နောက်ဆုံးသတင်း/ဆောင်းပါးများ

ရွှေဇား တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများက လူငယ် တစ်ဦးကို မတရား ဖမ်းဆီး ငွေညှစ်



MYARF
RB News
6.7.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်၊ ရွှေဇား တံတား ကင်းစခန်းမှ ဒုရဲအုပ် အပါအ၀င် နယ်ခြားစောင့်ရဲ (၁၂) ဦးတို့သည် ဆိုင်ကယ် ၆ စီးဖြင့် ဇူလိုင်လ (၄) ရက်နေ့ ည ၉ နာရီ အချိန်တွင် ကင်းလှည့်ကြရာ၊ ည ၉း၃၀ နာရီ အချိန်တွင် နယ်ခြားစောင့် ရဲနှစ်ဦးသည် ဆိုင်ကယ် တစ်စီးဖြင့် ရွှေဇား ကျေးရွာ အုပ်စု၊ ကန်းပိုင်းနားရွာ (ကုန်ကာရ်ဖာရာ) ထဲသို့ ၀င်ရောက်ခဲ့သည်။

အဆိုပါ နယ်ခြားစောင့် ရဲနှစ်ဦး ရွာထဲသို့ ၀င်ရောက် လာသည့် အချိန်တွင် လူငယ် နှစ်ဦး စကားပြော၍ အိမ်ထဲသို့ ၀င်ရောက် သွားသည်ကို မြင်၍ ဆိုင်ကယ်ကို ယင်းအိမ်ရှေ့တွင် ရပ်တန့်ကာ လူငယ်နှစ်ဦးမှ တစ်ဦး ဖြစ်သူ နော်ဘာဗ်ရှောရိဖ် (ဘ) ဦးနူရ်ရုလ်ဟောက် ဆိုသူကို အိမ်ထဲမှ ခေါ်ထုတ်ပြီး အကြောင်းမဲ့ ပါးရိုက်၍ ရွှေဇား ကျေးရွာ အုပ်စု၊ စေတီပြင်ဈေးသို့ ခေါ်ဆောင် သွားခဲ့သည်။ 

ထို့နောက် အဆိုပါ နယ်ခြားစောင့် ရဲနှစ်ဦးက ဒုရဲအုပ်ကို ဖုန်းဆက်၍ ခေါ်ခဲ့သည်။ ဈေးဆိုင်တွင် ထိုင်၍ စကားပြောနေသည့် ရပ်မိရပ်ဖ အချို့က အဆိုပါ လူငယ်ကို ဖမ်းဆီးရခြင်း အကြောင်းရင်းကို နယ်ခြားစောင့် ရဲနှစ်ဦးထံမှ မေးမြန်းရာ၊ နယ်ခြားစောင့် ရဲက “ဒီလူငယ်ကို စစ်ဆေးဖို့ ခေါ်တာမှာ ငါတို့နဲ့ အပြန်အလှန် စကားများပြီး ငါတို့ လက်ထဲက သေနတ်လုဖို့ ကြိုးစားလို့” ဟု လိမ်လည် ပြောဆိုခဲ့သည်။ ထို့နောက် ဒုရဲအုပ် ရောက်ရှိလာခဲ့ရာ ဒုရဲအုပ်ကိုလည်း ထိုကဲ့သို့ လိမ်လည် ပြောဆိုခဲ့သည်။ 

ဒုရဲအုပ်က မတရား သဖြင့် ဖမ်းဆီးခံရသည့် လူငယ် ဖြစ်သူ နော်ဘာဗ်ရှော်ရိဖ်ကို စစ်ဆေး မေးမြန်းရာ နယ်ခြားစောင့် ရဲများကို ရန်မူခြင်း မရှိခဲ့ကြောင်း၊ ၎င်းအား ခေါ်၍ အကြောင်းမဲ့ ပါးရိုက်ပြီး ခေါ်လာခြင်း ဖြစ်ကြောင်း၊ ဖြစ်စဉ် အမှန်ကို ပြောပြခဲ့သော်လည်း ဒုရဲအုပ် ဖြစ်သူက ငွေကျပ် နှစ်သိန်း ညှစ်ယူပြီးမှသာ ပြန်လည် လွှတ်ပေးခဲ့ကြောင်း ဒေသခံများက RB News သို့ပြောသည်။ 

အဆိုပါ နယ်ခြားစောင့်ရဲ များသည် ကင်းလှည့်သည်ဟု ခေါင်းစဉ်တပ်ကာ ရွာထဲသို့ မကြာခဏ ၀င်ရောက်၍ အကြောင်းမဲ့ ဖမ်းဆီး ငွေညှစ်ခြင်းများ ပြုလုပ်လေ့ ရှိသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus