ပျက်စီးသွားသည့် လားရှိုးဗလီ ပြန်လည် ပြုပြင်ပေးရန် တောင်းဆို
ဂျွန်ချစ်ငြိမ်း
30.7.2013
လားရှိုးမြို့တွင် မေလ ၂၈ ရက်က ပဋိပက္ခများ အတွင်း ထိခိုက် ပျက်စီး ခဲ့သည့် အစ္စလမ် ဘာသာ ၀င်များ ၀တ်ပြုရာ ဗလီကို အစိုးရက ပြန်လည် ပြုပြင် ပေးရန် ဗလီ၏ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာ တင်အောင်က ဇူလိုင်လ ၂၈ ရက်တွင် တောင်းဆို လိုက်သည်။
(ဓါတ်ပုံ - ဧရာဝတီ) |
“ဖျက်စီးခံ ခဲ့ရတာတွေ ပြန်လည် ပြုပြင် ပေးဖို့ အစိုးရမှာ တာဝန်ရှိ ပါတယ်။ အကြမ်းဖက် မှုတွေ အရေး ယူတဲ့ နေရာ မှာလည်း အဓိက ဦးဆောင်ပြီး လုပ်ဆောင် ခဲ့သူတွေကို မိတယ်လို့ ကျွန်တော် မယူဆ ပါဘူး” ဟု မဇ္ဈိမကို ပြောသည်။
မီးလောင် ခဲ့သည့် ဗလီ ပျက်စီး သွားသည့် အစိတ် အပိုင်း များကို ပြုပြင် နိုင်ခြင်း မရှိသေးဘဲ၊ အတွင်းပိုင်း ၀တ်ပြုသည့် နေရာကို ပြန်လည် ဆေးသုတ်ခြင်း၊ ရှေ့မျက်နှာ စာကို သံပန်းများ ပြန်လည် ကာရံရန် ပြင် ဆင်ခြင်း တို့ လုပ်ဆောင်ရန် ဗလီ တာဝန် ရှိသူ များက စီစဉ်လျက် ရှိနေသည်။
“ပြင်ဆင် နေတာ တွေကို ပြည်နယ် အစိုးရက ကူညီ ထောက်ပံ့ ပေးခြင်း မရှိပါဘူး။ ကျွန်တော် တို့ကို ဘယ်အဖွဲ့ အစည်း ကမှလည်း မကူညီ ပါဘူး။ မိမိတို့ အစီစဉ်နဲ့ မိမိတို့ ပြန်လည် ပြုပြင် နေ ရခြင်း ဖြစ် ပါတယ်” ဟု လည်း ဒေါက်တာ တင်အောင်က ပြောကြားသည်။
ယင်းအပြင် ဗုဒ္ဓဘာသာ၏ အဆုံး အမ များသည် လူတစ်ဦးကို ယဉ်ကျေး သိမ်မွေ့ စေပြီး၊ ပဋိပက္ခ များ ဖြစ်ပေါ် ရခြင်းသည် လှုံ့ဆော်မှု များကြောင့်သာ ဖြစ်ရခြင်း ဟုလည်း သူက ပြောသည်။
“မမှန် မကန် လှုံ့ဆော် မှုတွေဟာ ပဋိပက္ခ ဖြစ်အောင် လှုံ့ဆော်နေ တယ်လို့ ယူဆ ပါတယ်။ အကြမ်း ဖက်မှု ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ သူတွေဟာလည်း ဗုဒ္ဓဘာသာလို့ မယူဆပါဘူး။ လူတစ်စု တစ်ဖွဲ့က လုပ်ဆောင် နေခြင်းသာ ဖြစ်ပါတယ်။ ဗုဒ္ဓ အဆုံး အမ တွေဟာ တည်ငြိမ်တယ်၊ လူတစ်ယောက်ကို ယဉ်ကျေး စေပါတယ်၊ သိမ်မွေ့ ပါတယ်”ဟု ပြောသည်။
မီးလောင် ခဲ့သည့် ဗလီကို ဇူလိုင်လ ၁၄ ရက်တွင် ရှမ်းပြည်နယ် ၀န်ကြီးချုပ်က သန့်ရှင်းရေး ပြုလုပ် စေပြီး ဇူလိုင်လ ၂၀ ရက်တွင် ဗလီ အတွင်း ၀တ်ပြု ခွင့်ကို ပြန်လည် ခွင့်ပြု လိုက်ပြီ ဖြစ်သည်။ အလား တူ ပင် မေလ ၂၈ ရက်တွင် ထုတ်ပြန် ခဲ့သည့် အရေးပေါ် အခြေ အနေ အဖြစ် ပုဒ်မ ၁၄၄ ကိုလည်း ဇူလိုင်လ ၂၇ ရက်တွင် ပြန်လည် ရုတ်သိမ်း လိုက်ပြီ ဖြစ်သည်။
လားရှိုးမြို့တွင် မေလ ၂၈ ရက်က အမျိုးသမီး တစ်ဦး ဓာတ်ဆီလောင်း မီးရှို့ခံ ခဲ့ရရာမှ ပဋိပက္ခများ ဖြစ်ပေါ် ခဲ့ပြီး အဆိုပါ အမျိုးသမီး ကို ဓာတ်ဆီ လောင်းခဲ့သူ ဦးနေ၀င်းကို လားရှိုးမြို့နယ် တရားရုံးက ထောင်ဒဏ် ၂၆ နှစ် ချမှတ်ခဲ့သည်။