ရဲသက်သာ ဆိုင်ခန်းများတွင် ရဲမိသားစု များဝင်ရောက် နေထိုင်မှုကြောင့် ပတ်ဝန်းကျင် ညှစ်ညမ်းနေ
RB News
29.9.2013
မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ်၊ အမှတ် (၂) ရပ်ကွက်၊ မောင်တော ခရိုင် ရဲတပ် ဖွဲ့နှင့် မောင်တော ရဲစခန်း ရှေ့မျက်နှာစာ တွင်ဆောက်လုပ် ထားသော ရဲသက်သာ ချောင်ချိရေး ဆိုင်ခန်း များတွင် ရဲဝန်ထမ်း မိသားစုများ ၀င်ရောက် နေထိုင် လျက်ရှိသော ကြောင့် ပတ်ဝန်းကျင် ညှစ်ညမ်း မှု ပြဿနာနှင့် ရင်ဆိုင် နေရကြောင်း သတင်း ရရှိ ပါသည်။
အဆိုပါ ဆိုင်ခန်း များကို လွန်ခဲ့သည့် ၁၀ နှစ် ကျော်က ဒေသခံ ရိုဟင်ဂျာ များထံမှ ငွေများ ကောက်ယူ ခဲ့ပြီး ဆောက်လုပ် ခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဇွန်လ ဆူပူမှုများ ဖြစ်ပွား ပြီးနောက်ပိုင်း တွင် ရဲဝန်ထမ်း မိသားစု များဝင်ရောက် စီးနင်း ခဲ့ပြီး ကိုယ်ပိုင် အိမ်ရာ များသဖွယ် အသုံးပြု၍ နေထိုင် လျက်ရှိ ကြသည်။ အများပြည်သူ လမ်းသွား လမ်းလာ နေရာတွင် ရှိပြီး ခရိုင် အုပ်ချုပ်ရေးရုံး၊ ဆက်သွယ် ရေးရုံးနှင့် မြို့မ ဗလီ ကြီး တို့ တည်ရှိရာ နေရာများနှင့် ဆက်စပ် လျက်ရှိသော အချက်အချာ ကျသည့် နေရာတွင် တည်ရှိသော ဆိုင်ခန်း များဖြစ်သည်။
ဆိုင်ခန်းများ တွင် ရေချိုးခန်း၊ အိမ်သာမရှိသဖြင့် အဆိုပါဆိုင်ခန်းတွင် နေထိုင် ကြသော ရဲဝန်ထမ်း မိသားစု များသည် လမ်းပေါ်တွင် ရေချိုးခြင်း၊ အပေါ့ အလေး သွားခြင်း၊ အ၀တ် လျှော်ခြင်း၊ အ၀တ် လှမ်းခြင်း များပြုလုပ်သောကြောင့် လမ်းသွား လမ်းလာများ၊ အနီးရှိရုံးဝန်ထမ်းများလွန်စွာစိတ်အနှောက် အယှက် ဖြစ် လျက် ရှိပြီး၊ ပတ်ဝန်းကျင် ညှစ်ညမ်း မှုကြောင့် အခက် ကြုံလျက် ရှိကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။
ထို့အပြင် ခွေးများ မွေးမြူ ထားသဖြင့် လမ်းသွား လမ်းလာ များထဲမှ ခွေးကိုက်ခံ ရ၍ သေဆုံးသည် အထိ ရှိခဲ့ကြောင်း သိရှိ ရပါသည်။ ၀က်များကို စီးပွားဖြစ် မွေးမြူ ထားပြီး လမ်းတွင် လွှတ်ထား သဖြင့် အနံ့ဆိုး များကြောင့် ပတ်ဝန်းကျင် ညှစ်ညမ်းသည့် အပြင် မြို့၏ အလှကိုပါ ဖျက်ဆီး နေခြင်း ဖြစ်သည်ဟု ဆိုသည်။ မိသားစု တစ်စုမှ လဘက်ရည် ဆိုင်၊ ကွမ်းယာဆိုင် ဖွင့်လှစ် ထားပြီး၊ ညအခါတွင် ကာရာအိုကေ သီဆိုခြင်း၊ ညှစ်ညမ်းသည့် ဗီဒီယို ပြခြင်း၊ လိင်ဖျော်ဖြေရေး လုပ်ကိုင်ခြင်း တို့ပြုလုပ် လျက်ရှိကြောင်း သိရှိ ရပါသည်။
အဆိုပါ ရဲဝန်ထမ်း မိသားစု အချို့မှ နယ်ဘက်မှ တက်လာသော ကုန်သည် များကို ခေါ်၍ ဆိုင်တွင်းတွင် ချုပ်နှောင်၍ မတရား ငွေညှစ်ခြင်း များပြုလုပ်ခြင်း မျိုးလည်း မကြာခဏ ပြုလုပ် လေ့ရှိကြောင်း သိရှိ ရ သည်။ ထိုကဲ့သို့ လုပ်ရပ် များကို ခရိုင် ရဲမှူးကြီးနှင့် တာဝန်ရှိ အာဏာပိုင် များမှ သိရှိ သော်လည်း ၎င်းတို့ ကို ၀င်ငွေ ရှာပေးနေ သောကြောင့် တားမြစ် အရေးယူ ဆောင်ရွက် ခြင်းမျိုး မပြုလုပ် ကြောင်း ဒေ သခံ များက ဆိုသည်။
ဒေသခံ များမှ ရဲဝန်ထမ်း မိသားစု များသည် ရဲဝန်ထမ်း အိမ်ရာ များတွင် နေထိုင်သင့်ပြီး၊ ရဲသက် သာ ချောင်ချိရေး ဆိုင်ခန်း များတွင် မိသားစု များနေထိုင်၍ စီးပွားရေး လုပ်ငန်း လုပ်ကိုင်ခြင်း၊ ပတ်ဝန်းကျင် ညှစ်ညမ်း နေခြင်း များကို ပြည်ထဲရေး ၀န်ကြီး ဌာနနှင့် ဗဟို အစိုးရမှ အမြန်ဆုံး တားမြစ် အရေးယူ ပေးရန် လိုလား လျက်ရှိကြောင်း RB News သို့ ပြောပါသည်။