နောက်ဆုံးသတင်း/ဆောင်းပါးများ

ဥဒေါင်း ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ငွေညှစ်၊ ညှဉ်းပန်း နှိပ်စက်မှုများ ဆက်လက် ပြုလုပ်လျက်ရှိ

RB News
20.9.2013

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင် သည် ဒေသခံ ရိုဟင်ဂျာ များကို မဟုတ် မမှန် စွပ်စွဲ၍ ငွေညှစ်ခြင်း၊ ကိုယ်ထိ လက်ရောက် ရိုက်နှက်၍ ညှဉ်းပန်း နှိပ်စက်ခြင်းများ ဆက်လက် ပြုလုပ် လျက်ရှိကြောင်း သတင်း ရရှိပါသည်။ 

လွန်ခဲ့သည့် ဇွန်လ ၂၅ ရက်နေ့တွင် RB News မှ တင်ပြခဲ့သည့် ဒေသခံ များထံမှ ငွေကျပ် ၂၆၁ သိန်းကို မတရား ရယူခဲ့သော ဥဒေါင်း ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးတင်မောင်သည် ဦးအဇီဇုလ္လာ (ဘ) ဦးဟာရှီမ် (အသက် ၄၈ နှစ်) ထံမှ လွန်ခဲ့သည့် ၃ လခန့်က မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်ပြီး ငွေကျပ် ၁၈ သိန်း ရယူခဲ့သည်။ ယခု တဖန် ထပ်မံ ခြိမ်းခြောက်၍ ငွေတောင်းရာ မပေးသဖြင့် စက်တင်ဘာလ ၁၀ ရက်နေ့က လုံထိန်းများ ခေါ်၍ ဖမ်းဆီးပြီး မြင်းလွတ် စခန်းသို့ ခေါ်သွား ခဲ့သည်။ အပြစ်မဲ့ ဦးအဇီဇုလ္လာ အား ၃ ရက် ချုပ်နှောင် ထားခဲ့ပြီး နောက်ဆုံးတွင် ပြန်လွှတ်ပေး ခဲ့ရသည်။ 

တဖန် စက်တင်ဘာလ (၁၉) ရက်နေ့ နံနက် ၁၀ နာရီတွင် အုပ်ချုပ်ရေးမှူး ဦးတင်မောင်က ဦးအဇီဇုလ္လာ အား ဥဒေါင်း ဈေးအနီးရှိ လဘက်ရည် ဆိုင်သို့ ခေါ်၍ ဦးတင်မောင် ငွေညှစ်သည့် ကိစ္စများ စခန်းတွင် ဖွင့်ချ ခဲ့ခြင်း အတွက် ဆဲဆို ကြိမ်းမောင်း၍ လူမဆန်စွာ ရိုက်နှက်ရာ ဦးအဇီဇုလ္လာ၏ နှုတ်ခမ်းနှင့် နဖူးတို့ ပေါက်ပြဲ၍ သွေးထွက် ဒဏ်ရာ ရခဲ့သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် ဦးအဇီဇုလ္လာသည် အနီးရှိ ၎င်း၏ အိမ်ထဲသို့ ၀င်ပြေးရာ၊ ဦးတင်မောင်နှင့် အပေါင်းအပါ ၅ ဦးမှ အိမ်ထဲထိ လိုက်ရိုက် ခဲ့သည်။ ထို့အပြင် နေအိမ်ရှိ ဦးအဇီဇုလ္လာ၏ ဇနီး ဖြစ်သူ ဒေါ်ဟာမီဒါ ကိုလည်း ဦးတင်မောင်မှ လူမဆန်စွာ ရိုက်နှက် ခဲ့သည်။ 

ဦးတင်မောင်မှ ဦးအဇီဇုလ္လာ တို့ ဇနီးမောင်နှံအား ဖမ်းဆီးမည်ဟု ခြိမ်းခြောက် ပြောဆိုသဖြင့် ယခုအခါ ဇနီး မောင်နှံ နှစ်ဦးစလုံး တိမ်းရှောင် နေရကြောင်း ဒေသခံ တစ်ဦးမှ RB News သို့ ပြောပါသည်။ 

ဦးတင်မောင်သည် ယခုလ ၁၅ ရက်နေ့ တွင်လည်း အနီစ်အုလ္လာ (ဘ) ဦးကရီမုလ္လာ (အသက် ၁၆ နှစ်) အား ဖမ်းဆီး၍ ဘင်္ဂလား ဒေ့ရှ်မှ လက်ကိုင်ဖုန်း ကိုင်ဆောင် နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၅ သိန်း ရယူ ခဲ့သည်။ စက်တင်ဘာလ (၁၀) ရက်နေ့တွင် ဦးလာလ်မျာ (ဘ) ဦးဖော်ဇူ၏ ဆိုင်ခန်း ထဲသို့ ဦးတင်မောင် ကိုယ်တိုင် ဘင်္ဂလား လက်ကိုင်ဖုန်း တစ်လုံး ထည့်၍ ဦးလာလ်မျာ၏ သားဖြစ်သူကို ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် ၅ သိန်း မတရား သဖြင့် ရယူ၍ ပြန်လွှတ် ပေးခဲ့သည်။ 

ထို့အပြင် ဦးတင်မောင်သည် ဦးနော်ဇီ ရာမတ် (ဘ) ဦးမူဇေရ် (အသက် ၅၀ နှစ်) နှင့် ဦးဆလီမ်အုလ္လာ (ဘ) ဦးရှော်မူလုခ် (အသက် ၅၅ နှစ်) တို့ နှစ်ဦးအား လယ်မြေပေါ်၌ ကွမ်းရွက်ခြံ စိုက်ပျိုးရေး လုပ်ငန်း လုပ်ကိုင် နေသည်ဟု စွပ်စွဲပြီး ငွေကျပ် ၁၇၀၀၀၀ ရယူ ခဲ့သည်။ ဦးနူရ်ဆလာမ် (ဘ) ဦးမာဒီ (အသက် ၅၃ နှစ်) နှင့် အပေါင်း အပါ ၈ ဦး တို့ထံမှလည်း လယ်မြေရေကြောင့် နပက ပုဇွန်ကန် ပျက်စီး နေသည်ဟု စွပ်စွဲ၍ ငွေကျပ် ၃ သိန်း ရယူခဲ့ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus