နောက်ဆုံးသတင်း/ဆောင်းပါးများ

နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အချိန်မှီ ထိန်းသိမ်းဖို့ လိုနေပြီ




ကိုဘခက်
RB News
27.1.2015

ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ်တွင် ၂၀၁၄ ဒီဇင်ဘာလ ၂၅ ရက်မှ ၂၀၁၅ ဇန်န၀ါရီလ ပထမပတ်ထိ အမှတ် (၁) နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ တပ်ဖွဲ့ခွဲ (၃) ၏ လက်အောက်ခံ ခြင်းသမား ကျေးရွာ အုပ်စုရှိ နယ်ခြားစောင့်ရဲ ကင်းစခန်းမှ ဗိုလ်လေး (ဒုရဲအုပ်) နှင့် တပ်ဖွဲ့ဝင် များသည် ဖောင်တော်ပြင် ကျေးရွာ၊ ငကျဉ်တောက် ကျေးရွာ၊ ဒါပိုင်ဆရာ ကျေးရွာ၊ မိကျောင်းဈေး ကျေးရွာ တို့တွင် လက်နက် အားကိုးဖြင့် ရိုဟင်ဂျာ လူထုကို အနိုင်ကျင့်ကာ ငွေအမြောက်အမြားကို ခြိမ်းခြောက်၍ ညှစ်ယူခဲ့သည်။ အထက်ဖော်ပြပါ ကာလ အတွင်း အဆိုပါ ကျေးရွာများမှ ရိုဟင်ဂျာ ကျေးရွာသား (၂၈) ဦးထံမှ စုစုပေါင်း ငွေကျပ် သိန်း (၉၀) ခန့်ကို စွပ်စွဲချက် အမျိုးမျိုး တပ်၍ ညှစ်ယူခဲ့သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့၏ စွပ်စွဲချက် များမှာ တရားမ၀င် လက်ထပ် ပေါင်းသင်းခြင်း၊ ရွာထွက် လက်မှတ် မရှိခြင်း၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ ဆင်းမ်ကဒ်များ သုံးစွဲခြင်း၊ လူ ၅ ယောက်ထက် ပို၍ စုခြင်း စသည်တို့ ဖြစ်သည်။

မိကျောင်းဈေး ကျေးရွာ အုပ်စုမှ ဒေသခံ ရိုဟင်ဂျာ တစ်ဦးထံမှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ဆင်းမ်ကဒ်နှင့် smart ဖုန်းကို မတရား သိမ်းယူခဲ့ရာ၊ သိမ်းဆည်းခံရသူက ၎င်း၏ ဖုန်းသည် MPT မှ တရားဝင် ထုတ်ပေး ထားသော SIM ကဒ် ဖြစ်ကြောင်း၊ ဖုန်းမှာလည်း မြန်မာနိုင်ငံတွင် တရားဝင် တင်သွင်းထားသည့် Huawei အမျိုးအစား ဖုန်းဖြစ်ပါလျှက်နှင့် ဖုန်းသိမ်းဆည်း ရခြင်း အကြောင်းကို မေးရာ နယ်ခြားစောင့် ရဲက ဖုန်းနှင့် ဆင်းမ်ကဒ်မှာ တရားဝင် ဖြစ်သော်လည်း ကိုင်ဆောင်သည့် သူမှာ တရားမ၀င်ဖြစ်၍ သိမ်းဆည်းရခြင်း ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အဆိုပါ နယ်ခြားစောင့် ရဲများသည် ငွေညှစ်ခြင်း၊ မတရား လုယက်ခြင်း အပြင် ကိုယ်ထိလက်ရောက် စော်ကားမှုများလည်း မကြာခဏ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက RB News သို့ပြောသည်။

ဇန်န၀ါရီလ ပထမပတ် အတွင်းက ဖောင်တော်ပြင် ကျေးရွာ၊ ခြင်းသမား ကျေးရွာ အုပ်စု တို့တွင် အသက် (၁၂) နှစ်နှင့် အသက် (၁၃) နှစ် အရွယ် ကလေး နှစ်ဦး တို့သည် နယ်ခြားစောင့် ရဲကင်းစခန်း အနီးတွင် ခြင်းလုံး ကစား နေခဲ့ပြီး၊ ကလေးများ ကစားနေစဉ် ရုတ်တရက် နယ်ခြားစောင့် ရဲတစ်ဦး ရောက်ရှိလာပြီး ကလေးများကို စခန်းထဲသို့ ဆွဲ၍ ခေါ်သွားခဲ့သည်။ အဆိုပါ ကလေးနှစ်ဦးကို နယ်ခြားစောင့်ရဲက သံတုတ်ဖြင့် ရိုက်နှက်ခြင်း၊ သေနတ်ဒင်ဖြင့် ထုခြင်း တို့ကို လူမဆန်စွာ ပြုလုပ်ခဲ့သည်။ ထို့အပြင် ကလေး နှစ်ဦး၏ ဦးခေါင်းကို မြေပေါ်သို့ ဦးညွတ်စေပြီး ခြေထောက်ဖြင့် ကန်ကျောက်ခဲ့၍ အမျိုးမျိုး လူမဆန်စွာ ရက်ရက်စက်စက် ညှဉ်းပန်း နှိပ်စက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက ပြောသည်။

ဇန်န၀ါရီလ (၉) ရက်နေ့က ခြင်းသမား ကျေးရွာ အုပ်ချုပ်ရေးမှူးသည် ခမရ (၅၅၂) နှင့် ခြင်းသမား ကျေးရွာ တို့၏ ဘောလုံးပွဲကို ကြည့်ရှုနေစဉ် နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဗိုလ်လေး (ဒုရဲအုပ်) ရောက်ရှိလာပြီး ကင်းစခန်းထဲသို့ ဆွဲခေါ် သွားခဲ့သည်။ ထို့နောက် အဆိုပါ ဗိုလ်လေးက ကျေးရွာ အုပ်ချုပ်ရေးမှူး၏ အင်္ကျီ ကော်လံကို ဆွဲ၍ လက်သီးဖြင့် ထိုးခဲ့သည်။ ထို့နောက် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ကျောင်းဆရာ နှစ်ဦးနှင့် မော်လ၀ီ ဆရာ နှစ်ဦး တို့ကို ခေါ်ယူပြီး အထက်ပါ ကလေးနှစ်ဦးကို ရက်ရက်စက်စက် ပြုမူခဲ့ခြင်း အပေါ် တိုင်တန်းခြင်း မပြုပါဟု စာရွက်ပေါ်တွင် ရေးသား ခိုင်းပြီး အတင်းအကျပ် လက်မှတ် ရေးထိုး ခိုင်းခဲ့သည်။

ယခုကဲ့သို့ ပြုမူနေခြင်းသည် နယ်ခြားစောင့် ရဲတပ်ဖွဲ့ကို အထက်မှ လုပ်ပိုင်ခွင့်များ ပိုမို ချမှတ်ပေးခြင်း အပေါ် အခွင့်ကောင်းယူ၍ မိမိတို့၏ စိတ်တွင် ဖုံးကွယ်ထားသော လူမျိုးရေး၊ ဘာသာရေး ခွဲခြားမှုများကို ရောနှောပြီး ရိုဟင်ဂျာ လူထု အပေါ် အာဏာ အလွဲသုံးစား ပြုလုပ်၍ ညှဉ်းပန်း နှိပ်စက် နေခြင်း ဖြစ်သည်။ လက်ရှိ မြန်မာ အစိုးရ၏ မူဝါဒသည် မွတ်စလင် မှန်လျှင် ဥပဒေ၏ အကာအကွယ် ပေးစရာမလို၊ နှိပ်ကွပ်ရန်သာ ရှိသည်ဟု ဆွဲကိုင်ထားခြင်း အပေါ် နယ်ခြားစောင့် ရဲတပ်ဖွဲ့က အမြတ်ထုတ် နေခြင်းလည်း ဖြစ်သည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များသည် များသောအားဖြင့် ရခိုင်လူမျိုးများသာ ဖြစ်ပြီး၊ ပညာရေး အခြေခံမှာလည်း အလွန်နိမ့်ကျသည်။ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် များကို အလျင်စလို စခန်းအပ်ခဲ့ပြီး၊ အသက် (၁၈) နှစ်မှ (၄၄) နှစ် အတွင်းရှိ ရခိုင်လူမျိုး မှန်သမျှ နယ်ခြားစောင့် ရဲတပ်ဖွဲ့တွင် လက်ခံခဲ့သည်။ အများအားဖြင့် ဖားရိုက်၊ ငါးရှာ လုပ်နေခဲ့သော အခြေခံ လူတန်းစား များသာ ဖြစ်ပြီး၊ ယခု ဖားရိုက်တံ နေရာတွင် မောင်းပြန် သေနတ် ရောက်ရှိနေသဖြင့် မိမိတို့ ထင်ရာစိုင်း နေခြင်းလည်း ဖြစ်သည်။ တဖက်မှာ အစိုးရ၏ ရခိုင်လူမျိုး များအား ပုံမှန် လစာ ရရှိခြင်းကြောင့် စားဝတ် နေရေး ဖူလုံစေကာ၊ အခြားတဖက်တွင် ရိုဟင်ဂျာ လူမျိုးများအား ဓါးပြ တိုက်စေခြင်း၊ ဆင်းရဲတွင်း ပိုမို နက်အောင် ဆောင်ရွက် နေခြင်းလည်း ဖြစ်သည်။

နယ်ခြားစောင့် ရဲတပ်ဖွဲ့သည် ပြည်သူ လူထုများကို လူမျိုး၊ ဘာသာ၊ အသားအရောင် မခွဲခြားဘဲ လုံခြုံရေး ဆောင်ရွက် ပေးရန်သာ ဖြစ်သည်။ ယခုကဲ့သို့ လိုင်စင်ရ ဓါးပြများကဲ့သို့ ပြုမှု ဆောင်ရွက် နေခြင်းများကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများမှ ယုံကြည် အားကိုးမှု လုံးဝ မရှိတော့သည်ကို တွေ့ရသည်။ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေကို လျစ်လျူရှုထားပါက မခံမရပ်နိုင်သော ပြည်သူများမှ အုံကြွလာလျှင် ထိန်းချုပ်ရန် ခက်ခဲမည် ဖြစ်ပြီး၊ တည်ငြိမ်လာသော ရခိုင်ပြည်နယ် အခြေအနေမှာလည်း ပြန်လည် ယိုယွင်းလာမည် ဖြစ်သည်။ အကယ်၍ အခြေအနေ ယိုယွင်းလာမည် ဆိုပါက နိုင်ငံတကာမှ လက်ပိုက် ကြည့်နေတော့မည် မဟုတ်ဘဲ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ ၀င်ရောက် ကိုင်တွယ် ဖြေရှင်းမှုများ ပိုမိုများပြား လာမည် ဖြစ်သည်။ ထိုကဲ့သို့ အခြေအနေ ဖြစ်ပေါ်လာပါက ပြည်တွင်းတွင် ဒီမိုကရေစီ ဖော်ဆောင်ရေးတွင်လည်း ထိခိုက်လာမည် ဖြစ်သည်။ သို့ဖြစ်ပါ၍ နယ်ခြားစောင့် ရဲတပ်ဖွဲ့မှ ဥပဒေ ချိုးဖောက်၍ ထင်ရာစိုင်း နေသည်များကို အချိန်မှီ ထိန်းသိမ်းပေးရန် အထူး လိုအပ်ကြောင်း အကြံပြု တင်ပြအပ်ပါသည်။

Comment ရေးရန်

Rohingya Exodus