နောက်ဆုံးသတင်း/ဆောင်းပါးများ

နိုင်ငံတကာက ရိုဟင်ဂျာ အရေး ပြောလာလျှင် ပို၍ နှိပ်စက်မည်ဟု ဒုရဲမှူးကြီး အောင်မြင့်ထွန်း ခြိမ်းခြောက်



RB News
27.1.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ဘဇားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းနှင့် ပေါင်တောပြင်ရှိ စာသင်ကျောင်း တို့တွင် ကျီးကန်းပြင် အခြေစိုက် မ.က.ဖ မှ အကြီးတန်း အရာရှိ ဖြစ်သူ ဒုရဲမှူးကြီး အောင်မြင့်ထွန်းက ဒေသခံများကို အစည်းအဝေး ခေါ်ယူ၍ တွေ့ဆုံပြီး ခြိမ်းခြောက် ပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ယနေ့ ဇန်န၀ါရီလ (၂၇) ရက်နေ့ နံနက် ၁၁ နာရီမှ နေ့လည် ၂ နာရီထိ ဘူးသီးတောင် မြို့နယ် တောင်ဘဇားရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့စခန်းတွင် ဒေသခံ ရိုဟင်ဂျာ (၂၀၀) ကျော်၊ ညနေ (၄) နာရီမှ (၆) နာရီထိ ပေါင်တောပြင် ကျေးရွာရှိ စာသင်ကျောင်းတွင် ဒေသခံ ရိုဟင်ဂျာ (၄၀၀) ကျော်တို့ကို မောင်တောမြို့နယ် ကျီးကျင်ပြင် အခြေစိုက် မ.က.ဖ မှ အကြီးတန်း အရာရှိ ဖြစ်သူ ဒုရဲမှူးကြီး အောင်မြင့်ထွန်းက တွေ့ဆုံ၍ ရိုင်းပျစွာ ပြောဆို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

“ဦးအောင်မြင့်ထွန်း ပြောတာက -- ရိုဟင်ဂျာဆိုတာ သမိုင်းမှာ မရှိခဲ့ဘူး။ ဘန်ကီမွန်း၊ အိုဘားမားတို့က ရိုဟင်ဂျာလို့ ပြောနေပေမယ့် ရာဇ၀င်ကို မသိကြဘူး။ မသိဘဲနဲ့ ပြောနေတဲ့ အတွက် လုံးဝ ဂရုမစိုက်ဘူး။ ငါတို့က ခင်ဗျားတို့ကို လုပ်ချင်သလို လုပ်လို့ရတယ်။ ငါတို့နိုင်ငံမှာ ငါတို့ ဥပဒေ အတိုင်းနေရမယ်။ ရိုဟင်ဂျာဆိုတာ အားလုံး RSO သူပုန်တွေဘဲ။ ၈၂ ဥပဒေနဲ့ စီစစ်ခံရမယ်။ အစစ်ခံရင် ပြုနိုင်ငံသား ရမယ်။ အစစ်မခံနိုင်ဘူး ဆိုရင် အိုဘားမားကို ခေါ်လိုက်။ ငါတို့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က အရင် န.စ.က လို မဟုတ်ဘူး။ သူတို့ထက် ပိုဆိုးတယ်။ နိုင်ငံတကာက ရိုဟင်ဂျာ အကြောင်းပြောမယ် ဆိုရင် ခင်ဗျားတို့ကို ငါတို့နဲ့ တိုင်းရင်းသားတွေက ဒီထက် ပိုပြီး ညှဉ်းပန်း နှိပ်စက်မယ်။ မင်းတို့ကို အမြဲတမ်း တရားခံလို ဆက်ဆံမယ်။ မောင်တောမြို့ရဲ့ အခြေအနေကို မင်းတို့ကြည့်ကြ။ မင်းတို့ အခု ဆွဲ၊တင်၊စစ် မှာ အစစ်မခံဘူး ဆိုရင် သွားလာရေး၊ ကျန်းမာရေး၊ ပညာသင်ကြားရေး စတာတွေ အားလုံးကို ထပ်ပိတ်မယ်။ ခင်ဗျားတို့ လေထဲမှာ တိုက်အိမ် မဆောက်ကြနဲ့ -- လို့ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆို ခြိမ်းခြောက် သွားတယ်” ဟု အစည်းအဝေး တက်ရောက်ခဲ့သူ တစ်ဦးက RB News သို့ပြောသည်။

“ဘူးသီးတောင်မှာ ဒီလောက် ရိုင်းရိုင်းစိုင်းစိုင်း ကြမ်းကြမ်းတမ်းတမ်း ပြောတဲ့ အရာရှိ တစ်ယောက်မှ မရှိခဲ့ဘူး။ အခြားသူတွေ ရိုင်းတာတောင် သူ့လောက် မရိုင်းဘူး။ ကျွန်တော်တို့ အနေနဲ့ ဒီ ဦးအောင်မြင့်ထွန်းရဲ့ ရိုင်းစိုင်းမှု တွေကို အသံဖမ်း ထားပါတယ်။ မကြာခင် ပြည်သူတွေနဲ့ အစိုးရပါ နားထောင်လို့ ရအောင် ထုတ်ပေးပါမယ်။ သူနဲ့ အတူ ဘူးသီးတောင်မြို့က မြို့မိမြို့ဖ (၆) ယောက်ကိုလည်း အတင်း ခေါ်လာတယ်။ သူခေါ်လာတဲ့ လူတွေရဲ့ မျက်နှာကိုတောင် မထောက်ဘူး” ဟု အခြားသော ဒေသခံ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus