နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာ့ အပြောင်းအလဲ စိန်ခေါ်မှု ကန် ပါတီကြီး နှစ်ရပ် သဘောညီ



မအေးသန္တာကျော်
13.1.2015

အမေရိကန် ပြည်ထောင်စုမှာ Republican နဲ့ Democratic ပါတီ ၂ ရပ် သဘောထား ကွဲပြားမှုက ကြီးမားပေမဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ စနစ် ထွန်းကားရေး အပါအ၀င် အချို့ကိစ္စ္စကြီးတွေမှာ ပါတီ ၂ ရပ် သဘောထား တညီတညွတ် တည်းထားပြီး အောင်မြင်အောင် လုပ်ဆောင် နိုင်ခဲ့တယ်လို့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးက ပြောပါတယ်။

Kentucky ပြည်နယ် Louisville တက္ကသိုလ်မှာ ဇန်န၀ါရီလ ၁၂ ရက်နေ့က မိန့်ခွန်း ပြောကြားတော့ အခုလို ပြောသွားခဲ့တာပါ။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုမှာ Republican နဲ့ Democratic ပါတီတွေအကြား သမိုင်းမှာ အဆိုးရွားဆုံး အခြေအနေအဖြစ် ကွဲပြားတဲ့ ကာလကို ရောက်ရှိနေပေမဲ့၊ ကမ္ဘာကို ဦးဆောင်မှုပေးနေတဲ့ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ဆက်ပြီးတော့ အကောင်အထည်ဖော်သွားဖို့ နှစ်ဘက်ကြား သဘောတူညီချက်တွေ ပိုရဖို့ လိုတာကို ဒီမိုကရက် သမ္မတ ဘရက်ခ် အိုဘားမားရော၊ အထက်လွှတ်တော် အမတ်အများစု ခေါင်းဆောင် Mitch McConnell ရော သဘောပေါက် လက်ခံထားပါတယ်လို့ Louisville တက္ကသိုလ် McConnell Center မှာ ကျင်းပတဲ့ အခမ်းအနားတခုမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Samantha Power က ပြောပါတယ်။

ပါတီ နှစ်ရပ်အကြား ကွဲပြားမှုတွေ ရှိပေမဲ့ အခုမျက်မှောက်ကာလမှာ ကြုံရတဲ့ ပြဿနာကြီးသုံးခုကိုတော့ ပါတီနှစ်ရပ် သဘောထား တညီတညွတ်တည်း ဖြေရှင်းနိုင်ခဲ့ပါတယ်။ အီဘိုလာရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးတာ၊ အကြမ်းဖက် အစွန်းရောက်မှု နှိမ်နင်းရေးနဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းဆီ ခေါ်ဆောင်တာတွေပဲ ဖြစ်ပါတယ်လို့ Ms. Power က ပြောပါတယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးဟာ ဒီမိုကရေစီရေး လှုပ်ရှားကြသူတွေနဲ့ အပြောင်းအလဲကို လိုလားတဲ့ ပြည်သူလူထုရဲ့ဆန္ဒတွေကြောင့်ပဲ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုဘက်က ဆိုရင်တော့ အမေရိကန်အစိုးရရဲ့ အရေးယူပိတ်ဆို့မှုကလည်း မြန်မာ့အပြောင်းအလဲကို ဖော်ဆောင်ပေးတဲ့ အဓိက အားတရပ် ဖြစ်ပါတယ်လို့ Ms. Power က ဆိုပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုရဲ့ လုပ်ဆောင်ချက်တွေကိုတော့ သူက အခုလို ထောက်ပြသွားတာပါ။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ အပြောင်းအလဲ ကြီးကြီးမားမားတွေ လုပ်တဲ့နေရာမှာ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးမှု၊ နိုင်ငံရေးအကျဉ်းသား လွှတ်ပေးမှု စတဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေး ဆောင်ရွက်မှု စံသတ်မှတ်ချက်တွေအပေါ် မြန်မာအစိုးရအနေနဲ့ ဘယ်လိုလုပ်ဆောင်သလဲဆိုတဲ့ အချက်တွေအပေါ် မူတည်ဆောင်ရွက်ခဲ့ပါတယ်။ တိုးတက်မှုတွေ အလုံအလောက် ဖြစ်မလာဘူးဆိုရင်လည်း အမေရိကန် အစိုးရအနေနဲ့ မြန်မာအပေါ် အရေးယူပိတ်ဆို့မှုတွေ ပြန်လုပ်ဖို့ ဆိုတဲ့ အလျှော့အတင်း လုပ်နိုင်တဲ့အခြေအနေမှာ ရှိပါတယ်။”

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စု ကြုံတွေ့နေရတဲ့ စိန်ခေါ်အကဲစမ်းမှုတွေနဲ့ ပတ်သက်ပြီး Ms. Power ပြောကြားရာမှာတော့ -

“တိုးတက်ဖြစ်ထွန်းခဲ့တဲ့ အခြေအနေတွေကို ဆက်ထိန်းထားနိုင်ဖို့နဲ့၊ နောက်ကြောင်း ပြန်မလှည့်သွားဖို့ ဆိုတာတွေဟာ ကျမတို့ ဒီကနေ့ ရင်ဆိုင်ရတဲ့ စိန်ခေါ်ချက်ပါပဲ။ နောက်ကြောင်း ပြန်လှည့်တာ အပါအ၀င် ကျမတို့ လေ့လာမိတဲ့ အခြေအနေတွေအပေါ်မှာ အမေရိကန်ပြည်ထောင်စုရဲ့ နည်းဗျူဟာတွေ ဘယ်လိုအလိုက်အထိုက် ကျင့်သုံးသွားမလဲဆိုတာကိုလည်း ပြင်ဆင်ထားရပါတယ်။ ကျမတို့ ချဉ်းကပ်တဲ့နည်းနာတွေကိုလည်း အမြဲ ပြန်ပြီး သုံးသပ်ဆန်းစစ်နေရပါမယ်။ မြန်မာပြည်သူတွေကို ခွန်အားဖြစ်စေအောင်၊ မြန်မာပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ် ရောက်စေအောင် ဘယ်လိုခြေလှမ်းတွေ လှမ်းသွားမလဲဆိုတာဆန်းစစ်သွားဖို့ပါ။”

မြန်မာနိုင်ငံ အပြောင်းအလဲ ဖော်ဆောင်ရေးမှာ စစ်တပ်ရဲ့ အရပ်သားအုပ်ချုပ်ရေးအပေါ် လွှမ်းမိုးနေတာ၊ လူမျိုးရေး၊ ဘာသာရေး တင်းမာတာတွေက ကြီးမားတဲ့ အဟန့်အတား ဖြစ်နေတယ်လို့ သံအမတ်ကြီး Power က ပြောပါတယ်။

“အရပ်သားအစိုးရဟာ စစ်တပ်အောက်မှာ ရှိနေတုန်းပါ။ ဖွဲ့စည်းပုံအရဆိုရင် စစ်တပ်ကို လွှတ်တော်ဖျက်သိမ်းခွင့်၊ ဖွဲ့စည်းပုံပြင်ဆင်ရာမှာ ဗီတိုသုံးပယ်ချခွင့် ကျယ်ပြန့်တဲ့ အာဏာတွေ ပေးထားပါတယ်။ အထူးသဖြင့် ရခိုင်ပြည်နယ်တွင်းမှာ ဘာသာရေး အစွန်းရောက် ဘုန်းတော်ကြီးတွေရဲ့ လှုံ့ဆော်မှုကြောင့် ရိုဟင်ဂျာတွေနဲ့ လူနည်းစု မူဆလင်တွေအပေါ် တိုက်ခိုက်မှုတွေကလည်း တိုးမြင့်လာပါတယ်။ ဒီအတွက် ဖော်ထုတ်အရေးယူတာမျိုး မရှိသေးသလို အဲဒီက လူမှုနေထိုင်ရေး အကျပ်အတည်းတွေကလည်း ဆိုးရွားလာပါတယ်။ ရိုဟင်ဂျာ ၁ သိန်းကျော်ဟာ စုတ်စုတ်ပြတ်ပြတ် ဒုက္ခသည်စခန်းတွေထဲမှာ နေနေကြရပါတယ်။ ပိုပြီးဆိုးစေတာကတော့ မကြာခင်တုန်းက အစိုးရက အဆိုပြုတဲ့ ဥပဒေကြမ်းအရဆိုရင် ရိုဟင်ဂျာတွေအနေနဲ့ နိုင်ငံသားဖြစ်ဖို့ သူတို့လူမျိုးအမည်ကို စွန့်လွှတ်ဖို့ ဖိအားပေးခံရတာပါ။”

ဒါပေမဲ့ ကြုံတွေ့ရတဲ့ အခက်အခဲတွေနဲ့ စိန်ခေါ် အကဲစမ်းချက်တွေကို ကိုင်တွယ်ရာမှာ အစပိုင်း သူပြောသွားသလို အရေးယူပိတ်ဆို့မှုကို ဆက်ပြီး ကျင့်သုံးသွားရမယ်လို့လည်း ပြောပါတယ်။

“နည်းလမ်းတွေထဲမှာတော့ တိုးတက်မှုတွေ ဆက်ဖြစ်ဖို့ စည်းရုံးနားချတဲ့နည်းရော၊ အစိုးရရဲ့ ပျက်ကွက်မှုတွေကို မီးမောင်းထိုးပြတာရော၊ အပြောင်းအလဲမှာ ပိတ်ဆို့နေသူတွေကို ပစ်မှတ်ထား အရေးယူတာမျိုးရော ပါဝင်ပါတယ်။ ဥပမာဆိုရင် ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက အကြီးတန်း မြန်မာတာဝန်ရှိသူလည်းဖြစ် စီးပွားရေးသမားလည်းဖြစ်တဲ့ ဦးအောင်သောင်းကို အကြမ်းဖက်မှုတွေ အဂတိ လိုက်စားမှုတွေနဲ့ ဆက်နွယ်ပြီး၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေကို အနှောင့်အတားလုပ်တာနဲ့ ဆက်နွယ်ပြီး အရေးယူ ဒဏ်ခတ်မှုလုပ်ကြောင်း ကြေညာခဲ့ပါတယ်။ အမေရိကန်ပြည်ထောင်စုတွင်း သူ့ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာဖြစ်သလို၊ အမေရိကန် ကုမ္ပဏီတွေကို သူနဲ့ စီးပွားရေးမလုပ်ဖို့ တားမြစ်တာ ဖြစ်ပါတယ်။”

လူငယ်တွေ အပါအ၀င် လူထုကို ပွင့်လင်းမြင်သာတဲ့ အတွေးအခေါ်တွေ ရရှိဖို့ လွတ်လွတ်လပ်လပ် ပြောဆိုဝေဖန်နိုင်တဲ့ ဆွေးနွေးမှုတွေ လိုအပ်ကြောင်းကိုလည်း Ms. Power က ပြောသွားခဲ့ပါတယ်။

Comment ရေးရန်

Rohingya Exodus