နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တောရှိ ကျေးရွာအုပ်စု ၃ ခုမှ နယ်ခြားစောင့် ရဲများက ဒေသခံများ ထံမှ ငွေညှစ်




MYARF
RB News
13.3.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ရွှေဇား ကျေးရွာအုပ်စု၊ ပန်းတောပြင် ကျေးရွာအုပ်စုနှင့် ဘဂုံးနား ကျေးရွာ အုပ်စုတို့ရှိ နယ်ခြားစောင့် ရဲများက ဒေသခံများကို ခေါင်းစဉ် အမျိုးမျိုးတပ်၍ ငွေညှစ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ်၊ ရွှေဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများသည် မတ်လ (၆) ရက်နေ့ ည ၉း၃၀ နာရီ အချိန်တွင် ရွှေဇား ကျေးရွာ အုပ်စု၊ စေတီပြင်ရွာ ခွဆုံဈေးသို့သွားပြီး ဆိုင်ပိတ်၍ ဆိုင်ထဲတွင် အိပ်ရာ ပြင်ဆင်နေသည့် ဆိုင်ရှင်နှစ်ဦးကို ဘင်္ဂလားဖုန်း ရှိသည်ဟု စွပ်စွဲ၍ စစ်ဆေးခဲ့ရာ ဘင်္ဂလားဖုန်း မတွေ့ရှိခဲ့သော်လည်း အာဏာ အလွဲသုံးစား ပြုလုပ်၍ ခြိမ်းခြောက်ပြီး ငွေကျပ် ၅ သိန်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ ဆိုင်ရှင် နှစ်ဦးမှာ -- ဇီယာဘုလ်ဟောက် (ဘ) ဦးနူရူလ်ဟောက် (အသက် ၂၂ နှစ်) စေတီပြင်ရွာနှင့် ဂျမာလ် (အသက် ၂၁ နှစ်) ရွှေဇား အလယ်ရွာ တို့ဖြစ်သည်။ ဆိုင်များမှာ ငါးခြောက်နှင့် စားကုန်ပစ္စည်းများ ရောင်းချသည့် ဆိုင်များ ဖြစ်သည်။

ရွှေဇားတံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများ၏ မတရားသဖြင့် ငွေညှစ်မှုမှာ ယခု ပထမ အကြိမ်မဟုတ်ဘဲ မကြာခဏ ဆိုသလို စေတီပြင်ခွဆုံနှင့် ဂုံးနားရွာ ခွဆုံရှိ ဈေးဆိုင်များသို့ သွားပြီး ဆိုင်ရှင်များကို အမျိုးမျိုး ခေါင်းစဉ်တပ်၍ ငွေညှစ်ခြင်း၊ လမ်းသွားလမ်းလာများကို အကြောင်းမဲ့ စစ်ဆေး၍ ရိုက်နှက်ခြင်း၊ မဟုတ်မမှန် စွပ်စွဲ၍ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောပါသည်။

မောင်တောမြို့နယ် ပန်းတောပြင် ကျေးရွာ အုပ်စု၊ အနောက်ရွာမှ မော်လ၀ီ ရှုဝိုက်(ဖ်) (ဘ) ဦးကော်ဘိရ်အာမတ်သည် မတ်လ (၁၁) ရက်နေ့ နံနက် ၁၀ နာရီ အချိန်တွင် အမှတ် (၅) ရပ်ကွက်မှ မြို့မ ကညင်တန်းသို့ စက်ဘီး စီး၍ သွားနေစဉ် မြို့မ ကညင်တန်း - ရပ်ကွက် (၅) လမ်းရှိ ဗုဒ္ဓဓမ္မာရုံရှေ့ နယ်ခြားစောင့် ရဲကင်းစခန်းမှ ရဲများက ကင်းစခန်းရှေ့မှ စက်ဘီး စီးသည့်ဟုဆိုကာ နယ်ခြားစောင့် ရဲများက ဖမ်းဆီး၍ လက်ထိပ်ခတ် ချုပ်နှောင် ထားခဲ့သည်။ နယ်ခြားစောင့် ရဲများက ကင်းစခန်းရှေ့မှ စက်ဘီးစီးသည့် အတွက်ဟု ဆိုကာ ငွေကျပ် တစ်သိန်း ညှစ်ရာ မော်လ၀ီ ရှုဝိုက်(ဖ်) က မပေးနိုင်သဖြင့် ပါးရိုက်ခဲ့သည့် အပြင် ၎င်းတွင် ပါလာသည့် ငွေကျပ် နှစ်သောင်းကို လုယက်ခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ နယ်ခြားစောင့် ရဲများက မော်လ၀ီ ရှုဝိုက်(ဖ်) ကို နေ့လည် ၁၂ နာရီ အချိန်တွင် ပြန်လည် လွှတ်ပေးခဲ့သော်လည်း ငွေကျပ် နှစ်သောင်း လုခံရသည်ကို မည်သူ့ကိုမှ မပြောဆိုရန်၊ ပြောလျှင် ထောင်ချခံရမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း အဆိုပါ ဒေသခံက ပြောပါသည်။

မောင်တောမြို့နယ်၊ မြို့မကညင်တန်း ကျေးရွာ အုပ်စု တောင်ရွာမှ ဆိုက်ကားသမား တစ်ဦး ဖြစ်သူ ဦးဟာမီဒုလ္လာ (ဘ) ဦးနူရ်ဟူစိန်းသည် မတ်လ (၁၀) ရက်နေ့ နေ၀င်ချိန်တွင် မောင်တောမြို့နယ် တောင်ပိုင်း နူရူလ္လာရွာမှ ဆိုက်ကားနင်း၍ အိမ်သို့ ပြန်နေစဉ် နူရူလ္လာရွာ လမ်းဝမှ နယ်ခြားစောင့် ရဲတစ်ဦးက ၎င်း၏ ဆိုက်ကားဖြင့် လိုက်ပါလာပြီး ဆိုက်ကားသမားကို တစ်နေတာ ငွေမည်မျှ ရသနည်းဟု မေးမြန်းပြီး ငွေထည့်ထားတဲ့ အိတ်ကို စစ်ဆေးကာ အိတ်ထဲသို့ ဘင်္ဂလား ဆင်းမ်ကဒ် တစ်ကဒ် ထည့်သွင်း ပေးခဲ့သည်။ ထို့နောက် ဘဂုံးနား ကျေးရွာ ဈေးရှိ နယ်ခြားစောင့် ရဲတပ်ဖွဲ့ စခန်းသို့ ရောက်သည့် အခါ အဆိုပါ နယ်ခြားစောင့် ရဲက ဆိုက်ကားပေါ်က ဆင်း၍ စခန်းထဲသို့ ၀င်သွားကာ အခြား နယ်ခြားစောင့် ရဲတစ်ဦးကို စေလွှတ်၍ ဆိုက်ကားသမား၏ အိတ်ကို စစ်ဆေးခိုင်း စေခဲ့သည်။ ငွေအိတ်ထဲတွင် ဆိုက်ကားစီးလာသည့် နယ်ခြားစောင့်ရဲ ထည့်လိုက်သည့် ဘင်္ဂလားဆင်းမ်ကဒ်ကို တွေ့သည့်အခါ ဆိုက်ကားသမားကို ဖမ်းဆီး ချုပ်နှောင်လိုက်ပြီး၊ အိတ်ထဲတွင် ပါရှိသည့် ငွေကျပ် တစ်သောင်းငါးထောင် လုယက်ခဲ့သည်။

ထို့နောက် ဆိုက်ကားကို ထိန်းသိမ်းထားပြီး ဆိုက်ကားသမား ဖြစ်သူ ဦးဟာမီဒုလ္လာကို ငွေကျပ် သုံးသောင်း ယူလာခိုင်းရာ၊ ဦးဟာမီဒုလ္လာက ၎င်း၏ ဆွေမျိုးများထံ သွား၍ ငွေကျပ် သုံးသောင်း ချေးယူလာကာ နယ်ခြားစောင့် ရဲများထံမှ ဆိုက်ကားကို ရွေးယူခဲ့ရကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်။

Comment ရေးရန်

Rohingya Exodus