နောက်ဆုံးသတင်း/ဆောင်းပါးများ

ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်ကို မိခင်ပါတီနှင့် လွှတ်တော်တို့က စစ်ဆေး အရေးယူရန် အစီအစဉ် မရှိဟုဆို



စိုးသန်းလင်း
6.2.2014

နိုင်ငံတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အား ဂုဏ်သိက္ခာ ကျဆင်းစေသည် ဟူသည့် သမ္မတ သ၀ဏ်လွှာ အရ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်ကို ပြည်ထဲရေး ၀န်ကြီး ဌာနက ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ခိုင်ဖြိုး ပါတီ ဌာနချုပ်၌ စစ်ဆေး ခဲ့သည်နှင့် ပတ်သက်ပြီး ၎င်းအား မိခင် ပါတီနှင့် လွှတ်တော် တို့က စစ်ဆေး အရေးယူရန် အစီအစဉ် ရှိနိုင် ပါသလား ဟူသော မဇိ္ဈမ၏ အမေးကို ပြည်သူ့ လွှတ်တော်၊ ဥပဒေ ရေးရာနှင့် တရားစီ ရင်ရေး ကော်မတီ ဥက္ကဌ သူရ ဦးအောင်ကိုက အစီ အစဉ် မရှိသေးကြောင်း ဖြေကြား ခဲ့သည်။

“အခု အထိတော့ အစီအစဉ် မရှိသေး ပါဘူး။ ရှိရင် ပြောပါ့မယ်” ဟု ၎င်းက ယနေ့ ပြည်ထောင်စု လွှတ် တော် ခေတ္တ နားချိန်တွင် ဖြေကြား ခဲ့ခြင်း ဖြစ်သည်။

ဘူးသီးတောင် မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်သည် ပြည်ခိုင်ဖြိုး ပါတီဝင် ဖြစ်သောကြောင့် မိခင်ပါတီ အနေဖြင့် ၎င်းအား စစ်ဆေး အရေးယူ သွားဖို့ ရှိပါ သလားဟု မေးခဲ့ရာ ပြည်ခိုင်ဖြိုး ပါတီ၏ ဒုတိယ ဥက္ကဌ တစ်ဦး ဖြစ်သူ ဦးဌေးဦးက “ဒီကိစ္စ ကျွန်တော် မသိဘူးဗျ။ ရုံးမှာ တစ်နေ့လုံး ပြည်ထဲရေးက လာမေးတယ်လို့ ပြောပါတယ်။ ကျွန်တော်လည်း အဲ့ဒီနေ့က ရုံးမှာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော် မသိဘူး။ မတွေ့ဘူး။ ပါတီ အနေနဲ့ ဒီကိစ္စကို ဘာမှကို မသိသေးဘူး။ တကယ် ဟုတ်တယ် ဆိုရင် ကာယကံရှင် ကလည်း သတင်း ပို့လို့ ရတာပဲ။ ဌာနဆိုင်ရာ ကလည်း သတင်း ပို့မှာပဲ။ အခုတော့ လောလောဆယ် ဘာမှ သတင်း ပို့တာ မရှိသေး ပါဘူး။ လွှတ်တော် ကိုလည်း သတင်းပို့ ရမှာပဲ။ အခု လွှတ်တော် ဘက်ကလည်း ဘာမှ သတင်း မကြား ပါဘူး။ သိလာ ရင်တော့ သိတဲ့အပေါ် မူတည်ပြီး စဉ်းစား မှာပေါ့” ဟု ပြန်လည် ဖြေကြားသည်။

ပြည်ခိုင်ဖြိုး ပါတီသည် အာဏာရ ပါတီလည်း ဖြစ်ပေရာ ၎င်းပါတီ ဥက္ကဋ္ဌ နိုင်ငံတော် သမ္မတက ပါတီ ဥက္ကဌ တာဝန်ကို ထမ်းဆောင်လျက် ရှိ၍ ဒုတိယ ဥက္ကဋ္ဌ လည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော် နာယက လည်းဖြစ် သည့် သူရ ဦးရွှေမန်း ထံသို့ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင်အား စစ်ဆေး ခွင့်တောင်းသည့် သ၀ဏ်လွှာကို ပို့ပြီးမှ ပြည်ထောင်စု လွှတ်တော် ခွင့်ပြုချက်ဖြင့် ပြည်ထဲရေး ၀န်ကြီး ဌာနက ယမန်နေ့က စစ်ဆေး ခဲ့ခြင်းကို ပြည်ခိုင်ဖြိုး ပါတီ ဒု-ဥက္ကဌ တစ်ဦး ဖြစ်သော ဦးဌေးဦးက လုံးဝ မသိကြောင်း ငြင်းဆို လိုက်ခြင်း ဖြစ်သည်။

ပြည်ထဲရေးက ၎င်းအား စုံစမ်း မေးမြန်းစဉ် အဆင် ပြေမှု ရှိ၊ မရှိ မဇ္ဈိမက မေးသည်ကို ဦးရွှေမောင်က “အဆင်ပြေ ပါတယ်။ သူတို့ သိချင်တာ တွေကို မေးတာပါ။ ကျွန်တော် ကလည်း ပြန်ရှင်းပြတယ်။ အဓိက ကျွန်တော် ရှင်းပြတာ ကတော့ ဒီလို စွပ်စွဲ တာသည် ဒီဗွီဘီရဲ့ သတင်း ခေါင်းစဉ် ကြောင့်သာ ဖြစ်ရတာပါ။ စာသား ထဲမှာလည်း မပါဘူး။ ကျွန်တော် ကိုယ်တိုင် တိုက်ရိုက် ဖြေတာ မျိုးလည်း မရှိဘူး။ ကျွန်တော်က ပြည်သူ့ ကိုယ်စားလှယ် တစ်ဦး ဖြစ်လို့ ရွာသား တွေက တင်ပြ လာတာကို ပြန်ပြော ရတဲ့ သဘော ဖြစ်တယ် ဆိုတာ ရှင်းပြ ပါတယ်။ သတင်း ဌာနက လွှင့်တဲ့ Edited Version ကို မကြည့်ဘဲ Full Version ကို ကြည့်ဖို့ လိုပါတယ်” ဟု ဖြေခဲ့သည်။

ထို့ပြင် ပြည်ထဲရေးက ၎င်းနှင့် နောက်ထပ် တွေ့ဆုံ မေးမြန်း ချိန်းဆို ခဲ့ခြင်း မရှိကြောင်းလည်း ဖြည့်စွက်ပြော ကြားခဲ့သည်။ မည်သို့ဆိုစေ လောလော ဆယ်၌ လွှတ်တော် ကရော၊ ပြည်ခိုင်ဖြိုး ပါတီ ကပါ ပြည်ခိုင်ဖြိုး အမတ် ဦးရွှေမောင် အပေါ် စစ်ဆေး အရေး ယူမှု မရှိသေးပေ။

Comment ရေးရန်

Rohingya Exodus