နောက်ဆုံးသတင်း/ဆောင်းပါးများ

အာဏာပိုင် များ၏ ရိုက်နှက်မှုကြောင့် သေဆုံးသူ၏ အလောင်းကို မိသားစုထံ မအပ်ဘဲ သဂြိုဟ်လိုက်



မေတ္တာဦး
RB News
30.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း၊ သ၀င်ချောင်း ကျေးရွာမှ အပြစ်မဲ့ ဒေသခံ (၃) ဦးကို လက်နက်ကိုင် အာဏာပိုင် များက ဖမ်းဆီး၍ လူမဆန်စွာ ရိုက်နှက်ခဲ့ရာ ၎င်းတို့ ထဲမှ တစ်ဦးမှာ ဆေးရုံတွင် သေဆုံးသွား ခဲ့သော်လည်း အလောင်းကို မိသားစုထံ မအပ်ဘဲ သဂြိုဟ်လိုက်ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း၊ သ၀င်ချောင်း ကျေးရွာမှ ရှော်ဘီအုလ္လာ (ဘ) ဦးမာမတ်ရှော်ဖီ (အသက် ၂၅ နှစ်)၊ ရှော်ကော်တူလ္လာ (ဘ) ဦးရှော်ဖီအုလ္လာ (အသက် ၂၂ နှစ်) နှင့် ဟာရှိမ်းအုလ္လာ (ဘ) ဦးမုစ်တော်ဖီစ် (အသက် ၂၀ နှစ်) တို့သည် တောင်မှ ၀ါးများခုတ်ယူပြီး အိမ်ပြန်လာနေစဉ် ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်း၏ စခန်းခွဲ ကိုးတန်ကောက် စခန်းမှ စစ်သားများက ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။ ထို့နောက် အပြစ်မဲ့ ဒေသခံ လူငယ် (၃) ဦးကို အဒူလာကိမ်း ဓါးပြ အဖွဲ့နှင့် အဆက်အသွယ် ပြုလုပ်သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ လူမဆန်စွာ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ပြီးနောက် အင်းဒင် နယ်ခြားစောင့် ရဲစခန်းမှ နယ်ထိန်းအဖွဲ့သို့ အပ်ခဲ့သည်။ အင်းဒင် စခန်းတွင်လည်း အပြစ်မဲ့ လူငယ် (၃) ဦးကို လူမဆန်စွာ ရိုက်နှက်ပြီးနောက် ကျီးကန်းပြင်ရှိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်သို့ လွှဲပြောင်းပေးခဲ့သည်။ တစ်ဖန် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဌာနချုပ်တွင်လည်း ၎င်းတို့ (၃) ကို လူမဆန်စွာ ထပ်မံ ရိုက်နှက်ခဲ့ရာ (၃) ဦးမှ ဟာရှိမ်းအုလ္လာ (ဘ) ဦးမုစ်တော်ဖီစ်သည် သေလုမျောပါး ဖြစ်သွားခဲ့ပြီး၊ ၎င်းကို ဇန်န၀ါရီလ (၈) ရက်နေ့က မောင်တော ပြည်သူ့ ဆေးရုံသို့ ပို့ဆောင်ခဲ့ရသည်။ မောင်တော ဆေးရုံသို့ ရောက်ပြီးနောက် ဇန်န၀ါရီလ (၉) ရက်နေ့တွင် သေဆုံး သွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

“ဆေးရုံရောက်ပြီး တစ်ရက်ကြာတော့ ဆုံးသွားပါတယ်။ အလောင်းကို မိသားစုတွေဆီ မအပ်ဘဲ၊ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအီဆုပ်နဲ့ သူရဲ့ အပေါင်းအပါ အချို့ကို ခေါ်ပြီး မြို့မတောင် ရပ်ကွက်က သင်္ချိုင်းမှာ သဂြိုလ်လိုက်တယ်။ ဒါက တရား ဥပဒေ စိုးမိုးမှု လုံးဝမရှိဘူး ဆိုတာကို ပြလိုက်တာ ဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ လုပ်ရပ်ကို အားလုံးက သိတယ်။ သူတို့ လူဆန်မှာ မဟုတ်ဘူး ဆိုတာလည်း နားလည်တယ်။ ဒါပေမယ့် မြို့မတောင် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအီဆုပ် အနေနဲ့တော့ မိသားစုဝင်တွေကို အကြောင်းကြားသင့်တယ်။ သေဆုံး သွားတဲ့ လူတစ်ယောက်ရဲ့ နောက်ဆုံးခရီးကို မိဘ ဆွေမျိုးတွေကတော့ လိုက်ပို့ချင်မှာဘဲလေ။ အခုတော့ သူကလည်း အာဏာပိုင်တွေ အလိုကျ လုံးဝ အကြောင်းမကြားတော့ သူ့ကိုလည်း မိသားစု၊ ဆွေမျိုးနဲ့ ဒေသခံတွေက တော်တော်လေး စိတ်ပျက် နေကြတယ်” ဟု အဆိုပါ ဒေသခံက ပြောပါသည်။

“မိဘတွေခမျာ အတော်လေး သနားစရာ ကောင်းပါတယ်။ သူတို့သား သေသွားမှန်းတောင် မသိကြရှာဘူး။ ကျီးကန်ပြင် ဌာနချုပ်မှာ ကျန်တဲ့ လူငယ် နှစ်ယောက်ကို ဓါးပြ အဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး မတရားသဖြင့် ပုဒ်မတွေ တပ်ပြီး တရားစွဲထားတယ်။ အဲဒီ လူငယ်နှစ်ယောက်ကို တရားရုံး ထုတ်တဲ့နေ့မှာ သေသွားတဲ့ ဟာရှိမ်းအုလ္လာရဲ့ မိဘတွေကလည်း သူတို့သားကို တရားရုံးမှာ တွေ့ခွင့်ရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ရောက်လာကြတယ်။ အဲဒီမှာ အမှုရင်ဆိုင်နေတဲ့ လူငယ် နှစ်ယောက်ကိုတွေ့ပြီး၊ သူတို့သားကို မတွေ့တော့ လူငယ် နှစ်ယောက်ကို မိဘတွေက ပြာပြာသလဲလဲ မေးကြတာပေါ့။ ဟိုလူငယ် နှစ်ယောက်ကလည်း သူတို့နဲ့ အတူ (၉) ရက်နေ့ အထိ ရှိနေတယ်။ အဲဒီနေ့မှာ ခေါ်သွားတာ အခုထိ ပြန်ရောက် မလာဘူး ဆိုတော့မှ မိဘတွေက ဆေးရုံက တဆင့် စုံစမ်းတော့ သူတို့သားကို ရဲတွေ ရိုက်တာမှာ လက်လွန်ပြီး သေသွားတယ် ဆိုတာ သိခဲ့ရတယ်” ဟု ၎င်းက ဆက်လက် ပြောပါသည်။

မောင်တော ခရိုင်တွင် ဒေသခံ ရိုဟင်ဂျာများကို မည်သည့် ဥပဒေကမှ ကာကွယ် ပေးခြင်း မပြုဘဲ၊ နယ်ခြားစောင့် ရဲတပ်ဖွဲ့နှင့် အခြားသော လက်နက်ကိုင် အာဏာပိုင်များက တဖက်သတ် ပုဒ်မ တပ်သည့် အတိုင်း တရားရုံးက တရားစွဲဆိုပေးပြီး ရှေ့နေငှားရမ်းခွင့်၊ ပြန်လည် ချေပခွင့် မပေးဘဲ နှစ်ရှည် ထောင်ဒဏ် ချမှတ်လေ့ ရှိသည်။ တရား ဥပဒေ စိုးမိုးရေး ဆိုသည်မှာ ယခင် စစ်အစိုးရ လက်ထက်က ချိတ်ဆွဲထားသည့် ဆိုင်းဘုတ်တွင်သာ ရှိသည်ဟု ဒေသခံများက ဆိုသည်။ လက်နက်ကိုင် အာဏာပိုင်များ၏ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်မှုကြောင့် သေဆုံးခဲ့သည့် ဟာရှိမ်းအုလ္လာ အတွက် မည်သည့် ဥပဒေကမှ ကာကွယ် ပေးမည် မဟုတ်ဘဲ၊ အကယ်၍ မိဘများက အမှုဖွင့်လျှင် မိဘများထံမှ လက်နက် အာဏာပိုင်များက ခြိမ်းခြောက်၍ ငွေညှစ်မည်သာ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus