နောက်ဆုံးသတင်း/ဆောင်းပါးများ

မြန်မာနိုင်ငံသား ၉၁ ဦး ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် ဖမ်းဆီးခံထားရ



အပုချေ (မာန်အောင်ကျွန်း)
RB News
18.12.2015

ကမန် တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများ အပါအ၀င် မြန်မာနိုင်ငံသား ၉၁ ဦးကို ဒီဇင်ဘာလ (၈) ရက်နေ့က ဘင်္ဂလားဒေ့ရှ် ရေပိုင်နက်ကို ကျူးကျော် ၀င်ရောက်မှုဖြင့် ဖမ်းဆီးထားကြောင်း သတင်း ရရှိပါသည်။ 

ဖမ်းဆီးခံထားရသူ ၉၁ ဦးသည် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်း ပြုနေသူများ ဖြစ်ကြပြီး၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စိန့်မာတင် (Saint Martin) ကျွန်းအနီး ရေပိုင်နက်ထဲသို့ ရောက်ရှိသွားခဲ့ခြင်း ဖြစ်သည်။ ဖမ်းဆီးခံထားရသူ ၉၁ ဦးသည် စက်လှေ (၁၂) စီးဖြင့် ငါးဖမ်းထွက်ခဲ့ခြင်း ဖြစ်သည်။ စက်လှေ (၈) စီးသည် စစ်တွေမြို့ သဲချောင်းမှ ထွက်ခွာခဲ့ပြီး၊ ရမ်းဗြဲ မြို့နယ် ကျောက်နီမော်မှ (၃) စီးနှင့် ပေါက်တော မြို့နယ်မှ (၁) စီး ဖြစ်သည်။ 

စက်လှေများ အားလုံးသည် သက်ဆိုင်ရာ ဌာနမှ တရားဝင် ခွင့်ပြုချက်များဖြင့် ငါးဖမ်းရန် ပင်လယ်ပြင်သို့ ထွက်ခွာ ခဲ့ခြင်း ဖြစ်သည်။ စက်လှေ (၁၂) စီးအနက် (၈) စီးမှာ စစ်တွေမြို့ သဲချောင်းမှ ဒီဇင်ဘာလ (၅) ရက်နေ့တွင် ထွက်ခွာခဲ့ပြီး၊ ဒီဇင်ဘာလ (၇) ရက်နေ့တွင် ပင်လယ်ပြင်၌ ရာသီဥတု ဆိုးရွားမှုနှင့် ကြုံတွေ့နေရကြောင်း စက်လှေ ပိုင်ရှင်များသို့ အကြောင်းကြားခဲ့ကြောင်း စစ်တွေမြို့မှ ဒေသခံ တစ်ဦးက RB News သို့ပြောပါသည်။ 

ရမ်းဗြဲ မြို့နယ် ကျောက်နီမော် ကျေးရွာမှ စက်လှေ (၃) စီးမှာ ဦးချစ်မောင်၊ ဦးခင်မောင်ထွန်းနှင့် ဦးကျော်သောင်း တို့ ပိုင်ဆိုင်ပြီး စက်လှေ မှတ်ပုံတင်နံပါတ် များမှာ ၁၃၇/ရယန၊ ၃၇၀/ရယန နှင့် ၆၃၇/ရယန တို့ဖြစ်သည်။၊ ပေါက်တော မြို့နယ်မှ စက်လှေမှာ ဒေါ်မလှရွှေ ပိုင်ဆိုင်သည့် စက်လှေ ဖြစ်ပြီး၊ စက်လှေ မှတ်ပုံတင် နံပါတ်မှာ ၂၆၇ ဖြစ်သည်။ စစ်တွေ မြို့မှ စက်လှေများမှာ ဦးအာကူလ်အလီ၊ ဦးခင်မောင်လှ၊ ဦးမောင်လှမြင့်၊ ဦးစလင်း၊ ဦးမိုဟာမတ်အလီ၊ ဦးမောင်မြင့်ထွန်း၊ ဒေါ်ပုမနှင့် ဦးနူရ်အစ္စလာမ် တို့ပိုင်ဆိုင်သည့် စက်လှေများ ဖြစ်ပြီး၊ စက်လှေ မှတ်ပုံတင် နံပါတ်များမှာ စတင - ၁၈၅၊ စတင - ၁၅၀/၁၂၉၊ စတင - ၂၃၇/၁၈၆၊ စတင - ၀၈၂/၁၇၂၊ စတင - ၀၁၉/၁၈၂၊ စတင - ၁၅၂/၀၈၃၊ စတင - ၀၀၄/၂၂၆ နှင့် စတင - ၁၃၇/၂၄၄ တို့ဖြစ်သည်။ 

ဘင်္ဂလားဒေ့ရှ် အစိုးရမှ မြန်မာ အာဏာပိုင်များသို့ အကြောင်းကြား သော်လည်း မိမိတို့၏ နိုင်ငံသားများ မဟုတ်ဟု ဆိုကာ တစ်စုံတစ်ရာ စီစစ်ခြင်း မပြုလုပ်ဘဲ ငြင်းဆိုခဲ့ကြောင်း သိရသည်။ စက်လှေ ပိုင်ရှင်များကလည်း ရခိုင်ပြည်နယ် အစိုးရသို့ စာရေး၍ အကြောင်းကြား တောင်းဆိုမှုများ ပြုလုပ်သော်လည်း ယခုအချိန် တစ်စုံတစ်ရာ တုန့်ပြန်မှု မရှိကြောင်း၊ ကမန် တိုင်းရင်းသား များကလည်း ၎င်းတို့ကို တိုင်းရင်းသား အဖြစ် အသိအမှတ် ပြုထားသော်ငြားလည်း အစ္စလာမ် ဘာသာ ကိုးကွယ်မှုကြောင့် ယခုကဲ့သို့ နိုင်ငံသားများ မဟုတ်ဟု ငြင်းဆိုနေခြင်း ဖြစ်သည်ဟု ဝေဖန် ပြောဆို နေကြသည်။

Comment ရေးရန်

Rohingya Exodus