နောက်ဆုံးသတင်း/ဆောင်းပါးများ

ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေညှစ်၊ ရိုက်နှက်၊ ခြိမ်းခြောက်မှုများ ဆက်လက် ဖြစ်ပွားလျက်ရှိ




MYARF
RB News
29.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော ခရိုင်တွင် ဆွဲ၊တင်၊စစ် ခေါင်းစဉ်ဖြင့် ငွေညှစ်ခြင်း၊ ရိုက်နှက်၍ အတင်း အဓမ္မ ပါဝင်ခိုင်းခြင်း၊ ခြိမ်းခြောက်ခြင်းများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကွပ်ကဲရေးမှူး ရဲမှူးချုပ် တင်ကိုကိုက ဆွဲ၊တင်၊စစ် တွင် ငွေကြေး ကောက်ခံခြင်း လုံးဝ ပြုလုပ်မည် မဟုတ်ဟု အစည်းအဝေးများတွင် ပြောကြားခဲ့ပြီး၊ ငွေညှစ်ခြင်းများ ဆက်တိုက် ဖြစ်ပွားခဲ့ရာ၊ သတင်းများတွင် ဖော်ပြပြီးနောက် ရဲမှူးချုပ်တင်ကိုကိုက မ.က.ဖ များကို ဆွဲ၊တင်၊စစ် တွင် ငွေလုံးဝ မကောက်ခံရန် အမိန့် ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် အချို့ကျေးရွာများတွင် မ.က.ဖ များက ငွေမညှစ်တော့သော်လည်း အချို့ကျေးရွာ များတွင် ယခုအချိန်ထိ ငွေညှစ်ခြင်းများ ရှိနေကြောင်း၊ အချို့ကျေးရွာများတွင် မ.က.ဖ နှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ပူးပေါင်း၍ ကောက်ခံနေပြီး၊ အချို့ကျေးရွာများတွင် ကျေးရွာ အုပ်ချုပ်ရေးမှူး များကိုသာ ကောက်ခံခိုင်းပြီး မ.က.ဖ များ မပါဝင်သလို နေကြကြောင်း ဒေသခံများက RB News သို့ပြောသည်။

မောင်တော မြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာတွင် အုပ်ချုပ်ရေးမှူး ဦးရော်ရှိတ်အုလ္လာက ရွာမှ ရပ်မိရပ်ဖ ဦးအီဆာအာမတ် (ဘ) ဦးဆောတောရ်ကို ဆွဲ၊တင်၊စစ် တွင် အစစ်ဆေးခံရန် ကြိုတင်၍ အိမ်ထောင်စု စာရင်းများ သိမ်းစေခဲ့သည်။ အိမ်ထောင်စု စာရင်းများ သိမ်းဆည်းပြီးနောက် မွေးတိုး၊ ပယ်ဖျယ်၊ ပြောင်းရွှေ့များ ရှိသူများထံမှ ကြိုတင်၍ ငွေများ ကောက်ခံလျက် ရှိကြောင်း သိရသည်။ ကြိုတင်ငွေ ပေးရသူ အချို့မှာ --

(၁) ဦးနူရူ (ဘ) ဦးဟာဘိရာမန် (မုန့်ရောင်း) ထံမှ ချွေးမအား ပြောင်းရွှေ့ တင်ပေးမည်ဟု ဆိုကာ ငွေ ၄ သောင်း ယူ
(၂) ဦးမိုဟာမတ် အီလီယာစ် (ဘ) မော်လ၀ီဂျော်လိလ် ထံမှ ဇနီးအား ပြောင်းရွှေ့ ပေးမည်ဟု ဆိုကာ ငွေ ၂ သောင်းယူ
(၃) ဦးအာရှောရော်ဖ်အုလ္လာ (ဘ) ဦးဘော်ရှောအုလ္လာ ထံမှ ဇနီးအား ပြောင်းရွှေ့ ပေးမည်ဟု ဆိုကာ ငွေ ၂ သောင်းယူ
(၄) ဦးဆော်လီမုလ်ကာလာမ် (ဘ) ဦးဆော်ဒုလ်အာမီးန် ထံမှ ကလေး မွေးတိုး အတွက်ဟုဆိုကာ ငွေ ၅ ထောင်ယူ -- တို့ဖြစ်သည်။ ၎င်းတို့ထံမှ ငွေများ ယူသွားသော်လည်း ၎င်းတို့၏ ကိစ္စရပ် များကို အုပ်ချုပ်ရေးမှူးက ပြုလုပ် မပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောပါသည်။

အလားတူ ပွင့်ဖြူချောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနူရ်ဟာရှိမ်း ကလည်း ဆယ်အိမ်မှူး တစ်ဦးမှ တဆင့် ကြိုတင်ငွေ ကောက်ခံလျက် ရှိသည်။ ဓားကြီးစား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအုစ်မာန်နှင့် ပန်းတောပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖူရုခ်၊ ရေတွင်းပြင် ကျေးရွာ အုပ်ချုပ်ရေးမှူး တို့လည်း ထိုသို့ ကြိုတင်ငွေ ကောက်ခံလျက် ရှိကြောင်း သိရသည်။

ဘူးသီးတောင် မြို့နယ် ငါးရန့်ချောင်း ကျေးရွာ အုပ်စုတွင် အုပ်ချုပ်ရေးမှူး ဦးကောင်းစိန်လှက နယ်ခြားစောင့် ရဲများကို ဆွဲ၊တင်၊စစ် တွင် မပါဝင်ရန် ငြင်းဆန် နေသူများဟု စာရင်း တစ်ခု ပြုလုပ်၍ ရဲများကို ပေးခဲ့ရာ၊ ယနေ့ ဇန်န၀ါရီလ ၂၉ ရက်နေ့တွင် ရဲများက ယင်းမရွာမှ ဦးရှာကဲရ်၊ ဦးမောင်လှရွှေ အပါအ၀င် ဒေသခံ ရိုဟင်ဂျာ ၂၀ ဦးခန့်ကို လူမဆန်စွာ ရိုက်နှက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။ ထို့အပြင် ဦးအစ္စလာမ်၏ နေအိမ်ကို ၀င်ရောက်၍ ဦးအစ္စလာမ်ကို မတွေ့ရှိသဖြင့် ဦးအစ္စလာမ်၏ ဇနီးနှင့် သမီး ဖြစ်သူတို့ကို ဖမ်းဆီး ခေါ်ဆောင် သွားခဲ့ပြီး ည ၉ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရသည်။ ယမန်နေ့ကလည်း စက်လှေများ ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့ပြီး၊ ဒေသခံ ရိုဟင်ဂျာ ရွာသားများကို နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်၍ ဆွဲ၊တင်၊စစ် တွင် အတင်းအဓမ္မ ပါဝင်ခိုင်းနေသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus