နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘဂုံးနား ဈေးအနီးရှိ နယ်ခြားစောင့် ရဲများက လမ်းသွား လမ်းလာ များထံမှ ငွေ သိန်း ၈၀ ကျော်ညှစ်




RB News
17.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား (တပ်ဦးချောင်း) ဈေး အနီးရှိ နယ်ခြားစောင့် ရဲများက လမ်းသွား လမ်းလာ ရိုဟင်ဂျာ များကို စစ်ဆေးရာတွင် အမျိုးသမီး များကို မဖွယ်မရာ ပြုလုပ်ခြင်း၊ အမျိုးသား များကို ဖမ်းဆီးထားပြီး ငွေညှစ်ခြင်းများ ပြုလုပ်ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လည် ၂ နာရီခန့်မှစ၍ မောင်တောမြို့နယ် တောင်ပိုင်း ဘဂုံးနား ကျေးရွာ (တပ်ဦးချောင်း) ဈေးအနီးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ရဲများသည် မောင်တော - အလယ်သံကျော် လမ်းမှ လာသည့် ကားများကို ရပ်ခိုင်း၍ ကားပေါ်တွင် ပါလာသည့် ခရီးသည် များမှ ဒေသခံ ရိုဟင်ဂျာ အမျိုးသမီး များကို အခန်း တစ်ခန်း ထဲသို့ ထည့်၍ စစ်ဆေးရန် ရှိသည်ဟု ဆိုကာ အ၀တ်အစားများ ချွတ်ခိုင်း၍ မဖွယ်မရာများ ပြုလုပ်ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

ထို့အပြင် ယနေ့ တစ်ရက်ထဲ အတွင်း ရိုဟင်ဂျာ အမျိုးသား တစ်ရာကျော်ကို စစ်ဆေးမည်ဟု ဆိုကာ ကင်းစခန်းတွင် ထိန်းသိမ်း ထားခဲ့ပြီး၊ ရိုက်နှက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိန်းသိမ်း ထားသည့် အမျိုးသား ၈၀ ကျော်ကို ရိုက်နှက်၍ ငွေကျပ် တစ်သိန်းစီ ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ သို့သော်လည်း ငွေကြေး မတတ်နိုင်သူ ၂၀ ကျော်ကို ယခု အချိန်ထိ ဖမ်းဆီး ထားပြီး၊ နယ်ခြားစောင့် ရဲများ ပြန်လည် လွတ်ပေးလိုက်သူ များထံမှ ငွေကျပ် သိန်း ၈၀ ကျော် ညှစ်ယူခဲ့သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

ဘဂုံးနား ဈေးနားရှိ ကင်းစခန်းတွင် ပုံမှန် တာဝန်ကျ နေသည့် ဒုရဲအုပ်မှ ငွေညှစ်ခြင်း မဟုတ်ဘဲ၊ နူရူလ္လာရွာရှိ အာရဘီ တက္ကသိုလ် အနီးတွင် အခြေစိုက်သည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ ဒုရဲအုပ် တစ်ဦးက ဘဂုံးနား ရွာသို့ လာရောက်၍ ယခုကဲ့သို့ ဖမ်းဆီး ရိုက်နှက် ငွေညှစ်ခြင်း ဖြစ်သည်ဟု သိရှိရသည်။ အမျိုးသမီးများကို မဖွယ်မရာ ပြုလုပ်၊ အမျိုးသားများကို ရိုက်နှက် ငွေညှစ်သည့် ဒုရဲအုပ်သည် စစ်တွေမြို့ ဇာတိ ရခိုင် လူမျိုး တစ်ဦး ဖြစ်ပြီး၊ လူမျိုးရေး ဘာသာရေး ခွဲခြားမှုကို ရှေ့တန်းတင်သူ တစ်ဦး ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ ကင်းစခန်းတွင် ယခင်ကလည်း နေ့စဉ် ငွေညှစ်မှုများ၊ ရိုက်နှက်မှုများ ရှိကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus