နောက်ဆုံးသတင်း/ဆောင်းပါးများ

ရသေ့တောင် အထက်နန်းရာ ရိုဟင်ဂျာရွာနှင့် IDP စခန်း၏ အခြေအနေ အထူးစိုးရိမ်ဖွယ်ရာဖြစ်နေ

MYARF
RB News
31.7.2017

ရသေ့တောင် ။ ။ ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ် အထက်နန်းရာ ကျေးရွာအုပ်စုရှိ IDP စခန်းသို့ အစိုးရ လက်နက်ကိုင်အဖွဲ့များက ရခိုင်အမျိုးသားများကို သွင်းပေးပြီး ရိုဟင်ဂျာအမျိုးသမီးများကို ကိုယ်ထိလက်ရောက် စော်ကားမှုကြောင့် တင်းမာမှုများ ဖြစ်ပွားနေကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ (၂၈) ရက်နေ့တွင် ရခိုင်အမျိုးသားတစ်ဦး ပျောက်ဆုံးသွားဟု အကြောင်းပြ၍ နယ်ခြားစောင့်ရဲများ၊ စစ်သားများနှင့် ဗုဒ္ဓဘာသာဝင် အမျိုးသားများ ရာနှင့်ချီ စုဝေးပြီး အထက်နန်းရာ ရိုဟင်ဂျာရွာနှင့် IDP စခန်းများသို့ အ၀င်အထွက်ပေါင်းများစွာ ပြုလုပ်ခဲ့ခြင်းကြောင့် စိုးရိမ်ဖွယ်ရာ အခြေအနေ ဖြစ်နေခဲ့သည်။ အဆိုပါအဖွဲ့သည် ဇူလိုင်လ (၂၉) ရက်နေ့ ညနေ ၅ နာရီခန့် အချိန်တွင် ကလေးငယ်တစ်ဦးကို ဓါးဖြင့်ခုတ်၊ ဆိတ်ကျောင်းသားတစ်ဦးကို လေးခွဖြင့်ပစ်၊ ဆိတ်တစ်ကောင် ဖမ်းယူသွားပြီး ရန်ရှာခဲ့သော်လည်း ဒေသခံရိုဟင်ဂျာများက သည်းခံခဲ့သည်။

ဇူလိုင်လ (၃၀) ရက်နေ့ နံနက် (၉) နာရီခန့် အချိန်တွင် အဆိုပါအဖွဲ့သည် အင်အားတိုးချဲ့၍ IDP စခန်းနှင့် ရိုဟင်ဂျာရွာများကို ၀န်းရံပိတ်ဆို့ခဲ့သည်။ နေ့လည် (၁) နာရီခန့် အချိန်တွင် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ ဒုရဲအုပ်ကျော်ကျော်နှင့် အဖွဲ့က ရိုဟင်ဂျာရွာမှ ဆော်လီမူလ္လာ (ဘ) ဦးရှော်ဖီအူလ္လာ (အသက် ၂၂ နှစ်) နှင့် အေနာယာသ်အူလ္လာ (ဘ) ဦးရှော်ဖီရောန် (အသက် ၁၈ နှစ်) တို့နှစ်ဦးကို နေအိမ်များမှ ဖမ်းဆီး၍ ရွာသူရွာသားများ ရှေ့မှောက်တွင်ပင် မခံမရပ်နိုင်အောင် ရိုက်နှက်ခဲ့ပြီးနောက် တစ်ကိုယ်လုံး အိတ်စွတ်ကာ စခန်းသို့ ခေါ်ဆောင်သွားသော်လည်း ရွာသူရွာသားများက သည်းခံခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။

တဖန် ညနေ ၅ နာရီအချိန်တွင် IDP စခန်းသို့ ရခိုင်အမျိုးသားများ ၀င်ရောက်၍ ဦးကုရ်ဘာန်အလီ၏ ဇနီးကို ကိုယ်ထိလက်ရောက် ကာအိနြေ္ဒပျက်ပြားစေသည့်အထိ ရမ်းကားဆွဲခေါ်စဉ် ဘေးပတ်ဝန်းကျင်မှ မိသားစုများက ကယ်ထုတ်ခဲ့ရသည်။ ထိုစဉ် အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ၀င်ရောက်၍ ရခိုင်အမျိုးသားများကို ခေါ်ယူသွားခဲ့ကြောင်း မျက်မြင်သက်သေတစ်ဦးက RB News သို့ပြောပါသည်။

အစိုးရ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ကိုယ်တိုင် ရခိုင်အမျိုးသားများကို ဓါးရှည်များ ကိုယ်စီဖြင့် ခေါ်ယူစုဝေးစေပြီး ရိုဟင်ဂျာလူမျိုးများအား တိုက်ခိုက်ရန် အားပေးနေမှုသည် စိုးရိမ်ထိတ်လန့်ဖွယ်ရာ ဖြစ်နေပြီး၊ ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင် တစ်ဦးဦး ပျောက်ဆုံးသည်ဟု အကြောင်းပြကာ ပြဿနာဖန်တီးမည်ကိုလည်း အထူးစိုးရိမ်နေရသည်ဟု ဒေသခံများက ပြောပါသည်။




Comment ရေးရန်

Rohingya Exodus