သံတွဲဒေသ ပဋိပက္ခ တစ်ဦး သေဆုံး နေအိမ် ၇၀ ကျော် မီးရှို့ခံရ
1.10.2013
ရခိုင် ပြည်နယ် သံတွဲ မြို့နယ် ရွှေလှေ တိုက်နယ်က ပေါက်တော ကျေးရွာနဲ့ သူဌေး တိုက်နယ်က သဗြု ချိုင် ကျေးရွာ နှစ်ရွာမှာ ဒီကနေ့ ဖြစ်ပွား ခဲ့တဲ့ ပဋိပက္ခကြောင့် မွတ်ဆလင် အမျိုးသမီး တစ်ဦး သေ ဆုံး ပြီး၊ နေအိမ် ၇၀ကျော် မီးရှို့ ဖျက်ဆီး ခံရတယ်လို့ သိရ ပါတယ်။
ဒီကနေ့ ညနေပိုင်း အခြေအနေ တွေကို သံတွဲ ဒေသတွင်း သတင်းမှန် ဖော်ထုတ်ရေး အဖွဲ့ဝင် တစ်ဦး ဖြစ် သူ သံတွဲ ခရိုင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဦးဝင်းနိုင်က RFA ကို အခုလို ပြောပါတယ်။
"ဒီနေ့အခြေအနေကတော့ သဗြုချိုင်မှာ မီးရှို့နေတယ်၊ ရဲကလည်းမိုးပေါ်ထောင်ပစ်နေပါတယ်၊ အဲဒီ မှာ ရွာ သား တွေက ချောင်ပိတ် မိနေ ပါတယ်"
ရခိုင် ပြည်နယ် အစိုးရ အဖွဲ့ ပြောရေးဆို ခွင့်ရှိသူ ဦးဝင်းမြိုင်က လုံခြုံရေး မရှိသေးတဲ့ ကျေးရွာ တွေမှာ အဲဒီ လို မီးရှို့တိုက်ခိုက် မှုတွေ ဖြစ်ခဲ့တာလို့ အခုလို ပြောပါတယ်။
"ဒီဖြစ်တာက မြို့ပေါ်မှာ မဟုတ်ဘူး၊ ဒီမြို့ပေါ်ကပြီးသွားပြီ၊ မြို့နဲ့လုံခြုံရေးနဲ့ အလှမ်းဝေး တဲ့ နေ ရာပေါ့ ရွှေလီဘက် ဆိုရင် မြို့နဲ့မိုင် ၂ဝ လောက် ဝေးတယ်၊ အဲလို ဖြစ်လို့ သတင်း ကြားတာနဲ့ တခါတည်း အဲနေရာ ကိုတော့ သွားတာပေါ့၊ သဗြုချိုင် လည်း အဲလိုပဲ၊ ဖြစ်မယ် ထင်လို့ ဒီနေ့ မနက်မှာ လုံခြုံရေး မရောက် ခင် အချိန် လေးမှာပဲ ဒီပြဿနာ တွေဖြစ်တယ် လို့ပဲ သိရတယ်"
နေအိမ် မီးရှို့ အကြမ်းဖက် မှုတွေကြောင့် သဗြုချိုင် ကျေးရွာနဲ့ ပေါက်တော ကျေးရွာ တွေမှာ နေအိမ် ၂၀ ထက်မနည်း မီးလောင်ကျွမ်း မှုတွေ ရှိခဲ့တယ်လို့ ဒေသခံ တွေက ပြောပေမဲ့ ရခိုင် ပြည်နယ် အစိုးရ တာဝန် ရှိသူကို RFA က ဆက်သွယ် မေးမြန်းရာ မှာတော့ မီးရှို့ ခံရတဲ့ နေအိမ် အရေ အတွက်ကို အတည် ပြု ပြောကြားတာ မရှိပါဘူး။
ဒီနေ့ မီးရှို့ တိုက်ခိုက် ခံရတဲ့ သဗြုချိုင်နဲ့ ပေါက်တော ကျေးရွာ တွေဟာ အစ္စလာမ် ဘာသာဝင် ကမန် တိုင်းရင်းသား အများစု နေထိုင်တဲ့ ကျေးရွာ တွေဖြစ် တယ်လို့ သိရ ပါတယ်။ ပြီးခဲ့တဲ့ စက်တင် ဘာလ ၂၉ရက်နေ့ ညနေက သံတွဲမြို့ ပေါ်မှာ ကမန် အမျိုးသား တစ်ဦးနဲ့ ရခိုင် တိုင်းရင်းသား တစ်ဦးတို့ သုံးဘီး ဆိုင်ကယ် ရပ်နားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး စကားများရာ ကနေ မီးရှို့မှု ဖြစ်ပြီး နေအိမ် နှစ်လုံး မီးလောင် ကျွမ်းခဲ့ ပါတယ်။