နောက်ဆုံးသတင်း/ဆောင်းပါးများ

ဘူးသီးတောင် ဖရုံချောင်း ကျေးရွာ တာဝန်ခံက အပြစ်မဲ့ ဒေသခံ ရွာသားများထံမှ ငွေညှစ်



MYARF
RB News
7.12.2015

ဘူးသီးတောင် ။ ။ ရခိုင်ပြည်နယ်၊ ဘူးသီးတောင် မြို့နယ် တောင်ပိုင်း၊ ဖရုံချောင်း ကျေးရွာမှ ဦးအစ္စလာမ် (ဘ) ဦးအော်လီ (အသက် ၅၀ နှစ်) သည် ဒီဇင်ဘာလ (၁) ရက်နေ့တွင် ၎င်း၏ သားသမီးများနှင့် အတူ တလင်းမှ စပါးများကို လက်တွန်းလှည်းဖြင့် အိမ်သို့ သယ်ဆောင် လာနေစဉ် ၎င်း၏သားဖြစ်သူ၏ သူငယ်ချင်း (အသက် ၉ နှစ်/ ၁၀ နှစ် အရွယ်) သုံးဦးကလည်း ၀ိုင်းဝန်း၍ တွန်းပေးခဲ့သည်။ 

၎င်းတို့အားလုံး တွန်းလှည်းဖြင့် စပါးသယ်ဆောင် လာစဉ် တံတားအနီးတွင် နွားတစ်ကောင်ကို တိုက်မိခဲ့သည်။ ထိုသတင်းကို ကျေးရွာ တာဝန်ခံ ဆော်လီမူလ္လာက ကြားသိပြီး ဒီဇင်ဘာလ (၂) ရက်နေ့တွင် ဦးအစ္စလာမ်ကို ဆင့်ခေါ်၍ တွန်းလှည်းဖြင့် နွားကို တိုက်မိသဖြင့် ပိုင်ရှင်ဖြစ်သူက တိုင်ကြားထားကြောင်း လုပ်ကြံပြောဆို၍ နွားတစ်ကောင်၏ တန်ဖိုး ပေးလျော်ရမည်ဟု ဆိုကာ ခြိမ်းခြောက်မှုများ ပြုလုပ်ပြီး ငွေကျပ် နှစ်သိန်း ငါးသောင်း ညှစ်ယူခဲ့ကြောင်း ဒေသခံများက RB News သို့ပြောပါသည်။ 

ထို့အပြင် ဦးအစ္စလာမ်၏ သားဖြစ်သူ၏ သူငယ်ချင်း ကလေးသုံးဦး၏ မိဘများကိုလည်း ဆင့်ခေါ်၍ တွန်းလှည်း တွန်းရာတွင် ကလေးများ ပါဝင်သောကြောင့် လျော်ကြေးပေးရမည်ဟု ဆိုကာ ခြိမ်းခြောက်၍ တစ်ဦးထံမှ ငွေကျပ် ငါးသောင်းစီ ညှစ်ယူခဲ့သည်။ 

နွားကို တွန်းလှည်းဖြင့် တိုက်မိသော်လည်း ခြေထောက် တစ်ဖက်တွင် အနည်းငယ်သာ ထိမိသဖြင့် ဒဏ်ရာရရှိခဲ့ခြင်း မရှိခဲ့ကြောင်း ဒေသခံများက ပြောပါသည်။

Comment ရေးရန်

Rohingya Exodus