အမိမြေကို စွန့်ခွာချင်သော စိတ်မရှိသော်ငြားလည်း
![]() |
(ဓါတ်ပုံ - မောင်တောမြို့ Facebook) |
ယျတင် (MYARF)
RB News
20.5.2015
"ဘာ ... အလံစိုက်လိုက်တယ် ဟုတ်လား... မောင် ... ကျမ ကိုသေချာပြောပြပါ ... "
"ဟုတ်တယ် မိန်းမရာ ... ဒီမနက်ကပဲ နယ်ခြားစောင့်ရဲတွေနဲ့ မြေစာရင်းဦးစီးမှူးတို့လာပြီး အလံနီတွေ စိုက်လိုက်တာ... န.တ.လ ရွာ အသစ် ချပေးမယ်လို့ ပြောတာပဲ ... ခါတိုင်းလို သူတို့အတွက် လယ်ယာမြေလိုနေတယ်ပေါ့ ... ဒီတစ်ခေါက် ပါသွားတာက မောင်တို့လယ်မြေ အားလုံးရယ် ... ဦးဖိုက်ဆဲလ်တို့ လယ်မြေ အားလုံးရယ် ... ကိုရွှေလှတို့ လယ်ယာမြေလည်း တစ်ဝက်ပါသွားတယ်.... အနီးအနားက အများကြီးပဲ... စုစုပေါင်း ဧက ၄၀၀ သိမ်းလိုက်တာ ..."
သူတို့ရွာက လယ်ယာမြေ ထပ်သိမ်းလိုက်ပြီး ကြားလို့ ဘယ်သူ့ မြေတွေပါသွားသလဲ သွားကြည့်သော ဦးအာလီ အိမ်ပြန်ရောက်ရောက်ချင်း မိန်းမဖြစ်သူက တန်းမေးလိုက်၍ သူ စိတ်မကောင်းစွာနဲ့ ပြောပြလိုက်သည်။
ယောက်ျားဖြစ်သူ၏ စကားကို ကြားကြားချင်း မိန်းမဖြစ်သူက ချုံးပွဲချ ငိုချလိုက်လေသည်။
"မောင်ရယ် ... ကျမတို့ ဘဝ ဘယ်လို ရပ်တည်တော့မှာလဲ ... မနှစ်က သိမ်းတာမှာ ၅ ဧက ပါသွားတယ် ... ကျန် ၄ ဧက ကိုလည်း ထပ်သိမ်းလိုက်ပြီး ဆိုတော့ ကျမတို့ ဘယ်လို စားသောက် နေရမှာလဲ မောင်ရယ် ... "
မိန်းမ ဖြစ်သူ သိမ့်ငယ်စွာ ငိုချလိုက်တာကို မြင်မိသဖြင့် ဦးအာလီ လည်း သူ့မျက်ရည်ကို မထိန်းနိုင်ပေ။ " မိန်းမရယ် ... ငိုနေလို့ ဘယ်ထူးမလဲ ... အစိုးရ သိမ်းတဲ့ဟာကို ဘယ်သူ့ကို သွားပြောရမလဲ ... ရိုဟင်ဂျာ လယ်ယာမြေတွေ ကို သူတို့ အချိန်မရွေး သိမ်းနေကျပဲ ... ဖြစ်သလို နေရတာပေါ့ ... မောင် အဓိက စဉ်းစားနေတာက သားနှင့်သမီးတို့ရဲ့ ပညာရေး စရိတ်ပဲ ..."
အချိန်က နေ့ခင်းဖက် ထမင်းစားချိန်။ ဦးအာလီ ဖျာခင်းပြီး လှဲနေလိုက်သည်။ ထမင်းစားချင်စိတ်မရှိ။ လယ်ယာမြေတွေ သိမ်းတာ သိမ်းပေါ့ ... တောကိုသွားပြီး ဝါးတွေ ထင်းတွေ ခုတ်ယူလာပြီး ရောင်းနိုင်ရင် ကောင်းမှာပဲနော်.... ၂၀၁၂ အရေးအခင်းဖြစ်ပြီး နောက်ပိုင်း ဘယ်ရိုဟင်ဂျာကိုမှ တော ထဲ ဝင်ခွင့်လည်း မပြုဘူး။ သားနှင့်သမီး တို့ရဲ့ ပညာရေး စရိတ်တွေ ငါ ဘယ်က ပေးရမလဲ။ စစ်အစိုးရ ကာလတုန်းကတောင် လယ်ယာမြေတွေကို ဒီလို ဧက ရာပေါင်းများစွာ တစ်သုတ်တည်း မသိမ်းခဲ့ဘူး။ ဒီ ဒီမိုကရေစီ အစိုးရ တက်လာမှပဲ ငါတို့ ရိုဟင်ဂျာ တွေရဲ့ လယ်မြေတွေ အသိမ်းများနေတာ။ ဘိုးဘွားတွေ ပိုင်ခဲ့တဲ့ မြေပြေစာ တွေရှိရက်သားနဲ့ ရိုဟင်ဂျာတွေမှာ မြေပိုင်ဆိုင်မှု မရှိဘူး ဆိုပြီး သိမ်းနေတာ။ ငါတို့ ရွာမှာ ရှိတဲ့ လယ်ယာမြေ တစ်ဝက်ကျော်ကျော် သိမ်းပြီးပြီ။ ကျန်တဲ့ဟာကိုလည်း ဘယ်နေ့ သိမ်းလိုက်မလဲ မသိ။ န.တ.လ ရွာတွေ တည်ပေးတာ တည်ပေးပေါ့။ ဘာလို့ ငါတို့ ထွန်ယက် စိုက်ပျိုးပြီး အသက်မွေးဝမ်းကျောင်း ပြုနေတဲ့ လယ်ယာမြေတွေကို သိမ်းပြီး အဲ့ဒီ န.တ.လ တွေကို ခွဲပေးရတာလဲ။ သူတစ်ပါး ဘဝတွေကို ရစရာမရှိအောင် ဖျက်ဆီးလိုက်ပြီး တစ်ပါးသူ ဘဝကို တည်ထောင်ပေးနေတာ တရားမျှတ ရဲ့လား။ လူသားဆန်တဲ့ လုပ်ဆောင်မှုလား။
"မောင်... ထမင်းစားလို့ရပြီ..."
မိန်းမဖြစ်သူ လာခေါ်မှ ဦးအာလီ အတွေးထဲက ရုန်းထွက်လာခဲ့သည်။
"မိန်းမရယ် ... မောင် ထမင်းမစားချင်တော့ဘူး ... စားလည်း စားဝင်မှာ မဟုတ်ဘူး ... မိန်းမတို့ပဲ စားလိုက်တော့ ... မောင် ခဏ အနားယူမယ်..."
"မောင်ရယ် ... ကျမ စဉ်းစားမိတယ်လေ ... ငိုနေလို့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး .... ရှိတာလေးနဲ့ အဆင်ပြေသလို လုပ်စားရမှာပေါ့ ... လာ လာ ထမင်း စားတော့မယ် မောင်..."
မိန်းမဖြစ်သူသည် အချိန်ခဏ အတွင်းမှာပဲ ပြောင်းလဲလို့ သွားချေပြီ။ အခုနားက သူ ငိုခဲ့ဖူးသည်လေ။ သြော်... ဖိနှိပ်မှု ဒဏ်ကို ခံစားရင်း ခံစားရင်း နဲ့ ခံနိုင်ရည်က မြင့်တက်လာပြီကိုး။ လှဲနေရင် လဲကျနေရဦးမှာပဲ။ အမျိုးသမီးတစ်ယောက်တောင် ခံနိုင်ရည်ရှိရှိ ရင်ဆိုင်နိုင်ရင် ငါ ယောက်ျားဖြစ်ပြီး ဘာလို့ အားငယ်နေရမှာလဲ။ ဦးအာလီ လှဲနေရာက ထလိုက်ပြီး ထမင်း သွားစားလိုက်တော့သည်။
"မောင် ... မောင်ခံစားနေရသလို ကျမလည်း ခံစားရပါတယ် ... ဒါပေမယ့် ဘယ်တတ်နိုင်မလဲ မောင် ... ရိုဟင်ဂျာလူမျိုးထဲက ဖြစ်နေတော့ .... ပြီးတော့ ကမ္ဘာ့အဖိနှိပ်ခံ လူနည်းစုလည်း ဖြစ်နေတော့ ...."
ပြောရင်းနဲ့ မိန်းမဖြစ်သူ ပြန် ငိုချလိုက်လေသည်။
"ဟာ မိန်းမရာ ... မငိုပါနဲ့ ... မောင်တို့မှာ နွားနှစ်ကောင် ရှိသေးတာပဲ ... သူများလယ်ယာမြေတွေ ငှားလုပ်မှာပေါ့ ဒီနှစ် ... အကြပ်အတည်း ဖြစ်လောက်တာ မှန်ပေမယ့် ထိုင်နေရင် ပို ဒုက္ခရောက်မှာပေါ့..."
"အင်းပါ မောင် ... မငိုမိဖို့ အားကို အမြင့်ဆုံး တင်ထားလိုက်ပေမယ့် ဒီစိတ်က ဘယ်လိုမှ မခံစား နိုင်ဘူးမောင်... ဒီလောက်တောင် လူမဆန် ရရလားမောင်ရယ်... ရိုဟင်ဂျာ ဆိုတာလည်း သူတို့လို အသက်ရှုရင်းနဲ့ အသက်ရှင်နေတဲ့ လူသားပါ... ကိုးကွယ်တဲ့ ဘာသာ တစ်ခုမတူလို့ပဲ ဒီလောက်တောင် ညှဉ်းပန်း နှိပ်စက်ရတာလား မောင်... "
အချိန် (၂) လကြာပြီးသော်-----
မိုးရာသီ စပြီ။ ကျေးရွာအုပ်ချုပ်ရေးမှူးက လယ်ယာမြေ အသိမ်းခံခဲ့ရတဲ့ ကျေးရွာသားများကို အစည်းအဝေး ခေါ်လိုက်သည်။ တစ်ခုခု ထူးနေပြီးလား ဆိုပြီး ဦးအာလီလည်း မျှော်လင့်ချက် တစ်ပုံကြီးနှင့် အစည်းအဝေးကို သွားတက်လိုက်သည်။
ကျေးရွာ အုပ်ချုပ်ရေးမှူးက-
"မနေ့က မြို့နယ်အုပ်ချုပ်ရေးမှူးက လပတ် အစည်းအဝေးမှာ ပြောလိုက်တယ် ... သိမ်းလိုက်ပြီး န.တ.လ ကို ခွဲဝေ ပေးလိုက်တဲ့ လယ်ယာမြေတွေကို ယခင် လယ်ယာမြေ ပိုင်ရှင်တွေက ထွန်ပေးရမယ် ... ထွန် မပေးချင်သူကတော့ တစ်ဧက ကို ငွေ-၂၀၀၀၀ ကျပ်စီ ပေးဆောင်ရမယ် ... ဒါက ငါပြောနေတာ မဟုတ်ဘူး .... မြို့နယ် အုပ်ချုပ်ရေးမှူး ရဲ့ အမိန့်ကို ကျေးရွာသားများကို အသိပေး ကြေငြာပေးတာပါ... မနက်ဖြန်က စပြီး ထွန်ပေးရမယ် ...
ကိုယ်တိုင် ထွန်မပေးချင်သူ ကတော့ အခုနားက ပြောသလို တစ်ဧက ကို ငွေ -၂၀၀၀၀ ကျပ်စီ လာပေးပါ... ပျက်ကွက်ရင်တော့ နယ်ခြားစောင့်ရဲတွေ လာဖမ်းပြီး ပြင်းပြင်းထန်ထန် အရေးယူတော့မယ်..."
ဦးအာလီ၏ ဒေါသသွေးသည် သူ့ဦးနှောက်ထိပ်အထိ ရောက်လာသော်လည်း ကျေးရွာအုပ်ချုပ်ရေးမှူးကို ဘာတစ်ခုမှ မတုန့်ပြန်မိဖို့ သူအတော်ကြိုးစားပြီး ထိန်းသိမ်းလိုက်သည်။ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှ အိမ်အပြန် လျှောက်လှမ်းလာခိုက် ဦးအာလီ အတွေးထဲ အစီအစဉ် ဆွဲလိုက်ပြီ။ အိမ်ကို ရောက်ရောက်ချင်းပဲ-
"မိန်းမရယ် ... ရှိသမျှတွေ အကုန်ရောင်းမယ်... နောက်အပတ် စက်လှေထွက်ဖို့ ရှိတယ်... အဲ့စက်လှေနဲ့ အားလုံး သွားတော့မယ် ... ဒီနိုင်ငံမှာ ဆက်ပြီး နေနိုင်ဖို့ ငါ့မှာ ခံနိုင်ရည် ထပ်မရှိတော့ဘူး... ဥပဒေက အကာအကွယ်ပေးတဲ့တစ်နေ့.... လူကို လူလိုမြင်တဲ့ လူတွေ အုပ်ချုပ်တဲ့ တစ်နေ့ .... ငါတို့ အမိ နိုင်ငံကို ပြန်လာကြမယ်... "
လူကုန်ကူး နေသူပွဲစားများနှင့် တွေ့ဆုံ ညှိနှိုင်းပြီးနောက် တစ်ပတ်လောက်အကြာ---- အချိန်က ည ၆ နာရီ။ ဦးအာလီတို့ မိသားစုဝင်အားလုံး သားတစ်ယောက် သမီးတစ်ယောက်အပါအဝင် စုစုပေါင်း လေးယောက် မလေးရှားသွားရန် စောင့်ဆိုင်းနေသော လှေပေါ်သို့ တက်ရန် ခရီးဆက်နေတော့သည်။
သွားနေရာ လမ်းတစ်လျှောက် ဦးအာလီသည် တစ်ကိုယ်တည်း တွေးမိလေသည်။ စိတ်ထဲကနေ သူ့အဖေကို တိုင်တန်းပြီးပြောနေ၏။
အဖေရယ် … အဖေ သားကို ဆုံးမ သွားခဲ့တဲ့ ဆုံးမမှုကို သား ဆက်ပြီး မစောင့်နိုင်တော့ဘူး အဖေ။ နိုင်ငံထဲက ဘယ်တော့မှ ထွက်မသွားပါနဲ့ ဆိုတဲ့ အဖေ့ရဲ့ဆုံးမမှု ကို သား မလိုက်နာတာ မဟုတ်ပါဘူးအဖေ။ သားတို့ကို နိုင်ငံထဲက အတင်းတွန်းပို့နေလို့ သားတို့ မနိုင်တဲ့ အဆုံး ထွက်သွားနေရတာကို အဖေ တမလွန်က သိပြီး သားကို ခွင့်လွှတ်ပေးပါ။ အမိမြေကို မုန်းလို့ အမိနိုင်ငံကို မချစ်လို့ ထွက်သွားတာ မဟုတ်မှန်း အဖေ သိပါစေ။
စက်လှေစီး လှိုင်းကြမ်းကို ဆန်ပြီး သွားနေတဲ့ခရီးမှာ မိမိအသက် ရှင်သန်ဖို့ ရာခိုင်နှုန်း နည်းပါးသော်လည်း ဒီနိုင်ငံထဲ နေရတာမှာတော့ အသက်ရှင်သန် နိုင်ဖို့ ပို၍ ရာခိုင်နှုန်း နည်းပေသည်။
ဦးအာလီ၏ ဝမ်းနည်းသော မျက်ရည်များ ပါးပြင်ပေါ်သို့ ရေတခွန်လို ကျဆင်းနေတော့သည်။