နောက်ဆုံးသတင်း/ဆောင်းပါးများ

ရဲမှူးချုပ်တင်ကိုကိုက ဒေသခံများကို အလယ်သံကျော်တွင် ထပ်မံခြိမ်းခြောက်

RB News
25.2.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တောင်ပိုင်း အလယ်သံကျော် ကျေးရွာရှိ အထက်တန်းကျောင်းသို့ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာအုပ်စု တစ်စုစီမှ ရပ်မိရပ်ဖ လေးဦးစီကို ရဲမှူးချုပ်တင်ကိုကိုက ဆင့်ခေါ်၍ ခြိမ်းခြောက်မှုများ ထပ်မံ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

အစည်းအဝေးသို့ ခရိုင်နှင့် မြို့နယ် ရဲတပ်ဖွဲ့မှူးများ။ မကဖ အဖွဲ့မှူး၊ အလယ်သံကျော် အခြေစိုက် တပ်ရင်းမှူးနှင့် ဌာနဆိုင်ရာများမှ အရာရှိများ တက်ရောက် ခဲ့ပြီး၊ ရဲမှူးချုပ်တင်ကိုကိုက တရား ဥပဒေ စိုးမိုးရေး၊ ဒုချီရားတန်းမှ ပြဿနာများ အကြောင်းကို ပြောကြား ခဲ့သည်။

ဒုချီရားတန်းနှင့် ပတ်သက်၍ ပြောကြားရာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို လှည့်ကင်း တာဝန် ထမ်းဆောင် နေစဉ် ရွာသားများမှ ဓါးဖြင့် ခုတ်သတ် ခဲ့ခြင်း ဖြစ်ကြောင်း၊ နောက်နောင် ရဲများကို အနှောက်အယှက် ပေးပါက ယခု ခံစားရသည်ထက် အဆပေါင်းများစွာ ပိုမို၍ ခံစားရမည် ဖြစ်ကြောင်း၊ ဤဒေသတွင် နေထိုင်သူများသည် တရားမ၀င် ခိုးဝင် လာသူများ ဖြစ်ကြောင်း၊ ထို့ကြောင့် ဤနိုင်ငံ၏ ဥပဒေကို လေးစား ရမှာဖြစ်ကြောင်း၊ တူညီသည့် အခွင့်အရေးကို ရမည် မဟုတ်ကြောင်း၊ မောင်တော တောင်ပိုင်းတွင် မကြာမှီ ရဲစခန်း ၃ ခုကို သရေကုန်းဘောင်၊ အလယ်သံကျော်နှင့် အင်းဒင်တို့တွင် စခန်းချပြီး ရဲအင်အား ၅၀၀ အထိ တိုးချဲ့သွားမည် ဖြစ်ကြောင်း၊ ယခင် နစကက အိမ်များကို ညဘက် ရှောင်တခင် ၀င်စစ်သကဲ့သို့ ပြန်လည် စစ်ဆေးတော့မည် ဖြစ်ကြောင်း ထည့်သွင်း ပြောကြားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ ပြောပါသည်။

ထို့နောက် မကဖ အဖွဲ့မှူးက မွေးဖွားသည့် ကလေးကို တပတ်အတွင်း မှတ်ပုံမတင်ပါက မိဘများကို ထောင်ဒဏ် နှစ်နှစ် ချမှတ်မည် ဖြစ်ကြောင်း၊ နိုင်ငံခြားသားကို တည်းခိုခွင့် ပေးပါက အိမ်ရှင်နှင့် ဧည့်သည် နှစ်ဦးလုံးကို ထောင်ဒဏ် ၅ နှစ် ချမည်ဖြစ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်သည့်အခါ မှန်ကန်စွာ ဖြေဆိုရန် ပြောကြားခဲ့သည်။ ခရိုင်နှင့် ရဲတပ်ဖွဲ့မှူး များကလည်း မကဖ အဖွဲ့မှူးမှ ပြောကြား ခဲ့သည်များကိုသာ ထပ်ဆင့် ရှင်းလင်းခဲ့သည်။

ခရိုင်ရဲတပ်ဖွဲ့မှူးက ရဲများသည် ပြည်သူများကို သတ်ရန် မဟုတ်ကြောင်း၊ ရဲများကို ယုံကြည်ရန် လိုအပ်ကြောင်း အကယ်၍ ရဲများကို မယုံကြည်ပါက ဒုချီရားတန်းတွင် ဖြစ်ပွားခဲ့သည်ထက် ပိုမိုဆိုးရွားလိမ့်မည် ဖြစ်ကြောင်း ခြိမ်းခြောက်၍ ပြောဆိုခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

အစည်းအဝေးကို နေ့လည် ၁ နာရီတွင် စတင်ခဲ့ပြီး၊ နေ့လည် ၃ နာရီတွင် ပြီးစီးခဲ့ကြောင်း သိရှိရပါသည်။


Comment ရေးရန်

Rohingya Exodus