နောက်ဆုံးသတင်း/ဆောင်းပါးများ

ပေါ့ဆမီးကြောင့် မီးလောင်သည့် အိမ်ရှင်ထံမှ ရဲများက ငွေညှစ်

Sindi Khan
RB News
25.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာတွင် ပေါ့ဆမှုကြောင့် မီးစတင်လောင်သည့် အိမ်မှအိမ်ရှင်အား လုံထိန်းရဲများက ငွေညှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ နံနက် ၁၀ နာရီ အချိန်က မောင်တောမြို့နယ် မြောက်ပိုင်း ပွင့်ဖြူချောင်း ကျေးရွာတွင် ပေါ့ဆမီးကြောင့် မီးလောင်မှု တစ်ရပ် ဖြစ်ပွားခဲ့သည်။ မီးစတင်လောင်ကျွမ်းသည့် အိမ်မှာ ဦးမော်ဂုလ်အာမတ် (ဘ) ဦးမော်စီအုလ္လာ (အသက် ၅၃ နှစ်) ၏ နေအိမ်ဖြစ်ပြီး၊ မီးလောင်ကျွမ်းမှုကြောင့် ၎င်း၏ နေအိမ်တစ်ခုလုံး ပြာကျသွားခဲ့သည်။ အိမ်ရှင်ဖြစ်သူ ဦးမော်ဂုလ်အာမတ်သည် လယ်ယာလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူ တစ်ဦးဖြစ်ပြီး၊ ဆင်းရဲနွမ်းပါးသူ တစ်ဦးဖြစ်သည်။ နေအိမ်တွင် စုဆောင်းထားသည့် အဖိုးတန် ပစ္စည်းများ မရှိဘဲ၊ ၎င်းစုဆောင်း ထားသည့် စပါးတင်း ၂၀၀ မှ တစ်ဝက်ကျော် မီးလောင်ကျွမ်းမှုထဲ ပါသွားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

မီးလောင်ကျွမ်းပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူးက ဦးမော်ဂုအာမတ်ကို အုပ်ချုပ်ရေးမှူးရုံးသို့ ဆင့်ခေါ်ခဲ့သည်။ ထို့နောက် အမှတ် (၁၂) ရဲကင်းစခန်း တာဝန်ခံ တပ်ကြပ်ကြီး ဇော်လတ်မင်းက မီးလောင်ရသည့် အတွက် ခြိမ်းခြောက် ပြောဆိုခြင်းကြောင့် ငွေကျပ် ၇၃၀၀၀/- ကို ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာကိမ်း ရှေ့မှောက်တွင် ပေးခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောပါသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာကိမ်းသည် မီးလောင်ဆုံးရှုံးမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားသည့် မိသားစုကို စောင့်ရှောက် ရမည့်အစား တပ်ကြပ်ကြီး ဇော်လတ်မင်း အလိုကျ ငွေကျပ် ၇၃၀၀၀/- ကိုပေးရန် ဖိအား ပေးခဲ့မှုကြောင့် ကျေးရွာသူ/သားများ လွန်စွာ စိတ်ပျက်လျက် ရှိသည်ဟု ဆိုသည်။

ထို့အပြင် လွန်ခဲ့သည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က တပ်ကြပ်ကြီး ဇော်လတ်မင်းနှင့် အဖွဲ့က ကင်းစောင့်နေသူ ၉ ဦးထံမှ ကြက်တစ်ကောင်စီနှင့် ငွေကျပ် တစ်ထောင်စီ ယူခဲ့သည်ကို RB News သို့သတင်းပေးပို့သည့် အတွက် အဆိုပါ ၉ ဦးကို ဆင့်ခေါ်၍ ဆူပူကြိမ်းမောင်း ခဲ့ကြောင်း ဒေသခံများက ပြောပါသည်။ သတင်းပို့သူကို မြို့နယ် အာဏာပိုင် များထံ ခေါ်ဆောင်သွားမည်ဟု ခြိမ်းခြောက်မှုများပါ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထို့နောက် အဆိုပါ ၉ ဦးကို တပ်ကြပ်ကြီး ဇော်လတ်မင်းနှင့် အဖွဲ့ လာခဲ့စဉ်က မည်သည့် ပစ္စည်း၊ ငွေကြေးမှ မပေးခဲ့ရကြောင်း ခံဝန်လက်မှတ် တောင်းယူခဲ့သည်ဟု ဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာကိမ်းသည် ရိုဟင်ဂျာ လူမျိုးတစ်ဦး ဖြစ်သော်ငြားလည်း ကျေးရွာသူ/သားများကို ကာကွယ် စောင့်ရှောက်ခြင်းမရှိဘဲ အထက် အာဏာပိုင်များ အလိုကျ ခိုင်းစေသည့်အတိုင်း ပြုလုပ်သည့် အပြင်၊ ၎င်း၏ တပည့် တစ်ဦးဖြစ်သူ အာဇီဇုလ်ဟောက် (ဘ) ဦးအာရှုပ်ဇော်မာနှင့် ပူးပေါင်း၍ ဒေသခံ အချို့ကို ကိုယ်ထိလက်ရောက် စော်ကားမှုများ ပြုလုပ်ကြောင်း ဒေသခံများက ပြောပါသည်။


Comment ရေးရန်

Rohingya Exodus