နောက်ဆုံးသတင်း/ဆောင်းပါးများ

ရိုဟင်ဂျာများအပေါ် လူ့အခွင့်အရေး ချိုးဖောက်ရန် အစိုးရက မူဝါဒ ချမှတ်ထားဟု Fortify Rights ကပြော



RB News
25.2.2014

ဘန်ကောက် ။ ။ ထိုင်းနိုင်ငံ အခြေစိုက် လူ့အခွင့်အရေး အဖွဲ့အစည်း တစ်ခုဖြစ်သည့် Fortify Rights က မြန်မာ အစိုးရ ၀န်ကြီးဌာန များမှ ပေါက်ကြား လာသည့် အထောက်အထားများ အရ ရိုဟင်ဂျာများ အပေါ် လူ့အခွင့်အရေး ချိုးဖောက်ရန် မြန်မာအစိုးရ ကိုယ်တိုင် မူဝါဒချမှတ်ထား ခဲ့သည်ဟု ယနေ့ ဘန်ကောက်မြို့တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြား လိုက်ပါသည်။

အဆိုပါ Fortify Rights မှ မြန်မာအစိုးရ ၀န်ကြီးဌာနများမှ ပေါက်ကြားလာသည့် အထောက်အထား စာရွက်စာတမ်း ၁၂ စောင် လက်ခံရရှိခဲ့ပြီး၊ ၈ စောင်ကို ၎င်းတို့အဖွဲ့မှ ထုတ်ပြန်သည့် ၇၉ မျက်နှာပါ အစီရင်ခံစာတွင် ထည့်သွင်း ဖော်ပြထားသည်။ ကျန်သည့် ၄ စောင်ကို လုံခြုံရေးအရ မထုတ်ပြန်ဘဲ ထားရှိထားသည်ဟု အစီရင်ခံစာတွင် ရေးသား ထားသည်။ အစီရင်ခံစာတွင် မြန်မာ အစိုးရက ရိုဟင်ဂျာများ၏ လွတ်လပ်စွာ သွားလာခွင့်၊ လက်ထပ် ထိမ်းမြားခွင့်နှင့် ကလေး မွေးဖွားခွင့်များ၊ စသည့် အခြေခံ လူ့အခွင့်အရေး များကို စနစ်တကျ စီမံကိန်း ချမှတ်၍ ကျူးလွန် နေဆဲဖြစ်သည်ဟု ရေးသားဖော်ပြ ထားပါသည်။

၁၉၉၃ ခုနှစ်မှ ၂၀၀၈ ခုနှစ်ထိ စစ်အစိုးရ လက်ထက်တွင် ဗဟိုအစိုးရမှ ပြည်နယ် အစိုးရ၊ မြို့နယ် အာဏာပိုင် များထံသို့ အဆင့်ဆင့် ညွန်ကြား၍ လူ့အခွင့်အရေး ချိုးဖောက်ရန် မူဝါဒချမှတ် ခဲ့ခြင်းဖြစ်ပြီး၊ သိမ်းဆည်းထားသည့် အထောက် အထား ၄ ခုမှာ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ချမှတ်ခဲ့သည့် မူဝါဒများ ဖြစ်သည်ဟု ဆိုသည်။

ပြည်နယ်အစိုးရနှင့် ဗဟိုအစိုးရမှ ရိုဟင်ဂျာ လူမျိုးများအပေါ် ကျူးလွန်ခဲ့သည့် ပြစ်မှုများမှာ လူသားမျိုးနွယ် အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများ ဖြစ်ပြီး၊ ရရှိထားသည့် အထောက်အထားများအရ အစိုးရမှ ကျူးလွန်ခဲ့သည့် ရာဇ၀တ်မှုများသည် နိုင်ငံတကာ ဥပဒေများဖြင့် ငြိစွန်းနေကြောင်း ထောက်ပြ ဖော်ပြထားသည်။

Fortify Rights ၏အစီရင်ခံစာတွင် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် များတွင် ရိုဟင်ဂျာ လူမျိုးများကို လက်ထပ်ခွင့် ကန့်သတ်ထားခြင်း၊ ကလေး နှစ်ဦးထက် ပိုမို၍ မွေးဖွားခွင့်ကို ကန့်သတ်ထားခြင်း၊ တစ်ရွာမှ တစ်ရွာသို့ သွားလာခွင့် များကို ကန့်သတ်ထားခြင်း တို့ကြောင့် ကျန်းမာရေး၊ လူမှုရေး နယ်ပယ်များတွင် အခက်အခဲမျိုးစုံ ကြုံတွေ့ရမှုများကိုလည်း ထောက်ပြ ဝေဖန်ထားသည်။ ထို့အပြင် လက်ထပ်ခွင့် ရရှိရန်အတွက် အုပ်ချုပ်ရေး အာဏာပိုင်များကို ငွေအမြောက်အမြား ပေးရသည့် ကိစ္စများကိုလည်း ထည့်သွင်း ရေးသားထားသည်။

Fortify Rights ကအစိုးရအနေဖြင့် ထိုကဲ့သို့ ချမှတ်ထားသည့် မူဝါဒများကို အမြန်ဆုံး ဖျက်သိမ်းရန် လိုအပ်ပြီး၊ ကျုးလွန် ဖောက်ဖျက်သူများကို အရေးယူ ဆောင်ရွက်ရန်၊ လွတ်လပ်စွာ စုံစမ်းနိုင်သည့် စုံစမ်းရေး အဖွဲ့များကို ခွင့်ပြုရန် တောင်းဆို ထားသည်။

ယနေ့ ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာနှင့် ပတ်သက်၍ ပြန်ကြားရေး ၀န်ကြီးဌာန ဒု-၀န်ကြီး ဦးရဲထွဋ်ကို အေပီ သတင်းဌာနမှ မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရှိဟု အေပီသတင်းဌာန၏ သတင်းတွင် ရေးသား ဖော်ပြထားသည်။ ထိုကဲ့သို့ မဖြေကြားခဲ့ခြင်းမှာလည်း ဒုချီရားတန်း ပြဿနာတွင် အေပီ သတင်းဌာနမှ သတင်းမှန် ဖော်ထုတ် ရေးသားခဲ့သည်ကို မကျေနပ်ကြောင်း ပြသသည့် အနေဖြင့် မဖြေဆိုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရသည်။

ရန်ကုန်မြို့အခြေစိုက် မြန်မာတိုင်းမ် သတင်းဌာနသို့ ပြန်လည်ဖြေကြားရာတွင် မြန်မာအစိုးရ အနေဖြင့် Fortify Rights မှထုတ်ပြန်သည့် ကြေညာချက်များကို စိတ်ဝင်တစား ဖတ်ရှုခြင်း မရှိကြောင်း ဖြေကြားခဲ့သည်။

Comment ရေးရန်

Rohingya Exodus