နောက်ဆုံးသတင်း/ဆောင်းပါးများ

အပြစ်မဲ့များကို ဖမ်းဆီး၍ ဒုချီးရားတန်းမှ ပျောက်ဆုံး ရဲတပ်ကြပ်ကြီးကို သတ်သူများ အဖြစ် ဖန်တီးလျက်ရှိ




MYARF
RB News
12.2.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာမှ အပြစ်မဲ့ ဒေသခံ (၃) ဦးကို ဖမ်းဆီး၍ ပျောက်ဆုံး နေသည့် ရဲတပ်ကြပ်ကြီးကို သတ်သူများ အဖြစ် ဖန်တီးရန် ကြိုးစားလျက် ရှိကြောင်း သတင်း ရရှိပါသည်။

ဇန်န၀ါရီလ (၁၅) ရက်နေ့က မောင်တောမြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ ဦးဆုလ်တာန်က အပြစ်မဲ့ ဒေသခံ (၃) ဦးဖြစ်သည့် ဦးအဒူမူနာဖ်၊ ဦးမာမတ်တာဟဲရ်နှင့် ဦးအာဂျီမူလ္လာ တို့ကို ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းကို သတ်ဖြတ်သူများဟု မဟုတ်မမှန် စွပ်စွဲ၍ နယ်ခြားစောင့် ရဲများအား ဖမ်းဆီး စေခဲ့သည်။ ဖမ်းဆီးခံထားရသူ အပြစ်မဲ့ ဒေသခံ (၃) ဦးကို နယ်ခြားစောင့် ရဲများ အင်အား ၁၀၀ နီးပါးတို့က ဖေဖော်ဝါရီလ (၇) ရက်နေ့ ည (၇) နာရီအချိန်တွင် ဒုချီးရားတန်း ကျေးရွာသို့ ခေါ်ဆောင် လာခဲ့သည်။ ထို့နောက် အဆိုပါ နယ်ခြားစောင့် ရဲများသည် ဒုချီးရားတန်း သင်္ချိုင်းနှင့် မော်လ၀ီ အစ္စမိုင်လ်တို့၏ ဥယျာဉ်ခြံများသို့ သွားရောက်ပြီး ရှာဖွေမှုများ ပြုလုပ်၍ ရှုထောင့် အမျိုးမျိုးမှ ဓါတ်ပုံ အကြိမ်ကြိမ် ရိုက်၍ မှတ်တမ်းခဲ့သည်။ ထိုနေရာများတွင် ည ၁၂ နာရီ အချိန်ထိ စောင့်ဆိုင်း နေခဲ့ကြပြီး ည ၁၂ နာရီတွင် ပြန်လည် ထွက်ခွာသွားခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

“ရွာသားတွေကတော့ ဘာတွေ ရှာတာလဲ၊ ရွာမှာ နောက်တစ်ကြိမ် ပြဿနာ ဖန်တီးဖို့ ကြံစည် နေတာလား အမျိုးမျိုး တွေးပြီး စိုးရိမ် နေကြတယ်။ ဖြစ်နိုင်တာက နယ်ခြားစောင့် ရဲတွေက အခု ဖမ်းထားတဲ့ လူ (၃) ယောက်ကို ညှဉ်းပန်း နှိပ်က်ပြီးတော့ ရဲတပ်ကြပ်ကြီးကို သတ်တယ် ဆိုပြီး အတင်း အဓမ္မ ၀န်ခံခိုင်းမယ်။ သူတို့ကလည်း ရိုက်နှက်တဲ့ ဒဏ်မခံနိုင်တော့ရင် သက်သာဖို့ အတွက် ဟုတ်တယ် ဆိုပြီး ၀န်ခံမယ်။ အဲဒီတော့ အဲဒီရဲကို မြှပ်ထားတဲ့ နေရာ ပြပေးဖို့ ဆိုပြီး ခေါ်လာတာ ဖြစ်နိုင်တယ်။ အတင်း အဓမ္မ ၀န်ခံခိုင်းတဲ့ အတွက် ၀န်ခံသူတွေကလည်း နှိပ်စက်တဲ့ ဒဏ်က သက်သာဖို့ ပြချင်ရာ ပြမယ်။ အဓိကကတော့ နိုင်ငံတကာကို လိမ်ဖို့နဲ့ ဒီရွာကို ဖျက်ဆီး ပစ်ဖို့ ကြိုးစားနေတယ်လို့ပဲ ထင်တယ်၊ အခုလည်း နောက်တစ်ကြိမ် မနှစ်ကလို ပြဿနာ ဖြစ်လာမှာကို အထူး စိုးရိမ် နေရတယ်” ဟု ဒေသခံ တစ်ဦးက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus