နောက်ဆုံးသတင်း/ဆောင်းပါးများ

ပ-အိုးသည်မ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဥက္ကဌဟောင်းတို့က ဒေသခံများထံမှ ငွေညှစ်




MYARF
RB News
31.3.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် ပ-အိုးသည်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်နှင့် ဥက္ကဌဟောင်း ဦးမောင်သန်းကျော်တို့က ချောင်းတွင် ငါးဖမ်းသည့် ငါးဖမ်းသမားများနှင့် လှေဖြင့် ပစ္စည်းများ သယ်ယူသည့် ဈေးသည်များထံမှ ငွေညှစ်လျက် ရှိကြောင်း သတင်း ရရှိပါသည်။
ဘူးသီးတောင် မြို့နယ် ပ-အိုးသည်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်သည် ကွန်ပိုက်များဖြင့် ချောင်းမှ ငါးဖမ်းသူများထံမှ ငွေညှစ်လျက် ရှိပြီး၊ ပြိုင်းတောင် ကျေးရွာ၊ ဒု-အိုးသည်မ ကျေးရွာ၊ ဘော်လီရွာ စသည့် ပ-အိုးသည်မ ကျေးရွာနှင့် အနီးအ၀ိုက်ရှိ ကျေးရွာများမှ ဒေသခံ ရိုဟင်ဂျာများမှာ ချောင်းတွင် ကွန်ပိုက်ဖြင့် ငါးဖမ်းလိုလျှင် ပ-အိုးသည်မ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သန်းလှိုင်အား ငွေကျပ် ၅၀၀၀ စီ ပေးသွင်းရမည်ဟု ဦးမောင်သန်းလှိုင် ကိုယ်တိုင် အဆိုပါ ကျေးရွာများတွင် ဆော်သြခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဒေသခံ ငါးဖမ်းသမားများက ချောင်းမှ ငါးဖမ်းလျှင် ငွေပေးရန် မလိုဟုဆိုကာ ငွေမပေးသောကြောင့် ဦးမောင်သန်းလှိုင်က ၎င်း၏ အပေါင်းအသင်း ရခိုင်လူမျိုး ၁၀ ဦးခန့်နှင့် အတူ ချောင်းသို့ သွား၍ ငါးဖမ်းသူများကို ဖမ်းဆီး ရိုက်နှက်ကာ ပိုက်ကွန်များကို သိမ်းယူသည့်အပြင် ငွေကျပ် ၃ သောင်းစီ ညှစ်ယူနေသောကြောင့် ငါးဖမ်းသမားများမှာ နောက်ဆုံး မတတ်သာ၍ ငွေကျပ် ၅၀၀၀ စီ ပေးသွင်းနေရသည်ဟု ဒေသခံများက ပြောပါသည်။

ဦးမောင်သန်းလှိုင်သည် နေ့စဉ်နှင့်အမျှ ချောင်းသို့ လူလွှတ်၍ ငွေမပေးဘဲ ငါးဖမ်းနေသူများကို ရှာဖွေကာ ငွေညှစ်လျက် ရှိသည်ဟု ဆိုသည်။

ပြိုင်းတောင် ကျေးရွာ၊ ဒု-အိုးသည်မ၊ ဘော်လီရွာ စသော ကျေးရွာများမှ ဈေးသည်များက ဟင်းသီးဟင်းရွက်များ၊ ထင်းများကို လှေဖြင့် ပ-အိုးသည်မ ချောင်းတလျှောက်မှ ညောင်ချောင်းဈေးသို့ သယ်ယူ ရောင်းဝယ် ဖောက်ကားလျက် ရှိပြီး၊ ပ-အိုးသည်မ ကျေးရွာ ဥက္ကဌဟောင်း ဦးမောင်သန်းကျော်က အဆိုပါ လှေများထံမှ လှေတစ်စီးလျှင် ငွေကျပ် တစ်သောင်းစီ အတင်းအဓမ္မ ကောက်ခံလျက် ရှိကြောင်း ဒေသခံများက ပြောပါသည်။

ဦးမောင်သန်းကျော်သည် ဈေးနေ့များတွင် လှေများ ဖြတ်သန်းသွားသည့် ချောင်းသို့သွား၍ တစ်နေကုန် စောင့်ကာ ငွေကောက်ခံလျက် ရှိသည်ဟု ဆိုသည်။ ဦးမောင်သန်းကျော်က မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် သစ်တော ဦးစီးဌာနမှ ဦးစီးမှူး တို့ထံမှ ကိုယ်စားလှယ် ရယူခဲ့သည်ဟု ဈေးသည်များကို ပြောဆိုကာ ငွေညှစ်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောပါသည်။ သို့သော်လည်း ဈေးသည်များက ယခုခေတ်တွင် တစ်ဦးတည်း ကိုယ်စားလှယ် မရှိတော့ကြောင်း ပြောဆိုသော်လည်း ၎င်းအား တစ်ဦးတည်း ကိုယ်စားလှယ် ပေးထားသည်ဟု ဆိုကာ ဓါးပြသဖွယ် ငွေညှစ် နေသည်ဟု ဆိုသည်။

ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဥက္ကဌဟောင်း တို့၏ ငွေညှစ်မှုများကို ဒေသခံများက အာဏာပိုင်များအား အသိပေးသော်လည်း နှစ်ဦးစလုံးမှာ ရခိုင်လူမျိုးများ ဖြစ်နေသောကြောင့် မည်သို့မျှ အရေးယူ ဆောင်ရွက်ခြင်း မရှိဟု ဒေသခံများက ပြောပါသည်။ ဒေသခံများက အာဏာပိုင်များ ကိုယ်တိုင် ဝေစုရလျက် ရှိသောကြောင့် အရေးယူ ဆောင်ရွက် ပေးခြင်း မရှိခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆိုလျက် ရှိကြသည်။

Comment ရေးရန်

Rohingya Exodus