နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော နယ်ထိန်းရဲ ခေါင်းဆောင်က MPT ဆင်းမ်ကဒ်သုံး ဖုန်းသုံးလုံး သိမ်းဆည်း



Rohingya Eye
RB News
4.12.2014

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြို့နယ် ရဲစခန်းမှ နယ်ထိန်း ရဲခေါင်းဆောင် ရဲအုပ်တိုးတိုးက မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်ဖြင့် အသုံးပြုသည့် ဖုန်းသုံးလုံးကို စစ်ဆေးစရာ ရှိသည်ဟု ဆိုကာ သိမ်းဆည်း လိုက်ကြောင်း သတင်း ရရှိပါသည်။

ဒီဇင်ဘာလ (၂) ရက်နေ့ ညနေ ၄း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ်၊ နာရီစင် အနီးရှိ ဦးအဒူလ္လာ (ဘ) ဦးဇော်မိလ်၏ ဖုန်းဆိုင်သို့ မောင်တောမြို့နယ် ရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ်တိုးတိုး ရောက်ရှိလာပြီး၊ ဖုန်းတွင် သီချင်း လာသွင်းသည့် သူများ၏ ဖုန်းသုံးလုံးကို စစ်ဆေးစရာ ရှိသည်ဟု ဆိုကာ သိမ်းဆည်း သွားကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ အဆိုပါ ဖုန်းသုံးလုံးမှာ တရုတ်နိုင်ငံလုပ် Huawei G730 Screen Touch အမျိုးအစား ဖြစ်ပြီး၊ ဖုန်းများတွင် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း MPT မှ ထုတ်သည့် CDMA 800 MHz ဆင်းမ်ကဒ်များ ထည့်ထားကြောင်း သိရှိရပါသည်။

ရဲအုပ်တိုးတိုးက စစ်ဆေးစရာရှိ၍ ခဏပေးပါ ဆိုကာ ယူဆောင် သွားသော်လည်း လာရောက်၍ ပြန်လည် ပေးအပ်ခြင်း မရှိသည့်အတွက် သိမ်းဆည်းလိုက်ပြီဟု ယူဆကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ အစိုးရပိုင် MPT ၏ ဆင်းမ်ကဒ် များဖြင့် သုံးသည့် တရားဝင် ဖုန်းများကို ယခုကဲ့သို့ အကြောင်းမဲ့ သိမ်းဆည်းလိုက်သည့် အတွက် Screen Touch ဖုန်းသုံးစွဲ နေသူများက ၎င်းတို့၏ ဖုန်းများကို ရဲများက အကြောင်းမဲ့ သိမ်း၍ ပြန်လည် ရောင်းစားမည်ကို စိုးရိမ် ပူပန်လျက် ရှိကြသည်။

မြန်မာနိုင်ငံတွင် အင်တာနက် သုံးစွဲခွင့်၊ ဖုန်းသုံးစွဲခွင့်ကို လူမျိုးကို ခွဲခြား၍ ကန့်သတ် ထားခြင်း မရှိသော်လည်း၊ မောင်တော ခရိုင်ရှိ ရဲများနှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် ဒေသခံ ရိုဟင်ဂျာများ ဖုန်းသုံးစွဲနေခြင်းကို နည်းမျိုးစုံဖြင့် စိတ်အနှောက်အယှက် ပေးခြင်း၊ အကြောင်းမဲ့ ဖမ်းဆီး၍ ငွေညှစ်ခြင်း၊ ဖုန်းကို စစ်ဆေး စရာရှိသည် ဆိုကာ ဘင်္ဂလား ဆင်းမ်ကဒ် လဲထည့်ပြီး ဘင်္ဂလား ဖုန်းသုံးစွဲ နေသည်ဟု ဆိုကာ ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီး ငွေညှစ်ခြင်းများ နေ့စဉ် ပြုလုပ်လျက် ရှိသည်။

သိမ်းဆည်း ခံရသည့် ဖုန်းသုံးလုံး၏ ပိုင်ရှင်များမှာ --

(၁) ဟူစိန်းဂျိုဟာရ် (ဘ) ဦးဇော်မိလ် (အသက် ၂၁ နှစ်) -- အမှတ် (၄) ရပ်ကွက်မှ
(၂) အာရ်ဖတ် (ဘ) ဦးအာယုဖ် (အသက် ၂၄ နှစ်) -- အမှတ် (၂) ရပ်ကွက်မှ
(၃) အာလီရွာမှ ၁၀ တန်း ကျောင်းသား တစ်ဦး -- တို့ဖြစ်ပါသည်။

Comment ရေးရန်

Rohingya Exodus