြင့် ရွာသားများက ကြောက်ရွံ၍ ကိုယ်တိုင်စားသောက်ရန် အခက်အခဲကြုံနေရသည့်ကြားက ဆင်းရဲချမ်းသာမရွေး နေအိမ်တိုင်းမှ ငွေကျပ်တစ်ထောင်စီ ကောက်ခံ၍ စစ်သားများကို ထမင်းကျွေးနေရကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဆင်သေပြင် ကျေးရွာသို့ ဇန်န၀ါရီလ (၈) ရက်နေ့က တစ်ကြိမ်၊ ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် တစ်ကြိမ် စစ်သားများ ရောက်ရှိလာခဲ့ရာ ထမင်း ၄ ကြိမ်ကျွေးရာတွင် ငွေကျပ် နှစ်သိန်းခွဲခန့် ကုန်ကျခဲ့သည်။ ထမင်းအပြင် ဘီယာတစ်ဖာနှင့် ဖုံးငွေဖြည့်ကဒ်များလည်း ပေးရသည်ဟု ဒေသခံများက ပြောပါသည်။ 

အာဏာပိုင်များက ဒေသခံရိုဟင်ဂျာများကို သွားလာခွင့် ပိတ်ပင်ထားသဖြင့် အလုပ်လက်မဲ့ ဖြစ်နေရသည့် အချိန်တွင် စားဝတ်နေရေး ခက်ခဲလျက်ရှိနေစဉ် စစ်သားများကို တစ်ပတ်နှစ်ကြိမ် ထမင်းကျွေးနေရသည်မှာ ကြီးစွာသော ၀န်ထုပ်ဝန်ပိုး ဖြစ်သည်ဟု ဆိုသည်။

ဆင်သေပြင်ကျေးရွာသားများ အခက်အခဲ ကြုံတွေ့လျက်ရှိသလို အခြားသောရွာများတွင်လည်း အလားတူ အခက်အခဲကြုံတွေ့လျက်ရှိကြောင်း သိရှိရသည်။ 



MYARF
RB News
February 13, 2017

မောင်တော ။ ။ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဖွဲ့စည်းလိုက်သည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ဓါးကြီးစားကျေးရွာသို့ ရောက်ရှိလာပြီး၊ ဓါးကြီးစား၊ ရေခပ်ချောင်းခွဆုံ၊ သူဦးလာ၊ ပွင့်ဖြူချောင်း၊ မြောတောင်နှင့် ကျားခေါင်းတောင် ကျေးရွာများမှ ဒေသခံရိုဟင်ဂျာများကို စစ်ဆေးခဲ့ပြီး၊ ပြည်နယ် ၀န်ကြီးချုပ်က မီးရှို့ခံရသည့် နေရာများကို အစိုးရက သိမ်းလိုက်ပြီဟု ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။

ရှေးဦးစွာ ကော်မရှင်ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းက ကော်မရှင်ကို မိတ်ဆက်ပေးခဲ့သည်။ ထို့နောက် ရခိုင်ပြည်နယ် အစိုးရ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက လုံခြုံရေးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ 

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက ဒေသခံများအနေဖြင့် ဒေသတည်ငြိမ်ရေးအတွက် မိမိတို့ကိုယ်တိုင် အေးအေးချမ်းချမ်း နေထိုင်ရန်၊ အကြမ်းဖက် သောင်းကျန်းသူများကို မိမိတို့ရပ်ရွာများတွင် နေထိုင်ခွင့် မပြုရန်၊ အကယ်၍ ရောက်လာပါက စစ်တပ်နှင့်ပူးပေါင်း၍ ဖမ်းဆီးပေးရန်၊ မဖမ်းပေးလျှင် ၎င်းတို့ကြောင့် ရွာသားများလည်း ဒုက္ခခံရမည်ဖြစ်ကြောင်း၊ ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင်လည်း စစ်တပ်က အကြမ်းဖက်သမားများကို ဖြိုခွဲနှိမ်နင်းနေစဉ် ရွာသားအချို့ ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့ကြောင်း ပြောဆိုခဲ့သည်။

ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုက မင်းတို့အတွက် ပြည်နယ်အစိုးရက ဒုက္ခသည်စခန်း ဆောက်ပေးရန် စီစဉ်နေသည်ဟု ပြောကြားရာ နေအိမ်မီးရှို့ခံခဲ့ရသော ဒေသခံအမျိုးသမီးတစ်ဦးက မိမိတို့၏ မူလနေရာများတွင်သာ ပြန်လည်နေထိုင်လိုသည်ဟု တင်ပြခဲ့သည်။ ဦးညီပုက မီးလောင်ခံရသည့်နေရာများကို အစိုးရက သိမ်းဆည်းလေ့ရှိသောကြောင့် မင်းတို့မြေတွေကိုလည်း သိမ်းလိုက်ပြီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ ယခင်နေရာများတွင် ပြန်လည်နေထိုင်ခွင့် မရှိကြောင်း၊ အစိုးရက စီစဉ်ပေးသည့် နေရာတွင်သာ နေရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကျေးရွာအုပ်စု တစ်စုမှ ဒေသခံ ၆ ဦးစီ၊ အုပ်စု ၆ စုမှ ဒေသခံ ၃၆ ဦးကို ရွေးယူကာ တစ်ဦးကို တစ်နေရာစီ သီးခြားခေါ်သွားပြီး ကော်မရှင်အဖွဲ့က တစ်နာရီကျော် စစ်ဆေးခဲ့သည်။ ထိုသို့ အုပ်စု ၆ စုကို စစ်ဆေးရာတွင် ညနေ နေ၀င်ချိန်ထိ စစ်ဆေးရကြောင်း ဒေသခံများက RB News သို့ပြောသည်။ စစ်ဆေးစဉ် ဘာသာပြန်အဖြစ် ရိုဟင်ဂျာစကား ပြောဆိုတတ်သော ရခိုင်လူမျိုးများကို အသုံးပြုခဲ့သည်။

ဒေသခံများ ပြောသည့်အတိုင်း ဘာသာပြန်ပေးသူ ဘာသာမပြန်ဘဲ၊ စစ်ဆေးသူကလည်း ၎င်းတို့ အလိုအကျအတိုင်း ရေးခဲ့ကြောင်း ဒေသခံအချို့က ဝေဖန် ပြောဆိုနေကြသည်။

စစ်ဆေးခံရသူများထဲတွင် ဓါးကြီးစားကျေးရွာမှ ဦးဟူစိန်းအာမတ်ဆိုသူက ဗမာစကားကို ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်သဖြင့် ဘာသာပြန် မလိုအပ်ဘဲ တိုက်ရိုက် ပြောဆိုနိုင်ခဲ့သည်။ ၎င်းက စစ်သားများက နေအိမ်များကို လောင်ချာဖြင့် ပစ်၍ မီးရှို့ခဲ့ကြောင်း၊ ရွာသားများကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ပြောဆိုခဲ့ရာ၊ စစ်ဆေးသူက စစ်သား၏ အမည်၊ တပ်ရင်း၊ မည်သည့်နေရာက မည်သည့်အိမ်၊ ကိုယ်တိုင် မြင်/မမြင် များကို အသေးစိတ် မေးမြန်းခဲ့သည်။ ဦးဟူစိန်းအာမတ်က မိမိကိုယ်တိုင် မြင်တွေ့ခဲ့ကြောင်း၊ မိမိ၏ အိမ်လည်း မီးရှို့ခံခဲ့ရကြောင်း ပြောကြားခဲ့သည်။

ထို့နောက် စစ်ဆေးသူက ၎င်း၏ ပညာအရည်အချင်းကို မေးမြန်းရာ ၎င်းက ဘွဲ့ရဟု ဖြေကြားခဲ့သည်။ စစ်ဆေးသူများက အနီးအနားရှိ ပညာမဲ့တစ်ဦးကို ခေါ်၍ ဦးဟူစိန်းအာမတ်၏ ပညာအရည်အချင်းကို မေးမြန်းရာ အဆိုပါ ပညာမဲ့က ဆယ်တန်းဟု ဖြေသဖြင့် စစ်ဆေးသူက ဦးဟူစိန်းအာမတ်ကို “မင်းလူလိမ်၊ ငါ့ကို ဘွဲ့ရလို့ ပြောခဲ့တယ်။ အခုမင်းကို လိမ်လည်မှုနဲ့ တရားစွဲပြီး ထောင်ချမယ်” ဟု ခြိမ်းခြောက်၍ ၎င်းဖြေဆိုခဲ့သမျှ ကြံဖန် လိမ်လည် ဖြေဆိုခဲ့သည်ဟု အတင်းအဓမ္မ ၀န်ခံထွက်ဆိုခိုင်းပြီး ဗီဒီယိုရိုက်ကူးခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကော်မရှင်အဖွဲ့ မရောက်မီ နံနက်စောစော အချိန်ကတည်းကပင် စစ်သားများ ရွာထဲသို့ ၀င်ရောက်၍ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။




Rohingya Eye
RB News
11.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စုမှ အပြစ်မဲ့ ဒေသခံ (၈) ဦးကို စစ်သားများက ဖမ်းဆီး၍ (၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် (၅) ဦးကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ လွှဲပြောင်းပေး၍ ချုပ်နှောင်ထားကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ နံနက် ၂ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျီးကန်းပြင် ကျေးရွာအုပ်စု၊ တောင်ရွာသို့ စစ်သား ၆၀ ဦးခန့် ပါဝင်သည့် အဖွဲ့ ၀င်ရောက်လာပြီး အဖွဲ့ (၃) ဖွဲ့ခွဲ၍ စစ်ဆေးခဲ့သည်။ ဒေသခံရွာသားများ၏ နေအိမ်အချို့ကို ၀င်ရောက် စစ်ဆေးခဲ့ပြီး၊ ရွာအတွင်း လှည့်လည် စစ်ဆေးခဲ့သည်။

အဖွဲ့ (၃) ဖွဲ့မှ တစ်ဖွဲ့သည် ငါးမွေးကန်များရှိ တဲများဘက်သို့ သွားရောက်၍ စစ်ဆေးခဲ့ပြီး၊ ငါးမွေးကန်များကို စောင့်ရှောက်ရန် ရောက်ရှိနေသည့် ငါးမွေးကန်ပိုင်ရှင်များ အပါအ၀င် ဒေသခံ (၈) ဦးကို ဖမ်းဆီး၍ အောင်ဇေယျရွာသို့ ခေါ်ဆောင်သွားခဲ့သည်။ နံနက် ၉ နာရီ အချိန်တွင် ဖမ်းဆီးထားသူ (၈) ဦးမှ (၃) ဦးကို ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန်သည့် ငါးဦးကို စစ်ဆေးရန်ဟု ဆိုကာ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်သို့ လွှဲပြောင်းပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

နယ်ခြားစောင့်ရဲတပ်ဖွဲ့ ဌာနချုပ်၌ ချုပ်နှောင်ခံထားရသူများမှာ --

(၁) ဦးမိုဟာမတ်အီဆက် (ဘ) ဦးအာဘူဆူဖီယန် (အသက် ၃၅ နှစ်) - ကျီးကန်းပြင် အလယ်ရွာမှ
(၂) ဦးဖာရုခ် (ဘ) ဦးအာဘူဆူဖီယန် (အသက် ၃၃ နှစ်) - ကျီးကန်းပြင် အလယ်ရွာမှ
(၃) ဦးဟာဖီဇူရာမန် (အသက် ၃၈ နှစ်) - ကျီးကန်းပြင် အလယ်ရွာမှ
(၄) ရှောမ်ရှု (ဘ) ဦးနူရ်အာလောမ် (အသက် ၂၅ နှစ်) - ကျီးကန်းပြင် အနောက်ရွာမှ
(၅) ဦးရှုနာမျာ (ဘ) ဦးဆောယာဒ်အာမတ် (အသက် ၃၅ နှစ်) - ကျီးကန်းပြင် ၀ါးပိတ်ရွာမှ -- တို့ဖြစ်ကြသည်။

ဖမ်းဆီးခံထားရသူများနှင့် ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ရာတွင် ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ည ၈ နာရီအချိန်တွင် ဖမ်းဆီးခဲ့သည်ဟု လွှဲမှားစွာ ရေးသားထားပြီး၊ ဖမ်းဆီးခံထားရသူများ၏ ရွာများလည်း မှားယွင်းနေသည်ဟု ဒေသခံများက ထောက်ပြသည်။

ထို့အပြင် ၎င်းတို့အား ငါးမွေးကန်ရှိ တဲများမှ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး၊ ကျွဲတပြင် ကျေးရွာဘက်သို့ သွားနေခြင်းမှ ဖမ်းဆီးခဲ့ခြင်း မဟုတ်ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောသည်။




Rohingya Eye
RB News
11.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူကျေးရွာအုပ်စု အခြေစိုက် နယ်ခြားစောင့်ရဲများက ဆိုင်ကယ်ကယ်ရီသမားကို ရိုက်နှက် ငွေလုယက်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့ ညနေ ၄ နာရီ အချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာအုပ်စု၊ ဟိုက်ဒေါရ်ခူးန်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ရွာကြီးရွာမှ မော်တော်ဆိုင်ကယ် ကယ်ရီသမား ဦးဟာမိတ်ဟူဆောင်း (ဘ) ဦးနော်ဘီဟူဆောင်း (အသက် ၂၇ နှစ်) ကို အလယ်သံကျော် ကျေးရွာမှ ပြန်လာနေစဉ် ရပ်တန့်ခိုင်းပြီး လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် အိတ်ထဲတွင် ပါလာသည့် ငွေကျပ် ၇ သောင်းကိုလည်း လုယက်ခဲ့သည်။ 

“ဆိုင်ကယ် ကယ်ရီသမားက ဆင်းရဲသားပါ။ အဲဒီငွေတွေလည်း သူများကို ပေးဖို့ တစ်ယောက်က ပေးထားတာပါ။ အခုလို လိုင်စင်ရ သောင်းကျန်းသူ ဓါးပြပုံစံနဲ့ လုယက်နေတာက အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေလား၊ အစိုးရရဲ့ မူဝါဒက ဒီလိုလား ဆိုတာ အစိုးရကိုယ်တိုင် ပြန်ဆန်းစစ်ဖို့ လိုတယ်” ဟု ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 




Rohingya Eye
RB News
11.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာမှ နွားရောင်းချသည့် သားအဖနှစ်ဦးနှင့် လှိုင်းချီးကျေးရွာမှ နွားဝယ်သူတို့ကို အာဏာပိုင်များက ဖမ်းဆီး၍ နွားဝယ်သူထံမှ ငွေညှစ်ခဲ့ပြီး၊ နွားရောင်းသူ၏ နွားများကို သိမ်းယူခဲ့ကြောင်း သတင်းရရှိပါသည်။ 

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မောင်တောမြို့နယ် မြောက်ပိုင်း သစ်တုံးနားခွဆုံ ကျေးရွာမှ ဦးအဘူဆီးဒိတ် (ဘ) ဦးအဒူကော်ရိမ် (အသက် ၅၀ နှစ်) သည် စားဝတ်နေရေး အကျပ်အတည်း ကြုံတွေ့သဖြင့် နွားထီး ၅ ကောင် ရှိရာမှ နွား ၂ ကောင်ကို လှိုင်းချီးကျေးရွာမှ ဒေသခံတစ်ဦးကို ငွေကျပ် ၈ သိန်းဖြင့် ရောင်းချခဲ့သည်။ နွားများကို ၀ယ်ယူသူသည် လှိုင်းချီးကျေးရွာသို့ သယ်ယူသွားနေစဉ် လမ်းတစ်ဝက်တွင် ကျေးရွာ တာဝန်ခံဖြစ်သူ ဦးမူရ်တာဇာ (ဘ) ဦးဘော်ရှီရ်က ဖမ်းဆီး၍ ၎င်း၏ နေအိမ်တွင် ချုပ်နှောင်ထားခဲ့သည်။ 

ထို့အပြင် နွားများရောင်းချသူ ဦးအာဘူဆီးဒိတ်နှင့် သားဖြစ်သူ ဦးအဒူဆလာမ် (အသက် ၃၀ နှစ်) တို့ကိုလည်း ဖမ်းဆီး၍ လားညှာချောင်းရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ အပ်နှံခဲ့သည်။ 

ယင်းနေ့ ညနေ ၅ နာရီ အချိန်တွင် နယ်ခြားစောင့်ရဲများက ထိုမှတဆင့် အောင်ဇူး ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေ ၂ ရုံးသို့ ဆက်လက်ပို့ဆောင်ခဲ့သည်။ အဆိုပါ နယ်မြေရုံးတွင် ညှဉ်းပန်းနှိပ်စက်မှုကြောင့် ဦးအာဘူဆီးဒိတ်၏ သွားနှစ်ချောင်း ကျိုးသွားခဲ့သလို၊ ကျန်နှစ်ဦး၏ မျက်နှာများလည်း ယောင်ယမ်း၍ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

နယ်ခြားစောင့်ရဲများက နွားဝယ်သူထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ပြီး၊ နွားရောင်းချသူ၏ နွားနှစ်ကောင်ကို သိမ်းယူ၍ ဖေဖော်ဝါရီလ (၉) ရက်နေ့ နံနက် ၈ နာရီ အချိန်တွင် (၃) ဦးလုံးကို ပြန်လည် လွှတ်ပေးခဲ့သည်။ 

ကျေးရွာတာဝန်ခံများအား နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းရန် အမိန့်ပေးထားသဖြင့် ကျေးရွာတာဝန်ခံများကလည်း ညှဉ်းပန်းနှိပ်စက်၍ ငွေညှစ်ရာတွင် ပါဝင်နေရပြီး၊ လက်နက်ကိုင် အာဏာပိုင်များ၏ အမိန့်များကြောင့် ဒေသခံများ အလွန်ဒုက္ခရောက်လျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။ 




Rohingya Eye
RB News
10.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကွမ်းသီးပင်ကျေးရွာအုပ်စု၊ နံ့သာတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများသည် ကျူရှင်သွားကြိုသည့် ကလေးများ၏ အုပ်ထိန်းသူများကို ဖမ်းဆီး၍ ရိုက်နှက်ပြီးနောက် ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကွမ်းသီးပင်ကျေးရွာအုပ်စု၊ နံ့သာတောင် ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးသည် ဖေဖော်ဝါရီလ (၆) ရက်နေ့ ည ၈ နာရီ အချိန်တွင် လာဖိုယာရွာအတွင်း ကင်းလှည့်နေစဉ် ဦးဆီရာဇူလ္လာ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၀ နှစ်) ၏ နေအိမ်ထဲသို့ ၀င်ရောက်၍ အဆိုပါနေအိမ်တွင် စာသင်နေသည့် ကလေးငယ်များ၏ ဖခင်များကို တွေ့ရှိပြီးနောက် ၎င်းတို့ကို ဖမ်းဆီး၍ ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့အား ဖေဖော်ဝါရီလ (၇) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် ငွေညှစ်၍ ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဦးဆီရာဇူလ္လာ၏ နေအိမ်တွင် မူလတန်းအဆင့် ကျောင်းသား/သူများကို ကျူရှင်ပြလျက်ရှိပြီး၊ မိဘများက ၎င်းတို့၏ သားသမီးများကို အိမ်ပြန်ခေါ်သွားရန် လာရောက်သည့် အချိန်တွင် နယ်ခြားစောင့်ရဲများက ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ 

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူများမှာ --

(၁) ဦးဆီရာဇူလ္လာ (ဘ) ဦးဆုလ်တာန်အာမတ် (အသက် ၅၀ နှစ်) - ညှစ်ခံရငွေကျပ် ၈ သောင်း
(၂) ဟူစိန်း (ဘ) ဦးအာမိရ်ဟူစိန်း (အသက် ၂၀ နှစ်) - ညှစ်ခံရငွေကျပ် ၃ သိန်း
(၃) နော်ယိမ်း (ဘ) ဦးဆီရာဇူလ်အစ္စလာမ် (အသက် ၂၂ နှစ်) - ညှစ်ခံရငွေကျပ် ၅ သောင်း
(၄) ဦးနူရ်ဟူဆောင်း (ဘ) ဦးဂူရာမျာ (အသက် ၅၆ နှစ်) - ညှစ်ခံရငွေကျပ် ၅ သောင်း 
(၅) ဦးဇိုက်သ်ဟူဆောင်း (ဘ) ဦးဂေါ်ဖ်ဖော်ရ် (အသက် ၃၀ နှစ်) - ညှစ်ခံရငွေကျပ် ၈ သောင်း တို့ဖြစ်ကြသည်။ 

ဖမ်းဆီးခံရပြီး ငွေညှစ်ခံရသူ (၅) ဦးကို နယ်ခြားစောင့်ရဲများက ရိုက်နှက်ခဲ့ခြင်းကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ 



Rohingya Eye
RB News
9.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်းရှိ ကျေးရွာများတွင် အခြေစိုက်သည့် စစ်တပ်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ တို့က ဒေသခံများထံမှ အတင်းအဓမ္မ ငွေညှစ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီလ (၇) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်ရင်း ၅၃၅ မှ တပ်ရင်းမှူးသည်  မြင်းလွတ်မြို့နယ်ခွဲ၊ ရပ်ကွက် (၈) ခုမှ အုပ်ချုပ်ရေးမှူး များကို နယ်ခြားစောင့်ရဲတပ်ဖွဲ့ နယ်မြေရုံးသို့ ဆင့်ခေါ်ကာ ဘူးသီးတောင်မြို့နယ် အခြေစိုက် စစ်ဗျူဟာမှူး အတွက် ရေစုပ်စက်တစ်လုံး ၀ယ်ပေးရန်အတွက် တစ်ရပ်ကွက်လျှင် ငွေကျပ် ၆ သောင်းစီ မဖြစ်မနေ ကောက်ခံပေးရန် မှာကြားခဲ့သဖြင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများက ရပ်ကွက်သားများထံမှ ငွေကောက်ခံရန် စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ 

မြင်းလွတ်မြို့နယ်ခွဲရှိ ဒေသခံများသည် တောင်တန်းမှ ထင်းခုတ်လုပ်ငန်း၊ ပင်လယ်ထွက် ငါးဖမ်းလုပ်ငန်းများကို အဓိက ထား၍ လုပ်ကိုင်ခဲ့ကြသော်လည်း ၂၀၁၆ ခုနှစ် အောက်တိုဘာလ (၉) ရက်နေ့ နောက်ပိုင်းတွင် အဆိုပါ လုပ်ငန်းများ ပိတ်ပင်ခံရသဖြင့် စားဝတ်နေရေး အလွန်ကျပ်တည်းလျက် ရှိရာ ယခုကောက်ခံနေသည့် ငွေများပေးရန် အခက်အခဲရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် မောင်တောမြို့နယ် တောင်ပိုင်း ရှီလ်ခါလီကျေးရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ  နယ်ခြားစောင့်ရဲများသည် အလယ်သံကျော် ကျေးရွာအုပ်စု။ မောင်တူလာကျေးရွာသို့ သွားရောက် ဦးဝါဒူရောန် (ဘ) ဦးရှော်မူလော့ခ် (အသက် ၅၅ နှစ်) ၏ နေအိမ်ခြံဝင်းသို့ သွားရောက်၍ အိမ်သာနှင့် ရေချိုးခန်းများတွင် ပလတ်စတစ်ဖြင့် အကာအရံများ ပြုလုပ်ထားသည်ကို အကြောင်းပြ၍ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ထို့အပြင် ဦးအေနာမူလ္လာ (ဘ) ဦးဆီဒိတ် (အသက် ၄၅ နှစ်) ကိုလည်း အလားတူ စွပ်စွဲ၍ ငွေကျပ် တစ်သိန်းခွဲ ညှစ်ယူခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

အခြားနေအိမ် (၈) လုံးမှ အိမ်သာနှင့် ရေချိုးခန်းများကို အတင်းအဓမ္မ ဖြိုဖျက်ခဲ့သည်။

ယင်းနေ့ နံနက် ၉ နာရီအချိန်တွင် အလယ်သံကျော် ကျေးရွာမှ ဒေသခံရိုဟင်ဂျာများသည် ကားများဖြင့် မြို့ပေါ်သို့ သွားနေစဉ် ဗောဓိကုန်း စစ်ဆေးရေးဂိတ်၌ စစ်ဆေးခံသောအခါ နယ်ခြားစောင့်ရဲများက NVC ကဒ်မပါလျှင် သွားခွင့်မပြုနိုင်ဟု ဆိုကာ ခရီးသည်များနှင့် ယာဉ်မောင်းများကို ဆက်သွားခွင့် မပေးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်များအရ သိရှိရသည်။


MYARF
RB News
9.2.2017

မြင်းလွတ် ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင် မြင်းလွတ်မြို့ အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးက ရွာသားတစ်ဦးထံမှ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မြင်းလွတ်မြို့ အရှေ့ပိုင်းရပ်ကွက်မှ ဦးဟာဘေဇုလ္လာ (ဘ) မော်လ၀ီဆော်ယာဒ်အာဇိမ် ကို ရပ်ကွက်အုပ်ချုပ်ရေးမှူး ဖြစ်သူ ဦးဇီယာဘုလ်ဟောက် က ဧည့်စာရင်းတိုင်ကြားခြင်း မရှိဘဲ နေအိမ်တွင် ဧည့်သည်ထားခဲ့သည်ဟု စွပ်စွဲ၍ အမျိုးမျိုးခြိမ်းခြောက်ကာ ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့သည်။

အရှေ့ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးသည် ရွာသားများကို အမျိုးမျိုး လုပ်ကြံစွပ်စွဲ ခြိမ်းခြောက်၍ နေ့စဉ်ဆိုသလို ငွေညှစ်လေ့ရှိကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

၎င်းသည် တစ်ရပ်ကွက်တည်းနေ ဦးဆော်ယာဒ်အာလောမ် (ဘ) ဦးကာလာဆန် ကို ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင် အဖြစ် ခန့်အပ်မည်ဟု ဆိုကာ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ငွေကျပ် သိန်း ၂၀ ယူခဲ့ပြီး၊ ယခုအချိန်ထိ ခန့်အပ်နိုင်ခြင်း မရှိဟု သိရှိရသည်။ 



MYARF
RB News
9.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း၊ ကျောက်ပြင်ဆိပ် ကျေးရွာမှ အကျင့်ပျက် အမျိုးသမီးတစ်ဦးကို အသုံးချ၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဟာဘိစ်အာမတ်နှင့် ကျောက်ပြင်ဆိပ် ကျေးရွာအခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ဦးဆောယာဒ်အာခ်ဘောရ် (ဘ) ဦးဘောခ်ကောရ် (အသက် ၅၀ နှစ်) ထံမှ ငွေကျပ် သိန်း ၂၀ နီးပါး ညှစ်ယူခဲ့ကြောင်း သတင်း ရရှိပါသည်။

ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် ကျောက်ပြင်ဆိပ် ကျေးရွာမှ အကျင့်ပျက် အမျိုးသမီး တစ်ဦးဖြစ်သည့် ဒေါ် ----- (အသက် ၃၇ နှစ်) က ကိုယ်ဝန်ဖျက်ချခဲ့သည်။ ထိုသတင်းကို ကျေးရွာအုပ်ချုပ်ရေးမှူးက ကြားသိပြီးနောက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းသို့ တိုင်တန်းခဲ့ရာ ယင်းနေ့တွင်ပင် အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ကိုယ်ဝန်မည်သူနှင့် ရရှိခဲ့သနည်းဟု မေးမြန်းပြီးနောက် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများက ယင်းကျေးရွာမှ ငွေကြေးချမ်းသာသူ ဦးဆောယာဒ်အာခ်ဘောရ် (အသက် ၅၀ နှစ်) နှင့် ရခဲ့သည်ဟု ပြောခိုင်းခဲ့သည်။ 

ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးဆောယာဒ်အာခ်ဘာရ်ကို ၎င်း၏ အိမ်သို့ခေါ်၍ ဒေါ် ---- က ဦးဆောယာဒ်အာခ်ဘောရ်နှင့် ကိုယ်ဝန်ရရှိခဲ့သည်ဟု နယ်ခြားစောင့်ရဲများအား တိုင်တန်းထားကြောင်း၊ ဖမ်းဆီး ထောင်ချခံရမည်ဟု ခြိမ်းခြောက်၍၊ ငွေ (၅) သိန်းပေးပါက ကယ်တင်နိုင်မည်ဟု ပြောဆိုခဲ့သည်။ ဦးဆောယာဒ်အာခ်ဘောရ်ကလည်း ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခံရမည်ကို စိုးရိမ်၍ ငွေကျပ် ၄ သိန်းခွဲပေးလိုက်ကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ အုပ်ချုပ်ရေးမှူးက ဦးဆောယာဒ်အာခ်ဘောရ် ထံမှ ညှစ်ယူခဲ့သည့်ငွေများကို နယ်ခြားစောင့်ရဲများအား ခွဲဝေမပေးဘဲ တစ်ဦးတည်း ယူခဲ့သည်။ 

နယ်ခြားစောင့်ရဲများက ရွာအတွင်းသို့ လာရောက်ပြီး ဦးဆောယာဒ်အာခ်ဘောရ်ကို အကြိမ်ကြိမ် ရှာဖွေပြီးနောက် ဖေဖော်ဝါရီလ (၅) ရက်နေ့တွင် ငွေကျပ် ၁၅ သိန်း ညှစ်ယူခဲ့သည်။ ထို့နောက် ၁၅ သိန်းမှ နယ်ခြားစောင့်ရဲများက ၅ သိန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူးက ၅ သိန်းနှင့် အမျိုးသမီးက ၅ သိန်း ခွဲဝေယူခဲ့ကြသည်။ 

ဦးဆောယာဒ်အာခ်ဘောရ်သည် အကျင့်ပျက်တစ်ဦးမဟုတ်ဘဲ အကျင့်စာရိတ္တ ကောင်းမွန်သူ တစ်ဦးဖြစ်သည်။ ၎င်းအား လုပ်ကြံစွပ်စွဲရခြင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့်ရဲများက ငွေညှစ်၍ ရမည်ကို သိခြင်းကြောင့် ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။

ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် ကျောက်ပြင်ဆိပ်ကျေးရွာမှ ဦးဂျော်မိလ် (ဘ) ဦးဆောယာဒ်ကော်ရိမ် ဆိုသူက ၎င်း၏ ခယ်မဖြစ်သူနှင့် စကားများခဲ့သည်ကို အကြောင်းပြု၍ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ညီတော်စပ်သူ ရပ်မိရပ်ဖ ဦးဟာဘီအုလ္လာက နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်း တာဝန်ခံ အတွက်ဟု ဆိုကာ ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့သည်။ ငွေမပေးပါက နယ်ခြားစောင့်ရဲများက လာရောက်၍ ဖမ်းဆီးခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ တဖန် ကျေးရွာအုပ်ချုပ်ရေးမှူးက ဦးဂျော်မိလ် ကို ဆင့်ခေါ်၍ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှူး၏ အမိန့်အရဟု ဆိုကာ ငွေကျပ်တစ်သိန်း တောင်းခံရာ ဦးဂျော်မိလ် အုပ်ချုပ်ရေးမှူး၏ ညီဖြစ်သူကို နယ်ခြားစောင့်ရဲအတွက်ဟု ဆိုကာ ငွေကျပ် ၅ သောင်း ပေးခဲ့သည်ဟု ရှင်းပြသော်လည်း အုပ်ချုပ်ရေးမှူးက “အဲဒါငါမသိဘူး၊ ငါ့ကို တစ်သိန်းပေးရမယ်၊ မပေးရင် ဖမ်းခံရမယ်” ဟု ခြိမ်းခြောက်၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ 

ဇန်န၀ါရီလ (၁၀) ရက်နေ့တွင်လည်း ယင်းကျေးရွာမှ အီနုစ် (ဘ) ဦးအဒူရှကူရ် (အသက် ၁၄ နှစ်) နှင့် ကော်လိမ်ဂျူဟာရ် (ဘ) ဦးရှောဘိရ် (အသက် ၁၈ နှစ်) တို့ အချင်းချင်း ရန်ဖြစ်ခဲ့သည်ကို ကျေးရွာအုပ်ချုပ်ရေးမှူးထံ တိုင်ကြားခဲ့ရာ အုပ်ချုပ်ရေးမှူးက နယ်ခြားစောင့်ရဲများ ခေါ်လာပြီး ကော်လိမ်ဂျူဟာရ် ထံမှ ငွေကျပ် ၂ သိန်း ညှစ်ယူခဲ့သည်။ ဇန်န၀ါရီလ (၂၃) ရက်နေ့တွင် တဖန် ထပ်မံစကားများကြရာ ကျေးရွာအုပ်ချုပ်ရေးမှူးက ကော်လိမ်ဂျူဟာရ်သည် အီနုစ်၏ မိခင်ဖြစ်သူကို အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့သည်ဟု လုပ်ကြံစွပ်စွဲ၍ နယ်ခြားစောင့်ရဲများ ခေါ်လာပြီး လိုက်လံဖမ်းဆီးသဖြင့် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောပါသည်။ 







ထက်အောင်
9.2.2017

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်ရာ ဒေသတွေက မောင်တောနဲ့ ဘူးသီးတောင်ဒေသအပါအ၀င် ဒေသတွင်း လိုအပ်မယ့် နေရာတွေကို လူသားချင်းစာနာရေး အကူအညီတွေ ပံပိုးကူညီသွားဖို့အတွက် မလေးရှားနိုင်ငံကနေ အစားအသောက်နဲ့ ဆေးဝါး တန်ချိန် ၂၀၀၀ ကျော် သယ်ဆောင်လာတဲ့ သင်္ဘောတစ်စီးဟာ ဒီကနေ့မှာပဲ မြန်မာအစိုးရထံ အကူအညီတွေ လွဲပြောင်း ပေးအပ်ခဲ့ပါတယ်။

ဒီအထောက်အပံတွေကို ရခိုင်ပြည်နယ် အစိုးရကနေတစ်ဆင့် ပဋိပကက္ခဖြစ်ခဲ့တဲ့ ဒေသတွေက နှစ်ဖက်အသိုင်းအ၀ိုင်းကြား ခွဲခြားမှူမရှိပဲ ကူညီဝေမျှသွားမယ်လို့ လူမှူဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။ အပြည့်အစုံကိုတော့ အကူအညီလွဲပြောင်းရာ သီလ၀ါ ဆိပ်ကမ်းကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်ရာဒေသတွေက ဒုက္ခသည်တွေအတွက် အစားအသောက်နဲ့ ဆေးဝါးအထောက်အပံတွေ ပံပိုးကူညီသွားဖို့ မလေးရှားနိုင်ငံက သင်္ဘောတစ်စီး ဒီကနေ့ မှာပဲ ရန်ကုန်မြို့ သီလ၀ါဆိပ်ကမ်းကို ဆိုက်ရောက်လာပါပြီ။ ဒီသင်္ဘောကို Food Flotilla For Myanmar မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခအကူအညီလို့ နာမည်ပေးထားပြီး မလေးရှား လူမှူအဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ အစားသောက် ဆေးဝါး နေ့စဉ်သုံး ပစ္စည်းတွေ အ၀တ်အထည် နဲ့ စောင်စတဲ့ လူသုံးပစ္စည်း တန်ချိန် ၂၃၀၀ တင်ဆောင်လာတာဖြစ်ပါတယ်။

ဒီထောက်ပံရေး ပစ္စည်းတွေကို မြန်မာအစိုးရ လူမှူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက လက်ခံရယူခဲ့ပြီး ရခိုင်ပြည်နယ်ကို ပို့ဆောင်သွားမှာဖြစ်ပါတယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံဖြစ်တဲ့ မလေးရှားအနေနဲ့ ရခိုင်ပြည်နယ်အတွက် အခုလိုမျိုး လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ ပံပိုးကူညီတဲ့အပေါ်မှာ လူမှူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စု ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက အခုလို ပြောပါတယ်။

“အခု မလေးရှားနိုင်ငံကနေ ကူညီထောက်ပံတဲ့ လူသားချင်းစာနာထောက်ထားရေး အကူအညီတွေဟာ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခဒဏ်ခံခဲ့ကြရတဲ့ ဒေသခံတွေအတွက် အကျိုးရလဒ် ကြီးမားပါတယ်။ မြန်မာအစိုးရအနေနဲ့လည်း မလေးရှားနိုင်ငံက အကြံပြုထားတဲ့အတိုင်း ပဋိပက္ခဖြစ်ရာ ဒေသတွေက အသိုင်းအ၀ိုင်းတွေကြား ဒီအထောက်အပံတွေကို ကူညီဝေမျှသွားဖို့ စီစဉ်ထားပါတယ်။ မလေးရှားအစိုးရရဲ့ အခုလို ကူညီမှူဟာ ဒေသတွင်း အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား စည်းလုံးညီညွှတ်မှူနဲ့ နားလည် ယုံကြည်မှူ တည်ဆောက်ရာလည်း ကျပါတယ်။” လို့ ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောဆိုသွားခဲ့တာပါ။

ပြီးခဲ့တဲ့ သောကြာနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့က မလေးရှား နိုင်ငံကနေ စတင်ထွက်လာခဲ့တဲ့ မြန်မာနိုင်ငံအတွက် စားနပ်ရိက္ခတင်သင်္ဘော Nautrical Alliya ကို မြန်မာရေတပ် စစ်သင်္ဘော တစ်စင်းက စောင့်ရှောက်ပြီး ရန်ကုန်ဆိပ်ကမ်းကို ခေါ်ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒီအကူအညီတွေကို ရခိုင်ပြည်နယ် အစိုးရကနေတစ်ဆင့် မောင်တော ဘူးသီးတောင်ဒေသတွေအပါအ၀င် ဒေသတွင်း လိုအပ်တဲ့ နေရာတွေကို ထောက်ပံ ကူညီသွားဖို့ စီစဉ်ထားတာပါ။ ဒီသင်္ဘောပေါ်မှာ တင်ဆောင်လာတဲ့ စားနပ်ရိက္ခာ နဲ့ ဆေးဝါး စုစုပေါင်း ဒေါ်လာ ၁ သန်းကျော် ရခိုင်ပြည်နယ်အတွက် ထောက်ပံ့ ကူညီတာဖြစ်တယ်လို့ ဒီအကူအညီလွဲပြောင်းပွဲမှာ တက်ရောက်ခဲ့တဲ့ မလေးရှားနိုင်ငံ ဒုတိယ နိုင်ငံခြားရေး ၀န်ကြီးက ပြောပါတယ်။ ဒါ့အပြင် နိုင်ငံတွေကြား ယုံကြည်မှုတည်ဆောက်ရမှာဖြစ်ပြီး အကူအညီတွေ လွဲပြောင်းပေးဖို့အတွက် အတူလက်တွဲလုပ်ဆောင်ရမှာဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“အထောက်အပံ့ပစ္စည်းတွေ အစိုးရကိုလွှဲပြောင်းပေးလိုက်ပါပြီ။ ဖြန့်ဖြူးရေးကိုလည်း သူတို့ကဘဲ လုပ်ပေးမှာဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ တချိန်လုံး အဆိုးမြင်နေလို့မဖြစ်နိုင်ပါဘူး။ နိုင်ငံတွေအကြား ယုံကြည်မှု တည်ဆောက်ကြမှဖြစ်မှာပါ။ ရခိုင်ပြည်နယ်မှာ ဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျနော်တို့ နက်နက်နဲနဲ စိုးရိမ်မကင်းဖြစ်ရတာတွေကို အလေးအနက်ထုတ်ဖေါ်ပြောဆိုထားပြီးဖြစ်ပေမယ့်၊ ဒီနေရာမှတင် ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ သူတို့တကယ်ရှိနေတဲ့နေရာမှာ ဒီပစ္စည်းတွေလွှဲပြောင်းပေးနိုင်ဖို့အတွက် အတူတကွလက်တွဲဆောင်ရွက်နိုင်ဖို့က ပိုအရေးကြီးပါတယ်။”

ဒီအထောက်အပံအကူအညီတွေကို မကြာမှီရက်ပိုင်းမှာပဲ ရခိုင်ပြည်နယ်ကို တင်ပို့သွားမှာဖြစ်ပြီး ပဋိပက္ခာဖြစ်ရာ ဒေသတွေက ရခိုင်နဲ့ မူစလင် အသိုင်းအ၀ိုင်းနှစ်ခုကြား မျှမျှတတ ကူညီထောက်ပံသွားမှာဖြစ်တယ်လို့ ၀န်ကြီး ဒေါက်တာ ၀င်းမြတ်အေးက ပြောပါတယ်။

“အမှန်မှန်တော့ ကျနော်တို့က ဒီပစ္စည်းတွေကို ခုနစကတည်းကနေပြီးတော့ သံအမတ်ကြီးနဲ့လည်း ကျနော်တို့ စကားပြောပြီးပါပြီ၊ ဒီပစ္စည်းတွေ ရောက်လာတယ်၊ ရောက်လာရင် တပ်မတော်ရေယာဉ်က ကူညီမယ်၊ ကူညီပြီးတော့ ဖြစ်တဲ့ စစ်တွေကို ကျနော်တို့ ပို့ပေးမယ် အဓိက မောင်တောဒေသ affected conflict ဖြစ်သွားတဲ့နေရာ ကလူတွေအားလုံးနဲ့ဆိုင်ပါတယ်။”

စားနပ်ရိက္ခာသင်္ဘော Nautical Aliya ဟာ ရန်ကုန် သီလ၀ါ ဆိပ်ကမ်းမှာ ထောက်ပံရေး ပစ္စည်းတွေ ပေးအပ် ပြီးတဲ့နောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ် မူစလင် ဒုက္ခသည်စခန်းတွေဆီကို ရိက္ခတွေပို့ဆောင်ဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။ဒီသင်္ဘောပေါ်မှာ နိုင်ငံပေါင်း ၁၂ နိုင်ငံက ဆေးပညာရှင်တွေ၊ ပညာရေး ကဣကျွမ်းကျင်သူတွေ၊ မလေးရှားနဲ့ နိုင်ငံတကာ သတင်းထောက်တွေအပြင် မလေးရှားနဲ့ နိုင်ငံတကာ လူမှူအဖွဲ့အစည်း NGO တွေက ကိုယ်စားလှယ်တွေ လိုက်ပါလာကြပါတယ်။ ဒီသင်္ဘောမရောက်လာခင် အချိန်အတော်အတွင်းမှာ ဗုဒ္ဓဘာသာ မြန်မာ ဘုန်းကြီးတစ်ချီု့နဲ့ အမျိုးသားရေး လုပ်ရှားသူ လူပေါင်း ၅၀ လောက်ဟာ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လူမျိုး မရှိဘူးဆိုပြီး သီလ၀ါ ဆိပ်ကမ်း အပြင်မှာ ၃ နာရီကျော်ကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဒီ့အပေါ်မှာ မြန်မာအစိုးရဘက်ကကော မလေးရှား နိုင်ငံဘက်ကပါ တစ်စုံတစ်ရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့နှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာအတွင်းဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခတွေနောက်ပိုင်း မြန်မာအစိုးရအနေနဲ့ ဒေသတွင်း အာဆီယံ နိုင်ငံတွေက လူသားချင်းစာနာရေး ထောက်ပံအကူအညီတွေ ရယူတာ ဒါဟာ ဒုတိယအကြိမ်ဖြစ်ပါတယ်။ ဒီ့မတိုင်ခင်လေးမှာ အင်ဒိုနီးရှားနိုင်ငံကနေ ရခိုင်ပြည်နယ်က နှစ်ဖက်အသိုင်းအ၀ိုင်းအတွက် ပြီးခဲ့တဲ့ ဇန်န၀ါရီလအတွင်းမှာ ထောက်ပံ ကူညီခဲ့တာတွေ ရှိပါတယ်။

ပုပ်ရဟန်း အထူးကိုယ်စားလှယ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့တွေ့ဆုံ (MOI)

မဆုမွန်
9.2.2017

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင် လူနည်းစုတွေအပေါ် ရက်ရက်စက်စက် ပြုမူနေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ဗာတီကန်နန်းတော် ဝတ်ပြုဆုတောင်းပွဲမှာ ဝေဖန်လိုက်ချိန်မှာပဲ ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သူမနေအိမ်မှာ လာရောက်တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်အရေး၊ ကချင်ပြည်နယ်အရေးအပါအဝင် ဗာတီကန်နန်းတော်နဲ့ မြန်မာနိုင်ငံ ဆက်သွယ်ရေး သံအမတ် ထားရှိရေး အဓိက ဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။ ဗာတီကန်နန်းတော်က ပုပ်ရဟန်းမင်းကြီးရဲ့ အထူးကိုယ်စားလှယ် Archbishop Paul Tschang in-Nam နဲ့ဒေါ်အောင်ဆန်းစုကြည် တို့ တွေ့ဆုံခဲ့ကြတာ နဲ့ ပတ်သက်လို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး ရဲ့ ကာဒီနယ်လ် ရဟန်းမင်းအမတ်အဖြစ် မြန်မာနိုင်ငံက ပထမဆုံး ခန့်အပ်ခြင်းခံထားရသူ ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo ကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။



ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ ဆရာတော် Charles Boပါ ကာဒီနယ်ပါ။ 

မဆုမွန်။ ။ ဟုတ်ကဲ့ပါ။ ဗာတီကန်က အထူးကိုယ်စားလှယ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတယ်လို့ သိရပါတယ်။ ဆရာတော် Charles Bo တို့လည်း လိုက်သွားတယ်ဆိုတော့ အဓိက ဘယ်လို အကြောင်းအရာတွေ ဆွေးနွေးသလဲဆိုတာ ပြောပြပေးပါလားရှင်။ 

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ အဓိကတော့ ဆရာတော် ကာဒီနယ် Charles Bo နဲ့ ဘန်ကောက်မှာ သီတင်းသုံးနေတဲ့ Vatican Holy See က Archbishop Paul Tschang in-Nam ကိုရီးယားပေါ့နော် သူနဲ့ နောက် မြန်မာပြည် ဆရာတော်ကြီးများရဲ့ အထွေထွေအတွင်းရေးမှူး ဘုန်းတော်ကြီး Father မောရစ်ရော Father ညွန့်ဝေရော ပါတယ်။ ဆွေးနွေးတဲ့အချက်ကတော့ အဓိကတော့ ၂ နှစ် -၃ နှစ်လောက်ရှိပါပြီ ဒေါ်အောင်ဆန်းစုကြည်ကိုပြောထားတာ Vatican Holy See နဲ့ မြန်မာပြည်နဲ့ သံအမတ် အပြန်အလှန်ဆက်သွယ်ရေးနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးကြတာလေနော်၊ Vatican သံအမတ်ဆိုတာ သံရုံးဆိုတော့ တကမ္ဘာလုံးမှာ ၁၇၂ နိုင်ငံနဲ့ အဆက်အသွယ်ရှိတယ်လေ အဲလိုရှိတယ်ဆိုတော့ မြန်မာပြည်လည်း မရှိသေးတဲ့အခါမှာ ရှိဖို့ရန်အတွက်ဆိုပြီးတော့ ဆွေးနွေးကြပါတယ်။

မဆုမွန်။ ။ အဲ့ဒီ့တော့ ဒေါ်အောင်ဆန်းစုကြည်ဘက်က မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ ဘာတွေ များ ပြန် ဆွေးနွေး ပါသလဲရှင်။ 

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ မြန်မာပြည်နဲ့ ပတ်သက်လို့တော့ ခုနက Vatican နဲ့ မြန်မာပြည်နဲ့ အပြန်အလှန်အကျိုးပြုနိုင်ဖို့ အတွက် အထူးသဖြင့် ၂ ဘက်စလုံးကနေပြီးတော့ အကျိုးရှိပြီးတော့၂ ဘက်စလုံးကနေပြီးတော့အကြံပြုနိုင်ဖို့ နိုင်ငံရေး၊ ဘာသာရေး အထူးသဖြင့် မြန်မာပြည်မှာ လွတ်လွတ်လပ်လပ်နဲ့ ဘာသာပေါင်းစုံကို ကိုးကွယ်နိုင်ဖို့ နဲ့ လူမျိုးပေါင်းစုံ ကို အားလုံးကို မခွဲခြားပဲနဲ့ အရေးပေးနိုင်ဖို့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆွေးနွေးတယ်ပေါ့၊ အဲဒီ ဆွေးနွေးတဲ့အထဲမှာလည်း ဒီပြည်တွင်းမှာ ဖြစ်နေတဲ့ အဖြစ်အပျက်တွေပေါ့နော် ရခိုင်မှာပဲဖြစ်နေနေ ၊ ကချင်ပြည်နယ် မှာပဲဖြစ်နေနေ စစ်ဆိုတာ ဘယ်တော့မှ ကောင်းနိုင်တဲ့အရာမဟုတ်ဘူး တိုက်ခိုက်နေတဲ့လူတွေက တရားသောစစ်လို့ပြောပေမယ့်၊ စစ်ဆိုတာ ဘယ်စစ်မှ မတရားဘူး အဲဒါဆိုတော့ ကြားမှာ ပြည်သူပြည်သားတွေ၊ အမျိုးသမီးတွေ ကလေးတွေ ဒုက္ခရောက် နေတယ် အဲဒါကြောင့်မို့လို့ မြန်မာပြည်မှာလည်း တပြည်လုံး အနေနဲ့ အမြန်ဆုံး စစ်များရပ်စဲပြီးတော့ ငြိမ်းချမ်းရေးရဖို့ အဲဒါနဲ့ ပတ်သက်လို့ ပြောကြသေးပါတယ်။

မဆုမွန်။ ။ မနေ့က ဗာတီကန်နန်းတော်မှာ စုဝေးပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က မြန်မာပြည်နဲ့ ပတ်သက်ပြီးတော့ အဓိက ဆုတောင်းပေးဖို့ ဆိုပြီး ပြောသွားတာ ရှိပါတယ်။ မြန်မာပြည်က ရိုဟင်ဂျာ မူဆလင်တွေနဲ့ပတ်သက်ပြီးတော့။ ဆိုတော့ ဆရာတော်တို့ တွေ့ဆုံတဲ့အခါမှာ ဗာတီကန်ဘက်က သတင်းစကားပါးလိုက်တာမျိုး ခုနကပြောသလို ပုပ်ရဟန်းမင်းကြီးရဲ့ ဒီထည့်သွင်းဆုတောင်းပေးတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးခဲ့တာမျိုးရော ရှိပါသလား ဆရာတော်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ မနေ့ကတော့ အဲဒီသတင်း က သိပ်မတက်သေးတော့ ဆုတောင်းပေးတာနဲ့ ပတ်သက်လို့တော့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးတဲ့အထဲမှာတော့ မပြောဖြစ်ခဲ့ဘူး။ ပြောတာက ဘယ်တုန်းကပြောသလဲဆိုတော့ Christmas message မှာ မြန်မာပြည်မှာ အထူးသဖြင့် ကချင်ပြည်နယ်ရော ရခိုင်ပြည်နယ်ရော ဖြစ်ပျက်နေတဲ့အရာတွေပေါ်မှာ အထူးသဖြင့် လူမှုရေးအရ လိုအပ်ချက်များကို ၀ိုင်းဝန်းပြီးတော့ on the Human Basic Need တွေကို ၀ိုင်းကူညီဖို့နဲ့ မတူညီတဲ့ ယုံကြည်ခြင်းထဲမှာ မတူညီတဲ့ လူမျိုးထဲမှာပေါ့နော် မျှမျှတတနဲ့ အတူတူနေထိုင်နိုင်ကြဖို့ ဆိုတဲ့ လက်ရှိဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ဆိုတဲ့ ပုပ်ရဟန်းမင်းကြီးက Christmas message မှာတခါပြောခဲ့တယ်၊ ဇန်န၀ါရီလ အစမှာလည်းပဲ ပုပ်ရဟန်းမင်းကြီးက သံအမတ်တွေနဲ့ စုရုံးတဲ့အခါမှာလည်း ဒီ သံအမတ်တွေကို မြန်မာပြည်နဲ့ ပတ်သက်ပြီး နာမည်ပါ ထုတ်ဖော်ပြီးတော့ပေါ့နော် မြန်မာပြည်မှာ ငြိမ်းချမ်းနိုင်ဖို့ရန်အတွက် ဆိုပြီးတော့ တခါပြောခဲ့ပါတယ်။ မနေ့ကလည်း တခါပေါ့နော် general audiences ဝတ်ပြုဆုတောင်းပွဲမှာ သူကိုယ်တိုင် ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ဟာတွေ ဒုက္ခသည်တွေအတွက် အထူးဆုတောင်းပေးကြဖို့ပေါ့နော် ၊ မြန်မာပြည်လည်း လက်မခံ၊ Bangladesh ကလည်း လက်မခံ ၊ နေရာမဲ့ အိုးမဲ့အိမ်မဲ့ဖြစ်နေတဲ့ လူတွေအတွက် အထူးသတိရ ဆုတောင်းပေးပြီးတော့ နိုင်ငံခြားကလူတွေအားလုံး International community တွေနဲ့ ၀ိုင်းဝန်းပြီးတော့ ကူညီပေးကြရန်အတွက် ရဟန်းမင်းကြီးက အားပေးခဲ့တယ်ပေါ့။

မဆုမွန်။ ။ ဟုတ်ကဲ့ပါ ဆရာတော်။ အဲ့ဒီ့တော့ ဗာတီကန်နန်းတော်နဲ့ မြန်မာနိုင်ငံနဲ့ ချစ်ကြည်ရေးလုပ်ငန်းတွေကိုလည်း ဆက်ပြီးတော့ လုပ်သွားမယ်ဆိုတော့ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဘာတွေများ ဆွေးနွေးဖြစ်ခဲ့ပါသလဲ ဆရာတော်။ 

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့ ပထမဦးဆုံးအနေနဲ့ Vatican Holy Seeသံအမတ်ကို မြန်မာပြည်မှာ ထားနိုင်ဖို့ပေါ့နော် အဲလိုထားတယ်ဆိုရင် မြန်မာပြည်နဲ့ Vatican နဲ့က ပိုမိုပြီးတော့ အကြံပေးစရာ အကျိုးပြုစရာ လုပ်နိုင်ဖို့ ရည်ရွယ်တယ်၊ ပထမဦးဆုံးအချက်ကတော့ မြန်မာပြည်အစိုးရအနေနဲ့ကတော့ Vatican သံအမတ်ကို ရန်ကုန်မှာဖြစ်ဖြစ် မြန်မာပြည်မှာ ထားနိုင်ဖို့ ကို ပထမဦးဆုံးဆောင်ရွက်ပြီးတော့ တခြား ဒါပြီးနောက်ပိုင်းမှာ လိုအပ်သမျှကိုလည်း ဆက်လက်ဆောင်ရွက် ဖို့ ရှိပါတယ်။

မဆုမွန်။ ။အခုဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာတီကန်က အထူးကိုယ်စားလှယ် အပါအဝင် ဆရာတော်တို့ပါ တွေ့ဆုံခဲ့တဲ့ ဆွေးနွေးမှုအပေါ်မှာ ကျေနပ်အားရမှုရှိပါသလား။ ဆွေးနွေးပွဲကနေ ရှေ့ဆက်ပြီးတော့ ဘယ်လိုလုပ်ငန်းစဉ်တွေ ဆက်သွားမယ် ဆိုတဲ့လုပ်ငန်းစဉ်တွေကိုရော ချနိုင်ခဲ့ပါသလား ဆရာတော်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ ဆွေးနွေးတဲ့အပိုင်းမှာ ကြည့်ရမယ်ဆိုရင် အတော့်ကိုပဲ အားရစရာကောင်းတယ်၊ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း ဒီ ဗာတီကန်နဲ့ မြန်မာနိုင်ငံနဲ့ သံအမတ် ဆက်သွယ်ရေး နဲ့ ရုံးထားဖို့ ကိစ္စကို သူ့အနေနဲ့ အမြန်ဆုံး ဆောင်ရွက်ပေးမယ်ဆိုပြီးတော့ သူ အားရပါးရနဲ့ ပြောသွားတယ်၊ ကောင်းမွန်စွာ ၀မ်းသာစွာနဲ့ ခံစားရတယ်ပေါ့နော်၊ အမြန်ဆုံးလည်းဖြစ်လာနိုင်မယ်လို့ ဆရာတော်အနေနဲ့ ယုံကြည်တယ်လေ။

မဆုမွန်။ ။ ဟုတ်ကဲ့ဆရာတော် ဖြေပေးတာ ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Bo။ ။ ကောင်းပြီ Thank you နော်။

ဗာတီကန် အထူးကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံပွဲမှာ ကိုယ်တိုင် ပါဝင်ခဲ့တဲ့ ပုပ်ရဟန်းမင်းကြီးရဲ့ ကာဒီနယ်လ် ရဟန်းမင်းအမတ်အဖြစ် မြန်မာနိုင်ငံက ပထမဆုံး ခန့်အပ်ခြင်းခံထားရသူ ကာဒီနယ်ဘုန်းတော်ကြီး ဆရာတော် Charles Boကို မဆုမွန်က ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗာတီကန်အထူးကိုယ်စားလှယ်တို့ကြား ဗာတီကန်နဲ့ မြန်မာနိုင်ငံကြား သံတမန်ဆက်သွယ်ရေးထူထောင်ရေး၊ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ဖော်ဆောင်နေမှုတွေနဲ့ပတ်သက်လို့ အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြတယ်ဆိုတာကို မြန်မာသမ္မတရုံးပြောခွင့်ရ ဦးဇော်ဌေးကလည်း ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုပြောပါတယ်။



မနက်စာ အရှာထွက်ရာမှာ

ရေးသားသူ - ယျာတင် (ရိုဟင်းသား)
RB ကဗျာ
8.2.2017

ကွပ်ကဲရေးမှူး ထုတ်ပြန်အမိန့်
ငြင်းမသာ၍ အိမ်ကိုစွန့်ခွာ
သူတစ်ပါးထံ ကပ်ခိုလှုံရင်း
ဒုက္ခသောင်းပေါင်း ရင်ဆိုင်နေလျက်
ဘဝနေ့ရက် ဖြတ်သန်းနေ၏။

တစ်ထပ်စားလျှင် နောက်တစ်ထပ်ငတ်
သည်နေ့ကလည်း မနက်စာမဲ့
ငါးသန်သေးနုပ် ရလို့ရငြား
မျှော်လင့်ချက်ကို ရင်ဝယ်ပိုက်လျက်
ရွာအနားက ချောင်းကိုဆင်း၏။

အမေအိုကို ရှာကျွေးချင်၍
တွန်းပိုက်နှင့်ငါ ချောင်းထဲရုန်းချိန်
မထင်မှတ်ဘဲ ငါ့နားထဲဝင်
"ဟေ့ကောင်ကုလား ဒီကိုလာစမ်း"
အသံထွက်ရာ ချောင်းကမ်းစပ်ကို
တုန်တုန်လှုပ်လှုပ် မော့ကြည့်လိုက်၏။

စစ်ရောင်ဝတ်စုံ ခြုံထားသူများ
သံပြင်းပြင်းဖြင့် မိန့်ခေါ်လိုက်လျှင်
သူတို့ရှေ့မှောက် သွားနှင့်ခဲ့၏
ရောက်ရောက်ချင်းပင် ချီးမြှင့်သည်က
ငါ့မျက်နှာပေါ် လက်သီးမာများ။

လက်နှစ်ဖက်ကို နောက်သို့ဆွဲ၍
တင်းတင်းကျပ်ကျပ် ကြိုးဖြင့်ချည်နှောင်
နောက်ကျောပြင်ကို ခြေဖြင့်ကန်သည်
သည်လိုနှင့်--
သူတို့ခေါ်ရာ အသံတိတ်လျက်
လူကလေးငါ လိုက်သွားရ၏။

စခန်းရောက်လျှင် တိုင်နှင့်ချည်ပြီး
ခြေဖြင့်လက်ဖြင့် ညှဉ်းပန်းခဲ့သည်
သည်းသည်းမဲ့မဲ့ ငိုတောင်းပန်လည်း
စစ်ဝတ်စုံနှင့် ယင်းတို့မှာက
သနားမှုဟူ၍ အလျင်းမရှိ။

ဖမ်းဆီးချိန်က မနက် ၈ နာရီခွဲ
လွှတ်ပေးချိန်က ညနေ ၄ နာရီခွဲ
ကြားကာလမှာ ရေငတ်နေ၍
ရေတစ်ခွက်ငါ တောင်းခဲ့သော်လည်း
ပြန်ရသည်က ပါးရိုက်တစ်ချက်နှင့်
"ခွေးဘင်္ဂလီ သေပေတော့ကွ" တဲ့။

စားခြင်းမဲ့လည်း ငါနေနိုင်သည်
အိမ်ပြန်မရောက် ချစ်သားအတွက်
အမေတစ်ယောက် စိတ်ပူမည်ကို
တွေးမိတိုင်းမှာ ရင်ထဲနာကျင်
ငါသည်--
အမေ၏ သည်းပွတ်ရတနာလေ။

လွှတ်မိန့်ရ၍ အိမ်ပြန်ဖို့ပြင်
လဲရာကထ ခြေလှမ်းလိုက်လျှင်
ခန္ဓာကိုယ်သည် ဗုန်းဗုန်းမြေသို့
ပြိုကျသည့်ကိုယ် ပြန်မတ်ဖို့ရန်
အကြိမ်ကြိမ်ငါ အားထုတ်ခဲ့လည်း
ဒီခန္ဓာက နာကျင်လွန်း၍
မတ်တတ်ရပ်ဖို့ မည်သို့မျှမတတ်နိုင်ခဲ့ချေ။

ထို့ကြောင့်--
တွားခြင်းတစ်ပိုင်း လှမ်းခြင်းတစ်ပိုင်း
ခြေလက်အစုံ အသုံးပြုလျက်
ငါ့အိမ်ရှိရာ... အမေရှိရာသို့
တဖြည်းဖြည်းနှင့် တရွေ့ရွေ့ချီ
အိမ်ရောက်ခဲ့ချိန် နေဝင်ခါနီးပြီလေ။

ဪ--
မနက်စာကို အရှာထွက်သည်မှာ
ညနေစာပင် ဖျက်ဆီးခံရပြီ
ငါရိုဟင်ဂျာ လူငယ်လေး၏
တွေ့ကြုံရသော ကြမ်းကြုတ်မှုလည်း
သည်အရွယ်နှင့် မလိုက်အောင်ပင်
ယုတ်မာပက်စက် လှပါတကား။

မှတ်ချက် ။ ။ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ကျေးရွာအုပ်စုမှ (၁၃) နှစ်အရွယ် ရိုဟင်ဂျာ ကလေးသည် ငါးရှာထွက်ရာတွင် စစ်သားများ၏ ဖမ်းဆီးခြင်းခံရပြီး စစ်သားများက ၎င်းလူငယ်လေးကို လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခဲ့သည့် ဖြစ်ရပ်ကို ပုံဖော်ရေးဖွဲ့ထားခြင်း ဖြစ်ပါသည်။

Rohingya Eye
RB News
7.2.2017

တောင်ပြိုလက်ဝဲ ။ ။ ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ နံ့သာတောင်ရွာမှ နယ်ခြားစောင့်ရဲများသည် ဒေသခံ ရိုဟင်ဂျာများကို အကြောင်းမဲ့ ရိုက်နှက်ဖမ်းဆီး၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

တောင်ပြိုလက်ဝဲမြို့နယ်ခွဲ၊ ကွမ်းသီးပင် ကျေးရွာအုပ်စု၊ နံ့သာတောင်ရွာ အခြေစိုက် နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးသည် ဖေဖော်ဝါရီလ (၅) ရက်နေ့ ညနေ (၅) နာရီအချိန်တွင် လာဖိုယာရွာသို့ သွားရောက်၍ နေအိမ်ခြံဝင်းအတွင်း အလုပ်လုပ်နေသူ အသက် (၇၀) နှစ် အရွယ် ဦးဟာလူ (ဘ) ဦးအာလော့ဒိန်းကို အကြောင်းမဲ့ လက်ထိပ်ခတ်၍ လူမဆန်စွာ ရိုက်နှက်ခဲ့သည့် အပြင် ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။ နယ်ခြားစောင့်ရဲများ၏ လူမဆန်စွာ ရိုက်နှက်မှုကြောင့် ကျောဘက်တွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည့် အပြင် လက်တွင်လည်း အနာတရ ဖြစ်ခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။ နယ်ခြားစောင့်ရဲများသည် ဦးဟာလူထံမှ ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

အလားတူ လမ်းတွင်တွေ့သည့် ဦးဘော်ဒီအာလောမ် (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၃၀ နှစ်) ကိုလည်း နယ်ခြားစောင့်ရဲများက ဖမ်းဆီးကာ လူမဆန်စွာ ရိုက်နှက်သဖြင့် သတိလစ်သွားခဲ့သည်။ သတိလစ်သွားသော်လည်း နယ်ခြားစောင့်ရဲများက မထားခဲ့ဘဲ သတိရသည့် အခါ ငွေကျပ် (၃) သိန်း ညှစ်ယူ၍ ပြန်လွှတ်ပေးခဲ့သည်။ နယ်ခြားစောင့်ရဲများသည် အပြန်လမ်းတွင် ဗလီခြံဝင်းအတွင်းတွင် တွေ့ရှိသော ဦးမာမတ်ဆာလာမ် (ဘ) ဦးဆွေယော့ဒူရာမန် (အသက် ၄၅ နှစ်) ကို ဖမ်းဆီးခဲ့သည်။ ထို့အပြင် ဆိုင်သို့ သွားနေသည့် ဦးအာယုဖ်  (ဘ) ဦးနူရ်မိုဟာမတ် (အသက် ၂၅ နှစ်) ကိုလည်း ဖမ်းဆီးပြီး ကင်းစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

၎င်းတို့နှစ်ဦးအား ဖေဖော်ဝါရီလ (၆) နံနက် ၁၀ နာရီ အချိန်တွင် ငွေကျပ် ၅ သောင်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့သည်။

“ရွာထဲကို သူတို့လာရင် အမျိုးသားတွေ အားလုံး ထွက်ပြေးတော့လည်း စိတ်ဆိုးကြတယ်။ ရွာထဲမှာ နေရင်လည်း အကြောင်းမဲ့ ရိုက်တယ်။ ဖမ်းပြီး ငွေညှစ်တယ်။ အခုလို လူမိုက်ဆန်ဆန် လုပ်နေတာတွေကို အထက်အာဏာပိုင်တွေက ဖြေရှင်းပေးဖို့ လိုတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။




RB News
7.2.2017

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းမှ န၀မတန်းတွင် အင်္ဂလိပ်စာပြသည့် ဆရာ ဦးခိုင်မြတ်ကျော်က ကျောင်းသားတစ်ဦး၏ နှာခေါင်းကို လက်သီးဖြင့် တစ်ဟုန်ထိုး ထိုးသောကြောင့် နှာခေါင်းမှ သွေးထွက် ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

ကြိမ်ချောင်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းသည် ပညာရည်ချွန် စွမ်းဆောင်မှု အကောင်းဆုံးရှိသောကြောင့် အနယ်နယ် အရပ်ရပ်မှ ကျောင်းသား/သူ များသည် ယင်းကျောင်းတွင် ပညာသင်ကြားကြသည်။ ယခုစာသင်နှစ် ၂၀၁၆ - ၂၀၁၇ တွင် တောင်ပြိုလက်ဝဲမြို့နယ်ခွဲ နံ့သာတောင်ကျေးရွာမှ ဦးရာဟမတ်အုလ္လာ၏ သားဖြစ်သူ မောင်စိုးတင်လည်း ယင်းကျောင်းတွင် န၀မတန်း (A) တွင် ပညာဆည်းပူးလျက် ရှိသည်။ 

ဖေဖော်ဝါရီလ (၁) ရက်နေ့တွင် စာသင်ချိန် ဒုတိယပိုင်း ၁၁း၄၅ နာရီအချိန်တွင် အင်္ဂလိပ်စာ ဆရာ ဦးခိုင်မြတ်ကျော်သည် န၀မတန်း (A) အခန်းထဲသို့ ၀င်ရောက်လာခဲ့ရာ ကျောင်းသား/သူ များက မတ်တပ်ရပ်၍ “မင်္ဂလာပါဆရာ” ဟု ကြိုဆိုနှုတ်ဆက်ခဲ့သော်လည်း ဆရာဖြစ်သူက ကျောင်းသား/သူ များကို ပြန်လည် မနှုတ်ဆက်ဘဲ ၎င်း၏ ထိုင်ခုံရှိရာသို့ သွားရောက်၍ ထိုင်နေခဲ့သည်။ ထို့နောက် တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိဘဲ အင်္ဂလိပ် ပုံနှိပ်စာအုပ်ယူ၍ သင်ပုန်းပေါ်တွင် စာများရေးသား နေခဲ့သည်။ ထို့နောက် ရုတ်တရက် မျက်နှာလှည့်၍ အခန်းရှိ ပထမဆုံး ခုံတန်း၌ ထိုင်နေသည့် ကျောင်းသားဖြစ်သူ မောင်စိုးတင် အား စကားများနေသည်ဟု ဆိုကာ နှာခေါင်းကို လက်သီးဖြင့် တစ်ဟုန်ထိုး ထိုးခဲ့ကြောင်း ကြိမ်ချောင်းမှ ဒေသခံတစ်ဦးက RB News သို့ပြောသည်။ 

ဆရာဦးခိုင်မြတ်ကျော်၏ လက်သီးပြင်းပြင်းကြောင့် မောင်စိုးတင်၏ နှာခေါင်းမှ သွေးများထွက်လာပြီး အဖြူရောင် ကျောင်းအင်္ကျီမှာ ချက်ချင်းဆိုသလို သွေးသံရဲရဲ ဖြစ်သွားခဲ့လေသည်။ အခန်းရှိ ကျောင်းသား/သူများ အထိတ်တလန့် ဖြစ်သွားကြပြီး အပြင်သို့ အပြေးအလွှား ထွက်သွားခဲ့ကြသည်။ ထို့နောက် ကျောင်းသား/သူများသည် ဆရာဖြစ်သူ၏ လူမဆန်မှု့ကို ကျောင်းအုပ်ကြီး ဦးကျော်သန်းထံ သွားတိုင်ရန် သွားနေစဉ် ဆရာ/မ အချို့က တားမြစ်ခဲ့သည်။ ထိုစဉ် န၀မတန်း ရူပဗေဒ ဆရာက အထိုးခံရသည့် မောင်စိုးတင်၏ နှာခေါင်းနှင့် အင်္ကျီတို့တွင် သွေးများတွေ့ရှိပြီး အဖြစ်မှန်ကို သိရှိသွားပြီး ကြိမ်ချောင်းဈေးသို့ ရောက်ရှိနေသည့် ကျောင်းအုပ်ကြီး ဦးကျော်သန်းကို ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ ခဏအကြာတွင် ကျောင်းအုပ်ကြီးသည် ကျောင်းသို့ ပြန်လည်ရောက်ရှိလာခဲ့သော်လည်း ကျောင်းသား မောင်စိုးတင် ထိုးကြိတ်ခံရသည့် အဖြစ်အပျက်နှင့် ပတ်သက်၍ တစ်စုံတစ်ရာ စုံစမ်းမေးမြန်းခြင်းပင် မပြုလုပ်သည့် အပြင် ဆရာ/မများ နားနေသည့် အဆောင်မှပင် ထွက်လာခြင်း မရှိခဲ့ကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ (၂) ရက်နေ့တွင် မောင်စိုးတင်၏ ဖခင်ဖြစ်သူသည် ကျောင်းသို့ လိုက်လာပြီး ကျောင်းအုပ်ကြီးအား ဖြစ်စဉ်ကို တိုင်ကြားခဲ့သည်။ ထို့နောက် ကျောင်းအုပ်ကြီးက ဆရာဦးခိုင်မြတ်ကျော်ကို ခေါ်ယူ သတိပေးခဲ့သော်လည်း ဆရာကျင့်ဝတ် မစောင့်ထိန်းသည့် ဦးခိုင်မြတ်ကျော်သည် ကျောင်းသား/သူများကို ပြန်လည်နှုတ်ဆက်ခြင်း မပြုခြင်း၊ စကားမပြောခြင်း၊ ကျောင်းစာများကို မရှင်းပြခြင်း၊ ရိုင်းပျစွာဆဲဆိုခြင်းများ ဆက်လက်ပြုလုပ်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။ 

“ကျွန်တော်တို့ အထက်တန်းကျောင်း ဆိုတာ မောင်တောမြို့ရဲ့ အခြေခံပညာရေး အပိုင်းမှာ မီးရှုးတန်ဆောင်လိုပါပဲ။ ဒါပေမယ့် အခုလို အတန်းပိုင်ဆရာ ဖြစ်သူက တပည့်တစ်ယောက်ကို သွေးထွက်တဲ့အထိ လက်သီးနဲ့ ထိုးတာကတော့ လက်မခံနိုင်ဘူးဗျာ၊ ကြိမ်လုံးနဲ့ ပုံမှန်ရိုက်တာ တစ်မျိုးပေါ့။ အခု ဘာသာ လူမျိုး ခွဲခြားပြီး မုန်းတီးမှုနဲ့ ထိုးကြိတ်တာလား သံသယဖြစ်မိတယ်” အမည်မဖော်လိုသည့် ကျောင်းအကျိုးပြု ကော်မတီဝင် တစ်ဦးက RB News သို့ပြောသည်။ 

“နှစ်ပေါင်းများစွာကတည်းက အကောင်းဆုံး ကျောင်းဂုဏ်ဆောင်လာတဲ့ ကျွန်တော်တို့ရဲ့ အထက်တန်းကျောင်းရဲ့ ပညာဂုဏ်ရည်ကို ဖျက်နေတာနဲ့ အတူတူပဲ” ဟု ၎င်းက ဆက်လက်ပြောပါသည်။ 

ယခင် ပညာသင်နှစ် ၂၀၁၅ - ၂၀၁၆ တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ (၅) ဘာသာ ဂုဏ်ထူးရှင် မောင်မေင်မြင့်သည် ဤ အထက်တန်းကျောင်းတွင် ပညာဆည်းပူးခဲ့ခြင်း ဖြစ်သည်။ 



Rohingya Exodus