နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွာအုပ်ချုပ်ရေးမှူး ထောက်ခံချက် မပေးသဖြင့် အထက်တန်း ကျောင်းသား အချို့ ကျောင်းမတက်နိုင်



MYARF
RB News
6.7.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် မြောက်ပိုင်း၊ ဘဒကား ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ကံလှနှင့် တပည့် ဖြစ်သူ ဦးအီဒီရိစ် တို့သည် ၎င်းကျေးရွာမှ မော်လ၀ီ အီဆုပ် (ဘ) ဦးအိုလာမျာက ကျေးရွာ အုပ်ချုပ်ရေးမှူးကို အကြောင်းကြားခြင်း မရှိဘဲ လယ်ယာမြေ ရောင်းချ ခဲ့သည်ဟု ဆိုကာ ဇွန်လ (၂၅) ရက်နေ့က ငွေကျပ် တစ်သိန်း ညှစ်ယူခဲ့သည်။

ယင်းနေ့တွင်ပင် အဆိုပါ ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တပည့်တို့က ဘဒကား ကျေးရွာ အုပ်စု တောင်ရွာမှ ဦးအလီဟူစိန်း (ဘ) ဦးအဒူဂေါ်ဖာရ်ကို တရားမ၀င် ဖုန်းသုံးစွဲနေသည်ဟု မဟုတ်မမှန် လုပ်ကြံ စွပ်စွဲ၍ ဦးအလီဟူစိန်း ထံမှ ငွေကျပ် ၆ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောသည်။ 

အဆိုပါ ကျေးရွာ အုပ်စုမှ ရိုဟင်ဂျာ ကျောင်းသား အချို့သည် တောင်ဘဇာရှိ အထက်တန်း ကျောင်းတွင် ပညာသင်ကြား လျက်ရှိရာ ၎င်းကျောင်းသားများ တောင်ဘဇာတွင် နေထိုင်နိုင်ရန် အတွက် ကျေးရွာ အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက် လိုအပ်သဖြင့် ကျောင်းသားများက သွားရောက် တောင်းခံရာ၊ အုပ်ချုပ်ရေးမှူးနှင့် တပည့် ဖြစ်သူက ငွေအဆမတန် တောင်းခံသဖြင့် ငွေမပေးနိုင်၍ ထောက်ခံချက် မရရှိခဲ့ပေ။ 

ကျောင်းသားများက အုပ်ချုပ်ရေးမှူး တောင်းခံသည့် ငွေကြေးကို စုဆောင်း၍ ငွေပေးပြီး ထောက်ခံချက် ရယူရန် သွားသည့် အခါ အုပ်ချုပ်ရေးမှူးက ထောက်ခံချက် လုံးဝ ပေးမည် မဟုတ်ကြောင်း ပြောဆိုသဖြင့် အဆိုပါ အထက်တန်း ကျောင်းသားများ ကျောင်းမတက်နိုင် ဖြစ်နေကြောင်း ဒေသခံများက RB News သို့ပြောပါသည်။

Comment ရေးရန်

Rohingya Exodus