ကွယ်လွန်သူ ဝန်ကြီးချုပ်ဟောင်း ဦးနု (၁၀၆) နှစ်မြောက် မွေးနေ့ ကျင်းပ
23.6.2013
ကွယ်လွန်သူ ၀န်ကြီးချုပ် ဟောင်း၊ စာရေး ဆရာ ဦးနုရဲ့(၁၀၆) နှစ်မြောက် မွေးနေ့ မင်္ဂလာ အခမ်း အနားကို ရန်ကုန်မြို့ ကမ္ဘာအေး ဘုရားလမ်း၊ ချမ်းမြေ့ ရိပ်သာမှာ တနင်္ဂနွေနေ့က ကျင်းပခဲ့ ပါတယ်။
စာရေး ဆရာ ဦးနု ရဲ့ မွေးနေ့ အထိမ်း အမှတ် အဖြစ် ကျင်းပတာ ဖြစ်ကြောင်း ဦးနုရဲ့သမီး ဒေါ် စန်း စန်းနု က ပြောပါတယ်။
"ကျွန်မ အဒေါ် ဒေါ်ခင်လေးယုက ဖေဖေ ဆုံးသွားတော့ သုံးလေးလ ကြာတော့ မွေးနေ့ ဖြစ်တော့ ချမ်းမြေ့ မှ စပြီးတော့ ဆွမ်းကျွေး ပြီးတော့၊ ကျန်းမာရေး ချို့တဲ့တဲ့ စာရေးဆရာ တွေကို ငွေထောက်ပံ့ ပါတယ်"
၁၉၉၅ ခုနှစ်က စပြီး စာရေးဆရာ ဦးနုရဲ့ မွေးနေ့ အခမ်း အနားကို နှစ်စဉ် ကျင်းပ လာခဲ့ပြီး နာမကျန်းတဲ့ စာရေး ဆရာ တွေကို ငွေကြေး ကူညီ ထောက်ပံ့ ခဲ့ပါတယ်။
ဒီနှစ်မှာတော့ ဧရာဝတီတိုင်း ၀ါးခယ်မမြို့က ဦးနု စာကြည့် တိုက် အတွက် သမိုင်းဝင် ဓာတ်ပုံ တွေကို အ ခမ်း အနားမှာ ပေးအပ် တယ်လို့ ဒေါ်စန်းစန်းနုက ပြောပါတယ်။
"ဆဌမ သံဃာ ယနာ တင်တဲ့ အခါမှာ ဆရာတော်၊ သံဃာတော် တွေကို လျှောက်နေတဲ့ ပုံတစ်ပုံ ရယ်၊ဗိုလ် ချုပ် အောင်ဆန်း ကွယ်လွန် ပြီးတော့ အင်္ဂလိပ် ဘုရင်ခံ ဆာဟူး ဘတ်ရန့်နဲ့ ဖေဖေနဲ့တွဲ ရိုက်ထားတဲ့ ကက်ဘိ နက်ပုံရယ်။ ဘန်ဒေါင်း ညီလာခံပုံ ရယ်ကို ကျွန်မ ပုံကြီးချဲ့ပြီး ဟိုမှာ ချိတ်ဖို့ ကျွန်မ လှုလိုက် ပါတယ်"
၁၉၀၇ခုနှစ်ဖွားဦးနုဟာ၁၉၃၅ခုနှစ်မှာ ရန်ကုန်တက္ကသိုလ်သမဂ္ဂ ဥက္ကဌဖြစ်လာပြီး ၁၉၃၆ ခုနှစ် ကျောင်းသား သပိတ်မှာ ပါဝင် လှုပ်ရှား ခဲ့ပါတယ်။
၁၉၃၀ ပြည့်နှစ်မှာ ဒို့ဗမာ အစည်း အရုံးဝင် သခင် ဖြစ်လာပြီး ၁၉၄၇ ခုနှစ်မှာ နဂါးနီ စာအုပ်တိုက် ထူထောင် ခဲ့ ကာ၊ လွတ်လပ်ရေး ရပြီး တဲ့နောက် ၁၉၄၈ ကနေ ၁၉၆၂ ခုနှစ်- ဗိုလ်ချုပ် နေ၀င်း အာဏာ သိမ်းချိန်ထိ ၀န်ကြီးချုပ် တာဝန်ယူ ခဲ့ပါတယ်။
ဦးနု ရေးသား ခဲ့တဲ့ မိတ္တဗလဋ္ဋီကာ၊ တာတေ စနေသား၊ ငရဲဆိုချိုနဲ့ လားဗျို့၊ မြတ်တရားကို ရှာဖွေ တွေ့ ရှိသူ၊ ကျေးဇူးရှင်၊ အာဇာနည် စတဲ့ စာအုပ် တွေဟာ ထင်ရှားပြီး ဦးနုဟာ ဘာသာပြန်နဲ့ ပြဇာတ် စာပေ တွေ လည်း ရေးသား ခဲ့ပါတယ်။