နောက်ဆုံးသတင်း/ဆောင်းပါးများ

မောင်တော မြို့နယ် ဒုချီးရာတန်း ကျေးရွာ တာဝန်ခံ ဆုလ်တာန် အာမတ် သတ်ဖြတ်ခံရ




MYARF
RB News
2.5.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း ဒုချီးရားတန်း ကျေးရွာ တာဝန်ခံ ဆုလ်တာန် အာမတ်ကို အမည်မသိ မျက်နှာဖုံးစွပ် လူသတ်သမား တစ်ဦးက ၎င်း၏ နေအိမ်တွင် သေနတ်ဖြင့် ပစ်ခတ်၊ ဓါးဖြင့် ထိုး၍ သတ်ဖြတ်ခဲ့ကြောင်း သတင်း ရရှိပါသည်။

မောင်တော မြို့နယ် တောင်ပိုင်း ဒုချီးရာတန်း ကျေးရွာ တာဝန်ခံ ဆုလ်တာန် အာမတ်ကို ယနေ့ မေလ (၂) ရက်နေ့ နံနက် ၄ နာရီအချိန်တွင် အိပ်ရာပေါ်၌ အိပ်ပျော်နေစဉ် မျက်နှာဖုံး တပ်ဆင် ထားသည့် လူတစ်ဦး ၀င်ရောက်လာပြီး ပစ္စတို သေနတ် တစ်လက်ဖြင့် ဦးခေါင်းသို့ တစ်ချက်၊ ရင်ဘတ်သို့ တစ်ချက်၊ ၀မ်းဗိုက်သို့ နှစ်ချက်၊ စုစုပေါင်း လေးချက် ပစ်ခတ်သည့် အပြင် ဓါးဖြင့် ထိုး၍ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ ထိုအချိန်တွင် ၎င်း၏ ဇနီးဖြစ်သူမှာ ရေချိုးခန်း၌ ရေချိုး နေခဲ့သည်။ လူသတ်သမားက ဆုလ်တာန်ကို သတ်ဖြတ်၍ ထွက်ပြေးသွားခဲ့သည်။ လူသတ်သမားကို ဆုလ်တာန်၏ မိခင်က မြင်တွေ့ခဲ့သော်လည်း မည်သူမည်ဝါ ဖြစ်သည်ကို မသိရှိခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။

ဆုလ်တာန် အာမတ်သည် ယခင်က ဒုချီးရာတန်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဇံဖြူထံတွင် အလုပ်လုပ်ကိုင် ခဲ့သူ ဖြစ်၍ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ခင်မင်ရင်းနှီးသူ ဖြစ်သည်။ ၂၀၁၄ ခုနှစ်တွင် ဒုချီးရာတန်းကို ရခိုင် အစွန်းရောက် များနှင့် နယ်ခြားစောင့် ရဲများ အကြမ်းဖက် ဖျက်ဆီးပြီးနောက် အာဏာပိုင်များက ကျေးရွာ တာဝန်ခံ တစ်ဦး ခန့်အပ်ရန် ကြိုးစားခဲ့ရာ အကြမ်းဖက် ဖျက်ဆီးရခြင်းကြောင့် ကျေးရွာတွင် အမျိုးသားများ မနေ၀ံ့၊ ရွာသားများက တာဝန်ယူရန် ကြောက်ရွံသဖြင့် ဦးအောင်ဇံဖြူက ၎င်း၏ လူယုံတော် ဖြစ်သူဟု ဆိုကာ အရေးဆိုသဖြင့် ဆုလ်တာန်အာမတ်ကို ၂၀၁၄ ခုနှစ် ဇွန်လတွင် ကျေးရွာ တာဝန်ခံ အဖြစ် ခန့်အပ်ခဲ့သည်။

ထို့နောက် ဦးအောင်ဇံဖြူသည် ဆုလ်တာန်အာမတ်ကို အသုံးချ၍ ရွာသားများကို အမျိုးမျိုး လုပ်ကြံ စွပ်စွဲစေကာ ငွေညှစ်၍ နှစ်ယောက် ဝေစုခွဲ၍ ယူခဲ့သည်။ ဦးအောင်ဇံဖြူသည် ၉၆၉ အဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ဆုလ်တာန်အာမတ်ကို အသုံးချကာ လူမျိုးရေး၊ ဘာသာရေး၊ နိုင်ငံရေး အမြတ်ထုတ်ရန် ကြိုးစားခဲ့သည်။ ဦးအောင်ဇံဖြူက ဆုလ်တာန်အာမတ်အား ကျေးရွာတွင် ချမ်းသာသူများနှင့် ပညာတတ်များကို RSO နှင့် အဆက်အသွယ် ရှိသူများဟု အာဏာပိုင်များထံသို့ အစီရင်ခံခိုင်း ခဲ့သည်။ သို့သော်လည်း ဆုလ်တာန်အာမတ်က ကျေးရွာတွင် အကြမ်းဖက်မှု ထပ်မံ ပေါ်ပေါက်လာမည်ကို စိုးရိမ်၍ ဆိုးဝါးသည့် မဟုတ်မမှန် စွပ်စွဲချက် မတင်ပြနိုင်ဟု ပြောသဖြင့် ဦးအောင်ဇံဖြူနှင့် အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့သည်ဟု ဒေသခံများက ပြောပါသည်။ ထိုနေ့မှစ၍ ဦးအောင်ဇံဖြူက ဆုလ်တာန်အာမတ်ကို ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့နောက် ဆုလ်တာန်က ဦးအောင်ဇံဖြူ၏ အသုံးချခြင်းကို မခံတော့ဘဲ၊ ရွာသားများထံမှ ငွေညှစ်သော်လည်း ဦးအောင်ဇံဖြူကို ဝေစု မပေးတော့သောကြောင့် မကြာခဏ ခြိမ်းခြောက်လေ့ ရှိကြောင်း သိရသည်။

ယခု ဆုလ်တာန်အာမတ် အသတ်ခံရမှုမှာ ဦးအောင်ဇံဖြူ၏ လက်ချက် ဖြစ်နိုင်သည်ဟု ရွာသားများက ဝေဖန် ပြောဆို နေကြသည်။

“ကျွန်တော်တို့ ဒေသခံ ရိုဟင်ဂျာတွေ သေနတ် မပြောနဲ့ ဓါးကောင်းကောင်း တစ်လက်တောင် မထားနိုင်တဲ့ အခြေအနေမှာ သေနတ်ပစ် သတ်ဖြတ်မှု ဖြစ်တယ်။ ရခိုင်လူမျိုးတွေကို အစိုးရက လုံခြုံရေး အတွက် ဆိုပြီး ပေးခဲ့တဲ့ သေနတ်တွေ၊ ၂၀၁၂ ခုနှစ် ပဋိပက္ခ နောက်ပိုင်းမှာ တဖက်နိုင်ငံက တရားမ၀င် ၀ယ်ယူ စုဆောင်း ထားတဲ့ သေနတ်တွေ ရှိနေတာကို နိုင်ငံတော်နဲ့ ဒေသခံ အားလုံးက သိပါတယ်။ အခု လူသတ်မှု ပုံစံကို သေချာ ဝေဖန် သုံးသပ်ရင် အောင်ဇံဖြူရဲ့ လက်ချက်ဆိုတာ သိနိုင်တယ်။ နယ်ခြားစောင့် ရဲတွေကတော့ အသတ်ခံရတဲ့ ဆုလ်တာန်ရဲ့ မိသားစုကို ဆုလ်တာန်နဲ့ ရန်ငြိုးရှိတဲ့လူတွေကို လူသတ် တရားခံ စွပ်စွဲဖို့ ခြိမ်းခြောက်ပြီး ဖိအားပေး နေတယ်” ဟု ဒေသခံ တစ်ဦးက RB News သို့ပြောသည်။

အသတ်ခံရသည့် ဆုလ်တာန် အာမတ်၏ အိပ်ရာတွင် ကျည်ဆန်ခွံ တစ်တောင့် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဆုလ်တာန်အာမတ်သည် အသက် ၂၄ နှစ် အရွယ် ဖြစ်ပြီး၊ လွန်ခဲ့သည့် ၂၅ ရက်ခန့်က အိမ်ထောင်ပြု ခဲ့ကြောင်း သိရသည်။

Comment ရေးရန်

Rohingya Exodus