နောက်ဆုံးသတင်း/ဆောင်းပါးများ

အစိမ်းနုရောင်ကဒ် လက်ခံလာအောင် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ပြီး ညှဉ်းပန်းနှိပ်စက် ငွေညှစ်



MYARF
RB News
25.8.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ်တွင် နယ်ခြားစောင့် ရဲတပ်ဖွဲ့၊ စစ်တပ်နှင့် မ.က.ဖ တို့က ရိုဟင်ဂျာများ၏ နေအိမ်များကို ရှောင်တခင် စစ်ဆေး၍ မတရားသဖြင့် ညှဉ်းပန်း နှိပ်စက် ငွေညှစ်ခြင်းများ ပြုလုပ်ပြီး အစိမ်းနုရောင်ကဒ်ကို လက်ခံလာအောင် ပြုလုပ်နေကြောင်း သတင်း ရရှိပါသည်။ 

သြဂုတ်လ (၂၂) ရက်နေ့ ညပိုင်းတွင် မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၇) နယ်မြေ၊ အလယ်သံကျော် စခန်းမှ နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ (၅၀) ဦးခန့် တို့သည် အလယ်သံကျော် ကျေးရွာ အုပ်စု၊ ဈေးကုန်တန်းရွာသို့ သွားရောက်ပြီး ရိုဟင်ဂျာအိမ် များကို ရှောင်တခင် ၀င်ရောက် စစ်ဆေးခဲ့သည်။ မည်သည့် အိမ်တွင်မှ တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိခဲ့ပေ။ 

ကွယ်လွန်သူ မော်လ၀ီ ဆော်ယာဒ်ကာဆိမ်း၏ နေအိမ်သို့ နယ်ခြားစောင့်ရဲ (၅) ဦး ၀င်ရောက် ရှာဖွေပြီး အပြစ်ပေးရန် တစ်စုံတစ်ရာ ရှာမတွေ့သည့် အခါ နယ်ခြားစောင့် ရဲတစ်ဦးက မော်လ၀ီ ဆော်ယာဒ်ကာဆိမ်း၏ အသက် ၁၄ နှစ် အရွယ်သား ရီယာဇူ၏ အင်္ကျီအိတ်ထဲသို့ ဘင်္ဂလား တာကာငွေ ၁၀ တန် တစ်ရွက်ထည့်ပေးကာ ဘင်္ဂလားငွေ မိသည်ဟု လုပ်ကြံ၍ ခြိမ်းခြောက်ပြီး ငွေကျပ် ၅ သောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။

သြဂုတ်လ (၁၉) ရက်နေ့ ညပိုင်းတွင် မောင်တော မြို့နယ် တောင်ပိုင်း၊ အမှတ် (၇) နယ်မြေ၊ စခန်း ၁၅ (မန်ကျည်းချောင်း စခန်း) နှင့် ဂေါ်ဒူသာရ တံတား ကင်းစခန်းမှ နယ်ခြားစောင့် ရဲများ၊ မ.က.ဖ များ၊ မောရ၀တီ စခန်းမှ စစ်သားများသည် ဇော်မတက် ကျေးရွာအုပ်စု၊ လာမ်ဘာဇဂုံနားရွာသို့ သွားရောက်၍ စစ်ဆေးကာ ဒေသခံ ရွာသား (၄) ဦးကို ဘင်္ဂလား ဆင်းမ်ကဒ် မိသည်ဟု ဆို၍ ဖမ်းဆီးကာ မန်ကျည်းချောင်း စခန်း၌ ချုပ်နှောင် ထားသည်။ 

သြဂုတ်လ (၂၀) ရက်နေ့ ညပိုင်းတွင်လည်း အဆိုပါ နယ်ခြားစောင့် ရဲများ၊ စစ်သားများသည် ဂေါ်ဒူသာရ ကျေးရွာသို့ ၀င်ရောက် စစ်ဆေးကာ ဘင်္ဂလား ဖုန်းမိသည်ဟု ဆိုကာ ဒေသခံ ရွာသား ၅ ဦးကို ဖမ်းဆီး၍ နှစ်ဦးထံမှ ငွေညှစ်ပြီး ပြန်လည် လွှတ်ပေးခဲ့သော်လည်း ကျန် ၃ ဦးကို မန်ကျည်းချောင်း စခန်း၌ ချုပ်နှောင် ထားသည်။ 

သြဂုတ်လ (၂၁) ရက်နေ့ ညပိုင်းတွင် မောင်တော မြို့နယ် မြောက်ပိုင်း အမှတ် (၆) နယ်မြေ ကျောက်လှေကား စခန်းမှ နယ်ခြားစောင့် ရဲများနှင့် မ.က.ဖ များသည် မင်္ဂလာကြီး ကျေးရွာသို့ ၀င်ရောက်၍ တစ်ရွာလုံး စစ်ဆေးခဲ့သည်။ သို့သော် တရားမ၀င် ပစ္စည်း တစ်စုံတစ်ရာ မတွေ့ရှိသလို၊ အဖမ်းဆီးလည်း မပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ယခုကဲ့သို့ မကြာခဏ အကြောင်းမဲ့ စစ်ဆေး နှောက်ယှက်၍ ငွေညှစ်နေခြင်းမှာ ရိုဟင်ဂျာများ လက်မခံသော အစိမ်းနုရောင်ကဒ်ကို အတင်းအဓမ္မ လက်ခံစေလိုသော ရည်ရွယ်ချက်ဖြင့် ပြုလုပ်လျက် ရှိသည်ဟု ဒေသခံများက ပြောပါသည်။ သို့သော်လည်း မည်သို့ပင် နှောက်ယှက် ညှင်းပန်း နှိပ်စက်သည် ဖြစ်စေ ယင်းအစိမ်းနုရောင်ကဒ်ကို လက်ခံမှာ မဟုတ်ကြောင်း ဒေသခံ ရိုဟင်ဂျာများက အခိုင်အမာ ပြောဆိုလျက် ရှိကြသည်။

Comment ရေးရန်

Rohingya Exodus