နောက်ဆုံးသတင်း/ဆောင်းပါးများ

အိန္ဒိယရောက် ခေတ်သစ်ကျွန်

(Photo: Al Jazeera)

စန္ဒြားခန့် (ဝေသာလီ)
RB News
6.7.2015

မြန်မာအစိုးရက ရိုဟင်ဂျာတို့ကို နည်းမျိုးစုံ သုံးပြီး လူမျိုးတုံး သုတ်သင် ရှင်းလင်းနေတာကို ကမ္ဘာ့ Genocide Watch အဖွဲ့တွေက တင်ပြခဲ့ပြီးပါပြီ။ ဘယ်လူသားကို မဆို အသက်ရှင်ရန် စားသုံးရသော အစားအစာကို ပိတ်ပင်လိုက်လျှင်၊ လူယဉ်ကျေး ဘ၀ရရန် သင်ယူရတဲ့ ပညာသင်ခွင့်ကို ပိတ်ပင်တားမြစ်လျှင်၊ ကျန်းမာရေး အတွက် ဆေးကုသခွင့်ကို ကန့်သတ်တားမြစ်လျှင် စသည်ဖြင့် အသက်ရှင်ရန် လိုအပ်တဲ့ အခြေခံလိုအပ်ချက် တွေကို ကန့်သတ် ပိတ်ပင် တားမြစ်လျှင် ရိုဟင်ဂျာ မဆိုထားနှင့်၊ ဘယ်လူသားကမှ ထိုသို့သော နိုင်ငံတွင် နေထိုင်ဖို့ ဖြစ်နိုင်မည် မဟုတ်ပေ။ ရိုဟင်ဂျာများ မိမိတို့၏ အသက်များကို ကယ်တင်ရေး အတွက် မြန်မာနိုင်ငံမှ ထွက်ပြေးကြရာ အိန္ဒိယနိုင်ငံသို့လည်း တစ်ချို့ ရောက်ရှိခဲ့ကြသည်။

အိန္ဒိယနိုင်ငံသည် လွတ်လပ်သည့် နိုင်ငံ ဖြစ်သည့်အတွက် ရေကြည်ရာ မြက်နုရာ ဒေသတွင် နေထိုင်နိုင်ကြသည်။ သို့သော်လည်း ကာလကတ္တားနှင့် မွန်ဘိုင်း ပြည်နယ် နှစ်ခုတွင် နေထိုင်ခွင့် မရှိပေ။ ဂျမ္မူးပြည်နယ်တွင် ၇ ထောင်ကျော် နေထိုင်လျက် ရှိပြီး အိန္ဒိယရောက် ရိုဟင်ဂျာများ၏ တစ်ဝက်ခန့် ဖြစ်သည်။ Hyderabad တွင်လည်း အများစု နေထိုင်ကြပြီး၊ နယူးဒေလီတွင် အိမ်ခြေ ၂၀၀ ကျော်ရှိသည်။ UP ပြည်နယ် Mathura မြို့၏ Azim Pur ဆိုသည့် နေရာလေးတွင်လည်း အိမ်ခြေ ၁၀၀ ခန့်ရှိပြီး ထိုသူများ အားလုံးမှာ ကျွန်ဘ၀သို့ ရောက်ရှိနေသည်။ Mathura တွင် ဘင်္ဂလီလူမျိုး လူကုန်ကူးပွဲစား Rahman ဆိုသူနှင့် ၎င်း၏ ယောက္ခမဖြစ်သူ ပွဲစား Imraan တို့ရှိသည်။ ၎င်းတို့တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ လူကုန်ကူးမှု စက်ဝိုင်းရှိသည်။ အိန္ဒိယသို့ လာရောက်လိုသူများ ထံမှ ငွေကြေး မယူဘဲ၊ အလုပ်လုပ်ရင်းနဲ့သာ ပေးဆပ်ရန်ဟု ဆိုကာ မက်လုံးကြီးများ ပေး၍ ခေါ်ဆောင်လာသည်။

မြန်မာအစိုးရ၏ ညှဉ်းပန်း နှိပ်စက်မှုများကို မခံနိုင်ဘဲ ထွက်ပြေးလာသည့် ရိုဟင်ဂျာများမှာ ၎င်းတို့ ဆင်ထားသည့် ထောင်ချောက်များ ထဲသို့ ကျသွားရသည့် ဘ၀များဖြင့် အိန္ဒိယနိုင်ငံသို့ ရောက်ရှိပြီး စွန့်ပစ်ပစ္စည်း scrap များ ကောက်ရသည့် ဘ၀သို့ ရောက်ရှိသွားရသည်။ ပွဲစားများက ပေးခဲသည့် မက်လုံးများ အကြောင်း ပြောလျှင် ပွဲစားများက လူမဆန်စွာ ရိုက်နှက်သည်။ ထိုသို့ ရိုက်နှက်မှုကြောင့် ၂၀၁၄ ခုနှစ် ဇွန်လတွင် ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦး သေဆုံးခဲ့ရသည်။ ကောက်ရသည့် scrap များထဲမှ တန်ဖိုး၏ သုံးပုံ တစ်ပုံသာ ရကြသည်။ ထို့အပြင် ၎င်းတို့ စားသုံးလိုသည့် အစားအသောက် များကိုလည်း အပြင်ဆိုင်များမှ ၀ယ်ယူခွင့် မရှိဘဲ ပွဲစား Rahman ထံမှ သာမာန်ဈေးထက် နှစ်ဆ ပိုပေးကာ ၀ယ်ယူရသည်။

ဇီယာအုရ်ရာမန် ဆိုသူအား ရူပီငွေ တစ်သောင်း အကြွေးဖြင့် ခေါ်လာပြီး ၂၀၁၄ သြဂုတ်လတွင် တစ်နှစ်ခွဲ အချိန်ရှိခဲ့ပြီ ဖြစ်သည်။ တစ်နှစ်ခွဲဆိုသည့် အချိန်တွင် ရူပီငွေ ၅၀၀၀ သာ ပေးဆပ်နိုင်ခဲ့သည်။ ဒိလ်ဒါရ်ဟူစိန်းနှင့် နဆီမာခါတူတို့၏ သားဖြစ်သူ အဗ်ဒူလ္လာဟ်ကို ကျွန်ရောင်းသခဲ့သို့ ရောင်းချလိုက်ခြင်းမှာ အဆိုးဆုံးဖြစ်သည်။ ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် Altas Miya နှင့် Aftab Hussein တို့၏ ပြောကြားချက်များ အရ ၎င်းတို့မိသားစု တစ်စုလုံးသည် တစ်နေ့လျှင် ငွေ ၁၀၀၀ တန်ဖိုးရှိ scrap များ ရှာဖွေ ပေးသော်လည်း ၎င်းတို့အား ၄၀၀ သာ ပေးသည်ဟု ဆိုသည်။ ထိုကဲ့သို့ မိသားစု ၄၀ ခန့် တစ်နေရာတည်းတွင် နေထိုင်ကြသည်။ Mathura တွင် မိသားစု ၆၄ စု နေထိုင်ပြီး ဆယဒ်ကဘိရ်က ၎င်းကိုယ်တိုင် နှစ်နှစ်အတွင်း ရူပီ ၁၅၀၀၀ ဆပ်နိုင်ခြင်း မရှိခဲ့ဟု ဆိုသည်။ အိန္ဒိယနိုင်ငံတွင် သာမာန် အလုပ်ကြမ်း သမား တစ်ဦးပင်လည်း နေ့စဉ် ၃၀၀ မှ ၅၀၀ ကြား ၀င်ငွေရှိသည်။ မိသားစု တစ်စု၏ အနိမ့်ဆုံး ကုန်ကျငွေမှာ ၆၀၀၀ မှ ၁၀၀၀၀ ထိရှိသည်။

အဆိုပါ မိသားစုများမှ နေအိမ်တွင်း အကျယ်ချုပ်ခံများ ကဲ့သို့ နေထိုင်ရပြီး ဖခင်ဖြစ်သူ scrap ထွက်ရှာလျှင် သားသမီးများ အိမ်တွင် နေခဲ့ရသည်။ မိသားစု အလိုက် ထွက်ပြေး တိမ်းရှောင် မသွားနိုင်ရန် ထိုကဲ့သို့ ပိတ်ပင် ထားခြင်း ဖြစ်သည်။

ဒေါ်ရာဘီယာ၏ အမျိုးသားသည် UNHCR ရုံးတွင် refugee card ထုတ်ရန် သွားနေစဉ် ဘူတာရုံ၌ ရဲများက ဖမ်းဆီးပြီး ချုပ်နှောင် ထားသည်မှာ ယခုဆိုလျှင် သုံးနှစ်ခွဲ ရှိပြီ ဖြစ်သည်။ ခူရ်ရှိသ်အာလာမ် ဆိုသူလည်း ထောင် ၃ လ ကျခံခဲ့ရပြီး ပြန်လည် လွှတ်လာသည်။ သို့သော် ၎င်း၏ အမျိုးသမီးမှာ ကိုယ်ဝန်ဖြင့် ထောင်ကျနေဆဲ ဖြစ်သည်။ ကာလကတ္တား ပြည်နယ် Balur Garh Jail, Alipur Central Jail, Dam Dam Jail, Manipur Jail, Malda Home Children Jail စသည့် အကျဉ်းထောင် များထဲတွင် မရေတွက်နိုင်လောက်အောင် များပြားသည့် ရိုဟင်ဂျာ အမျိုးသမီးများနှင့် ကလေးများ၏ အနာဂတ်များ ပျောက်ဆုံး နေဆဲ ဖြစ်သည်။

လူကုန်ကူး ပွဲစားများ ဖြစ်သည့် ဘင်္ဂလီ ပွဲစားများသည် ရိုဟင်ဂျာ အမျိုးသမီးများကို မက်လုံးများ ပေးကာ ခေါ်ဆောင်လာပြီး ဘာသာခြားများ လက်ထဲသို့ ရောင်းပစ်လေ့ရှိသည်။ မည်သည့် နေရာကိုမှ သိရှိခြင်း မရှိသည့် ရိုဟင်ဂျာ အမျိုးသမီးများမှာ ငိုကြွေးရုံမှ အပ မည်သို့မျှ မတတ်နိုင်ဘဲ ဘ၀ကို ကျွန်များ သဖွယ် အရှုံး ပေးနေရသည်။ ပွဲစားများ၏ ထိန်းချုပ်ခြင်းကို ခံထားရသူများမှာ မိုဘိုင်းဖုန်းလည်း သုံးစွဲခွင့် မရှိကြပေ။

မြန်မာအစိုးရ၏ ညှဉ်းပန်းနှိပ်စက်မှုများကို ရှောင်ကွင်းရင်း ခေတ်သစ်ကျွန် ဘ၀သို့ ရောက်ရှိသွားရသည့် ရိုဟင်ဂျာ ထောင်ပေါင်းများစွာ အိန္ဒိယနိုင်ငံတွင် ရှိနေပါသည်။

Comment ရေးရန်

Rohingya Exodus