နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောမြို့တွင် နယ်ခြားစောင့်ရဲများ လုပ်ကြံ စွပ်စွဲ၍ ငွေညှစ်ခြင်းများ အဆက်မပြတ် ပြုလုပ်နေ



MYARF
RB News
17.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲ များသည် အပြစ်မဲ့ ဒေသခံ ရိုဟင်ဂျာ များကို ဖမ်းဆီး၍ ရိုက်နှက် ညှဉ်းပန်း နှိပ်စက်ခြင်း၊ ငွေညှစ်ခြင်းနှင့် လုယက်ခြင်း များကို နေ့စဉ် အဆက်မပြတ် ပြုလုပ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။

သင်္ဘောကွဲ ကျေးရွာ အုပ်စု

ဇန်န၀ါရီလ (၁၅) ရက်နေ့ ညပိုင်းတွင် ဘင်္ဘောကွဲ ကျေးရွာ အခြေစိုက် နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းမှ နယ်ခြားစောင့် ရဲများသည် ဘင်္ဘောကွဲ အနောက်ရွာနေ ဦးအဒူရှကူရ် (ဘ) ဦးနူရူ (အသက် ၂၈ နှစ်) ၏ နေအိမ်သို့ ၀င်ရောက်၍ ဦးအဒူရှကူရ်အား ရှာဖွေရာ မတွေ့ရှိသဖြင့် နေအိမ်မှ ဆိုင်ကယ်ကို လုယက် သွားခဲ့သည်။ ထို့နောက် ဦးရှော်ဖီအုလ္လာ (ဘ) ဦးဆူရ်အလီ၏ နေအိမ်သို့ ၀င်ရောက်ပြီး ဦးရှော်ဖီအုလ္လာကို ဖမ်းဆီးသည့် အပြင် ၎င်း၏ ဆိုင်ကယ်ကိုပါ လုယက် သွားခဲ့သည်။ ဇန်န၀ါရီလ (၁၇) ရက်နေ့ နေ့လည်ပိုင်းတွင် ဦးအဒူရှကူရ်၏ မိခင် ဖြစ်သူက နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ သွားရောက်၍ လုယက်သွားသည့် ဆိုင်ကယ်ကို ပြန်တောင်းရာ မပေးသည့် အပြင် ဒုရဲအုပ် တစ်ဦးက ဦးအဒူရှကူရ်သည် လူကုန်ကူးမှုတွင် ပါဝင်နေသည်ဟု လုပ်ကြံ စွပ်စွဲ၍ ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ ထို့အပြင် ဦးရှော်ဖီအုလ္လာ ထံမှလည်း ငွေကျပ် နှစ်သိန်း ညှစ်ယူခဲ့ကြောင်း သိရသည်။ လွန်ခဲ့သည့် အပတ်ကလည်း အဆိုပါရွာမှ ဦးဆောနာအုလ္လာ (ဘ) ဦးဟာလာဆန်ကို လူကုန်ကူးမှုတွင် ပါဝင်သည်ဟု လုပ်ကြံ စွပ်စွဲ၍ ဖမ်းဆီးပြီး နှစ်ရက်ကြာ ချုပ်နှောင် ထား၍ ငွေညှစ်ရန် ကြိုးစားရာ ငွေမရသဖြင့် အင်းဒင်ရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ပို့ဆောင်ခဲ့သည်။ အင်ဒင်း စခန်းတွင် ၂၄ နာရီကြာ ချုပ်နှောင် ထားပြီး ညှဉ်းပန်း နှိပ်စက်၍ ငွေကျပ် ၄ သိန်း ညှစ်ယူ၍ ပြန်လည် လွှတ်ပေးခဲ့ကြောင်း အဆိုပါဒေသခံက ပြောပါသည်။

အင်းဒင် ကျေးရွာ အုပ်စု

ဇန်န၀ါရီလ (၅) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း အင်းဒင် ကျေးရွာရှိ နယ်ခြားစောင့်ရဲများက ဘာသာရေး ဆရာများ (မော်လ၀ီ) များကို ပစ်မှတ်ထား၍ မော်လ၀ီ (၅) ဦးကို ဖမ်းဆီးပြီး ဓါးပြအဖွဲ့ကို ထမင်းကျွေးခဲ့သည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲပြီး ငွေကျပ် နှစ်သိန်းစီ - စုစုပေါင်း ငွေကျပ် ၁၀ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ငွေကျပ် နှစ်သိန်းစီ ညှစ်ခံရသည့် မော်လ၀ီ (၅) ဦးမှာ --

(၁) မော်လ၀ီ ဂျာဘဲရ် (ဘ) ဦးဆာလေ
(၂) မော်လ၀ီရာမတ်အုလ္လာ
(၃) မော်လ၀ီ ဆော်ယာဒ်အုလ္လာ
(၄) မော်လ၀ီရော်ရှိတ်
(၅) မော်လ၀ီမိုဟာမတ်ရီယာစ် (ဘ) ဦးရှော်ဘီ -- တို့ဖြစ်သည်။

အင်းဒင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် နယ်ခြားစောင့် ရဲများ ပူးပေါင်း၍ ဒေသခံ ရိုဟင်ဂျာများ ထံမှ အမြဲတစေ ငွေညှစ်ခြင်းများ ပြုလုပ်သည်ဟု အဆိုပါ ဒေသခံက ပြောသည်။

Comment ရေးရန်

Rohingya Exodus