နောက်ဆုံးသတင်း/ဆောင်းပါးများ

တော်လှန်ရေးရဲ့ သဘော (၄)

ဌေးလွင်ဦး
RB News
29.1.2014

လက်နက်မဲ့ တော်လှန်ရေး လက်နက်မဲ့ တော်လှန်ရေး ဆိုတာ အမှန် တစ်ကယ်တော့ လက်နက် လုံးဝ မဲ့နေပြီး တစ်ဘက်သတ် လည်စင်းခံ အသတ်ခံ နေတဲ့ တော်လှန်ရေး မဟုတ်ပါ။ ဖိနှိပ်သူကို ခြေထောက်ကိုင် ဦးချ ရှိခိုး တောင်းပန်ပြီး အသက်ဆက် ကျေးကျွန် ခံစေမယ့် အရှုံးပေးမှု မဟုတ်ပါ။ ရန်သူ အတွက် အင်မတန် အင်အား ပြင်းပြီး မမြင်နိုင်တဲ့ လက်နက်မျိုးကို ပိုင်ဆိုင်သူ တို့သာ လုပ်ဆောင် နိုင်တဲ့ တော်လှန် ရေးမျိုး ဖြစ်ပါတယ်။ သူ့မှာ ပြစရာ ဆိုလို့ ကလောင် လက်နက် မီဒီယာ လက်နက် သံတမန် လက်နက် တို့ကိုသာ ထုတ်ပြနိုင် ပါတယ်။ 

တစ်ကယ်တော့ ဒါတွေ ကိုလည်း လူ့ သဘာဝ အလျှောက် လက်နက် ရယ်လို့ မြင်နိုင်အား မရှိပါ-၊ သို့မဟုတ် မြင်တတ် ဘို့ရာ ခက်ခဲလှ ပါတယ်။ အကြမ်းထည် ရုပ်လုံး ပေါ်အောင် ပြောနိုင် တာက- လူတစ်ယောက် အနေနဲ့ ထက်မြက်တဲ့ ကလောင်ရှင် တစ်ယောက် ဖြစ်လာ စေဘို့ အရင်း အနှီး ဘယ်လောက်ပေး ခဲ့ရသလဲ-၊ လူထု ကြားမှာ ပေါက်မြောက်တဲ့ မီဒီယာ တစ်ခုကို ပိုင်ဆိုင် စေဘို့ ဘယ်ပုံ ဘယ်နည်း ထူထောင် ရသလဲ သို့မဟုတ် ကမ္ဘာ့ မီဒီယာ များကို ဘယ်ပုံ ဘယ်နည်း ချဉ်းကပ် ရသလဲ၊ ကမ္ဘာ့ သံတမန် များကို ထိုးဖေါက် နိုင်ဘို့ ဘယ်ပုံ ဘယ်နည်း ချဉ်းကပ် ရသလဲ-၊ လက်တွေ့ ချဉ်းကပ်ဘူး သူမှသာ သိလာ နိုင်မယ့် ကိစ္စများ ဖြစ်ပါတယ်။ 

သံခင်း တမန်ခင်းမှာ ကိုယ်ဖြစ်ချင် တာချည်း တင်ပြ လို့မရသလို တင်ပြလိုတဲ့ ကိစ္စဟာ အမှန်ဖြစ် နေပါစေ-၊ တိကျ သေချာ ခိုင်မာတဲ့ အထောက် အထား မရှိရင် တင်ပြလို့ မရ ဆိုတဲ့ အချက် ကိုလည်း နားလည် ထားရ ပြန်ပါတယ်။ ဒီထက် ပိုပြီး ခက်ခဲတဲ့ အလုပ်က တိကျ သေချာတဲ့ အထောက် အထား သက်သေ ရှိပါစေ-၊ နိုင်ငံ တိုင်းမှာ အကျိုး အမြတ် ဆိုတာက ရှိနေပြန် ပါတယ်။ တော်လှန်ရေး သမား တစ်ယောက်၊ သို့မဟုတ် တော်လှန်သူ တစ်ဖွဲ့မှာ ကမ္ဘာ့နိုင်ငံ များကို ပေးစရာ အကျိုး အမြတ် သို့မဟုတ် အကျိုး စီးပွား မျှော်လင့်ချက် မရှိပါ။ တစ်ဘက်က သူနဲ့ ရင်ဆိုင် နေရတဲ့ ရန်သူ (ဖိနှိပ်သူ) ဟာ နိုင်ငံ တစ်ခုကို ပိုင်တဲ့ အင်အားစု ဖြစ်ပါတယ်။ နိုင်ငံ တစ်ခုကို ပိုင်ဆိုင် ထားသူ ဘက်က ကမ္ဘာ့ သံတမန်များ ကမ္ဘာ့ နိုင်ငံများ အတွက် အကျိုး စီးပွား အဆုံး မသတ် ပေးနိုင်တဲ့ အခြေ အနေမှာ ရှိပါတယ်။ 

ဒီလို အခြေ အနေမှာ အကျိုး အမြတ် ဘက်ကိုသာ လိုက်လေ့ ရှိတဲ့ ကမ္ဘာ့ နိုင်ငံ များကို ကိုယ့်ဘက် ပါအောင် ဖိနှိပ်သူ (ရန်သူ) နဲ့ တော်လှန်ရေး အင်အားစုက လွန်ဆွဲ ရပါတယ်။ လွန်ဆွဲ ပွဲမှာ အင်အားကြီး လွန်းတဲ့ ရန်သူ ဘက်ကို ပါမသွားအောင် လုပ်ယူနိုင် ဘို့ သာမန် လူတွေ မမြင် နိုင်တဲ့ အင်မတန် အင်အား ကြီးတဲ့ လက်နက်ကို ထုတ်သုံး ရပါတယ်။ ဒါဟာ သော့ချက် ပါပဲ။ တစ်ပြိုင်နက်မှာ ရန်သူ ဘက်ကလည်း ကိုယ့်ဘက် ပါလာတဲ့ လွန်ပွဲကို ပြန်လု နေဦးမှာပါ-၊ ကိုယ်ဒါကို မျက်ခြေ မပြတ် ဘို့နဲ့ ကိုယ့်ဘက် ပါပြီးသား သူများ ပြန်လည် ဆုတ်ခွာ မသွား နိုင်အောင် ရန်သူ မသိနိုင် မလိုက် နိုင်တဲ့ ကီးတစ်ခုကို ထပ်ကြပ် ထားရ ပြန်ပါတယ်။ (တော်လှန်ရေး အပြီးသတ် ပြီးသွား တော့မှ နည်းဗျူဟာ အားလုံးကို ပညာပေး အဖြစ် တင်ပြ ပါမယ်။) 

ပြီးတော့မှ ကိုယ့်ဘက်က တော်လှန်ခြင်း အလုပ်ကို စတင် ရပါတယ်။ ကိုယ့်ဘက်က ပန်းတိုင်ကို ရောက်ပြီလို့ သေချာပေါက် သိနေမှ တော်လှန် ရေးကို စတင် ရခြင်းပါ။ သို့သော် ဥုံဖွ မဟုတ်ပါ။ လိုချင်တဲ့ အမှတ် တစ်ခုကို ရောက်စေဘို့ ချည်းကပ် ထိုးဖေါက် မှုပေါင်း များစွာကို တစ်စိုက် မတ်မတ် စဉ်ဆက် မပြတ် လုပ်ဆောင် နေဘို့ ယန္တရား လိုအပ် ပါတယ်။ 

လက်နက်မဲ့တော်လှန်ရေး

လက်နက်မဲ့ တော်လှန် ရေးကို ကျင့်သုံးသူ သို့မဟုတ် ကျင့်သုံးတဲ့ အဖွဲ့မှာ ကြီးမားတဲ့ စိတ်ဓါတ် အင်အား ကိုလည်း လေ့ကျင့် တည်ဆောက်ပြီး ဖြစ်ရ ပါတယ်။ တစ်ဘက်မှာ ကိုယ့်လူထု ကိုယ်တိုင်က အားမလို အားမရတဲ့ ပြစ်တင် ဝေဖန်မှု များကို ထိပ်တိုက် တိုးရမှာ ဖြစ်သလို-၊ ရန်သူဘက် ကလည်း စိတ်ဓါတ် စစ်ဆင်ရေး များကို အစွမ်းရှိ သလောက် အင်ကုန် အားကုန် ဆင်နွဲတော့မှာ သေချာ ပါတယ်။ လက်နက်မဲ့ တော်လှန်ရေး နည်းဆိုတာ ရန်သူကို သေနတ်နဲ့ မပစ်၊ ဓါးနဲ့ မခုတ်ဘဲ ရန်သူ့ ရင်ဘတ် ထဲကို ကင်ဆာ ရောဂါ ထည့်တဲ့နည်း-၊ အတွင်းကြေ ကြေအောင် ထုတဲ့နည်း ဖြစ်နေလို့ပါ။ 

သေနတ် ဒဏ်ရာ၊ ဓါးခုတ် ဒဏ်ရာလို မမြင်ရတဲ့ ဒဏ်ရာ ဖြစ်နေတော့ ရန်သူ ဘက်လည်း- သူဘာမှ မဖြစ်ပါဘူး လို့ အသက် မထွက်မှီ သို့မဟုတ် ဆေးမနိုင်တဲ့ အချိန်ထိ သာမန် လူထုကို လှည့်စား ဟန်ဆောင်နိုင် သလို၊ ရန်သူ့မှာ ရနေတဲ့ ဒဏ်ရာ ဒဏ်ချက် များကို မျက်ဝါး ထင်ထင် မမြင်ရတဲ့ လူထု ကလည်း မိမိတို့ ခန္ဓာကိုယ် ပေါ်က မြင်နိုင်တဲ့ ဒဏ်ရာ များကိုသာ ကြည့်ကာ တော်လှန်ရေး သမားတွေ အခုထိ ရန်သူကို ဘာမှ မလုပ်နိုင် ဘူးလို့ ငြိုငြင် ခံရမှာ သေချာလှ ပါတယ်။ ဒါတွေကို ရန်သူ ရောဂါ ကျွမ်းတဲ့ ကာလ တစ်ခုထိ လက်နက်မဲ့ တော်လှန်ရေး သမား များက သီးခံ ပေးနိုင် ဘို့လည်း လိုအပ် ပါတယ်။ 

ဒီနေရာမှာ ချိန်ထိုး နားလည် သင့်တာက လက်နက်ကိုင် တော်လှန်ရေး တစ်ခု အတွက် ပြင်ဆင်တယ်လို့ တွေးပါ-၊ လက်နက်ကိုင် ဘို့ရာ လက်နက် စုရမယ်၊ ငွေစု ရမယ်၊ ရဲဘော်စု ရမယ်၊ နည်းပညာ စုရမယ်-၊ ဒီအတွက် ဒေါ်လာ သန်းပေါင်း များစွာသော အရင်း အနှီးတွေ လိုအပ် ပါမယ်။ စိတ်ကူးယဉ် ရုံမျှနဲ့ မဖြစ်နိုင်ပါ။ ရဲဘော် စုနိုင်တယ်၊ ရဲဘော်များ အတွက် နေရာ ထိုင်ခင်း ရှာပေး နိုင်တယ်၊ ထားဦး သင်တန်း ကာလ ဘယ်လောက် ကြာမလဲ-၊ ဒါတွေကို စဉ်းစားဘို့ လိုပါမယ်။ အဲ့ဒီ အခက် အခဲ တွေကို ဖြေရှင်း နိုင်တယ် ထားဦး- လက်နက် အတွက် ကုန်ကျ စရိတ်-၊ ဥပမာ- သာမန်စစ် သားသုံး AK 47 တစ်လက်ကို ၀ယ်ယူမယ် ဆိုရင် မှောင်ခို ဈေးကွက်မှာ အနည်းဆုံး ထိုင်းဘတ်ငွေ နှစ်သောင်း ရှိပါတယ်။ ရဲဘော် ၅၀၀၀ အတွက် ဘတ်ငွေ သန်း ၁၀၀ လိုပါမယ်။ ကျည် တစ်တောင့် ၁၀ ဘတ်၊ တိုက်ပွဲ တစ်ပွဲ အတွက် ရဲဘော် တစ်ယောက် ကျည် သုံးရာ (ဘတ်ငွေ ၃၀၀၀) ရဲဘော် ၅၀၀၀ အတွက် ၁၅၀၀ ၀၀၀၀ (ဘတ် ၁၅ သန်း)- (လက်နက်ကြီး အတွက် မတွက်သေးပါ။) 

တိုက်ပွဲ တစ်ပွဲ အတွက် ဘယ်လောက် ကုန်ကျ မလဲ- ရိုးရိုး လေး တွက်ကြည့်ပါ။ တိုက်ပွဲ တစ်ပွဲ တိုက်ရုံနဲ့ တော်လှန်ရေးက နိုင်သွား မလား-၊ (မြ၀တီကိုတောင် သိမ်းနိုင်ဘို့ မရှိပါ။)- ဒီအချိန်မှာ ပြည်တွင်းမှာ ရှိတဲ့ မွတ်ဆလင်တွေ ကုန်သွားပါ လိမ့်မယ်။ ဒါတွေကို မမြင်တတ်တဲ့ ဖိနှိပ်ခံ ဒေါသ ပေါက်ကွဲ နေတဲ့ လူထု ကြီးကို အစိုးရ ဘက်က ဒီသေတွင်းထဲ မောင်းထည့်ဘို့ နည်းမျိုးစုံနဲ့ ကြိုးစား ပါလိမ့်မယ်။ တစ်ချို့ လူငယ်တွေ ဂျီဟာဒ် ဘာညာ အော်လာအောင် အစိုးရ လူတွေက မွတ်ဆလင် အယောင် ဆောင်ပြီး နောက်ကွယ်က တွန်းပေး ပါလိမ့်မယ်။ တစ်ချို့ မွတ်ဆလင် အစစ်တွေ ကိုလည်း နောက်ကွယ်က မက်လုံးတွေ ပေးပြီး လူငယ်တွေကို သေတွင်း ထဲပို့ဘို့ လှုံ့ဆော် ခိုင်းပါ လိမ့်မယ်။ 

ရိုးရိုး သားသား ဖြူဖြူ စင်စင် မခံချင်စိတ် ဖြစ်နေတဲ့ လူသားများ အဲ့ဒီ အကွက်ထဲ ၀င်မသွား စေဘို့ လက်နက်မဲ့ တော်လှန်ရေး သမား များက နည်းမျိုးစုံနဲ့ စည်းရုံး သိမ်းသွင်း နိုင်ဘို့ လိုသလို တစ်ချို့ ကျွံလာတဲ့ လူများ ကိုလည်း ကမ္ဘာ့ အသိုင်း အ၀ိုင်းက အကြမ်းဖက် တံဆိပ် မကပ်ရအောင် ကမ္ဘာ့ အသိုင်း အ၀ိုင်းနဲ့ ပူးပေါင်း ထားနိုင်ဘို့ ကျွံလာ သူများကို စောင့်ရှောက် ထားနိုင် ဘို့လည်း လိုအပ်ပါတယ်။ (ဒီနေရာ မှာလည်း ခံစားရ လွန်းတဲ့ လူတွေက နားလည်မှု လွဲပြီး အပြစ်တင် ခံရတာမျိုး ထပ်ဆင့် ရှိနေမှာ သေချာ ပါတယ်။) 

လက်နက်ကိုင် တော်လှန်ရေး လုပ်မိရင် နှစ်ဘက် တိုက်ပွဲ ဖြစ်လို့ သေရသူ၊ လက်နက်ကိုင် တော်လှန်ရေးကို အကြောင်း ပြပြီး မဆိုင်သူ တွေကို စွပ်စွဲ သတ်ဖြတ်လို့ သေရသူ- သိန်း သန်း ဖြစ်သွား ဘို့ရာ သေချာ ပါတယ်။ ဒီ အတွက် မြန်မာပြည် ပတ်လည်က တော်လှန်ရေး လုပ်နေတဲ့ အင်အားစု အားလုံးမှ လူမျိုးနွယ်တွေ ဘယ်အထိ သေကြေ ခဲ့ရပြီလဲ ဆင်ခြင်နိုင် ပါတယ်။ အကယ်၍ လက်နက်မဲ့ တော်လှန်ရေးမှာ လက်နက်ကိုင် တော်လှန် ရေးလောက် လူပေါင်း သိန်း သန်း သေရရင် သီးခြား နိုင်ငံ တစ်ခုကို ဖေါ်ထုတ် နိုင်တယ် ဆိုတဲ့ အကျိုး အမြတ်ကို လူထုက နားလည်နေဘို့ လိုပါမယ်။ 

တစ်ကယ်တော့ စစ်အင်အားကို ပိုင်ဆိုင်တဲ့ ဖိနှိပ်သူတိုင်းက သူ့ထက် အင်အား နည်းတဲ့ တော်လှန်ရေး အုပ်စု များနဲ့ လက်နက်ချင်းပြိုင် ဒယ်-ဒယ်ချင်း ဆောင့်ချင်တဲ့ ဆန္ဒက ပိုများပြီး- လက်နက်မဲ့ တော်လှန်ရေးကို အလွန် ကြောက်လန့်တယ် ဆိုတဲ့ စိတ်နေ သဘောထား ကိုလည်း နားလည် နိုင်ဘို့ လိုပါမယ်။ ရန်သူဟာ တစ်ဘက်သတ် ဖိနှိပ်လွန်း ရက်စက်လွန်း လာတဲ့ အခါ- လက်နက်ကိုင် တော်လှန် ရေးရဲ့ နိဂုံးက ငြိမ်းချမ်းရေး စာချုပ်မျှသာ ဖြစ်ပြီး-။ လက်နက်မဲ့ တော်လှန်ရေးရဲ့ နိဂုံးက ကိုယ်ပိုင် သီးခြား လုံခြုံ စိတ်ချ ရတဲ့ နိုင်ငံ တစ်ခုကို ဖြစ်ပေါ် လာခြင်း ပါပဲ-၊ အဲ့ဒီ အချိန် ရောက်မှ နိုင်ငံကို ကာကွယ်ဘို့ လက်နက်ကို စတင် ကိုင်ဆောင်ပါ တော့တယ်။ (ခွဲထွက်ရေး အတွက် ပြောခြင်း မဟုတ်ပါ။ Compromise နည်းလမ်းနဲ့ ဖြေရှင်းလို့ မရနိုင် လောက်တဲ့ အခြေ အနေ မျိုးမှာ ဖြစ်ပေါ် လာတဲ့ လက်နက်မဲ့ တော်လှန်ရေးရဲ့ နိဂုံးကို သီအိုရီအရ တင်ပြခြင်းသာ ဖြစ်ပါတယ်။) 

လက်နက်မဲ့ တော်လှန်ရေးကို ဆင်နွဲ နေချိန်မှာ ရန်သူဘက်က ပိုမို ဖိနှိပ် လာလေ-၊ ပိုမို သတ်ဖြတ် လာလေ- ပိုမို လိမ်ညာ ၀ါဒဖြန့် လာလေ-၊ တော်လှန်ရေး ဇတ်ရှိန်က မြင့်လာ လေပဲ။ လက်နက် မရှိတဲ့ လူတွေကို ပိုမို သတ်ဖြတ်လာ ခြင်းဟာ လက်နက်ကိုင် ထားပါတဲ့ အာဏာ ပိုင်ထားတဲ့ ဖိနှိပ်သူများ ဘက်က ပိုမို ကြောက်ရွံ့လာ လို့သာ ဖြစ်တယ်။ ဒါကို ပြောင်းပြန် ခံစားပြီး ကိုယ်တွေ ဘက်က ကြောက်ရွံ့ နေဘို့ အလျှဉ်း မလိုပါ။ တန်ဘိုး မဖြတ် နိုင်တဲ့ လွတ်လပ်မှု တစ်ခုကို ရယူဘို့- ပေးဆပ် စတေးမှု ပြုရမှာ ချည်းပါပဲ။ လက်နက်ကိုင် တော်လှန် နေရင်လည်း သေရ ကြေရမှာပါပဲ။ (ဒီအတိုင်း လည်စင်း ခံသေ နေရမလား ဆိုတဲ့ အတွေးမျိုး မ၀င်မိစေဘို့ လိုပါတယ်။ လက်နက်မဲ့ တော်လှန်ရေး ဆိုပေမယ့် အပြစ်မဲ့တွေ မတရား သဖြင့် မသေ ရအောင် သို့မဟုတ် သေကြေ ပျက်စီးရ မှု နည်းပါးအောင်- ရန်သူက သူ့နဂို ဆန္ဒ ရှိသမျှ သတ်ပစ်လို့ မရအောင် လက်နက်မဲ့ တော်လှန်ရေးကို ကျွမ်းကျင် သူတိုင်းက မမြင်နိုင်တဲ့ လက်များနဲ့ ပြင်ဆင်ပြီး ရှိနေပါတယ်-၊ ဒါတွေကိုလည်း တော်လှန်ရေး ကာလ ပြီးဆုံးသွား တဲ့အခါ ပညာပေး တင်ပြပါမယ်။) 

မုဟမ္မဒ် တွာဟေရ် (ဌေးလွင်ဦး) 
ဦးဆောင် လှုပ်ရှားမှု တာဝန်ခံ 
Civil Rights Movement

Comment ရေးရန်

Rohingya Exodus