မောင်တော ပန်းတောပြင် တံတား ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက ရိုဟင်ဂျာများကို NVC မပါလျှင် ဖြတ်သန်းခွင့်မပေး
MYARF
“NVC ရှိမှ ဂိတ်ကျော်ခွင့်ပေးတာ။ NVC မရှိရင် ဖြတ်ကျော်ခွင့် လုံးဝ မပေးဘူး။ ကွပ်ကဲရေးမှူး အမိန့်အရ လုပ်နေတာ ဖြစ်တယ်လို့ နယ်ခြားစောင့်ရဲတွေက ပြောတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
RB News
4.7.2018
မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ပန်းတောပြင် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို NVC မပါဘဲ ဂိတ်မှ ကျော်ဖြတ်ခွင့် မပေးတော့ကြောင်း သတင်းရရှိပါသည်။
မောင်တောမြို့နယ် ပန်းတောပြင် တံတားရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့ ကင်းစခန်းမှ နယ်ခြားစောင့်ရဲများက လွန်ခဲ့သည့် သုံးရက်မှ စ၍ လမ်းသွားလမ်းလာ ရိုဟင်ဂျာများကို NVC ရှိမှသာ ကျော်ဖြတ်ခွင့်ပေးပြီး၊ ယခုကဲ့သို့ ပြုလုပ်နေခြင်းမှာ ကွပ်ကဲရေးမှူး အမိန့်အရ လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်ရဲများက ပြောကြောင်း ဒေသခံတစ်ဦးက RB News သို့ပြောသည်
“NVC ရှိမှ ဂိတ်ကျော်ခွင့်ပေးတာ။ NVC မရှိရင် ဖြတ်ကျော်ခွင့် လုံးဝ မပေးဘူး။ ကွပ်ကဲရေးမှူး အမိန့်အရ လုပ်နေတာ ဖြစ်တယ်လို့ နယ်ခြားစောင့်ရဲတွေက ပြောတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။
မောင်တော တောင်ပိုင်းတွင် ရိုဟင်ဂျာများနေထိုင်ခဲ့သည့် ကျေးရွာပေါင်း ၂၅ ရွာကျော်ရှိခဲ့သည့်အနက် ယခုအခါ ကျေးရွာ သုံးရွာတွင် လူအနည်းငယ်စီသာ ရှိသည်။ ကျန်ကျေးရွာများကို လွန်ခဲ့သည့်နှစ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်တပ်၍ အာဏာပိုင်များက မီးရှို့ခဲ့ခြင်းကြောင့် ဒေသခံရိုဟင်ဂျာအများစုသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေး ခိုလှုံနေရသည်။
မောင်တော တောင်ပိုင်း၌ ကျန်ရှိနေသည့် ရိုဟင်ဂျာကျေးရွာများမှာ ပန်းတောပြင်၊ ညောင်ချောင်းနှင့် ဒုညောင်ပင်ကြီး ကျေးရွာများဖြစ်ကြပြီး ယခုအခါ အဆိုပါ ကျေးရွာသားများသည် ၎င်းတို့၏ရွာများထဲတွင် ပိတ်မိနေသကဲ့သို့ ဖြစ်နေသည်။
ပန်းတောပြင်ကျေးရွာသည် မောင်တောမြို့နှင့် တစ်မိုင်ခန့်သာ ဝေးပြီး ရွာသားအများစုသည် မြို့ပေါ်တွင် အရောင်းအဝယ် ပြုလုပ်၍ အသက်မွေးဝမ်းကျောင်း ပြုနေသူများဖြစ်ကြသည်။ ယခုအခါ အဆိုပါ တံတားကင်းစခန်းမှ နယ်ခြားစောင့်ရဲများက အသွားအလာ ကန့်သတ်လိုက်မှုကြောင့် ကျေးရွာသားများ အလွန်တရာ ဒုက္ခရောက်နေသည်ဟု ဒေသခံတစ်ဦးက ပြောပါသည်။
“NVC ကိုင်တာ မကိုင်တာက ဒီနယ်ခြားစောင့်ရဲတွေနဲ့ ဘာမှတော့ ဆိုင်တာ မဟုတ်ဘူး။ ဒါက လူတွေကို တမင်သက်သက် ဒုက္ခပေးနေတာ။ ကျွန်တော်တို့က မြို့ပေါ် အရောင်းအဝယ် သွားလုပ်နေရသူတွေ ဖြစ်တယ်။ အခုကျ သူတို့က သွားခွင့်မပေးတော့ အတော်လေး ဒုက္ခရောက်နေကြတာပေါ့ဗျာ။ ရွာထဲ ပိတ်မိထားသလို ဖြစ်နေတယ်” ဟုဆိုသည်။
ထို့အပြင် မြို့ပေါ်သွား၍ ကျောင်းတက်နေရသည့် ကျောင်းသားကျောင်းသူများသည်လည်း လမ်းတွင် လူအသွားအလာ နည်းပါးနေမှုကြောင်း မြို့ပေါ်သို့ မသွားမဝံ့ဖြစ်နေကြောင်း ကျောင်းသားမိဘ တစ်ဦးက ပြောသည်။
“သာမန်လူတွေကို အသွားအလာကန့်သတ်လိုက်တော့ လမ်းမှာက လူသူမရှိဘူး ဖြစ်နေတယ်။ အဲ့တော့ ကလေးတွေက ဒီစခန်းကို ဖြတ်ပြီး မသွားဝံ့ဘူး ဖြစ်နေတယ်။ ကြောက်တာပေါ့ဗျာ။ ကလေးတွေကို လိုက်ပို့ဖို့ သွားတဲ့ မိဘတွေကို ဂိတ်ကျော်ခွင့်မပေးဘူးလေ” ဟု ၎င်းကဆိုသည်။
အဆိုပါ ကင်းစခန်းက နယ်ခြားစောင့်ရဲများသည် ကင်းစခန်းကို ဖြတ်ကျော်သွားလာသည့် CNG ယာဉ်များမှ တစ်ကြိမ်လျှင် ငွေကျပ်ငါးရာစီ၊ ယာဉ်ကြီးဆိုလျှင် ငွေကျပ် ၁၀၀၀ စီ ကောက်ခံနေသည့်အပြင် မော်တော်ဆိုင်ကယ်ဖြင့် သွားသည့် လမ်းသွားလမ်းလာများကိုလည်း ဆိုင်ကယ်ပေါ်က ဆင်းပြီး တွန်း၍သွားခိုင်းနေကြောင်း သိရှိရပါသည်။
ပန်းတောပြင် တံတားစခန်းမှ နယ်ခြားစောင့်ရဲများ၏ ဒေသခံပြည်သူများအပေါ် မတော်မတရား ပြုလုပ်နေသည်များကို တာဝန်ရှိ ကွပ်ကဲရေးမှူးက ဟန့်တားအရေးယူပေးရန် ဒေသခံများက လိုလားနေကြသည်။