နောက်ဆုံးသတင်း/ဆောင်းပါးများ

သန်းခေါင်စာရင်းနှင့် ပတ်သက်၍ စစ်တွေဒေသခံ ရိုဟင်ဂျာ များနှင့် ပြည်နယ် ရဲမှူးကြီး တွေ့ဆုံ



RB News
16.3.2014

စစ်တွေ ။ ။ လာမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ စစ်တွေမြို့မှ ဒေသခံ ရိုဟင်ဂျာများကို ပြည်နယ် ရဲမှူးကြီးနှင့် အဖွဲ့က ယနေ့ တွေ့ဆုံ ခဲ့ကြောင်း သတင်း ရရှိပါသည်။

တွေ့ဆုံပွဲကို စစ်တွေမြို့ ဒါးပိုင် ကျေးရွာ တောင်ပိုင်းရှိ အစ္စလာမ် ဘာသာရေး ကျောင်းတွင် ကျင်းပခဲ့ပြီး၊ ရိုဟင်ဂျာ ရပ်မိရပ်ဖများနှင့် ခရိုင် လ.၀.က ဦးစီးမှူး ဦးဝင်းနိုင်တို့ တက်ရောက် ခဲ့သည်။

ပြည်နယ် ရဲမှူးကြီးက သန်းခေါင် စာရင်း ကောက်ယူခြင်းသည် လူဦးရေ စာရင်း ကောက်ခံရန်သာ ဖြစ်ပြီး၊ နိုင်ငံတိုင်းတွင် ၁၀ နှစ် တစ်ကြိမ် ကောက်ခံကြောင်း၊ မြန်မာနိုင်ငံတွင် ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ခံပြီးနောက် နှစ်ပေါင်း ၃၀ ကျော်ကြာပြီးမှ ကောက်ခံခြင်း ဖြစ်သည့် အတွက် လူတိုင်း ပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်သူများအတွက် ကောင်းကျိုး ဖြစ်မည်သာ ဖြစ်ကြောင်း၊ မေးခွန်း ၄၁ ခုလုံးကို မှန်ကန်စွာ ဖြေဆိုရန် လိုအပ်ကြောင်း၊ “က” ကို “ခ” ဟုမှားယွင်းစွာ မဖြေဆိုမိရန် လိုအပ်ကြောင်း၊ သန်းခေါင်စာရင်း ကောက်ခံရာတွင် ပြဿနာ တစ်စုံ တစ်ရာ မဖြစ်ရန် လိုအပ်ကြောင်း၊ အောင်မြင်စွာ ပြီးဆုံးရန် လိုအပ်ကြောင်း၊ ပြဿနာ တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ၁၀ နှစ် ပြန်လည် စောင့်ဆိုင်း ရမည် ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့နောက် ခရိုင် လ.၀.က ဦးစီးမှူး ဦးဝင်းနိုင်က မေးခွန်း ၄၁ ခုကို လူတိုင်းက လွတ်လပ်စွာ ဖြေဆိုခွင့် ရှိကြောင်း၊ ထို့အတွက်ကြောင့် လူတိုင်း ပါဝင်လိမ့်မည်ဟု မျှော်လင့်ကြောင့် ပြောကြားသည်။ ထို့နောက် ဆွေးနွေးမှုကို စတင်ရာ ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးက သန်းခေါင်စာရင်း ကောက်ယူမှုနှင့် ပတ်သက်၍ ကျေးရွာများတွင် နှိုးဆော်ရန် ကော်မတီ လိုအပ်ကြောင်း၊ အများစုမှာ သန်းခေါင်စာရင်းနှင့် ပတ်သက်၍ အသေးစိတ် အချက်အလက် များကို သိရှိခြင်း မရှိကြောင်း၊ ထို့ကြောင့် ကော်မတီဖွဲ့၍ အသိပေး နှိုးဆော်မှုများ ပြုလုပ်ရန် လိုအပ်ကြောင်း ဆွေးနွေး တင်ပြပါသည်။ ထိုသို့ ဆွေးနွေးတင်ပြမှုနှင့် ပတ်သက်၍ ပြည်နယ်ရဲမှူးကြီးက သဘောတူကြောင်း ပြန်လည် ဖြေကြားခဲ့သည်ဟု ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့နောက် ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးက အကယ်၍ လူမျိုးနေရာတွင် ရိုဟင်ဂျာ လူမျိုးဟု ရေးသားခွင့် ရပါက မည်သည့် ပြဿနာမှ ဖြစ်ပေါ်မည် မဟုတ်သည်ကို အာမခံ နိုင်ကြောင်း၊ အကယ်၍ လွတ်လပ်စွာ ရေးသား ပြောဆိုခွင့် မရပါက ပြဿနာ ဖြစ်မည်မှာ သေချာကြောင်း ပွင့်လင်းစွာ ထုတ်ဖော် ပြောကြား၍ ဆွေးနွေးခဲ့သည်။ ပြည်နယ် ရဲမှူးကြီးက ဘင်္ဂလီဟူ၍ သီးခြား ကုဒ်နံပါတ် ပြုလုပ်ထားခြင်း ရှိကြောင်း၊ ထို့ကုဒ်နံပါတ်ကို အသုံးပြုရန် လိုအပ်ကြောင်း၊ ကုဒ်နံပါတ် မရှိသည့် လူမျိုးကို အသုံးမပြုရန် လိုကြောင်း ဖြေကြားရာ ရိုဟင်ဂျာ ရပ်မိရပ်ဖ တစ်ဦးက ဘင်္ဂလီဆိုသည့် လူမျိုး အမည်ကို လုံးဝ လက်မခံနိုင်ကြောင်း မိမိတို့သည် ဘိုးစဉ်ဘောင်ဆက် ရိုဟင်ဂျာ လူမျိုးများသာ ဖြစ်ကြောင်း၊ မိမိတို့တွင် ခိုင်မာသည့် အထောက်အထား၊ စာရွက် စာတမ်းပေါင်း များစွာ ရှိကြောင်း၊ မိမိတို့သည် ယခင်ကလည်း ရိုဟင်ဂျာ ဖြစ်သလို၊ ယခုလည်း ရိုဟင်ဂျာ ဖြစ်ကြောင်း၊ နောင်တွင်လည်း ရိုဟင်ဂျာများသာ ဖြစ်မည် ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရကိုလည်း ခိုင်မာသည့် စာရွက် စာတမ်းများ ပေးအပ် ခဲ့ပြီး ဖြစ်ကြောင်း၊ ရိုဟင်ဂျာ အမည် ရေးသားခွင့် မပြုပါက ပြဿနာ ဖြစ်လာမည် ဖြစ်ကြောင်း၊ လွတ်လပ်စွာ ရေးသားခွင့် ပေးပါက မည်သည့် ပြဿနာ တစ်စုံတစ်ရာမှ မဖြစ်ဘဲ အောင်မြင်စွာ အေးချမ်းစွာ ပြီးဆုံးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ် ရဲမှူးကြီးက မည်သူမဆို လွတ်လပ်စွာ ရေးသားခွင့် ရှိသည့် အတွက် မိမိတို့ ကြိုက်နှစ်သက်ရာ ရေးသားခွင့် ရှိကြောင်း၊ ထို့ကြောင့် လွတ်လပ်စွာ ရေးသား၍ ပါဝင်ရန် တိုက်တွန်းကြောင်း၊ ရေးသားမှုအတွက် အရေးယူမည်လည်း မဟုတ်ကြောင်း၊ မကြောက်ရွံဘဲ ပါဝင်ကြရန် ပြောကြား၍ တွေ့ဆုံပွဲကို နံနက် ၁၁ နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus