နောက်ဆုံးသတင်း/ဆောင်းပါးများ

အရင်းခံ ပြဿနာ အပေါ် အသိ အမှတ် ပြုခြင်း

မိတ္ထီလာမြို့ အကြမ်းဖက်မှု (ဓါတ်ပုံ - Eleven Media Group)


လင်းထင်
ခေတ်မောင်း အတွဲ ၂၊ အမှတ် ၃

မိတ္ထီလာက စလိုက်တဲ့ ဗမာပြည်က လတ်တလော အကြမ်း ဖက်မှု တွေအကြောင်း အင်္ဂလိပ် သတင်း စာ တွေက ရေးတဲ့ အခါမယ် Sectarian violence ဆိုတဲ့ စကားလုံးကို သုံးနှုံးနေတာ သတိ ထားမိတယ်။ ဒီ အသုံး အနှုံးဟာ လူမျိုးစု တွေကြားမှာ ဖြစ်စေ၊ လူတန်းစား အလွှာ တွေကြားမှာ ဖြစ်စေ၊ ကိုးကွယ် ယုံကြည်မှု ဘာသာ တွေကြားမှာ ဖြစ်စေ (ဆွန်နီနဲ့ ရှီအာ၊ ကက်သ လစ်နဲ့ ပရိုတက် စတင့်လို ဘာသာ တစ် ခုထဲ အတွင်းက ကွဲပြားမှုလည်း ဖြစ်နိုင်တယ်) မတူညီမှု (၀ါ) ဂိုဏ်းဂန ကွဲပြားမှု အပေါ် အရင်းခံပြီး ဖြစ်တဲ့ ပဋိပက္ခ ကနေ အပြန် အလှန် အကြမ်း ဖက်မှုကို ရည်ညွှန်းတယ်။ စတော့ခ်ဟုမ်း နိုင်ငံတကာ ငြိမ်း ချမ်းရေး သုတေသန အဖွဲ့ရဲ့ ၂၀၀၈ နှစ်လည်အစီ အရင်ခံစာထဲမယ် ဒီလို အကြမ်းဖက်မှု ဖြစ်စဉ်များ အတွင်း မှာ ပါဝင် ပတ်သက်သူ များကို non-state actors representing different population groups ဆိုပြီး ချည်းကပ် တယ်။ အဓိပ္ပာယ်က အရပ်သား တွေရဲ့ ပဋိပက္ခလို့ အမျိုးအစား ခွဲခြားလို ပုံရတယ်။ 

စကားလုံး အသုံး အနှုံးတွေ ဆိုတာ သိပ်တာ သွားတယ်၊ အဓိပ္ပာယ်ကို သယ်ဆောင် ထားရတာကိုး။ ဖြစ်ရပ် တစ်ခုရဲ့ မြင်သာတဲ့ အကြောင်း ခြင်းရာတွေ ကိုသာမက ပြဿနာ အရင်းအမြစ်ကို ထင်ဟပ် ပုံဖော်ဖို့ရာ စကားလုံး ဝေါဟာရ များကိုပဲ အသုံးပြု ကြရတယ် မဟုတ်လား။ Sectarian violence လို့ သုံးနှုံး နေခြင်း အပေါ်မှာ ကျနော် သုံးပုံနှစ်ပုံ မျှမက သဘောတူ နိုင်တယ် (အပြည့် မတူနိုင်တာ ကတော့ အကြမ်းဖက် မှုဟာ အုပ်စုနှစ်ခု အကြား အပြန် အလှန် မဟုတ်ပဲ၊ အုပ်စု တစ်ခုကသာ မတူသော ဘာသာ အယူ အမျိုး အနွယ်ကြောင့် တစ်ဖက်သက် ပစ်မှတ်ထား အတိုက် အခိုက် ခံနေရတာပဲ)။ ဖြစ်နေတဲ့ အကြမ်းဖက်မှု ပြဿနာ များဟာ sectarian လို့ သုံးနှုံးတဲ့ အတိုင်း ကွဲပြားမှု အပေါ် အရင်းခံပြီး ဖြစ်တာလို့ ရှင်းရှင်း သိမြင်ဖို့ အရေး အကြီးဆုံးပဲ။ ဘာကွဲပြား မှုလည်းဆိုရင် ဘာသာ အယူနဲ့ အနွယ် ကွဲပြားမှုပဲ။ ဘာသာ အယူနဲ့ အနွယ် ကွဲပြားမှုသာ အရင်းခံ အကြောင်းလို့ ပိုင်းခြား သိမြင်ရမယ်။ 

အစိုးရ ထောက်ခံသူနဲ့ အတိုက် အခံအားပေး သူအကြားက နိုင်ငံရေး ကွဲပြားမှု မဟုတ်ဘူး။ ဆင်းရဲ ချမ်းသာ လူ့အလွှာ ၂-ရပ် ထိပ်တိုက် တိုးနေကြတဲ့ ပြဿနာ ဟာလည်း ဒီအဖြစ်ဆိုး အကြမ်းဖက်မှု တွေမှာ အကြုံး မ၀င်ဘူး။ ဘယ်ပဋိပက္ခမျိုး မဆိုမှာ နိုင်ငံရေးနဲ့ လူတန်းစားရေး အမြင်က ကင်းလွတ်လို့ မရဘူးလို့ ယုံကြည် ချက် ရှိ သူ တစ်ဦး အနေနဲ့ ဒီအကြမ်းဖက် မှုများမှာ နိုင်ငံရေးနဲ့ လူတန်း စားရေးဟာ အရင်းခံ အကြောင်း မဟုတ်ဘူးလို့ ပြောရတဲ့အတွက် ကျနော့်အဖို့ရာ သက်သောင့် သက်သာ မရှိလှပါ။ 

အခုကိစ္စရပ်မှာ စစ်တပ်က အာဏပြန် သိမ်းဖို့ရာ အကြောင်း ပြချက် ရလာအောင် အကွက်ချ ဖန် တီး နေ မှု လို့ နိုင်ငံရေး အမြင် နိုင်ငံရေး ရှူ့ထောင့် ကနေသာ သုံးသပ် နေမှု သိပ်အား ကောင်းနေတယ်။ ဒီလို အားကောင်း ရတာလည်း အမှားတော့ မဟုတ်ဘူး။ အတွေးအမြင် အယူအဆ ကြံဆချက် သက်သက် မဟုတ်တဲ့ လက်ဆုပ် လက်ကိုင် ထောက်ပြ စရာတွေ တပုံကြီးကိုး။ အကြမ်းဖက် သူများဟာ ရုတ် ချည်း ဒေါသ ပေါက်ကွဲတဲ့ လူအုပ်စုရဲ့ အသွင် လက္ခဏာနဲ့ စာရင် စံနစ် တကျ ပြင်ဆင် ထားတဲ့၊ ပစ္စည်း ကိရိ ယာများ တပ်ဆင် ထားတဲ့ လူအုပ်စု ဖြစ်ကြောင်း အခင်း ဖြစ်ပွားရာ နေရာတိုင်းက သက်သေ ခံကြ တယ်။ ဒေသန္တရ အာဏာပိုင် များနဲ့ လုံခြုံရေး တပ်ဖွဲ့များရဲ့ မယုံနိုင်ဖွယ် ကောင်းလောက်အောင် မျက် ကွယ်ပြုမှု၊ တာဝန်မယူမှု၊ အဆုံးစွန်သော အခြေအနေတွေ အထိ အရောက်ခံမှု တွေဟာ ကြံရာပါများ အဖြစ် တပ်အပ် စွပ်စွဲသူ အဖို့ မရိုင်းဘူး။ 

ဒီအချက်တွေကို သိမြင်ရက် နဲ့လည်း နိုင်ငံရေးဟာ အကြောင်းခံအဖြစ် ကျနော် ဘာဖြစ်လို့ မယူဆ ချင်ရတာလဲ။ ကျနော်တို့ဟာ နိုင်ငံရေးအရ ဖိနှိပ်ခံရမှု အောက်မှာ ဘာသာရေး မုန်းတီးမှု ပြဿနာကို ဘယ်တုန်းကမှ အရေးတကြီး ဦးစားပေး ကိစ္စအဖြစ် မပြောခဲ့ ကြဘူး၊ ပျက်ကွက်ခဲ့ ကြတယ်။ ဘာသာရေး လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပေါ်တိုင်း စစ်အုပ်စုရဲ့ နိုင်ငံရေး အာရုံလွှဲမှု အဖြစ်နဲ့ပဲ အဖြေထုတ် သုံးသပ်ခဲ့ ကြတယ်။ ဘာသာရေး လူမျိုးရေး ခွဲခြားမှုကို အာဏာသိမ်း စစ်အုပ်စုက ရာစုနှစ် ထက်ဝက်မက နိုင်ငံတော် မူဝါဒအဖြစ် ကျင့်သုံးတဲ့အခါ (နိုင်ငံတော် မူဝါဒလို့ ဆိုရာမှာ ကျနော် ပြောလေ့ရှိတဲ့ ဗုဒ္ဓဘာသာအခြေပြု အမျိုးသားရေး ၀ါဒကိုပဲ အဓိက ရည်ညွှန်း ပါတယ်။) ၊ အဓိကရုဏ်း များကို ကြိုးကိုင် ဖန်တီး လာခဲ့တဲ့ အခါ၊ အမြင်လွဲ အယူမှား သတင်း အမှားများနဲ့ အမုန်းတရား မျိုးစေ့ကို မျိုးဆက် အဆင့်ဆင့် ကြဲပက် ခဲ့တဲ့အခါ လူအများ ကြားမှာ ဒီအမုန်း တရားဟာ အပင် မပေါက်ပဲ နေရော့ မလား။ 

ဒီအယူလွဲတဲ့ အမုန်း တရားရန်က ကာကွယ်ဖို့ရာ ဦးနှောက်နဲ့ နှလုံးသား ကြီးမြတ် ကျယ်ပြော နိုင်အောင် လူအများမှာ လုံလောက်တဲ့ အပြိုင် ဗဟုသုတနဲ့ အပြိုင်အတွေး အခေါ်များ ဖြည့်တင်းဖို့ အခွင့်သာ ခဲ့ပါသ လား။ လွတ်လပ်တဲ့ လူ့အဖွဲ့ အစည်းနဲ့ ထိတွေ့ ဆက်ဆံဖူး ကျောင်းပညာ ရဖူးသူ တွေထဲက အချို့တောင်မှ ဘာသာရေး လူမျိုးရေး မုန်းတီးမှုကို မကျော် လွန်နိုင် ကြတဲ့နောက်၊ စစ်အာဏာရှင် အောက် အနှစ်ငါး ဆယ် နေရသူ တွေထဲမယ် အမုန်း အယူနဲ့ ခွဲခြားခြင့်ဓလေ့ တကယ် မစွဲငြိပဲ နေပါ့မလား။ လူတွေမှာ သူတို့ ရဲ့ နိုင်ငံရေး အကြိုက် political preference အပေါ် မတည်မှီပဲ ဘာသာရေး လူမျိုးရေး မုန်းတီးခြင်း ခွဲခြားခြင်း အယူများ ရှိကြတာ ကိုလည်း သတိပြု မိစေချင် ပါတယ်။ 

တချို့ကတော့ စစ်အလို တော်ရိများသာ ဘာသာရေး လူမျိုးရေး မုန်းတီး ခွဲခြားသူများ ဖြစ်နေတယ်လို့ အမျိုး အစား ခွဲခြား ပြနေတာ တွေ့ရပါတယ်။ အုပ်စုခွဲခြား သတ်မှတ် နိုင်မှုဟာ ဒီလောက် လွယ်ကူ ရှင်းလင်းစွာ လုပ်လို့ မရနိုင် ပါဘူး။ လူမှုရေး တက်ကြွသူ၊ ဘာသာ တရား ကိုင်းရှိုင်းသူ၊ အမျိုးသားရေး ပြင်းထန်သူ၊ အဲန်အယ်လ်ဒီ ထောက်ခံသူ၊ သမ္မတ သိန်းစိန်အား ကြည်ညိုသူ အစ ရှိသဖြင့် အုပ်စု Set တစ်ခု ချင်းစီကို စက်ဝိုင်း ခုချင်းစီအဖြစ် ယူဆကြည့်ပါ။ အဲ့ဒီ့ စက်ဝိုင်းများ တစ်ခုကို တစ်ခု Intersection ဖြစ်နေတဲ့ တူညီသော လက္ခဏာများ မျှဝေ ပိုင်ဆိုင်မှု နယ်ပယ် အမျိုးစုံ ရှိနေနိုင်ပါတယ်။ ရှင်းရှင်း ပြောရရင် ဗမာ ဒီမိုသမား များထဲမှာ စစ်တပ် အောက်ဆွဲ များလိုပဲ ကုလားမုန်း အစ္စလာမ် ကြောက်များ ရှိနေပါတယ်။ အချို့  ဒီမို မျိုးချစ် များရဲ့ တင်းမာတဲ့ အမျိုးသားရေး စိတ်အယူဟာ လူ့အခွင့် အရေးနဲ့ ဒီမိုကရေစီ စံနှုံးများ အပေါ် သက်ဝင် အဖိုး ထားတတ် မှုထက် အကဲ သာနေတာ ပါပဲ။ 

ဘာသာရေး လူမျိုးရေး မုန်းတီး ခွဲခြားခြင်း ပြဿနာဟာ ခေတ်အဆက်ဆက် နိုင်ငံရေး လောင်းရိပ် မိခဲ့တာ ဟာ အခု လတ်တလော အခြေအနေ မှာလည်း ထိုနည်း၎င်း လျစ်လျူရှု ခံရဆဲပဲ။ ပိုတောင် အခြေ အနေ ဆိုးတယ်။ အခု လွှမ်းနေတာက နောက်ကြောင်းပြန် မလှည့်ချင် ပါဘူးရယ်လို့ တိုင်းပြည် ဟာ သွေးနု သားနု ဒီမိုကရေစီ မီးနေသယ် ဆိုတဲ့ စိတ္တဇပဲ။ ကလေးတွေ အရှင် လတ်လတ် မီးအရှို့ခံရတာ ဒီမိုကရေစီ မီးနေ သယ်မို့လို့လား၊ ပျက်စီးခြင်း ငါးပါးမကတော့တဲ့ ဖွတ်သရွတ် လိုက်အောင် ယိုယွင်းနေတဲ့ လူ့အဖွဲ့ အစည်း ဖြစ်နေလို့လား၊ ကြပ်ကြပ် ဆင်ခြင် ကြစေ ချင်တယ်။ 

ဒီမီးနေသယ် စိတ္တဇက ဘယ်လောက်တောင် ဖောက်ပြန် သွားစေလဲဆို သမ္မတ သိန်းစိန် ဦးဆောင်တဲ့ အသွင် ပြောင်းလဲမှု အပေါ် အယုံ အကြည် မရှိသူ တွေတောင်၊ သူတို့ သံသယထားတဲ့ အပြောင်း အလဲ ထိခိုက်မှာ ကြောက်စိတ် ၀င်လာခဲ့ပြီ။ ပြဿနာရဲ့ အရင်းခံကို မစေ့ငုံ မပိုင်းခြား နိုင်ရင်တော့ အာရုံ အမှား စိတ္တဇ အယူတို့နဲ့ ကိုယ့်ရပ်တည်မှု ယိုင်လဲမှာပဲ။ ပြဿနာဟာ ဘာသာရေး လူမျိုးရေး ကွဲပြားမှုအပေါ် အရင်းခံတဲ့ အကြမ်းဖက်မှု ဖြစ်ကြောင်း အသိ အမှတ်ပြု acknowledge လုပ်ပါ။ မလုပ်နိုင်ရင် Holocaust ကို ငြင်းဆန် သူတွေနဲ့ တစ်တန်းစား ထဲထားပြီး ကျနော် ရှုံ့ချတယ်။

Comment ရေးရန်

Rohingya Exodus