နောက်ဆုံးသတင်း/ဆောင်းပါးများ

စစ်တွေ အကျဉ်းထောင်တွင် ဘာသာရေး ဖိနှိပ်မှုနှင့် အခြား ပြဿနာများ ကြုံတွေ့နေရ



RB News
28.10.2013

စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေ အကျဉ်းထောင် ထဲတွင် ဘာသာရေး ဖိနှိပ်မှုနှင့် အခြား ပြဿနာ မျိုးစုံ ကြုံတွေ့ နေရကြောင်း အကျဉ်းထောင်မှ လွတ်မြောက် လာသူ တစ်ဦးမှ ပြောပါသည်။ 

စစ်တွေ အကျဉ်းထောင်တွင် စည်းကမ်း ဖောက်ဖျက်ခြင်း၊ အဂတိ လိုက်စားခြင်း၊ ဘွခ်ကိုင် (ထမင်းချက်၊ ဟင်းချက် အလုပ်) လုယက်ခြင်း၊ မိလ္လာ ရေလောင်းရခြင်း၊ ကျန်းမာရေး ချို့တဲ့ခြင်း၊ စားသောက် နေထိုင် ရာတွင် ခွဲခြားဆက်ဆံခြင်း၊ ဘာသာရေး ဖိနှိပ်ခြင်းနှင့် အမျိုးသား လူ့အခွင့် အရေးကို စနစ်တကျ ချိုးဖောက် လျက် ရှိကြောင်း ၎င်းကဆိုသည်။ 

ထောင်တွင်း စည်းကမ်းချက် များအရ ပိုက်ဆံ၊ ကွမ်း၊ ဆေးလိပ်၊ ဆေးရွက်ကြီးနှင့် ဓါတု လက်နက် စသည် တို့ကို တရားဝင် တင်သွင်းခွင့် မရှိသော်လည်း ထောင်ဝန်ထမ်း များက ဘိုးဝ (ထောင်ဝင် စာ တွေ့သည့် အခန်း) မှ လျှို့ဝှက်စွာ သွင်းခြင်း၊ မျှောင်စင်မှ တဆင့် ပစ်ချခြင်း၊ ဈေးစာရင်း ပစ္စည်း များနှင့် ရောနှော၍ သွင်းခြင်းတို့ပြုလုပ် လျက်ရှိသည်။ ထောင်ဝန်ထမ်း များဖြစ်သည့် ဆရာစံသိန်းနှင့် ဆရာကျော်ညွန့် တို့မှ ၁၀% ကော်မရှင် ယူ၍ မည်သည့်ပစ္စည်းမဆိုသွင်းခွင့်ပြုလျက် ရှိသည်။ ရှာဖွေရေး ၀န်ထမ်းများက ရှာဖွေ တွေ့ရှိ သမျှ ပစ္စည်းများကို မိန်ဂျဲလ် (အကျဉ်းသားများ တရားစီရင်သည့် ရုံး) ရုံးသို့ မတင်ပြဘဲ၊ အကျဉ်းသားများကိုခြိမ်းခြောက်ပြီးငွေညှစ်သည်။ရုံးသို့ တင်ပြလျှင်လည်း အရာရှိ များ က ငွေကြေး တောင်း ခံပြီး ပြန်လွှတ် ပေးသည့် အတွက် အောက်ခြေ ရဲဘော်မှ အရာရှိကြီး များအ ထိ ငွေကြေး ပေးပါက မည်သည့် အရာမဆို လုပ်ပိုင်ခွင့် ရှိကြောင်း ထင်ရှားစွာ တွေ့ရှိ နိုင်ပါသည်။ 

အချို့မှာ မူးယစ် ဆေးဝါး ရောင်းဝယ်ပြီး ၎င်းတို့၏ ဆရာများကို ပူဇော် ထားသည့် အတွက် အကျဉ်းသား အရာရှိ များဖြစ်နေ ကြသည်။ ဗိုလ်ကြီး သိန်းလွင်၏ တပည့် အောင်စံရွှေ၊ မိုးဝါ၊ ဦးမာမတ် ကာဆိမ်းနှင့် ဗိုလ်လေး ဆွေမျိုးလှိုင်၊ ဦးရွှေစာနှင့် ဗိုလ်လေး ၀င်းမောင် တို့သည် အကျဉ်းသား များကို ဆက်ဆံရာတွင် ဆဲဆို ခြိမ်းခြောက် ကြမ်းတမ်း ရိုင်းပျ သဖြင့် အရာရှိ ကြီးများ အကြိုက် ဖြစ်ပြီး၊ ၎င်းတို့ကို တိုင်တန်း ပါက အကျဉ်းသား များအား အမျိုးမျိုး ဒုက္ခ ပေးလေ့ ရှိသည်။ ထို့အပြင် ငွေကြေး တတ်နိုင်သူ များသည် ဘွခ် ကိုင် အလုပ်ကို သာလုပ်ရပြီး၊ ငွေကြေး မတတ်နိုင်သူ များမှာ အလုပ်ကြမ်း များသာ လုပ်နေ ရသည်။ 

စိုက်ပျိုး ထားသည့် ဟင်းသီး ဟင်းရွက် ခင်းများတွင် မိလ္လာရေများ လောင်းစေပြီး၊ ထိုဟင်းသီး ဟင်းရွက် များကို စနစ်တကျ မဆေးကြောသည့်အပြင် ဆီမပါဘဲ ချက်ကျွေးသည့်အတွက်အကျဉ်းသား များမှာ ပွေး၊၀ဲ၊ ယားနာ များနှင့် အခြား အရေပြား ရောဂါများ စွဲကပ် နေကြသည်။ ထောင်ပိုင်နှင့် အခြားသော လူကြီးများ လာရောက်မည် ဆိုပါက ဆီပြန်ဟင်း များစားရသည်ဟု အကျဉ်းထောင်မှ လွတ်မြောက် လာသူက ဆို သည်။ 

ပွေး၊၀ဲ၊ယားနာနှင့် အခြားသော ရောဂါ အမျိုးမျိုးကို ထောင်ဆေးရုံတွင် သွားပြလျှင် ဆေးမှူး စောမင်းထွန်းမှ ဦးစွာ ဆဲဆို ရိုက်နှက်ကာ ဆေးနှစ်ခွက်စာ အပေါစား တရုတ် ဘာမီတွန်နှင့် ပါရာစီ တာမောလ် ကိုသာပေး လွှတ်သည်။ အရေးပေါ် လူနာ ဖြစ်မှသာ ဆေးစာ ရေးပေးသည်။ လူနာများ အနေဖြင့် လိုအပ် သည့် ဆေး ကို ထိုးရန် ဆေးမှူး မရှိသည့် အချိန်တွင် ဆရာထွန်းကျော်ကို ငွေကျပ် တစ်ထောင် ပေး ၍ ထိုးရသည်။ 

ထောင်အရာရှိ ဖြစ်သူ ဖြစ်သူ ဦးသိန်းလွင်မှ ဗုဒ္ဓဟူး နေ့နှင့် တနင်္ဂနွေ နေ့များတွင် အကျဉ်းသား တစ်ဦးလျှင် အမဲသား ခုနစ်ကျပ်သား နှုန်းကျွေးသည်ဟု ဆိုသော်လည်း အမှန် တကယ်မှာ လေးကျပ်သား ခန့်တောင် မရှိဟု ၎င်းက ဆိုသည်။ အစ္စလာမ် ဘာသာဝင် များကို ဥပုဒ်လတွင် ဥပုဒ် စောင့်ရန် အတွက် လှူဒါန်း ထားသည့် အမဲသား များကိုလည်း တစ်ပတ်လျှင် နှစ်ကြိမ်စီ ဥပုဒ်လ ကုန်သည့် အထိ ကျွေးမွေး ခဲ့ပြီး စက် တင်ဘာလ ၁၃ ရက်နေ့ ကော့သောင်းမြို့ အကျဉ်းထောင် ပဋိပက္ခ ဖြစ်ပွား ခဲ့သည့် အပတ် တွင် နောက်ဆုံး အဖြစ် နှစ်ကြိမ် ကျွေးခဲ့သည်ဟု ဆိုသည်။ အခြား ဘာသာဝင် များကို ၎င်းတို့ ကြိုက်နှစ် သက်သည့် အသားကို တပတ်လျှင် နှစ်ကြိမ် ပုံမှန် ကျွေးလေ့ ရှိသည်။ ထောင်ဝန်ထမ်းများ စိတ်ကြိုက် စားပြီးမှသာ ကျန်သည် များကို အကျဉ်းသားများ စားခွင့် ရှိသည်။ ထမင်း၊ဟင်း များဝေငှ ရာတွင်လည်း ၀က်သား ဟင်းနှင့် အမဲသား ဟင်းများကို ပေါင်း၍ ယူလာပြီး ပေးသည်။ အောက်တိုဘာလ ၁၉ ရက်နေ့ ၀ါကျွတ် လပြည့်နေ့တွင် ၀က်သား၊ ငါးခြောက်နှင့် ကုလားပဲဟင်း များကို အိုးတစ်လုံး ထဲတွင် ရောချက်၍ ဒုတပ်ကြပ် ကျော်သိန်းထွန်းက မွတ်စလင် အကျဉ်းသား များကို ထိုဟင်းအိုးမှ ငါးခြောက်နှင့် ကုလားပဲ များ ရွေးထုတ်ပြီး ကျွေးခဲ့သည်။ ဤသည်မှာ အစ္စလာမ် ဘာသာဝင် အကျဉ်းသား များကို အာဏာကို အလွှဲ သုံးစား ပြုလုပ်၍ အနိုင်ကျင့် ခြင်းဖြစ်သည်။ 

အကျဉ်းထောင် များတွင် ဘာသာရေး လွတ်လပ်ခွင့် ပေးသည်ဟုပြောဆို သော်လည်း အမှန်တကယ် တွင် သောကြာနေ့နှင့် အီးဒ်နေ့ များတွင် ၀တ်ပြုခွင့် မပေးထား ကြောင်း အကျဉ်းထောင်မှ လွတ်မြောက် လာသူမှ ပြောပါသည်။ 

တနင်္လာနေ့ တိုင်းတွင် ထောင်ပိုင် တန်းစီး ရှိသည်။ ထောင်ပိုင်မှူး ထံ တစ်စုံတစ်ခု တင်ပြပါက ထောင်ပိုင် မှူးမှ လူအများ ရှေ့တွင် အဆင်ပြေ အောင် ပြုလုပ် ပေးမည် ဟု ပြောဆို သော်လည်း၊ တန်းစီ ပြီးသွား သည့် အခါ တင်ပြသူကို ခေါ်၍ လူမဆန်စွာ ရိုက်နှက်ပြီး၊ လက်နှင့် ခြေချင်း ပူးတွဲ ဒေါက်ခတ်ပြီး အုတ်ကျိုး ခင်းထားသော လမ်းတစ်လျှောက် နာရီ အတော်ကြာ လျှောက်ခိုင်း စေပြီး တိုက်ပိတ် ထားသည့် အတွက် အကျဉ်းသား များမှာ မည်သည့် အကြောင်း အရာ ကိုမှ တင်ပြခြင်း မရှိတော့ဘဲ ညဉ်းပန်း နှိပ်စက် မှုမှန်သမျှကို သည်းခံ နေကြ ရသည်။ 

၂၀၁၂ ခုနှစ်တွင် ဖြစ်ပွား ခဲ့သော အကြမ်းဖက် မှုများနှင့် ပတ်သက်ပြီး စစ်တွေမြို့ သံတော်လီမှ အစ္စလာမ် ဘာသာဝင် ၁၂ ဦး၊ မြောက်ဦးမြို့မှ ၉ ဦးတို့ကို ထောင်ဒဏ် (၉) နှစ်စီ ချမှတ် ခဲ့ပြီး၊ ရသေ့တောင် မြို့၊ အနောက်ပြင် ကျေးရွာမှ ၅၂ ဦးနှင့် ညောင်ပင်လေး၊ ကြက်ရိုး ကုန်တန်းမှ ၂၀ ဦးတို့ကို ထောင်ဒဏ် ၁၀ နှစ် ချမှတ် ခဲ့သည်။ အသက် မပြည့်သည့် ကလေး နှစ်ဦး ကိုလည်း ထောင်ဒဏ် ၅ နှစ်စီ ချမှတ် ခဲ့သည်။ လက်ရှိ စစ်တွေ အကျဉ်းထောင်တွင် ၂၀၁၂ အကြမ်းဖက် မှုနှင့် ပတ်သက်၍ ဖမ်းဆီး ထားသည့် တရားခံ ၅၀၀ ကျော်ရှိသည်ဟု ပြည်နယ် နယ်စပ် ဒေသနှင့် လုံခြုံရေး ၀န်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆို ခဲ့သည်။ အဆိုပါ ၅၀၀ ကျော် တို့မှာ အစ္စလာမ် ဘာသာဝင် များသာ ဖြစ်ပြီး ဖမ်းဆီး ထားသူ များတွင် ရခိုင် လူမျိုး တစ်ဦးမှ မပါဝင် ကြောင်း အကျဉ်းထောင်မှ လွတ်မြောက် လာသူက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus