ရိုင်းစိုင်းသော လ၀ကများဟု စစ်တွေမြို့ ဒေသခံမှပြော
RB News
29.4.2013
စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့တွင် ဧပြီလ ၂၆ ရက်နေ့တွင် ဒုက္ခသည် စခန်းများ၌ လ၀က များနှင့် အစိုးရ ဌာနများမှ လူဦးရေ စာရင်း ကောက်ရာတွင် အသင့်ယူ ဆောင်လာသော ပုံစံတွင် ဘင်္ဂလီဟု အတင်း အဓမ္မ ဖြည့်ခိုင်းပြီး လက်မှတ် ရေးထိုး ခိုင်းခဲ့သည်။
သက္ကေပြင် ရပ်ကွက်တွင် လ၀က အရာရှိ တစ်ဦးမှ လူငယ် တစ်ဦးက မိမိတို့ ဘင်္ဂလီ မဟုတ်ကြောင်း၊ ရိုဟင်ဂျာ ပါဟု ပြောသည်ကို ပါးရိုက်၍ ကိုယ်ထိ လက်ရောက် ကျူးလွန် ခဲ့သည်။ ထိုသို့ ပါးရိုက်၍ ကိုယ်ထိ လက်ရောက် ကျူးလွန် ခြင်းကို ဒေသခံ များမှ မကျေနပ် ဖြစ်ပြီး လ၀က များနှင့် ဒေသခံ များ အကြား တင်းမာမှု ဖြစ်ပွား ခဲ့သည်။ သက္ကေပြင် မူလတန်း ကျောင်းမှ ကလေးများ “ရိုဟင်ဂျာ၊ ရိုဟင်ဂျာ” ဟုဟစ်ကြွေး၍ ဆန္ဒ ဖော်ထုတ် ခဲ့ကြသည်။
ထိုကိစ္စ နှင့်ပတ်သက်၍ ယင်းနေ့ တွင်ပင် သက္ကေပြင်မှ ဦးကျော်မြင့်နှင့် ဦးဘသာ တို့ အပါ အ၀င် မွတ်စလင် လူကြီးများကို ဆွေးနွေးရန် အာဏာပိုင် များမှ ခေါ်သွားပြီး ဦးကျော်မြင့်နှင့် ဦးဘသာ တို့ကို ယခု အချိန်ထိ ဖမ်းဆီး ထားပါသည်။ ထို့အပြင် လ၀ကမှ ပါးရိုက် ခဲ့သည့် အိမ်မှ အိမ်ရှင် အမျိုးသမီး နှင့် လူငယ် တို့လည်း ဖမ်းဆီး ခဲ့သည်။
တစ်ဖန် စနေနေ့ (ဧပြီလ ၂၇ ရက်) နေ့တွင် သက္ကေပြင် အုပ်ချုပ်ရေးမှူး ဦးကျော်ခင်၊ မီးသတ် ဌာနမှ ဦးစံလင်း၊ ဘောဒူဖမှ ဦးရဖိခ် တို့ကို ဖမ်းဆီးခဲ့သည်။ ယနေ့ နေ့လည် ၄ နာရီတွင် ဦးကျော်မြင့်၏ သား ဖြစ်သူ ဦးလှမြင့်ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။
“လ၀က တွေပထမ ဆုံးရောက်တဲ့ အိမ်က အမျိုးသမီး တစ်ယောက်နဲ့ အဲဒီမှာ ပါးရိုက် ခံရတဲ့ ကောင်လေးကို သောကြာ နေ့က (ဧပြီလ ၂၆ ရက်) နေ့ခင်းက လာပြီး ဖမ်းသွားတယ်။ ကောင်လေးကို ရဲတွေက ဘယ်လို နှိပ်စက်လဲ မသိဘူး။ သူ့ဆီက ဒီကိစ္စကို ဦးစီး ဦးဆောင်တဲ့ သူတွေ စာရင်း ရတယ် ဆိုပြီး လူ ၄၅ ယောက် စာရင်းနဲ့ ပြည်နယ် ရဲမှူးကြီး အပါ အ၀င် ရဲကားတွေနဲ့ တစ်နေ့က (ဧပြီလ ၂၇ ရက်) နေ့က သက္ကေပြင်ကို ဆင်းလာတယ်။ လုံခြုံရေး တွေလည်း အရင်ကထက် နှစ်ဆ ချထားတယ်။ ပြီးတော့ လမ်းသွား နေတဲ့ လူတွေ ကိုလည်း ဖမ်းမယ် ဘာညာ ဆိုပြီး ခြိမ်းခြောက် နေတယ်။ နောက်ပိုင်း မှာတော့ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကျော်ခင်နှင့် မီးသတ်က ဦးစံလင်း တို့ကို ဖမ်းသွားတယ်။ မနေ့ ကလည်း အာဏာပိုင်တွေ လာပြီး ရွာသား တွေကို ခြိမ်းခြောက်တယ်။ မင်းတို့ ဒီမှာ ပါဝင်တဲ့ လူဆယ်ယောက်ကို ဖမ်းပေး ရမယ်၊ ဖမ်းမပေး နိုင်ဘူး ဆိုရင် မင်းတို့ အိမ်တွေ ၀င်ပြီး ရတဲ့သူ တွေကို ဖမ်းရ လိမ့်မယ်လို့ ခြိမ်းခြောက် ပြောဆို ခဲ့တယ်။” ဟု သက္ကေပြင်မှ ဒေသခံ တစ်ဦးမှ ပြောပါသည်။
သက္ကေပြင် ဒုက္ခသည် စခန်းမှ အသက် ၇၅ နှစ် အရွယ်ရှိ ဦးစံရွှေမှ “ကျွန်တော်တို့က လူသား တွေပါ။ လ၀က တွေက လူကို လူလို မဆက်ဆံ ကြဘူး။ အသက်ကြီးတဲ့ သူတွေ ကိုတောင် မင်းနဲ့ ပြောတာ ရှိပါတယ်။ တော်တော်လေး ရိုင်းစိုင်း ပါတယ်။ နောက်ပြီး လ၀က ဆိုတဲ့သူ တွေက သူတို့ ဘာကိုမှ မသိဘဲ သူတို့ ပြောချင်တာ သူတို့ လုပ်ချင်တာ လုပ်ကြတယ်။ အမှန် ဆိုရင် ကျွန်တော်တို့ ဆီက အထောက် အထားတွေ အကုန်လုံး ကြည့်နိုင်အောင် ကြိုးစား ရမှာ၊ သူတို့ ကျွန်တော် တို့ကို ဘာတစ်ခုမှ မမေးဘဲ .. အစ္စလာမ် ဘာသာဝင် မှန်ရင် ဘင်္ဂလီလို့ သတ်မှတ် ကြတယ်။ ကျွန်တော်တို့ ထဲမှာ ရခိုင် မွတ်စလင်၊ ရိုဟင်ဂျာ မွတ်စလင်၊ ကမန် မွတ်စလင် တွေရှိ ပါတယ်။ ရခိုင် မွတ်စလင် ဆိုတာ ရခိုင်နဲ့ ရပြီး ကလေးတွေ မွေးလာတာက ရခိုင် မွတ်စလင် ဖြစ်သလို၊ ရခိုင် ဗုဒ္ဓဘာသာ ကနေ အစ္စလာမ် ဘာသာ ကူးပြောင်း လာတာလည်း ရှိတယ်။ ကျွန်တော်တို့ ဆွေမျိုး တွေဆို သန်းခေါင် စာရင်း၊ မွေးစာရင်းမှာ ရခိုင် မွတ်စလင်နဲ့ ရထား ပါတယ်။ တချို့ဆို မှတ်ပုံတင် မှာလည်း ရခိုင် မွတ်စလင်နဲ့ ရထားတာ ရှိတယ်။ ခုမှ လာပြီး ရခိုင်မှာ မွတ်စလင် (အစ္စလာမ် ဘာသာဝင်) မရှိဘူး ဆိုပြီး ပြောနေ ကြတော့ လွန်တယ်လို့ ကျွန်တော် ယူဆတယ်။ ကျွန်တော် တို့ရဲ့ သဘော မပါဘဲ လ၀က တွေ လုပ်ချင်တိုင်း လုပ်နေ တာတွေ အများကြီးပါ။ လ၀က ကိုလည်း အစိုးရက လုပ်ဖို့ ခိုင်းထား တာလည်း ဖြစ်ပါ လိမ့်မယ်။ နိုင်ငံတော် သမ္မတကြီး ကလည်း မျှမျှ တတ ဘာမှ မလုပ် ပေးဘူး။ အခုလို အသေး အမွှား ပြဿနာ လေးကြောင့် မွတ်စလင် တွေကိုဘဲ ဖမ်းနေတယ်။ ရခိုင်တွေ တောင်ကုတ်မှာ မွတ်စလင် ၁၀ ယောက် သတ်တာရော၊ ရခိုင်ပြည် တစ်ခုလုံးမှာ မွတ်စလင် အိမ်တွေ မီးရှို့တာ တွေအတွက် တရားခံ ရှာပြီး အရေးယူမှု မရှိတဲ့ အပြင်၊ အစိုးရ ကျွန်တော် တို့ကို နစ်နာတဲ့ မွတ်စလင် တွေကိုဘဲ ဖမ်းဆီး နေတာဟာ တော်တော်လေး လူ့အခွင့် အရေး ချိုးဖောက် နေတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဖမ်းဆီးခံ ရသူများကို ယခု အချိန်ထိ မိသားစုဝင် များနှင့် ဆက်သွယ်ခွင့် မပေးသေးဟု သိရှိ ရပါသည်။