နောက်ဆုံးသတင်း/ဆောင်းပါးများ

တပ်ရင်းမှူးက သစ်ခုတ် သမားများ ထံမှ လစဉ် ဆက်ကြေးကောက်သည့် အပြင် ဈေးကွက်တွင် ရောင်းခွင့်မပေး



MYARF
RB News
29.11.2015

မောင်တော ။ ။ ရခိုင်ပြည်နယ်၊ မောင်တော မြို့နယ် တောင်ပိုင်း၊ ကျောက်ပန္ဒူ ကျေးရွာ အခြေစိုက် တပ်မတော် တပ်ရင်းမှ တပ်ရင်းမှူးက မြင်းလွတ် ကျေးရွာမှ ၎င်း၏ တပည့်ဖြစ်သူ ဦးမောင်တာစ်အူလ္လာ (ခ) ဂျပိုးနှင့် ပူးပေါင်း၍ ကျောက်ပန္ဒူ ကျေးရွာနှင့် မြင်းလွတ် ကျေးရွာများမှ သစ်ခုတ်သမား များကို သစ်ခုတ်ခွင့် ပိတ်ပင်ခဲ့သည်။ သစ်ခုတ်ခွင့် ရလိုလျှင် သစ်ခုတ်သမား အဖွဲ့များမှ တစ်ဖွဲ့လျှင် လစဉ် ငွေကျပ် တစ်သိန်းစီ ပေးသွင်းရမည်ဟု ပြောကြားပြီး နိုဝင်ဘာလ လဆန်းပိုင်းတွင် ကျောက်ပန္ဒူနှင့် မြင်းလွတ် ကျေးရွာများမှ သစ်ခုတ်သမား ၁၅ ဖွဲ့မှ ငွေကျပ် တစ်သိန်းစီ - စုစုပေါင်း ငွေကျပ် ၁၅ သိန်း ရယူခဲ့ပြီး၊ သစ်ခုတ်သမား များအား သစ်ခုတ်ခွင့် ပေးခဲ့သည်ဟု ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် သစ်ခုတ်သမား အဖွဲ့များ ခုတ်ထွင်း ရရှိသော သစ်များကို ယခင်ကလို ဈေးကွက်ထဲတွင် ရောင်းချခွင့် မပေးဘဲ တပ်ရင်းမှူးအား ရောင်းချနေရသည်။ တပ်ရင်းမှူးက ကိုယ်တိုင် မ၀ယ်ဘဲ ဦးမောင်တာစ်အူလ္လာ (ခ) ဂျပိုးအား သစ်ဝယ်ယူသူ အဖြစ်ထားကာ ၀ယ်ယူလျက် ရှိသည်။ ဈေးနှုန်းကိုလည်း ဈေးကွက် ဈေးနှုန်းအတိုင်း မပေးဘဲ တစ်ဝက်သာ ပေးသည်ဟု ဒေသခံများက ဆိုသည်။ ကျပ်ငါးသိန်း တန်သော သစ်တစ်တန်ကို တပ်ရင်းမှူးက ငွေကျပ် နှစ်သိန်း ငါးသောင်းသာ ပေးပြီး၊ တပ်ရင်းမှူးအား မရောင်းချဘဲ အခြားသူများအား ရောင်းချလျှင် ဖမ်းဆီး ထောင်ချမည်ဟု ခြိမ်းခြောက်လျက် ရှိသည်။ 

သို့ဖြစ်၍ သစ်ခုတ်သမား များကလည်း ပုံမှန်ဈေး မရသော်လည်း တပ်ရင်းမှူးကိုသာ ရောင်းချ နေရသည်။ ယခင်က သစ်ခုတ်သမား များက ၎င်းတို့ စိတ်အလိုကျ သစ်ခုတ်ခွင့် ရရှိခဲ့ပြီး၊ ရောင်းချင်သည့်သူကို ရောင်းချနိုင်ခဲ့၍ စီးပွားရေး ပြေလည် နေခဲ့သည်။ ယခုအခါ တပ်ရင်းမှူး၏ ဟန့်တား ခြိမ်းခြောက်မှုကြောင့် အလုပ် အဆင်မပြေ ဖြစ်လျက် ရှိနေပြီး၊ ၎င်းတို့၏ မိသားစုများ စားဝတ်နေရေးပင် အဆင်မပြေ ဖြစ်လျက် ရှိသည်ဟု ဆိုသည်။ သို့သော်လည်း အခြား အလုပ် မရှိသဖြင့် ယခု အလုပ်ကိုသာ ဆက်လက် လုပ်နေရသည်ဟု ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus