နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲများက လုပ်ကြံ ဖမ်းဆီးပြီး ပြန်လွှတ် ပေးမည်ဟု ဆိုကာ ငွေ ၁၀ သိန်းယူ၍ ဆက်လက် ဖမ်းဆီးထား

RB News
30.1.2014

မောင်တော ။ ။ ရခိုင် ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးကို ရွာအုပ်ချုပ် ရေးမှူးနှင့် ရဲများက လုပ်ကြံ ဖမ်းဆီးပြီး ပြန်လည် လွှတ်ပေး မည်ဟု ဆိုကာ ငွေကျပ် ၁၀ သိန်း ယူ၍ ဆက်လက် ဖမ်းဆီး ထားကြောင်း သတင်း ရရှိပါသည်။ 

ယနေ့ နံနက် ၁၁ နာရီ အချိန်တွင် မောင်တော မြို့နယ် တောင်ပိုင်း ဥဒေါင်း ကျေးရွာမှ ဦးမိုဟာမတ် အာယုဘ် (ဘ) ဦးဇကရီယာ သည် လဘက်ရည် ဆိုင်၌ ထိုင်နေစဉ် ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင်နှင့် မောရ၀တီ ရဲကင်း စခန်းမှ ရဲ ၃ ယောက်တို့က ဖမ်းဆီး ခေါ်ဆောင် သွားခဲ့သည်။ ဦးမိုဟာမတ် အာယုဘ်၏ ဆွေမျိုး များက ရဲကင်း စခန်းသို့ လိုက်သွား၍ ရဲများကို ဖမ်းဆီး ရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ၂၀၁၂ ခုနှစ် အကြမ်းဖက် မှုတွင် ပါဝင် ခဲ့ခြင်းနှင့် မိုဘိုင်းဖုန်း ကိုင်ဆောင် နေခြင်းကြောင့် ဖမ်းဆီးခြင်း ဖြစ်ကြောင်း၊ ငွေ ၁၀ သိန်း ပေးပါက ပြန်လည် လွှတ်ပေးမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ 

ထို့နောက် ဆွေမျိုးများက ဒုရဲအုပ် ၀င်းထွန်းဦးကို ငွေကျပ် ၁၀ သိန်း ပေးခဲ့သော်လည်း ဖမ်းဆီး ခံရသူ ဦးမိုဟာမတ် အာယုဘ်ကို ပြန်လည် လွှတ်မပေးဘဲ မောင်တော ရဲစခန်းသို့ ပို့လိုက်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။ 

ဦးမိုဟာမတ် အာယုဘ်သည် ဘွဲ့ရ လူငယ် တစ်ဦး ဖြစ်ပြီး၊ ဥဒေါင်း ကျေးရွာ အုပ်ချုပ် ရေးမှူး ဦးတင်မောင်သည် မလေးရှားသို့ လူကုန်ကူးသည့် လုပ်ငန်း များကို ဦးစီး၍ လုပ်ကိုင် နေသည့် အပြင် ကျေးရွာ အတွင်းတွင်လည်း ဒေသခံ ရိုဟင်ဂျာ များကို လုပ်ကြံ ဖမ်းဆီး၍ ငွေညှစ်နေသူ တစ်ဦး ဖြစ်သည်။ လွန်ခဲ့သည့် နှစ်အတွင်း ဒေသခံ များကို ညှဉ်းပန်း နှိပ်စက်၍ သိန်းရာနှင့် ချီ၍ ရယူ ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။ 

ရဲကင်း စခန်းမှူး ဒုရဲအုပ် ၀င်းထွန်းဦးကို ငွေ ၁၀ သိန်း ယူ၍ ပြန်လည် မလွှတ် ပေးရခြင်းနှင့် ပတ်သက်၍ မေးမြန်းရာ ငွေကျပ် ၁၀ သိန်းသည် မိုဘိုင်းဖုန်း အတွက်သာ ဖြစ်ပြီး၊ ၂၀၁၂ ခုနှစ် အကြမ်းဖက် မှုအတွက် မောင်တော ရဲစခန်းသို့ ပို့ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဦးမိုဟာမတ် အာယုဘ်သည် ဒေသခံ များဘက်က အမြဲ ရပ်တည်၍ ရွာအုပ်ချုပ် ရေးမှူး ဦးတင်မောင်ကို ဆန့်ကျင် ခဲ့သည့် အတွက် ယခုကဲ့သို့ လုပ်ကြံ ဖမ်းဆီးခံ ရခြင်း ဖြစ်ကြောင်း သိရှိ ရပါသည်။


Comment ရေးရန်

Rohingya Exodus