နောက်ဆုံးသတင်း/ဆောင်းပါးများ

ကျားခေါင်းတောင်မှ နယ်ခြားစောင့် ရဲများ ဗလီထဲသို့ ဖိနပ်စီးဝင်ပြီး ကျမ်းစာများကို မဖွယ်မရာ ပြုလုပ်



MYARF & Rohingya Eye
RB News
20.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် ဗလီထဲသို့ ဖိနပ်စီးဝင်​၍ ကျမ်းစာများကို မဖွယ်မရာ ပြုလုပ်သည့် အပြင် အပြစ်မဲ့ ဒေသခံ ရွာသားများကို လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၇) ရက်နေ့ ည ၁၀း၃၀ နာရီ အချိန်တွင် မောင်တောမြို့နယ် မြောက်ပိုင်း ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၄) ဦးသည် ကျားခေါင်းတောင် ကျေးရွာ အုပ်စု အလယ်ရွာနှင့် ဘဂုံးနား ကျေးရွာရှိ ဗလီများ ထဲသို့ ဖိနပ်စီး၍ ၀င်ရောက်ပြီး ကျမ်းစာအုပ် များကို ကြမ်းပြင်ပေါ်သို့ ပစ်ချ၍ မဖွယ်မရာ မျိုးစုံပြုလုပ်ပြီး၊ ကြမ်းခင်း ကော်ဇောများကို လှန်၍ ရှာဖွေခြင်းများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထိုကဲ့သို့ ဗလီထဲသို့ ၀င်ရောက်၍ ကျမ်းစာအုပ် များကို မဖွယ်မရာ ပြုလုပ်၍ စော်ကားခြင်းနှင့် ပတ်သက်၍ တိုင်ကြားလျှင် အရေးယူပေးမည့်သူ မရှိသဖြင့် အာဏာပိုင်များကို မတိုင်ကြားသော်လည်း ဗလီများထဲသို့ ၀င်ရောက်ပြီး ပစ္စည်း တစ်စုံတစ်ရာ ထားကာ ရွာသားများကို လုပ်ကြံ စွပ်စွဲ၍ ဒုက္ခပေးမည်ကို ဒေသခံများက စိုးရိမ်လျက် ရှိကြောင်း သိရသည်။

အဆိုပါ နယ်ခြားစောင့် ရဲများသည် ဇန်န၀ါရီလ (၁၈) ရက်နေ့ ည ၁၁ နာရီ အချိန်တွင် ရေခဲချောင်းခွဆုံ ကျေးရွာသို့ သွားရောက်၍ အိမ်ပြန်နေသည့် ဆယ်အိမ်မှူး ဦးမိုဟာမတ်ရော်ဖိတ်ကို အကြောင်းမဲ့ ဖမ်းဆီး ရိုက်နှက်ပြီး ကြက်ဖ တစ်ကောင် ယူခဲ့သည်။ ထို့နောက် စခန်းမှ ခွင့်ပြုချက် ရယူပြီး ဘောလုံးပွဲ ပြနေသည့် ဦးရော်ဖိတ်၏ ဗီဒီယိုရုံထဲသို့ ၀င်၍ ဘောလုံးပွဲ ကြည့်နေသူ များကို အကြောင်းမဲ့ ရိုက်နှက်ခဲ့သည်။ တစ်ဖန် ဗီဒီယိုရုံ ပိုင်ရှင်၏ ဂျာကင် အင်္ကျီထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် ပါသည့် ဖုန်းတစ်လုံး ထည့်ပေးပြီး၊ ဘင်္ဂလားဖုန်း ရရှိသည်ဟု လုပ်ကြံပြီး ငွေကျပ် ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဇန်န၀ါရီလ (၁၉) ရက်နေ့ မွန်းတည့် ၁၂ နာရီ ကျော် အချိန်တွင် အဆိုပါ ကျားခေါင်းတောင် ကင်းစခန်းမှ နယ်ခြားစောင့်ရဲ (၃) ဦးသည် ရေခဲချောင်းခွဆုံ ရွာသို့ သွားရောက်၍ ဇန်န၀ါရီလ (၁၈) ရက်နေ့ ညပိုင်းတွင် ဗီဒီယိုရုံ၌ လုပ်ကြံခဲ့သည့် ဘင်္ဂလားဖုန်းမှာ ဦးနူရ်အာမီးန် (ဘ) ဦးမာမတ်၏ ဖုန်းဖြစ်သည်ဟု လိမ်လည် လုပ်ကြံ၍ ဦးနူရ်အာမီးန်အား ဖမ်းဆီး ခေါ်ဆောင် သွားပြီး ငွေကျပ် ၅ သိန်း ညှစ်ယူရန် ကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် ငွေကျပ် တစ်သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း သိရှိရပါသည်။

ဇန်န၀ါရီလ (၁၆) ရက်နေ့ကလည်း မိမိ၏ ခြံအတွင်းမှ အပင်ကို ခုတ်၍ ထင်းလုပ်ရန် အပင် ခုတ်နေသည့် ဦးအာဘူဖော်ယာစ် (ဘ) ဦးအဘူရှော်မား (အသက် ၃၅ နှစ်) ကို နယ်ခြားစောင့် ရဲကင်း စခန်းသို့ ဆင့်ခေါ်၍ အပင်ခုတ်သည့် အတွက်ဟု ဆိုကာ ငွေကျပ် ၉၀၀၀ ကျော်နှင့် ညီမျှသည့် ဆန်အိတ်တစ်ဝက်ခန့် ညှစ်ယူခဲ့သည်။

ကျားခေါင်းတောင် ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲများသည် နေည မရွေး ရွာအတွင်းသို့ ၀င်ရောက်၍ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်လျက် ရှိခြင်းကြောင့် ဒေသခံများ လွန်စွာ စိတ်အနှောက် အယှက် ဖြစ်လျက် ရှိသည်။ ငွေညှစ်ခံရသူ အများစုမှာ ပျံကျ အလုပ်လုပ်ကိုင် သူများ ဖြစ်ပြီး ဆင်းရဲသားများ ဖြစ်ကြသည်။ ယခင် န.စ.က လက်ထက်တွင် အိမ်မွေး၊ တိရစ္ဆာန် အပါအ၀င် ပိုင်ဆိုင်မှု ပစ္စည်းများ အားလုံးကို န.စ.က ထံ စာရင်း ပေးအပ်ရပြီး၊ န.စ.က များက အိမ်မွေး တိရစ္ဆာန် တိုးပွား လာလျှင်ပင် ငွေညှစ်လေ့ ရှိသည်။ ယခုအခါ န.စ.က နေရာတွင် အစားထိုး ရောက်ရှိလာသည့် နယ်ခြားစောင့် ရဲတပ်ဖွဲ့က န.စ.က ထက်ပင် ဆိုးရွားစွာ ငွေညှစ်ခြင်း၊ ညှဉ်းပန်း နှိပ်စက်ခြင်းများ ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus