နောက်ဆုံးသတင်း/ဆောင်းပါးများ

စ.ရ.ဖ တပ်ဆွယ်မှူးသစ်က ရာထူးတိုးရန် I-1 နှင့် တပ်စုမှူး အတွက် ငွေညှစ်ရသည်ဟုဆို




MYARF
RB News
30.1.2015

မောင်တော ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အခြေစိုက် စ.ရ.ဖ မှ တပ်ဆွယ်မှူးက I-1 နှင့် တပ်စုမှူး တို့ကို ၎င်းရာထူး တိုးရန် အတွက် ငွေပေးရမည် ဖြစ်သောကြောင့် ဒေသခံများထံမှ ငွေညှစ်ရသည်ဟု ပြောဆိုခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တောမြို့နယ် မြောက်ပိုင်း ကြိမ်ချောင်း ကျေးရွာ အုပ်စု အလယ်ရွာမှ ဦးအစ္စမိုင်လ် (ခ) ဒေါလ္လား (ဘ) ဦးဆော်ယာဒ်ဟူစိန်းနှင့် မောင်တောမြို့နယ် တောင်ပိုင်း အလယ်သံကျော် ကျေးရွာမှ ရွာသား တစ်ဦးတို့ ပူးပေါင်း၍ မောင်တောမြို့နယ် တောင်ပိုင်းမှ ငါးခြောက်များ ၀ယ်ယူစုဆောင်း၍ သက်ဆိုင်ရာမှ လုပ်ငန်း လိုင်စင် ရယူပြီး ကြိမ်ချောင်းဈေးတွင် တရားဝင် ဆိုင်ဖွင့်၍ ရောင်းချလျက် ရှိသည်။ ဇန်န၀ါရီလ (၂၇) ရက်နေ့ ည ၇ နာရီခန့် အချိန်တွင် ၎င်းကုန်သည် နှစ်ဦးသည် ငါးခြောက်အိတ်များဖြင့် ကြိမ်ချောင်းသို့ ရောက်ရှိလာရာ စ.ရ.ဖ ရုံးမှ ပွဲစား ဖြစ်သူ ကြိမ်ချောင်း အလယ်ရွာမှ ဦးအာဘူတော်ယုဖ် (ဘ) ဦးဖူရုခ်က စ.ရ.ဖ ရုံးမှ သတင်းပို့ရန် ခေါ်ခိုင်းသည်ဟု ဆိုကာ ၎င်းတို့ နှစ်ဦးကို စ.ရ.ဖ ရုံးသို့ ခေါ်ဆောင် သွားခဲ့သည်။

၎င်းတို့နှစ်ဦး စ.ရ.ဖ ရုံးထဲသို့ ရောက်သည်နှင့် လွန်ခဲ့သည့် ဒီဇင်ဘာလ နှောင်းပိုင်းတွင် အသစ်ရောက် ရှိလာသည့် စ.ရ.ဖ တပ်ဆွယ်မှူးက အကြောင်းမဲ့ လူမဆန်စွာ ရိုက်နှက်၍ ငါးခြောက်များ သယ်ယူလာခြင်းနှင့် ပတ်သက်၍ ခွင့်ပြုချက် ရှိ/မရှိ မေးမြန်းရာ ၎င်းတို့က လုပ်ငန်း လိုင်စင် ထုတ်ပြခဲ့သည်။ စ.ရ.ဖ တပ်ဆွယ်မှူးက လုပ်ငန်း လိုင်စင်ကို စုတ်ဖြဲပစ်သည့် အပြင် “ငါက အရင် ရှိခဲ့တဲ့ တပ်ဆွယ်မှူး ဇေယျာအောင် ထက်အဆပေါင်း တစ်ရာ ပိုဆိုးတယ်၊ ဇေယျာအောင်က ဘူးသီးတောင်မှာ ရှိတဲ့ စ.ရ.ဖ တပ်စုမှူးနဲ့ အမ်းမြို့က I-1 တို့ကို ငွေရှာပေးနိုင်ခဲ့လို့ ရာထူးတိုးခံရပြီး အခုတော့ I-1 နဲ့ အနီးကပ် နေရတယ်။ ငါလည်း ဇေယျာအောင်လို ရာထူးတိုးချင်လို့ တပ်စုမှူးနဲ့ I-1 အတွက် ငွေရှာပေးရမယ်။ အဲဒါကြောင့် မင်းတို့ ကုလားတွေဆီက ငွေညှစ်ရမယ်။ မင်းတို့ မကျေနပ်ရင် ကြိုက်တဲ့ နေရာ သွားတိုင်” ဟု ပြောဆို ခြိမ်းခြောက်ကာ ငါးခြောက်အိတ်များကို သိမ်း၍ ၎င်းတို့ နှစ်ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

ဇန်န၀ါရီလ (၂၈) ရက်နေ့ နံနက်ပိုင်းတွင် အဆိုပါ စ.ရ.ဖ တပ်ဆွယ်မှူးက ငါးခြောက် ကုန်သည် နှစ်ဦးထံမှ ငွေကျပ် တစ်သိန်း ငါးသောင်း ညှစ်ယူ၍ ငါးခြောက်အိတ်များ ပြန်ပေးခဲ့ကြောင်း သိရသည်။ တစ်ဖန် ယင်းနေ့ နေ့လည်ပိုင်းတွင် ဦးအစ္စမိုင်လ်၏ နေအိမ်သို့ သွားရောက်၍ ရှာဖွေမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

ဒေသခံ ရွာသား များက ၎င်းတို့ နှစ်ဦးအား တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ ဗျူဟာမှူး ထံသို့ တိုင်ကြားရန် အကြံပေးကြသော်လည်း စ.ရ.ဖ တပ်ဆွယ်မှူး၏ ခြိမ်းခြောက်မှုကြောင့် မတိုင်ဝံ့ကြကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။ တောင်ပြိုလက်ဝဲ မြို့နယ်ခွဲရှိ အမှတ် (၁) နည်းဗျူဟာမှူးသည် ရိုးသား မှန်ကန်၍ ဖြောင့်မတ်သော အရာရှိကြီး တစ်ဦး ဖြစ်သည်ဟု ဒေသခံများက ချီးကျူး ပြောဆိုလျက် ရှိပြီး ယခုကိစ္စနှင့် ပတ်သက်၍ အဆိုပါ နည်းဗျူဟာမှူးအား စီစစ်၍ အရေးယူပါရန် တောင်းဆိုကြောင်း၊ မတရားသဖြင့် ဖမ်းဆီး၍ ငွေညှစ်နေခြင်းများကို ရပ်တန့် ပေးရန် ကူညီစေလိုကြောင်း ဒေသခံများက ကိုယ်တိုင် သွားရောက်၍ တိုင်ကြားလိုသော်လည်း လက်နက်ကိုင် အာဏာပိုင်များ၏ အနိုင်ကျင့်မှုကြောင့် ကိုယ်တိုင် မသွားနိုင်သည့် အခြေအနေတွင် ရှိနေကြသည်ဟု ဆိုသည်။

Comment ရေးရန်

Rohingya Exodus