နားခိုစရာမဲ့ ဒုက္ခသည်
MYARF
RB ကဗျာ
12.5.2013
နားခိုစရာမဲ့ ဒုက္ခသည်
ဟိုတုန်းကဆို …
လျှပ်စီးလက်ရင်း၊ မိုးကြိုးပစ်ခါ
တင့်တယ်လှပ၊ အိမ်ထဲနားခိုး
မေတ္တာဓါတ်ကို၊ ငါမျှော်ကိုး၍
အမေ့ရင်ခွင်၊ ရှာဖွေဝင်တိုး
ကြောက်တုန်ရင်ကို၊ ငြိမ်စေခဲ့ ….
ယ္ခုခါဆို …
ဒေါနဲ့မောနဲ့၊ မိုးကြိုးပစ်တော့
မိုးကြိုးပစ်သံ၊ နားထဲဝင်ခါး
ရင်တွေတုန်လှုပ်၊ ချောက်ချားနေရ
တပ်မပစ်ပါနဲ့လား၊ မိုးကြိုးကြီးရေ ….
ငါ့မှာ ….
ဟိုတုန်းကလို၊ နားခိုစရာ
တင့်တယ်လှပ၊ အိမ်မရှိရှာ
ရွှံ့မြေပေါ်တည်၊ စုပ်ပြဲလှလှ
မခိုင်မာတဲ့၊ တဲမျိုးထဲမှာ
ဒုက္ခသည်ဖြစ်၊ ငါနေရရှာ ….
ဒီ့အပြင် ….
မေတ္တာဓါတ်ရ၊ အမေ့ရင်ခွင်
တိုးဝင်နားရန်၊ လိုက်ရှာနေလည်း
ငါသာရွာလည်၊ မတွေ့ဖြစ်ပါ
ထိုရင်ခွင်ရှင်၊ ဘယ်မှာအောင်း
ငါ့ဘ၀က အမေပျောက်ကင်း ….။
ဟိုတုန်းကဆို ….
မိုးကြိုးနှင့်ပြိုင်၊ လေပြင်းတိုက်ခါ
ခိုင်မာနံရံ၊ ကာရှိအိမ်မို့
လုံခြုံမှုပြည့်၊ အိမ်ထဲနားခို
စိတ်ထဲမဖြစ်၊ ကြောက်စိတ်အစစ်
အဖေ့ရင်ခွင်၊ ရှာဖွေဝင်တိုး
ကြောက်တဲ့စိတ်ကို၊ ပြေလျှော့စေခဲ့ ….
ယ္ခုခါဆို ….
မုန်တိုင်းအလာ၊ လေပြင်းတိုက်တော့
ကြောက်စိတ်ဝင်လာ၊ ရင်ထဲတုန်သွား
အားကိုးစရာ၊ ဘယ်မှာလိုက်ရှာ
မတွေ့ရတော့၊ စိတ်အားငယ်သွား
တပ်မတိုက်ပါနဲ့လား၊ လေပြင်းကြီးရေ ….
ငါ့မှာ …. ဟိုတုန်းကလို ….
ခိုင်ခိုင်မာမာ၊ နံရံအကာ
နားခိုးစရာ၊ အိမ်မရှိရှာ
ဒီ့အပြင် ….
နွေးထွေးမှုရ၊ အဖေ့ရင်ခွင်
တိုးဝင်နားရန်၊ လိုက်ရှာနေလည်း
ငါသာရွာလည်၊ မတွေ့တော့ပါ
ထိုရင်ခွင်ရှင်၊ ဘယ်မှာအောင်း
ငါ့ဘ၀က အဖေပျေက်ကင်း ….
ဟိုတုန်းကဆို ….
မိုးကြိုးလေပြင်း၊ အပြိုင်ရွာမိုး
သဲကြီးမဲကြီး၊ အရှိန်ပြင်းလည်း
ငါမပူရ၊ ငါမမူရ
မိုးရည်စက်များ၊ ကားနိုင်ဖို့ရာ
သွပ်မိုးအိမ်ကို၊ ငါတကယ်ပိုင်
အစ်ကိုအစ်မ၊ ငါ့ဘေးက၀ိုင်း
နှစ်သိမ့်အားပေး၊ ငါကြောက်ခဲ့တိုင်း ….
ယ္ခုခါဆို ….
ကမ္ဘာပြိုမည်၊ ထင်ရသည့်နှယ်
မရပ်မနား၊ မိုးတွေရွာတော့
မိုးရည်ကာဖို့၊ အိမ်မိုးမပါ
ခင်းဖို့အရေး၊ ဘာမှမသာ
စိတ်ပျက်စရာ၊ ငါသိမ်းငယ်ရ
တပ်မရွာပါနဲ့လား၊ မိုးမင်းကြီးရေ ….
ငါ့မှာ …. ဟိုတုန်းကလို ….
မိုးရည်စက်များ၊ ကားနိုင်ဖို့ရာ
သွပ်အမိုးနဲ့၊ အိမ်မရှိရှာ
ဒီ့အပြင် ….
အားပေးမှုရ၊ အစ်ကိုအစ်မ
လိုက်ရှာနေလည်း၊ ငါသာရွာလည်
မတွေ့ရတော့၊ ငါ့မျက်ရည်လည်
ထိုအားပေးရှင်၊ ဘယ်မှာအောင်း
ငါ့ဘ၀က အစ်ကိုအစ်မတို့ပျေက်ကင်း ….
ဟိုတုန်းက မဟုတ်သောယ္ခုအခါ
မိုးကြိုးတွေပစ်၊
ပြင်းထန်လေတိုက်
မိုးတွေရွာလိုက် ….
အမိုးမပါ
ခင်းရန်မသာ
နံရံမကာ
ဝမ်းထဲဗလာ
ဒုက္ခသည်စခန်းထဲမှာမို့
မိုးတွေယိုစီး၊ တစ်ကိုယ်လုံးစွတ်
ငါ့ခန္ဓာကို၊ အေးဓါတ်လာပွတ်
ဒါကိုရင်ဆိုင်၊ ခုခံ၍မနိုင်
ချမ်းလွန်းလို့တုန်၊ ခန္ဓာကိုကျုံး
ဟိုတုန်းကလို
အနွေးဓါတ်ရ၊ နားခိုးစရာ
လောကကြီးမှာ၊ တစ်နေရာစာ
ငါ့အတွက် ကျန်ရှိသေးရဲ့လား ….။
MYARF မှ ရခိုင် ပြည်နယ်ရှိ ရိုဟင်ဂျာ ဒုက္ခသည် များ၏ ဘ၀ကို ခံစား၍ ရေးဖွဲ့သည်။