ရိုဟင်ဂျာ ၇၀ ကျော် တင်ဆောင်သည့် စက်လှေ နစ်မြှပ်၍ အများအပြား ပျောက်ဆုံးနေ
ချော်မိန်း (ဘ) ဦးအီဒီရီစ် (အသက် ၂၀ နှစ်) (ဓါတ်ပုံ - စစ်တွေ IDP) |
RB News
3.11.2013
စစ်တွေ ။ ။ ရခိုင် ပြည်နယ်၊ စစ်တွေမြို့မှ ရိုဟင်ဂျာ မွတ်စလင် ၇၀ ကျော် တင်ဆောင် သွားသည့် စက်လှေ တစ်စီး ဘင်္ဂလား ပင်လယ်အော်တွင် နစ်မြှပ် သွားကြောင်း လူမှု အထောက်အကူပြု အေဂျင်စီ တစ်ခုမှ ၀န်ထမ်း တစ်ဦးက ပြောကြောင်း ယနေ့ အေပီ သတင်း တစ်ရပ်တွင် ရေးသား ဖော်ပြ ထားပြီး၊ အဆိုပါ စက်လှေမှ အသက်ရှင် နိုင်ခဲ့သူ ၈ ဦးကိုသာ ရှာဖွေ တွေ့ရှိ ခဲ့ကြောင်း သိရှိ ရပါသည်။
စက်လှေသည် ယနေ့ အစောပိုင်းက ဘင်္ဂလား ပင်လယ်အော် မှတဆင့် ဘင်္ဂလား ဒေ့ရှ် နိုင်ငံသို့ သွားနေ ခြင်း ဖြစ်ကြောင်း Action Against Hunger မှ ၀န်ထမ်း ဖြစ်သူ ဦးအဒူမာလိခ်မှ ပြောပါသည်။
ကုလ သမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ Dan McNorton က ဆွဇ်ဇာ လန် နိုင်ငံ၊ ဂျနီဗာ မြို့တွင်ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် လွန်ခဲ့သည့် အပတ်က မြန်မာ နိုင်ငံမှ ရိုဟင်ဂျာ ၁၅၀၀ ကျော် စက်လှေ များဖြင့် ထွက်ခွာ ခဲ့သည်ဟု ပြောကြား ခဲ့သည်။ ၎င်း၏ အဖွဲ့အစည်းမှ စက်လှေ နစ်မြှပ်၍ သေဆုံးခြင်း များနှင့် ပတ်သက်၍ အစီရင်ခံစာ များလက်ခံ ရရှိ ထားပြီး၊ မြန်မာ အာဏာ ပိုင် များထံမှ အသေးစိတ် မေးမြန်း ထားသည်ဟု ဆိုသည်။
ယနေ့ အစောပိုင်းတွင် နစ်မြှပ် ခဲ့သည့် စက်လှေမှာသစ်ဖြင့်ပြုလုပ်ထားသည့် စက်လှေ ဖြစ်ပြီး လူ ၇၀ ကျော် တင်ဆောင်ကာ စစ်တွေမြို့ အုန်းတောကြီး ဒုက္ခသည် စခန်းမှ နံနက် ၃ နာရီတွင် ထွက်ခွာခဲ့ ပြီးနောက် ၄ နာရီ အကြာတွင် နစ်မြှပ်ခဲ့ခြင်း ဖြစ်သည်။ လိုက်ပါ ခဲ့သည့် ဒုက္ခသည် များတွင် အမျိုးသမီး များ၊ ကလေး များနှင့် ကလေးငယ် များလည်း ပါဝင်သည်ဟု အေပီ သတင်းတွင် ရေးသား ထားပါသည်။
လှေပေါ်တွင် လိုက်ပါ သွားသူများ၏ မိသားစု ၀င်များနှင့် မိတ်ဆွေ များက ဘင်္ဂလား ပင်လယ်အော်နှင့် ကမ်းခြေ တလျှောက်တွင် ပိုက်စိတ်တိုက် ရှာဖွေ သော်လည်း အသက်ရှင် နိုင်ခဲ့သူ ၈ ဦးကိုသာ ရှာဖွေ တွေ့ ရှိ ခဲ့သည်။
စစ်တွေမြို့ ဒေသခံ များ၏ ပြောကြားချက် အရ သေဆုံးသူ တစ်ဦး၏ အလောင်းကို ရှာဖွေ တွေ့ရှိ ခဲ့ပြီး ၊ သေ ဆုံးသူမှာ ချော်မိန်း (ဘ) ဦးအီဒီရီစ် (အသက် ၂၀ နှစ်) ဖြစ်ပြီး ကျန်သည့်သူ များမှာ ယခု အချိန် ထိ ပျောက်ဆုံးလျက်ရှိသည်။